ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၃၄ စာ. ၂၄၆-၂၅၁
  • အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တွင်းနက်ကြီးထဲမှ တက်လာခြင်း
  • ငြိမ်းချမ်းရေးနှင့် လုံခြုံရေး​—အချည်းနှီး မျှော်လင့်ချက်
  • ဗျာဒိတ်အခန်းကြီး ၁၇ မှာဖော်ပြထားတဲ့ နီမြန်းတဲ့သားရဲက ဘာကိုဆိုလိုတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • တမန်အတုအယောင်များအတွက်ငြိမ်သက်ခြင်းမရှိ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၃၄ စာ. ၂၄၆-၂၅၁

အခန်း ၃၄

အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း

၁။ (က) ပြည့်တန်ဆာကြီးကိုလည်းကောင်း၊ ပြည့်တန်ဆာကြီး သားရဲစီးနေသည်ကိုလည်းကောင်း ယောဟန်မြင်ရသောအခါ မည်သို့ဖြစ်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) ပရောဖက်ပြု ရူပါရုံနှင့်အညီ အခြင်းအရာများ ဖြစ်ပျက်လာသည်နှင့်အမျှ ယနေ့ယောဟန်အတန်းအစား မည်သို့ဖြစ်ခဲ့သနည်း။

ပြည့်တန်ဆာကြီးကိုလည်းကောင်း၊ ပြည့်တန်ဆာကြီး သားရဲစီးနေသည်ကိုလည်းကောင်း ယောဟန်မြင်ရသောအခါ မည်သို့ဖြစ်ခဲ့သနည်း။ သူဤသို့ဆို၏– “ငါသည် သူ့ကိုမြင်သောအခါ ကြီးစွာသောအံ့သြခြင်းဖြင့် အံ့သြမိ၏။” (ဗျာဒိတ် ၁၇:၆ခ) ဤသို့သောမြင်ကွင်းကို စိတ်ကူးဖြင့်ပင် မတွေးမြင်နိုင်။ သို့နှင့်ပင် တောကန္တာရအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် နီမြန်းသောသားရဲပေါ်မှာ စာရိတ္တပျက် မိန်းမရွှင်တစ်ယောက် ထိုင်နေသည်ကို တွေ့ရသည်တကား။ (ဗျာဒိတ် ၁၇:၃) ဤပရောဖက်ပြု ရူပါရုံနှင့်အညီ အခြင်းအရာများ ဖြစ်ပျက်လာသည်နှင့်အမျှ ယောဟန်အတန်းအစားလည်း ကြီးစွာသောအံ့သြခြင်းဖြင့် အံ့သြကြ၏။ လောကသားများသာ ဤအရာကိုတွေ့မြင်နိုင်လျှင် ‘မယုံနိုင်စရာ’ ဟူ၍ဆိုကြမည်။ လောကီမင်းစိုးရာဇာများလည်း ‘မဖြစ်နိုင်တာ’ ဟူ၍ သံယောင်လိုက်ကြမည်။ သို့သော် ယင်းရူပါရုံသည် ကျွန်ုပ်တို့ခေတ်တွင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အခြင်းအရာတစ်ရပ်ဖြစ်လာသည်။ ဘုရားသခင့်လူမျိုးတော်သည် ၎င်းရူပါရုံပြည့်စုံခြင်းတွင် ထူးခြားစွာ ပါဝင်လှုပ်ရှားခဲ့ပြီဖြစ်၍ ယင်းကြောင့် ဤပရောဖက်ပြုချက်သည် အံ့ဖွယ်ကောင်းစွာ အထွတ်အထိပ်သို့ မလွဲမသွေ တက်လှမ်းလိမ့်မည်ဖြစ်ကြောင်း သူတို့စိတ်ချယုံကြည်ကြ၏။

၂။ (က) ကောင်းကင်တမန်က ယောဟန်အံ့သြသည်ကို တုံ့ပြန်သည့်အနေနှင့် သူ့အား ဘာပြောပြသနည်း။ (ခ) ယောဟန်အတန်းအစားသည် အဘယ်အရာဖော်ပြခြင်းခံရပြီး မည်သည့်နည်းဖြင့်နည်း။

၂ ယောဟန်အံ့သြနေသည်ကို ကောင်းကင်တမန်က သတိပြုမိ၏။ “ထို့ကြောင့် ကောင်းကင်တမန်က ‘အဘယ်ကြောင့် အံ့သြသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိသည့် သားရဲနှင့်ဆိုင်သော လျှို့ဝှက်နက်နဲရာကို ငါပြောပြမည်’ ဟု ငါ့အားဆို၏” ဟူ၍ ယောဟန်ဆက်လက်တင်ပြ၏။ (ဗျာဒိတ် ၁၇:၇) လျှို့ဝှက်နက်နဲရာကို ကောင်းကင်တမန် ယခုဖြေရှင်းတော့မည်။ ရူပါရုံ၏ ရှုထောင့်အမျိုးမျိုးနှင့် ဖြစ်ပျက်တော့မည့် ဇာတ်ဆန်သော အခြင်းအရာများကို မျက်ဆန်ပြူးနေသော ယောဟန်အား သူရှင်းလင်းဖော်ပြလေ၏။ ထို့နည်းတူ မျက်စိဖွင့်နားစွင့်သော ယောဟန်အတန်းအစားလည်း ယနေ့ ကောင်းကင်တမန်များ ညွှန်ကြားမှုအောက်၌ အမှုတော်ထမ်းရွက်သည်နှင့်အမျှ ပရောဖက်ပြုချက်၏ အဓိပ္ပာယ်ရှင်းလင်းချက်ကို နားလည်ခွင့်ရခဲ့ပြီ။ “အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်သည် မဟုတ်လော။” ဟုတ်ပါ၏ဟု သစ္စာရှိယောသပ်ကဲ့သို့ ကျွန်ုပ်တို့ယူမှတ်ပါသည်။ (ကမ္ဘာဦး ၄၀:၈; ဒံယေလ ၂:၂၉၊ ၃၀ နှိုင်းယှဉ်။) ရူပါရုံ၏အဓိပ္ပာယ်နှင့် မိမိတို့ဘဝအပေါ် ၎င်း၏အကျိုးသက်ရောက်မှုအကြောင်းကို မိမိတို့အား ယေဟောဝါ ဖွင့်ပြတော်မူသည်နှင့်အမျှ ဘုရားသခင့်လူမျိုးတော်သည် ဇာတ်စင်အလယ်သို့ ရောက်နေသကဲ့သို့ဖြစ်၏။ (ဆာလံ ၂၅:၁၄) ထိုမိန်းမနှင့် သားရဲဆိုင်ရာ လျှို့ဝှက်နက်နဲရာကို သူတို့အား နားလည်စေရန် အချိန်မီ ဖော်ပြတော်မူပြီ။​—ဆာလံ ၃၂:၈။

