ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၅/၁၅ စာ. ၃-၆
  • မဟာဗာဗုလုန်—သူမ၏ အဆုံးစီရင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာဗာဗုလုန်—သူမ၏ အဆုံးစီရင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဘောင်၏ ခရစ်ယာန်မဆန်သည့် မှတ်တမ်း
  • မှောက်မှားသောဘာသာ မည်သို့ပျက်စီးရ
  • ဘယ်သောအခါ တရားစီရင်ခံရ
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၅/၁၅ စာ. ၃-၆

မဟာဗာဗုလုန်—သူမ၏ အဆုံးစီရင်ခြင်း

“နဖူး၌အက္ခရာတင်သောဘွဲ့မူကား ‘နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏အမိ’ ပေတည်း။” “သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်းဘေးဒဏ်များတို့နှင့် တစ်နေ့ခြင်းတွင်တွေ့၍ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကိုခံရလိမ့်မည်။ သူ့ကိုစီရင်တော်မူသော ယေဟောဝါဘုရားသခင်သည် ခွန်အားဗလကြီးတော်မူ၏။”—ဗျာဒိတ် ၁၇:၅။ ၁၈:၈။

ခေတ်သက္ကရာဇ် ပထမရာစုတွင် တမန်တော်ယောဟန်ရေးသားခဲ့သော ထိုစကားများကြောင့် ကျွန်ုပ်တို့စိတ်ရှုပ်သွားမည်မှာအမှန်။ ဤ ‘ပြည့်တန်ဆာတို့၏မိခင်’ ကား မည်သူနည်း။ ဤမျှခက်ထန်စွာ သူမကို ဘုရားသခင်တရားစီရင်ရန် သူမ ကိုယ်တော်ကို မည်သို့စိတ်တော်နာကျည်းစေခဲ့ပြီနည်း။ နက်နဲရာပြည့်တန်ဆာ၊ မဟာဗာဗုလုန်အပေါ် ဘုရားသခင့်စီရင်ချက်များကြောင့် အလွန်ပျက်စီးဆုံးရှုံးရသည်ကား အမှန်။ ယင်းကြောင့် ဤပြည့်တန်ဆာသည် မည်သူမည်ဝါဖြစ်သည်၊ သူမ၏ဖြစ်ရပ်သည် ကျွန်ုပ်တို့ကို မည်သို့ဂယက်ရိုက်ထိခိုက်နိုင်သည်ကို ကြိုတင်သိရှိထားရန်လိုသည်။—ဗျာဒိတ် ၁၈:၂၁။

မဟာဗာဗုလုန်သည် မည်သူ သို့မဟုတ် မည်သည့်အရာကို တင်စားသနည်း။ သူမနှင့် ကမ္ဘာ့အစိုးရမင်းများ မတရားမေထုန်ပြု၍ ကုန်သည်များနှင့်လည်း ကုန်ကူးသည်ဟု သမ္မာကျမ်းစာဆိုထား၏။ (ဗျာဒိတ် ၁၈:၃) ထိုကြောင့် သူမသည် နိုင်ငံရေး သို့မဟုတ် အကြီးစားစီးပွားရေးကို တင်စားမည်မဟုတ်။ ယင်းကြောင့် ‘ပြည့်တန်ဆာတို့၏အမိ’ ဘွဲ့ကိုခံယူနိုင်သည့် တတိယတန်ခိုးကြီးသာ ကျန်ရှိတော့သည်။ သူမသည် စာတန့်မှောက်မှားသောဘာသာ ကမ္ဘာ့အင်ပါယာမှတစ်ပါး အခြားမည်သူမျှမဖြစ်နိုင်။a

ဤတွင် ကျန်ရှိသေးသည့်မေးခွန်းများကား အဘယ်ကြောင့်၊ အဘယ်နည်း နှင့် အဘယ်အချိန်တွင် မဟာဗာဗုလုန် တရားစီရင်ခြင်းခံရမည်နည်း။ သို့မဟုတ် စာသားအတိုင်း ပြောရလျှင် အဘယ်ကြောင့်၊ အဘယ်နည်း နှင့် အဘယ်အချိန်တွင် ဤကမ္ဘာပေါ်မှ မှောက်မှားသောဘာသာ ပျောက်ကွယ်သွားမည်နည်း။

ခရစ်ယာန်ဘောင်၏ ခရစ်ယာန်မဆန်သည့် မှတ်တမ်း

မှောက်မှားသောဘာသာ၏ မှတ်တမ်းကို သုံးသပ်ရာတွင် ဤရှေးပရောဖက်ပြုစကားကို သတိရပေမည်။ “လေမျိုးစေ့ကိုကြဲ၍ လေဘွေစပါးကို ရိတ်ရကြလိမ့်မည်။” (ဟောရှေ ၈:၇) ယင်းသည် ခရစ်ယာန်တမန်တော်ပေါလု တင်ပြခဲ့သော ဤမူနှင့် သဘောချင်းတူညီသည်။ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၇) မှောက်မှားသောဘာသာသည် ကမ္ဘာချီ အဘယ်အရာကိုကြဲခဲ့ပြီနည်း။ အဘယ်အရာကို ရိတ်သိမ်းစရာရှိသနည်း။

