ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁၅ စာ. ၁၁-၁၉
  • သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ပျက်စီးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ပျက်စီးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြည့်တန်ဆာကို အနီးကပ်မြင်ရပုံ
  • ‘ထိုအမျိုးသမီးနှင့် ထိုသားရဲတို့၏ နက်နဲရာ’
  • ပြည့်တန်ဆာကို ပယ်ရှင်းခြင်း
  • နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • နက်နဲရာတစ်ခုပြည့်တန်ဆာ မဟာဗုလုန်ကားမည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁၅ စာ. ၁၁-၁၉

သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ပျက်စီးခြင်း

“ဟာလေလုယ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။ မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏လက်ဖြင့်သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ။”—ဗျာဒိတ် ၁၉:၁၊၂။

၁။ ‘မြေကြီးရှင်ဘုရင်တို့’ နှင့် ပြည့်တန်ဆာကြီး အဘယ်သို့မတရားမေထုန်ပြုခဲ့ပြီနည်း။ အဘယ်အကျိုးရလဒ် ပေါ်ထွန်းခဲ့ပြီနည်း။

ကျွန်ုပ်တို့ယခုဆွေးနွေးခဲ့ပြီးသမျှသည် အမှန်ပင် ကြက်သီးမွေးညင်းထစရာဖြစ်သည်။ သို့သော် ဗျာဒိတ် ၁၇:၂ ၌ ‘မြေကြီးရှင်ဘုရင်’ တို့နှင့် ဤပြည့်တန်ဆာကြီး မတရားမေထုန်ပြုသည့် အကြောင်းလည်းဆိုထားသည်ကို ဂရုပြုမှတ်သားသင့်သည်။ သူမသည် ကျရှုံးခဲ့ပြီဖြစ်သော်လည်း ဤလောက၏ မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည့်ပြင် မိမိရည်မှန်းချက်အောင်မြင်ရေးအတွက် လောကီရှင်ဘုရင်တို့ကို ကြိုးကိုင်ချယ်လှယ်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ (ယာကုပ် ၄:၄) မဟာဗာဗုလုန်နှင့် နိုင်ငံရေးအုပ်စိုးရှင်များစပ်ကြားရှိ တရားမဝင်သော ဆက်ဆံရေးအပါအဝင် ဝိညာဏပြည့်တန်ဆာလုပ်ငန်းကြောင့် အပြစ်မဲ့သော ပြည်သူလူထုသန်းပေါင်းများစွာ အချိန်မတန်ဘဲ သေပွဲဝင်ခဲ့ရကြသည်။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ ဤပြည့်တန်ဆာကြီးသည် နှစ်ဘက်စလုံးမှနေ၍ ထောက်ခံပါဝင်ခဲ့ခြင်းမှာ အလွန်အရုပ်ဆိုးလှသည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးနှင့်စပ်လျဉ်း၍ သူမကျူးလွန်ခဲ့သော အပြစ်တို့မှာ အမှန်ပင် “ကောင်းကင်တိုင်အောင် မှီကြသည်။” (ဗျာဒိတ် ၁၈:၅) ကျွန်ုပ်တို့ အဘယ်ကြောင့်ဤသို့ဆိုသနည်း။

၂။ (က) ဟစ်တလာ ဂျာမနီနိုင်ငံ၏ အုပ်စိုးရှင်ဖြစ်လာရေးအတွက် ပါပဲင်မည်သို့အားပေးကူညီခဲ့သနည်း။ ဂျာမနီဝန်ကြီးချုပ်ဟောင်းတစ်ဦးက ထိုပုပ်ရဟန်းမင်း၏ လူယုံတော်အကြောင်း မည်သို့ခိုင်းနှိုင်းပုံဖေါ်ခဲ့သနည်း။ (ခ) နာဇီအစိုးရနှင့် ဗက်တီကင်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်၌ အဘယ်အချက်နှစ်ချက်ကို လျှို့ဝှက်ထားခဲ့သနည်း။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၂ ဥပမာတစ်ခုတည်းကိုသာ ကြည့်ပါ။ မင်းဆိုး အဒေါ့ဖ်ဟစ်တလာ အဘယ်သို့ ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ်နှင့် အာဏာရှင်ဖြစ်လာသနည်း။ ပုပ်ရဟန်းမင်း၏ လူယုံတော်တစ်ဦး၏ နိုင်ငံရေး ခြေထိုးမှုအားဖြင့်ဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ်ဟောင်း စကလေချာ (Kurt von Schleicher) က ယင်းပုဂ္ဂိုလ်အား “သစ္စာဖောက်၊ သူနှင့်ယှဉ်လိုက်လျှင် ယုဒရှကာရုတ်ကို သူတော်စင်ဟုပင် သတ်မှတ်နိုင်သည်” ဟူ၍ ခိုင်းနှိုင်းပုံဖေါ်ခဲ့သည်။ ဤသူကား ပါပဲင် (Franz von Papen) ဖြစ်သည်။ သူသည် ဗရင်ဂျီလှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ပြီး ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးနှင့် ဟစ်တလာလက်အောက်တွင် ဂျာမနီနိုင်ငံစည်းလုံးရေးအတွက် စက်မှုလုပ်ငန်းခေါင်းဆောင်တို့ကို စည်းရုံးသိမ်းသွင်းခဲ့သူဖြစ်သည်။ အပေးအယူသဘောဖြင့် ပါပဲင်အား ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဟစ်တလာသည် ပါပဲင်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ရောမသို့စေလွှတ်ကာ နာဇီအစိုးရနှင့် ဗက်တီကင်အကြား သဘောတူညီချက်တစ်ရပ် စေ့စပ်ညှိနှိုင်းစေသည်။ ပုပ်ရဟန်းမင်းဧကာဒသမမြောက် ပိုင်းယပ်စ် (Pope Pius XI) က ဂျာမနီသံတမန်တို့အား “ယခုဂျာမနီအစိုးရအဖွဲ့၌ ကွန်မြူနစ်ဝါဒကို အလျင်းအလျှော့မပေးဘဲ ဆန့်ကျင်ဝံ့သူတစ်ဦး ခေါင်းဆောင်ဖြစ်လာခြင်းအတွက်” အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ၁၉၃၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ ဗက်တီကင်တွင် အကြီးအကျယ်ပြင်ဆင်ထားသည့် အခမ်းအနားတစ်ရပ်၌ ဂိုဏ်းချုပ်ပါဆဲလ်လီ (Cardinal Pacelli) မကြာမီ ပုပ်ရဟန်းမင်းဒွါဒသမမြောက်ပိုင်းယပ်စ်ဖြစ်လာသည်) က အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။a

