ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၅/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခ၁၁ ပထမရာစု ဗိမာန်တော်
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ၁၄က ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံမှ သင်ခန်းစာများ
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၅/၁ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် မြင့်မြတ်သောလုပ်ငန်းကို ထမ်းဆောင်နေကြသော “လူအုပ်ကြီး” ကိုယောဟန်မြင်သောအခါ ဝတ်ပြုရာအိမ်တော်၏မည်သည့်အပိုင်းတွင် သူတို့လုပ်ဆောင်နေကြသနည်း။—ဗျာဒိတ် ၇:၉–၁၅၊ ကဘ။

လူအုပ်ကြီးသည် ယေဟောဝါ၏မဟာဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်၏ မြေကြီးရင်ပြင်တစ်ခုခုတွင် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်နေ၏ဟုပြောဆိုရန် ကျိုးကြောင်းဆီလျော်ပါသည်၊ အတိအကျပြောရလျှင် ရှောလမုန်ဝတ်ပြုရာအိမ်တော်၏ အပြင်ရင်ပြင်နှင့် အလားသဏ္ဌာန်တူသည့် ရင်ပြင်တစ်ခုတွင်ဖြစ်ပေမည်။

လူအုပ်ကြီးသည် ယေရှုခေတ်ကရှိခဲ့သည့် တစ်ပါးအမျိုးသားရင်ပြင်နှင့် ဝိညာဉ်ရေးအရတူညီသည့် သို့မဟုတ် ပုံဆောင်သည့် ရင်ပြင်တစ်ခုတွင် ဝတ်ပြုနေကြသည်ဟု ယခင်ကဆိုခဲ့၏။ သို့သော် ထပ်ဆင့်ရှာဖွေလေ့လာရာတွင် ထိုသို့မဟုတ်ကြောင်း အကြောင်းရင်း အနည်းဆုံးငါးချက်ကို တွေ့ ရှိခဲ့သည်။ ပထမအချက်အနေနှင့် ဟေရုဒ်ဝတ်ပြုရာအိမ်တော်ရှိ အင်္ဂါရပ်တိုင်းကို ယေဟောဝါ၏မဟာဝိညာဉ်ရေးဆိုင်ရာ ဝတ်ပြုရာအိမ်တော်တွင် ပုံဆောင်ထားခြင်းမရှိချေ။ ဥပမာ၊ ဟေရုဒ်ဝတ်ပြုရာအိမ်တော်တွင် အမျိုးသမီးများ၏ရင်ပြင်နှင့် ဣသရေလရင်ပြင်ရှိ၏။ အမျိုးသမီးများ၏ရင်ပြင်ထဲ အမျိုးသားများရော၊ အမျိုးသမီးများပါ ဝင်နိုင်ကြသော်လည်း ဣသရေလရင်ပြင်ထဲသို့ အမျိုးသားများသာ ဝင်ခွင့်ရှိ၏။ ယေဟောဝါ၏မဟာဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်၏မြေကြီးရင်ပြင်၌မူ ဝတ်ပြုကိုးကွယ်မှုတွင် အမျိုးသားများနှင့် အမျိုးသမီးများကို မခွဲခြားထားချေ။ (ဂလာတိ ၃:၂၈၊ ၂၉) ထို့ကြောင့် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်တွင် အမျိုးသမီးများ၏ရင်ပြင်နှင့် ဣသရေလရင်ပြင်ဟူ၍ မရှိချေ။

ဒုတိယအချက်အနေနှင့် ရှောလမုန်ဝတ်ပြုရာအိမ်တော် သို့မဟုတ် ယေဇကျေလ၏အဆင်းအာရုံမှ ဝတ်ပြုရာအိမ်တော်တို့အတွက် ဘုရားသခင်ချမှတ်ပေးထားသော ဗိသုကာပုံစံတွင် တစ်ပါးအမျိုးသားရင်ပြင်မပါရှိချေ; ဇေရုဗဗေလတည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်တွင်လည်း ၎င်းရင်ပြင်မရှိချေ။ ထို့ကြောင့် အထူးသဖြင့် အောက်ပါအချက်ကို ဆင်ခြင်သုံးသပ်သည့်အခါ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါ၏မဟာဝိညာဉ်ရေးဆိုင်ရာ ဝတ်ပြုရာအိမ်တော်အစီအစဉ်တွင် တစ်ပါးအမျိုးသားရင်ပြင် ရှိဖို့လိုသည်ဟု ယူမှတ်စရာအကြောင်းမရှိချေ။