၃၊ ၄။ (က) ၁၉၄၂ ခုနှစ်၌ အဘယ်လူထုဟောပြောချက်ကို အင်၊ အိပ်ချ်၊ နော်ရ်ဟောပြောခဲ့ပြီး ၎င်းဟောပြောချက်က နီမြန်းသောသားရဲသည် အဘယ်အရာဖြစ်ကြောင်း ဖော်ပြသနည်း။ (ခ) အင်၊ အိပ်ချ်၊ နောရ်က ယောဟန်အား ကောင်းကင်တမန်ပြောကြားသော အဘယ်စကားကို ဆွေးနွေးတင်ပြခဲ့သနည်း။

၃ ဒုတိယကမ္ဘာစစ် အကြိတ်အနယ် တိုက်ခိုက်နေစဉ်၊ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၁၈ မှ ၂၀ ရက်အတွင်း အမေရိကန်နိုင်ငံရှိ ယေဟောဝါသက်သေများသည် ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးကြီးကို ကျင်းပကြ၏။ အဓိကမြို့ဖြစ်သော အိုဟိုက်အိုပြည်နယ် ခလီဗ်လင်မြို့ကို အခြားစည်းဝေးမြို့ပေါင်း ၅၀ ကျော်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ထားရာ ပရိသတ်ပေါင်း ၁၂၉,၆၉၉ ယောက်တိုင် တက်ရောက်ခဲ့သည်။ စစ်တွင်း အခြေအနေကောင်းလျှင်ကောင်းသလို ကမ္ဘာတစ်ခွင်လုံး အလားတူအစီအစဉ်ပါရှိသော အခြားစည်းဝေးကြီးများကို ကျင်းပခဲ့သည်။ ထိုအချိန်၌ ယေဟောဝါ၏လူမျိုးတော် များစွာတို့က ကမ္ဘာစစ်သည် ဘုရားသခင်၏ အာမဂေဒုန်စစ်အသွင်သို့ ကူးပြောင်းသွားမည်ဟု မျှော်လင့်ကြ၏။ ထို့ကြောင့် “ငြိမ်းချမ်းရေး​—အဓွန့်ရှည်တည်တံ့မည်လော” ဟူသော လူထုဟောပြောချက်ကို လူတို့အလွန်စိတ်ဝင်စားကြ၏။ လူမျိုးများအတွက် ငြိမ်းချမ်းရေးနှင့် လားလားကြီးဆန့်ကျင်သည့် နောင်ရေးကိုသာ မျှော်လင့်နိုင်ဟန်ရှိသော ၎င်းအချိန်၌ ကင်းမျှော်စင်အသင်း ဥက္ကဋ္ဌသစ် အင်၊ အိပ်ချ်၊ နောရ်အနေဖြင့် ငြိမ်းချမ်းရေးအကြောင်းကို မည်သို့မည်ပုံ ပြောဆိုနိုင်သနည်း။a အကြောင်းရင်းမှာ၊ ယောဟန်အတန်းအစားသည် ဘုရားသခင့် ပရောဖက်စကားတော်ကို “ခါတိုင်းထက်ပို၍​ဂရုစိုက်” သောကြောင့်တည်း။​—ဟေဗြဲ ၂:၁၊ ကဘ; ၂ ပေတရု ၁:၁၉။

၄ “ငြိမ်းချမ်းရေး​—အဓွန့်ရှည်တည်တံ့မည်လော” ဟူသော လူထုဟောပြောချက်က ပရောဖက်ပြုချက်ကို မည်သို့ရှင်းလင်းစေသနည်း။ အင်၊ အိပ်ချ်၊ နောရ်က ဗျာဒိတ် ၁၇:၃ ပါ နီမြန်းသောသားရဲမှာ နိုင်ငံပေါင်းချုပ်ဖြစ်ကြောင်း ပြတ်သားရှင်းလင်းစွာ ဖော်ပြပြီးသည့်နောက် ယောဟန်အား ကောင်းကင်တမန်ပြောကြားသော အောက်ပါစကားပေါ်အခြေပြု၍ နိုင်ငံပေါင်းချုပ်၏ ဒုန်းစိုင်းရောက်၍ ဒုန်းစိုင်းပျောက်ပုံကို ဆက်လက်ဆွေးနွေးတင်ပြလေ၏– “သင်မြင်ရသော သားရဲသည် တစ်ချိန်က ရှိခဲ့သော်လည်း ယခုမရှိ၊ သို့သော် မကြာမီ တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။”​—ဗျာဒိတ် ၁၇:၈က။

၅။ (က) “သားရဲသည် တစ်ချိန်ကရှိခဲ့သော်လည်း ယခုမရှိ” ဆိုသည်မှာ မည်သို့နည်း။ (ခ) “နိုင်ငံပေါင်းချုပ်သည် တွင်းထဲ၌နေရစ်မည်လော” ဟူသောမေးခွန်းကို အင်၊ အိပ်ချ်၊ နောရ်က မည်သို့ဖြေကြားသနည်း။

