လူအုပ်ကြီးတစ်အုပ် ဘုရားသခင်ကိုဝတ်ပြုနေကြ
“သူတို့သည် . . . ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြုရကြ၏။”—ဗျာဒိတ် ၇:၁၅။
၁ ၁၉၃၅ ခုနှစ်တွင် ဝိညာဏသိနားလည်မှုဆိုင်ရာ မည်သည့်မှတ်သားလောက်သည့်အဖြစ်အပျက်ဖြစ်ခဲ့သနည်း။
၁၉၃၅ ခု၊ မေလ ၃၁ ရက်တွင် ဝါရှင်တန် ဒီ. စီ. ၌ကျင်းပသော ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးတစ်ခုတွင် တက်ရောက်သူများအတွက် ကြီးစွာသောရွှင်လန်းဝမ်းမြောက်မှုဖြစ်ခဲ့သည်။ ထိုတွင် ဗျာဒိတ် ၇:၉ ပါ မြောက်မြားစွာသောလူများ (သို့မဟုတ် လူအုပ်ကြီး) မည်သူမည်ဝါဖြစ်ကြောင်းကို သမ္မာကျမ်းစာ၏ ကျန်အပိုင်းများ၊ စတင်၍တိုးတက်ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့်အညီ ပထမဦးဆုံးအကြိမ်အဖြစ် ရှင်းလင်းစွာခွဲခြားဖော်ပြခဲ့သည်။
၂။ ဘုရားသခင်သည် မိမိတို့အား ကောင်းကင်အသက်တာသို့ ခေါ်တော်မမူကြောင်းကို တိုးပွားနေသောလူများက သဘောပေါက်ကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။
၂ ယင်းမတိုင်မီ ရက်သတ္တခြောက်ပတ်ခန့်က ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် ကျင်းပသော သခင့်ညစာစားပွဲအခမ်းအနား တက်ရောက်သူများထဲမှ ၁၀,၆၈၁ ဦး (၆ ဦးလျှင် ၁ ဦးနှုန်းခန့်) တို့သည် အထိမ်းအမှတ်ဖြစ်သောမုန့်နှင့်စပျစ်ရည်ကို မစားသုံးခဲ့ကြချေ။ သူတို့အထဲမှ ၃,၆၈၈ ဦးတို့သည် တက်ကြွလှုပ်ရှားသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ဖြစ်ကြသည်။ သူတို့သည် အထိမ်းအမှတ်များကို အဘယ်ကြောင့်မစားသုံးကြသနည်း။ သမ္မာကျမ်းစာမှ သူတို့လေ့လာသိရှိခဲ့သည့် အရာများအပေါ်အခြေပြုချက်အရ ဘုရားသခင်သည် သူတို့အား ကောင်းကင်အသက်တာသို့ ခေါ်ဆောင်ခြင်းမပြုဘဲ ယေဟောဝါ၏ မေတ္တာပါပြင်ဆင်ပေးမှုများတွင် အခြားနည်းဖြင့် မိမိတို့ပါဝင်နိုင်ကြောင်း သူတို့သဘောပေါက်လာကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုစည်းဝေးပွဲကြီးတွင် ဟောပြောသူက “မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူအားလုံး ကျေးဇူးပြု၍ မတ်တပ်ရပ်ပါ” ဟုပြောသောအခါ မည်သို့ဖြစ်ခဲ့သနည်း။ ထောင်ပေါင်းများစွာတို့ မတ်တပ်ရပ်ကြပြီး ရှည်လျားသော ပရိသတ်၏ကောင်းချီးသြဘာသံများ လိုက်ပါလာသည်။
၃။ မြောက်မြားစွာသောလူများကို မှတ်သားဖော်ပြခြင်းက အဘယ်ကြောင့် လယ်ကွင်းဓမ္မအမှုအတွက် အသစ်တစ်ဖန်လှုံ့ဆော်အားပေးခဲ့သနည်း။ ယင်းနှင့်ပတ်သက်၍ သက်သေခံများ မည်သို့ယူမှတ်ကြသနည်း။
၃ ထိုစည်းဝေးပွဲကြီးတွင် တက်ရောက်သူများ သိရှိခဲ့ရသည့်အချက်က သူတို့၏ဓမ္မအမှုအတွက် အသစ်တစ်ဖန်လှုံ့ဆော်အားပေးခဲ့သည်။ စနစ်ဟောင်းနိဂုံးမချုပ်မီ ယခုအခါ ထောင်ပေါင်းအနည်းငယ်သာမက မြောက်မြားစွာသောလူများသည် ပရဒိသုကမ္ဘာတွင် ထာဝစဉ်အသက်ရှင်ရန် ယေဟောဝါ၏ အသက်ပေးအစီအစဉ်ထဲသို့ ဝင်ရောက်ရသည့်အခွင့်အရေးကို ရရှိကြမည်။ သမ္မာတရားမြတ်နိုးသူများအတွက် မည်မျှစိတ်ရွှင်လန်းတက်ကြွဖွယ်သတင်းပါတကား! ကြီးမားသည့်လုပ်ငန်း—ရွှင်လန်းဖွယ်ကောင်းသည့်လုပ်ငန်းတစ်ခုကို လုပ်ဆောင်စရာရှိကြောင်း ယေဟောဝါသက်သေများသိလာကြသည်။ နှစ်များကြာပြီးနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ဂျွန်ဘုသ်က ဤသို့ပြန်တင်ပြသည်– “အဲ့ဒီစည်းဝေးပွဲကြီးက ကျွန်တော်တို့ကို အများကြီးဝမ်းမြောက်ရွှင်လန်းစေခဲ့တယ်။”