တတိယအချက်အနေနှင့်၊ ဧဒုံဘုရင်ဟေရုဒ်သည် မိမိ၏ဘုန်းထင်ရှားရေးနှင့် ရောမ၏မျက်နှာသာရရှိရေးအတွက် တစ်ပါးအမျိုးသားရင်ပြင်ကို တည်ဆောက်ခဲ့၏။ ဟေရုဒ်သည် ဇေရုဗဗေလ၏ဝတ်ပြုရာအိမ်တော်ကို ဘီ.စီ.အီး. ၁၈ သို့မဟုတ် ၁၇ တွင်စတင်မွမ်းမံတည်ဆောက်ခဲ့ပုံရှိသည်။ အဲန်ခါရ်သမ္မာကျမ်းစာအဘိဓာန်က ဤသို့ရှင်းပြသည်– “ဧကရာဇ်မင်း၏အနောက်ဘက် [ရောမ] အလိုအရ အရှေ့ပိုင်းရှိမြို့များထက် သာ၍ကြီးမားသည့် ဝတ်ပြုရာအိမ်တော်တစ်ခုကို တည်ဆောက်လိုခဲ့၏။” သို့သော် မူလဝတ်ပြုရာအိမ်တော်၏အတိုင်းအတာမှာ တည်ရှိနှင့်ပြီးဖြစ်၏။ “ဝတ်ပြုရာအိမ်တော်အရွယ်အစားသည် ယခင်ဆောက်လုပ်ခဲ့သူ [ရှောလမုန်နှင့် ဇေရုဗဗေလ] တို့၏ဝတ်ပြုရာအိမ်တော်အတိုင်း ရှိရမည်ဖြစ်သော်လည်း ဝတ်ပြုရာအိမ်တော်တောင်၏အရွယ်အစားကိုမူ မကန့်သတ်ထားပေ” ဟုအဆိုပါအဘိဓာန်က ရှင်းပြ၏။ ထို့ကြောင့် ဟေရုဒ်သည် မျက်မှောက်ခေတ်အခေါ် တစ်ပါးအမျိုးသားရင်ပြင်ကို ထပ်ဆင့်တည်ဆောက်ခြင်းဖြင့် ဝတ်ပြုရာအိမ်တော်၏ဧရိယာကို တိုးချဲ့ခဲ့သည်။ ယေဟောဝါ၏ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်အစီအစဉ်တွင် ဤသို့သောနောက်ခံမျိုးဖြင့် ဆောက်ထားသော အဆောက်အအုံ၏ပုံဆောင်ချက် ရှိစရာလိုမည်လော။

စတုတ္ထအချက်အနေနှင့်၊ မျက်စိမမြင်သူ၊ ခြေဆွံ့သူနှင့် အရေဖျားမလှီးရသေးသော တစ်ပါးအမျိုးသားများ မည်သူမဆို တစ်ပါးအမျိုးသားရင်ပြင်ထဲသို့ ဝင်နိုင်ကြ၏။ (မဿဲ ၂၁:၁၄၊ ၁၅) မှန်ပါသည်၊ ဘုရားသခင်အား ယဇ်ပူဇော်လိုကြသော အရေဖျားမလှီးရသေးသည့် တစ်ပါးအမျိုးသားများအတွက် ထိုရင်ပြင်သည် အသုံးဝင်ခဲ့သည်။ ဤနေရာတွင် ယေရှုသည် လူစုလူဝေးကို တစ်ခါတစ်ရံ ဟောပြောခဲ့သည့်အပြင် ငွေလဲလှယ်သူများနှင့် ကုန်သည်များ မိမိခမည်းတော်၏အိမ်တော်ကို မထီမဲ့မြင်ပြုကြသည်ဟု နှစ်ကြိမ်တိုင် မောင်းထုတ်ခဲ့သောနေရာဖြစ်၏။ (မဿဲ ၂၁:၁၂၊ ၁၃; ယောဟန် ၂:၁၄-၁၆) သို့သော် ဂျူးစွယ်စုံကျမ်း ကဤသို့ဆိုသည်– “အတိအကျဆိုရလျှင် ဤအပြင်ရင်ပြင်သည် ဝတ်ပြုရာအိမ်တော်တွင် မပါဝင်ချေ။ ၎င်း၏မြေနေရာသည် သန့်ရှင်းသည့်နေရာမဟုတ်သောကြောင့် မည်သူမဆို ဝင်ထွက်နိုင်၏။”