၃။ (က) နာဇီအစိုးရနှင့် ဗက်တီကင်ချုပ်ဆိုသော သဘောတူညီချက်အကြောင်းနှင့်ပတ်သက်၍ သမိုင်းပညာရှင်တစ်ဦး ဘာရေးသားခဲ့သနည်း။ (ခ) ဗက်တီကင်၌ ကျင်းပသောပွဲတော်တစ်ခုတွင် ပါပဲင်အား အဘယ်ဂုဏ်ထူးဘွဲ့ထူး ချီးမြှင့်ခဲ့သနည်း။ (ဂ) ဩစတြီးယားနိုင်ငံအား နာဇီတို့ဝင်ရောက်သိမ်းပိုက်ခြင်းကိစ္စတွင် ပါပဲင် အဘယ်အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သနည်း။

၃ သမိုင်းပညာရှင်တစ်ဦး ဤသို့ရေးသား၏။ “[ဗက်တီကင်နှင့် ချုပ်ဆိုသော] သဘောတူညီချက်မှာ ဟစ်တလာအဖို့ ဧရာမအောင်ပွဲဖြစ်ခဲ့သည်။ ပြည်ပမှ ပထမဦးဆုံးရရှိလိုက်သည့် စိတ်ဓာတ်ရေးရာထောက်ခံမှုဖြစ်သည်။ ထို့ပြင် အမြင့်ဆုံးအဆင့်မှလာသော ထောက်ခံမှုလည်းဖြစ်ပြန်သည်။” ဗက်တီကင်၌ ကျင်းပသော ပွဲတော်တစ်ခု၌ ပါဆဲလ်လီက ပါပဲင်အား ပုပ်ရဟန်းမင်း၏ အမြင့်ဆုံးဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။bဝင်စတန်ချာချီလ် (Winston Churchill) က သူရေးသားသော The Gathering Storm (၁၉၄၈ ခုနှစ်၌ထုတ်ဝေသည်) တွင် ပါပဲင်သည် “စံပြဗရင်ဂျီဘာသာဝင်တစ်ဦးဟူသော သူ၏ဂုဏ်ရှိန်” ကို နောက်ထပ်အသုံးပြု၍ ဩစတြီးယား (Austria) နိုင်ငံအား နာဇီတို့ဝင်ရောက်သိမ်းပိုက်ခြင်းကို ထောက်ခံရန် ယင်း၏သာသနာအား ဖျောင်းဖျနားချနိုင်ခဲ့ကြောင်း ဆိုထားသည်။ ၁၉၃၈ ခုနှစ်တွင် ဟစ်တလာမွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် ဩစတြီးယားနိုင်ငံအတွင်း ရှိသမျှဘုရားရှိခိုးကျောင်းများ၌ ဆွာစတီကာနာဇီအလံလွှင့်ထူရန်၊ ခေါင်းလောင်းထိုးရန်၊ နာဇီအာဏာရှင်အတွက် ဆုတောင်းမေတ္တာပို့သရန် ဂိုဏ်းချုပ်အင်နစ်ဇာ (Innitzer) က အမိန့်ထုတ်ပြန်ခဲ့သည်။

၄၊ ၅။ (က) ဗက်တီကင်သည် အဘယ်ကြောင့် ကြောက်ဖွယ်လိလိ သွေးချောင်းစီးပြစ်မှုကြီးကျူးလွန်ခဲ့သနည်း။ (ခ) ဂျာမန်ဗရင်ဂျီဂိုဏ်းအုပ်တို့က ဟစ်တလာအား အဘယ်သို့ပွင့်ပွင့်လင်းလင်းထောက်ခံခဲ့သနည်း။

၄ ထိုကြောင့် ဗက်တီကင်သည် ကြောက်ဖွယ်လိလိ သွေးချောင်းစီးသည့်ပြစ်မှုကြီး ကျူးလွန်ခဲ့လေသည်။ မဟာဗာဗုလုန်၏ ဦးဆောင်အပိုင်းအနေနှင့် ဟစ်တလာ အာဏာရရှိရေးနှင့် “စိတ်ဓာတ်ရေးရာ” ထောက်ခံမှုပေးရာတွင် ထိထိရောက်ရောက်အကူအညီပေးခဲ့သည်။ ထိုမျှမက ဗက်တီကင်သည် ဟစ်တလာပြုသမျှ ယုတ်မာရက်စက်မှုတို့ကို တိတ်တဆိတ်သဘောတူဝန်ခံခဲ့သည်။ ဆယ်နှစ်ကြာ ရှည်လျားသည့်နာဇီတို့၏ အကြမ်းဖက်ရမ်းကားစဉ်ကာလအတော်အတွင်း နာဇီအုပ်ချုပ်ရေး၏ ဂုဏ်ကျက်သရေအတွက် ဗရင်ဂျီဘာသာဝင်ထောင်သောင်းများစွာသည် တိုက်ပွဲဝင်၍ ကျဆုံးခဲ့ကြပြီး အခြားကံဆိုးသူ သန်းပေါင်းများစွာသည် ဟစ်တလာ၏ အဆိပ်ဓာတ်ငွေ့အလုံခန်းများအတွင်း၌ အတုံးအရုံး သုတ်သင်ခံရသော်လည်း ရောမသာသနာပိုင် ပုပ်ရဟန်းမင်းသည် ရေငုံနှုတ်ပိတ် ခပ်မဆိတ်နေခဲ့သည်။

၅ ဂျာမနီရှိ ဗရင်ဂျီဂိုဏ်းအုပ်တို့က ဟစ်တလာအား ပွင့်ပွင့်လင်းလင်းပင် ထောက်ခံခဲ့ကြသည်။ ထိုစဉ်က ဂျာမနီ၏စစ်မဟာမိတ် ဂျပန်က ပုလဲဆိပ်ကမ်းကို အလစ်ဝင်ရောက်တိုက်ခိုက်သည့်နေ့တွင် The New York Times သတင်းစာကြီး၌ ဤသတင်းပါရှိလာသည်။ “ဖူလ်ဒါ (Fulda) မြို့တွင် ဂျာမန်ဗရင်ဂျီဂိုဏ်းအုပ်များ ကျင်းပသော ညီလာခံ၌ ဝတ်ပြုဆုတောင်းစည်းဝေးတိုင်း အစနှင့်အဆုံးတွင် ရွတ်ဖတ်ရမည့် အထူး “စစ်ဆုတောင်းချက်” အတည်ပြုရန် ထောက်ခံခဲ့ကြသည်။ ဆုတောင်းချက်တွင် ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့အား အောင်ပွဲဖြင့် ကောင်းချီးပေးပါရန်၊ စစ်သည်အားလုံး၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးပါရန် ဘုရားသခင်ထံတိုးလျှိုးတောင်းပန်ထားသည်။ ဂိုဏ်းအုပ်တို့က ဗရင်ဂျီဘုန်းကြီးရဟန်းများအား အနည်းဆုံးတစ်လတစ်ကြိမ် အထူးတနင်္ဂနွေနေ့တရားပွဲ၌ ‘ကုန်းပေါ်၊ ရေပေါ်နှင့် လေထဲ၌’ ရောက်ရှိနေသော ဂျာမန်စစ်သည်တို့ကို သတိရအောက်မေ့ကြရန် ထပ်ဆင့်မှာကြားထားသည်။”

