မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
“ဗာဗုလုန်မြိကြီးပြိုလဲပြီ။ မိမိမတရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။” “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသောဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍စက်ဆုပ်ဖွယ်သော ငှက်မျိုး၏မှီခိုရာဖြစ်လေပြီ။”—ဗျာဒိတ် ၁၄:၈။ ၁၈:၂။
ထိတ်လန့်ဖွယ်ပရောဖက်ပြုချက်ပါတကား။ “မဟာဗာဗုလုန် ပြိုလဲပြီ။” ဤပုံတင်ပြချက်သည် ကျမ်းစာကျောင်းသားများအား စိတ်ဝင်စားစေခဲ့သည်။ ယင်းသည်အဘယ်ကြောင့် သင့်ကိုစိတ်ဝင်စားစေသင့်သနည်း။ အကြောင်းမှာသမ္မာကျမ်းစာပရောဖက်ပြုချက်အရ မဟာဗာဗုလုန်၏ကြမ္မာသည် မကြာမီလူအားလုံးကို ထိခိုက်မည်ဖြစ်သောကြောင့်တည်း။ ဤမဂ္ဂဇင်း၏ဧပြီလ ၁ ရက်နှင့် ၁၅ ရက်ထုတ်တွင်ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း ဤသြဇာညောင်းသော ပြည့်တန်ဆာကို စာတန်၏မှောက်မှားသော ဘာသာရေးအင်ပါယာအဖြစ် အထင်အရှားဖော်ပြသည်။a
သို့သော်သူမသည်မည်သို့ ကျဆုံးခဲ့သနည်း။ ဘယ်သောအခါကနည်း။
ဗာဗုလုန်ပြိုလဲသော်လည်း ဖျက်ဆီးမခံရ
မဟာဗာဗုလုန် ပြိုလဲခြင်းပုံတင်ပြချက်ကို အပြည့်အဝနားလည်ရန် ၅၃၉ ဘီစီအီးတွင် ရှေးဗာဗုလုန်ကျဆုံးခဲ့စဉ် ဘာဖြစ်ခဲ့သည်ကို ကျွန်ုပ်တို့နားလည်ရမည်။ ထိုစဉ်ကဣသရေလလူမျိုးတို့သည် အနှစ် ၇၀ နီးပါးခန့်အကျဉ်းခံနေရစဉ်ဖြစ်သည်။ ယခုတွင်သူတို့၏ပရောဖက်စကားများနှင့်အညီ လွတ်မြောက်ရန် မျှော်လင့်နေချိန်ဖြစ်သည်။ (ယေရမိ ၂၅:၁၁၊ ၁၂၊ ၂၉:၁၀) ပေရသိဘုရင်ကုရုသည် ဗာဗုလုန်ကိုကျဆုံးစေပြီး ဂျူးများကို မိမိတို့၏သန့်ရှင်းရာမြို့ယေရုရှလင်သို့ ပြန်လည်ရွှေ့ပြောင်းရန် လွှတ်ပေးခဲ့စဉ် သူတို့မည်မျှရင်ဖိုခဲ့ကြပါမည်နည်း။ ဟေရှာယ ၄၅:၁-၄။
သို့သော်ဂျူးများအပေါ် ဗာဗုလုန်၏တန်ခိုးသည် ကျိုးပဲ့ခဲ့ရသော်လည်း ယင်းသည်ဗာဗုလုန်၏အဆုံးဟုမဆိုလိုချေ။ သမိုင်းပညာရှင်ဂျိုအန်အုတ်စ်က သူမ၏စာအုပ် Babylon တွင်ဤသို့ရေးသားသည်။ “ကုရုသည်ဗာဗုလုန်ကို အောင်ပွဲနှင့်ဝင်ခဲ့သည်။ လုယက်ခြင်းကိုတားမြစ်ကာ ပေရသိဘုရင်ခံတစ်ဦးခန့်ခဲ့၍ ဘာသာရေးနှင့်ရုံးအဆောက်အအုံများကို မထိခိုက်ခဲ့၊ ပေရသိအုပ်ချုပ်မှုအောက်တွင် ဗာဗုလုန်ပြည်သူများ၏ နေမှုထိုင်မှုသည် အနည်းငယ်သာပြောင်းလဲ ခဲ့သည်။ ထို့ကြောင့်သူမကျဆုံးခဲ့သော်လည်း ဗာဗုလုန်သည်ဆက်လှုပ်ရှားခဲ့ကာ တမူထူးခြားသည်ကား ဘုရားလူမျိုးဣသရေလသည် သုံ့ပန်းဘဝမဟုတ်တော့ချေ။ စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် ယေရုရှလင်သို့ပြန်ခဲ့ကြ၏။