၅ “သားရဲသည် . . . တစ်ချိန်က ရှိခဲ့ [၏။]” မှန်ပေသည်။ ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်မှစ၍ နိုင်ငံပေါင်းချုပ်အဖြစ်တည်ရှိခဲ့ပြီး နိုင်ငံပေါင်း ၆၃ နိုင်ငံသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် အဖွဲ့ဝင်များဖြစ်ခဲ့ကြသည်။ သို့သော် ဂျပန်၊ ဂျာမနီ၊ အီတလီတို့သည် တစ်နိုင်ငံပြီးတစ်နိုင်ငံ နိုင်ငံပေါင်းချုပ်မှ နုတ်ထွက်သွားကြပြီး ယခင်ဆိုဗီယက် ပြည်ထောင်စုလည်း ထွက်ခဲ့ရသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမနီနိုင်ငံ၏ နာဇီအာဏာရှင်က ဒုတိယကမ္ဘာစစ်ကို စတင်လိုက်သည်။b နိုင်ငံပေါင်းချုပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်သဖြင့် မလှုပ်ရှားခြင်းအဖြစ်တည်းဟူသော တွင်းနက်ကြီးထဲသို့ လုံးဝဆိုရမလောက် ကျဆင်းသွားလေသည်။ ၁၉၄၂ ခုနှစ်ရောက်သော် ၎င်းသည် တစ်ချိန်ကသာ ရှိခဲ့သောအရာ ဖြစ်သွားသည်။ ယေဟောဝါသည် ထိုအချိန်မတိုင်မီက မဟုတ်၊ ထို့ထက်နောက်ကျ၍လည်း မဟုတ်ဘဲ​—အရေးပါသော ထိုအခိုက်မှာပင်​—ရူပါရုံ၏ အဓိပ္ပာယ်အပြည့်အစုံကို မိမိလူမျိုးတော်အား ဖွင့်ပြတော်မူ၏။ အင်၊ အိပ်ချ်၊ နောရ်သည် ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးကြီး၌ ပရောဖက်ပြုချက်နှင့်အညီ ထို “သားရဲသည် . . . ယခုမရှိ” ဟူ၍ ပြောဆိုနိုင်ခဲ့သည်။ ထို့နောက် သူက “နိုင်ငံပေါင်းချုပ်သည် တွင်းထဲ၌နေရစ်မည်လော” ဟူသောမေးခွန်းကိုမေး၏။ ၎င်းနောက် ဗျာဒိတ် ၁၇:၈ ကိုကိုးကားပြီး “လောကီနိုင်ငံများ၏ အသင်းအဖွဲ့သည် တစ်ဖန်ပြန်ပေါ်လာမည်” ဟုဖြေဆိုလိုက်သည်။ ဆိုသည့်အတိုင်းပင် ဖြစ်လာသဖြင့် ယေဟောဝါ၏ ပရောဖက်စကားတော် မှန်ကန်ကြောင်း ထင်ရှား၏။

တွင်းနက်ကြီးထဲမှ တက်လာခြင်း

၆။ (က) နီမြန်းသောသားရဲသည် အဘယ်အခါ တွင်းနက်ကြီးထဲမှ တက်လာ၍ အဘယ်အမည်သစ်ဖြင့်နည်း။ (ခ) အဘယ်ကြောင့် ကုလသမဂ္ဂသည် အမှန်အားဖြင့် ပြန်ပေါ်လာသည့် နီမြန်းသောသားရဲဖြစ်သနည်း။

၆ နီမြန်းသောသားရဲသည် တကယ်ပင် တွင်းနက်ကြီးထဲမှ တက်လာသည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ နိုင်ငံပေါင်း ၅၀ က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကိုမြို့တွင် ဆူညံသောခရာ သံပြိုင်မှုတ်ခြင်းနှင့်အတူ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လက်ခံကြောင်း မဲပေးဆုံးဖြတ်ခဲ့ကြသည်။ ယင်းအဖွဲ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း” ရန်ဖြစ်သည်။ နိုင်ငံပေါင်းချုပ်နှင့် ကုလသမဂ္ဂတို့၌ ဆင်တူချက်များစွာရှိ၏။ ကမ္ဘာ့စာအုပ် စွယ်စုံကျမ်းက ဤသို့ဆို၏– “အချို့နေရာများ၌ ကုလသမဂ္ဂသည် ပထမကမ္ဘာစစ်ပြီးနောက် ဖွဲ့စည်းတည်ထောင်သော နိုင်ငံပေါင်းချုပ်နှင့်ဆင်တူ၏။ . . . ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်သော နိုင်ငံများစွာတို့သည် နိုင်ငံပေါင်းချုပ်ကိုလည်း တည်ထောင်ဖူးသည်။ ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ်နည်းတူ နိုင်ငံများစပ်ကြား ငြိမ်းချမ်းရေးထိန်းသိမ်းရန် တည်ထောင်ထားခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ အဓိကအသင်းအဖွဲ့များသည် နိုင်ငံပေါင်းချုပ်၏ အသင်းအဖွဲ့များနှင့် များစွာတူညီ၏။” သို့ဖြစ်၍ ကုလသမဂ္ဂသည် အမှန်အားဖြင့် ပြန်ပေါ်လာသည့် နီမြန်းသောသားရဲပင်ဖြစ်၏။ အဖွဲ့ဝင်နိုင်ငံ အရေအတွက် ၁၉၀ ခန့်သည် ၆၃ နိုင်ငံသာပါဝင်သော နိုင်ငံပေါင်းချုပ်ထက် များစွာပို၏။ နိုင်ငံပေါင်းချုပ်ထက် များပြားသော ဝတ္တရားများကိုလည်း ဆောင်ရွက်ပါသည်။

