ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော
    ကင်းမျှော်စင်—၂၀၁၀ | ဇွန် ၁
    • အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော

      ယခင်က  ချာ့ချ်များတွင်  တရားဟောဆရာများသည်  “သေပြစ်ခုနစ်မျိုး” ဖြစ်သော ကိလေသာပူပန်ခြင်း၊ စားကြူးခြင်း၊ စည်းစိမ်ဥစ္စာမက်မောလွန်းခြင်း၊  ပျင်းရိခြင်း၊  ဒေါသကြီးခြင်း၊  မနာလိုခြင်းနှင့်  မာနကြီးခြင်းတို့အကြောင်း ဟောပြောလေ့ရှိသည်။ ထို့ပြင် အပြစ်ကျူးလွန်ခြင်း၏ ဆိုးကျိုးများကို ဖော်ပြကာ နောင်တယူကြရန် ပရိသတ်ကို တိုက်တွန်းလေ့ရှိသည်။ ယခုတွင်မူ တရားဟောဆရာများသည် “ပရိသတ်များ စိတ်ကသိကအောက်ဖြစ်စေမည့် အပြစ်အကြောင်း မဟောတော့ဘဲ ပရိသတ်အကြိုက်တွေ့မည့် အကြောင်းအရာများကိုသာ ရွေးချယ်ဟောပြောလာကြသည်” ဟုစာရေးဆရာတစ်ဦးက ဆို၏။

      သတင်းစာဆရာများကလည်း ယင်းအချက်ကို သတိပြုမိလာကြကာ သတင်းစာများတွင် ဤသို့ဖော်ပြထားသည်–

      ▪ “အပြစ်၊ နောင်တနှင့် ကယ်တင်ခြင်းစသော အကြောင်းအရာများသည် လူကြိုက်မများတော့ဘဲ မိမိကိုယ်ကိုယ်အမွှမ်းတင်ရန်နှင့် မိမိကိုယ်ကိုယ်ချစ်ရန် အားပေးသော ဟောပြောချက်များကသာ ရေပန်းစားနေတော့သည်။”—Star Beacon သတင်းစာ။

      ▪ “လူတို့တွင် အပြစ်ရှိသည်ဟူသောသိစိတ်၊ အပြစ်ကျူးလွန်မိမည်ကို စိုးရွံ့သောစိတ်တို့ မရှိတော့ချေ။”—Newsweek မဂ္ဂဇင်း။

      ▪ “‘ငါ့ကို ဘုရားသခင် ဘာတွေလုပ်စေချင်သလဲ’ ဟူ၍မမေးတော့ဘဲ ‘ငါ့အတွက် ဘုရားသခင် ဘာတွေလုပ်ပေးမလဲ’ ဟူ၍သာ တစ်ဖက်သတ် တောင်းဆိုနေတော့သည်။”—Chicago Sun-Times သတင်းစာ။

      လူမျိုးရေးနှင့်ဘာသာရေးနောက်ခံ  မတူညီသောလူတို့  အတူယှဉ်တွဲနေထိုင်ကြသည့်  ယနေ့ခေတ်တွင်  သူတစ်ပါး၏  ကိုယ်ကျင့်တရားစံနှုန်းများကို  မဝေဖန်လိုကြတော့ချေ။ အခြားသူများ၏ကိုယ်ကျင့်တရားကို ဝေဖန်မည်ဆိုလျှင် ရိုင်းရာကျသည်ဟု လူတို့ယူဆကြသည်။  အခြားသူများ၏ အပြုအမူများကို ဝေဖန်ခြင်းကပင်အကြီးမားဆုံးအပြစ်  ဖြစ်လာချေပြီ။  ထို့ကြောင့်  ‘သင့်အယူအဆသည်  သင့်အတွက်တော့ ကောင်းပေမည်။ သို့သော် ယင်းကို အခြားသူများလက်ခံဖို့ ဖိအားမပေးပါနှင့်။ ယနေ့ခေတ်တွင် လူတို့သည် စံနှုန်းအမျိုးမျိုးသတ်မှတ်ပြီး ကိုယ့်ဘ၀ကို ကိုယ့်ဘာသာကိုယ် တည်ဆောက်နေကြသည်။ မှန်ကန်ရာကိုသိသူမှာ သင်တစ်ဦးတည်းမဟုတ်။ သင့်စံနှုန်းများသည် သင့်အတွက် ကျိုးကြောင်းညီညွတ်သည့်နည်းတူ အခြားသူများ၏ စံနှုန်းများသည်လည်း ၎င်းတို့အတွက် ကျိုးကြောင်းညီညွတ်သည်’ ဟူ၍ လူတို့ တွေးခေါ်လာကြသည်။

      ထိုသို့သော ကျိုးကြောင်းဆင်ခြင်မှုများကြောင့် လူတို့၏သဘောထားများလည်း ပြောင်းလဲသွားလေပြီ။ ကြီးလေးသော အမှားများကို အပြစ်ဟူ၍ပင် မမြင်တော့ချေ။ ဥပမာ၊ လက်မထပ်ဘဲ အတူနေခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ လိင်တူဆက်ဆံခြင်းတို့သည် အပြစ်ကြီး၏ဟု လူတို့ ယခင်က သတ်မှတ်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင်မူ ယင်းတို့သည် လက်ခံနိုင်ဖွယ်ရာ သို့မဟုတ် သာမန်ဘ၀ပုံစံများ ဖြစ်လာသည်။

      “သာမန်” ဟု လက်ခံထားသောအရာများ သို့မဟုတ် “အပြစ်” ဟု ရှုတ်ချထားသောအရာများနှင့်ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားသည်မှာ သေချာသည်။ အဘယ်ကြောင့် ထိုသို့ပြောင်းလဲသွားသနည်း။ အပြစ်နှင့်ပတ်သက်သော သဘောတရား ပြောင်းလဲသွားပြီလော။ ယင်းနှင့်ပတ်သက်၍ သင်၏ရှုမြင်ချက်က အရေးကြီးသလော။

  • အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့
    ကင်းမျှော်စင်—၂၀၁၀ | ဇွန် ၁
    • အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့

      “လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧ၀ အပြစ်ကျူးလွန်ခဲ့သည့်အတွက် ကျွန်ုပ်တို့တွင်လည်း အပြစ်ပါလာသည်ဟူသော ယူဆချက်ကို ယနေ့ခေတ် လူတို့ မနှစ်သက်ကြပေ။ ထို့ပြင် အပြစ်နှင့်ပတ်သက်သော သဘောတရားကိုလည်း လက်မခံကြပေ။ . . . အဒေါ့ဖ်ဟစ်တလာနှင့် ဂျိုးဇက်စတာလင်ကဲ့သို့သော ပုဂ္ဂိုလ်များ အပြစ်ကျူးလွန်ခဲ့ကြသည်မှာ  မှန်သော်လည်း  ကျန်လူသားများကမူ  အပြစ်ကင်းသည်။”—The Wall Street Journal.