၄။ (က) လူအုပ်ကြီးကိုစုသိမ်းခြင်းသည် ၁၉၃၅ ခုနှစ်မှစ၍ အမှန်အားဖြင့် မည်သည့်အတိုင်းအတာ အထိရောက်ခဲ့သနည်း။ (ခ) မိမိတို့၏ယုံကြည်ခြင်းသည် ရှင်သန်သောယုံကြည်ခြင်းဖြစ်ကြောင်း လူအုပ်ကြီးမှလူများသည် မည်သည့်နည်းဖြင့် သက်သေထူနေကြသနည်း။
၄ ထိုနောက်ပိုင်းနှစ်များတွင် ယေဟောဝါသက်သေများ၏ အရေအတွက်သည် တစ်မုဟုတ်ချင်းတိုးပွားလာသည်။ ဒုတိယကမ္ဘာစစ်အတွင်းက သူတို့အပေါ်သို့ ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုများ စုပြုံကျရောက်လေ့ရှိသည့်ကြားမှ သူတို့၏အရေအတွက်သည် ဆယ်နှစ်အတွင်း သုံးဆနီးပါးတိုးတက်ခဲ့သည်။ ၁၉၃၅ ခုနှစ်က လူထုရှေ့သက်သေခံနေကြသော ကြေညာသူ ၅၆,၁၅၃ ယောက်တို့သည် ၁၉၉၄ ခုနှစ်ရောက်သောအခါ နိုင်ငံ ၂၃၀ ကျော်တို့တွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၄,၉၀၀,၀၀၀ ကျော်အထိ တိုးပွားလာသည်။ ဤသူများထဲမှ အများစုဖြစ်သည့် မြောက်မြားစွာသောလူများသည် ပရဒိသုကမ္ဘာတွင် စုံလင်သောအသက်တာကို ယေဟောဝါပေးမည့်သူများတွင် အပါအဝင်ဖြစ်ရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသည်။ သိုးစုငယ်နှင့်စာလျှင် သူတို့သည် အမှန်ပင် လူအုပ်ကြီးဖြစ်သွားသည်။ သူတို့သည် မိမိတို့ယုံကြည်ခြင်းရှိသည်ဟုဆိုပြီး လက်တွေ့မတင်ပြသောလူများ မဟုတ်ကြပါ။ (ယာကုပ် ၁:၂၂; ၂:၁၄-၁၇) သူတို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အခြားသူများအား ဝေငှကြသည်။ သင်သည် ထိုပျော်ရွှင်သောလူအုပ်အဝင် တစ်ဦးဖြစ်သလော။ တက်ကြွလှုပ်ရှားသော သက်သေခံတစ်ဦးဖြစ်ခြင်းသည် အရေးကြီးသည့်အမှတ်လက္ခဏာတစ်ခုဖြစ်သော်လည်း ယင်းထက်မကပါဝင်ပါသေးသည်။
“ပလ္လင်တော်ရှေ့. . . မှာရပ်နေကြ”
၅။ လူအုပ်ကြီးသည် “ပလ္လင်တော်ရှေ့. . . မှာရပ်နေကြ” သည်ဟူသောအချက်က မည်သည့်အရာကိုဖော်ပြသနည်း။
၅ တမန်တော်ယောဟန်အား ပေးသည့်ရူပါရုံတွင် သူတို့အား “ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ” သည်ကို သူမြင်သည်။ (ဗျာဒိတ် ၇:၉) ဤကျမ်းပိုဒ်များတွင် တင်ပြထားသည့်အတိုင်း ဘုရားသခင့်ပလ္လင်တော်ရှေ့တွင် သူတို့ရပ်နေခြင်းက သူတို့သည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို အပြည့်အဝအသိအမှတ်ပြုကြကြောင်း ညွှန်ပြသည်။ ယင်းသို့အသိအမှတ်ပြုခြင်းတွင် အကြောင်းများစွာပါဝင်သည်။ ဥပမာ– (၁) မိမိ၏ကျေးကျွန်များအတွက် အကောင်းအဆိုးဆုံးဖြတ်ပိုင်သော ယေဟောဝါ၏အခွင့်အာဏာကို သူတို့အသိအမှတ်ပြုကြသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ဟေရှာယ ၅:၂၀၊ ၂၁) (၂) ယေဟောဝါက သူတို့အား ကိုယ်တော့်နှုတ်ကပါဌ်တော်အားဖြင့် မိန့်တော်မူသောအခါ သူတို့နားထောင်ကြသည်။ (တရားဟောရာ ၆:၁-၃; ၂ ပေတရု ၁:၁၉-၂၁) (၃) ယေဟောဝါက ကြီးကြပ်မှုတာဝန်အပ်နှင်းထားသူများအား လက်အောက်ခံရန်အရေးကြီးမှုကို