စစ်မှန်သောဝတ်ပြုသူများမှ လူအုပ်ကြီး—အဘယ်ကလာကြသနည်း
“အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်းတို့ [လူအုပ်ကြီး၊ ကဘ] သည် . . . ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။”—ဗျာဒိတ် ၇:၉။
၁ ဗျာဒိတ်ကျမ်းပါ ပရောဖက်ပြုရူပါရုံသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အလွန်စိတ်ဝင်စားဖွယ်ဖြစ်သနည်း။
စီ.အီး. ပထမရာစုကုန်ခါနီးတွင် တမန်တော်ယောဟန်သည် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်နှင့် ပတ်သက်သော ထူးဆန်းအံ့ဩဖွယ်ရူပါရုံများကို မြင်ခဲ့သည်။ ရူပါရုံတွင် သူမြင်ခဲ့သောအရာအချို့တို့သည် ယခုပင်ပြည့်စုံလျက်ရှိသည်။ အချို့တို့သည် မဝေးတော့သည့်အနာဂတ်တွင် ပြည့်စုံလာမည်။ ယင်းတို့အားလုံးသည် ခပ်သိမ်းသောဖန်ဆင်းရာများရှေ့တွင် မိမိ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေရန်တည်းဟူသော ယေဟောဝါ၏ မဟာရည်ရွယ်တော်မူချက် ရင်သပ်ရှုမောဖွယ် အထွတ်အထိပ်ရောက်ခြင်းအပေါ် အခြေပြုသည်။ (ယေဇကျေလ ၃၈:၂၃; ဗျာဒိတ် ၄:၁၁; ၅:၁၃) ထို့အပြင် ကျွန်ုပ်တို့တစ်ဦးစီ၏ ဘဝမျှော်လင့်ချက်များလည်း ပတ်သက်နေသည်။ မည်သို့အားဖြင့်နည်း။
၂။ (က) စတုတ္ထမြောက်ရူပါရုံတွင် မည်သည့်အရာကို တမန်တော်ယောဟန်မြင်သနည်း။ (ခ) ဤရူပါရုံနှင့်ပတ်သက်သော မည်သည့်မေးခွန်းများကို ကျွန်ုပ်တို့လေ့လာကြမည်နည်း။
၂ လေးခုမြောက်ဗျာဒိတ်ရူပါရုံတွင် ကောင်းကင်တမန်များသည် “ငါတို့ဘုရားသခင်၏ကျွန်တို့” နဖူး၌ တံဆိပ်မခတ်မချင်း ဖျက်ဆီးခြင်းလေကိုင်ထားကြသည်ကို ယောဟန်မြင်ခဲ့ရသည်။ ထို့နောက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသော အဖြစ်အပျက်—“အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်း [လူအုပ်ကြီး၊ ကဘ]” သည် ယေဟောဝါအားဝတ်ပြုခြင်းနှင့် ကိုယ်တော့်သားတော်အား ချီးမွမ်းခြင်းတို့တွင် စည်းလုံးနေကြသည်ကို သူမြင်သည်။ ဤသူများသည် ကြီးစွာသောဆင်းရဲဒုက္ခအထဲမှ ထွက်မြောက်လာကြမည်ဟု ယောဟန်ကြားရသည်။ (ဗျာဒိတ် ၇:၁-၁၇) “ငါတို့ဘုရားသခင်၏ကျွန်တို့” ဟုဖော်ပြသောသူများကား မည်သူများနည်း။ ကြီးစွာသောဆင်းရဲဒုက္ခကို ကပ်ကျော်မည့် “လူအုပ်ကြီး” တွင် မည်သူများပါဝင်ကြသနည်း။ သင်သည် သူတို့ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်မည်လော။
“ငါတို့ဘုရားသခင်၏ကျွန်တို့” ကား မည်သူများနည်း
၃။ (က) ယောဟန် ၁၀:၁-၁၈ တွင် ယေရှုသည် မိမိနောက်တော်လိုက်များနှင့် မိမိ၏ဆက်ဆံရေးကို မည်သို့ဥပမာပေးဖော်ပြထားသနည်း။ (ခ) ယေရှုသည် ပူဇော်သကာအဖြစ် အသေခံခြင်းအားဖြင့် မိမိ၏သိုးများအတွက် မည်သည့်အရာကို ဖြစ်စေခဲ့သနည်း။
၃ ယေရှုမသေဆုံးမီ လေးလလောက်က မိမိကိုယ်ကို “ကောင်းသောသိုးထိန်း” နှင့် နောက်လိုက်များကို မိမိအသက်ရင်းထားပေးသည့် “သိုးများ” အဖြစ် ဖော်ပြခဲ့သည်။ မိမိရှာဖွေတွေ့ရှိပြီး ယင်းနောက်တွင် မိမိအထူးဂရုစိုက်ပေးခဲ့သော ပုံဆောင်သိုးခြံတစ်ခုအတွင်းရှိ သိုးများအကြောင်းကို အထူးပြုဖော်ပြခဲ့သည်။ (ယောဟန် ၁၀:၁-၁၈)a ယေရှုသည် မိမိ၏သိုးများအတွက် မေတ္တာပြည့်ဝစွာအသက်စွန့်တော်မူခြင်းဖြင့် အပြစ်နှင့်သေခြင်းမှ သူတို့လွတ်မြောက်နိုင်ရန် လိုအပ်သောရွေးနုတ်ဖိုးကို ပေးခဲ့သည်။