      အထက်ပါဖော်ပြချက်အရ ယနေ့လူအများစုသည် အပြစ်ဟူသော သဘောတရားကို လက်မခံကြတော့ချေ။ အဘယ်ကြောင့်နည်း။ လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့ပြီနည်း။ ယနေ့ခေတ်  လူတို့လက်မခံနိုင်ဖြစ်နေသော  အပြစ်နှင့်ပတ်သက်သည့် သဘောတရားမှာ အဘယ်နည်း။

      အပြစ်ဟုဆိုရာတွင် ကျွန်ုပ်တို့၏ ကနဦးမိဘများမှရရှိခဲ့သည့် အပြစ်နှင့် ကျွန်ုပ်တို့ကိုယ်တိုင် ကျူးလွန်သောအပြစ်ဟူ၍ နှစ်မျိုးရှိသည်။ ပထမတစ်ခုသည် မွေးကတည်းက ပိုင်ဆိုင်လာသောအရာဖြစ်သောကြောင့် ယင်းကို ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်မခံ၍မရ။  ဒုတိယတစ်ခုမှာ  အပြစ်ရှိမှန်းသိလျက်နှင့် တမင်ကျူးလွန်တတ်ခြင်းကိုဆိုလိုသည်။ ထိုအပြစ်နှစ်မျိုးအကြောင်း သေချာသုံးသပ်ကြည့်ကြစို့။

      ကျွန်ုပ်တို့သည် ကနဦးမိဘများထံမှ အပြစ်ကို အမွေရရှိခဲ့သလော

      အာဒံနှင့်ဧ၀သည် ၎င်းတို့၏အပြစ်ကို လူသားအားလုံးထံ လက်ဆင့်ကမ်းခဲ့ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်ပါလျက် မွေးဖွားလာကြ၏။ “မဖြောင့်မတ်မှုအားလုံးသည် အပြစ်ဖြစ်၏” ဟုကျမ်းစာကဆိုသည်။—၁ ယောဟန် ၅:၁၇။

      ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော၊ တာဝန်ယူစရာလည်းမလိုသော ရှေးတုန်းက ပြုခဲ့သည့်အမှားကြောင့် လူသားအားလုံး အပြစ်ပါလျက်  မွေးဖွားလာခဲ့သည်  ဟူသောအချက်ကို ခရစ်ယာန်များစွာက နားမလည်ကြသည့်အပြင် လက်လည်းမခံနိုင်ကြချေ။ အပြစ်ဟူသောသဘောတရားနှင့်ပတ်သက်၍  လူတို့၏တုံ့ပြန်မှုမှာ  “စိတ်ကသိကအောက်ဖြစ်ခြင်း၊ လုံး၀ငြင်းပယ်ခြင်း၊ စကားအရ ထောက်ခံကြသော်လည်း လက်တွေ့မကျင့်ခြင်း” တို့ဖြစ်သည်ဟု ခရစ်ယာန်ဓမ္မပညာပါမောက္ခ အက်ဒ်ဝါ့ဒ် အုက်စ်ကဆိုသည်။

      အမွေရခဲ့သောအပြစ်နှင့်ပတ်သက်သည့် သဘောတရားကို လူတို့လက်ခံရခက်သည့် အကြောင်းရင်းတစ်ခုမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၏ သွန်သင်ချက်များကြောင့်ဖြစ်သည်။ ဥပမာ၊ မွေးကင်းစကလေးများသည် အပြစ်များခွင့်လွှတ်ခံရရန် နှစ်ခြင်းခံဖို့လိုသည်ဟူသော အချက်ကို ငြင်းပယ်သူတိုင်းအား ကက်သလစ်အသင်းက ဦးစီးကျင်းပသည့်  ထရန့်ကောင်စီအစည်းအဝေး  (၁၅၄၅-၁၅၆၃)  တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ မွေးကင်းစကလေးသည် နှစ်ခြင်းမခံဘဲ သေဆုံးသွားပါက သန့်စင်မခံရသေးသော ၎င်း၏အပြစ်ကြောင့် ကောင်းကင်သို့ မည်သည့်အခါမျှ တက်ရတော့မည်မဟုတ်ဟု ကက်သလစ်ကျမ်းပညာရှင်များက ဆိုသည်။ ပရိုတက်စတင့်တစ်ဦးဖြစ်သူ ကျမ်းပညာရှင် ကယ်လ်ဗင်ကမူ ဤသို့သွန်သင်ခဲ့သည်– ‘မွေးကင်းစကလေးများသည် မိခင်၏ဝမ်းတွင်းကပင် အပြစ်ပါလာပြီးသားဖြစ်၏။ ထိုမွေးရာပါအပြစ်သည် ဘုရားသခင့်ရှေ့တွင် အလွန်မနှစ်မြို့ဖွယ်ဖြစ်သည်။’

      အမွေရလာသောအပြစ်ကြောင့် အပြစ်မဲ့သော မွေးကင်းစကလေးများ ညှဉ်းဆဲခံရမည်ဟူသော အယူအဆသည် လူ့သဘောသဘာ၀နှင့်ဆန့်ကျင်ကြောင်း လူအများစု အလိုလိုနားလည်ကြသည်။ မွေးရာပါအပြစ်ရှိသည်ဟူသော အယူအဆကို လူတို့လက်မခံရသည့် အကြောင်းရင်းမှာ  ထိုသွန်သင်ချက်ကြောင့်  ဖြစ်နိုင်သည်။  နှစ်ခြင်းမခံသေးသော  မွေးကင်းစကလေးများ  မီးငရဲတွင်  ညှဉ်းဆဲခံရမည်ဟူသောအချက်ကို  ဘာသာရေးခေါင်းဆောင်တချို့ပင်  လက်မခံနိုင်ကြချေ။ ထို့ကြောင့် မွေးကင်းစကလေးငယ်များ၏ ကြမ္မာသည် ယတိပြတ်မပြောနိုင်သော အချက်ဖြစ်နေဆဲပင်ဟု သူတို့ဆိုကြ၏။ ထိုအယူအဆသည် ခရစ်ယာန်အယူဝါဒဖြစ်မလာသော်လည်း နှစ်ခြင်းမခံသော ကလေးငယ်များ၏ ဝိညာဉ်သည် လင်ဘိုဟုခေါ်သော အရပ်တွင် နေထိုင်ရမည်ဟု  ကက်သလစ်အသင်းက  သွန်သင်လာသည်မှာ နှစ်ပေါင်းများစွာတိုင်လေပြီ။a

      မွေးရာပါအပြစ်ကို အယုံအကြည်လျော့နည်းသွားစေသည့် နောက်အချက်တစ်ခုမှာ ၁၉ ရာစုမှ အတွေးအခေါ်ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ကျမ်းပညာရှင်များက သမ္မာကျမ်းစာမှတ်တမ်းများကို သမိုင်းဝင်ဖြစ်ရပ်မှန်များအဖြစ် လက်ခံသင့်မသင့် စောဒကတက်ခဲ့ကြသောကြောင့်ဖြစ်သည်။  ဒါဝင်၏ဆင့်ကဲသီအိုရီအရ  အာဒံနှင့်ဧ၀မှတ်တမ်းသည် ဒဏ္ဍာရီမျှသာဖြစ်၏ဟု လူများစွာက ယူဆလာကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ထွက်စကားမဟုတ်ဘဲ ကျမ်းရေးသူတို့၏ အတွေးအခေါ်နှင့် ယုံကြည်ချက်များကို ဖော်ပြသောစာအုပ်မျှသာဖြစ်သည်ဟု  ယနေ့ခေတ်လူများက သတ်မှတ်ကြသည်။