၆။ အကယ်၍ ဗက်တီကင်နှင့်နာဇီတို့ ဝိညာဏမတရားမေထုန်မပြုခဲ့ပါက အဘယ်နာကျည်းဖွယ်အဖြစ်ဆိုးကြီးများနှင့် ရမ်းကားရက်စက်မှုများမှ ကမ္ဘာကြီးရှောင်ရှားနိုင်ခဲ့မည်နည်း။

၆ အကယ်၍ ဗက်တီကင်အနေဖြင့် နာဇီတို့နှင့် ဤကဲ့သို့မေတ္တာဇာတ်မခင်းခဲ့ပါမူ ကမ္ဘာကြီးအနေဖြင့် သန်းပေါင်းများစွာသော စစ်သည်နှင့် ပြည်သူများစစ်ပွဲတွင် သေဆုံးရသည့် နာကျည်းဖွယ်အဖြစ်ဆိုးကြီး၊ အာရိယန်အမျိုးအနွယ်မဟုတ်သဖြင့် ဂျူးခြောက်သန်းအသတ်ခံရသည့်အဖြစ်ဆိုးကြီးတို့ကို ရှောင်ရှားနိုင်ခဲ့ပေမည်။ ထိုမျှမက ယေဟောဝါ၏အမြင်တွင် အဖိုးအနဂ္ဃထိုက်တန်သော ကိုယ်တော်၏သက်သေများ၊ ဘိသိက်ခံနှင့်အခြားသိုး အထောင်အသောင်းတို့သည်လည်း ရမ်းကားရက်စက်မှုကြီးများကို ခံစားစရာ၊ ချွေးတပ်စခန်းများ၌ အများအပြားသေဆုံးစရာအကြောင်း ရှိခဲ့မည်မဟုတ်ပေ။—ယောဟန် ၁၀:၁၀၊ ၁၆။

ပြည့်တန်ဆာကို အနီးကပ်မြင်ရပုံ

၇။ ပြည့်တန်ဆာကြီးကို အနီးကပ်မြင်ရပုံကို တမန်တော်ယောဟန်မည်သို့ စီကုံးရေးဖွဲ့ထားသနည်း။

၇ ဗျာဒိတ်ကျမ်းပရောဖက်ပြုချက်တွင် နောက်ထပ်ဖွင့်ပြသော ရူပါရုံသည် အထူးဆီလျော်လှသည်။ အခန်းကြီး ၁၇ အခန်းငယ် ၃ မှ ၅ တွင် ယောဟန်က ကောင်းကင်တမန်အကြောင်း ဤသို့ဆို၏။ “ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မျက်တန်ဆာ၊ ပုလဲတန်ဆာကိုဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသောမေထုန်၏ ညစ်ညူးခြင်းနှင့်လည်းကောင်းပြည့်သော ရွှေဖလားကိုကိုင်လျက်ရှိ၏။ နဖူး၌အက္ခရာတင်သော ဘွဲ့မူကား နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌ စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏ အမိပေတည်း။”

၈။ (က) ပြည့်တန်ဆာကြီး၏ ရွှေဖလား၌ ဘာရှိသနည်း။ ယင်းကြောင့် သူမမည်သူဖြစ်ကြောင်း ထင်ရှားသနည်း။ (ခ) မဟာဗာဗုလုန်သည် တင်စားချက်အရ အဘယ်သို့ “အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မျက်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ” သနည်း။

၈ ဤတွင် မဟာဗာဗုလုန်ကို ယောဟန်အနီးကပ်တွေ့မြင်ခဲ့ရသည်။ သူမသည် အမှန်ပင် ထိုတောနှင့်တကွ သားရဲတိရစ္ဆာန်တို့နှင့် စပ်ဆိုင်ပေသည်။ ဤပြည့်တန်ဆာကြီးသည် ရွှေဖလားကိုကိုင်ထားသည်။ အပြင်ပန်းကြည့်လျှင် အလွန်အဖိုးတန်သည်ဟုထင်ရသော်လည်း ဖလားအတွင်း၌ရှိသောအရာကိုကြည့်ခြင်းအားဖြင့် သူမသည် မည်သူဖြစ်ကြောင်း သိမြင်နိုင်သည်။ ဘုရားသခင့်အမြင်၌ စက်ဆုပ်ရွံရှာဖွယ် ဆေးရည်ကို သူမသောက်နေသည်။ သူမလောကနှင့် မိတ်ဆွေဖွဲ့ခြင်း၊ သူမ၏မိစ္ဆာအယူဝါဒ၊ စာရိတ္တပျက်ပြားမှု၊ နိုင်ငံရေးအာဏာစက်တို့နှင့် ပလူးခြင်းတို့ကို ‘မြေတပြင်လုံး၏ တရားမင်း’ ယေဟောဝါ လုံးဝသည်းခံခွင့်လွှတ်တော်မမူ။ (ကမ္ဘာဦး ၁၈:၂၂-၂၆။ ဗျာဒိတ် ၁၈:၂၁၊ ၂၄) အပြင်ပန်းကြည့်လိုက်လျှင် သူမသည် အလွန်တရာတင့်တယ်လှပစွာ ဝတ်စားဆင်ယင်ထားသည်ကို တွေ့ရသည်။ သူမသည် ထည်ဝါသောဗိသုကာလက်ရာနှင့် ရောင်စုံမှန်ကွက်ပြတင်းပေါက်များပါရှိသော ခန့်ညားသည့် ဘုရားဝတ်ပြုကျောင်းကြီးများ၊ ကျောက်မျက်ရတနာစီချယ်ထားသော စေတီပုထိုးများနှင့် လှိုင်ဂူများ၊ ရှေးကျ၍ ကြည်ညိုခံရသော ဘုရားကျောင်းကန် ဗိမာန်များကြောင့် ကျော်စောသည်။ ပြည့်တန်ဆာကြီးနည်းတူ သူ၏ဓမ္မဆရာတို့သည်လည်း တန်ဖိုးကြီးလှသော ကြက်သွေးရောင်၊ ခရမ်းရောင်နှင့် နနွင်းရောင်ဝတ်ရုံများ ဝတ်ဆင်ကြသည်။—ဗျာဒိတ် ၁၇:၁။