၄။ ဤတွင် ယေရှုဖော်ပြသောအချက်နှင့်အညီ သိုးများအဖြစ် ဦးဆုံးစုသိမ်းခံရသူများကား မည်သူများနည်း။
၄ သို့သော် ယင်းသို့မပြုမီ ယေရှုသည် ကောင်းသောသိုးထိန်းအနေနှင့် တပည့်တော်များကို ကိုယ်တိုင်စုသိမ်းခဲ့သည်။ ပထမဆုံးတပည့်တော်များသည် ယေရှု၏ပုံဥပမာပါ “တံခါးစောင့်” ဖြစ်သော နှစ်ခြင်းဆရာယောဟန်အားဖြင့် ကိုယ်တော့်ထံသို့ ပို့ဆောင်ခြင်းခံရကြသည်။ ယေရှုသည် ပေါင်းစပ်ဖွဲ့စည်းထားသော ‘အာဗြဟံ၏မျိုးနွယ်’ ၏ အစိတ်အပိုင်းဖြစ်လာမည့်အခွင့်အရေးကို တုံ့ပြန်မည့်သူများအား ရှာဖွေနေသည်။ (ကမ္ဘာဦး ၂၂:၁၈; ဂလာတိ ၃:၁၆၊ ၂၉) သူတို့နှလုံးသားထဲတွင် ကောင်းကင်နိုင်ငံတော်ကို လေးမြတ်တန်ဖိုးထားတတ်သည့်စိတ်ကို ကိုယ်တော်ပြုစုပျိုးထောင်ပေးပြီး မိမိခမည်းတော်၏အိမ်တော်တွင် သူတို့အတွက် နေရာတစ်ခုပြင်ဆင်ပေးမည်အကြောင်း သူတို့ကိုအာမခံသည်။ (မဿဲ ၁၃:၄၄-၄၆; ယောဟန် ၁၄:၂၊ ၃) လျော်ကန်စွာ ဤသို့မိန့်တော်မူခဲ့သည်– “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။” (မဿဲ ၁၁:၁၂) ထိုပန်းတိုင်ကိုမီရန် ကိုယ်တော့်နောက်လိုက်သော ဤသူများသည် ယေရှုပြောသည့်သိုးခြံထဲတွင်ရှိကြောင်း တင်ပြသည်။
၅။ (က) ဗျာဒိတ် ၇:၃-၈ တွင် ဖော်ပြထားသော “ငါတို့ဘုရားသခင်၏ကျွန်တို့” ကား မည်သူများနည်း။ (ခ) နောက်ထပ်လူများစွာတို့သည် ဝိညာဏဣသရေလတို့နှင့် ဝတ်ပြုရေးတွင် ပူးပေါင်းလာကြမည်ကို မည်သည့်အချက်ကဖော်ပြသနည်း။
၅ ဗျာဒိတ် ၇:၃-၈ တွင် ကောင်းကင်ဆိုင်ရာပန်းတိုင်ကို အောင်မြင်စွာလုယူဆွတ်ခူးနိုင်သူများအားလည်း “ငါတို့ဘုရားသခင်၏ကျွန်တို့” ဟု ရည်ညွှန်းဖော်ပြထားသည်။ (၁ ပေတရု ၂:၉၊ ၁၆ ရှု။) ထိုတွင်ဖော်ပြထားသော ၁၄၄,၀၀၀ သည် ဇာတိဂျူးများချည်းသာလော။ ယေရှု၏ပုံဥပမာတွင်ပါဝင်သော ပုံဆောင်သိုးခြံအတွင်းရှိသူအားလုံးတို့သည် ဇာတိဂျူးများချည်းသာလော။ လုံးဝမဟုတ်ပါ; သူတို့သည် ဝိညာဏဆိုင်ရာ ဘုရားသခင်၏ဣသရေလလူမျိုး အဖွဲ့ဝင်များဖြစ်ကြပြီး သူတို့အားလုံးသည် ဝိညာဏဆိုင်ရာအာဗြဟံ၏မျိုးနွယ်တွင် ခရစ်တော်နှင့်ဆက်ဆံကြသည်။ (ဂလာတိ ၃:၂၈၊ ၂၉; ၆:၁၆; ဗျာဒိတ် ၁၄:၁၊ ၃) နောက်ဆုံးတွင် သတ်မှတ်ထားသည့်အရေအတွက် ပြည့်သွားသော အချိန်တစ်ချိန်ရောက်လာမည်အမှန်။ ထိုအခါ ဘာဖြစ်မည်နည်း။ သမ္မာကျမ်းစာတင်ကူးဖော်ပြထားသည့်အတိုင်း အခြားသူများ—သူတို့ထဲမှ လူအုပ်ကြီး—သည် ယေဟောဝါဝတ်ပြုရေးတွင် ဤဝိညာဏဣသရေလများနှင့် ပူးပေါင်းကြလိမ့်မည်။—ဇာခရိ ၈:၂၃။
“အခြားသိုး”—တစ်ပါးအမျိုးသားခရစ်ယာန်များလော
၆။ ယောဟန် ၁၀:၁၆ က မည်သည့်တိုးတက်ဖြစ်ပေါ်မှုကို ထောက်ပြသနည်း။
၆ ယောဟန် ၁၀:၇-၁၅ တွင် ယေရှုသည် သိုးခြံတစ်ခြံကို ဖော်ပြပြီးနောက် အဖြစ်အပျက်ထဲသို့ နောက်အုပ်စုတစ်စုကို ထည့်သွင်းဖော်ပြ၍ ဤသို့ပြောခဲ့သည်– “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။” (ယောဟန် ၁၀:၁၆) ထို “အခြားသိုး” တို့ကား မည်သူများနည်း။