      သို့ဆိုလျှင် လူသားတို့သည် ကနဦးမိဘထံမှ အပြစ်ကို လက်ခံရရှိခဲ့သည်ဟူသော အယူအဆသည် မည်သို့ဖြစ်သွားပြီနည်း။ အာဒံနှင့်ဧ၀တို့  အမှန်တကယ်အသက်မရှင်ခဲ့ဟု  ခရစ်ယာန်များလက်ခံလိုက်မည်ဆိုလျှင်  သူတို့ထံမှ  အပြစ်ကိုလည်း  လက်ခံရရှိမည်မဟုတ်ဟု ကောက်ချက်ချရတော့သည်။ ထို့ကြောင့် လူသားများ အပြစ်မကင်းကြောင်း ဝန်ခံသူများကပင် မွေးရာပါအပြစ်နှင့်ဆိုင်သော ထိုအယူအဆကို စုံလင်မှုမရှိသော လူ့သဘောသဘာ၀နှင့်ပတ်သက်၍သာ ညွှန်းဆိုကြတော့သည်။

      အာဒံနှင့်ဧ၀တို့ထံမှ အပြစ်ကို လူသားတို့ လက်ဆင့်ကမ်းမခံခဲ့ရဟုဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင် ကျူးလွန်သောအပြစ်နှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ ထိုအယူအဆလည်း ဘုရားသခင်ကို ပြစ်မှားရာရောက်သလော။

      ယင်းသည် အမှန်ပင် အပြစ်ရှိသလော

      ကိုယ်တိုင်ကျူးလွန်သောအပြစ်ဟူသည်  အဘယ်နည်းဟု  လူတို့အမေးခံရသောအခါ လူ့အသက်သတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ တပ်မက်ခြင်း၊ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ သူ့ဥစ္စာခိုးခြင်းစသော ပညတ်တော်ဆယ်ပါးတွင်ပါသော တားမြစ်ချက်များအကြောင်း စဉ်းစားမိကြသည်။ ထိုအပြစ်များကိုကျူးလွန်ပြီးနောက် နောင်တမယူဘဲ သေဆုံးသွားသူအားလုံး မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲခံရမည်ဟု ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ခေတ်အဆက်ဆက် သွန်သင်လာခဲ့ကြသည်။b

      ငရဲမှလွတ်မြောက်လိုလျှင်  အပြစ်များကို  ဖြေလွှတ်ပေးနိုင်သော ခရစ်ယာန်ဘုန်းတော်ကြီးထံ မိမိအပြစ်ကိုဝန်ခံရမည်ဟု ကက်သလစ်အသင်းက ဆိုသည်။ သို့သော် ကက်သလစ်ဘာသာဝင် အများစုအတွက်မူ မိမိအပြစ်ကိုဝန်ခံခြင်း၊ အပြစ်ခွင့်လွှတ်ခံရခြင်း၊ အာပတ်ဖြေခြင်းတို့နှင့်ဆိုင်သော ထုံးတမ်းများသည် အတိတ်တွင် ကျန်ရစ်ခဲ့ရာများ ဖြစ်လာခဲ့ပြီ။ ဥပမာ၊ အီတလီနိုင်ငံရှိ ကက်သလစ်များကို စစ်တမ်းကောက်ကြည့်ရာ ၆၀ ရာခိုင်နှုန်းက ကိုယ့်အပြစ်ကိုဝန်ခံဖို့ ချာ့ချ်မသွားကြတော့ကြောင်း တွေ့ရသည်။

      ကိုယ်တိုင်ကျူးလွန်သည့်အပြစ်၊ ယင်း၏ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ခရစ်ယာန်အသင်းများ၏ အထက်ပါရှင်းပြချက်သည် အပြစ်မကျူးလွန်မိစေရန် လူတို့ကို မတားဆီးပေးနိုင်ကြောင်း ထင်ရှားပါသည်။ ခရစ်ယာန်များစွာသည် ထိုအကျင့်များကို အပြစ်ရှိသည်ဟု မယူဆကြတော့ချေ။ ဥပမာ၊ အရွယ်ရောက်သူနှစ်ဦးသည် သူတစ်ပါးကို မထိခိုက်စေဘဲ နှစ်ဦးသဘောတူ လိင်အကျင့်ယိုယွင်းမည်ဆိုလျှင် အပြစ်မရှိဟု တချို့က ယူဆကြသည်။

      အပြစ်ကျူးလွန်သူများသည်  အပြစ်နှင့်ပတ်သက်၍  ၎င်းတို့သွန်သင်ခံခဲ့ရာများကို လက်မခံသောကြောင့် ထိုသို့ယူဆကြခြင်းဖြစ်နိုင်သည်။ ဘုရားသခင်သည် မေတ္တာရှင်ဖြစ်ပါလျက် အပြစ်ကျူးလွန်သူများကို မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲသည်ဟူသောအချက်ကို လူအများ ယုံရခက်နေသည်မှာ အမှန်ပင်။ ထိုသို့ယုံရခက်နေသည့်အတွက် အပြစ်ကို လူတို့ အလေးအနက်မထားကြတော့ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် အပြစ်နှင့်ပတ်သက်၍ လူတို့ အလေးအနက်မထားရသည့် အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။

      စံနှုန်းများကို ငြင်းပယ်ခြင်း

      လွန်ခဲ့သော ရာစုနှစ်အနည်းငယ်ခန့်တွင် ဖြစ်ပျက်ခဲ့ရာများကြောင့် လူ့အဖွဲ့အစည်းနှင့် လူ့အတွေးအခေါ်တို့တွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီ။ ကမ္ဘာစစ်ကြီးနှစ်ခု၊ မရေတွက်နိုင်သော စစ်ပွဲငယ်များနှင့်  မျိုးဖြုတ်သတ်ဖြတ်မှုများကြောင့်  အဆက်ဆက်ခံယူလာသော  စံနှုန်းများ၏တန်ဖိုးကို  လူများစွာက  သံသယဝင်လာကြသည်။ ‘လွန်ခဲ့သော ရာစုနှစ်များစွာက သတ်မှတ်ခဲ့ပြီး ခေတ်သစ်အရှိတရားများနှင့် လုံး၀ကင်းကွာနေသော စံနှုန်းများနှင့်အညီနေထိုင်ခြင်းသည် နည်းပညာတိုးတက်နေသော  ယနေ့ခေတ်တွင်  အဓိပ္ပာယ်ရှိပါမည်လော’ ဟုလူတို့ မေးလာကြသည်။ အဓိပ္ပာယ်မရှိဟု ကျိုးကြောင်းဆင်ခြင်မှုကို အဓိကထားသူများနှင့် ကျင့်ဝတ်စံနှုန်းလေ့လာသူများက ကောက်ချက်ချကြသည်။ လူ့အဖွဲ့အစည်းသည် ယူဆချက်ဟောင်းများကို လျစ်လျူရှုပြီး အစွမ်းကုန်တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ပညာသင်ကြားရမည်ဟု သူတို့ယူဆကြသည်။