သူတို့ကောင်းစွာသဘောပေါက်ကြသည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၂၊ ၂၃; ၆:၁-၃; ဟေဗြဲ ၁၃:၁၇) (၄) မစုံလင်ကြသော်လည်း သူတို့သည် သီအိုကရက်တစ်လမ်းညွှန်မှုကို ငြူစူသည့်သဘောဖြင့်မဟုတ်ဘဲ နှလုံးထဲမှ လိုလိုလားလားတုံ့ပြန်ရန် အားတက်သရောကြိုးစားကြသည်။ (သု. ၃:၁; ယာကုပ် ၃:၁၇၊ ၁၈) မိမိတို့အကြွင်းမဲ့ရိုသေလေးစားပြီး နှစ်နှစ်ကာကာချစ်မြတ်နိုးသော ယေဟောဝါကို ဝတ်ပြုရန် သူတို့သည် ပလ္လင်တော်ရှေ့တွင် ရှိနေကြသည်။ ဤလူအုပ်ကြီးအတွက် ပလ္လင်တော်ရှေ့“ရပ်နေခြင်း” သည် ပလ္လင်တော်ပေါ်တွင် ထိုင်နေသောသူ၏ မျက်နှာသာတော်ကို ဖော်ပြသည်။ (ဗျာဒိတ် ၆:၁၆၊ ၁၇ နှိုင်းယှဉ်။) မည်သည့်အပေါ်အခြေပြုသော မျက်နှာသာတော်နည်း။
“ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်”
၆။ (က) လူအုပ်ကြီးသည် “ဖြူသောဝတ်လုံများကိုဝတ်ဆင်” ထားကြခြင်းက မည်သည့်အဓိပ္ပာယ်ဆောင်သနည်း။ (ခ) လူအုပ်ကြီးသည် ယေဟောဝါရှေ့ဖြောင့်မတ်သောရပ်တည်မှုကို မည်သို့ရရှိကြသနည်း။ (ဂ) ခရစ်တော်သွန်းလောင်းတော်မူသောအသွေးကို ယုံကြည်ခြင်းက လူအုပ်ကြီး၏အသက်တာကို မည်သည့်အတိုင်းအတာအထိ ဩဇာသက်ရောက်သနည်း။
၆ မိမိမြင်သောအရာကို တမန်တော်ယောဟန် ရှင်းလင်းဖော်ပြရာတွင် ဤလူအုပ်ကြီးအဖွဲ့ဝင်များသည် “ဖြူသောဝတ်လုံကို ဝတ်ဆင်” ထားကြသည်ဟု ပြောသည်။ ထိုဝတ်လုံဖြူများသည် ယေဟောဝါရှေ့သန့်ရှင်း၍ဖြောင့်မတ်သော သူတို့၏ရပ်တည်မှုကို ပုံဆောင်သည်။ ထိုအနေအထားကို သူတို့မည်သို့ရခဲ့ကြသနည်း။ ယောဟန်၏ရူပါရုံတွင် သူတို့သည် “သိုးသငယ်၏ရှေ့တွင်” ရပ်နေကြကြောင်း ကျွန်ုပ်တို့သိမြင်ခဲ့ရပြီးဖြစ်သည်။ ယေရှုခရစ်အား “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” အဖြစ် သူတို့အသိအမှတ်ပြုကြသည်။ (ယောဟန် ၁:၂၉) ရူပါရုံထဲတွင် ဘုရားသခင်၏ပလ္လင်တော်နားတွင်ရှိသော အသက်ကြီးသူတစ်ပါး၏ ရှင်းပြချက်ကို ယောဟန်ဤသို့ကြားခဲ့ရသည်– “ဤသူတို့သည် . . . မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။ ထို့ကြောင့် ဘုရားသခင်၏ပလ္လင်တော်ရှေ့မှာနေရာ . . . ရကြ၏။” (ဗျာဒိတ် ၇:၁၄၊ ၁၅) သူတို့သည် ခရစ်တော်၏ ရွေးနုတ်သောအသွေးတော်ကို ယုံကြည်ကြောင်း တင်ပြကြခြင်းအားဖြင့် ပုံဆောင်သဘောအရ မိမိတို့၏ဝတ်လုံကို လျှော်ကြသည်။ သူတို့သည် ရွေးနုတ်ဖိုးနှင့်ပတ်သက်သော သမ္မာကျမ်းစာသွန်သင်ချက်ကို အသိဉာဏ်သက်သက်ဖြင့် သဘောတူလက်ခံကြခြင်းမဟုတ်ပါ။ ယင်းကိုလေးမြတ်မှုက သူတို့၏အတွင်းထဲတွင် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို အကျိုးသက်ရောက်မှုရှိသည်; သို့အားဖြင့် သူတို့သည် “နှလုံးဖြင့်” ယုံကြည်ကြောင်းကို တင်ပြကြသည်။ (ရောမ ၁၀:၉၊ ၁၀) ယင်းက သူတို့၏အသက်တာတွင် လုပ်ကိုင်သည့်အရာများအပေါ် ရေရှည်အကျိုးသက်ရောက်သည်။ သူတို့သည် ခရစ်တော်၏ပူဇော်သကာကို အခြေပြု၍ ယုံကြည်ခြင်းအားဖြင့် ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံပြီး ယင်းကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြကာ မိမိတို့၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီ အမှန်အသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်နှင့် နှစ်လို့ဖွယ်ဆက်ဆံရေးကို မွေ့လျော်နိုင်ကြသည်။ ဂရုတစိုက်ထိန်းသိမ်းသင့်သော မည်မျှကောင်းမွန်သည့် အခွင့်ထူးကြီးပါတကား!—၂ ကောရိန္သု ၅:၁၄၊ ၁၅။
