ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၁။ ကောင်းကင်တမန် ခုနစ်ပါးထဲမှတစ်ပါးက ယောဟန်အား ဘာကိုဖော်ပြသနည်း။

      ဖလားခုနစ်လုံးပြည့်သည့် ယေဟောဝါ၏ ဖြောင့်မတ်သော အမျက်တော်ကို အကုန်အစင် သွန်းလောင်းရမည်ဖြစ်၏။ ဆဋ္ဌမကောင်းကင်တမန်က မိမိ၏ဖလားကို ရှေးဗာဗုလုန်မြို့တည်ရာအရပ်၌ သွန်းလောင်းသောအခါ ၎င်းသည် မဟာဗာဗုလုန်အား ကပ်တိုက်ခြင်းကို ပုံခိုင်းသည်မှာ လျောက်ပတ်လှ၏။ အခြင်းအရာများ နောက်ဆုံးစစ်ပွဲ အာမဂေဒုန်ဆီသို့ဦးတည်လျက် မြန်မြန်ဆန်ဆန် ဖြစ်ပွားသည်နှင့်အမျှ ဖြစ်၏။ (ဗျာဒိတ် ၁၆:၁၊ ၁၂၊ ၁၆) ဖြောင့်မတ်သော တရားစီရင်ချက်များကို ယေဟောဝါ အဘယ်ကြောင့်ဖော်ဆောင်၍ မည်သို့မည်ပုံ ဖော်ဆောင်တော်မူမည်ကို ရှင်းပြသူမှာ ထိုကောင်းကင်တမန်ပင် ဖြစ်ဟန်တူသည်။ ယောဟန်သည် ရှေ့ဆက်၍မြင်ရကြားရသော အရာများကြောင့် အံ့အားသင့်သွား၏– “ထို့နောက် ဖလားခုနစ်လုံးကိုင်သော ကောင်းကင်တမန် ခုနစ်ပါးအနက်မှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် ဤသို့ဆို၏– ‘လာလော့။ များစွာသော ရေပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။ မြေကြီးဘုရင်တို့သည် သူနှင့်မတရားမေထုန် ကျူးလွန်၍ မြေကြီးသားတို့သည်လည်း သူ၏မတရားမေထုန် စပျစ်ရည်ဖြင့် မူးယစ်ကြ၏။’”​—ဗျာဒိတ် ၁၇:၁၊ ၂။

      ၂။ “ပြည့်တန်ဆာကြီး” သည် (က) ရှေးရောမနိုင်ငံ မဟုတ်ကြောင်း၊ (ခ) ဧရာမစီးပွားရေး မဟုတ်ကြောင်း၊ (ဂ) ဘာသာရေးအဖွဲ့သာဖြစ်ကြောင်း အဘယ်သာဓကရှိသနည်း။

      ၂ “ပြည့်တန်ဆာကြီး။” အဘယ်ကြောင့် ထိတ်လန့်ဖွယ်ကောင်းသော အမည်ဖြစ်သနည်း။ သူကား မည်သူနည်း။ အချို့က ဤပုံဆောင်ပြည့်တန်ဆာမှာ ရှေးရောမနိုင်ငံ ဖြစ်သည်ဟုဆိုကြ၏။ သို့သော် ရောမနိုင်ငံသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည့်တန်ဆာသည် မြေကြီးဘုရင်များနှင့် မတရားမေထုန် ကျူးလွန်သည်ဖြစ်ရာ ထိုဘုရင်များတွင် ရောမဘုရင်များလည်း ပါဝင်ကြမည်မှာ မုချ။ ထို့ပြင် သူဖျက်ဆီးခံရသည့်နောက်၌ “မြေကြီးဘုရင်များ” က သူသေဆုံးသည့်အတွက် ငိုကြွေးကြသည်ဟုဆိုသည်။ ထို့ကြောင့် သူသည် နိုင်ငံတစ်နိုင်ငံ မဖြစ်နိုင်။ (ဗျာဒိတ် ၁၈:၉၊ ၁၀) ထိုမျှမက လောကီကုန်သည်များလည်း သူ့အတွက်ငိုကြွေးသည်ဖြစ်၍ သူသည် ဧရာမစီးပွားရေးလုပ်ငန်းကို ပုံဆောင်ခြင်းလည်း မဖြစ်နိုင်။ (ဗျာဒိတ် ၁၈:၁၅၊ ၁၆) သို့တစေ၊ ‘လူမျိုးအပေါင်းတို့သည် သူ၏နတ်ဝိဇ္ဇာအတတ်ကြောင့် လမ်းလွဲကြ’ ကုန်၏ဟုဖတ်ရသည်။ (ဗျာဒိတ် ၁၈:၂၃) ဤအချက်က ပြည့်တန်ဆာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးအဖွဲ့ဖြစ်ရမည်ကို ထင်ရှားစေသည်။

      ၃။ (က) ပြည့်တန်ဆာကြီးသည် အဘယ်ကြောင့် ရိုမင်ကက်သလစ်ချာ့ချ် သို့မဟုတ် ခရစ်ယာန်ဘောင်တစ်ခုလုံးကိုသာမက ပုံဆောင်ခြင်း ဖြစ်ရမည်နည်း။ (ခ) အရှေ့တိုင်း ဘာသာတရားအများစုနှင့် ခရစ်ယာန်ဘောင် ဂိုဏ်းဂဏများ၌ ဗာဗုလုန်ဆိုင်ရာ အဘယ်အယူဝါဒများကို တွေ့ရှိရသနည်း။ (ဂ) ခရစ်ယာန်ဘောင်၏ အယူဝါဒ၊ အခမ်းအနားနှင့် အကျင့်ဓလေ့များစွာတို့၏ ရင်းမြစ်နှင့်ပတ်သက်၍ ရိုမင်ကက်သလစ်ဂိုဏ်းချုပ် ဂျွန် ဟင်နရီ နယူးမင်းက မည်သို့ဝန်ခံသနည်း။ (အောက်ခြေမှတ်ချက်ရှု။)

