ပြည့်တန်ဆာမနှင့် ‘မြေကြီးဘုရင်မင်းများ’
ခ ရစ်ယာန်ဘောင်၏သမိုင်း၌ အသေးအမွှားအာဏာလုပွဲများမှအစ နိုင်ငံရေးအာဏာများတွင် စွက်ဖက်ခြင်းသာဓကများနှင့် တင်းကျမ်းပြည့်လျက်ရှိသည်။ ယင်းတို့အနက်မှ အနည်းအကျဉ်းကို သုံးသပ်ကြည့်ကြစို့။ သျှားလ်မိန်း (Charlemagne စီအီး ၇၄၂-၈၁၄) သည် ဘာသာရေးနှင့် ပူးပေါင်းဆောင်ရွက်၍ ဗရင်ဂျီဂိုဏ်းမှ ဘုန်းကြီးရဟန်းတို့၏ ကောင်းချီးရရှိခြင်းသည် အကျိုးကြီးကြောင်း တွေ့မြင်ခဲ့သော မင်းတစ်ပါးဖြစ်သည်။
The New Encyclopædia Britannica ၌မင်းဆက်ဟောင်းကို ‘ဖြုတ်ချ’ ပြီးနောက် နန်းဆက်အသစ်ထူထောင်ရာတွင် သျှားလ်မိန်းနှင့်သူ၏ခမည်းတော်နှင့် ညီတော်တို့ကို ပုပ်ရဟန်းမင်းဘိသိက်ပေးခဲ့ကြောင်း ရှင်းပြပြီးနောက် ဤသို့ထပ်လောင်း၍ဆိုထားသည်။ “ဖရန့်ခ် (Franks) [သျှားလ်မိန်းလူများ] နှင့်ပုပ်ရဟန်းမင်းတို့ ပူးပေါင်း၍ လောင်းဘတ် (Lombards) တို့ကို တိုက်ခိုက်ရန် ဖွဲ့စည်းခဲ့သော နိုင်ငံရေးမဟာမိတ်ကို အခမ်းအနားတစ်ခုတည်း၌ အတည်ပြုခဲ့ကြသည်။ [နောင်တွင်သျှားလ်မိန်းဖြစ်လာသူ] ချားလ်စ်သည် လောကီအာဏာစက်နှင့် သာသနာတို့၏ ရင်းနှီးသောဆက်ဆံရေးကို စောစီးစွာ အသိအမှတ်ပြုခဲ့သည်။”
စီအီး ၈၀၀ ခုနှစ်၌ တတိယမြောက်လီယိုပုပ်ရဟန်းမင်းက ချားလ်စ်အား အနောက်ရောမအင်ပါယာဧကရာဇ်အဖြစ် တင်မြှောက်ရန်ဆုံးဖြတ်၍ ရောမမြို့၊ စိန့်ပီတာဘုရားရှိခိုးကျောင်း၌ ခရစ်စမတ်ဝတ်ပြုပွဲတွင် သရဖူဆောင်းပေးခဲ့သည်။
လောဘရမက်ကြီးသော ပြည့်တန်ဆာမ
သို့သော် ပြည့်တန်ဆာမကို အခပေးရသည်။ ဗာဗုလုန်၏ ကိုယ်စားလှယ်ဖြစ်သော ရောမအား သျှားလ်မိန်း ဘာပေးခဲ့ရသနည်း။ “ချားလ်စ်သည် . . . စိန့်ပီတာဘုရားရှိခိုးကျောင်းတွင် အီတလီပြည်၏ နယ်မြေဒေသအများအပြားကို ရောမသာသနာပိုင်အုပ်ချုပ်ရေးအောက်သို့ လွှဲပြောင်းပေးမည်ဟူသော ခမည်းတော်၏ကတိကို ထပ်လောင်းအတည်ပြုခဲ့သည်။” ထိုစွယ်စုံကျမ်း၌ ဤသို့ထပ်၍ဆိုထားသည်။ “နိုင်ငံရေးစည်းကမ်းသတ်မှတ်ချက်ပါရှိသော သူ၏အပေါ်ယံကိုးကွယ်မှုအောက်တွင် အင်ပါယာနှင့် သာသနာတို့သည် အဖွဲ့အစည်းဆန်သောယူနစ်၊ လောကုတ္တရာယူနစ်အဖြစ် တိုးတက်ကြီးပွားလာခဲ့သည်။”