ဘီစီအီး ၃၃၁ ခုနှစ်ခန့်တွင် ဂရိတ်ဗိုလ်ချုပ်မဟာအလက်ဇန္ဒားသည် ဗာဗုလုန်သို့ဝင်ခဲ့စဉ်က သူ့အားပြည်သားများက နွေးထွေးစွာကြိုဆိုခဲ့ကြသည်။ ယင်းကိုသူ၏အရှေ့ပိုင်းမြို့တော်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သော်လည်း သူ့ဆန္ဒသူမဖြည့်စွက်နိုင်မီ သေဆုံးသွားသည်။ ယင်းကဗာဗုလုန်သည်ထိုအချိန်လောက်အထိပင် တိုးပွားခဲ့ကြောင်းပြသနေသည်။
ထို့ကြောင့် ၅၃၉ ဘီစီအီးတွင် ဗာဗုလုန်ကျဆုံးခြင်းက ယင်းသည်ပပျောက်သွားသည်ဟုမဆိုလိုချေ။ ယင်းသည်နှစ်ရာစုပေါင်းများစွာ ဆက်လက်လှုပ်ရှားနေတုံးပင်။ ယင်းကမဟာဗာဗုလုန်နှင့်စပ်လျဉ်းသည့် ပရောဖက်ပြုချက်များ၏ မျက်မှောက်ခေတ်ပြည့်စုံချက်များကို မည်သို့ရောင်ပြန်ဟပ်ခဲ့သနည်း။
မဟာဗာဗုလုန် ပြိုလဲခြင်း
ကမ္ဘာ့မှောက်မှားသော ဘာသာရေးအင်ပါယာကို ပုံဆောင်သည့် မဟာဗာဗုလုန်၏ ပြိုလဲခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ၁၉၁၉ ခုနှစ်မတိုင်မီ ကျွန်ုပ်တို့၏ ၂၀ ရာစုစောစောပိုင်းတွင် ထိုစဉ်ကကျမ်းစာကျောင်းသားများဟု လူတို့သိခဲ့သော ယေဟောဝါသက်သေများကို မှားယွင်းသောဘာသာအယူနှင့် လုပ်ရပ်များဖြစ်သည့် ဝိညာဉ်ရေးအနှောင်အဖွဲ့မှ လွှတ်ပေးခဲ့ရသည်။ သုံးပါးတစ်ဆူနှင့် မသေနိုင်သောဝိညာဉ်ကို စွန့်ပစ်ပြီးဖြစ်သော်လည်း သူတို့သည် ဗာဗုလုန်ဆိုင်ရာဓလေ့များနှင့် စွန်းကွက်နေတုံးပင်။ အတော်များများသည် စာရိတ္တပိုင်း၌ကိုယ့်ဖြောင့်မတ်ခြင်း အမြင်များမွေးမြူကြသည်။ အချို့သည်ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဆုံးဥက္ကဌစီတီရပ်စယ်လ်အား ပုဂ္ဂိုလ်ရေးအာရုံစိုက်ကာ လူလူချင်းချီးမြှောက်နေကြသည်။ ကျမ်းစာအထောက်အထားမရှိဘဲ မွေးနေ့နှင့်ခရစ်စမတ်ပွဲများကို သူတို့ကျင်းပနေခဲ့ကြသည်။ သူတို့အတွေးတွင် လက်ဝါးကပ်တိုင်သည် အရေးတကြီးဖြစ်နေတုံးပင်။ အချို့သည် လက်ဝါးကားတိုင်နှင့်သရဖူအထိမ်းအမှတ်များကို ဆွဲထားပြီး ခရစ်ယာန်ဘောင်နှင့်အညီလေးစားမှုရရန် လုပ်ဆောင်ကြသည်။ သို့နှင့် ၁၉၁၇ တွင်ရပ်စယ်လ်သေဆုံးပြီးမကြာမီ အပြောင်းအလဲကြီး စတင်ဖြစ်ခဲ့သည်။