      ၃ အဘယ်ဘာသာရေးအဖွဲ့နည်း။ အချို့ပုဂ္ဂိုလ်များ အခိုင်အမာဆိုကြသည့်အတိုင်း ရိုမင်ကက်သလစ်ချာ့ချ်ဖြစ်သလော။ သို့မဟုတ် ခရစ်ယာန်ဘောင်တစ်ရပ်လုံးလော။ မဟုတ်ပါ။ လူမျိုးအပေါင်းတို့ကို လမ်းလွဲစေနိုင်လျှင် ထို့ထက်မက ကြီးမားရပေမည်။ အမှန်မှာ ၎င်းသည် ကမ္ဘာ့မိစ္ဆာဘာသာရေး အင်ပါယာတစ်ခုလုံးပင်တည်း။ ကမ္ဘာတစ်ဝန်းရှိ ဘာသာတရားများ၌ ဗာဗုလုန်ဆိုင်ရာအယူဝါဒနှင့် အကျင့်ဓလေ့အမြောက်အမြား တွေ့ရသည်ကိုထောက်ခြင်းဖြင့် ၎င်းသည် ဗာဗုလုန်၏ လျှို့ဝှက်ဆန်းကျယ်မှုများ၌ မြစ်ဖျားခံခဲ့ကြောင်း သိသာ၏။ ဥပမာ၊ လူ့ဝိညာဉ်၌ မွေးရာပါ မသေနိုင်သည့်အဖြစ် ရှိသည်ဟူသောအယူ၊ ညှဉ်းဆဲရာငရဲအယူ၊ သုံးပါးပေါင်းတစ်ဆူအယူ စသည်တို့ကို အရှေ့တိုင်းဘာသာတရား အများစု၌လည်းကောင်း၊ ခရစ်ယာန်ဘောင် ဂိုဏ်းဂဏများတွင်လည်းကောင်း တွေ့ရှိနိုင်သည်။ လွန်ခဲ့သောအနှစ် ၄,၀၀၀ ကျော်အချိန်က ရှေးဗာဗုလုန်မြို့တွင် ပေါက်ဖွားခဲ့သော မိစ္ဆာဘာသာတရားသည် ဧရာမအကောင်ကြီးအသွင်သို့ ကြီးထွားခဲ့ရာ ၎င်းကို မဟာဗာဗုလုန်ဟု သမုတ်သည်မှာ လျောက်ပတ်ပေ၏။a သို့သော် သူ့အား အဘယ်ကြောင့် “ပြည့်တန်ဆာကြီး” ဟူသော စက်ဆုပ်ဖွယ် အသုံးအနှုန်းဖြင့် ခေါ်တွင်ရသနည်း။

      ၄။ (က) ရှေးဣသရေလနိုင်ငံသည် အဘယ်နည်းများဖြင့် မတရားမေထုန် ကျူးလွန်သနည်း။ (ခ) မဟာဗာဗုလုန်သည် အဘယ်သိသာထင်ရှားသောနည်းဖြင့် မတရားမေထုန် ကျူးလွန်ခဲ့ပြီနည်း။

      ၄ ဗာဗုလုန် (သို့မဟုတ် “ရှုပ်ထွေးခြင်း” ဟုအဓိပ္ပာယ်ရသော ဘေဘဲလ်) သည် နေဗုခဒ်နေဇာလက်ထက်တွင် တန်ခိုးအရှိန် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ၎င်းသည် ဘာသာရေးနှင့် နိုင်ငံရေးရောစပ်သော နိုင်ငံဖြစ်၍ ကျောင်းဗိမာန်နှင့် ဝတ်ကျောင်းပေါင်း တစ်ထောင်ကျော်ရှိသည်။ ၎င်း၏ဘုန်းကြီးများသည် တန်ခိုးအာဏာထက်မြက်လှ၏။ ဗာဗုလုန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်မှ ရပ်စဲခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ဘာသာရေးဆိုင်ရာ မဟာဗာဗုလုန်မှာမူ သက်ဆိုးရှည်၍ ရှေးပုံစံအတိုင်း နိုင်ငံရေးရာများအပေါ် ဩဇာလွှမ်းကာ ခြယ်လှယ်ရန်အားထုတ်၏။ သို့ရာတွင် နိုင်ငံရေး၌ ဘာသာရေး ဝင်စွက်သည်ကို ဘုရားသခင် သဘောတူတော်မူသလော။ ဟေဗြဲကျမ်းစာ၌ ဣသရေလနိုင်ငံသည် မိစ္ဆာဘာသာနှင့် အရောတဝင်လုပ်သောအခါ ယေဟောဝါအား ကိုးစားမည့်အစား တစ်ပါးအမျိုးသားများနှင့် မဟာမိတ်ဖွဲ့သောအခါ မိမိကိုယ်ကို ပြည့်တန်ဆာဖြစ်စေသည်ဟု ဆိုထားသည်။ (ယေရမိ ၃:၆၊ ၈၊ ၉; ယေဇကျေလ ၁၆:၂၈-၃၀) မဟာဗာဗုလုန်လည်း ဝိညာဏမတရားမေထုန် ကျူးလွန်၏။ သိသာထင်ရှားသည်မှာ အုပ်ချုပ်နေသော မြေကြီးဘုရင်များအပေါ် ဩဇာတန်ခိုး လွှမ်းမိုးနိုင်ရေးအတွက် သင့်တော်သည်ဟု မိမိထင်သမျှအရာကို ပြုခဲ့ပြီဖြစ်၏။​—၁ တိမောသေ ၄:၁။