၇။ (က) ပြန်ပေါ်လာသည့် နီမြန်းသောသားရဲကို မြေကြီးသားတို့က အဘယ်နည်းဖြင့် အံ့သြကြည်ညိုခဲ့ကြပြီနည်း။ (ခ) ကုလသမဂ္ဂသည် အဘယ်ရည်မှန်းချက်ကို မဆွတ်ခူးနိုင်ဘဲ ရှိသနည်း၊ ၎င်း၏အတွင်းရေးမှူးချုပ်က ဤအချက်နှင့်ပတ်သက်၍ မည်သို့ဆိုသနည်း။

၇ အစပိုင်း၌ လူတို့သည် ကုလသမဂ္ဂကို အားကိုးတကြီးရှိကြ၏။ ကောင်းကင်တမန်၏ အောက်ပါစကားအတိုင်းပင်ဖြစ်၏– “တစ်ချိန်က ရှိခဲ့သော်လည်း ယခုမရှိ၊ နောက်နောင် ပြန်ပေါ်လာမည့် ထိုသားရဲကို မြေကြီးသားတို့ မြင်သောအခါ ကြည်ညိုလျက် အံ့သြကြလိမ့်မည်။ သို့သော် ထိုသူတို့၏ အမည်များသည် ဤလောက တည်သည့်ကာလမှစ၍ အသက်စာလိပ်တွင် ရေးသားထားခြင်းမရှိပေ။” (ဗျာဒိတ် ၁၇:၈ခ) ဤကြီးမားထင်ရှားသော အဖွဲ့ကြီးသည် နယူးယောက်မြို့ အရှေ့မြစ်၏ ကမ်းနဖူးပေါ်တည်ရှိသည့် ခန့်ညားထည်ဝါသော ဌာနချုပ်ကိုဗဟိုပြု၍ လှုပ်ရှားဆောင်ရွက်ပြီး မြေကြီးသားတို့၏ ကြည်ညိုခြင်းကို ခံရ၏။ သို့သော် ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစစ်အမှန်ကို အရမယူနိုင်ဘဲရှိခဲ့သည်။ ၂၀ ရာစုအတောအတွင်း “အပြန်အလှန် အသေအကျေချေမှုန်းခြင်း” ကိုကြောက်၍သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းနေခဲ့ကြခြင်းဖြစ်၏။ အကြိတ်အနယ် လက်နက်ပြိုင်ဆိုင်မှုမှာလည်း မပြီးနိုင်တော့ချေ။ ကုလသမဂ္ဂ အနှစ် ၄၀ နီးပါး လုံးပန်းခဲ့သည့်နောက် ထိုအချိန်က အတွင်းရေးမှူးချုပ်ဖြစ်သူ ဟာဗီရာ ပဲရက်စ် ဒီကွေးလျားက ၁၉၈၅ ခုနှစ်တွင် ဤသို့ညည်းတွားခဲ့သည်– “ကျွန်တော်တို့ဟာ တစ်ယူသန်သမားများရဲ့ခေတ် နောက်တစ်ခေတ်ထဲကို ရောက်နေတယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။”

၈၊ ၉။ (က) ကုလသမဂ္ဂသည် ကမ္ဘာ့ပြဿနာများကို အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း၊ ဘုရားသခင့်အမိန့်တော်အရ မကြာခင် ဘာဖြစ်တော့မည်နည်း။ (ခ) ကုလသမဂ္ဂကို တည်ထောင်သူများနှင့် ကြည်ညိုသူများ၏အမည်သည် အဘယ်ကြောင့် ဘုရားသခင့် “အသက်စာလိပ်” ၌ စာရင်းမဝင်သနည်း။ (ဂ) ယေဟောဝါ၏ နိုင်ငံတော်သည် အဘယ်အမှုကို အထမြောက်စေမည်နည်း။

၈ ကုလသမဂ္ဂသည် ဖြေရှင်းနိုင်စွမ်းမရှိပါ။ အဘယ်ကြောင့်နည်း။ ကုလသမဂ္ဂ၏ အသက်သခင်သည် လူသားတစ်ရပ်လုံး၏ အသက်သခင် မဟုတ်၍တည်း။ ၎င်း၏သက်တမ်းသည် တိုလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ဘုရားသခင့်အမိန့်တော်အရ “ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။” ကုလသမဂ္ဂကို တည်ထောင်သူများနှင့် ကြည်ညိုသူများသည် ဘုရားသခင့် အသက်စာလိပ်တွင် နာမည်စာရင်းမဝင်ကြချေ။ လူ့နည်းလူ့ဟန်ဖြင့်မဟုတ် ခရစ်တော်၏ နိုင်ငံတော်အားဖြင့်သာ မကြာမီ ဖြစ်မြောက်စေမည်ဟု ဘုရားသခင် ကြေညာထားတော်မူသောအမှုကို သေပျောက်တတ်သည့် အပြစ်သားများက ကုလသမဂ္ဂကိုသုံး၍ အရဆောင်ရွက်ကြသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့ထဲက လူများစွာတို့သည် ဘုရားသခင့်နာမတော်ကိုပင် သရော်ကြ၏။​—ဒံယေလ ၇:၂၇; ဗျာဒိတ် ၁၁:၁၅။