အုပ်ချုပ်ရေး၌ အတိတ်ကဘာသာတရား အကြီးအကျယ်သြဇာလွှမ်းမိုးခဲ့သည့် အခြားသာဓကတစ်ရပ်မှာ အင်္ဂလန်နိုင်ငံမှ ဗရင်ဂျီဂိုဏ်းချုပ် ဝူလ်စီ (Wolsey ၁၄၇၅-၁၅၃၀) ဖြစ်သည်။ “သူသည် အင်္ဂလန်နိုင်ငံဘုရင်မင်း အဌမမြောက်ဟင်နရီ (Henry VIII) အပေါ် ဩဇာလွှမ်းမိုးသည့် ဂိုဏ်းချုပ်လည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်သည်။ . . . ၁၅၁၅ ခုနှစ်၊ ဒီဇင်္ဘာလတွင် ဝူလ်စီသည် အင်္ဂလန်နိုင်ငံ၏ နန်းရင်းဝန်ဖြစ်လာသည်။ . . . သူသည် ကြီးမားလှသော လောကီနှင့် လောကုတ်အာဏာတို့ကို သုံးစွဲလျက် စည်းစိမ်ဥစ္စာများကို စုဆောင်းခဲ့ရာ ရှင်ဘုရင်ပြီးလျှင် ဒုတိယအချမ်းသာဆုံးဖြစ်ခဲ့သည်” ဟု Britannica ၌ဖေါ်ပြထား၏။ ဗျာဒိတ်ကျမ်းမှ အထိမ်းအမှတ်စကားဖြင့်ဆိုလျှင် အထက်တန်းစား ပြည့်တန်ဆာလုပ်ငန်းသည် အထက်တန်းစား ကြေးတောင်းတတ်သည်။
တိုင်းရေးပြည်ရေးတွင် ဘာသာရေးသြဇာလွှမ်းမိုးသည့် ကျော်မကောင်း ကြားမကောင်းသော သာဓကနောက်တစ်ခုမှာ ဂိုဏ်းချုပ်နှင့် မြို့စားရာထူးယူထားသော ရီချီလျူး (Richelieu၊ ၁၅၈၅-၁၆၄၂) ဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံတွင် တန်ခိုးအာဏာကြီးမားသူဖြစ်ပြီး စည်းစိမ်ဥစ္စာများစွာကိုလည်း စုဆောင်းခဲ့သည်။ မည်မျှများသနည်းဟူမူ “ထိုခေတ်က စံချိန်ထက်ပင် ကျော်လွန်သည်” ဟု Britannica ကဆို၏။
ရီချီလျူးကို အခြားဂိုဏ်းချုပ် ဂျူးလ်စ်မာဇာရင်း (Jules Mazarin ၊ ၁၆၀၂-၆၁) ကဆက်ခံခဲ့သည်။ သူသည် ဆယ့်လေးဦးမြောက် ဘုရင်လူဝစ္စ (Louis XIV) အုပ်ချုပ်စဉ်အတွင်း ပြင်သစ်နိုင်ငံ၏ ပထမဝန်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ ရဟန်းအဖြစ် တရားဝင်ခံယူထားသူ မဟုတ်သော်လည်း ၁၆၄၁ ခုနှစ်တွင် ဂိုဏ်းချုပ်အဖြစ် အဌမမြောက် အာဗန်ပုပ်ရဟန်းမင်း (Urban VIII) ကခန့်အပ်တင်မြှောက်ခဲ့သူဖြစ်သည်။ ဂိုဏ်းချုပ် မာဇာရင်းသည်လည်း ဥစ္စာစည်းစိမ်ကို ငန်းငန်းတက် တပ်မက်သူဖြစ်သည်။ စွယ်စုံကျမ်းက ဤသို့ဆို၏။ “မာဇာရင်း၏ ရန်သူတို့က သူ၏လောဘကြောင့် သူ့ကို အပြစ်တင်ရှုတ်ချကြသည်။ သူသည် အစိုးရဘဏ္ဍာနှင့် သာသနာဘဏ္ဍာနှစ်ရပ်လုံးကို ကောက်ခံစုစည်းရသဖြင့် တစ်ခါတစ်ရံ ဘုရင့်ဘဏ္ဍာတော်နှင့် သူ့ကိုယ်ပိုင်ဘဏ္ဍာတို့ကို လုံးထွေးထားတတ်သည်။”
ယခုခေတ်သစ်၌လည်း မှောက်မှားသောဘာသာသည် ဥစ္စာစည်းစိမ်များကို ဆက်လက်၍ စုဆောင်းနေသည့်ပြင် နိုင်ငံရေးအင်အားစုများအပေါ် ဩဇာညောင်းရန် အားထုတ်နေဆဲဖြစ်သည်။ ဖြစ်နိုင်ပါက ကြိုးကိုင်ချယ်လှယ်ရန် ကြိုးစားနေကြသည်။ ထင်ရှားသောသာဓကတစ်ရပ်မှာ အိုပတ်စ်ဒေး (Opus Dei, ဘုရားအမှုတော်အနက်ရှိ လက်တင်စကား) ဟူသော ဗရင်ဂျီဂိုဏ်း၏ လျှို့ဝှက်အဖွဲ့အစည်းဖြစ်သည်။ လောလောဆယ်အချိန်တွင် ပုပ်ရဟန်းမင်း၏သဘောကျနှစ်ခြိုက်ခံရသည်။ စာရေးဆရာလောရင့်စ်လေဒါ (Lawrence Lader) အဆိုအရ ယင်းသည် “ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် လက်ယာနိုင်ငံရေးအတွက် လုံးလုံးအပ်နှံထားသည့်” အဖွဲ့အစည်းဖြစ်သည်။ ဤအဖွဲ့အစည်းသည် ယင်းတို့ဖွင့်ထားသော အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များမှ အတော်ဆုံး၊ အကောင်းဆုံး လူငယ်လူရွယ်များကို ရွေးထုတ်၍ အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် လူထုဆက်သွယ်ရေးကဏ္ဍတို့၌ ဩဇာအရှိန်အဝါနှင့် ထိန်းသိမ်းကွပ်ကဲသော ရာထူးများ၌ နေရာပေးသည့် မူဝါဒချမှတ်ထားသည်။ စပိန်ပြည်တွင် ဖက်ဆစ်အာဏာရှင်ဖရန်ကို (Franco) လက်ထက်တွင် အထူးကောင်းစားခဲ့ကြသည်။ တစ်ချိန်တွင် ဖရန်ကိုအစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ၁၉ ဦးတွင် ၁၀ ဦးသည် အိုပတ်စ်ဒေး၏ လက်ရွေးစင်လူစုထဲမှ ဖြစ်ကြသည်။a
အမေရိကန်ပြည်ထောင်စုတွင် တီဗွီတရားဟောဆရာများသည် ယင်းတို့၏ဂုဏ်ပကာသနပလွှားမှုနှင့် ဇိမ်ခံဘဝစတိုင်များကြောင့် နာမည်ကျော်ကြားလူသိများကြသည်။ အချို့ပရောတက်စတင့်ဓမ္မဆရာတို့သည် မာနကြီးစွာနှင့် နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ကာ သမတဖြစ်ဖို့ပင် ရည်သန်နေကြသည်။ ဤပြည့်တန်ဆာမကြီးသည် ကျဆင်းနေသောအခြေအနေ၌ ရောက်နေစေကာမူ ဟန်ပန်အသွင်တစ်မျိုးမဟုတ်တစ်မျိုးဖြင့် တန်ခိုးအာဏာအရှိန်အဝါနှင့်ဆိုင်သော အဆောင်အယောင်များနှင့် စည်းစိမ်တို့ကို ဇိမ်ခံယစ်မူးနေဆဲဖြစ်ကြောင်း၊ ကြီးမှူးအုပ်ချုပ်ရန် အားထုတ်ကြိုးစားနေဆဲဖြစ်ကြောင်း လုံးဝသံသယမရှိပေ။
သို့သော်လည်း ပြည့်တန်ဆာမ၏အမည်နာမ မဟာဗာဗုလုန်နှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိသနည်း။ ယင်းအမည်က ဗျာဒိတ်ကျမ်း၌ အထိမ်းအမှတ်ဖြင့်ဖေါ်ပြထားသော ထိုအမျိုးသမီးမည်သူဖြစ်ကြောင်း သဲသဲကွဲကွဲသိမြင်အောင် မည်သို့အထောက်အကူပြုသနည်း။
[အောက်ခြေမှတ်ချက်များ]
a အိုပတ်စ်ဒေး (Opus Dei) အကြောင်းနှင့် နိုင်ငံရေးတွင် ခရစ်ယာန်သာသာနာပါဝင်ခြင်းအကြောင်း ပို၍သိလိုပါက R. T. Naylor ရေးသားသော Hot Money and the Politics of Debt နှင့် L. Lader ရေးသားသော Politics, Power, and the Church တို့တွင်ဖတ်ရှုပါ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဂိုဏ်းချုပ်များဖြစ်သူ ဝူလ်စီ၊ မာဇာရင်နှင့် ရစ်ချီလျူးတို့သည် တိုင်းပြည်အမှုထမ်းစဉ် စည်းစိမ်ချမ်းသာစုဆောင်းခဲ့သည်။
[Credit Line]
Photos: Culver Pictures