၇၊ ၈။ (က) အခြားသိုးများသည် တစ်ပါးအမျိုးသားခရစ်ယာန်များဖြစ်သည်ဟူသော အယူအဆသည် မှားယွင်းသောမှန်းဆချက်အပေါ် အခြေပြုခြင်း အဘယ်ကြောင့်ဖြစ်သနည်း။ (ခ) မြေကြီးနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ဆိုင်ရာ မည်သည့်အချက်များက အခြားသိုးများမည်သူဖြစ်သည်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏သိနားလည်မှုနှင့် ကွင်းဆက်ဖြစ်သင့်သနည်း။
၇ ခရစ်ယာန်ဘောင်ဋီကာဆရာများက ထိုအခြားသိုးများသည် တစ်ပါးအမျိုးသားခရစ်ယာန်များဖြစ်၍ ယင်းမတိုင်မီဖော်ပြသော သိုးခြံထဲရှိသိုးများသည် ပညတ်ပဋိညာဉ်အောက်ရှိ ဂျူးလူမျိုးများဖြစ်ကြကာ ထိုအုပ်စုနှစ်စုစလုံး ကောင်းကင်သို့သွားကြသည်ဟူသောအမြင်ကို အများအားဖြင့်ယူကြသည်။ သို့သော် ယေရှုသည် ဂျူးလူမျိုးမှမွေးဖွားပြီး ဇာတိအားဖြင့် ပညတ်ပဋိညာဉ်အောက်၌ရှိသည်။ (ဂလာတိ ၄:၄) ထို့အပြင် အခြားသိုးများကို ကောင်းကင်အသက်တာဖြင့် ဆုချခံရမည့် တစ်ပါးအမျိုးသားခရစ်ယာန်များအဖြစ် ယူမှတ်သောသူတို့သည် ဘုရားသခင့်ရည်ရွယ်တော်မူချက်၏ အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုကို အရေးယူစဉ်းစားရန် ပျက်ကွက်ကြသည်။ ယေဟောဝါသည် ပထမဆုံးလူသားမောင်နှံကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်တွင် နေရာချပေးခဲ့စဉ်က မိမိ၏ရည်ရွယ်ချက်မှာ မြေကြီးတစ်ခွင်လုံး လူများဖြင့်ပြည့်ပြီး ပရဒိသုတစ်ခုဖြစ်စေရန်နှင့် ယင်းကိုကြည့်ရှုစောင့်ရှောက်သည့်လူသားများသည်—မိမိတို့၏ဖန်ဆင်းရှင်ကို ရိုသေလေးစား၍ နာခံမှုပြသောအခြေအနေတွင် ထာဝရအသက်၌မွေ့လျော်ရန်ဖြစ်သည် ဟူသောအချက်ကို ရှင်းရှင်းလင်းလင်းသိနားလည်စေခဲ့သည်။—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၅-၁၇; ဟေရှာယ ၄၅:၁၈။
၈ အာဒံအပြစ်ပြုသောအခါက ယေဟောဝါ၏ရည်ရွယ်တော်မူချက်သည် မပျက်ပြားခဲ့ပါ။ အာဒံလေးမြတ်ရန် ပျက်ကွက်ခဲ့သည့်အရာကို သူ၏သားစဉ်မြေးဆက်တို့က မွေ့လျော်နိုင်သည့်အခွင့်အရေးရရှိရန် ဘုရားသခင်သည် မေတ္တာပြည့်ဝစွာဖြင့် စီစဉ်ပေးတော်မူခဲ့သည်။ ထိုသူအားဖြင့် လူမျိုးအားလုံး ကောင်းချီးခံစားရမည့် ကယ်တင်ရှင်၊ မျိုးနွယ်တော်တစ်ပါးကို ပေါ်ထွန်းစေမည်ဟု ယေဟောဝါကြိုတင်မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈) ထိုကတိတော်သည် မြေကြီးပေါ်ရှိလူကောင်းအားလုံး ကောင်းကင်သို့ခေါ်ဆောင်ခံရမည်ဟူသော အဓိပ္ပာယ်မဆောင်ပါ။ ယေရှုက နောက်တော်လိုက်များအား ဤသို့ဆုတောင်းရန် သင်ပေးတော်မူခဲ့သည်– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) ယောဟန် ၁၀:၁-၁၆ တွင် မှတ်တမ်းတင်ထားသော ပုံဥပမာကို ပြောပြီး၍မကြာမီ မိမိ၏ခမည်းတော်က ကောင်းကင်နိုင်ငံတော်ကို “သိုးစုငယ်” အားသာပေးလိုကြောင်း တပည့်တော်များကို ယေရှုမိန့်တော်မူသည်။ (လုကာ ၁၂:၃၂၊ ၃၃) ထို့ကြောင့် ယေရှုသည် မိမိကိုယ်ကို မိမိ၏သိုးများအတွက် စိုးလ်ပေးဆက်သည့် ကောင်းသောသိုးထိန်းအဖြစ်ပုံဆောင်ချက်ကို ကျွန်ုပ်တို့ဖတ်သောအခါ မိမိ၏မေတ္တာပါစောင့်ရှောက်မှုအောက်သို့ ခေါ်သွင်းပြီး ကောင်းကင်နိုင်ငံတော်၏ လက်အောက်ခံများဖြစ်လာကြမည့် အများစုသောလူတို့ကို ထည့်မစဉ်းစားလျှင် မှားပေလိမ့်မည်။—ယောဟန် ၃:၁၆။