၇၊ ၈။ မိမိတို့၏ဝတ်လုံများကို မညစ်ညူးစေရန် လူအုပ်ကြီးအား ယေဟောဝါ၏အဖွဲ့အစည်းက မည်သို့ကူညီလာခဲ့သနည်း။
၇ ယေဟောဝါ၏အဖွဲ့အစည်းသည် သူတို့၏တည်မြဲသည့်ကောင်းကျိုးကို မေတ္တာပါပါဂရုစိုက်သောအားဖြင့် အပြင်ပန်းသဏ္ဌာန်ဖော်ပြမှုရှိသော်လည်း ဗျာဒိတ် ၇:၉၊ ၁၀ ပါ ပရောဖက်ပြုရှင်းလင်းဖော်ပြချက်နှင့် မကိုက်ညီအောင် လူတစ်ဦး၏အမှတ်လက္ခဏာဝတ်လုံများကို စွန်းထင်း သို့မဟုတ် ညစ်ညူးစေနိုင်သော သဘောထားနှင့် အကျင့်အကြံများကို ထပ်ခါတလဲသတိပေးလာခဲ့သည်။ (၁ ပေတရု ၁:၁၅၊ ၁၆) ယခင်ထုတ်ဝေခဲ့သည့်အချက်များကို အားဖြည့်သည့်အနေနှင့် ကင်းမျှော်စင် သည် ၁၉၄၁ ခုနှစ်မှစ၍ နောက်ပိုင်းတွင် သူတစ်ပါးကိုဟောပြောပြီး အခြားအချိန်တွင် မတရားမေထုန် သို့မဟုတ် သူ့သားအိမ်ရာပြစ်မှားခြင်းတို့ကဲ့သို့သော အကျင့်အကြံများကို ကျင့်ကြံနေလျှင် အလွန်ပင်မတော်မလျော်ဖြစ်ကြောင်း ထပ်ခါတလဲတင်ပြလာခဲ့သည်။ (၁ သက်သာလောနိတ် ၄:၃; ဟေဗြဲ ၁၃:၄) ၁၉၄၇ ခုနှစ်တွင် နိုင်ငံတိုင်းနှင့်သက်ဆိုင်သော ယေဟောဝါခရစ်ယာန်တို့၏ အိမ်ထောင်မင်္ဂလာစံနှုန်းများကို အလေးအနက်ထားဖော်ပြခဲ့သည်; ဒေသန္တရထုံးစံမည်သို့ပင်ရှိပါစေ မယားအများယူခြင်းကို ဆက်လက်ကျင့်သုံးသူသည် ယေဟောဝါ၏သက်သေမဖြစ်နိုင်။—မဿဲ ၁၉:၄-၆; တိတု ၁:၅၊ ၆။
၈ ကမ္ဘာတစ်ခွင်လုံးရှိ ယေဟောဝါသက်သေများသည် မည်သည့်နေရာတွင်ရှိနေစေကာမူ—ဘုရားသခင့်နိုင်ငံတော်ခန်းမ သို့မဟုတ် လယ်ကွင်းလုပ်ငန်းတို့တွင်သာမဟုတ်ဘဲ လောကီအလုပ်တွင် သို့မဟုတ် ဆိတ်ကွယ်ရာတွင် ဆေးရွက်ကြီးကိုအလွဲသုံးခြင်းကဲ့သို့သော အမှန်တကယ်ညစ်ညမ်းစေသည့် မည်သည့်အလေ့အထမျိုးကိုမဆို ရှောင်ရမည်ဟူ၍ ၁၉၇၃ ခုနှစ်တွင် ညွှန်ပြခံခဲ့ကြရသည်။ (၂ ကောရိန္သု ၇:၁) ၁၉၈၇ ခုနှစ်တွင်ကျင်းပသော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးပွဲများတွင် ခရစ်ယာန်လူငယ်များသည် ဘုရားသခင်ရှေ့တွင် စင်ကြယ်သည့်အနေအထားဖြင့်ရှိနေကြရန်၊ နှစ်ဘဝစံအသက်တာကို သတိထားရှောင်ရှားရန် ထိထိရောက်ရောက်သွန်သင်ခံခဲ့ကြရသည်။ (ဆာလံ ၂၆:၁၊ ၄) ကင်းမျှော်စင် သည် လောကဝိညာဉ်ဆိုင်ရာ ကဏ္ဍအဘက်ဘက်နှင့်ပတ်သက်၍ ထပ်ခါတလဲသတိပေးလာခဲ့သည်။ အကြောင်းမှာ “ခမည်းတော်ဘုရားသခင်၏ ရှုထောင့်တွင် သန့်စင်၍မညစ်ညူးသည့် ဝတ်ပြုမှုပုံစံ” တွင် “လောကီအစွန်းအထင်းနှင့်ကင်းစင်ခြင်း” ပါဝင်သောကြောင့်ဖြစ်သည်။—ယာကုပ် ၁:၂၇၊ ကဘ။
၉။ ကြီးစွာသောဒုက္ခပြီးနောက်တွင် မည်သူများသည် ဘုရားသခင့်ပလ္လင်တော်ရှေ့မျက်နှာသာတော်ရအနေအထားဖြင့် အမှန်တကယ်ရပ်ကြရမည်နည်း။
၉ လာမည့် ကြီးစွာသောဒုက္ခ ပြီးနောက်တွင် ဘုရားသခင်၏မျက်နှာသာတော်ရသည့် ကျေးကျွန်များအဖြစ် “ပလ္လင်တော်ရှေ့တွင်ရပ်” မြဲရပ်နေကြမည့်သူများမှာ ဝိညာဉ်ရေးနှင့် စာရိတ္တရေးတို့တွင် သန့်ရှင်းစင်ကြယ်စွာ ရှိနေနိုင်သည့်နည်းဖြင့် အသက်ရှင်ရန် မိမိတို့၏ယုံကြည်ခြင်း လှုံ့ဆော်ခံရသူများဖြစ်ကြသည်။ ဤသူများသည် ခရစ်ယာန်အသက်တာကို အစပြုရုံမျှမက သစ္စာရှိစွာ စွဲစွဲမြဲမြဲလျှောက်လှမ်းကြသူများဖြစ်သည်။—ဧဖက် ၄:၂၄။