၉။ မဟာဗာဗုလုန် သွေးသွန်းခြင်းသမိုင်းသည် မည်မျှကြာရှည်ပြီဖြစ်ပြီး ယောဟန်သည် သူမကိုမည်သို့လျောက်ပတ်စွာ ဖေါ်ပြ၍နိဂုံးချုပ်ခဲ့သနည်း။

၉ သို့သော် အထူးကဲ့ရဲ့ပြစ်တင်ထိုက်သည်မှာ သူမကျူးလွန်သည့် သွေးချောင်းစီး သတ်ဖြတ်မှုဖြစ်သည်။ ယေဟောဝါသည် ကြာမြင့်စွာကတည်းက ဤအတွက် သူမနှင့်စာရင်းရှင်းတော်မူမည်။ မျက်မှောက်ခေတ် သွေးဆာသော အာဏာရှင်တို့ကို အားပေးထောက်ခံခဲ့သည်သာမက သူမ၏သွေးစွန်းသော စက်ဆုပ်ဖွယ်သမိုင်းသည် ရာစုနှစ်ပေါင်းများစွာ နောက်ကြောင်းပြန်လိုက် ရသည်။ ဘာသာရေးစစ်ပွဲများ၊ ဗရင်ဂျီစစ်ကြောမေးမြန်းခန်းများ၊ ခရူးဆိတ်စစ်ပွဲများ၊ တမန်တော်အချို့ကို ကွပ်မျက်ခြင်း၊ ဘုရားသခင့်သားတော် သခင်ယေရှုခရစ်ကို ကွပ်မျက်ခြင်း၊ အစရှိသည်တို့ကို ထိုထက်မက ဝေးလံသော အတိတ်ကာလအထိ ပြုခဲ့ပြီ။ (တမန်တော် ၃:၁၅။ ဟေဗြဲ ၁၁:၃၆၊ ၃၇) ထိုမျှနှင့်အားမရသေးဘဲ မကြာမီနှစ်များ၌ ယေဟောဝါသက်သေတို့အား လက်ဖြောင့်တပ်သားများအားဖြင့်တစ်မျိုး၊ ကြိုးပေးခြင်းအားဖြင့်တစ်ဖုံ၊ ရဲဒင်း၊ ခေါင်းဖြတ်စက်၊ ဓားတို့ဖြင့်တစ်နည်း သတ်ဖြတ်ခဲ့သည့်ပြင် အကျဉ်းထောင်များနှင့် ချွေးတပ်စခန်းများ၌ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့်လည်း သတ်ဖြတ်ခဲ့သည်။ ထိုကြောင့် ယောဟန်က သူ၏စီကုံးရေးသားချက်ကို အောက်ပါအတိုင်း အဆုံးသတ်ထားသည်မှာ အံ့ဩစရာမဟုတ်ပေ။ “ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊ ယေရှု၏သက်သေခံတို့၏အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။”—ဗျာဒိတ် ၁၇:၆။

‘ထိုအမျိုးသမီးနှင့် ထိုသားရဲတို့၏ နက်နဲရာ’

၁၀။ (က) ပြည့်တန်ဆာကြီးသည် ယနေ့ထက်တိုင် ယေဟောဝါသက်သေတို့အား မည်သို့နှိပ်စက်ညှဉ်းပန်းနေသနည်း။ (ခ) မဟာဗာဗုလုန်၏ ဓမ္မဆရာဘုန်းကြီးရဟန်းတို့သည် အဘယ်သို့သော ခေါင်းဆောင်များဖြစ်ကြသနည်း။

၁၀ ယောဟန်သည် သူတွေ့မြင်သည့်အရာကြောင့် “အလွန်အံ့သြမိန်းမော” ၍နေ၏။ ယနေ့ ကျွန်ုပ်တို့လည်း အံ့သြရကြ၏။ ၁၉၃၀ ပြည့်နှစ်များနှင့် ၁၉၄၀ ပြည့်နှစ်များအတွင်း ပြည့်တန်ဆာကြီးသည် ဗရင်ဂျီလှုပ်ရှားမှုအဖွဲ့နှင့် နိုင်ငံရေးခြေထိုးမှုတို့ကို လက်ကိုင်တုတ်အဖြစ်အသုံးပြု၍ ယေဟောဝါ၏သစ္စာရှိသက်သေတို့ကို နှိပ်စက်၍ သူတို့၏လုပ်ငန်းကို ပိတ်ပင်ခဲ့သည်။ ယနေ့တိုင်အောင် မဟာဗာဗုလုန်သည် ဩဇာအရှိန်လွှမ်းမိုးနိုင်သောနေရာတိုင်း၌ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ ဘုန်းရောင်ကွန့်မြူးသည့် မျှော်လင့်ချက်အကြောင်း ကြွေးကြော်သူယေဟောဝါသက်သေတို့၏ လုပ်ငန်းကို နှောင့်နှေးစေရန်၊ ကန့်သတ်ချုပ်ချယ်ရန်၊ အထင်မှားအမြင်မှားဖြစ်စေရန် ဆက်လက်၍ကြိုးစားလုပ်ဆောင်နေသည်။ သန်းရာပေါင်းများစွာသောလူတို့ကို ပြည့်တန်ဆာကြီး၏ ဘာသာရေးအဖွဲ့အစည်းများအတွင်း သုံ့ပန်းအဖြစ်ချုပ်ထားခြင်းအားဖြင့် သူမ၏ဓမ္မဆရာဘုန်းကြီးရဟန်းတို့သည် ‘မျက်ကန်းတို့၏ မျက်ကန်းခေါင်းဆောင်များ’ အဖြစ်အသုံးတော်ခံနေကြသည်။ ဤသတင်းဆိုးသော ပြည့်တန်ဆာသည် တမန်တော်ပေါလုနည်းတူ အောက်ပါအတိုင်း ဘယ်တော့မျှ ပြောနိုင်မည်မဟုတ်ပေ။ “လူအပေါင်းတို့၏ အသွေးနှင့်ငါကင်းလွတ်သည်ဟု . . . သင်တို့အား ငါသက်သေခံ၏။”—မဿဲ ၁၅:၇-၉၊ ၁၄။ ၂၃:၁၃။ တမန်တော် ၂၀:၂၆။

၁၁၊ ၁၂။ သတင်းဆိုးသော ပြည့်တန်ဆာ စီးထားသည့် “သားရဲနီ” ၏နက်နဲရာကား အဘယ်နည်း။ ၁၉၄၂ ခုနှစ်တွင် ဤနက်နဲရာနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ အဘယ်ရှင်းလင်းချက် ရှိခဲ့သနည်း။