ကိုယ်နှင့်စပ်ဆိုင်သူသာမက ရန်သူများကိုပါ ချစ်ရမည်ဟု တပည့်နောက်လိုက်များအား ယေရှုခရစ် သင်ကြားတော်မူခဲ့သည်။ (မဿဲ ၅:၄၃၊ ၄၄) ဟေဗြဲကျမ်းမှကိုးကားလျက် ရန်သူတို့အား ခရစ်ယာန်များ မည်သို့ပြုကျင့်အပ်ကြောင်း ပေါလုရှင်းပြခဲ့သည်။ “‘သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားလိမ့်မည်။’ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။”—ရောမ ၁၂:၂၀၊ ၂၁။

သို့ရှိစေကာမူ ခရစ်ယာန်ဘောင်၏ ဘာသာရေးသမိုင်းကား မုန်တီးမှုနှင့် သွေးသွန်းခြင်းသာတည်း။ လုယက်ဖျက်ဆီးခြင်း၊ ဗလက္ကာရပြုမှု နှင့် သေခြင်း ပါဝင်သော ရှေးခေတ်နှင့် မျက်မှောက်ခေတ် ခရူးဆိတ်တိုက်ပွဲများကို ကောင်းချီးပေး ခွင့်ပြုထားပေပြီ။ ဥပမာ၊ အဲဗစီနီယျာကို ဖက်ဆစ်ဝါဒီ အီတလီနိုင်ငံ ဗလက္ကာရပြုခြင်း (၁၉၃၅)၊ စပိန်ပြည်တွင်းစစ်ဖြစ်ချိန်တွင် ဖရန်ကို၏ “ခရူးဆိတ်” (၁၉၃၆-၃၉) ကို ကာသိုလိပ်အသင်းရှိ ဂုဏ်ထူးရာခံများ ကောင်းချီးပေးခဲ့သည်။

ဘာသာတရားအယူအဆ ကွဲလွဲသူများကို သစ်တိုင်ပေါ် မီးရှို့ပစ်ခြင်းဖြင့် ထိုအမှုများကို ဖြေရှင်းခဲ့သည်။ မိမိဘာသာပြန်ဆိုခဲ့သည့် အင်္ဂလိပ်ဘာသာစကားဖြင့် “ဓမ္မသစ်ကျမ်း” ကို ထုတ်ဝေပြီးနောက် ၁၅၃၆ ခုနှစ်တွင် ကျမ်းစာဘာသာပြန်သူ ဝီလ်လျမ်တင်ဒေးလ် (William Tyndale) သည် လည်ပင်းညှစ်အသတ်ခံရပြီးနောက် သူ့ရုပ်ကလာပ်မီးရှို့ခံခဲ့ရသည်။ ဤကိစ္စအရင် ပါပရဟန်းမင်း ပဉ္စမမြောက် မာတင်၏အမိန့်အရ ဘာသာရေးအာဏာရှင်များ ကလဲ့စားချေလိုစိတ်ဖြင့် ကျမ်းစာဘာသာပြန်သူ ဝစ်ကလစ် (Wycliffe) သေလွန်ပြီး ၄၄ နှစ်ရှိပြီးနောက်တွင် သူ၏အရိုးများကို တူးဖေါ်ကာ အားပါးတရ မီးရှို့ပစ်ကြသည်။ ကာသိုလိပ် အင်ကွီစစ်ရှင် (Inquisition) ခေါ်စစ်ဆေးမေးမြန်းချိန်တွင် ခရစ်တော်အမည်အတွက်ဟုဆိုလျက် ထောင်ပေါင်းများစွာသော ဂျူးတို့နှင့် ‘အယူတိမ်းသူများ’ ၏ဥစ္စာပစ္စည်းသိမ်းပိုက်၊ ညှဉ်းပန်းနှိပ်စက်၊ နှက်တိုင်တင် သတ်ဖြတ်ခံခဲ့ရကြသည်။ ရိုမန်ကာသိုလိပ်နှင့် ပရိုတက်စတင့်များ၏ နှိပ်စက်မှုကို ခံခဲ့ရသော ဘာသာရေးပညာတတ်မြောက်သူ စပိန်အမျိုးသား မိုက်ကယ်လ်ဆာဗီတပ်စ် (Michael Servetus) ဆိုလျှင် ပရိုတက်စတင့်ဖြစ်သူ ဂျောန်ကဲလ်ဗင် (John Calvin) ၏အမိန့်အရ သစ်တိုင်တင် မီးရှို့ခံခဲ့ရသည်။ ဤရာစုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကမ္ဘာ့စစ်ကြီးနှစ်ခုတွင် “ခရစ်ယာန်” ဓမ္မဆရာများ၏ကောင်းချီးကို စစ်တပ်များရရှိခဲ့၍ မျိုးချစ်စိတ်ပြင်းထန်သော သူတို့၏ဘုန်းကြီးများက သတ်ဖြတ်ရန် စစ်သားများကို တိုက်တွန်းကြသည်။