“စွန်ပလွံခက်ကိုကိုင်လျက်”
၁၀။ ယောဟန်မြင်သော လူအုပ်ကြီးလက်ထဲရှိ စွန်ပလွံခက်များသည် မည်သည့်အရာ၏အမှတ်သညာဖြစ်သနည်း။
၁၀ တမန်တော်ယောဟန်မြင်ရသည့်အတိုင်း လူအုပ်ကြီး၏ ထင်ရှားသောလက္ခဏာများအနက် တစ်ခုမှာ သူတို့၏လက်တွင် “စွန်ပလွံခက်ကိုကိုင်လျက်” ရှိခြင်းဖြစ်သည်။ ယင်းက မည်သည့်အမှတ်အသားဖြစ်သနည်း။ ယင်းစွန်ပလွံခက်က နွေရာသီရိတ်သိမ်းချိန်အပြီးတွင် ကျင်းပသော ဂျူးပြက္ခဒိန်ပါ ရွှင်လန်းဖွယ်အကောင်းဆုံးပွဲတော်ဖြစ်သည့် ဂျူးလူမျိုးတို့၏ တဲတော်ပွဲကို ယောဟန်အား ပြန်သတိရစေမည်မှာ မလွဲပေ။ ပညတ္တိကျမ်းနှင့်အညီ စွန်ပလွံရွက်နှင့် အခြားသစ်ပင်မှအကိုင်းများကို ပွဲတော်ကာလအတွင်းနေထိုင်ရန်အတွက် တဲများဆောက်လုပ်ရာတွင် သုံးလေ့ရှိခဲ့ကြသည်။ (ဝတ်ပြုရာ ၂၃:၃၉-၄၀; နေဟမိ ၈:၁၄-၁၈) ဗိမာန်တော်တွင်ဝတ်ပြုသူများက ဟာလဲလ် (ဆာလံ ၁၁၃–၁၁၈) ကို သီဆိုနေစဉ်တွင်လည်း ယင်းကိုကိုင်၍ဝှေ့ယမ်းကြသည်။ လူအုပ်ကြီးက စွန်ပလွံခက်များကို ဝှေ့ယမ်းခြင်းသည် ယေရှု မြည်းကလေးစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်လာစဉ် ဝတ်ပြုသူလူအစုအဝေးသည် ရွှင်လန်းစွာဖြင့် စွန်ပလွံခက်များကိုဝှေ့ယမ်းပြီး “ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း!” ဟု ကြွေးကြော်ခဲ့ကြခြင်းကို ယောဟန်အား ပြန်လည်သတိရစေမည်မှာမလွဲပေ။ (ယောဟန် ၁၂:၁၂၊ ၁၃) ထို့ကြောင့် စွန်ပလွံခက်များကိုဝှေ့ယမ်းခြင်းက လူအုပ်ကြီးသည် ယေဟောဝါ၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဘိသိက်ခံမင်းကို ရွှင်လန်းစွာ ချီးမွမ်းကြွေးကြော်ကြကြောင်း ဖော်ပြသည်။
၁၁။ ဘုရားသခင်၏ကျေးကျွန်များသည် ယေဟောဝါအားဝတ်ပြုရေးတွင် အဘယ်ကြောင့် အမှန်ရွှင်လန်းကြသနည်း။
၁၁ ယင်းကား ယခုပင်လျှင် ယေဟောဝါအားဝတ်ပြုနေသော လူအုပ်ကြီးက တင်ပြသည့်ရွှင်လန်းသောသဘောဖြစ်သည်။ ယင်းက သူတို့သည် အခက်အခဲကို မကြုံရ သို့မဟုတ် ပူဆွေးမှု၊ နာကျင်မှုတို့ကို မခံစားကြရဟု မဆိုလိုပါ။ သို့သော် ယေဟောဝါအား ဝတ်ပြုခြင်းနှင့် ကိုယ်တော့်စိတ်တော်ရွှင်လန်းစေခြင်းတို့မှရသည့် ကျေနပ်ရောင့်ရဲမှုက ယင်းတို့ကိုကာမိရန် သူတို့အားအကူအညီဖြစ်စေသည်။ ထို့ကြောင့် ဂွာတီမာလာနိုင်ငံတွင် မိမိ၏ခင်ပွန်းနှင့်အတူ ၄၅ နှစ်ကြာ အမှုဆောင်လာခဲ့သော သာသနာပြုတစ်ဦးက သူတို့ဝန်းကျင်ရှိ ရှေးကျသောအခြေအနေများ၊ ပင်ပန်းခက်ခဲသည့်အလုပ်၊ အင်ဒီးယန်းရွာများသို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသွားပြောရန် ကြိုးစားရာတွင် ဘဝကဏ္ဍတစ်ခုဖြစ်သည့် အန္တရာယ်များသောခရီးအကြောင်းကို ပြောပြသည်။ “အဲဒါ ကျွန်မတို့တစ်သက်တာမှာ အပျော်ဆုံးအချိန်ပဲ” ဟု သူမနိဂုံးချုပ်သည်။ သူမသည် အသက်ကြီးရင့်ခြင်းနှင့် ဖျားနာခြင်းတို့၏ဒဏ်များကို ခံစားနေရသော်လည်း သူမ၏ဒိုင်ယာရီ၌ နောက်ဆုံးရေးမှတ်ခဲ့သည့်အကြောင်းအရာများတွင် “အဲဒါဟာ အတော်ကြွယ်ဝပြီး ကောင်းချီးခံစားရတဲ့အသက်တာပါပဲ” ဟု ထည့်သွင်းရေးမှတ်ထားသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် မိမိတို့၏ဓမ္မအမှုကို ထိုအတိုင်းပင်ယူမှတ်ကြသည်။