ယင်းနှစ်တွင် ကင်းမျှော်စင်အသင်းသည် ဗျာဒိတ်ကျမ်းအပေါ်သုံးသပ်ချက်၊ The Finished Mystery ကိုထုတ်ဝေခဲ့သည်။ ဤစာအုပ်သည် ခရစ်ယာန်ဘောင်ဓမ္မဆရာများကိုဖေါ်ထုတ်ထားပြီး ထိုစဉ်ကဥရောပတွင်တိုက်ခိုက်နေသော ပထမကမ္ဘာစစ်တွင် သူတို့ပါဝင်နေခြင်းတို့ကိုလည်း ဖေါ်ပြထားသည်။ ကနေဒါရှိမဟာဗာဗုလုန်၏ဂိုဏ်းကွဲကိုယ်စားလည် ပရိုတက်စတင့်ဓမ္မဆရာ အချို့ကဤဖေါ်ပြချက်အချို့ကို သူတို့၏ကနေဒါအစိုးရအားတင်ပြရာ ကျမ်းစာကျောင်းသားများကို ပုန်ကန်လှုံဆော်သူများအဖြစ် စွပ်စွဲခဲ့ကြသည်။ ဖေဖေါ်ဝါရီ ၁၂၊ ၁၉၁၈ တွင်ကင်းမျှော်စင်အသင်းသည်ကနေဒါတွင် ပိတ်ပင်ခံခဲ့ရသည်။
ယူနိုက်တက်စတိတ်ရှိ ဓမ္မဆရာများသည် သူတို့၏ကနေဒါရှိ ညီအစ်ကိုတော်များ၏ ပုံသက်သေကိုတုပရန် မနှောင့်နှေးခဲ့ချေ။ ရက်ပိုင်းအတွင်းပင် လော်.စ်အင်ဂျလိစ်၊ ကယ်လီဖိုးနီးယား၊ ယူအက်စ်အေရှိ ကင်းမျှော်စင်အသင်းစာပေများကို သိမ်းလိုက်သည်။ သို့နှင့်မေလ ၁၉၁၈ တွင်ကင်းမျှော်စင်အသင်း၏ဥက္ကဌသစ်နှင့် အခြားအပေါင်းအပါခုနှစ်ဦးအား ဖမ်းရန်ဝရမ်းထုတ်ခဲ့သည်။ ဇွန်လ၌မဆိုင်းမတွပင် ဤခရစ်ယာန်ယောက်ျားများအား တရားရုံးသို့ဆွဲခေါ်သွားကာ စီရင်ချက်ချလိုက်ကြသည်။ ခုနစ်ဦးအားပြုပြင်ရေးထောင်တွင် အနှစ် ၂၀ ထောင်ချခဲ့ပြီး တစ်ဦးကို ၁၀ နှစ်ချမှတ်ခဲ့သည်။ ဓမ္မဆရာများ၏ တုံ့ပြန်ချက်ကား မည်သို့နည်း။ မာတင်မာတီကသူ၏စာအုပ် Modern American Religion: The Irony of It All တွင်ဤသို့ရေးသည်။ “ဓမ္မဆရာများသည် ရပ်စ်စလိုက်(နောက်ပိုင်းတွင်ယေဟောဝါသက်သေများဟုသိလာ) များတစ်ဖက်တိုက်ခိုက်ခဲ့ကြပြီး၊ ပြစ်မှုထင်ရှားသော ယေဟောဝါသက်သေများ၏ ခေါင်းဆောင်များကို အနှစ်နှစ်ဆယ်ထောင်ချကြောင်း ကြားရသောအခါ ဝမ်းမြောက်ကြသည်။” မဟာဗာဗုလုန်၏ကိုယ်စားလှယ်များသည် ရယ်မောနေခဲ့ကြသည်။ နောက်ပိတ်ဆုံး ရယ်မောသူသည် ပိုသာလွန်ကြောင်း သူတို့မသိရှာကြချေ။
သို့ဖြင့် ၁၉၁၈ တွင်ယေဟောဝါလူမျိုး အချို့အတွက် ဗာဗုလုန်၏ပုံဆောင်ချုပ်နှောင်မှုသည် စာသားအရ ထောင်ကျမှုလည်း ဖြစ်ခဲ့သည်။ ကျမ်းစာကျောင်းသားများကို နှိပ်စက်ခြင်းလှိုင်းလုံးသည် ယူအက်စ်အေ၊ ကနေဒါနှင့်အခြားနိုင်ငံများတလျှောက် ရိုက်ခတ်ခဲ့သည်။ အမျိုးသားစိတ်ပြင်းပြသော ဓမ္မဆရာများသည် လူအုပ်များဖွဲ့ပြီး မြို့တွင်းမှသူတို့ကိုမောင်းထုတ်ကြသည်။ ကျမ်းစာကျောင်းသားများကို ကတ္တရာနှင့်ကပ်၍ အမွှေးများတပ်ခြင်း၊ လက်ကိုင်တုတ်များနှင့် ရိုက်နှက်ခြင်းများခံခဲ့ရသည်။ ဤရိုးသားသောခရစ်ယာန် လူနည်းစုတစ်ဖက်၌ မတရားရှက်ဖွယ်မှတ်တမ်း ထူခဲ့ကြသည်။b
