ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁/၁ စာ. ၂၀-၂၃
  • သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားသခင် တကယ်ဂရုစိုက်နေ
  • “သင်သည် အလွန်ချစ်အပ်သောသူဖြစ်”
  • ကျမ်းစာကို မှန်မှန်လေ့လာပါ
  • စွဲစွဲမြဲမြဲ ဆုတောင်းပါ
  • ဘုရားသခင့်နာမကို ချီးမွမ်းပါ
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဘုရားသခင့် စေတမန်အားဖြင့် ခွန်အားရရှိ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁/၁ စာ. ၂၀-၂၃

သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား

သင် အချစ်ခံရတယ်လို့ ခံစားရသလား။ ဒါမှမဟုတ် သင့်ကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့ တစ်ခါတလေ ခံစားရပါသလား။ လှုပ်ရှားရုန်းကန်နေရပြီး တစ်ကိုယ်ကောင်းစိတ် လွှမ်းမိုးနေတဲ့ ဒီလောကမှာ သင်ဟာ အရေးမပါတဲ့သူဆိုပြီး လွယ်လွယ် ယူမှတ်သွားနိုင်စရာရှိပါတယ်။ ကျွန်ုပ်တို့ခေတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း ကနေ့ လူအတော်များများဟာ သူတစ်ပါးအရေးထက် ကိုယ့်အရေးကိုပဲ အာရုံစိုက်နေကြတယ်။—၂ တိမောသေ ၃:၁၊ ၂။

အသက်အရွယ်၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ လူမျိုးအသီးသီးက လူတွေဟာ သူတစ်ပါးကိုမေတ္တာပြဖို့၊ သူတစ်ပါးရဲ့မေတ္တာကို ခံယူဖို့ အရမ်းလိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အာရုံကြောစနစ်ကို အထူးသဖြင့် မေတ္တာနဲ့ကြင်နာမှုကိုခံစားတတ်ဖို့ ပုံစံပြုထားတယ်ဆိုပြီး မှတ်တမ်းတချို့မှာ ဖော်ပြထားတယ်။ ကျွန်ုပ်တို့မှာ အချစ်ခံချင်တဲ့စိတ်၊ တန်ဖိုးထားခံချင်တဲ့စိတ် ရှိတယ်ဆိုတာ တခြားသူတွေထက် ကျွန်ုပ်တို့ကို ဖန်ဆင်းထားတဲ့အရှင် ယေဟောဝါဘုရားသခင်က ပိုပြီးသိနားလည်ပါတယ်။ သင်ဟာ ဘုရားသခင်အတွက် အရေးပါတယ်ဆိုပြီး ဘုရားသခင်က ပြောလာတဲ့အခါ သင် ဘယ်လိုခံစားရမလဲ။ အဲလိုအသိအမှတ်ပြုခံလိုက်ရတာက သင် ရရှိနိုင်သမျှထဲမှာ စိတ်ကျေနပ်ဖွယ် အကောင်းဆုံးအရာဖြစ်မှာ သေချာပါတယ်။ မစုံလင်တဲ့လူသားတွေကို ဘုရားသခင် စိတ်ဝင်စားတယ်ဆိုတာ ကျွန်ုပ်တို့ တကယ် ယုံကြည်စိတ်ချနိုင်ပါသလား။ ကျွန်ုပ်တို့ တစ်ဦးချင်းစီကိုရော ဘုရားသခင် စိတ်ဝင်စားသလား။ ဒါဆိုရင် ဘယ်အရာကြောင့် လူတွေကို ဘုရားသခင် နှစ်သက်မြတ်နိုးရတာလဲ။

ယေဟောဝါဘုရားသခင် တကယ်ဂရုစိုက်နေ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ခန့်က ဘုရားသခင်ကို ကြောက်ရွံ့တဲ့ ဆာလံဆရာဟာ ကြယ်အတိပြီးတဲ့ ကောင်းကင်ရဲ့ ရင်သပ်ရှုမောဖွယ် အလှကိုကြည့်ပြီး အံ့သြမိန်းမောခဲ့တယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြယ်တွေကို ဖန်ဆင်းခဲ့တဲ့အရှင်ရဲ့ တုနှိုင်းမမီတဲ့ တန်ခိုးတော်အကြောင်း ဆာလံဆရာ စဉ်းစားနေမှာ သေချာပါတယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုနဲ့ လူသားတွေရဲ့ သေးနုပ်မှုကို ဆာလံဆရာ တွေးတောဆင်ခြင်ကြည့်တဲ့အခါ ဘုရားသခင်ရဲ့ မေတ္တာပြည့်ဝတဲ့ ဂရုစိုက်မှုကို အံ့ဩလွန်းလို့ ဒီလိုဖော်ပြခဲ့တယ်– “ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့် ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုး တွေ့မြင်ရပါ၏။ သို့ဖြစ်၍ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည် သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ကြည့်ရှုစောင့်ရှောက်တော်မူရပါသနည်း။” (ဆာလံ ၈:၃၊ ၄၊ ခမ) အမြင့်မြတ်ဆုံးအရှင်ဟာ မစုံလင်တဲ့လူသားတွေကို ဂရုမစိုက်အားလောက်အောင် အာရုံများလွန်းနေတယ် ဒါမှမဟုတ် အလှမ်းဝေးလွန်းနေတယ်လို့ အလွယ်တကူ ကောက်ချက်ချမိနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ဘာမှမဟုတ်တဲ့အပြင် ကျွန်ုပ်တို့ရဲ့အသက်တာက တိုတောင်းလှပေမဲ့ ဘုရားသခင်အတွက် အရေးပါတယ်ဆိုတာ ဆာလံဆရာ သိထားပါတယ်။