“ဘုရားဝတ်ကို နေ့ညမပြတ်ပြု”
၁၂။ နေ့အချိန်တွင်ဖြစ်စေ၊ ညအချိန်တွင်ဖြစ်စေ ဤမြေကြီးပေါ်တွင် မည်သည့်အရာကို ယေဟောဝါမြင်တော်မူသနည်း။
၁၂ ဤရွှင်လန်းသောဝတ်ပြုသူများသည် ယေဟောဝါအား “ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြု” ကြသည်။ (ဗျာဒိတ် ၇:၁၅) ကမ္ဘာတစ်ခွင်တွင် သန်းနှင့်ချီသော ဤလူများသည် ဤဘုရားဝတ်ကိုပြုနေကြသည်။ အချို့နိုင်ငံများ၌ ညအချိန်ရောက်၍ လူများအိပ်ပျော်နေသောအခါ အခြားနိုင်ငံများ၌ နေထွက်နေပြီး ယေဟောဝါသက်သေများသည် သက်သေခံခြင်းတွင် အလုပ်များနေကြသည်။ ကမ္ဘာကြီးသည် တစ်သမတ်တည်း နေ့နှင့်ညလည်ပတ်နေသည်နှင့်အမျှ သူတို့သည် ယေဟောဝါအား ချီးမွမ်းသီချင်းဆိုနေကြသည်။ (ဆာလံ ၈၆:၉) သို့သော် ဗျာဒိတ် ၇:၁၅ တွင် ဖော်ပြထားသော နေ့ညမပြတ်ဝတ်သည် ပို၍ပင်တစ်ဦးချင်းနှင့်သက်ဆိုင်သည်။
၁၃။ “နေ့ညမပြတ်” ဝတ်ပြုခြင်း၏အဓိပ္ပာယ်ကို ကျမ်းစာက မည်သို့ဖော်ပြသနည်း။
၁၃ လူအုပ်ကြီးတွင်ပါဝင်သူယောက်စီသည် ဘုရားဝတ်ကို နေ့ညမပြတ်ပြုနေကြသည်။ သူတို့လုပ်သမျှသောအရာတို့သည် ဘုရားဝတ်အဖြစ်ယူမှတ်ခံရသည်ဟု ဆိုလိုပါသလော။ မည်သည့်အရာကိုလုပ်နေပါစေ ယေဟောဝါအား ချီးမွမ်းစရာဖြစ်စေသည့်နည်းဖြင့်လုပ်ရန် သူတို့သင်ယူကြသည်တော့မှန်ပါသည်။ (၁ ကောရိန္သု ၁၀:၃၁; ကောလောသဲ ၃:၂၃) သို့သော် “ဘုရားဝတ်” သည် လူတစ်ဦး၏ဘုရားဝတ်ပြုရေး တိုက်ရိုက်ပါဝင်သောအရာနှင့်သာ သက်ဆိုင်သည်။ “နေ့ညမပြတ်” လုပ်ဆောင်ခြင်းမည်သည် မှန်မှန် သို့မဟုတ် တစ်သမတ်တည်းလုပ်ဆောင်ခြင်းအပြင် အားကြိုးမာန်တက်လုပ်ဆောင်ခြင်းဖြစ်သည်။—ယောရှု ၁:၈; လုကာ ၂:၃၇; တမန်တော် ၂၀:၃၁; ၂ သက်သာလောနိတ် ၃:၈ နှိုင်းယှဉ်။
၁၄။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လယ်ကွင်းလုပ်ငန်းကို “နေ့ညမပြတ်” ဝတ်ပြုခြင်းဟူသော ဖော်ပြချက်နှင့်ကိုက်ညီအောင် မည်သည့်အရာကဖြစ်စေသနည်း။
၁၄ လူအုပ်ကြီးတွင် ဖွဲ့စည်းပါဝင်သူများသည် ယေဟောဝါ၏ ဝိညာဏဗိမာန်တော်ကြီး၏ မြေကြီးရင်ပြင်တွင်ဝတ်ပြုကြစဉ် လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်နှင့် တစ်သမတ်တည်း ကြိုးစားပါဝင်ကြသည်။ လယ်ကွင်းလုပ်ငန်း၏ ကဏ္ဍတစ်ခုခုတွင် အပတ်စဉ်ပါဝင်နိုင်ရန် ပန်းတိုင်ထားသူများစွာရှိသည်။ အချို့တို့က မှန်မှန်ရှေ့ဆောင် သို့မဟုတ် အရန်ရှေ့ဆောင်များအဖြစ် အားထုတ်လုပ်ဆောင်ကြသည်။ ဤသူတို့သည်နံနက်စောစောတွင် လမ်းများနှင့် ဈေးဆိုင်များ၌ သက်သေခံခြင်းဖြင့် အလုပ်များနေလေ့ရှိကြသည်။ အချို့သက်သေခံများသည် စိတ်ဝင်စားသူများကို အကူအညီပေးရန် ညမိုးချုပ်သောအချိန်တွင် ကျမ်းစာသင်အံမှုများ ပြုလုပ်ပေးကြသည်။ သူတို့သည် ဈေးဝယ်နေချိန်၊ ခရီးသွားနေချိန်၊ နေ့လည်စာစားချိန်တို့တွင်လည်းကောင်း၊ တယ်လီဖုန်းအားဖြင့်လည်းကောင်း သက်သေခံကြသည်။
