ရှေ့ဆောင်ခြင်းလုပ်ငန်း၌ မည်သို့အောင်မြင်နိုင်
ရှေ့ဆောင်ဓမ္မအမှုသည် သင့်ဘဝလုပ်ငန်း ဖြစ်သလော။ အသင်သည် ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့်နိုင်ငံတော်သတင်းကြွေးကြော်သူဖြစ်လျှင် အောင်မြင်ရန် သင်စိတ်ဝင်စားပေမည်။ သို့သော် အောင်မြင်ရန် လုပ်ငန်းရပ်တစ်ခုတွင် အချိန်ကုန်ခံရုံထက်မက လိုပါသည်။ အောင်မြင်သူတစ်ဦးသည် လေ့ကျင့်မှုယူပြီး မိမိစွမ်းရည်များကို အမြဲတိုးတက်နေစေရမည်။
ရှေ့ဆောင်အဖြစ် ဆက်အမှုဆောင်ရုံမက သင့်ဘဝလုပ်ငန်းတွင် တိုးတက်မှုလည်း မည်သို့ရှိနိုင်မည်နည်း။ သင်သုံးသပ်နိုင်သော အဓိကမေးခွန်းအနည်းငယ်ရှိသည်။
ဘုရားသခင်နှင့် ကျွန်ုပ်၏ဆက်ဆံမှုသည် မည်မျှကောင်းမွန်သနည်း
ရှေ့ဆောင်အဖြစ်အောင်မြင်ရန် အရေးအကြီးဆုံးအချက်တစ်ခုမှာ ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးကောင်းမွန်သော ဆက်ဆံမှုရှိခြင်းဖြစ်သည်။ ယင်းကိစ္စတွင် ဆာလံဆရာဒါဝိဒ်မှ သင်ခန်းစာရယူနိုင်သည်။ သူဤသို့ပန်ကြားခဲ့သည်။ “အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သောဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။”—ဆာလံ ၂၅:၄၊ ၅။
‘သူ့ကိုကယ်တင်သောဘုရားသခင်’ ကို ဒါဝိဒ်လုံးဝအားကိုးအားထားခဲ့သည်။ သူ့အားယေဟောဝါသွန်သင်ပေးရန်၊ ‘ကိုယ်တော်၏လမ်းတို့ကို ပြညွှန်’ ရန် သူအလိုရှိခဲ့သည်။ ဘုရားသခင့်အလိုတော်နှင့်တွေ့ချင်သောစိတ် ဒါဝိဒ်၌ပြင်းပြခဲ့သည်ကို သင်မြင်ပါသလော။ ယင်းသည် အမှတ်မထင်ပေါ်လာသောဆန္ဒမကပါ။ အကြောင်းမှာ “ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏” ဟုဒါဝိဒ်ပြောဆိုသည်။
သို့သော် ယေဟောဝါနှင့် ဤမျှမည်သို့ရင်းနှီးသောဆက်ဆံမှု ရှိနိုင်မည်နည်း။ အထက်ပါစကားများသည် ဆုတောင်းစဉ် ဒါဝိဒ်မြွက်ဆိုခဲ့သောစကားများဖြစ်သည်ကို သတိပြုပါ။ ဆုတောင်းခြင်းဖြင့် အဆက်အသွယ်ပြုလုပ်ခြင်းကား ဘုရားသခင်နှင့် ကောင်းမွန်သောဆက်ဆံမှုရှိခြင်း၏အခြေခံဖြစ်သည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် စကားပြောဆိုရန် ကြိုတင်ချိန်းချက်ထားစရာမလိုကြောင်း သိထားခြင်းမှလည်း စိတ်သက်သာမှု ရရှိနိုင်သည်။ အချိန်အခါမရွေး ကိုယ်တော်ကို ချဉ်းကပ်နိုင်ပါသည်။ ဒါဝိဒ်ပြောသကဲ့သို့ပင် “ကျွန်တော်မျိုးသည် အထံတော်သို့ တစ်နေ့လုံး ဆုတောင်းပတ္ထနာပြု” နိုင်ပါသည်။ (ဆာလံ ၈၆:၃၊ သတင်းကောင်းကျမ်း) စုံလင်သောလူသားအဖြစ် မြေကြီးပေါ်သက်တော်ထင်ရှားခဲ့သော ဘုရားသခင့်၏သားတော်ကိုယ်တိုင်ပင် ခမည်းတော်အကူအညီမပါဘဲ မတတ်နိုင်ကြောင်း အသိအမှတ်ပြုခဲ့သည်။ နံနက်စောစောမှ တစ်နေ့တာအတွင်း ညနက်ချိန်အထိပင် တစ်နေ့လုံး ယေရှုဆုတောင်းပတ္ထနာပြုခဲ့သည်။—မာကု ၁:၃၅။ လုကာ ၁၁:၁။ ၆:၁၂။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ဓမ္မအမှုတွင် အောင်မြင်မှုရှိလိုလျှင် ယေရှု၏ပုံသက်သေကို လိုက်နာကျင့်သုံးရမည်။ (ဟေဗြဲ ၅:၇) ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ နှစ်ပေါင်း ၃၀ တိုင် အောင်မြင်စွာရှေ့ဆောင်ခဲ့သော ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ဆိုသည်။ “ရှေ့ဆောင်ဘဝမှာ ကျွန်မအောင်မြင်ရအောင် ဆုမတောင်းဘဲမဖြစ်နိုင်ဘူး။ ဒီလိုဆုတောင်းခဲ့လို့လဲ ယေဟောဝါကို ကျွန်မလုံးလုံးအားကိုးနိုင်ခဲ့တယ်။ ကိုယ့်ဟာနဲ့ကိုယ် ဘာမှမတတ်နိုင်ဘူးဆိုတာ သိနားလည်ခဲ့တယ်။ ဆက်အမှုဆောင်နိုင်ဖို့လည်း ယေဟောဝါအကူအညီကို အမြဲတောင်းဆိုတယ်။”
မှန်သည်။ ရှေ့ဆောင်လုပ်ငန်း၌ အောင်မြင်နိုင်ရန် ယေဟောဝါနှင့် ကောင်းမွန်သောဆက်ဆံမှုအမြဲရှိနေရမည်။ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ကိုလုံးလုံးလျားလျား အားထားနေရမည်။ သို့ရာတွင် သင့်ကိုယ်ကိုမေးမြန်းရန် အောက်ပါမေးခွန်းသည် အရေးကြီးသောမေးခွန်းတစ်ခုဖြစ်သည်။
လူများကို အကျွန်ုပ်ဘယ်လောက်ချစ်သလဲ
ရှေ့ဆောင်ခြင်းသည် မေတ္တာ၏ပြယုဂ်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အချိန်ပြည့်ဓမ္မအမှုတွင် ကိုယ်ကျိုးစွန့်စိတ်ထား ပါဝင်ပေသည်။ ရှေ့ဆောင်အနေနှင့် သူတစ်ပါးကိုကူညီပေးရန် သင့်အချိန်နှင့် ခွန်အားကို အမြဲပေးနေရသည်။ သို့သော် ဤသို့သင်ဆက်လုပ်နိုင်ရန် သူတစ်ပါးအကျိုးကို တကယ်စိတ်ဝင်စားမှုရှိရမည်။ မြေကြီးပေါ်ရှိစဉ် လူများအတွက် ဤကဲ့သို့သောမေတ္တာကို ယေရှုတင်ပြခဲ့သည်။ ဥပမာ၊ “ခဏအားဖြည့်၍ ငြိမ်သက်စွာ” နေကြရန် ဆိတ်ကွယ်ရာအရပ်သို့ တပည့်တော်များနှင့်အတူ ယေရှုတစ်ချိန်ကသွားခဲ့သည်။ သို့ရာတွင် လူအုပ်သည် သူတို့အရင် ထိုနေရာသို့ရောက်ခဲ့ကြသည်။ “ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမသြဝါဒကို ပေးတော်မူ၏။”—မာကု ၆:၃၀-၃၄။
ယေရှုနည်းတူ ရှေ့ဆောင်များအနေနှင့် လူများအတွက် စိတ်ရင်းနှလုံးမှ ချစ်တတ်သောမေတ္တာရှိရမည်။ ဤသို့သောမေတ္တာထားရှိလျှင် သူတို့အကျိုးအလိုငှာ ကိုယ်ကျိုးစွန့်စေမည်။ ကျမ်းတတ်တစ်ဦး တစ်ချိန်ကယေရှုအားပြောခဲ့သကဲ့သို့ပင် “ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကိုပူဇော်ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်။” (မာကု ၁၂:၃၃) ကျွန်ုပ်တို့ဓမ္မအမှုတွင် အဘယ်အမှုများပြုလုပ်သည်သာမက ယင်းကိုအဘယ်ကြောင့်ပြုလုပ်ရခြင်းသည်လည်း အရေးကြီးကြောင်း အဆိုပါစကားက သဘောပေါက်စေသည်။