ထို့နောက် ၁၉၁၉ တွင်မမျှော်လင့်သော အဖြစ်အပျက်ပြောင်းပြန် ဖြစ်ပေါ်ခဲ့သည်။ ၁၉၁၈ နိုဝင်ဘာတွင်စစ်ကြီးပြီးဆုံးသွားသည်။ ကင်းမျှော်စင်အသင်း၏ တာဝန်ခံများကို စီရင်ချက်ချမှတ်ခြင်းကို တရားမမျှတကြောင်း အယူခံဝင်ခဲ့သည်။ ရပ်သဖို့ဒ်နှင့်သူ၏အပေါင်းပါများ ထောင်မှလွတ်လာခဲ့ရာ သူတို့၏ဘာသာရေးရန်သူများက ဒေါသထွက်ခဲ့ကြသည်။ မာတီက “ဩသဒေါက်စ် အသင်းသားများက ဩဘာပေးခြင်းမရှိ” ဟုဆိုခဲ့သည်။ စွပ်စွဲချက်အားလုံးမှ လုံးဝလွတ်မြောက်သွားခဲ့သည်။ ပုပ်ပိုင်ယပ်စ် ၁၁ ၏“မဟာဂရယ်ဂရီ သူရဲခေါင်းဘွဲ့” ချီးမြှင့်ခံရသူ၊ တစ်ဖက်ယိုင်ကာသိုလိပ်တရားသူကြီး မာတင်တီမန်တန်သည် သက်သေခံရှစ်ဦးအား အာမခံမပေးခြင်းကြောင့် ကိုးလတိုင်တိုင် မတရားအကျဉ်းချခံကြရသည်။ ၁၉၃၉ တွင်သူ့အားလာဘ်တောင်းရမ်းမှုကြောင့် ထောင်ကျသွားသောအခါ သူ၏သဘောထားမှန်ပေါ်လာခဲ့သည်။
၁၉၁၉ တွင် ရပ်သဖို့ဒ်နှင့်အပေါင်းအပါတို့သည် ထောင်မှလွတ်ပြီးနောက် ကင်းမျှော်စင်အသင်း၏ဘရုတ်ကလင်ဌာနချုပ်သို့ပြန်လာခဲ့ကြသည်။ ထိုနောက်သူတို့သည် ကမ္ဘာတွင်မရှိဖူးသောအကြီးမားဆုံး နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ကျမ်းစာကျောင်းသားများသည် လူကိုကြောက်ရွံ့ခြင်းနှောင်ကြိုးကိုဖြတ်လိုက်ပြီး ယခုသူတို့သည် မှောက်မှားသောဘာသာနှင့်ပတ်သက်၍ သူတို့အဘယ်အခြေအနေတွင်ရှိကြောင်း ရှင်းလင်းစွာသိမြင်ခဲ့ကြသည်။ မဟာဗာဗုလုန်သည် သူတို့၏အမျက်မပြေသောရန်သူဖြစ်ပြီး ပြိုလဲပြီဖြစ်ကြောင်းထုတ်ဖေါ်ရမည်။ စစ်မှန်သောဝတ်ပြုရေးကို လူမျိုးများကြားတွင် ပြန်လည်တည်ထောင်ရမည်။
ထိုစိုးရွံ့ခြင်းကင်းသော ခရစ်ယာန်များသည် သူတို့၏တစ်အိမ်တက်ဆင်း အမှုဆောင်ခြင်းကို တိုးမြှင့်လိုက်ခဲ့သည်။ “ဘာသာရေးသည်ကျော့ကွင်းနှင့်လိမ်လည်မှု” နှင့် “ဘုရားနှင့်ခရစ်တော်ဘုရင်၏အမှုတော်ကို ထမ်းဆောင်လော့” ဟုဖေါ်ပြထားသည့် ကပ်ပြားများကို သူတို့ကိုယ်တွင်ချိတ်ဆွဲ၍ လူသူရှေ့သွားလာပြသကြသည်။ ရှေးဗာဗုလုန်ကဲ့သို့ မှောက်မှားသောဘာသာသည် ဆက်လက်တိုးပွားလည်ပတ်နေသော်လည်း ယေဟောဝါသက်သေများ နှင့်ပတ်သက်၍ မဟာဗာဗုလုန်သည် ၁၉၁၉ တွင်ပြိုလဲခဲ့ရသည်။ သူတို့သည်ဗာဗုလုန်ဆိုင်ရာ ထိန်းချုပ်မှုမှ လွတ်မြောက်ခဲ့ပြီ။