      ထိုသို့သောကျိုးကြောင်းဆင်ခြင်မှုကြောင့် လူတို့သည် ကျင့်ဝတ်စံနှုန်းများကို  လက်မခံကြတော့ချေ။  ဥရောပနိုင်ငံများစွာတွင် ချာ့ချ်တက်သူ မရှိသလောက်ပင်။ မည်သည့်အရာကိုမျှ ရေရေရာရာ လက်ခံခြင်းမရှိသူ  တိုးများလာပြီး  ချာ့ချ်၏သွန်သင်ချက်များသည် အဓိပ္ပာယ်မရှိဟုယူဆကာ  ပြောင်ပြောင်တင်းတင်း  ဆန့်ကျင်သူ များလာသည်။ လူသားတို့သည် ဆင့်ကဲဖြစ်ပေါ်လာပြီး ဘုရားသခင်လည်းမရှိပါက  ကျင့်ဝတ်စံနှုန်းများကို  ထည့်တွက်နေစရာမလိုဟုဆိုကြသည်။

      ၂၀ ရာစုတွင် အနောက်နိုင်ငံများ၏ လျော့ရဲသောကျင့်ဝတ်များကြောင့် လိင်ဆိုင်ရာ ကိုယ်ကျင့်တရားနှင့်ပတ်သက်သော  ယူဆချက်များ ပြောင်းလဲလာခဲ့သည်။ ဆန္ဒပြမှုများ၊ ယဉ်ကျေးမှုဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ပဋိသန္ဓေတားဆေးများသုံးစွဲခြင်းတို့ကြောင့် ခေတ်အဆက်ဆက် လက်ခံလာသည့် တော်မှန်သောကျင့်ဝတ်များကို ငြင်းပယ်လာကြသည်။ မကြာမီတွင် ကျမ်းစာစံနှုန်းများကိုလည်း ငြင်းပယ်လိုက်ကြ၏။ မျိုးဆက်သစ်တို့သည် အပြစ်နှင့်ပတ်သက်၍ အသစ်သော သဘောထားနှင့် အသစ်သော ကိုယ်ကျင့်တရားတို့ကို ထောက်ခံလာကြသည်။ လိင်အကျင့်ယိုယွင်းမှုကို လက်ခံဖို့ သူတို့သုံးနှုန်းသောစကားမှာ “အချစ်စိတ်သည် တစ်ခုတည်းသော ပညတ်ဖြစ်၏” ဟု စာရေးဆရာတစ်ဦးက ဆိုသည်။

      လူ့အကြိုက်လိုက်သော ဘာသာတရား

      အမေရိကန်နိုင်ငံရှိ အခြေအနေတစ်ရပ်နှင့်စပ်လျဉ်း၍ နယူးစ်ဝိခ်မဂ္ဂဇင်းက ဤသို့ပွင့်လင်းစွာ ဖော်ပြထားသည်– “တရားဟောဆရာများသည် ပရိသတ်ကြားလိုရာကိုသာ ဟောပြောကြသည်။ သို့မဟုတ်ပါက ပရိသတ်သည် အခြားချာ့ချ်သို့ သွားတက်ကြပေမည်။” ပရိသတ်များကို ကျင့်ဝတ်စံနှုန်းများအကြောင်း အကြီးအကျယ်ဟောပြောပါက အသင်းသားများ လျော့နည်းသွားမည်ကို သူတို့စိုးရိမ်နေကြသည်။ စိတ်နှိမ့်ချမှု၊ ကိုယ့်ကိုယ်ကိုယ်ပဲ့ပြင်မှုနှင့် အကျင့်သီလစင်ကြယ်မှုတို့ကို မွေးမြူရမည်၊ ကိုယ့်ကိုယ်ကိုယ်သိစိတ်၏သတိပေးချက်ကို နားထောင်ကာ အပြစ်များကို နောင်တယူရမည်ဟူသော အကြောင်းအရာများကို လူတို့ မကြားလိုတော့ချေ။ ထို့ကြောင့် “ပရိသတ်အတွက် နားထောင်ကောင်းမည့်အရာ၊ အများစုအတွက် အမှန်ဖြစ်မည်ဟု ယူဆသောအရာ၊ ခရစ်ဝင်ကျမ်းများအကြောင်းကို ဘေးချိတ်ထားပြီး ငါသာပဓာနဟူသော အယူအဆကို အသားပေးသည့်အရာ” ဟူ၍ ရှီကာဂိုဆန်းတိုင်းမ်စာအုပ်တွင် ဖော်ပြထားရာများကို ခရစ်ယာန်အသင်းများစွာက လက်ခံလျက်ရှိသည်။

      ထို့ကြောင့် ဘုရားသခင်အကြောင်း ကြိုက်သလိုအနက်ဖွင့်ဆိုကြသော ဘာသာရေးအယူအဆတစ်မျိုး ပေါ်ပေါက်လာသည်။ ယင်းက ချာ့ချ်များတွင် ဘုရားသခင်နှင့် ကိုယ်တော်တောင်းဆိုရာများကို အဓိကမထားတော့ဘဲ လူ့အကြောင်းနှင့် ကိုယ့်ဂုဏ်ကိုမြှင့်တင်စေမည့် အကြောင်းအရာများကိုသာ အသားပေးဟောပြောစေသည်။ ချာ့ချ်၏အဓိကရည်ရွယ်ချက်မှာ  အသင်းသားများ၏လိုအပ်ချက်ကို  ဖြည့်ဆည်းပေးရန်သာ ဖြစ်နေသည်။ ဤသို့ဖြင့် သူတို့သည် မည်သည့်အယူဝါဒမျှမရှိသော အနှစ်မပါသည့် ဘာသာတရားကို ခံယူရတော့သည်။ “ခရစ်ယာန်များ၏ ကျင့်ဝတ်စံနှုန်းများနေရာတွင် မည်သည့်အရာက အစားထိုးဝင်ရောက်နေသနည်း”  ဟူသောမေးခွန်းကို ဝေါလ်စထရိဂျာနယ်တွင် မေးထား၏။ “သူတစ်ပါး၏ လုပ်ဆောင်ချက်မှန်သမျှကို မဝေဖန်ဘဲ သဘောထားကြီးကြီးဖြင့် ခွင့်ပြုရမည်ဟူသော စာရိတ္တဆိုင်ရာအတွေးအခေါ်က အစားထိုးနေပြီ” ဟု ထိုဂျာနယ်တွင်ပင် ဖော်ပြထားသည်။

      ယင်းတို့ကြောင့်  ပေါ်ပေါက်လာသော  သဘောထားမှာ  လူ့အကြိုက်လိုက်သော အဘယ်ဘာသာတရားမဆို ကောင်း၏ဟူသော စိတ်သဘောထားဖြစ်သည်။ ထိုသဘောထားကို ခံယူသူများသည် “ကိုယ်ကျင့်တရားနှင့်ပတ်သက်လျှင် တောင်းဆိုချက်များ၊ ဝေဖန်ချက်များမရှိသော  အဘယ်ဘာသာရေးယုံကြည်ချက်ကိုမဆို  လက်ခံကျင့်သုံးတတ်” ကြောင်း ဝေါလ်စထရိဂျာနယ်တွင် ဖော်ပြထားသည်။ ထို့ပြင် ချာ့ချ်များသည် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ အသင်းသားများကို ဘာမျှမတောင်းဆိုတော့ဘဲ သူတို့နှစ်သက်သည့် ဘ၀ပုံစံအတိုင်း နေထိုင်ခွင့်ပြုလျက်ရှိသည်။