စစ်မှန်သော ခရစ်ယာန်ဘာသာနှင့် ကွာခြားလှသည်တကား။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူ ပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂-၁၄။

ရောမမြို့ရှိ ခရစ်ယာန်များအား ပေါလုဤသို့မှာကြားသည်။ “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟုယေဟောဝါမိန့်တော်မူ၏။’ (ရောမ ၁၂:၁၇-၁၉) ထိုကြောင့် ခရစ်ယာန်မူအတိုင်းဆိုလျှင် ခရစ်ယာန်ဘောင်သည် ယင်းကိုမလိုက်နာကြောင်း ထင်ရှားနေပြီ။ သူမသည် မုန်းတီးမှုနှင့် ကြောင်သူတော်ဆန်မှုကြဲခဲ့သဖြင့် ပျက်စီးခြင်းကိုသာ ရိတ်သိမ်းစရာရှိသည်။

မှောက်မှားသောဘာသာ မည်သို့ပျက်စီးရ

အဆင့်မြင့် ပုံဆောင်ချက်စကားဖြင့် ဗျာဒိတ်ကျမ်းက မဟာဗာဗုလုန်၏ပျက်စီးခြင်းကို ဖေါ်ပြထားသည်။ ဗျာဒိတ် ၁၇:၁၆ တွင် ဤသို့ဖတ်ရသည်။ “ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” “ချိုဆယ်ချောင်း” က ယခုကမ္ဘာ့ဇာတ်ခုံပေါ်ရှိ နိုင်ငံရေးအာဏာစက် အားလုံးကို ပုံဆောင်သည်။—ဗျာဒိတ် ၁၆:၂။ ၁၇:၃။b

မှောက်မှားသောဘာသာရေးတစ်ဖက် ကမ္ဘာတစ်ဝှန်းရှိ နိုင်ငံရေးအစိတ်အပိုင်းများ ဆူပူထကြွလာရန် အခြားအဘယ်အရေးအခင်းများ ပေါ်ပေါက်လာဦးမည်ကို စောင့်ကြည့်နေဖို့သာရှိသည်။ သို့သော် တစ်ခုကားသေချာသည်။ ဤအစိတ်ပိုင်းများအားဖြင့် မဟာဗာဗုလုန်တရားစီရင်ခံရခြင်းသည် သူတို့၏အလိုအတိုင်းမက ဘုရားသခင်၏အလိုတော်ရှိ၍လည်း ဖြစ်၏။ ဗျာဒိတ် ၁၇:၁၇ က ဤသို့ဆိုသည်။ “သူတို့သည် ဘုရားသခင်၏အလိုတော်ကို ပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော်မပြည့်စုံမီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌အပ်ပေးခြင်းငှာလည်းကောင်း ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။”—ယေရမိ ၅၁:၁၂၊ ၁၃ နှင့်နှိုင်းယှဉ်ပါ။

အလွဲမယူနှင့်။ မဟာဗာဗုလုန်အဆုံးစီရင်ခံရခြင်းသည် ဘာသာတရားဝင့်ဝါမှုနှင့် စွက်ဖက်မှုကို နိုင်ငံရေးက သည်းမခံနိုင်တော့သည့်အတွက်သာမဟုတ်။ ကမ္ဘာချီ မှောက်မှားသောဝတ်ပြုမှု ပျက်စီးရေးအတွက် နိုင်ငံရေးအစိုးရမင်းများသည် ဘုရားသခင်၏ လက်နက်များ အလိုအလျောက်ဖြစ်လာကြသည်။ “သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင်မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။”—ဗျာဒိတ် ၁၈:၅။

မာနထောင်လွှားသော မှောက်မှားသည့်ဘာသာတရား နှိမ့်ချခံရမည်ဟု ယေဟောဝါစီရင်တော်မူပြီ။ ပရောဖက်ပြုချက်က ဤသို့ဆိုသည်။ “သူသည် ကိုယ်ကိုချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်းကို ဖြစ်စေကြလော့။ ‘ငါကား မိဖုရားဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရ’ ဟု သူသည် အောက်မေ့တတ်၏။ ထိုကြောင့် သူခံရသော သေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်းဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ယေဟောဝါဘုရားသခင်သည် ခွန်အားဗလကြီးတော်မူ၏။”—ဗျာဒိတ် ၁၈:၇၊ ၈။