ဗာဗုလုန်၏ ဆုတ်ယုတ်နေသောသြဇာ
ယခု အနှစ် ၇၀ ကြာပြီးနောက် မြေကြီးဒေသအများတွင် မဟာဗာဗုလုန်၏သြဇာသည်ဆုတ်ယုတ်နေကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ မှန်ပါသည်၊ တီဗွီတရားဟောဆရာများနှင့် ဘာသာရေးဆိုင်ရာ စိတ်ပညာသမားများ အမြတ်ထုတ်နေသည်။ ပိုစိတ်လှုပ်ရှားသည့် လူများရှိရာ ယူနိုက်တက်စတိတ်တွင် ဘာသာရေးသည် တိုးပွားနေပုံရသည်။ သို့သော်ဤရုပ်ဝါဒသမား ပလွှားသူများမှပင် အချို့သည်မကြာသေးမီက မျက်နှာဖုံးချွတ်ခံရကာ အရှက်ကွဲခဲ့ရသည်။ ခရစ်ယာန်ဘောင်အသင်းတော်များ နိုင်ငံရေးတွင်နက်ရှိုင်းစွာပတ်သက်သော ကိုရီးယားရီဘတ်ဘလစ်တွင်လည်း ဘာသာရေးသည် တိုးပွားနေပုံရသည်။ မဟာဗာဗုလုန်သည် “ပြိုလဲပြီး” ဖြစ်သော်လည်း ဆက်လက်လှုပ်ရှားနေဆဲပင် ဖြစ်ကြောင်းထင်ရှားသည်။
သို့သော်လည်း ကမ္ဘာစစ်များစတင်ချိန်မှစ၍ ဂျာမဏီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နှင့်ဗြိတိန်ကဲ့သို့သော နိုင်ငံများတွင်သြသဒေါက်စ်အသင်းသည် ယင်းတို့၏နောက်လိုက်များ အလုံးအရင်းနှင့်ဆုံးရှုံးခဲ့ရသည်။ ကာသိုလိပ်နိုင်ငံများဖြစ်သော အီတလီ၊ စပိန်၊ နှင့်ပြင်သစ်ကဲ့သို့သော နိုင်ငံများ၌ပင် ထုံးတမ်းအရအာပတ်ဖြေခြင်း မတ်စ်တက်ခြင်းတို့တွင် ဆုတ်လျော့နေသည်။ ရဟန်းဖြစ်ကျောင်းတက်သူများလည်း ဆုတ်လျော့နေသည်။ လက်ရှိပုပ်သည်ရာဇဝင်တွင် အခြားပုပ်များထက်ခရီးပိုထွက်ရန် ခံစားနေရခြင်းကိုက အသင်းတော်သည်ပြဿနာကြုံနေရကြောင်း လက္ခဏာတစ်ရပ်ပင်။
ထို့ပြင် ၁၉၁၇ မှစ၍ အချို့နိုင်ငံများတွင် ဘာသာရေးကိုအသေးအဖွဲအဆင့်သို့ ချလိုက်ပြီး ယင်းတို့၏ယခင်နိုင်ငံရေးဩဇာ လွှမ်းမိုးမှုများကို ဖြတ်တောက်လိုက်သည်။ ကမ္ဘာ့အတိုင်းအတာတွင် ရိုးရာဘာသာရေးသည် မုန်းတီးမှုနှင့်သွေးသွန်းမှုကို အတော်ပင်ဖြစ်နေစေသောကြောင့် စဉ်းစားတတ်သူအတော်များများသည် အနောက်ဖြစ်စေအရှေ့ဖြစ်စေ ဘာသာရေးအားလုံးကိုကျောခိုင်းလိုက်ကြသည်။ မှန်ပါသည်။ မဟာဗာဗုလုန်ထိုင်လျက်ရှိသော သူမချုပ်ကိုင်ထားသည့် ပုံဆောင်ရေများသည် ခန်းခြောက်လျက်ရှိသည်။ မဟာဗာဗုလုန်ကိုတရားစီရင်လျက်ရှိပြီး သူမအားသုတ်သင်ရန်နီးနေပေပြီ။—ဗျာဒိတ် ၁၆:၁၂၊ ၁၇:၁၊ ၁၅။