၉။ ၁၈၈၄ ခုနှစ်အစောပိုင်းတွင် အခြားသိုးဖြစ်သူများအား မှတ်သားဖော်ပြသော မည်သည့်အချက်ကို ကျမ်းစာကျောင်းသားများ သိနားလည်လာခဲ့ကြသနည်း။
၉ ၁၈၈၄ ခုနှစ်ဦးပိုင်းက ကင်းမျှော်စင် သည် အခြားသိုးများအား ဘုရားသခင်၏မူလရည်ရွယ်ချက်ကို ပြည့်စုံစေမည့်အခြေအနေအောက်ရှိ ဤမြေကြီးပေါ်တွင် နေထိုင်ခွင့်ရမည့်သူများဟု သတ်မှတ်ဖော်ပြသည်။ အခြားသိုးများတွင် ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှုမတိုင်မီ အသက်ရှင်ပြီးသေဆုံးခဲ့ကြသူအချို့ ပါဝင်မည်ဖြစ်ကြောင်း ထိုကနဦးကျမ်းစာကျောင်းသားများ သဘောပေါက်ခဲ့ကြသည်။ သို့သော် သူတို့မှန်ကန်စွာနားမလည်သည့် အသေးစိတ်အချက်အလက်များရှိခဲ့သည်။ ဥပမာ၊ ဘိသိက်ခံအားလုံးတို့သည် ကောင်းကင်ဆုကျေးဇူးကို လက်ခံရရှိပြီးနောက်ပိုင်းမှသာ အခြားသိုးများကိုစုသိမ်းခြင်းစတင်မည်ဟု သူတို့ထင်မှတ်ခဲ့ကြသည်။ သို့တစေ အခြားသိုးများသည် တစ်ပါးအမျိုးသားခရစ်ယာန်များသာမဟုတ်ကြောင်း သူတို့အတိအကျသိခဲ့ကြသည်။ အခြားသိုးတစ်ယောက်ဖြစ်ခွင့်သည် ဂျူးနှင့် ဂျူးမဟုတ်သူနှစ်မျိုးလုံးအတွက်သာမက လူအမျိုးအနွယ်အားလုံးရှိ လူများအတွက် လမ်းဖွင့်ထားပေးသည်။—တမန်တော် ၁၀:၃၄၊ ၃၅ နှိုင်းယှဉ်။
၁၀။ ယေရှုက မိမိ၏အခြားသိုးအဖြစ် အမှန်ယူမှတ်သောသူများဖြစ်ရန် ကျွန်ုပ်တို့မည်သို့ဖြစ်ရမည်နည်း။
၁၀ ယေရှု၏ရှင်းလင်းဖော်ပြချက်နှင့်ကိုက်ညီရန် အခြားသိုးများသည် မည်သည့်လူမျိုး မည်သည့်အနွယ်နောက်ခံပင်ရှိပါစေ ယေရှုခရစ်ကို ကောင်းသောသိုးထိန်းအဖြစ် အသိအမှတ်ပြုသူများဖြစ်ရမည်။ ယင်းတွင် မည်သည့်အရာပါဝင်သနည်း။ သူတို့သည် သိုးများ၏စရိုက်လက္ခဏာဖြစ်သော နူးညံ့သိမ်မွေ့ခြင်းနှင့် လမ်းပြမှုကို လိုလိုလားလားခံယူလိုခြင်း အရည်အချင်းများကို တင်ပြကြရမည်။ (ဆာလံ ၃၇:၁၁) သိုးစုငယ်နည်းတူ သူတို့သည် “[ကောင်းသောသိုးထိန်း၏] စကားသံကိုကျွမ်း” ပြီး သူတို့ကိုသြဇာလွှမ်းမည့် အခြားသူများ၏ လမ်းပြမှုသို့ လိုက်သွားရန် မိမိတို့ကိုယ်ကိုခွင့်မပြုရ။ (ယောဟန် ၁၀:၄; ၂ ယောဟန် ၉၊ ၁၀) သူတို့သည် မိမိ၏စိုးလ်ကိုပေးဆက်ခြင်းအားဖြင့် မိမိ၏သိုးများအတွက် ယေရှုလုပ်ပေးခဲ့သည့်အရာ၏ အရေးကြီးမှုကို လေးမြတ်ပြီး ယင်းအစီအစဉ်ကို အပြည့်အဝယုံကြည်ခြင်းတင်ပြကြရမည်။ (တမန်တော် ၄:၁၂) ကောင်းသောသိုးထိန်းက သူတို့အား ယေဟောဝါတစ်ပါးတည်းကိုသာ အထွတ်အမြတ်ဝတ်ပြုရမည်၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရမည်၊ လောကနှင့်သီးခြားနေရမည်၊ အချင်းချင်း ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြရမည်တို့ကို တိုက်တွန်းလျှင် သူတို့ “နားထောင်” ကြရမည်။ (မဿဲ ၄:၁၀; ၆:၃၁-၃၃; ယောဟန် ၁၅:၁၂၊ ၁၃၊ ၁၉) မိမိ၏အခြားသိုးများဟု ယေရှုယူမှတ်သောသူများဆိုင်ရာ ရှင်းလင်းဖော်ပြချက်နှင့် အသင်ကိုက်ညီသလော။ ကိုက်ညီလိုသလော။ ယေရှု၏အခြားသိုးဖြစ်လာသူအားလုံးတို့အတွက် အဖိုးအနဂ္ဃထိုက်သည့်ဆက်ဆံရေး လမ်းပွင့်နေပါသည်တကား!