၁၁ ယောဟန်အံ့သြနေသည်ကို သတိထားမိသော ကောင်းကင်တမန်က သူ့အားဤသို့ဆို၏။ “အဘယ်ကြောင့် အံ့သြသနည်း။ ထိုမိန်းမ၏ နက်နဲသောအရာကိုလည်းကောင်း၊ ခေါင်းခုနစ်လုံး နှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကိုဆောင်သော သားရဲ၏နက်နဲသောအရာကိုလည်းကောင်း ငါပြောမည်။” (ဗျာဒိတ် ၁၇:၇) ဤ “သားရဲ” ကား အဘယ်အရာနည်း။ ထိုအချိန်မတိုင်မီ နှစ်ပေါင်း ၆၀၀ ကျော်က ပရောဖက်ဒံယေလသည် ရူပါရုံ၌ သားရဲများကိုတွေ့မြင်ခဲ့ရပြီး ယင်းတို့သည် “ရှင်ဘုရင်တို့” သို့မဟုတ် ဤမြေကြီးပေါ်မှ နိုင်ငံရေးအုပ်ချုပ်ရေးတို့ကို ကိုယ်စားပြုကြောင်း သူ့အားရှင်းပြခဲ့ဖူးသည်။ (ဒံယေလ ၇:၂-၈၊ ၁၇၊ ၈:၂-၈၊ ၁၉-၂၂) ဤနေရာတွင် ယောဟန်သည် ရူပါရုံ၌ အဆိုပါအုပ်ချုပ်ရေးတို့ကို ပေါင်းစည်းထားသည့် “သားရဲနီ” ကို တွေ့မြင်ရသည်။ ဤသားရဲကား ၁၉၂၀ ပြည့်နှစ်တွင် ကမ္ဘာဇာတ်ခုံပေါ်တွင် ထွက်ပေါ်လာသည့် လူ့လက်ဖြစ် နိုင်ငံပေါင်းချုပ်အသင်းကြီးဖြစ်သည်။ ထိုအဖွဲ့သည် ၁၉၃၉ ခုနှစ်တွင်ဒုတိယကမ္ဘာစစ်ကြီးပေါက်ကွဲသောအခါ၌ လှုပ်ရှားမှုကင်းသော အသူရာချောက်ကြီးအတွင်းသို့ ကျရောက်သွားသည်။ သို့သော် ‘ထိုအမျိုးသမီးနှင့် ထိုသားရဲတို့၏ နက်နဲရာ’ ကားအဘယ်နည်း။

၁၂ ဘုရားသခင့်ဖွင့်ပြပေးမှုကြောင့် ယေဟောဝါသက်သေတို့သည် ထိုနက်နဲရာအကြောင်းကို ၁၉၄၂ ခုနှစ်တွင် ရှင်းလင်းနားလည်ခဲ့သည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးမီးကုန်ယမ်းကုန် ဆင်နွှဲနေသဖြင့် ထိုစစ်ပွဲသည် အာမဂေဒုန်အသွင်သို့ အရှိန်မြင့်တက်ကူးပြောင်းသွားမည်ဟု အများက ထင်မြင်ယူဆခဲ့ကြ၏။ သို့သော် ယေဟောဝါ၏အကြံတော်မှာ တစ်မျိုးတစ်မည်ဖြစ်သည်။ ကိုယ်တော်.သက်သေများ လုပ်စရာအလုပ်များစွာရှိနေသေးသည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၈-၂၀ ရက်နေ့အတွင်း အိုဟိုင်အိုပြည်နယ်၊ ကလီဗလန်မြို့ကို ဗဟိုပြု၍ အမေရိကန်ပြည်ထောင်စုရှိ အခြားဒေသ ၅၁ ခုနှင့်ဆက်သွယ်ကာ သူတို့ကျင်းပသည့် ကမ္ဘာသစ်သီအိုကရက်တစ်စည်းဝေးကြီးတွင် ကင်းမျှော်စင်အသင်း၏ ဥက္ကဌနေသန်အိပ်ချ်နောရ်က “ငြိမ်းချမ်းရေး—အဓွန့်ရှည်တည်တံ့နိုင်မည်လော” ဟူသော လူထုဟောပြောချက် ပေးခဲ့သည်။ ထိုဟောပြောချက်တွင် ဗျာဒိတ် ၁၇:၈ ကိုသုံးသပ်တင်ပြခဲ့သည်။ ထိုကျမ်းချက်၌ “ဖြစ်ဖူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ရောက်” မည့် “သားရဲနီ” အကြောင်း ဆိုထားသည်။ ဟောပြောသူက နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ၁၉၂၀ မှ ၁၉၃၉ ခုနှစ်အထိ မည်သို့ “ဖြစ်ဖူး” ကြောင်း၊ ထိုနောက် “ဖြစ်ဆဲမရှိ” သောအဆင့် ယခုရောက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုအသင်းကြီး ယခု ဇီဝိန်ချုပ်သွား၍ဖြစ်ကြောင်း၊ သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက် ဤနိုင်ငံပေါင်းချုပ်အဖွဲ့သည် တွင်းနက်မှ ပြန်တက်လာမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သမ္မာကျမ်းစာပေါ် အခြေပြုသော ယင်းဟောကိန်းမှန်ကန်ခဲ့သလော။ အတိအကျမှန်ကန်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ယင်းနိုင်ငံတကာ “သားရဲ” သည် ကုလသမဂ္ဂအသွင်ဖြင့် လှုပ်ရှားမှုကင်းမဲ့သော တွင်းနက်ထဲမှ ပေါ်လာခဲ့သည်။

၁၃။ မဟာဗာဗုလုန်သည် ပြည့်တန်ဆာကဲ့သို့ ကုလသမဂ္ဂ “သားရဲ” နှင့်ဆက်လက်၍ အဘယ်သို့ နှစ်ပါးသွား အကြည်ဆိုက်နေကြသနည်း။