ဗာဗုလုန်—အဘယ်ကြောင့်တရားစီရင်ခံရ
မှောက်မှားသောကမ္ဘာ့အင်ပါယာကို ယေဟောဝါတရားစီရင်ရန် မည်သည့်အကြောင်းရင်းရှိသနည်း။ အချို့က ဘာသာရေးများသည် ကျောင်းများဆေးရုံများနှင့် ဒါနလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် မျက်နှာသာပေးသင့်သည်ဟု အမှန်ပင်ယူဆပေမည်။ သို့သော်ထိုအရာအားလုံးသည် ကမ္ဘာ့ဘာသာရေးအားလုံးတစ်ဖက် ယေဟောဝါ၏စွဲချက်နှင့် အဘယ်အခြေအနေတွင်ရှိသနည်း။ ထိုစွဲချက်နှင့်ဘာသာရေးမှတ်တမ်းကို ကျွန်ုပ်တို့အကျဉ်းသုံးသပ်ကြပါစို့။c
“ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တစ်ပါးသည်လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍ ‘လာခဲ့ပါ။ ရေပေါ်မှာထိုင်သော ပြည့်တန်ဆာကြီးကိုငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားမေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏မတရားသော မေထုန်၏စပျစ်ရည်နှင့်ယစ်မူးကြပြီ’ ပြောဆိုသည်။ ၁၉၈၉ ဧပြီ ၁ နှင့် ၁၅ စာစောင်များတွင် ကျွန်ုပ်တို့ထင်ရှားစွာ ဖေါ်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဘာသာရေးသည် အုပ်ချုပ်သူများဖြစ်သော “လောကီရှင်ဘုရင်များ” နှင့်ဆိုးယုတ်သောအမှုတွင်ပါဝင်ခြင်းကြောင့် ရာဇဝင်တစ်လျှောက် လူတို့၏အကျိုးယုတ်စေပြီး ကိုယ်ကျိုးရှာမတရားမေထုန်ပြုသော ပြည့်တန်ဆာ၏အကျင့်နှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော်စွဲချက်က ဤသို့ဆက်သွားသည်။
“ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး ယေရှု၏သက်သေခံတို့၏အသွေးနှင့် ယစ်မူးသည်ကိုငါမြင်၏။” “ပရောဖက်တို့၏အသွေးသန့်ရှင်းသူတို့၏အသွေး မြေကြီးပေါ်မှာကွပ်မျက်သော သူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏။” (ဗျာဒိတ် ၁၇:၆၊ ၁၈:၂၄) မဟာဗာဗုလုန် သည်သမ္မာကျမ်းစာကို သာမညလူများဘာသာစကားသို့ ဘာသာပြန်ဝံ့သူများနှင့် ကျမ်းစာကိုပိုင်ဆိုင် ဖတ်ဝံ့သူများအပါအဝင် ခရစ်ယာန်စစ်များကို ရာစုတစ်လျှောက်သတ်ဖြတ်မှုကြောင့် သူမအားသွေးပြစ်စွဲချက်တင်ရမည်။ နာဇီ၊ ဖက်ဆစ်၊ သို့မဟုတ်အခြားအာဏာရှင်များအောက်ရှိထောင်များနှင့် ချွေးတပ်စခန်းများတွင် မကြာမီကအသတ်ခံရသော