ဘုရားသခင့်နိုင်ငံတော်အာဏာကို လေးစားခြင်း
၁၁။ (က) မိမိ၏ရောက်ရှိခြင်းနိမိတ်တွင် ယေရှုသည် သိုးနှင့်ဆိတ်များအကြောင်း ဘာပြောထားသနည်း။ (ခ) ယေရှုရည်ညွှန်းသော ညီတော်များကား မည်သူများနည်း။
၁၁ အထက်ပါပုံဆောင်ချက်ကိုပေးပြီး လအတန်ကြာသောအခါ ယေရှုသည် ယေရုရှလင်မြို့တွင် တစ်ဖန်ရောက်နေပြန်သည်။ သံလွင်တောင်ပေါ်တွင်ထိုင်လျက် ဗိမာန်တော်ဝန်းကျင်ကို ကြည့်နေစဉ် တပည့်တော်များအား ‘မိမိ၏ရောက်ရှိခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်’ ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဖော်ပြတော်မူခဲ့သည်။ (မဿဲ ၂၄:၃၊ ကဘ) တစ်ဖန် သိုးများစုသိမ်းခြင်းအကြောင်းကို ပြောပြန်သည်။ အခြားအရာများအနက်မှ ကိုယ်တော်ဤသို့မိန့်တော်မူသည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။” ဤပုံခိုင်းချက်တွင် ဘုရင်၏ အာရုံစိုက်ခြင်းခံရသူများသည် မိမိ၏ ‘ညီတော်များ’ အား မည်သို့ဆက်ဆံသည်ဟူသည့်အချက်ကို အခြေပြု၍ စီရင်ချက်ချခံရကြမည်ဖြစ်ကြောင်း ယေရှုတင်ပြသည်။ (မဿဲ ၂၅:၃၁-၄၆) ထိုညီတော်များကား မည်သူများနည်း။ သူတို့သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်သောကြောင့် “ဘုရားသခင်၏သား” များ ဖြစ်လာကြသူတို့ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏သားဦး ဖြစ်တော်မူသည်။ ထို့ကြောင့် သူတို့သည် ခရစ်တော်၏ညီများဖြစ်ကြသည်။ သူတို့သည် ဗျာဒိတ် ၇:၃ တွင် ဖော်ပြထားသော “ငါတို့ဘုရားသခင်၏ကျွန်တို့” ဖြစ်ကြပြီး ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူစိုးစံရန် လူသားများထဲမှ ရွေးချယ်ခံထားရသူများဖြစ်ကြသည်။—ရောမ ၈:၁၄-၁၇။
၁၂။ ခရစ်တော်၏ညီတော်များအား လူများဆက်ဆံပုံက အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၁၂ အခြားလူသားများက ဤနိုင်ငံတော်အမွေခံများအား ဆက်ဆံပုံဆက်ဆံနည်းသည် အလွန်အရေးကြီးသည်။ သူတို့အား ယေရှုခရစ်နှင့် ယေဟောဝါတို့နည်းတူ သင်ရှုမြင်ပါသလော။ (မဿဲ ၂၄:၄၅-၄၇; ၂ သက်သာလောနိတ် ၂:၁၃) ဤဘိသိက်ခံများအပေါ် လူတစ်ဦး၏သဘောထားသည် ယေရှုခရစ်ကိုယ်တိုင်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်သော ကိုယ်တော့်ခမည်းတော်တို့အပေါ် သဘောထားပုံကို ထင်ဟပ်သည်။—မဿဲ ၁၀:၄၀; ၂၅:၃၄-၄၆။
၁၃။ ၁၈၈၄ ခုနှစ်က ကျမ်းစာကျောင်းသားများသည် သိုးနှင့်ဆိတ်ပုံခိုင်းချက်ကို မည်သည့်အတိုင်းအတာအထိ နားလည်ခဲ့ကြသနည်း။
၁၃ ၁၈၈၄ ခု၊ ဩဂုတ်လထုတ် ကင်းမျှော်စင် က ဤပုံခိုင်းချက်ပါ “သိုးများ” သည် မြေကြီးပေါ်တွင် စုံလင်သည့်အသက်တာမျှော်လင့်ချက်ကို ကမ်းလှမ်းခံထားရသူများဖြစ်ကြောင်း မှန်ကန်စွာညွှန်ပြထားသည်။ ခရစ်တော်သည် ဘုန်းရှိသောကောင်းကင်ပလ္လင်တွင် အုပ်ချုပ်သောအခါ ထိုပုံခိုင်းချက်သည် သက်ဆိုင်မှုရှိရမည်ကိုလည်း နားလည်ခဲ့ကြသည်။ သို့သော် ထိုတွင်ဖော်ပြထားသော ခွဲခြားခြင်းလုပ်ငန်းကို မည်သည့်အချိန်တွင်စတင်မည် သို့မဟုတ် မည်မျှကြာရှည်မည်တို့ကို ထိုအချိန်က သူတို့ကောင်းစွာမပိုင်းခြားနိုင်ခဲ့ကြသေးချေ။