ရှေ့ဆောင်အနေနှင့် အခြားသူတို့ထက် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အသင်အချိန်ပိုကုန်ခံပါသည်။ တစ်ချိန်တည်းတွင် လူများများနှင့်လည်း သင်တွေ့ဆုံဆက်ဆံရသည်။ သူတို့အပေါ် သင့်စိတ်ထားမည်သို့ရှိသနည်း။ ရှေ့ဆောင်တစ်ဦးဤသို့ဆိုသည်။ “ချစ်ခြင်းသည် ဘုရားသခင့်ဝိညာဉ်အသီးဖြစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါကြောင့် မေတ္တာသာမရှိရင် ကျွန်မရှေ့ဆောင်အဖြစ် အောင်မြင်ဖို့နေနေသာသာ သမ္မာတရားမှာတောင်ရှိမယ်မထင်ဘူး။ ချစ်ခြင်းကြောင့် လူများကို ကျွန်မစိတ်ဝင်စားလာတယ်။ သူတို့လိုအပ်ရာများကိုမြင်တတ်လာတယ်။ လူများလည်း မေတ္တာကိုတုံ့ပြန်တတ်တယ်ဆိုတာ သဘောပေါက်လာတယ်။ တစ်ခါတစ်လေတော့ လူတို့ရဲ့စိတ်နေသဘောထားကြောင့် လူများအပေါ်ထားတဲ့မေတ္တာ စမ်းသပ်ခံရတဲ့အခါမျိုးရှိတယ်။ အဲ့ဒီအခါမျိုးမှာ သူတို့ကိုဂရုစိုက်နားထောင်ပေးပြီး စိတ်ရှည်ဖို့ ကြိုးစားရတယ်။”
သင့်ရပ်ကွက်နေသူများအပေါ် ထိုသို့စိတ်ထားပါသလော။ အောင်မြင်သောရှေ့ဆောင်ဖြစ်ရန် လူများကိုချစ်ရမည်။ (၁ သက်သာလောနိတ် ၂:၆-၈) သို့ရာတွင် ရှေ့ဆောင်ဘဝလုပ်ငန်းတွင် ထိရောက်ဖို့ရန် အစီအစဉ်ဇယားကောင်းကောင်းရှိဖို့လိုသည်။ ထိုကြောင့် ကိုယ့်ကိုယ်ကိုဤသို့မေးပါ။
အကျွန်ုပ်မှာ ညီမျှသောအစီအစဉ်ရှိပါသလော
အချိန်ပြည့်ဓမ္မအမှုတွင် အောင်မြင်စွာ ဆက်ပါဝင်ခြင်းငှာ ရှေ့ဆောင်သည် စည်းစနစ်ကျမှုရှိရမည်။ ကိုယ်ရေးကိုယ်တာအစီအစဉ်ကောင်းမရှိလျှင် ရှေ့ဆောင်လုပ်ငန်းသည် ဦးနှောက်ချောက်စရာဖြစ်နိုင်သည်။ လယ်ကွင်းဓမ္မအမှု၌ အချိန်မည်မျှအသုံးပြုရန် အစီအစဉ်ဇယားရေးဆွဲထားရုံသာမက ပြုလုပ်စရာလိုသည်။
တိမ်းစောင်းမှုမရှိညီမျှသော အစီအစဉ်ဇယားရှိရမည်။ သင့်မှာရှိသလော။ သင့်ကိုယ်ကို ဤသို့မေးသင့်သည်။ အကျွန်ုပ် ဓမ္မအမှုကဏ္ဍအသီးသီးတွင် သင့်တော်သောအချိန် မျှမျှတတပါဝင်နေပါသလော။ ရပ်ကွက်ရှိ လူများနှလုံးကိုထိမိရန် အကျွန်ုပ်အတတ်နိုင်ဆုံး ကြိုးစားနေသည်ဟု ဆိုနိုင်ပါသလော။ လူများအိမ်တွင်ရှိသည့်အခါ သူတို့ထံလည်ပတ်ရန် အကျွန်ုပ်အစီအစဉ်ဇယားကို လိုအပ်သလိုပြုပြင်ရေးဆွဲနေပါသလော။ ထိရောက်သောပြန်လည်ပတ်မှုများကို အကျွန်ုပ်ပြုလုပ်နေပါသလော။ ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဆုံးမသြဝါဒပေးကြလော့” ဟုမိန့်မှာသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဟောပြောခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်း နှစ်ရပ်စလုံးသည် ကျွန်ုပ်တို့ဓမ္မအမှုတွင် မပါမဖြစ်၊ ပြုကိုပြုရမည့် လုပ်ငန်းများဖြစ်သည်။ စာပေဝေငှနိုင်ရုံနှင့် ကျေနပ်နေသလော။ သို့မဟုတ် ကျမ်းစာစာပေ ယူသည်မယူသည်အပထား စိတ်ဝင်စားမှုပြသူ အားလုံးထံ ပြန်လည်ပတ်သလော။ လိုရင်းပြောရလျှင် သင့်အချိန်ကို တန်ဖိုးရှိစေနေသလော။