၉ အမှန်မှာ ကုလသမဂ္ဂသည် အဆုံးမရှိစိုးစံတော်မူမည့် ငြိမ်သက်ခြင်းမင်း ယေရှုခရစ်အုပ်ချုပ်သော ဘုရားသခင့် မေရှိယနိုင်ငံတော်၏ အတုအယောင်သာဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇) တဒင်္ဂငြိမ်းချမ်းရေးရအောင် ကုလသမဂ္ဂက ဖာထေးနိုင်သည်ပဲထား၊ မကြာမီ စစ်ဖြစ်ပွားပြန်မည်သာ။ ဤကား အပြစ်ရှိသော လူ့သဘာဝဗီဇတည်း။ “သူတို့၏အမည်များသည် လောကတည်သည့်ကာလမှစ၍ အသက်စာလိပ်တွင် ရေးသားထားခြင်းမရှိ။” ခရစ်တော်အုပ်ချုပ်သော ယေဟောဝါ၏နိုင်ငံတော်သည် မြေကြီးပေါ် ထာဝရငြိမ်းချမ်းရေးကို တည်ထောင်မည်သာမက ယေရှု၏ရွေးနုတ်ဖိုးယဇ်ကို အခြေခံ၍ ဘုရားသခင့်မှတ်ဉာဏ်ထဲမှ ဖြောင့်မတ်သူနှင့် မဖြောင့်မတ်သူများကို သေခြင်းမှ ထမြောက်စေလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) စာတန်နှင့် သူ့အမျိုးအနွယ်၏ တိုက်ခိုက်မှုကို ခံနေရသည့်ကြားမှ ဦးလည်မသုန် တည်ကြည်ကြသူအားလုံးအပြင်၊ မိမိတို့ကိုယ်ကို နာခံသူများဖြစ်ကြောင်း ပြသရန်လိုသေးသော အခြားသူများလည်း ထမြောက်လာကြမည်။ မဟာဗာဗုလုန်ကို ဇွတ်မှိတ်၍ဆည်းကပ်သူများ၊ သားရဲကိုဆက်ပြီး ကိုးကွယ်သူများ၏နာမည်သည် ဘုရားသခင့် အသက်စာလိပ်တွင် မုချစာရင်းဝင်မည်မဟုတ်။​—ထွက်မြောက်ရာ ၃၂:၃၃; ဆာလံ ၈၆:၈-၁၀; ယောဟန် ၁၇:၃; ဗျာဒိတ် ၁၆:၂; ၁၇:၅။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး​—အချည်းနှီး မျှော်လင့်ချက်

၁၀၊ ၁၁။ (က) ၁၉၈၆ ခုနှစ်၌ ကုလသမဂ္ဂက ဘာကိုကြေညာပြီး အဘယ်တုံ့ပြန်မှု ရခဲ့သနည်း။ (ခ) “ဘာသာရေးမိသားစု” ပေါင်းမည်မျှ အီတလီနိုင်ငံ အစစ်စီမြို့၌ ငြိမ်းချမ်းရေးဆုတောင်းပွဲအတွက် စည်းဝေးခဲ့သနည်း၊ ထိုသို့သောပတ္ထနာကို ဘုရားသခင် နားညောင်းတော်မူခဲ့သလော။ ရှင်းပြပါ။

၁၀ လူသားတို့၏မျှော်လင့်ချက်ကို ကျားကန်ပေးသည့်အနေနှင့် ကုလသမဂ္ဂသည် ၁၉၈၆ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်” အဖြစ်သတ်မှတ်၍ “ငြိမ်းချမ်းရေးနှင့် လူ့အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရေး” ဟူသောဆောင်ပုဒ်ကို တပ်ခဲ့သည်။ စစ်ဖြစ်နေသောနိုင်ငံများအား အနည်းဆုံးတစ်နှစ် စစ်မတိုက်ကြရန် မေတ္တာရပ်ခံခဲ့သည်။ ထိုနိုင်ငံများ မည်သို့တုံ့ပြန်ကြသနည်း။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာနမှ ပြုစုသော သတင်းတစ်ရပ်အရ ၁၉၈၆ ခုနှစ် တစ်နှစ်အတွင်း စစ်ကြောင့် လူငါးသန်း သတ်ဖြတ်ခံခဲ့ရသည်။ အထူးငွေဒ င်္ဂါးများနှင့် အမှတ်တရ တံဆိပ်ခေါင်းများ ထုတ်ခဲ့ကြသော်လည်း နိုင်ငံအများထုအနေနှင့် ထိုနှစ်အတွင်း ငြိမ်းချမ်းရေးဟူသော အမွန်မြတ်ဆုံးအရာကိုရဖို့ မကြိုးစားခဲ့ကြချေ။ သို့တစေ တစ်ချိန်လုံး ကုလသမဂ္ဂ၏ ချစ်ကြည်မှုရချင်သော ကမ္ဘာ့ဘာသာတရားများက ယင်းနှစ်ကို နည်းမျိုးစုံဖြင့် စတင်ကြော်ငြာကြသည်။ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ ဒုတိယမြောက် ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က ကုလသမဂ္ဂ၏လုပ်ရပ်ကို အမွှမ်းတင်ပြီး ၎င်းနှစ်သစ်ကို ငြိမ်းချမ်းရေးအဖို့ ဆက်ကပ်ခဲ့သည်။ အောက်တိုဘာ ၂၇ ရက်နေ့၌လည်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းရန် ကမ္ဘာ့ဘာသာတရား များစွာတို့၏ ခေါင်းဆောင်များကို အီတလီနိုင်ငံ အစစ်စီမြို့၌ စုဝေးစေခဲ့သည်။