၁၃ မဟာဗာဗုလုန်သည် ပြိုလဲခြင်းကြောင့် အင်အားချိနဲ့သွားသော်လည်း ပြည့်တန်ဆာကဲ့သို့ ကုလသမဂ္ဂ “သားရဲ” နှင့် နှစ်ပါးသွားအကြည်ဆိုက်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ခရစ်ယာန်အမည်ခံနှင့် ခရစ်ယာန်မဟုတ်သော ကမ္ဘာ့ဘာသာကြီး ခုနစ်ဘာသာမှ အထင်ကရထိပ်သီးကြီးများက ဆန်ဖရန်စစ္စကိုမြို့တွင် စည်းဝေး၍ ကုလသမဂ္ဂအနှစ် ၂၀ မြောက်မွေးနေ့ပွဲကျင်းပခဲ့သည်။cယင်းတို့သည် ကမ္ဘာ့ဦးရေ တစ်ဝက်ကို ကိုယ်စားပြုသည်ဟုလည်းဆိုကြသည်။ ထိုနှစ်၌ပင် ပုပ်ရဟန်းမင်း ဆဌမမြောက်ပေါလ်က ကုလသမဂ္ဂအဖွဲ့အား “ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးမျှော်လင့်ချက်မီးရှူးတိုင်” အဖြစ်တင်စားဖေါ်ပြလိုက်သည်။ ထိုနောက် ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါလ်ကလည်း “ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးနှင့် တရားမျှတရေးဆိုင်ရာ အကြီးမြင့်ဆုံးဟစ်တိုင်အဖြစ် အစဉ်တည်ရှိသွားမည်” ဟူသော သူ၏မျှော်လင့်ချက်ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မှောက်မှားသော ဘာသာရေးကမ္ဘာ့အင်ပါယာက ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာငြိမ်းချမ်းရေးနှစ်ကို ထိပ်ဆုံးမှ ပါဝင်ထောက်ခံခဲ့သည်။ သို့တစေ သူတို့၏ ဘာသာရေးဆုတောင်းမေတ္တာပို့သချက်နှင့်အညီ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိသလော။ ဝေးလေစွ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့တွင် ပြည့်တန်ဆာကြီးကို မေတ္တာစစ်မရှိသော နိုင်ငံများ တစ်နေ့တစ်ခြားတိုးများလာနေသည်။

ပြည့်တန်ဆာကို ပယ်ရှင်းခြင်း

၁၄။ ကုလသမဂ္ဂသားရဲ ဆောင်ရွက်စရာ အဘယ်အထူးလုပ်ငန်းတာဝန်ရှိသနည်း။ ဤအကြောင်းကို ဘုရားသခင့်ကောင်းကင်တမန် အဘယ်သို့တင်စားဖေါ်ပြခဲ့သနည်း။

၁၄ အချိန်တန်လျှင် “သားရဲနီ” ကိုယ်တိုင် ဖျက်ဆီးခြင်းခံရမည်။ သို့သော် ထိုသို့မခံရမီ၊ ဘုရားသခင့်လူမျိုးတော်ကို နောက်ဆုံးရက်စက်ကြမ်းကြုတ်စွာ မတိုက်ခိုက်မီ ယင်းကုလသမဂ္ဂသားရဲအနေဖြင့် ဆောင်ရွက်စရာ အထူးလုပ်ငန်းတစ်ရပ်ရှိနေသည်။ ယေဟောဝါသည် ‘မိမိအကြံတော်ကို သားရဲနှင့် ယင်း၏စစ်သွေးကြွသော ချိုတို့၏နှလုံးထဲသို့’ သွင်းပေးတော်မူ၏။ အဘယ်အကျိုးရလဒ်ပေါ်ထွန်းသနည်း။ ဘုရားသခင့်ကောင်းကင်တမန် ဤသို့ဖြေဆို၏။ “ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” “သူသည် ကိုယ်ကိုချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့” ခဲ့သော်လည်း ယခုအခါ၌ ထိုအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။ သူမ၏ခမ်းနားထည်ဝါသော ဘာသာရေးအဆောက်အဦးများနှင့် များပြားလှသော ဥစ္စာစည်းစိမ်တို့သည် သူမကို ကယ်တင်နိုင်မည်မဟုတ်ပေ။ ကောင်းကင်တမန်ကြေညာသည့်အတိုင်း “ထိုကြောင့် သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်းဘေးဒဏ်များတို့နှင့် တစ်နေ့ခြင်းတွင်တွေ့၍ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော [ယေဟောဝါ] ဘုရားသခင်သည် ခွန်အားဗလကြီးတော်မူ၏။—ဗျာဒိတ် ၁၇:၁၆၊ ၁၇; ၁၈:၇၊ ၈။

၁၅။ ပြည့်တန်ဆာ၏ နိုင်ငံရေးချစ်သူများနှင့်တကွ စီးပွားရေးလုပ်ငန်းကြီးထိပ်သီးများက သူမကွယ်လွန်ခြင်းအတွက် မည်သို့တုံ့ပြန်ကြမည်နည်း။

၁၅ သူမကွယ်လွန်ခြင်းအတွက် သူမ၏နိုင်ငံရေးချစ်သူတို့သည် ပူဆွေးဝမ်းနည်း၍ ဤသို့ညည်းတွားကြလိမ့်မည်။ “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တစ်နာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ရောက်ပါပြီတကား။” ထိုနည်းတူ သူမနှင့်အတူ မရိုးသားသော အမြတ်အစွန်းမြတ်ခဲ့ကြသော စီးပွားရေးလုပ်ငန်းကြီးများမှ ထိပ်သီးတို့ကလည်း “‘ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ . . . ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တစ်နာရီခြင်းတွင် ပျက်စီးပါပြီတကား’ ဟု ငိုကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်။”—ဗျာဒိတ် ၁၈:၉-၁၇။

၁၆။ ပြည့်တန်ဆာကြီး ပျက်စီးခြင်းအတွက် ဘုရားသခင့်လူမျိုးတော် အဘယ်သို့တုံ့ပြန်မည်နည်း။ ဗျာဒိတ်ကျမ်းက ဤအချက်ကို အဘယ်သို့ အတည်ပြုထောက်ခံသနည်း။

၁၆ သို့သော် ဘုရားသခင့်ကိုယ်ပိုင်လူမျိုးတော် မည်သို့တုံ့ပြန်ကြမည်နည်း။ အောက်ပါကောင်းကင်တမန်၏စကား၌ သူတို့၏တုံ့ပြန်ပုံကို ကွင်းကွင်းကွက်ကွက်ဖေါ်ပြထားသည်။ “ကောင်းကင်မှစ၍ သန့်ရှင်းသူ၊ တမန်တော်၊ ပရောဖက်တို့ သူ့ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ သူ့ကိုတရားစီရင်တော်မူပြီ။” ထိုအခါ မဟာဗာဗုလုန်သည် အရှိန်ပြင်းပြင်းနှင့် ပစ်ချခံရပြီဖြစ်၍ ယေဟောဝါ၏ သန့်ရှင်းသော နာမတော်ကို ဘယ်တော့မျှ ကဲ့ရဲ့ရှုတ်ချနိုင်တော့မည်မဟုတ်။ ပြည့်တန်ဆာကြီး ပျက်စီးခြင်းသည် ပွဲခံစရာ၊ အောင်ပွဲခံသီချင်းများ သီဆို၍ ယေဟောဝါအား ချီးမွမ်းစရာအကြောင်း ဖြစ်ပေသည်။ တစ်ဆက်တည်း၌ ဟာလေလုယသံစုံသီချင်း တစ်သီကြီး ထွက်ပေါ်လာရာ ပထမတစ်ပုဒ်မှာ အောက်ပါအတိုင်း ဝမ်းမြောက်စွာကျူးဧသီဆိုထားသည်။ “ဟာလေလုယ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေ တန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကိုပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏လက်ဖြင့် သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ။”—ဗျာဒိတ် ၁၈:၂၀–၁၉:၃။