၁၅။ ကျွန်ုပ်တို့ဘုရားဝတ်ပြုခြင်းတွင် လယ်ကွင်းဓမ္မအမှုအပြင် မည်သည့်အရာပါဝင်သနည်း။
၁၅ အသင်းတော်အစည်းအဝေးများတွင် ပါဝင်ခြင်းကလည်း ကျွန်ုပ်တို့ဘုရားဝတ်ပြုခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်; ခရစ်ယာန်စည်းဝေးပွဲများ ကျင်းပသည့်နေရာများ ဆောက်လုပ်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများလည်း အပါအဝင်ဖြစ်သည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပါဝင်လှုပ်ရှားနေနိုင်ရန် ခရစ်ယာန်ညီအစ်ကိုညီအစ်မများကို ဝိညာဏအရနှင့် ဥစ္စာပစ္စည်းအရ အားပေးကူညီခြင်းလည်းပါဝင်သည်။ ယင်းတွင် ဆေးရုံဆက်သွယ်ရေးကော်မတီ၏လုပ်ငန်း ပါဝင်သည်။ ပုံစံအမျိုးမျိုးဖြင့်ဖြစ်သော ဗေသလလုပ်ငန်းတော်အပြင် ကျွန်ုပ်တို့၏စည်းဝေးပွဲကြီးများတွင် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ ယင်းတို့အားလုံးသည် ဘုရားဝတ်များဖြစ်ကြသည်။ အမှန်ပင်၊ ကျွန်ုပ်တို့၏အသက်တာသည် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် အခြေပြုထားသောအခါ ယင်းသည် ဘုရားဝတ်ပြုခြင်းဖြင့်ပြည့်လျက်ရှိသည်။ ကျမ်းစာပြောသည့်အတိုင်း ယေဟောဝါ၏လူများသည် “ဘုရားဝတ်ကို နေ့ညမပြတ်ပြု” ကြပြီး သို့ပြုခြင်း၌ရွှင်လန်းနေကြသည်။—တမန်တော် ၂၀:၃၅; ၁ တိမောသေ ၁:၁၁။
‘အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ’
၁၆။ လူအုပ်ကြီးသည် “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာသည်မှာ မှန်ကန်ကြောင်း မည်သို့သက်သေထင်ရှားလျက်ရှိသနည်း။
၁၆ လူအုပ်ကြီးအဝင်ဖြစ်သူများသည် လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်လာကြသူများဖြစ်သည်။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ၊ ယေရှုခရစ်အားဖြင့် ပြုပေးတော်မူသော ရွေးဖိုးအစီအစဉ်သည် သူတို့အားလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။ လူအုပ်ကြီးကို ကျမ်းစာနှင့်အညီ မှတ်သားဖော်ပြခဲ့သော ၁၉၃၅ ခုနှစ်တွင် ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၁၁၅ နိုင်ငံ၌ တက်ကြွလှုပ်ရှားနေကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များရောက်သော် သိုးနှင့်တူသူများကိုရှာဖွေခြင်းသည် နှစ်ဆကျော်သောနိုင်ငံများစွာတို့အထိ ရောက်ရှိသွားသည်။—မာကု ၁၃:၁၀။
၁၇။ “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်း” မှ လူများအား လူအုပ်ကြီးအဝင်ဖြစ်စေရန် အကူအညီပေးရာတွင် မည်သို့လုပ်ဆောင်လျက်ရှိသနည်း။
၁၇ လူအုပ်ကြီးအဝင်ဖြစ်နိုင်သူများကို ရှာဖွေရာတွင် ယေဟောဝါသက်သေများသည် လူမျိုးစုများ၌သာမကဘဲ ထိုနိုင်ငံများရှိ တိုင်းရင်းသားများနှင့် ဘာသာစကားခြားနားသည့်အနွယ်များ၌ပင် အာရုံစိုက်ကြသည်။ ထိုလူများကိုဆက်သွယ်နိုင်ရန် သက်သေခံများသည် ကျမ်းစာစာပေများကို ဘာသာစကား ၃၀၀ ကျော်ဖြင့် ထုတ်ဝေကြသည်။ ယင်းသို့ပြုရာတွင် အရည်အချင်းပြည့်မီသော ဘာသာပြန်အဖွဲ့ပေါ်ပေါက်ရန် လေ့ကျင့်ပေးခြင်းနှင့်မွမ်းမံပေးခြင်း၊ ယင်းဘာသာစကားအားလုံးကို ထုတ်လုပ်ပေးနိုင်သည့် ကွန်ပျူတာပစ္စည်းကိရိယာများကိုပံ့ပိုးခြင်းအပြင် စာပုံနှိပ်ခြင်းလည်းပါဝင်သည်။ လွန်ခဲ့သည့်ငါးနှစ်မျှသောကာလအတွင်း လူပေါင်း ၉၈,၀၀၀,၀၀၀ ခန့်တို့က ပြောဆိုကြသော ဘာသာစကား ၃၆ မျိုးကို ထပ်မံစာရင်းသွင်းနိုင်ခဲ့သည်။ ထို့အပြင် သက်သေခံများသည် ဤသူများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုနားလည်စေရန် အကူအညီပေးဖို့ သူတို့ထံ ကြိုးစားသွားရောက်ကြသည်။—မဿဲ ၂၈:၁၉၊ ၂၀။