      ၅။ (က) ဘုန်းကြီးဓမ္မဆရာတို့သည် မည်သို့သောထင်ပေါ် ကျော်ကြားမှုကို နှစ်သက်ကြသနည်း။ (ခ) လောကီရေးဘက် ထင်ပေါ်လိုသောရမ္မက်သည် အဘယ်ကြောင့် ယေရှုခရစ်၏စကားတော်နှင့် လားလားကြီး ဆန့်ကျင်သနည်း။

      ၅ ယနေ့ ဘာသာရေးခေါင်းဆောင်များသည် အစိုးရဌာနရာထူး ကြီးကြီးမားမားရယူရန် မကြာခဏပင် မဲဆွယ်စည်းရုံးမှုပြုပြီး အချို့နိုင်ငံဒေသများ၌ဆိုလျှင် အုပ်ချုပ်ရေးတွင် ပါဝင်ရုံမက ဝန်ကြီးရာထူးကိုပင် ရယူကြသည်။ ၁၉၈၈ ခုနှစ်တွင် ကျော်ကြားသော ပရိုတက်စတင့် ဓမ္မဆရာနှစ်ဦးသည် အမေရိကန်သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဟာဗာဗုလုန်ထဲမှ ခေါင်းဆောင်တို့သည် ထင်ပေါ်ကျော်ကြားချင်၏။ သူတို့သည် ထင်ပေါ်သော နိုင်ငံရေးသမားများနှင့် ရောနှောပူးတွဲကြသည်နှင့်အမျှ သူတို့၏ဓာတ်ပုံများကို သတင်းစာများ၌ မကြာခဏတွေ့နိုင်သည်။ ယေရှုမူကား၊ သူတို့နှင့်လုံးဝမတူ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကိုရှောင်ပြီး မိမိ၏တပည့်များနှင့်စပ်လျဉ်း၍လည်း ဤသို့မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ ထိုသူတို့သည်လည်း မသက်ဆိုင်ကြပါ။”​—ယောဟန် ၆:၁၅; ၁၇:၁၆၊ ခမ; မဿဲ ၄:၈-၁၀; ယာကုပ် ၄:၄ လည်းရှု။

      ယခုခေတ် ‘ပြည့်တန်ဆာလုပ်ငန်း’

      ၆၊ ၇။ (က) ဟစ်တလာ၏ နာဇီပါတီသည် ဂျာမနီနိုင်ငံ၌ မည်သို့အာဏာတက်လာသနည်း။ (ခ) ဗက်တီကင်က နာဇီဂျာမနီနှင့်ချုပ်ဆိုသော သဘောတူညီချက်သည် ဟစ်တလာ၏ ကမ္ဘာစိုးမိုးရန်အားထုတ်မှုကို မည်သို့ပံ့ပိုးခဲ့သနည်း။

      ၆ ပြည့်တန်ဆာကြီးသည် နိုင်ငံရေးတွင် ဝင်စွက်သည့်အတွက် လူသားများအပေါ် ပြောမကုန်နိုင်အောင် ဆင်းရဲကျရောက်စေခဲ့သည်။ ဥပမာ၊ ဂျာမနီနိုင်ငံ၌ ဟစ်တလာ တန်ခိုးအာဏာကြီးထွားလာပုံ၏ နောက်ကွယ်ဖြစ်ရပ်မှန်များကို သုံးသပ်ကြည့်ပါ။ အချို့သူများက ထိတ်လန့်ရွံရှာဖွယ်ကောင်းသော ထိုဖြစ်ရပ်မှန်များကို သမိုင်းစာအုပ်ထဲမှ ဖျက်ပစ်လိုကြသည်။ ၁၉၂၄ ခုနှစ်၊ မေလတွင် နာဇီပါတီသည် ဂျာမန်ရစ်ခ်စတာ့ဂ် (ဥပဒေပြုအဖွဲ့) ၌ ၃၂ နေရာ ရယူထားသည်။ ၁၉၂၈ ခုနှစ် မေလတွင် ၁၂ နေရာအဖြစ်သို့ ကျဆင်းသွားသည်။ သို့သော် ၁၉၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး စီးပွားရေးကပ်ကြီးဆိုက်ခဲ့ရာ နာဇီတို့သည် ယင်း၏ယက်ကြောင်းကိုစီးကာ သိသိသာသာ နာလန်ထူလာပြီး ၁၉၃၂ ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်သော ရွေးကောက်ပွဲ၌ ၆၀၈ နေရာအနက် နေရာပေါင်း ၂၃၀ ရယူခဲ့သည်။ များမကြာမီ၊ ပုပ်ရဟန်းမင်းချီးမြှင့်သော ဆာဘွဲ့ရ နိုင်ငံတော်အဓိပတိဟောင်း ဖရန့်စ်ဗွန်ပါပင်သည် နာဇီများအား ကူညီပေး၏။ သမိုင်းပညာရှင်များအဆိုအရ ဗွန်ပါပင်သည် သာသနာစောင့် ရောမအင်ပါယာသစ် တည်ထောင်ရန် စိတ်ကူးခဲ့သည်။ သူ၏တိုတောင်းသော နိုင်ငံတော်အဓိပတိ ရာထူးသက်တမ်းသည် အရေးနိမ့်ခဲ့သဖြင့် ယခု နာဇီများမှတစ်ဆင့် အာဏာပြန်ရဖို့ မျှော်လင့်၏။ ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလရောက်သော် သူသည် ဟစ်တလာအတွက် စက်မှုလုပ်ငန်းလောကမှ ဩဇာရှိသူများ၏ ထောက်ခံမှုကို ရယူခဲ့ပြီး ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ဟစ်တလာအား ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်စေရန် ဉာဏ်နီဉာဏ်နက်ဖြင့် ခြေပုန်းခုတ်ခဲ့သည်။ သူကိုယ်တိုင် ဒုတိယအဓိပတိဖြစ်လာပြီး ဟစ်တလာက သူ့အားဖြင့် ဂျာမနီနိုင်ငံမှ ကက်သလစ်အုပ်စုများ၏ ထောက်ခံမှုကို ရယူ၏။ ဟစ်တလာသည် အာဏာရသည့်နောက် နှစ်လအတွင်း ပါလီမန်ကို ဖျက်သိမ်း၍ အတိုက်အခံဘက်မှ ခေါင်းဆောင်များကို ထောင်နှင့်ချီ၍ ချွေးတပ်စခန်းများသို့ ပို့လိုက်ပြီး ဂျူးနှိပ်ကွပ်ရေးကင်ပိန်းကို ပြောင်ပြောင်တင်းတင်း အစပြုလိုက်သည်။