၁၇။ ပြည့်တန်ဆာကြီးကို ပယ်ရှင်းပြီးနောက် ဘုရားသခင့်တရားစီရင်ခြင်းသည် ပြီးစီးအောင်မြင်သည်အထိ မည်သို့ဆက်သွားမည်နည်း။

၁၇ “ဘုရင်တို့၏ဘုရင် နှင့် သခင်တို့၏သခင်” ယေရှုခရစ်အနေဖြင့် အာမဂေဒုန်တွင် “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူ” သည်နှင့်အမျှ ဘုရားသခင့် တရားစီရင်တော်မူခြင်းသည် လျင်မြန်စွာပြီးစီးသွားမည်။ ထိုအခါ ကိုယ်တော်သည် ဆိုးယုတ်သော အုပ်စိုးရှင်တို့နှင့် မြေကြီးပေါ်ရှိ စာတန့်အဖွဲ့အစည်းမှ ကျန်ကြွင်းသူများတို့ကို ပယ်ရှင်းတော်မူမည်။ သူတို့၏ အသေကောင်များကို အသားစားငှက်တို့ စားကြလိမ့်မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၂၁) ကျွန်ုပ်တို့၏လှပသော ကမ္ဘာမြေကြီးပေါ်မှ မသန့်ရှင်းသောအရာ၊ ညစ်ညူးသောအရာနှင့် ဖောက်ပြန်ပျက်စီးစေသောအရာ ရှိရှိသမျှတို့ကို ပယ်ရှားတော်မူမည့် ဘုရားသခင့်ချိန်းချက်သောအချိန် နီးလာခြင်းအတွက် ကျွန်ုပ်တို့မည်မျှ ရွှင်လန်းသင့်သည်တကား။

၁၈။ ဗျာဒိတ်ကျမ်း၏ ကြီးကျယ်သောနိဂုံးကမ္ပတ်အဆုံးသတ်ကား အဘယ်နည်း။

၁၈ ဤကား ဗျာဒိတ်ကျမ်း၏ နိဂုံးအဆုံးသတ်ခြင်းလော။ မဟုတ်ပါ။ အဆုံးမသတ်သေးပါ။ ၁၄၄၀၀၀ ကောင်းကင်ဘုံသို့ အပြီးသတ်ရှင်ပြန်ထမြောက်ခြင်းနှင့်အတူ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲဆင်ယင်ကျင်းပပေမည်။ ကိုယ်တော်၏ “သတို့သမီး” သည် မိမိခင်ပွန်းအတွက် တန်ဆာဆင်လျက် “ယေရုရှလင်မြို့သစ်” ၌နေရာချထားခံရသည်။ ထိုနောက် တင်စားချက်အနေနှင့် ထိုနေရာမှ ဆင်းသက်ကာ သတို့သား၏ ကူဖေါ်လောင်ဖက်အဖြစ် ‘ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်း’ မည်ဟူသော ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို အကောင်အထည်ဖေါ်ကြမည်။ သတို့သမီး၏ ဝိညာဏအလှအပမှာ သန့်ရှင်းသော မြို့တော်ယေရုရှလင်မြို့သစ်၏ အလှကျက်သရေပင်ဖြစ်သည်။ အနန္တတန်ခိုးရှင်ယေဟောဝါဘုရားသခင်သည် ဘုန်းတော်အားဖြင့် ထိုမြို့သစ်ကို ထွန်းလင်းစေတော်မူမည်။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။ (ဗျာဒိတ် ၂၁:၁-၅၊ ၉-၁၁၊ ၂၃) ဤတွင် ဗျာဒိတ်ကျမ်း၏ ကြီးကျယ်သော နိဂုံးကမ္ပတ်ရောက်ရှိလေသည်။ ယေဟောဝါ၏နာမတော်မြတ် သိဒ္ဓိတင်ပြီးဖြစ်မည်။ သိုးသငယ်ယေရှုခရစ်နှင့် ကိုယ်တော်၏သတို့သမီး ယေရုရှလင်မြို့သစ်တို့သည် နာခံမှုရှိသော လူသားတို့အား မြေကြီးပရဒိသုဘုံတွင် ထာဝစဉ်အသက်ရှင်ခြင်းအခွင့်ဖြင့် ကောင်းချီးပေးတော်မူမည်။

၁၉။ (က) မဟာဗာဗုလုန်မှ ထွက်လာခြင်းအပြင် ကယ်တင်ခြင်းရရန် အခြားအဘယ်အရာလိုအပ်သေးသနည်း။ (ခ) အဘယ်အရေးပေါ်ခေါ်ဖိတ်ချက် ကမ်းလှမ်းထားဆဲရှိသနည်း။ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။

၁၉ မှောက်မှားသော ဘာသာ၏အရေခြုံဟန်ဆောင်မှုကို သိမြင်ပြီး မဟာဗာဗုလုန်မှ သင်ထွက်ခဲ့ပြီလော။ နောက်တစ်ဆင့်တက်၍ ခရစ်တော်ယေရှုအားဖြင့် ယေဟောဝါထံစိတ်နှလုံးအကြွင်းမဲ့ အပ်နှံ၍နှစ်ခြင်းခံပြီးပြီလော။ ဤအချက်မှာလည်း ကယ်တင်ခြင်းအတွက် လိုအပ်သောအရာဖြစ်သည်။ နောက်ဆုံးတရားစီရင်ဆုံးဖြတ်ရန် ယေဟောဝါချိန်းချက်တော်မူသော အချိန်နီးကပ်လာသည်နှင့်အမျှ အောက်ပါအရေးပါ ခေါ်ဖိတ်သံသည် ပဲ့တင်ထပ်လျက်ရှိသည်။ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဟုဆိုကြ၏။” ထိုခေါ်ဖိတ်ချက်ကို ကြားနာသူအားလုံး မိမိတို့အသက်တာကို ယေဟောဝါထံအပ်နှံ၍ ကျန်အခြားသူတို့အား “လာခဲ့ပါ” ဟူ၍ အားတက်သရော ခေါ်ဖိတ်ကြပါစေ။ ဟုတ်ပါသည်။ ‘ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ဤခေါ်ဖိတ်ချက်ကို ကမ်းလှမ်းထားဆဲဖြစ်သည်။ အကယ်၍ သင်သည် ယေဟောဝါ၏အပ်နှံနှစ်ခြင်းခံပြီးသော လူမျိုးတော်တစ်ဦးအဖြစ် အနေအထားကိုရယူ၍ ဘုရားသခင်နှင့် သိုးသငယ်တို့၏ ပလ္လင်တော်ရှေ့တွင် ထိုအနေအထားကို ထိန်းသိမ်းကာကွယ်သွားမည်ဆိုပါက သင်အမှန်ပင် ရွှင်လန်းနိုင်ပေမည်။ ချိန်းချက်သောအချိန်သည် သင်ထင်သည်ထက် နီးကပ်နေပြီ။ မှန်ပေသည်။ ဗျာဒိတ်ကျမ်း၏ ကြီးကျယ်သော နိဂုံးကမ္ပတ် ရောက်တော့မည်။