၁၁ ထိုသို့သောငြိမ်းချမ်းရေး ပတ္ထနာများကို ဘုရားသခင် နားညောင်းတော်မူသလော။ ဦးစွာဆိုရလျှင် ထိုဘာသာရေးခေါင်းဆောင်တို့သည် မည်သည့်ဘုရားထံ ဆုတောင်းကြသနည်း။ သူတို့ကိုမေးကြည့်လျှင် အဖြေတစ်မျိုးစီ ပေးကြပါလိမ့်မည်။ နည်းမျိုးစုံဖြင့် တောင်းသောဆုများကို နားထောင်၍ ဆုပေးသော သောင်းခြောက်ထောင်ဘုရားများ ရှိသလော။ ပါဝင်ဆုတောင်းသူ အမြောက်အမြားတို့သည် ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူဘုရားကို ကိုးကွယ်ကြသည်။c ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားဘာသာဝင်များက မရေမတွက်နိုင်သော ဘုရားများထံ ပတ္ထနာရွတ်ဆိုကြ၏။ စုစုပေါင်း “ဘာသာရေးမိသားစု” ၁၂ စု စည်းဝေးကြပြီး အင်္ဂလီကန်အသင်း၏ ကင်တာဘယ်ရီဂိုဏ်းချုပ်ရဟန်း၊ ဗုဒ္ဓဘာသာ၏ ဒလိုင်းလားမား၊ ရုရှားသြသဒေါက်အသင်း၏ ဂိုဏ်းအုပ်ဘုန်းကြီး၊ တိုကျိုမြို့ ရှင်တိုဘုရားကျောင်းအသင်း ဥက္ကဋ္ဌ၊ အာဖရိကန် နတ်ဘာသာဝင်များနှင့် ငှက်တောင်ရှည်ခေါင်းပေါင်း ဆင်ယင်ထားသော အမေရိကန်အင်ဒီယန် နှစ်ဦးစသည့် ထင်ပေါ်သူများက ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြသည်။ ယုတ်စွအဆုံး စိတ်ဝင်စားစရာကောင်းသော အုပ်စုဖြစ်၍ တီဗွီသတင်းလွှင့်လျှင် ကြည့်ကောင်းရှုပျော်ဖွယ်ပင်။ သူတို့ထဲမှအုပ်စုတစ်စုက ၁၂ နာရီကြာမျှ မနားတမ်းဆုတောင်း၏။ (လုကာ ၂၀:၄၅-၄၇ နှိုင်းယှဉ်။) သို့သော် ထိုပတ္ထနာများသည် ၎င်းစည်းဝေးပရိသတ်အပေါ် အုပ်လျက်နေသောမိုးတိမ်များကို ထိုးဖောက် ကျော်လွှားသွားခဲ့သလော။ မသွားခဲ့ပါ။ အောက်ပါ အကြောင်းရင်းများကြောင့်ဖြစ်၏–

၁၂။ အဘယ်အကြောင်းများကြောင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးပတ္ထနာကို ဘုရားသခင် နားညောင်းတော်မမူသနည်း။

၁၂ ထိုဘာသာရေးသမားများထဲက တစ်ဦးမျှ “[ယေဟောဝါ] ၏နာမတော်ကို အမှီပြုလျက် လိုက်လျှောက်” ကြသူများနှင့်မတူ၊ မူရင်းကျမ်းစာ၌ အကြိမ်ပေါင်း ၇,၀၀၀ ခန့်နာမတော်ပါရှိသော အသက်ရှင်တော်မူသည့် ယေဟောဝါထံ ဆုမတောင်းချေ။ (မိက္ခာ ၄:၅၊ သမ္မာ; ဟေရှာယ ၄၂:၈၊ ၁၂)d အုပ်စုတစ်စုအနေနှင့် ယေရှု၏နာမဖြင့် ဘုရားသခင်ထံ မချဉ်းကပ်ကြချေ။ သူတို့ထဲမှ အများထုဆိုလျှင် ယေရှုခရစ်ကို ယုံပင်မယုံ။ (ယောဟန် ၁၄:၁၃; ၁၅:၁၆) သူတို့ထဲမှ တစ်ဖွဲ့ကမျှ ယနေ့ဘုရားသခင် အလိုတော်ရှိသော အမှုကို လုပ်ကိုင်၍မနေပါ။ ၎င်းအလိုတော်မှာ ကုလသမဂ္ဂကိုမဟုတ်ဘဲ ဘုရားသခင်၏ လာလတ္တံ့သောနိုင်ငံတော်ကို လူသားတို့၏ စစ်မှန်သောမျှော်လင့်ချက်အဖြစ် ကမ္ဘာအနှံ့ ကြွေးကြော်ခြင်းပင်တည်း။ (မဿဲ ၇:၂၁-၂၃; ၂၄:၁၄; မာကု ၁၃:၁၀) သူတို့၏ဘာသာရေး အဖွဲ့အစည်း အများစုသည် ၂၀ ရာစု၏ ကမ္ဘာစစ်နှစ်ခုအပါအဝင် သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော သွေးချောင်းစီးစစ်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ဤသို့သောသူများအား ဘုရားသခင်က “သင်တို့ [သည်] . . . များစွာသောပတ္ထနာကို ပြုကြသော်လည်း ငါနားညောင်းမည်မဟုတ်။ သင်တို့လက်များသည် အသွေးသွန်မှုနှင့်ပြည့်ကြ၏” ဟုမိန့်တော်မူ၏။​—ဟေရှာယ ၁:၁၅၊ သမ္မာ; ၅၉:၁-၃။

၁၃။ (က) ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များသည် ကုလသမဂ္ဂနှင့်လက်တွဲ၍ ငြိမ်းချမ်းရေးအတွက် ပန်ကြားခြင်းမှာ အဘယ်ကြောင့် အဓိပ္ပာယ်ထူးခြားသနည်း။ (ခ) ငြိမ်းချမ်းရေးကြွေးကြော်မှုသည် ဘုရားသခင်တင်ကူးမိန့်ဆိုသည့် အဘယ်အထွတ်အထိပ်၌ အဆုံးသတ်မည်နည်း။