      ၇ နောက်ပိုင်း၌ ပုပ်ရဟန်းမင်း တစ်ဆယ့်နှစ်ယောက်မြောက် ပိုင်းယပ်စ်ဖြစ်လာသူ ဂိုဏ်းချုပ် ပေးစဲလီက ၁၉၃၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၌ ရောမမြို့တွင် ဗက်တီကင်နှင့် နာဇီဂျာမနီနိုင်ငံစပ်ကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးသောအခါ နာဇီဝါဒ တန်ခိုးအာဏာ ကြီးထွားလာသည်ကို ဗက်တီကင်က မြင်လိုကြောင်း ထင်ရှားခဲ့သည်။ ဗွန်ပါပင်သည် ဟစ်တလာကိုယ်စား စာချုပ်ပေါ် လက်မှတ်ရေးထိုး၍ ပေးစဲလီက ထိုတွင် ဗွန်ပါပင်အား ကြီးမြင့်သော ကက်သလစ်ချာ့ချ်ဆိုင်ရာ အဆောင်အယောင် ပိုင်းယပ်စ်အဆင့်၏ ကြီးမြတ်သော လက်ဝါးကပ်တိုင်ကို ချီးမြှင့်လိုက်သည်။b တစ်ဘော် ကိုးအစ်ဗ်စ်က ဦးထုပ်ရှည်ဆောင်း စာတန် ဟူသောစာအုပ်၌ ဤသို့ရေးသားဖော်ပြသည်– “ထိုသဘောတူညီချက်စာချုပ်သည် ဟစ်တလာအတွက် မဟာအောင်မြင်မှုတစ်ရပ်ဖြစ်၏။ ၎င်းသည် ပြင်ပလောကမှ သူရရှိသည့် အဦးဆုံးသော စိတ်ဓာတ်ရေးရာ အားပေးထောက်ခံမှု ဖြစ်သည့်ပြင် အမြင့်ဆုံးဌာနမှ သက်ရောက်လာရာလည်း ဖြစ်၏။” စာချုပ်အရ၊ ဗက်တီကင်သည် ဂျာမနီနိုင်ငံ ကက်သလစ်ဗဟိုပါတီကို အားပေးထောက်ခံရာမှ ရပ်စဲရသဖြင့် ဟစ်တလာ၏ တစ်ပါတီ “အာဏာရှင်အစိုးရ” ကို အတည်ပြုလိုက်သည်။c ထို့ပြင် စာချုပ်ပါအပိုဒ် ၁၄ ကဤသို့ဆို၏– “ရိုက်ခ် (ဂျာမန်အစိုးရ) တင်မြှောက်သော အုပ်ချုပ်ရေးမှူးက အထွေထွေနိုင်ငံရေးရာ သုံးသပ်ချက်များနှင့်ပတ်သက်၍ ဘာသံသယမျှမရှိကြောင်း သေချာစွာ စစ်ဆေးပြီးနောက်မှသာ ဂိုဏ်းချုပ်များ၊ ဂိုဏ်းအုပ်များ စသည်တို့ကို ခန့်အပ်ခွင့်ပေးမည်ဖြစ်သည်။” “သန့်ရှင်းသောနှစ်” အဖြစ် ပုပ်ရဟန်းမင်း ပိုင်းယပ်စ်ကြေညာသော ၁၉၃၃ ခုနှစ်၏ နှစ်ကုန်ပိုင်းသို့ရောက်သောအခါ ဗက်တီကင်၏ ထောက်ခံအားပေးမှုသည် ဟစ်တလာ၏ ကမ္ဘာ့စိုးမိုးရေးလုံးပန်းမှု၏ အဓိကအကြောင်းရင်း ဖြစ်လာသည်။