      အထက်ပါအချက်များသည် ပထမရာစုတွင် တမန်တော်ပေါလုရေးခဲ့သော ပရောဖက်ပြုချက်ကို ဖတ်ရှုသူများအား သတိရစေပေမည်။  “လူတို့သည်  အကျိုးဖြစ်ထွန်းသော  သွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့် ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ သူတို့သည် အမှန်တရားကို နားမထောင်ဘဲ ဒဏ္ဍာရီပုံပြင်များကိုကား နားထောင်ကြမည်” ဟုပေါလု ရေးခဲ့သည်။—၂ တိမောသေ ၄:၃၊ ၄။

      အပြစ်ကို  ခွင့်ပြုသော၊  အပြစ်တည်ရှိခြင်းကို  ငြင်းပယ်သော၊ ကျမ်းစာသွန်သင်ရာကို ဟောမည့်အစား အသင်းသားများ ကြားလိုရာကိုသာ  သွန်သင်ပေးသော  ဘာသာရေးခေါင်းဆောင်များသည် အသင်းသားများကို အလွန်ထိခိုက်နစ်နာအောင် ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသည် အလွန်မှားယွင်းပြီး အန္တရာယ်ကြီးလှသည်။ သူတို့သည် ခရစ်ယာန်ဘာသာ၏ အဓိကသွန်သင်ချက်ကို တလွဲသင်ပေးနေခြင်းဖြစ်သည်။  ယေရှုနှင့်တမန်တော်များ သွန်သင်ခဲ့သော သတင်းကောင်းတွင် အပြစ်နှင့်ခွင့်လွှတ်မှုသည် အဓိကအပိုင်းဖြစ်၏။ ယင်းနှင့်ပတ်သက်၍ ပိုမိုသိနိုင်ရန် နောက်ဆောင်းပါးကို ဆက်ဖတ်ကြည့်ပါ။

      [အောက်ခြေမှတ်ချက်]

      a လင်ဘိုသည် ကျမ်းစာကိုအခြေမခံသော သွန်သင်ချက်ဖြစ်ပြီး လူများစွာကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ထို့ကြောင့် ထိုသွန်သင်ချက်ကို ကက်သလစ်အသင်း၏ မကြာသေးမီက ထုတ်ဝေသော ဘာသာရေးအမေးအဖြေစာအုပ်မှ ထုတ်ပယ်လိုက်၏။ စာမျက်နှာ ၁၀ ရှိ “အယူဝါဒ လုံး၀ပြောင်းလဲခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

      b မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲခံရခြင်းဟူသော ယုံကြည်ချက်ကို သမ္မာကျမ်းစာတွင် မတွေ့ရပါ။ အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၆ “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း” တွင် ကြည့်ပါ။

      [စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

      လူ့အကြိုက်လိုက်သော ဘာသာတရားသည် အကျိုးယုတ်စေ

      [စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

      “အပြစ်နှင့်ပတ်သက်၍ တွေးပူမနေတော့”

      ▪ “ခရစ်ယာန်များအတွက် အကြီးမားဆုံး ပြဿနာမှာ အပြစ်နှင့်ပတ်သက်သောကိစ္စပင် ဖြစ်၏။ ကျွန်ုပ်တို့သည် ခွင့်လွှတ်မှုလိုအပ်နေသော အပြစ်သားများအဖြစ် မိမိကိုယ်ကိုယ် မရှုမြင်ကြတော့ချေ။ အပြစ်နှင့်ဆိုင်သောကိစ္စသည် ပြဿနာတစ်ခု ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ ယခုမူ ယင်းနှင့်ပတ်သက်၍ တွေးပူမနေတော့။ ချာ့ချ်က အပြစ်များအတွက် ဖြေရှင်းချက်ရှာနေချိန်တွင် လူအများစုအတွက်မူ ယင်းသည် အလေးအနက်ထားရမည့် ပြဿနာ မဟုတ်တော့ပါ။”—ဂျွန် အေ. စတူဒီဘေကာ၊ ဂျူနီယာ၊ ဘာသာရေးဆိုင်ရာစာရေးဆရာ။

      ▪ “‘ကိုယ့်ကိုယ်ကိုယ်ရော၊ အခြားသူတွေကိုပါ အကျင့်စာရိတ္တကောင်းတဲ့သူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မှားတတ်တဲ့သူတွေချည်းပဲဆိုတော့ တတ်နိုင်သလောက်ပဲ ကောင်းအောင်လုပ်တော့မယ်’ ဆိုပြီး လူတွေပြောကြတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်လာရင် အလယ်အလတ်လမ်းစဉ်ကိုပဲ လိုက်နေကြပြီး . . . အရေးကြီးတဲ့ အပြစ်နဲ့ဆိုင်တဲ့ကိစ္စကိုတော့ လျစ်လျူရှုထားကြတယ်။”—အဲလ်ဘတ် မိုလာ၊ တောင်ပိုင်းနှစ်ခြင်းကျမ်းစာကျောင်း၏ ကျောင်းအုပ်ကြီး။

      ▪ “ယခင်က ရှက်စရာကိစ္စများဖြစ်ခဲ့သော ကိလေသာပူပန်ခြင်း၊ စားကြူးခြင်း၊ စည်းစိမ်ဥစ္စာမက်မောလွန်းခြင်း၊ ပျင်းရိခြင်း၊ ဒေါသကြီးခြင်း၊ မနာလိုခြင်းနှင့် မာနကြီးခြင်း တို့သည် ယခုတော့ ဂုဏ်ယူစရာ၊ လက်ခံနိုင်ဖွယ်ရာ ဖြစ်လာကြပြီ။ မိဘများကလည်း ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိဖို့ မာန်မာနကြီးရမည်ဟု သားသမီးများကို သင်ပေးကြသည်။ စားကြူးခြင်းကို အပြစ်ဟူ၍မသတ်မှတ်ရန် ပြင်သစ်စားဖိုမှူးများက ဗက်တီကင်ကို တောင်းဆိုခဲ့ပြီ။ ယနေ့ခေတ်စားနေသော သတင်းမီဒီယာများကို စိတ်ဝင်စားစေဖို့ လူတို့ကို လှုံ့ဆော်ပေးသောအရာမှာ မနာလိုခြင်းဖြစ်၏။ ကြော်ငြာ လုပ်ငန်းများအသုံးပြုနေသော နည်းဗျူဟာတစ်ခုမှာ တပ်မက်ခြင်းဖြစ်သည်။ စော်ကားခံရစဉ် ဒေါသတကြီး တုံ့ပြန်ခြင်းသည် မမှားဟု လူတို့ ရှုမြင်လာကြပြီ။ တစ်ခါတစ်ရံ အပျင်းထူခြင်းသည်လည်း အပြစ်မဟုတ်တော့။”—နန်စီ ဂစ်ဘ်၊ တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်။

      [စာမျက်နှာ ၅ ပါရုပ်ပုံ]

      ယနေ့ခေတ် လူများစွာသည် အာဒံနှင့်ဧ၀ မှတ်တမ်းကို ဒဏ္ဍာရီအဖြစ်သာ ယူမှတ်ကြ

  • အပြစ်နှင့်ပတ်သက်သော အမှန်တရား
    ကင်းမျှော်စင်—၂၀၁၀ | ဇွန် ၁
    • အပြစ်နှင့်ပတ်သက်သော အမှန်တရား