“ကြီးစွာသောဆင်းရဲဒုက္ခအထဲက”
၁၈။ (က) ကြီးစွာသောဒုက္ခဖြစ်ပွားသောအခါ မည်သူများကာကွယ်ခံရမည်နည်း။ (ခ) ထိုနောက်တွင် မည်သည့်ကြွေးကြော်မှုများ ပေါ်ထွက်လာမည်နည်း။
၁၈ ဗျာဒိတ် ၇:၁ တွင်ဖော်ပြထားသော ဖျက်ဆီးခြင်းလေကို ကောင်းကင်တမန်များက လွှတ်လိုက်သောအခါတွင် ဘိသိက်ခံ “ငါတို့ဘုရားသခင်၏ကျွန်” များသာမက မှန်သောဝတ်ပြုရေးတွင် သူတို့နှင့်ပေါင်းသော လူအုပ်ကြီးပါ ယေဟောဝါ၏ မေတ္တာပါကွယ်ကာစောင့်ရှောက်မှုကို ခံစားကြရမည်။ တမန်တော်ယောဟန်အားပြောခဲ့သည့်အတိုင်း လူအုပ်ကြီးသည် ကပ်ကျော်သူများအဖြစ် “ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်” လာကြသူများဖြစ်လိမ့်သည်။ ထိုအခါ “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း” ဟု ကျေးဇူးတင်ချီးမွမ်းလျက် ကြွေးကြော်ကြမည်တကား! ထို့အပြင် ကောင်းကင်ရှိ ဘုရားသခင်၏သစ္စာရှိအမှုထမ်းများကလည်း “အာမင်! ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။ အာမင်” ဟု ပါဝင်ကြွေးကြော်ကြမည်။—ဗျာဒိတ် ၇:၁၀-၁၄။
၁၉။ ကပ်ကျော်သူများသည် မည်သည့်ရွှင်လန်းဖွယ်လုပ်ငန်းတွင် ပါဝင်ရန် စိတ်အားထက်သန်ကြမည်နည်း။
၁၉ ထိုအခါ မည်မျှပျော်ရွှင်ဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း! အသက်ရှင်သူအားလုံးတို့သည် မှန်သောဘုရားသခင်တစ်ဆူတည်း၏ ကျေးကျွန်များဖြစ်ကြမည်! ယင်းတို့အနက် အကြီးမားဆုံးသောရွှင်လန်းမှုမှာ ယေဟောဝါအားဝတ်ပြုခြင်းဖြစ်သည်။ လုပ်စရာအလုပ်—ရွှင်လန်းဖွယ်အလုပ် များစွာရှိမည်ပါတကား! မြေကြီးသည် ပရဒိသုအဖြစ်သို့ ပြောင်းလဲခြင်းခံရမည်။ သန်းပေါင်းများစွာသောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းခံရပြီး ယေဟောဝါ၏နည်းလမ်းတော်များကို သွန်သင်ခံရကြမည်။ ယင်းတွင်ပါဝင်ရခြင်းမှာ ရွှင်လန်းဖွယ်အခွင့်ထူးကြီးပါတကား!
သင့်အဖြေကားအဘယ်နည်း
◻ ၁၉၃၅ ခုနှစ်တွင်ဖြစ်သော အဖြစ်အပျက်များက ယေဟောဝါသက်သေများ၏ လယ်ကွင်းဓမ္မအမှုကို မည်သည့်အကျိုးသက်ရောက်ခဲ့သနည်း။
◻ လူအုပ်ကြီးသည် “ပလ္လင်တော်ရှေ့. . . မှာရပ်နေကြ” သည်ဟူသောအချက်က မည်သည့်အရာကိုဖော်ပြသနည်း။
◻ သိုးသငယ်၏အသွေးတော်ကို လေးမြတ်ခြင်းက ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
◻ စွန်ပလွံခက်များကို သူတို့ဝှေ့ယမ်းခြင်းက မည်သည့်အရာကို အမှတ်သညာပြုသနည်း။
◻ လူအုပ်ကြီးသည် မည်သို့အားဖြင့် နေ့ညမပြတ်ဘုရားဝတ်ပြုကြသနည်း။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
သူတို့၏ဘုရားဝတ်ပြုခြင်းက မှန်မှန်ပြုခြင်း၊ လုံ့လဝီရိယနှင့် စိတ်အားထက်သန်စွာကြိုးစားအားထုတ်ခြင်းတို့ကို ထင်ဟပ်စေသည်