၁၃ ထို့ပြင် ဤသမယ၌ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များက ကုလသမဂ္ဂနှင့်လက်တွဲ၍ ငြိမ်းချမ်းရေးအတွက် ပန်ကြားကြသည်မှာ အလွန်အဓိပ္ပာယ်ထူးခြား၏။ သူတို့သည် မိမိတို့အကျိုးအတွက် ကုလသမဂ္ဂအပေါ် ဩဇာလွှမ်းချင်၏။ အထူးသဖြင့် သူတို့၏လူများ ဘာသာတရားကို စွန့်ပစ်နေသော ယခုခေတ်၌ဖြစ်၏။ သစ္စာမဲ့သော ရှေးဣသရေလနိုင်ငံ ခေါင်းဆောင်များကဲ့သို့ “ငြိမ်းချမ်းရေးမရှိဘဲလျက် ‘ငြိမ်းချမ်းရေးရှိ၏။’ ‘ငြိမ်းချမ်းရေးရှိ၏။’” ဟု ဟစ်ကြွေးကြ၏။ (ယေရမိ ၆:၁၄၊ ကဘ) သူတို့သည် ငြိမ်းချမ်းရေးအတွက် ဆက်၍ကြွေးကြော်ပြီး တမန်တော်ပေါလု အောက်ပါအတိုင်း ပရောဖက်ပြုသော အထွတ်အထိပ်သို့ ရောက်သည်အထိ အားပေးထောက်ခံသွားကြမည်မုချ– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ [ယေဟောဝါ] ၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။”​—၁ သက်သာလောနိတ် ၅:၂၊ ၃။

၁၄။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသောကြွေးကြော်ချက်သည် အဘယ်ပုံစံဖြင့်လာနိုင်သနည်း၊ ၎င်း၏လှည့်စားခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။

၁၄ မကြာသေးမီနှစ်များက နိုင်ငံရေးသမားများသည် လူ့စီမံကိန်းအမျိုးမျိုးကိုဖော်ပြရန် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသောအသုံးအနှုန်းကို အသုံးပြုလာကြသည်။ ကမ္ဘာ့ခေါင်းဆောင်များ၏ အဆိုပါကြိုးပမ်းမှုများသည် ၁ သက်သာလောနိတ် ၅:၃ စတင်ပြည့်စုံစေခြင်း ဖြစ်သလော။ သို့တည်းမဟုတ် ကမ္ဘာက အာရုံစိုက်လောက်အောင် သိသာထင်ရှား ကြီးမားသည့် အဖြစ်အပျက်တစ်ခုကို ပေါလုက ရည်ညွှန်းနေခြင်းမျှသာ ဖြစ်သလော။ ကျမ်းစာပရောဖက်ပြုချက်များသည် ပြည့်စုံသွားပြီးမှသာ သို့မဟုတ် စ၍ပြည့်စုံလာမှသာ အပြည့်အဝ နားလည်နိုင်လေ့ရှိသောကြောင့် ကျွန်ုပ်တို့ စောင့်ကြည့်နေရန်သာဖြစ်သည်။ ဤအတောအတွင်း လူမျိုးများ ကြိုးပမ်းရယူနိုင်ပုံရှိသော မည်သည့်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမဆိုသည် မည်သည့်အရာကိုမျှ ဟုတ္တိပတ္တိ ပြောင်းလဲစေမည်မဟုတ်ကြောင်း ခရစ်ယာန်များ ကောင်းစွာသိသည်။ အတ္တစိတ်၊ မုန်းတီးမှု၊ ရာဇဝတ်မှု၊ အိမ်ထောင်ပြိုကွဲမှု၊ စာရိတ္တပျက်ပြားမှု၊ ဖျားနာမှု၊ ဝမ်းနည်းကြေကွဲမှုနှင့် သေခြင်းတို့သည် ဆက်၍ရှိနေဦးမည်။ ထို့ကြောင့် ကမ္ဘာ့အခြင်းအရာများ၏ အဓိပ္ပာယ်ကို သတိထားပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ပရောဖက်ပြုချက်ဆိုင်ရာ သတိပေးချက်များကို နာခံမည်ဆိုလျှင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသောမည်သည့် ကြွေးကြော်ချက်ကြောင့်မျှ သင့်အနေဖြင့် လှည့်စားခံရဖို့ အကြောင်းမရှိပါ။​—မာကု ၁၃:၃၂-၃၇; လုကာ ၂၁:၃၄-၃၆။

[အောက်ခြေမှတ်ချက်]

a ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်သည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့၌ ကွယ်လွန်၍ အင်၊ အိပ်ချ်၊ နောရ်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌအဖြစ် ဆက်ခံ၏။

b ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ဂျာမနီ၊ အီတလီနှင့် ဟန်ဂေရီနိုင်ငံတို့က “နိုင်ငံပေါင်းချုပ်သစ်” ကို လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက်ပြီး လေးရက်ကြာသော် ဗက်တီကင်က ဘာသာရေးငြိမ်းချမ်းမှုနှင့် စနစ်သစ်တစ်ရပ်အတွက် မစ္ဆားပွဲနှင့် ဆုတောင်းပွဲကို ရေဒီယိုအသံလွှင့်၍ ကျင်းပခဲ့သည်။ အဆိုပါ “နိုင်ငံပေါင်းချုပ်သစ်” သည် ဘယ်တော့မျှ အကောင်အထည် ပေါ်မလာခဲ့ချေ။

c သုံးပါးပေါင်းတစ်ဆူ အယူအဆသည် နေဘုရားရှားမာ့ရှ်၊ လဘုရားစင်းနှင့် ကြယ်ဘုရား အစ်ရှ်တာရ်တို့ကို သုံးပါးတစ်စုဘုရားအဖြစ် ကိုးကွယ်သော ရှေးဗာဗုလုန်မှ ဆင်းသက်လာသည်။ အီဂျစ်လည်း ထိုပုံစံအတိုင်း အိုစိုက်ရစ္စ၊ အိုက်စစ္စနှင့် ဟိုးရပ်စ်တို့ကို ကိုးကွယ်ကြသည်။ အဆီးရီးယားနိုင်ငံ၏ အဓိကဘုရား အာရှူးရ်ကို ဦးခေါင်းသုံးလုံးပါသော ဘုရားအဖြစ် ပုံဖော်ထားသည်။ ကက်သလစ် ဘုရားရှိခိုးကျောင်းများ၌လည်း ၎င်းပုံစံကိုတု၍ ဘုရားသခင်ကို ဦးခေါင်းသုံးလုံးရှိသော ဘုရားအဖြစ် ပုံဖော်ထားသည်ကိုတွေ့ရ၏။

d ဝက်ဘ်စတား၏ တတိယ အပြည်ပြည်ဆိုင်ရာ အဘိဓာန်သစ် (၁၉၉၃) က ယေဟောဝါ ဘုရားသခင်အား “ယေဟောဝါသက်သေများ အသိအမှတ်ပြုသော အကြီးမြင့်ဆုံးဘုရား၊ သူတို့ကိုးကွယ်သည့် တစ်ပါးတည်းသောဘုရား” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