ခရစ်ယာန်စစ်များအတွက်လည်း မဟာဗာဗုလုန်သည် သွေးပြစ်သင့်နေသည်။ “မြေကြီးပေါ်မှာကွပ်မျက်သူအပေါင်းတို့၏ အသွေး” ဟုစွဲချက်တင်ထားသောကြောင့် စစ်များနှင့်ရာဇဝင်တစ်လျှောက် ဘာသာရေးသမားများဟု ဆိုသူများကတိုက်ခိုက်ခြင်းကြောင့် သေခဲ့ရသောကမ္ဘာတဝှန်းရှိ သန်းပေါင်းရာနှင့်ချီသော သူများလည်းပါဝင်မည်။—မဿဲ ၂၃:၃၄-၃၆၊ ၂ တိမောသေ ၃:၅၊ နှင့်နှိုင်းယှဉ်။
မဟာဗာဗုလုန်ကို ဘုရားတရားစီရင်ခြင်းက သူမ၏နောက်ပြစ်မှုတစ်ခုကို ဖော်ပြသည်။ တရားစီရင်ခြင်းက ဤသို့ဆိုသည်။ “သင်၏နတ်ဝိဇ္ဇာအတတ်အားဖြင့် လူအမျိုးမျိုးတို့သည် လှည့်ဖြားခံကြရပြီ။” (ဗျာဒိတ် ၁၈:၂၃) စိတ်ဝင်စားဖွယ်ကား “နတ်ဝိဇ္ဇာအတတ်သည်” ဂရိတ် ဖာမခီအာ (Phar·ma·ki’a) မှဘာသာပြန်ထားပြီး “အဓိက ဆေး၊ မူးယစ်ဆေးသုံးခြင်း၊ မန်းမှုတ်ခြင်း၊ ထိုနောက်အဆိပ်ခပ်ခြင်း၊ စုန်းအတတ်များကို ဆိုလိုသည်။”dဝိညာဏသဘောအရ မှောက်မှားသောဘာသာသည် လူများကိုအဆိပ်သင့်စေ၍ စကြဝဠာအချုပ်အခြာပိုင်သမှုကိစ္စရပ်နှင့် ယေဟောဝါထံမှသွေဖည်သွားစေသည့် သွန်သင်ချက်များကိုယုံကြည်စေကာ သူတို့အားလှည့်စားနေသည်။ ယင်း၏မသေနိုင်သောဝိညာဉ် သွန်သင်ချက်မှားဖြင့် နတ်ဝိဇ္ဇာအတတ်အမျိုးမျိုးနှင့် စုန်းအတတ်၊ လူသေကိုကြောက်ခြင်းနှင့် ဘိုးဘွားကိုးကွယ်ခြင်းအတွက်လည်း အခြေခံချပေးခဲ့သည်။ မဟာဗာဗုလုန်အပေါ် ဘုရား၏ဒဏ်စီရင်ချက်သည် လုံးဝတရားနှင့်ညီသည်။ ယောဟန်ရေးခဲ့သည့်အတိုင်းပင်။ “သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။” ဗျာဒိတ် ၁၈:၅။
ကျွန်ုပ်တို့ဘာပြုရမည်နည်း
မဟာဗာဗုလုန်၏ ပြိုလဲသောအခြေအနေနှင့် သူမ၏တရားစီရင်ခံရသောအခြေအနေကြောင့် သမ္မာတရားကိုချစ်သော ရိုးသားသူများဘာလုပ်ရမည်နည်း။ ရှေးဗာဗုလုန်နှင့်စပ်လျဉ်းသော ဟေရှာယ၏ပရောဖက်ပြုချက်သည် ယနေ့မှောက်မှားသောဘာသာနှင့် ပို၍ပင်သက်ဆိုင်လေသည်။ “ထွက်ကြ၊ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုအရပ်ထဲကထွက်သွားကြလော့။ ယေဟောဝါ၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်းရှိကြလော့။” (ဟေရှာယ ၅၂:၁၁) ဤအရေးပေါ်ခေါ်ထုတ်ခြင်းသည် ဗျာဒိတ် ၁၈:၄ နှင့် ယှဉ်နေသည်။ “အခြားသောကောင်းကင်အသံကား ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ် များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။”
မှန်ပါသည်။ မှောက်မှားသောဘာသာနှင့်ဆက်ဆံပါဝင်ခြင်းအားလုံးကို ဖြတ်တောက်ရမည့်အချိန်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည် မဟာဗာဗုလုန်မှထွက်ရလျှင် မည်သည့်နေရာသို့ သွားရမည်နည်း။ ယေဟောဝါ၏သက်သေများနှင့် ပေါင်းသင်းလျက် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုရေးသို့သွားရမည်။ မြေကြီးနိုင်ငံအားလုံးမှ သန်းပေါင်းများစွာသည် ပုံဆောင်ရာ“ယေဟောဝါ၏တောင်တော်သို့” စီးဆင်းလာနေကြသည်။ သင့်ကိုလည်း ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်ပြီး ဤစစ်မှန်သောဝတ်ပြုရေးတွင် ပူးပေါင်းရန်ဖိတ်ခေါ်ပါသည်။—ဟေရှာယ ၂:၂-၄၊ ၄၃:၁၀-၁၂။
ယခုမေးခွန်း ကျန်ရှိနေသေးသည်။ မဟာဗာဗုလုန်သည်ပြိုလဲပြီး တရားစီရင်ခြင်းခံရလျှင် ဘုရား၏အစီစဉ်၌ နောက်ဘာဆက်ဖြစ်ရဦးမည်နည်း။ စာတန်၏ကမ္ဘာ့မှောက်မှားသောဘာသာရေး ဘာဖြစ်သွားမည်နည်း။ ကျွန်ုပ်တို့၏နောက်လထုတ်စာစောင်ဖြစ်သည့် မေ ၁၅ တွင် သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့်အညီ ယင်းမေးခွန်းကိုစူးစမ်းပါမည်။
[အောက်ခြေမှတ်ချက်များ]
a မဟာဗာဗုလုန်သည် နိုင်ငံရေးနှင့်ကုန်သည်ကြီးများကို မဆိုလို။ သူမ၊ ကျဆုံးသောအခါ သူတို့ငိုကြွေးသည်ဟု ဆိုထားသောကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၈:၉-၁၁) စာတန့်ကမ္ဘာ့စနစ်၏ အခြားအဓိကအင်အားစုတစ်ခုမှာ ဘာသာရေးဖြစ်သည်။ သူမ၏ နတ်ဝိဇ္ဇာနှင့်ဆက်နွယ်နေပုံက ဘာသာရေးဆိုင်ရဖြစ်ကြောင်း ခိုင်မာစေသည်။—ဗျာဒိတ် ၁၈:၂၃။
b ဤနှိပ်စက်ခြင်းအကြောင်းထပ်ဆင့် အသေးစိတ်ကို 1975 Yearbook of Jehovah’s Witnesses, pages 94_119 ကိုကြည့်ပါ။
c ဤအကြောင်းအပေါ် အသေးစိတ်သုံးသပ်ချက်အတွက် Revelation—Its Grand Climax At Hand! ကိုကြည့်ပါ။ ၁၉၈၈ တွင် နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာအသင်းမှထုတ်ဝေခဲ့သည်။
d W. E. Vine’s Expository Dictionary of New Testament Words. Volume IV, pages 51-2.
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဗာဗုလုန်သည် ၅၃၉ ဘီစီအီး တွင်ကျဆုံးခဲ့သော်လည်း ယင်းသည်မြို့တစ်မြို့အနေနှင့် နှစ်ပေါင်းရာနှင့်ချီပြီး ဆက်၍လှုပ်ရှားခဲ့သည်။