၁၄။ ယေရှု၏ ပရောဖက်ပြုချက်ဆိုင်ရာ ပုံခိုင်းချက်သည် မည်သည့်အချိန်တွင် ပြည့်စုံမည်ကို သိနားလည်ရန် ၁၉၂၃ ခုနှစ် ခရိုင်စည်းဝေးပွဲ၏ ဟောပြောချက်တစ်ခုက ကျမ်းစာကျောင်းသားများအား မည်သို့အကူအညီပေးခဲ့သနည်း။
၁၄ သို့သော် ၁၉၂၃ ခုနှစ်တွင် ခရိုင်အစည်းအဝေးဟောပြောချက်တစ်ခု၌ ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က သိုးနှင့်ဆိတ်ပုံခိုင်းချက်၏ ပြည့်စုံမည့်အချိန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဘယ်ကြောင့်နည်း။ တစ်စိတ်တစ်ဒေသအနေနှင့် ဘုရင်၏ညီတော်များ—အနည်းဆုံး သူတို့ထဲမှအချို့—သည် မြေကြီးပေါ်တွင် ရှိနေကြဦးမည်ဖြစ်ကြောင်း ပုံခိုင်းချက်က ဖော်ပြသည်။ လူသားများထဲတွင် မိမိ၏ဘိသိက်ခံနောက်တော်လိုက်များကိုသာ မိမိ၏ညီတော်များဟု တော်မှန်စွာခေါ်နိုင်သည်။ (ဟေဗြဲ ၂:၁၀-၁၂) ဤသူများသည် ယေရှုဖော်ပြသည့်အတိုင်း လူများ၏ကောင်းမှုပြုခြင်းခံရမည့် အခွင့်အရေးကိုရရန် အနှစ်တစ်ထောင်ကာလအတွင်း မြေကြီးပေါ်တွင်ရှိနေကြမည်မဟုတ်ပါ။—ဗျာဒိတ် ၂၀:၆။
၁၅။ (က) ယေရှု၏ပုံခိုင်းချက်ပါ သိုးများကို မှန်ကန်စွာခွဲခြားသတ်မှတ်နိုင်ရန် မည်သည့်တိုးတက်ဖြစ်ပေါ်မှုက ကျမ်းစာကျောင်းသားများအား အကူအညီပေးခဲ့သနည်း။ (ခ) သိုးများသည် ဘုရားသခင့်နိုင်ငံတော်ကို လေးမြတ်ကြောင်း မည်သို့သက်သေထူခဲ့ကြပြီနည်း။
၁၅ ၁၉၂၃ ခုနှစ်က ထိုဟောပြောချက်တွင် သိုးနှင့်ဆိတ်ဆိုင်ရာ သခင့်ရှင်းလင်းဖော်ပြချက်နှင့် ကိုက်ညီသောလူများကို ခွဲခြားသတ်မှတ်နိုင်ရန်အတွက် ကြိုးစားခဲ့သည်။ သို့သော် ပုံခိုင်းချက်၏ဆိုလိုရင်းအပြည့်အစုံကို ရှင်းလင်းစွာမသိရှိမီ အခြားကိစ္စများနားလည်ဖို့ရန်လိုနေသေးသည်။ နောက်နှစ်များအတောအတွင်း ယေဟောဝါသည် ဤအရေးကြီးသောအသေးစိတ်အချက်အလက်များကို မိမိ၏ကျေးကျွန်များအား အာရုံစိုက်စေသည်။ ယင်းတို့အထဲတွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် မြေကြီးပေါ်ရှိ ဝိညာဏဘိသိက်ခံခရစ်ယာန်အဖွဲ့တစ်ခုလုံးဖြစ်ကြောင်း ၁၉၂၇ ခုနှစ်တွင် ရှင်းလင်းစွာနားလည်ခြင်းပါဝင်သည်; ယောနဒပ်သည် ယေဟုနှင့်ပေါင်းသကဲ့သို့ လူတစ်ဦးစီသည် ဘိသိက်ခံကျေးကျွန်များနှင့် ပေါင်းသင်းသူဖြစ်ကြောင်း ရဲရင့်စွာဖော်ထုတ်တင်ပြရန် လိုအပ်ခြင်းကိုလည်း ၁၉၃၂ ခုနှစ်တွင် သဘောပေါက်လာကြသည်။ (မဿဲ ၂၄:၄၅၊ သမ; ၄ ဓမ္မရာဇဝင် ၁၀:၁၅) ထိုအချိန်တွင် သိုးနှင့်တူသောဤသူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို အခြားသူများထံသယ်ဆောင်ခြင်းတွင် ပါဝင်ရန် ဗျာဒိတ် ၂၂:၁၇ အခြေအမြစ်အားဖြင့် အထူးတိုက်တွန်းခံကြရသည်။ မေရှိယနိုင်ငံတော်ကို သူတို့လေးမြတ်ခြင်းက သခင်၏ ဘိသိက်ခံများအား လူသားချင်းအကျိုးပြုလိုသည့် ကြင်နာမှုကို တင်ပြရုံသက်သက်မျှသာမက မိမိတို့၏အသက်တာကို ခရစ်တော်မှတစ်ဆင့် ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ဘိသိက်ခံများနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းရန်နှင့် သူတို့လုပ်သည့်အလုပ်ကို ဇွဲရှိရှိပါဝင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ထိုသို့သင်ပြုလုပ်နေပါသလော။ ထိုသို့ပြုသူများအား မင်းကြီးက ဤသို့မိန့်တော်မူလိမ့်မည်– “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့။” သူတို့ရှေ့၌ ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးနယ်ပယ်တွင် စုံလင်မှုဖြင့် ထာဝရအသက်စံစားရမည့် ထူးမြတ်သောမျှော်လင့်ချက်ကြီးရှိနေသည်။—မဿဲ ၂၅:၃၄၊ ၄၆။
“လူအုပ်ကြီး”—မည်သည့်အရပ်သို့ သွားနေကြသနည်း
၁၆။ (က) ဗျာဒိတ် ၇:၉ ပါ မြောက်မြားစွာသောလူများ သို့မဟုတ် လူအုပ်ကြီး၏ အမှတ်လက္ခဏာနှင့်ပတ်သက်၍ ကနဦးကျမ်းစာကျောင်းသားများက မည်သို့လွဲမှားစွာ ယူမှတ်ခဲ့ကြသနည်း။ (ခ) မည်သည့်အချိန်နှင့် မည်သည့်အခြေပေါ်မူတည်၍ သူတို့၏အယူအဆ ပြုပြင်ခံခဲ့ရသနည်း။
၁၆ ဗျာဒိတ် ၇:၉၊ ၁၀ ပါ မြောက်မြားစွာသောလူများ (သို့မဟုတ် လူအုပ်ကြီး) သည် ယောဟန် ၁၀:၁၆ ပါ အခြားသိုးများ၊ မဿဲ ၂၅:၃၃ ပါသိုးများနှင့် မတူဟု အချိန်အတန်ကြာသည်အထိ ယေဟောဝါ၏ကျေးကျွန်များ ယုံကြည်လာခဲ့ကြသည်။ အကြောင်းမှာ သူတို့သည် ‘ပလ္လင်တော်ရှေ့မှာ ရပ်နေကြ၏’ ဟု သမ္မာကျမ်းစာက ပြောထားသောကြောင့် သူတို့သည် ကောင်းကင်သို့ရောက်ကာ တွဲဖက်အမွေခံများအဖြစ် ခရစ်တော်နှင့်အတူအုပ်ချုပ်သည့် ပလ္လင်များပေါ်တွင်မဟုတ်ဘဲ တစ်ဆင့်နိမ့်သော ပလ္လင်ရှေ့ဒုတိယနေရာတွင် ရှိနေမည်ဟု ထင်မှတ်ခဲ့ကြသည်။ သူတို့သည် သစ္စာလျော့နည်းသောခရစ်ယာန်များ၊ စစ်မှန်သောကိုယ်ကျိုးစွန့်သည့်သဘောကို မတင်ပြသူများဟု ယူမှတ်ခံခဲ့ရသည်။ ၁၉၃၅ ခုနှစ်ရောက်သော် ထိုရှုမြင်ပုံသည် ပြုပြင်ခံခဲ့ရသည်။b ဗျာဒိတ် ၇:၉ ကို မဿဲ ၂၅:၃၁၊ ၃၂ ကဲ့သို့သော ကျမ်းချက်များဖြင့် စစ်ဆေးကြည့်သောအခါ ဤမြေကြီးပေါ် ရှိလူများသည် “ပလ္လင်တော်ရှေ့” တွင် ရှိနေနိုင်ကြကြောင်း ရှင်းလင်းထင်ရှားလာသည်။ ထို့အပြင် ဘုရားသခင်၌ သစ္စာစောင့်ခြင်းစံချိန်နှစ်ခုမရှိကြောင်း ထုတ်ဖော်ခံခဲ့ရသည်။ ကိုယ်တော့်မျက်နှာသာတော် ရမည့်သူတိုင်း ကိုယ်တော့်အပေါ် ဆက်၍သမာဓိစောင့်ထိန်းကြရမည်။—မဿဲ ၂၂:၃၇၊ ၃၈; လုကာ ၁၆:၁၀။
၁၇၊ ၁၈။ (က) ၁၉၃၅ ခုနှစ်မှစ၍ မြေကြီးပေါ်တွင် ထာဝရအသက်ကို မျှော်လင့်သည့်သူများ၏ အရေအတွက်တိုးပွားရသည့်အကြောင်းကား အဘယ်နည်း။ (ခ) လူအုပ်ကြီးသည် မည်သည့်အရေးကြီးသောလုပ်ငန်းတွင် ဇွဲရှိရှိပါဝင်လုပ်ဆောင်နေကြသနည်း။