      လူနာတစ်ဦးသည် အဖျားတိုင်းကိရိယာကို ချိုးလိုက်ခြင်းဖြင့် သူ့တွင်အဖျားမရှိတော့ကြောင်း သက်သေပြနိုင်မည်လော။ လုံး၀မပြနိုင်ပါ။ အလားတူ၊ အပြစ်နှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ချက်ကို လူတို့ ငြင်းပယ်လိုက်ရုံဖြင့် အပြစ်တရား မတည်ရှိတော့ဟု မဆိုနိုင်ချေ။ သမ္မာကျမ်းစာတွင် အပြစ်တရားနှင့်စပ်လျဉ်း၍ များစွာဖော်ပြထားသည်။  ယင်းနှင့်ပတ်သက်၍  ကျမ်းစာ၏တိကျသောသွန်သင်ချက်ကို သုံးသပ်ကြည့်ကြစို့။

      အပြည့်အ၀လိုက်မမီနိုင်ကြ

      လွန်ခဲ့သော  နှစ်ပေါင်းနှစ်ထောင်ခန့်တွင်  တမန်တော်ပေါလုက “ငါသည်  ကျင့်ချင်သော  အကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်မိလေ့ရှိ၏” ဟုစိတ်ပျက်လက်ပျက် ဆိုခဲ့သည်။ (ရောမ ၇:၁၉) ရိုးသားစွာဝန်ခံရမည်ဆိုလျှင် ကျွန်ုပ်တို့တစ်ဦးစီ၏ အခြေအနေမှာလည်း အလားတူပင်ဖြစ်သည်။ ပညတ်တော်ဆယ်ပါး သို့မဟုတ် အခြားကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီ နေထိုင်လိုစိတ်ရှိကြသော်လည်း ထိုစံနှုန်းများကို ရာနှုန်းပြည့် လိုက်မမီနိုင်ကြောင်း မလွဲမသွေ လက်ခံရပေမည်။ ကျွန်ုပ်တို့သည် စံနှုန်းတစ်ခုကို တမင်ချိုးဖောက်သည် မဟုတ်သော်လည်း အပြစ်လုပ်လိုသောဆန္ဒကို မလွန်ဆန်နိုင်ခဲ့သောကြောင့် ချိုးဖောက်မိတတ်သည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။ “ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်တော့။ ငါ့အထဲ၌တည်နေသော အပြစ်တရားသည်  ကျင့်၏”  ဟုပေါလုကိုယ်တိုင်  အဖြေပေးခဲ့သည်။—ရောမ ၇:၂၀။

      ပေါလုကဲ့သို့ပင် လူအားလုံးသည် မွေးရာပါအပြစ်နှင့် အားနည်းချက်များကို ကနဦးမိဘများထံမှ အမွေရခဲ့ကြသည်။ လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ အရည်အသွေးတော်များကို အပြည့်အ၀ လိုက်မမီနိုင်ကြကြောင်း ပေါလုဆိုခဲ့သည်။ ထိုသို့အဘယ်ကြောင့် ဖြစ်ရသနည်း။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” ဟုပေါလုဆက်ဖော်ပြခဲ့သည်။—ရောမ ၃:၂၃; ၅:၁၂။

      လူသားတို့သည် ကနဦးမိဘများ၏အပြစ်ကြောင့် ဘုရားသခင်နှင့်ကင်းကွာသွားပြီး အပြစ်အနာအဆာကင်းမှုကို ဆုံးရှုံးခဲ့ရသည်။ ထိုအချက်ကို လူများစွာ ငြင်းပယ်ကြသော်လည်း ယင်းသည် အမှန်ပင် ကျမ်းစာသွန်သင်ချက်ဖြစ်၏။ ယေရှုသည် အာဒံနှင့်ဧ၀တို့၏မှတ်တမ်းကို ဖြစ်ရပ်မှန်အဖြစ် ယုံကြည်ကြောင်း ကမ္ဘာဦးကျမ်း၏ အစပိုင်းအခန်းများကို  ကိုးကားခြင်းအားဖြင့်  ဖော်ပြခဲ့သည်။—ကမ္ဘာဦး ၁:၂၇; ၂:၂၄; ၅:၂; မဿဲ ၁၉:၁-၅။

      ကျမ်းစာပါသတင်းတရား၏ အဓိကအချက်များအနက်  တစ်ခုမှာ ယေရှုကို ယုံကြည်ကြောင်းတင်ပြသူများ အပြစ်မှကယ်လွှတ်ခံရရန် ကမ္ဘာမြေသို့ ကိုယ်တော် ကြွလာခဲ့သည် ဟူသောအချက်ဖြစ်သည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်တို့၏အနာဂတ်အသက်တာသည် ကျွန်ုပ်တို့ဘာသာ  မဖြေရှင်းနိုင်သောအကျပ်အတည်းမှ  ကယ်နုတ်ပေးမည့် ဘုရားသခင့်ပြင်ဆင်ချက်ကို  လက်ခံခြင်း၊  လက်မခံခြင်းအပေါ် မူတည်သည်။ သို့သော် ကျွန်ုပ်တို့သည် အပြစ်တရားနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကို ရေရေရာရာ မသိထားပါက အပြစ်တရားမှ ကယ်နုတ်ပေးမည့်  ကိုယ်တော့်နည်းလမ်းများကို  ကောင်းစွာနားလည်မည် မဟုတ်သည့်အပြင် ကျေးဇူးလည်းတင်မည် မဟုတ်ပါ။

      ယေရှုအသေခံဖို့ လိုအပ်ရသည့် အကြောင်းရင်း

      ယေဟောဝါဘုရားသခင်သည် ပထမဆုံးလူသားဖြစ်သော အာဒံကို ထာ၀စဉ်အသက်ရှင်ခွင့် မျှော်လင့်ချက်ပေးခဲ့သည်။ ဘုရားသခင်ကို သူ ပုန်ကန်မှသာ ထိုမျှော်လင့်ချက်ကို ဆုံးရှုံးရမည်။ သူ ပုန်ကန်ခဲ့ရာ ထိုအချိန်မှစ၍ သူ အပြစ်သားဖြစ်သွားတော့သည်။ (ကမ္ဘာဦး ၂:၁၅-၁၇; ၃:၆) အာဒံသည် ဘုရားသခင့်အလိုတော်ကို ဆန့်ကျင်ခဲ့သောကြောင့် အပြစ်ရှိလာပြီး ကိုယ်တော်နှင့်ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်။ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခြင်းအားဖြင့် အပြစ်ပြုခဲ့သောကြောင့် သူ တဖြည်းဖြည်း အိုမင်းလာပြီး နောက်ဆုံးတွင် သေဆုံးခဲ့ရတော့သည်။ ဝမ်းနည်းစရာကား အာဒံ၏သားစဉ်မြေးဆက်များဖြစ်သော ကျွန်ုပ်တို့အားလုံး မွေးကတည်းက အပြစ်ပါလာပြီး သေဖို့အကြောင်းဖန်လာခဲ့ရသည်။ အဘယ်ကြောင့်နည်း။