ဘယ်သောအခါ တရားစီရင်ခံရ

ထို “တစ်နေ့” သို့မဟုတ် လျင်မြန်စွာစီရင်ခံရသည့် အချိန်တိုသည် ယခုနီးပြီ။ အမှန်မှာ မဟာဗာဗုလုန်ပျက်စီးခြင်းက “ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလ” တိုင်စေသည်။ (ဟေရှာယ ၆၁:၂) ထိုနောက် ဘုရားသခင်၏ တရားမျှတသော အာမဂေဒုန်စစ်ပွဲကြီး ရောက်မည်။ စာတန်၏အစီအစဉ်စနစ် ကုန်လုပြီဖြစ်ကြောင်း ၁၉၁၄ ခုနှစ်မှအစပြုသည့် ကမ္ဘာ့အဖြစ်အပျက်များက သာဓကထူသည်။ ထိုကြောင့် ဘုရားသခင့်နိုင်ငံတော် အုပ်စိုးရမည့်အချိန် ရောက်လုပြီ။—လုကာ ၂၁:၃၂-၃၆။ ဗျာဒိတ် ၁၆:၁၄-၁၆။

မဟာဗာဗုလုန်ပျက်စီးခြင်းကို စစ်မှန်သောဘာသာကိုးကွယ်သူများ မည်သို့တုံ့ပြန်ကြမည်နည်း။ ဗျာဒိတ်ကျမ်းက ဤသို့ဆိုသည်။ “ကောင်းကင်မှစ၍ သန့်ရှင်းသူ တမန်တော်ပရောဖက်တို့၊ သူ့ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ သူ့ကိုတရားစီရင်တော်မူပြီ။” (ဗျာဒိတ် ၁၈:၂၀) ယေဟောဝါ၏ရည်ရွယ်ချက် ဖြစ်မြောက်လာ၍ နာမတော်သိဒ္ဓိတင်ခံရသောအခါ စကြဝဠာတစ်ခွင် ရွှင်လန်းခြင်းရှိမည်အမှန်။ ပရောဖက်ပြုချက်က ဤသို့ဆိုသည်။ “ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသောသူ အများတို့၏ အသံကား ‘ဂျား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။’ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။ မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏လက်ဖြင့် သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ’ ဟုပြောဆိုကြသည်ကိုငါကြား၏။”—ဗျာဒိတ် ၁၉:၁၊ ၂။

မဟာဗာဗုလုန်ပျက်စီးပြီးနောက် စာတန့်စနစ်၏ ကျန်အစိတ်အပိုင်းများကို ဘုရားသခင်တရားစီရင်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာကိုးကွယ်သောသူများနှင့် ကမ္ဘာပေါ်သို့ ရှင်ပြန်ထမြောက်လာမည့်သူ များစွာတို့အတွက်ပါ ထာဝရကောင်းချီးဖြစ်ပေလိမ့်မည်။ ဤသူအပေါင်းကို ယေရှုကတိပြုသကဲ့သို့ပင်ဖြစ်မည်။ “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင်ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၁၊ ၃၂။ ဗျာဒိတ် ၁၉:၁၁-၂၁။

ခေတ်ကာလများတစ်လျှောက် ဘုရားသခင်ကိုရှုတ်ချခဲ့သည့် မှောက်မှားသောဘာသာတရားသွန်သင်မှုများမှ စစ်မှန်သောဘာသာဝတ်ပြုသူများ လွတ်မြောက်နှင့်ပေပြီ။ ကတိတော်ရှိရာ ဖြောင့်မတ်ခြင်းတရားတည်သည့်ကမ္ဘာသစ်တွင် အသက်သေမည်ဟု စိုးရိမ်ခြင်းကင်းမည်။ အကြောင်းမှာ “ဘုရားသခင်သည် သူတို့နှင့်အတူရှိမည်။ သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေး မရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) နောက်တစ်ဖန်မရှိရတော့မည့် ရှေးဖြစ်ဖူးသောအရာတို့တွင် စာတန်၏ မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပိုင်ယာ မဟာဗာဗုလုန်ပါဝင်သည်။

[အောက်ခြေမှတ်ချက်များ]

a မဟာဗာဗုလန်ကိုသိရှိရန် အသေးစိတ်သာဓကများကိုသိရှိရန် ၁၉၉၀၊ ဧပြီလ ၁ ရက်ထုတ်ကင်းမျှော်စင်ကို ကြည့်ပါ။

b ဗျာဒိတ်ကျမ်းပါ ယင်းနှင့်အခြားသောပုံဆောင်ချက်များ၏ ရှင်းလင်းချက်များကို သိရှိရန် ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသော Revelation—Its Grand Climax At Hand! စာအုပ်ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