၁၇ ယေဟောဝါ၏လူများသည် မြေကြီးဆိုင်ရာ ဘုရားသခင့်ကတိတော်များအကြောင်းကို နှစ်ပေါင်းများစွာကတည်းက ပြောလာခဲ့ကြသည်။ အကြောင်းမှာ ၁၉၂၀ ပြည့်လွန်နှစ်များကအတိုင်း ပြန်ဖြစ်ပျက်ရန် သူတို့မျှော်လင့်ကြသောကြောင့် “ယခုအသက်ရှင်သူသန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ဟု သူတို့ကြွေးကြော်ခဲ့ကြသည်။ သို့သော် ထိုအချိန်က အသက်ဆိုင်ရာဘုရားသခင့်အစီအစဉ်ကို လက်ဆုပ်လက်ကိုင်ပြုမိသူ သန်းပေါင်းများစွာမရှိခဲ့သေးချေ။ သမ္မာတရားကိုလက်ခံသူအများစုတို့အား သန့်ရှင်းသောဝိညာဉ်တော်က ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။ သို့သော် အထူးသဖြင့် ၁၉၃၅ ခုနောက်ပိုင်းတွင် သိသာထင်ရှားသည့်ပြောင်းလဲမှု ဖြစ်ခဲ့သည်။ ကင်းမျှော်စင် သည် မြေကြီးဆိုင်ရာ ထာဝရအသက်မျှော်လင့်ချက်ကို လျစ်လျူရှုထားခြင်းမဟုတ်ပါ။ ယေဟောဝါ၏ကျေးကျွန်များသည် ယင်းအကြောင်းကို ဆယ်စုနှစ်များစွာကတည်းက ပြောလာခဲ့ကြပြီး သမ္မာကျမ်းစာရှင်းလင်းဖော်ပြချက်နှင့် ကိုက်ညီသူများကို ရှာဖွေလာခဲ့ကြသည်။ သို့သော် ယေဟောဝါသတ်မှတ်ထားသောအချိန်တွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို သိသာထင်ရှားလာစေရန် ကိုယ်တော်စီစဉ်ညွှန်ကြားခဲ့သည်။
၁၈ နှစ်ပေါင်းများစွာကြာသည်အထိ သတိရအောက်မေ့ပွဲတက်ရောက်သူ အများစုတို့သည် အထိမ်းအမှတ်များကို စားသုံးကြကြောင်း ရရှိသောမှတ်တမ်းများက ဖော်ပြသည်။ သို့သော် ၁၉၃၅ ခုနောက်ပိုင်း ၂၅ နှစ်အတွင်း ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သော နှစ်စဉ်ကျင်းပသည့်ပွဲတော် တက်ရောက်သူအရေအတွက်သည် စားသုံးသူအရေအတွက်၏ အဆတစ်ရာမက တစ်ဟုန်ထိုးမြင့်တက်သွားသည်။ ထိုအခြားသူများကား မည်သူများနည်း။ လူအုပ်ကြီးအဝင်ဖြစ်ရန် အလားအလာရှိသူများတည်း။ သူတို့ကို စုသိမ်းရန်နှင့် ရောက်လာတော့မည့် ကြီးစွာသောဒုက္ခကို ကပ်ကျော်နိုင်ရေးအတွက် ပြင်ဆင်ပေးရန် ယေဟောဝါ၏အချိန်ကျရောက်လာသည်မှာ ရှင်းနေပါသည်။ ကြိုပြောထားသည့်အတိုင်း သူတို့သည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ထဲမှ” ထွက်လာကြသည်။ (ဗျာဒိတ် ၇:၉) သူတို့သည် “[ဘုရားသခင်၏] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူသော ယေရှုကြိုတင်မိန့်တော်မူသည့် လုပ်ငန်းတွင် ဇွဲရှိရှိပါဝင်လုပ်ဆောင်နေကြသည်။—မဿဲ ၂၄:၁၄။
[အောက်ခြေမှတ်ချက်များ]
a ယောဟန် အခန်းကြီး ၁၀ ပါ သိုးခြံများအကြောင်း အကျယ်တဝင့်နှင့် နောက်ဆုံးရှင်းလင်းထားသည့် ဆွေးနွေးချက်ကို ၁၉၈၅ ဖေဖော်ဝါရီ ၁၅ ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၁၇၊ ၂၂၊ ၂၃ ရှု။
b ၁၉၃၅၊ ဩဂုတ် ၁ နှင့် ၁၅၊ ကင်းမျှော်စင် [လိပ်]။
သင့်အဖြေကား အဘယ်နည်း
◻ ဗျာဒိတ်အခန်းကြီး ၇ ပါရူပါရုံသည် အဘယ်ကြောင့် အထူးစိတ်ဝင်စားဖွယ်ဖြစ်သနည်း။
◻ ယောဟန် ၁၀:၁၆ ပါ အခြားသိုးများကို တစ်ပါးအမျိုးသားခရစ်ယာန်များဖြင့် အဘယ်ကြောင့် ကန့်သတ်ထားခြင်းမရှိသနည်း။
◻ အခြားသိုးဆိုင်ရာ ကျမ်းစာရှင်းလင်းဖော်ပြချက်နှင့် ကိုက်ညီသူများသည် မည်သို့ဖြစ်ရမည်နည်း။
◻ သိုးနှင့်ဆိတ်ပုံခိုင်းချက်သည် ဘုရားသခင့်နိုင်ငံတော်အာဏာအား လေးမြတ်ခြင်းကို မည်သို့ပေါ်လွင်စေသနည်း။
◻ ဗျာဒိတ် ၇:၉ ပါလူအုပ်ကြီးကို ယေဟောဝါစုသိမ်းရန် မည်သည့်အချိန်တွင်ရောက်ရှိခဲ့ကြောင်း မည်သည့်အချက်က ဖော်ပြသနည်း။