      ၈၊ ၉။ (က) ဗက်တီကင်နှင့် ကက်သလစ်ချာ့ချ်အပြင် ၎င်း၏ဘုန်းကြီးအုပ်စုသည် နာဇီတို့၏ဓားမိုး အုပ်စိုးမှုကို မည်သို့တုံ့ပြန်သနည်း။ (ခ) ဒုတိယကမ္ဘာစစ်စတင်ချိန်၌ ဂျာမန်ကက်သလစ် ဂိုဏ်းအုပ်များက အဘယ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သနည်း။ (ဂ) ဘာသာရေးနှင့် နိုင်ငံရေးဆက်ဆံမှုများကြောင့် ဘာဖြစ်ပျက်ခဲ့သနည်း။

      ၈ လက်တစ်ဆုပ်စာမျှသော ဘုန်းကြီးများနှင့် သီလရှင်များသာ ဟစ်တလာ၏ ရက်စက်ယုတ်မာမှုကို ဆန့်ကျင်သဖြင့် ဒုက္ခခံရကြသော်လည်း ဗက်တီကင်သာမက ကက်သလစ်ချာ့ချ်နှင့် ၎င်း၏ဘုန်းကြီးအများထုက ကမ္ဘာ့ကွန်မြူနစ်ဝါဒ၏ တိုးပွားချဲ့ထွင်မှုကိုဟန့်တားသည့် မြေကတုတ်ကြီးဟု မိမိတို့ထင်မှတ်သော နာဇီ၏ဓားမိုးအုပ်စိုးမှုကို တက်တက်ကြွကြွဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ အားပေးထောက်ခံကြ၏။ ပုပ်ရဟန်းမင်း တစ်ဆယ့်နှစ်ယောက်မြောက် ပိုင်းယပ်စ်သည် ဗက်တီကင်နန်းတော်၌ ဇိမ်နှင့်စံမြန်းကာ ဟစ်တလာက ဂျူးများအား မီးလောင်တိုက်သွင်းသည်ကိုလည်းကောင်း၊ ယေဟောဝါသက်သေများနှင့် အခြားလူတို့ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းသည်ကိုလည်းကောင်း လက်ပိုက်၍ကြည့်နေခဲ့သည်။ ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါလ်က ၁၉၈၇ ခုနှစ် မေလ၌ ဂျာမနီနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် စိတ်ရင်းမှန်သောဘုန်းကြီးတစ်ပါးက နာဇီကိုဆန့်ကျင်ပြီး မားမားရပ်ခဲ့သည်ကို ဂုဏ်ပြုသည်မှာ ရယ်စရာကောင်းလှပါသည်။ ဟစ်တလာ၏ ထိတ်လန့်ဖွယ် အုပ်စိုးရာကာလအတွင်း အခြား ဂျာမန်ဘုန်းကြီးအထောင်အသောင်း ဘာလုပ်နေကြသနည်း။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ၌ ဂျာမန်ကက်သလစ် ဂိုဏ်းအုပ်များထုတ်ပြန်သော ဂိုဏ်းအုပ်အမှာစာက အထက်ပါအချက်ကို ရှင်းလင်းစေသည်။ ၎င်းစာ၌ အောက်ပါအပိုဒ်ပါရှိသည်– “အရေးကြီးသော ဤအချိန်ပိုင်း၌ ကက်သလစ်တပ်သားများအနေနှင့် ခေါင်းဆောင်ကြီး ဟစ်တလာအမိန့်ကို နာခံလျက် မိမိတို့တာဝန်ကို ထမ်းရွက်ကာ မိမိတို့တစ်ကိုယ်လုံးကိုစွန့်ဖို့ အသင့်ရှိရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ အသင်းတော်သားများအနေနှင့် ဤစစ်ပွဲအောင်မြင်ရန် ဘုရားသခင် မစတော်မူမည်အကြောင်း စိတ်ထက်သန်စွာ ဆုတောင်းကြပါရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။”

      ၉ ကက်သလစ်အသင်း၏ ဤသို့သောသံခင်းတမန်ခင်းက လွန်ခဲ့သောအနှစ် ၄,၀၀၀ ကျော်ကာလအတွင်း ဘာသာရေးက အာဏာနှင့် အခွင့်ထူးရရန် နိုင်ငံရေးအစိုးရအား မျက်နှာလိုမျက်နှာရလုပ်ခြင်း၌ မည်သို့သော ပြည့်တန်ဆာအမှုမျိုးကို ပြုလာခဲ့သည်ကို သာဓကပြ၏။ ဤသို့သော ဘာသာရေးနှင့် နိုင်ငံရေးဆက်ဆံမှုကြောင့် စစ်မက်၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဝေဒနာများ အကြီးအကျယ်ဖြစ်ခဲ့လေပြီ။ ပြည့်တန်ဆာကြီးကို ယေဟောဝါ တရားစီရင်တော့မည်ဖြစ်၍ လူသားများ မည်မျှဝမ်းမြောက်နိုင်မည်တကား။ စီရင်ချက်အတိုင်း မကြာမီဆောင်ရွက်တော်မူပါစေ။

      များစွာသောရေပေါ်မှာ ထိုင်လျက်

      ၁၀။ ကာကွယ်ရေးအတွက် မဟာဗာဗုလုန်အားထားသော “များစွာသောရေ” ကား အဘယ်အရာဖြစ်၍ ၎င်းသည် ဘာဖြစ်နေပြီနည်း။