      အကြောင်းရင်းမှာ  ရိုးရှင်းလှပါသည်။  အပြစ်ရှိသော မိဘသည် အပြစ်ကင်းသော  သားသမီးများကို မမွေးဖွားနိုင်ပါ။ အာဒံ၏သားစဉ်မြေးဆက် အားလုံးသည် မွေးကတည်းက အပြစ်သားများဖြစ်လာကြရာ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” ဟူ၍ တမန်တော်ပေါလု ဖော်ပြသကဲ့သို့ပင် သေဆုံးကြရတော့၏။ သို့သော် “ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာ၀ရအသက်ဖြစ်သတည်း” ဟူသော ကျမ်းစကားကြောင့် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိပါသေးသည်။ (ရောမ ၆:၂၃) ဆိုလိုသည်မှာ ယေရှုပေးဆက်ခဲ့သော စုံလင်သည့်အသက်ကြောင့် နာခံမှုရှိသော လူသားတို့သည် အာဒံ၏အပြစ်ဆိုးမွေမှ လွတ်မြောက်နိုင်ကြသည်။a (မဿဲ ၂၀:၂၈; ၁ ပေတရု ၁:၁၈၊ ၁၉) ယင်းကြောင့် သင်မည်သို့ ခံစားရသနည်း။

      ခရစ်တော်၏မေတ္တာသည် “ငါတို့ကို အနိုင်အထက်နှိုးဆော်”

      တမန်တော်ပေါလုသည်  အထက်ပါမေးခွန်းကို  ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ဤသို့ဖြေဆိုခဲ့သည်– ‘ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက်နှိုးဆော်၏။ အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူခပ်သိမ်းအတွက် အသေခံသည်ဟု  ငါတို့ယူမှတ်ကြ၏။  ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။’ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေရှု၏သေခြင်းက ကျွန်ုပ်တို့ကို အပြစ်တရား၏ ဆိုးကျိုးများမှ  လွတ်မြောက်စေနိုင်ကြောင်း  သိမှတ်ပြီး  ယင်းအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြလိုလျှင် ဘုရားသခင့်တောင်းဆိုရာများနှင့်အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားရမည်။ ဆိုလိုသည်မှာ ဘုရားသခင့်တောင်းဆိုရာများကို နားလည်အောင်ကြိုးစားခြင်း၊ ကိုယ့်ကိုယ်ကိုယ်သိစိတ်ကို ကျမ်းစာစံနှုန်းများဖြင့် လေ့ကျင့်ပြီး  ထိုအတိုင်း  အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။—ယောဟန် ၁၇:၃၊ ၁၇။

      မှားယွင်းသောလုပ်ရပ်များသည်  ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေသည်။ ဗာသရှေဘနှင့် အိမ်ထောင်ရေးဖောက်ပြန်ပြီး သူ့ခင်ပွန်းကို သတ်လိုက်ခြင်းက အလွန်ကြီးလေးသောအပြစ်ဖြစ်ကြောင်း ဒါဝိဒ် သိလိုက်ချိန်တွင် သူ အလွန်အရှက်ရခဲ့မည်မှာ သေချာသည်။ သို့သော် သူ့ကို စိတ်သောက ပိုရောက်စေသည့်အရာမှာ ဘုရားသခင်အား သူ မထီမဲ့မြင်ပြုမိပြီ ဟူသောအချက်ဖြစ်၏။ သို့နှင့် သူသည် ဘုရားသခင်ကို ဝမ်းနည်းခြင်းကြီးစွာ ဤသို့ ဝန်ခံခဲ့သည်– “ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။” (ဆာလံ ၅၁:၄) ယောသပ်သည် အိမ်ထောင်ရေးဖောက်ပြန်ဖို့ သွေးဆောင်ခံရသောအခါ သိစိတ်၏လှုံ့ဆော်မှုကြောင့် ဤသို့မေးခဲ့၏– “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း။”—ကမ္ဘာဦး ၃၉:၉။

      ထို့ကြောင့် အပြစ်တရားဟူသည် အမှားတစ်စုံတစ်ရာ ကျူးလွန်မိသောကြောင့်  စိတ်မကောင်းဖြစ်ရရုံ  သက်သက်သာ  မဟုတ်ပါ။ ထို့ပြင် ကိုယ်ကျင့်သိက္ခာနှင့်စပ်လျဉ်း၍ လူအများလက်ခံထားသော စံနှုန်းများကို လိုက်မမီနိုင်ခဲ့ကြောင်း ဝန်ခံရုံမျှနှင့်လည်း မဟုတ်ပါ။ လိင်မှု၊ ရိုးသားမှု၊ လေးစားမှု၊ ဝတ်ပြုကိုးကွယ်မှုစသည်တို့နှင့်ဆိုင်သော ဘုရားသခင့်ပညတ်များကို ချိုးဖောက်ခြင်းသည် ဘုရားသခင်နှင့်ဆက်ဆံရေးကို  ပျက်ပြားစေ၏။  ကျွန်ုပ်တို့သည် အပြစ်ကို တမင်တကာပြုကျင့်ပါက  ကိုယ်တော်၏ရန်သူ  ဖြစ်သွားမည်။ ထို့ကြောင့် ယင်းသည် ပေါ့သေးသေးကိစ္စမဟုတ်ပါ။ အလေးအနက်စဉ်းစားရမည့် အမှန်တရားဖြစ်၏။—၁ ယောဟန် ၃:၄၊ ၈။

      သို့ဆိုလျှင်  အပြစ်နှင့်ပတ်သက်သော သဘောတရား  ပြောင်းလဲသွားပြီလော။ မပြောင်းလဲပါ။  လူတို့ကသာ  အပြစ်တရားကို  ယခင်ကလောက် အလေးအနက်မထားကြတော့ခြင်းဖြစ်သည်။  လူများစွာ၏ ကိုယ့်ကိုယ်ကိုယ်သိစိတ်မှာ ထုံထိုင်းသွားပြီး ထိုသိစိတ်၏သတိပေးမှုကို လျစ်လျူရှုလာကြသည်။  ဘုရားသခင်၏  နှစ်သက်မှုရလိုသူတိုင်းသည်  ထိုအခြေအနေမျိုးမရောက်အောင်  တွန်းလှန်ရမည်။ အပြစ်ကျူးလွန်မှုကြောင့်  ပေးဆပ်ရသော  အဖိုးအခသည် ကိုယ့်ကိုယ်ကိုယ်လေးစားမှု  ပျက်စီးသွားရုံ  အရှက်တကွဲဖြစ်ရရုံထက်မကဘဲ  သေခြင်းဖြစ်ကြောင်း  ကျွန်ုပ်တို့  သိခဲ့ရပြီ။ အပြစ်တရားသည်  သေရေးရှင်ရေးနှင့်ဆိုင်သောကိစ္စ  အမှန်ပင် ဖြစ်၏။

      ဝမ်းသာစရာမှာ  ကျွန်ုပ်တို့သည်  အပြစ်များကို  စိတ်ရင်းမှန်စွာ နောင်တယူပြီး စွန့်လွှတ်မည်ဆိုလျှင် ဘုရားသခင်သည် ယေရှုပေးဆက်ခဲ့သော  စုံလင်သည့်အသက်၏တန်ဖိုးကို  ထောက်ထားပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူမည်။ ပေါလုက ‘အပြစ်ဖြေလွှတ်ခြင်း၊ အပြစ်ဖုံးအုပ်ခြင်းခံရသူတို့သည်  ပျော်ရွှင်ကြ၏။  အပြစ်ရှိသည်ဟု ယေဟောဝါဘုရားသခင် ယူမှတ်တော်မူခြင်း မခံရသူသည် ပျော်ရွှင်၏’ ဟုရေးခဲ့သည်။—ရောမ ၄:၇၊ ၈။