[စာမျက်နှာ ၂၅၀ ပါ လေးထောင့်ကွက်]

“ငြိမ်းချမ်းရေး” ဝိရောဓိ

၁၉၈၆ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်သော်လည်း ကိုယ့်ကိုယ်ကို သတ်သည်နှင့်မခြားသော လက်နက်ပြိုင်ဆိုင်မှုသည် အရှိန်တိုးမြှင့်ခဲ့သည်။ ၁၉၈၆ ခုနှစ် ကမ္ဘာ့ စစ်ရေးစစ်ရာနှင့် လူမှုရေး ကုန်ကျစရိတ် စာစောင်က အလေးအနက် ဆင်ခြင်စေသော အောက်ပါအသေးစိတ် အချက်အလက်များ တင်ပြလိုက်သည်–

၁၉၈၆ ခုနှစ်၌ ကမ္ဘာ့စစ်စရိတ်သည် ဒေါ်လာသန်းပေါင်း ၉၀၀,၀၀၀ အထိတိုးမြှင့်ခဲ့သည်။

တစ်နာရီအတွင်း အသုံးပြုသော ကမ္ဘာ့စစ်သုံးစရိတ်သည် နှစ်စဉ်သေဆုံးသော လူပေါင်း ၃.၅ သန်းကို ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပေးဖို့ လုံလောက်မည်ဖြစ်၏။

ကမ္ဘာတစ်ဝန်းတွင် လူငါးယောက်လျှင်တစ်ယောက် ဆင်းရဲခြင်းဒဏ်ကို တမြည့်မြည့်ခံစားနေရသည်။ ထိုငတ်ပြတ်နေသူအားလုံးကို ကမ္ဘာ့ စစ်လက်နက်စရိတ် နှစ်ရက်စာဖြင့် တစ်နှစ်တိုင် ကျွေးမွေးနိုင်သည်။

ကမ္ဘာ့နျူကလီးယားလက်နက် အစုအပုံ၏ ပေါက်ကွဲအားသည် ချနိုဘိုင်းလ်ပေါက်ကွဲအားထက် အဆပေါင်း ၁၆၀,၀၀၀,၀၀၀ ပို၍ပြင်းထန်၏။

၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားမြို့ပေါ် ကြဲချခဲ့သောဗုံး၏ အဆပေါင်း ၅၀၀ မက ပြင်းထန်သော နျူကလီးယားဗုံးကို ယနေ့ ဖောက်ခွဲနိုင်၏။

နျူကလီးယားလက်နက်တိုက်များတွင် ဟီရိုရှီးမားပေါင်း တစ်သန်းကျော်နှင့်ညီမျှသော လက်နက်များရှိသည်။ ၎င်းတို့သည် လူ ၃၈ သန်းသေကျေခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖောက်ခွဲခဲ့သည့်ယမ်းအား၏ အဆပေါင်း ၂,၇၀၀ နှင့် ညီမျှသည်။

စစ်ဖြစ်သည့်အကြိမ်နှင့် အသေအပျောက်သည် ယခင်ထက် တိုးများလာသည်။ ၁၈ ရာစု၌ စုစုပေါင်း လူ ၄.၄ သန်း၊ ၁၉ ရာစု၌ ၈.၃ သန်း၊ ၂၀ ရာစု၏ ပထမ ၈၆ နှစ်အတွင်း ၉၈.၈ သန်း စစ်ကြောင့်သေဆုံးခဲ့၏။ ၁၈ ရာစုမှစ၍ စစ်ကြောင့်သေဆုံးသော လူဦးရေသည် ကမ္ဘာ့လူဦးရေတိုးပွားနှုန်းထက် ခြောက်ဆမက မြန်ဆန်၏။ ၂၀ ရာစု၌ ပျမ်းမျှစစ်ပွဲတစ်ပွဲတွင် သေဆုံးသောဦးရေသည် ၁၉ ရာစု၏ ဆယ်ဆဖြစ်သည်။

[စာမျက်နှာ ၂၄၇ ပါ ရုပ်ပုံ]

နီမြန်းသော သားရဲနှင့်ပတ်သက်၍ ပရောဖက်ပြုထားသည့် အတိုင်း နိုင်ငံပေါင်းချုပ်အဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်း တွင်းနက်ထဲသို့ကျပြီး ကုလသမဂ္ဂအဖြစ် ပြန်ရှင်သန်လာ

[စာမျက်နှာ ၂၄၉ ပါ ရုပ်ပုံ]

ကုလသမဂ္ဂ၏ “ငြိမ်းချမ်းရေးနှစ်” ကိုထောက်ခံသည့်အနေနှင့် ကမ္ဘာ့ဘာသာများမှ ကိုယ်စားလှယ်များသည် အီတလီနိုင်ငံ၊ အစစ်စီမြို့တွင် ဆုတောင်းချက်အမျိုးမျိုးကို ကျွက်ကျွက်ညံအောင် ပြုခဲ့ကြသော်လည်း သူတို့ထဲမှတစ်ဦးမျှ အသက်ရှင်သော ဘုရားသခင် ယေဟောဝါထံ ဆုမတောင်းခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