      ၁၀ ရှေးဗာဗုလုန်မြို့သည် များစွာသောရေဖြစ်သော ဥဖရတ်မြစ်နှင့် တူးမြောင်းအများအပြားပေါ်မှာ တည်ဆောက်ထားသည်။ ၎င်းတို့သည် တစ်ညချင်းတွင်း ခန်းခြောက်သွား၏။ ထိုအချိန်မတိုင်မချင်း ၎င်းတို့သည် ဗာဗုလုန်မြို့အဖို့ အကာအကွယ်ဖြစ်ရုံမက ဥစ္စာပါတိုးပွားစေခဲ့သည်။ (ယေရမိ ၅၀:၃၈; ၅၁:၉၊ ၁၂၊ ၁၃) မဟာဗာဗုလုန်လည်း အကာအကွယ်နှင့် ချမ်းသာကြီးပွားရေးအတွက် “များစွာသောရေ” ကိုအားထား၏။ ၎င်းပုံဆောင်ရေများကား “လူပုဂ္ဂိုလ်များ၊ လူအုပ်များ၊ လူမျိုးများနှင့် ဘာသာစကားများ” ပင်ဖြစ်၏။ မဟာဗာဗုလုန်၏ကြီးစိုးမှုကိုခံ၍ ၎င်းအား ပစ္စည်းဥစ္စာထောက်ပံ့သည့် ကုဋေပေါင်းများစွာသော လူသားများပင်တည်း။ သို့သော် ၎င်းရေများသည်လည်း ခန်းခြောက်နေပြီ။ အထောက်အပံ့များကို နုတ်သိမ်းနေပြီ။​—ဗျာဒိတ် ၁၇:၁၅; ဆာလံ ၁၈:၄၊ ဟေရှာယ ၈:၇ နှိုင်းယှဉ်။

      ၁၁။ (က) ရှေးဗာဗုလုန်သည် ‘မြေကြီးသားတို့အားလုံးကို’ မည်သို့ ‘မူးယစ်စေ’ သနည်း။ (ခ) မဟာဗာဗုလုန်သည် ‘မြေကြီးသားတို့အားလုံးကို’ မည်သို့ ‘မူးယစ်စေ’ သနည်း။

      ၁၁ ထို့ပြင် ရှေးဗာဗုလုန်ကို “ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီးတစ်ပြင်လုံးကို မူးယစ်စေသော ရွှေဖလား” ဟူ၍လည်းခေါ်၏။ (ယေရမိ ၅၁:၇) ရှေးဗာဗုလုန်သည် အိမ်နီးချင်းနိုင်ငံများအပေါ် စစ်ရေးအရ အနိုင်ယူသောအခါ ၎င်းတို့အား ယေဟောဝါ၏ အမျက်တော်ကို အတင်းတိုက်၍ အရက်မူးသူများကဲ့သို့ ချည့်နဲ့စေခဲ့သည်။ ထိုကိစ္စ၌ ဗာဗုလုန်သည် ယေဟောဝါ၏ လက်သုံးကိရိယာဖြစ်ခဲ့၏။ မဟာဗာဗုလုန်လည်း ကမ္ဘာ့အင်ပါယာ ဖြစ်လာသည်အထိ အောင်ပွဲများခံခဲ့ပြီ။ သို့တစေ ဘုရားသခင့် လက်သုံးကိရိယာကား လုံးဝမဟုတ်။ ယင်းအစား၊ ၎င်းသည် မိမိနှင့် ဘာသာရေးမတရားမေထုန်ပြုသော “မြေကြီးဘုရင်တို့” ၏အစေကိုခံ၏။ မုသာအယူဝါဒများနှင့် ကျွန်ဇာတ်သွင်းသော အကျင့်ဓလေ့များဖြင့် ဒုနှင့်ဒေးချီ၍များပြားလှသော “မြေကြီးသားတို့” အား မူးယစ် အားပျော့စေပြီး အုပ်စိုးရှင်များရှေ့ ခယဝပ်တွားစေခြင်းဖြင့် ထိုဘုရင်များ၏လိုဘကို ဖြည့်ဆည်းခဲ့ပြီ။

      ၁၂။ (က) ဂျပန်နိုင်ငံမှ မဟာဗာဗုလုန်၏ အစိတ်အပိုင်းတစ်ခုသည် ဒုတိယကမ္ဘာစစ်အတွင်း သွေးချောင်းစီးမှုအတွက် မည်သို့တာဝန်မကင်း ဖြစ်ခဲ့သနည်း။ (ခ) ဂျပန်နိုင်ငံမှ မဟာဗာဗုလုန်ကိုထောက်မသော “ရေ” သည် မည်သို့ခန်းခြောက်လာပြီး အဘယ်ရလဒ် ဖြစ်ပေါ်လာသနည်း။