ဆာလံဆရာနောက်တစ်ယောက်က ‘ကြောက်ရွံ့သောသူနှင့် ချစ်ခင်ကြင်နာမှုကို မျှော်လင့်သောသူတို့ကို ထာဝရဘုရားသခင် နှစ်သက်တော်မူ၏’ လို့ ပြောဆိုခဲ့တယ်။ (ဆာလံ ၁၄၇:၁၁) အဲဒီဆာလံဆရာ နှစ်ယောက်စလုံးရဲ့ စကားတွေက တကယ်အားရှိစရာပါပဲ။ မြင့်မြတ်တဲ့အရှင် ဘုရားသခင်ဟာ လူသားတွေကို ကြည့်တယ်ဆိုရုံလောက်ပဲ ကြည့်နေတာမဟုတ်ပါဘူး။ ကိုယ်တော်ဟာ လူသားတွေကို “ကြည့်ရှုစောင့်ရှောက်” နေပြီး “နှစ်သက်” မြတ်နိုး ပါတယ်။

ကျွန်ုပ်တို့ခေတ်မှာ ဖြစ်ပျက်မယ့်အရာတွေကို ဖော်ပြထားတဲ့ ကျမ်းစာပရောဖက်ပြုချက်တစ်ခုက အဲဒီအချက်ကို ထပ်မံအလေးပေးဖော်ပြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ခွင် ဟောပြောလိမ့်မယ်ဆိုပြီး ပရောဖက်ဟဂ္ဂဲကနေတစ်ဆင့် ဘုရားသခင် ဖော်ပြခဲ့တယ်။ ဘာအကျိုးရလဒ် ဖြစ်ပေါ်မလဲ။ အကျိုးရလဒ်တစ်ခုကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ထည်ဝါသောအသရေနှင့် ငါပြည့်စုံစေမည်။’—ဟဂ္ဂဲ ၂:၇။

လူမျိုးအပေါင်းကနေ စုသိမ်းတဲ့ “နှစ်သက်ဖွယ်သောအရာ” တွေက ဘာတွေလဲ။ တန်ဖိုးရှိတဲ့ပစ္စည်းတွေတော့ လုံးဝမဖြစ်နိုင်ဘူး။ (ဟဂ္ဂဲ ၂:၈) ဘုရားသခင်ရဲ့စိတ်တော်ကို ရွှင်လန်းစေနိုင်တဲ့အရာတွေက ရွှေငွေတွေ မဟုတ်ဘူး။ မစုံလင်ပေမဲ့လည်း မေတ္တာနဲ့ဝတ်ပြုကိုးကွယ်နေတဲ့ သူတွေကို ဘုရားသခင် နှစ်သက်တယ်။ (သု. ၂၇:၁၁) သူတို့တွေဟာ ဘုရားသခင်ရဲ့ ထည်ဝါတဲ့အဆင်းတော်ကို ထင်ရှားစေတဲ့ “နှစ်သက်ဖွယ်သောအရာ” တွေဖြစ်ပြီး စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုနေတာ၊ ဇွဲရှိရှိ အမှုဆောင်နေတာကို ဘုရားသခင် တန်ဖိုးထားတယ်။ သူတို့တွေထဲမှာ သင်ကော ပါဝင်နေသလား။

မစုံလင်တဲ့လူသားတွေဟာ စကြဝဠာဖန်ဆင်းရှင် ဘုရားသခင်အတွက် နှစ်သက်ဖွယ် ဖြစ်နိုင်တယ်ဆိုတဲ့အတွေးက မယုံနိုင်စရာပဲ။ တကယ်ဆိုရင် အဲဒီအမှန်တရားကြောင့် ဘုရားသခင်ဆီ ချဉ်းကပ်ပါဆိုတဲ့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ လက်ခံသင့်တယ်။—ဟေရှာယ ၅၅:၆; ယာကုပ် ၄:၈။

“သင်သည် အလွန်ချစ်အပ်သောသူဖြစ်”