      [အောက်ခြေမှတ်ချက်]

      a ယေရှုပေးဆက်ခဲ့သော အသက်သည် နာခံမှုရှိသော လူသားတို့ကို မည်သို့ကယ်တင်နိုင်စွမ်းရှိကြောင်း ပြည့်စုံစွာသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ် စာမျက်နှာ ၄၇ မှ ၅၄ တွင်ကြည့်ပါ။

      [စာမျက်နှာ ၁၀ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

      အယူဝါဒ လုံး၀ပြောင်းလဲခြင်း

      နှစ်ခြင်းမခံသေးဘဲ သေဆုံးသွားသော ကလေးများ၏ ဝိညာဉ်ရှိရာအရပ်ဟူ၍ ကက်သလစ်တို့ခေါ်ဆိုသော လင်ဘို အကြောင်းကို ၎င်း၏အသင်းသား အများစုပင် ရှင်းရှင်း လင်းလင်း နားမလည်ကြချေ။ လင်ဘိုနှင့်ပတ်သက်သော အယူအဆသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်တွင် ကက်သလစ်ဘာသာရေး အမေးအဖြေစာအုပ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ ၂၀၀၇ ခုနှစ်တွင် ကက်သလစ်အသင်းက လင်ဘိုအယူအဆကို ဆက်မသွန်သင်တော့ရန် တရားဝင်မှတ်တမ်းတင် လက်မှတ်ရေး ထိုးပြီး ပိတ်ပင်လိုက်သည်။ ထိုမှတ်တမ်းတွင် “အယူဝါဒနှင့် ဝတ်ပြုမှုပိုင်းဆိုင်ရာ အကြောင်းရင်းများအရ နှစ်ခြင်းမခံရသေးဘဲ သေဆုံးသွားသော မွေးကင်းစကလေးငယ်များသည် ကယ်တင်ခံရပြီး ကောင်းကင်သို့ ရောက်နိုင်ဖွယ်ရှိကြောင်း မျှော်လင့်ရသည်” ဟု ဖော်ပြထားသည်။—နိုင်ငံတကာ ခရစ်ယာန် အယူဝါဒ ကော်မရှင်အဖွဲ့။

      အဘယ်ကြောင့် ထိုသို့ လုံး၀ပြောင်းလဲသွားရသနည်း။ အကြောင်းမှာ ကက်သလစ်ဘာသာရေး ခေါင်းဆောင်များသည် ရှုပ်ထွေးသော ထိုအယူဝါဒကို မရှင်းပြလိုတော့၍ ဖြစ်သည်။ ထို့ပြင် ယင်းသည် “သားသမီးများကို မြန်နိုင်သမျှမြန်မြန် နှစ်ခြင်းပေးရန် မိဘများအား ခြိမ်းခြောက် ဖိအားပေးဖို့ အလယ်ခေတ်မှသည် ၂၀ ရာစုနှစ်တွင် ကက်သလစ်ချာ့ချ်က စတင်အသုံးပြုခဲ့သော၊ လူတို့ကို ခေတ်အဆက်ဆက် ဝန်ပိစေခဲ့သော အယူအဆဖြစ်သည်” ဟုပြင်သစ်လူမျိုး သတင်းစာဆရာ အွန်ရီတန့်ခ်ကဆို၏။ သို့သော် ထိုအပြောင်းအလဲကြောင့် အခြားပြဿနာတစ်ခု ပေါ်လာပြန်သည်။

      အစဉ်အလာအရလော၊ ကျမ်းစာအရလော လင်ဘိုအယူအဆသည် ၁၂ ရာစုတွင် ငရဲကလေးအယူအဆကို အချေအတင် ဆွေးနွေးရာမှ ပေါ်ပေါက်လာခဲ့သည်။ လူသေပြီးနောက် ဝိညာဉ်ဆက်အသက်ရှင်သည်၊ နှစ်ခြင်းမခံရသေးသောကြောင့် ကောင်းကင်တက်ရန် မဖြစ်နိုင်၊ ငရဲသို့သွားရန်လည်း မထိုက်တန်သော မွေးကင်းစကလေးငယ်များ၏ ဝိညာဉ်များ နေစရာအရပ် လိုအပ်သည်ဟု ကက်သလစ်အသင်းက သွန်သင်ခဲ့၏။ ဤသို့ဖြင့် လင်ဘိုဟူသော အယူအဆ ပေါ်ထွက်လာခဲ့သည်။

      သို့ရာတွင် လူသေသော်လည်း ဝိညာဉ်မသေဟု ကျမ်းစာက မသွန်သင်ချေ။ ယင်းအစား ပြစ်မှားသောဝိညာဉ်သည် “သေရမည်” ဟု ကျမ်းစာက ရှင်းလင်းစွာ ဆိုသည်။ (ယေဇကျေလ ၁၈:၄) ဝိညာဉ်သည် သေတတ်သည်ဖြစ်ရာ ဝိညာဉ်များအတွက် နေစရာအရပ်ဖြစ်သော လင်ဘိုလည်း မတည်ရှိချေ။ ထို့ပြင် သေခြင်းသည် အသိတရား လုံး၀ ကင်းမဲ့နေသော အခြေအနေဖြစ်သည့် အိပ်မောကျနေခြင်းနှင့်တူကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။—ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄။

      ခရစ်ယာန်မိဘများ၏ သားသမီးငယ်များသည် သန့်ရှင်း၏ဟု ဘုရားသခင် ယူမှတ်ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ (၁ ကောရိန္သု ၇:၁၄) မွေးကင်းစကလေးငယ်များ ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံရန်လိုသည်ဆိုလျှင် ထိုကျမ်းစာဖော်ပြချက်သည် အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပါ။ လင်ဘိုသွန်သင်ချက်သည် အမှန်အားဖြင့် ဘုရားသခင်ကို စော်ကားရာရောက်၏။ အကြောင်းမှာ ယင်းသည် ဘုရားသခင်ကို တရားမျှတပြီး မေတ္တာကြီးမားသော ဖခင်တစ်ဦးအဖြစ်မဟုတ်ဘဲ အပြစ်မဲ့သူများကို ရက်စက်စွာ ဒဏ်ပေးတတ်သော အရှင်အဖြစ် ရှုမြင်လာစေသောကြောင့်ဖြစ်သည်။ (တရားဟောရာ ၃၂:၄; မဿဲ ၅:၄၅; ၁ ယောဟန် ၄:၈) သို့ဖြစ်၍ ကျမ်းစာကို အခြေမခံသော ထိုသွန်သင်ချက်သည် စိတ်ရင်းမှန်သော ခရစ်ယာန်များအတွက် အဓိပ္ပာယ်မရှိချေ။

      [စာမျက်နှာ ၉ ပါရုပ်ပုံ]

      ဘုရားသခင့်နည်းလမ်းတော်များနှင့်အညီ အသက်ရှင်ခြင်းသည် ကိုယ်တော်နှင့်ရော လူသားချင်းနှင့်ပါ ဆက်ဆံရေးကောင်းစေ

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