      ၁၂ ရှင်တိုဘာသာကိုးကွယ်သော ဂျပန်နိုင်ငံသည် ထင်ရှားသော သာဓကဖြစ်၏။ ၎င်းဝါဒသွတ်သွင်းခံရသော ဂျပန်စစ်သည်က ဧကရာဇ်မင်းတည်းဟူသော အကြီးမြင့်ဆုံးသော ရှင်တိုဘုရားအတွက် အသက်စွန့်ခြင်းသည် အမြတ်ဆုံးဂုဏ်ဒြပ်ဖြစ်သည်ဟု ယူမှတ်၏။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်သားပေါင်း ၁,၅၀၀,၀၀၀ စစ်ပွဲ၌ကျဆုံးခဲ့သည်။ လက်နက်ချခြင်းကို သိက္ခာကျသည်ဟု တစ်ယောက်မကျန်ဆိုရမလောက် ယူမှတ်ယူခဲ့ကြ၏။ သို့ရာတွင် ဂျပန်စစ်ရှုံးသည့်အတွက် ဧကရာဇ်မင်း ဟီရိုဟီတိုသည် ဘုရားအဖြစ် အမည်ခံခြင်းကို မစွန့်ချင်ဘဲ စွန့်လွှတ်ခဲ့ရသည်။ ယင်းကြောင့် မဟာဗာဗုလုန်၏ ရှင်တိုဘာသာဆိုင်ရာအပိုင်းကို ထောက်ခံသော ‘ရေများ’ သိသိသာသာ လျော့နည်းလာသည်။ သို့သော် ရှင်တိုဘာသာ၏ သဘောတူညီချက်ဖြင့် ပစိဖိတ်စစ်တလင်းတွင် သွေးချောင်းစီးပြီးသည့်နောက်မှ ရေများလျော့နည်းလာခြင်းဖြစ်၍ ရင်နာဖွယ်ပါတကား။ ရှင်တိုဘာသာ ဤသို့အားနည်းလာသည့်အတွက် တစ်ချိန်က အများအားဖြင့် ရှင်တိုနှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့သော ဂျပန်လူဦးရေ ၂၀၀,၀၀၀ နီးပါးသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အချုပ်အခြာအာဏာပိုင် အရှင်သခင် ယေဟောဝါထံ ဆက်ကပ်အပ်နှံ၍ နှစ်ခြင်းခံသော အမှုဆောင်များဖြစ်လာရန် လမ်းပွင့်ခဲ့၏။

  • နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • a အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်၏ အယူဝါဒ၊ အခမ်းအနားနှင့် အကျင့်ဓလေ့များစွာတို့သည် ခရစ်ယာန်မဟုတ်သူများထံမှ မြစ်ဖျားခံဆင်းသက်လာကြောင်း ၁၉ ရာစုခေတ်က ရိုမင်ကက်သလစ်ဂိုဏ်းချုပ် ဂျွန် ဟင်နရီ နယူးမင်းက ခရစ်ယာန်အယူဝါဒ ဖြစ်ထွန်းလာပုံစာတမ်း ၌ ရေးသားထားသည်– “ကျောင်းဗိမာန်များကို အသုံးပြုခြင်း၊ ၎င်းတို့ကို သန့်ရှင်းသူတစ်ပါးပါးထံ ရည်စူး၍အပ်နှံခြင်း၊ အခါထူးနေ့ထူးများ၌ သစ်ခက်များဖြင့် တန်ဆာဆင်ခြင်း၊ နံ့သာပေါင်း၊ ဆီမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်း၊ အဖျားအနာ ပျောက်ကင်းသောအခါ သစ္စာအဓိဋ္ဌာန်ပြု၍ ပူဇော်ပသခြင်း၊ ရေစင်၊ ရာဇဝတ်သားများခိုလှုံရာ၊ အခါကြီးရက်ကြီးနှင့် ရာသီပွဲများ၊ ပြက္ခဒိန်အသုံးပြုခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လယ်ယာများကို ကောင်းချီးပေးခြင်း၊ ဘုန်းကြီး၏အခမ်းအနားဝတ်ရုံများ၊ ရဟန်းခံဆံချခြင်း၊ မင်္ဂလာလက်စွပ်၊ အရှေ့အရပ်သို့ မျက်နှာပြုခြင်း၊ နောက်ပိုင်း၌ ရုပ်တုဆင်းတုများအသုံးပြုလာခြင်း၊ ဘုန်းကြီးတရားစာရွတ်ဆိုခြင်း၊ ကစ်ရီးအေး အေးလေးအီးစွန် [“သခင်မြတ်၊ ကရုဏာသက်တော်မူပါ” ဟူသောဓမ္မသီချင်း]၊ ဤအရာအားလုံး တိတ္ထိပင်ရင်းမှဆင်းသက်၍ ချာ့ချ်က ၎င်းတို့ကိုလက်ခံခြင်းဖြင့် သန့်ရှင်းစေသည်။”

       “အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရား” က ထိုသို့သောရုပ်တုကိုးကွယ်မှုကို သန့်ရှင်းစေမည့်အစား “ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ဟု ခရစ်ယာန်များအား ဆိုဆုံးမတော်မူ၏။​—၂ ကောရိန္သု ၆:၁၄-၁၈။

  • နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • [စာမျက်နှာ ၂၃၇ ပါ လေးထောင့်ကွက်]

      ချာချီလ်က ‘ပြည့်တန်ဆာအလုပ်’ ကို ဖော်ထုတ်ခြင်း

      “ဩစတြီးယားနိုင်ငံ၏ နိုင်ငံရေးရာများတွင် ထင်ပေါ်သောပုဂ္ဂိုလ်များကို ချည့်နဲ့စေ” ရန်၊ “သို့မဟုတ်၊ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်” ရန် ဖရန့်စ်ဗွန်ပါပင်အား ဟစ်တလာက ဗီယင်နာမြို့ဆိုင်ရာ ဂျာမန်ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ဆင်လုလုမုန်တိုင်း စာအုပ်၌ ဝင်စတန် ချာချီလ်က ရေးသားဖော်ပြသည်။ ဗီယင်နာမြို့ရှိ အမေရိကန်နိုင်ငံဝန်ကြီးက ဗွန်ပါပင်အကြောင်းကို အောက်ပါအတိုင်း ပြောဆိုသည်ဟု ချာချီလ်က ကိုးကားလိုက်သည်– “ပါပင်က သူဟာ သူ့ရဲ့ကက်သလစ် နာမည်ကောင်းကိုသုံးပြီး ဂိုဏ်းချုပ်အင်နစ်ဇာတို့လို ဩစတြီးယားနိုင်ငံသားများအပေါ် ဩဇာလွှမ်းဖို့ ကြံရွယ်တယ်ဆိုပြီး အရှက်လုံးဝမရှိ ပြောင်ပြောင်တင်းတင်း ကျွန်တော့်ကို ပြောတော့တာပဲ။”