အကျွန်ုပ်သည် တိုးတက်မှုရှိသော ပို့ချသွန်သင်သူလော
ဤမည်ကား အခြားအရေးကြီးမေးခွန်းတစ်ခုဖြစ်သည်။ ၂ တိမောသေ ၄:၂ (သတင်းကောင်းကျမ်း) တွင် ပေါလုဤသို့ရေးသားခဲ့သည်။ “အချိန်အခါသင့်သည်ဖြစ်စေ မသင့်သည်ဖြစ်စေ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ . . . စိတ်ရှည်စွာ သွန်သင်လော့။” နှုတ်ကပတ်တရားကို အသင်းတော်အတွင်းအပြင်၌ ဟောပြောရန် အောင်မြင်မှုရှိသောရှေ့ဆောင်များသည် သွန်သင်ခြင်းစွမ်းရည်ကို ရယူရန်နှင့် တိုးတက်စေရန် ကြိုးစားကြသည်။ သွန်သင်ပေးခြင်းကို ပေါလုက စွမ်းရည်ဟုအဘယ်ကြောင့် ခေါ်ဆိုသနည်း။ သွန်သင်ပေးရန် ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုလိုအပ်သောကြောင့်ဖြစ်သည်။
သွန်သင်ပေးသူတစ်ဦးအနေနှင့် သင့်ကျွမ်းကျင်မှုကို မည်သို့တိုးတက်စေမည်နည်း။ တမန်တော်ပေါလုဖြေဆိုထားသည်။ “လူအပေါင်းတို့သည် သင်၏တိုးတက်အောင်မြင်မှုများကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖေါ်ပြခဲ့သည့် တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာ ဆောင်ရွက်လော့။ (၁ တိမောသေ ၄:၁၅၊ သတင်းကောင်းကျမ်း) မှန်သည်။ ရှေ့ဆောင်များသည် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု၊ အလေးအနက်ပြန်စဉ်းစားရန်၊ ဆင်ခြင်သုံးသပ်ရန် အချိန်ပေးရမည်။ ယင်းသို့ပြုရာ၌ Reasoning From the Scriptures, Our Kingdom Ministry နှင့် Theocratic Ministry School Guidebook အစရှိသည့်စာအုပ်များပါ အကြံပြုချက်များကို လက်တွေ့ကျင့်သုံးခြင်း ပါဝင်သည်။a
ထိုကြောင့် ရှေ့ဆောင်ဓမ္မအမှုတွင် အောင်မြင်ဖို့ရန် ယေဟောဝါဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကောင်းဖို့ အမြဲဂရုစိုက်ပါ။ ယင်းက လူများအပေါ် စိတ်ရင်းနှလုံးမှ ဖြစ်ပေါ်သောမေတ္တာစိတ်ရှိစေ၍ ယင်းကိုတင်ပြရန် တိုက်တွန်းပေးပါလိမ့်မည်။ ဤချစ်ခြင်းကိုတင်ပြခြင်းငှာ ဓမ္မအမှုတွင် အချိန်မည်မျှကုန်ခံသည်ကိုသာမက သင့်အချိန်ကို တန်ဖိုးရှိစေရန်လည်း ဂရုပြုရမည်။ မည်သို့အားဖြင့်နည်း။ လူများစွာထံ နိုင်ငံတော်သတင်းရောက်စေရန် အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့်ဖြစ်သည်။ ထိုနောက် ဓမ္မအမှုတွင် လူများကိုချဉ်းကပ်ပုံ နည်းအမျိုးမျိုး တတ်ထားခြင်းဖြင့်လည်းကောင်း၊ သင့်သွန်သင်ပေးနိုင်စွမ်းကို ထက်မြက်လာခြင်းငှာ ကျမ်းစာကို ဝီရိယစိုက်ထုတ် လေ့လာခြင်းအားဖြင့်လည်းကောင်း သွန်သင်ပို့ချသူတစ်ဦးအနေနှင့် ဆက်တိုးတက်နေပါ။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့ရှိ ကင်းမျှော်စင် ကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေထားသည်။