ပဉ္စမအချက်အနေနှင့်၊ တစ်ပါးအမျိုးသားရင်ပြင်ကို ရည်ညွှန်း၍ အသုံးပြုထားသော “ဝတ်ပြုရာအိမ်တော်” ဟုဘာသာပြန်ဆိုခဲ့သည့် ဂရိစကားလုံး (ဟီ.အီ.ရိုန်) သည် “ဝတ်ပြုရာအိမ်တော်အဆောက်အဦကိုယ်နှိုက်ကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ အဆောက်အဦများအားလုံးပါဝင်သည့် အဆောက်အအုံကို ရည်ညွှန်းခြင်းဖြစ်သည်” ဟုဘားကလေး အမ်. နယူးမဲန်နှင့် ဖီလစ် စီ. စတိုင်တို့ရေးသည့် မဿဲခရစ်ဝင်ကျမ်း၏ လက်ဆွဲစာစောင် ကဆို၏။ သို့သော် လူအုပ်ကြီးဆိုင်ရာ ယောဟန်၏အဆင်းအာရုံမှ “ဝတ်ပြုရာအိမ်တော်” ဟုဘာသာပြန်ဆိုသည့် ဂရိစကားလုံး (နာ.အော့စ်) သည်ပို၍ပင် တိကျသေချာသည်။ ယေရုရှလင်ဝတ်ပြုရာအိမ်တော်၏ ရှေ့နောက်စကားကိုထောက်ရှုလျှင် ထိုစကားလုံးသည် အများအားဖြင့် အသန့်ရှင်းဆုံးဌာန၊ ဝတ်ပြုရာအိမ်တော်အဆောက်အဦ သို့မဟုတ် ဝတ်ပြုရာအိမ်တော်ဝင်းကို ရည်ညွှန်းလေ့ရှိသည်။ တစ်ခါတစ်ရံ ၎င်းကို “သန့်ရှင်းရာဌာန” ဟုဖော်ပြ၏။—မဿဲ ၂၇:၅၊ ၅၁; လုကာ ၁:၉၊ ၂၁; ယောဟန် ၂:၂၀။

လူအုပ်ကြီးတွင်ပါဝင်သူများသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြကြသည်။ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေ” ပြီးဖြစ်ရာ ဝိညာဉ်ရေးအရ သန့်ရှင်းစင်ကြယ်ကြ၏။ ထို့ကြောင့် ဘုရားသခင်၏မိတ်ဆွေများဖြစ်လာရန်နှင့် ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်ကြရန် မျှော်လင့်ချက်ဖြင့် သူတို့သည် ဖြောင့်မတ်သူများဖြစ်၏ဟု ကြေညာခံရကြသည်။ (ယာကုပ် ၂:၂၃၊ ၂၅) သူတို့သည် ပညတ်ပဋိညာဉ်ကို လိုက်လျှောက်ကြပြီး ဣသရေလလူမျိုးနှင့်အတူ ဝတ်ပြုကိုးကွယ်ကြသော ဣသရေလနိုင်ငံရှိ ဘာသာဝင်သူများနှင့် နည်းအမျိုးမျိုးဖြင့် တူညီကြသည်။

အဆိုပါဘာသာဝင်များသည် ယဇ်ပုရောဟိတ်များ တာဝန်ထမ်းဆောင်ရသည့် အတွင်းရင်ပြင်တွင် အမှုထမ်းဆောင်ခွင့်မရကြချေ။ ယေဟောဝါ၏ “သန့်ရှင်းသောယဇ်ပုရောဟိတ်” အတန်းအစားဝင်များ ကမ္ဘာပေါ်ရှိနေစဉ် သူတို့၏စုံလင်ဖြောင့်မတ်သော လူသားအဖြစ်အခြေအနေကို ကိုယ်စားပြုသည့်ရင်ပြင်ဖြစ်သော ယေဟောဝါ၏မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်၏ အတွင်းရင်ပြင်တွင် လူအုပ်ကြီးအဝင်များ မရှိကြချေ။ (၁ ပေတရု ၂:၅) သို့သော် ယောဟန်အား ကောင်းကင်မှအကြီးအကဲပြောသည့်အတိုင်း လူအုပ်ကြီးသည် မူလဝတ်ပြုရာအိမ်တော်အပြင်ဘက်မှ ဝိညာဉ်ရေးဆိုင်ရာ တစ်ပါးအမျိုးသားရင်ပြင်တွင်မရှိဘဲ ဝတ်ပြုရာအိမ်တော်ထဲတွင် ရှိနေကြ၏။ ၎င်းသည် အခွင့်ထူးတစ်ခုပါတကား! ယောက်စီယောက်တိုင်းသည် အခါခပ်သိမ်း ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုရှိဖို့ လိုကြောင်းကို ၎င်းကပေါ်လွင်ထင်ရှားစေ၏!

[စာမျက်နှာ ၃၁ ပါ ပုံကြမ်း/ ရုပ်ပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရှောလမုန်၏ဝတ်ပြုရာအိမ်တော်

၁။ ဝတ်ပြုရာအိမ်တော်အဆောက်အဦ

၂။ အတွင်းရင်ပြင်

၃။ အပြင်ရင်ပြင်

၄။ ဝတ်ပြုရာအိမ်တော်ရင်ပြင်သို့ လှေကား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