      ဩစတြီးယားက လက်နက်ချပြီး ဟစ်တလာ၏ မုန်တိုင်းတပ်ဖွဲ့များ ဗီယင်နာမြို့ထဲသို့ ချီတက်ဝင်ရောက်ပြီးနောက် ကက်သလစ်ဂိုဏ်းချုပ် အင်နစ်ဇာက ဩစတြီးယားနိုင်ငံရှိ ဘုရားရှိခိုးကျောင်းမှန်သမျှတွင် စကြာတံဆိပ်အလံကိုလွှင့်ထူပြီး ခေါင်းလောင်းထိုး၍ အဒေါ့လ်ဖ်ဟစ်တလာ၏မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် သူ့အတွက် ဆုမွန်ကောင်းတောင်းကြရန် အမိန့်ပေးခဲ့သည်။

      [စာမျက်နှာ ၂၃၈ ပါ ရုပ်ပုံ]

      ရိုက်ခ်အတွက် ‘စစ်ပတ္ထနာ’

      ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ပထမအသုတ်ထုတ် နယူးယောက်တိုင်းမ် ၌ အထက်ပါခေါင်းစီးဖြင့် အောက်ပါဆောင်းပါးကို တွေ့ရသည်–

      “ဖူလ်ဒါမြို့ရှိ ကက်သလစ်ဂိုဏ်းအုပ်များ ကောင်းချီးနှင့်အောင်ပွဲအတွက် ဆုတောင်းကြခြင်း . . . ဖူလ်ဒါမြို့တွင် ကျင်းပသော ဂျာမန်ကက်သလစ်ဂိုဏ်းအုပ်များ ကွန်ဖရင့်က ဘုရားဝတ်ပြုမှု အခမ်းအနားမှန်သမျှ၏ အစနှင့်အဆုံး၌ အထူး ‘စစ်ပတ္ထနာ’ တစ်ရပ်ကို ဖတ်ကြားရန် အကြံပေး၏။ ၎င်းပတ္ထနာက ဂျာမန်တပ်များအား အောင်ပွဲကောင်းချီးပေးရန်၊ တပ်သားများ၏အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ဘုရားသခင်အား အသနားခံထား၏။ ဂိုဏ်းအုပ်များက တစ်လလျှင် အနည်းဆုံးတစ်ကြိမ် အထူးတနင်္ဂနွေ တရားဟောပြောချက်တစ်ခု၌ ဂျာမနီ၏ ‘ကြည်းရေလေ’ တပ်သားများကို သတိရအောက်မေ့ရန် ကက်သလစ်ဘုန်းကြီးများအား ထပ်လောင်းညွှန်ကြားလိုက်သည်။” နောက်ပိုင်းထုတ်သတင်းစာများ၌ ၎င်းဆောင်းပါးကို ရုပ်သိမ်းလိုက်သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကား နာဇီဂျာမနီ၏ မဟာမိတ်နိုင်ငံဖြစ်သော ဂျပန်က ပုလဲဆိပ်ကမ်းရှိ အမေရိကန်သင်္ဘောတပ်စုကို တိုက်ခိုက်သောနေ့ဖြစ်သည်။

      [စာမျက်နှာ ၂၄၄ ပါ လေးထောင့်ကွက်]

      “ဘုရားသခင်ကို စော်ကားသောအမည်များ”

      ပထမကမ္ဘာစစ်ပြီးနောက် ဦးချိုနှစ်ချောင်းနှင့်သားရဲက နိုင်ငံပေါင်းချုပ်ကို တည်ထောင်ရန် အဆိုသွင်းသောအခါ ၎င်း၏ဘာသာရေး တိတ်တိတ်ပုန်း ရည်းစားများစွာတို့က ဘာသာရေးသဘောတူ ထောက်ခံချက်ကိုပေးရန် ချက်ချင်းကြံစည်အားထုတ်ကြ၏။ သို့နှင့် ၎င်းငြိမ်းချမ်းရေးအဖွဲ့သစ်သည် “ဘုရားသခင်ကို စော်ကားသောအမည်များဖြင့်ပြည့်” လာသည်။

      “ခရစ်ယာန်သာသနာတော်သည် စေတနာစိတ်တည်းဟူသော ပြင်းထန်သည့်စွမ်းအားကို နိုင်ငံပေါင်းချုပ်၏နောက်ခံအဖြစ် ဖြည့်ဆည်းပေးနိုင်သဖြင့် ၎င်းစာချုပ်ကို စာရွက်အသွင်မှ ဘုရားသခင့်နိုင်ငံတော် လက်သုံးတော်အသွင်သို့ ကူးပြောင်းစေသည်။”​—ခရစ်ယာန်ရာစု၊ အမေရိကန်ပြည်ထောင်စု၊ ၁၉၁၉ ခုနှစ် ဇွန်လ ၁၉ ရက်၊ စာမျက်နှာ ၁၅။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