ဤအပတ်ကင်းမျှော်စင်သင်တန်း၏ နိဂုံးအနေနှင့် သင်တန်းမှူးသည် နောက်ဆက်တွဲအဓိဋ္ဌာန်ပြုချက်ကို ဖတ်စေ၍ အောက်တွင်ပေးထားသည့် မေးခွန်းများအကူအညီဖြင့် ယင်းကိုပြန်လည်သုံးသပ်ပါမည်။ ဤအဓိဋ္ဌာန်ပြုချက်မှာ ၁၉၈၈ ခုနှစ်အတွင်း ယေဟောဝါသက်သေများကျင်းပသော “မြင့်မြတ်သောတရားခြင်း” ခရိုင်စည်းဝေးပွဲကြီးမှ “သတင်းဆိုးသော ‘ပြည့်တန်ဆာ’—သူမ၏ ကျရှုံးခြင်းနှင့် ပျက်စီးခြင်း” ဟောပြောချက်၏ နိဂုံးချုပ်တွင် ကမ္ဘာချီ တင်ပြခဲ့သော အဓိဋ္ဌာန်ပြုချက်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a သိသာထင်ရှားသောအကြောင်းတို့ကြောင့် သဘောတူညီချက်မှ အချက်နှစ်ချက်ကို ထိုစဉ်က လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ထိုအချက်တို့မှာ ဆိုဗီယက်ပြည်ထောင်စုအား ပူးပေါင်းရင်ဆိုင်တိုက်ခိုက်ရန် နှင့် ဟစ်တလာ၏ တပ်မတော်တွင် အတင်းအကြပ်စစ်မှုထမ်းရသော ဗရင်ဂျီဘုန်းကြီးရဟန်းတို့၏ တာဝန်များနှင့်ပတ်သက်သည်။ ထိုသို့သော အတင်းအကြပ်စစ်မှုထမ်းစေခြင်းသည် ဗာဆေးလ်စာချုပ် (Treaty of Versailles) ကိုဖောက်ဖျက်ရာရောက်သည်။ ထိုစာချုပ်နှင့် ဂျာမနီသည် တရားဝင်ပတ်သက်နေသဖြင့် ယင်းအချက် လူသိရှင်ကြားပေါက်ကြားခဲ့သော် ဗာဆေးလ်စာချုပ်လက်မှတ်ရေးထားသော နိုင်ငံများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။

b ၁၉၄၀ ပြည့်နှစ်နှောင်းပိုင်းတွင် ဂျာမနီနိုင်ငံ နျူးရင်ဘတ်မြို့တွင် စစ်ရာဇဝတ်ကောင်များအဖြစ် စစ်ခုံရုံးတင်ခံရသော နာဇီတို့တွင် ပါပဲင်လည်းပါဝင်သည်။ သူတရားသေလွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျာမနီနာဇီသန့်စင်ရေးခုံရုံးတစ်ခုမှ ကြီးလေးသောအပြစ်ဒဏ်စီရင်ချက်ချခံရသည်။ သို့တစေ ထိုနောက်ပိုင်း ၁၉၅၉ ခုနှစ်တွင် သူသည်ပုပ်ရဟန်းမင်း၏ ကိုယ်ရေးအိမ်တော်ဝန်ရာထူး ခန့်အပ်ခံရပြန်သည်။

c ဤစည်းဝေးပွဲနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်ရာတွင် ပုပ်ရဟန်းမင်း ဆဌမမြောက်ပေါလ်က ဤသို့ဆိုခဲ့၏။ “လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးသည့် အထိမ်းအမှတ် အခမ်းအနားအစီအစဉ်တွင် ငြိမ်းချမ်းရေးအတွက် ဘာသာရေးဆုတောင်းပွဲကို ထည့်သွင်းခြင်းသည် အမှန်ပင် သင့်မြတ်လျော်ကန်လှပေသည်။”

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

ဗက်တီကင် ပါဝင်ပတ်သက်မှု

၁၉၈၈ ခုနှစ်၊ မတ်လ ၆ ရက်ထုတ် The New York Times သတင်းစာ၌ ဗက်တီကင်သည် ၁၉၈၈ ခုနှစ်အတွက် ဘတ်ဂျက်လိုငွေ အမေရိကန်ဒေါ်လာ ၆၁.၈ သန်းစံချိန်တင်လိမ့်မည်ဟု ခန့်မှန်းကြောင်း ရေးသားထားသည်။ “ကြီးမားသော အသုံးစရိတ်တစ်ရပ်မှာ အမ်ဘရိုစီအဲင်းနိုးဘဏ် (Banco Ambrosiano) မြီရှင်တို့အား အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ နီးပါးပေးဆပ်ပါမည်ဟူ၍ ၁၉၈၄ ခုနှစ်က ပေးခဲ့သော ကတိနှင့် ဆက်နွယ်ပတ်သက်သည်ဟု ယူဆရသည်။ ဗက်တီကင်သည် မီလန်မြို့မှ အဆိုပါဘဏ် ၁၉၈၂ ခုနှစ်တွင် မဖျက်သိမ်းမီက အကြီးအကျယ်ပတ်သက်ပါဝင်ခဲ့သည်။” စင်စစ်၌ ဗက်တီကင်သည် ဤရှက်စရာကောင်းသောအမှု၌ မည်မျှနက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်ခဲ့သနည်းဟူမူ အမေရိကန်ဂိုဏ်းချုပ်တစ်ဦးအပါအဝင် အထက်တန်းဗက်တီကင်အရာရှိကြီးသုံးဦးတို့ကို အီတလီနိုင်ငံရုံးများတွင် စစ်ဆေးကြားနာရန် အာဏာပိုင်တို့ထံ အပ်နှံခြင်းကို ဗက်တီကင်က ပြတ်ပြတ်သားသား ငြင်းဆိုသည်အထိပင်ဖြစ်သည်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဘုရားနိုင်ငံတော်ကို ထောက်ခံမည့်အစား ပုပ်သည်ယူအန်ကို “နောက်ဆုံးငြိမ်းချမ်းရေး မြော်လင့်ချက်” အဖြစ် ကြေညာသည်

[Credit Line]

Insets: UN photos

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