တစ်ညနေခင်းမှာ အံ့ဩစရာ အဖြစ်အပျက်တစ်ခုကို သက်ကြီးရွယ်အို ပရောဖက်ဒံယေလ ကြုံတွေ့ခဲ့ရတယ်။ ဒံယေလ ဆုတောင်းနေချိန်မှာ ထူးဆန်းတဲ့ပုဂ္ဂိုလ်တစ်ယောက် ရုတ်တရက် ရောက်လာတယ်။ သူ့နာမည်က ဂါဗြေလဖြစ်ပါတယ်။ သူ့ကို အရင်က တွေ့ဖူးတဲ့အတွက် သူဟာ ဘုရားသခင်ရဲ့ကောင်းကင်တမန်ပဲဆိုတာ ဒံယေလ မှတ်မိသွားတယ်။ ဒံယေလအနား ရုတ်တရက် ပေါ်လာရတဲ့အကြောင်းရင်းကို ကောင်းကင်တမန် ဂါဗြေလက ဒီလိုရှင်းပြတယ်– ‘အချင်းဒံယေလ ငါသည် သင်၌ ဉာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။’—ဒံယေလ ၉:၂၁-၂၃။

နောက်တစ်ချိန်မှာလည်း ဘုရားသခင်ရဲ့ ကောင်းကင်တမန်တစ်ဦးက ဒံယေလကို “အလွန်ချစ်အပ်သောသူ ဒံယေလ” လို့ခေါ်ဆိုခဲ့တယ်။ ပြီးတော့ အဲဒီကောင်းကင်တမန်ကပဲ ဒံယေလကို “အလွန်ချစ်အပ်သောသူ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ” ဆိုပြီး အားပေးခဲ့တယ်။ (ဒံယေလ ၁၀:၁၁၊ ၁၉) ဒီလိုနဲ့ ဒံယေလဟာ “အလွန်ချစ်အပ်သောသူ” ဆိုပြီး သုံးကြိမ် အခေါ်ခံခဲ့ရတယ်။ အဲဒီအသုံးအနှုန်းက “အလွန်ချစ်မြတ်နိုးခံရသူ၊” “အလွန်လေးစားခံရသူ၊” “အနှစ်သက်ဆုံးသူ” လို့တောင် အဓိပ္ပာယ်ရှိနိုင်တယ်။

ဘုရားသခင်နဲ့ရင်းရင်းနှီးနှီးရှိတယ်၊ မိမိရဲ့ အကြွင်းမဲ့ဝတ်ပြုမှုကို ဘုရားသခင် နှစ်သက်လက်ခံတယ်ဆိုပြီး ဒံယေလ ခံစားခဲ့ရမှာ သေချာပါတယ်။ ဒါပေမဲ့ အလွန်ချစ်အပ်တဲ့သူဆိုပြီး ကောင်းကင်တမန်ကနေတစ်ဆင့် ဘုရားသခင် ပြောလိုက်တဲ့စကားတွေက အားတက်ဖွယ်အကောင်းဆုံး စကားတွေ ဖြစ်ခဲ့မှာပါ။ အဲဒါကြောင့် ဒံယေလက “အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ” လို့ ပြန်ပြောလိုက်တယ်။—ဒံယေလ ၁၀:၁၉။

တည်ကြည်တဲ့ ပရောဖက်အပေါ် ပြသခဲ့တဲ့ ဘုရားသခင်ရဲ့ သနားကြင်နာမှုအကြောင်းကို ကျမ်းစာမှာ ဖော်ပြထားတာက ကျွန်ုပ်တို့အကျိုးအတွက် ဖြစ်ပါတယ်။ (ရောမ ၁၅:၄) ဒံယေလရဲ့ စံနမူနာကို တွေးတောဆင်ခြင်မယ်ဆိုရင် ဘယ်အရာကြောင့် လူတွေကို မေတ္တာရှင်ဘုရားသခင် နှစ်သက်မြတ်နိုးတယ်ဆိုတာ သဘောပေါက်လာမှာပါ။

ကျမ်းစာကို မှန်မှန်လေ့လာပါ

ဒံယေလဟာ ကျမ်းစာကို ဝီရိယရှိရှိ လေ့လာတဲ့သူဖြစ်တယ်။ သူကိုယ်တိုင် ဒီလိုရေးသားခဲ့လို့ သိရတာပါ– ‘ယေရုရှလင်မြို့သည် ပျက်စီးလျက်နေရမည့် နှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရ၏။’ (ဒံယေလ ၉:၂၊ သမ္မာ) အဲဒီတုန်းက ဒံယေလ ရရှိခဲ့တဲ့ ကျမ်းစောင်တွေထဲမှာ မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်၊ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလနဲ့ တခြားပရောဖက်တွေ ရေးသားခဲ့တဲ့ ကျမ်းစောင်တွေပါတယ်။ ယေရုရှလင်မြို့မှာ စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို စေ့စေ့စပ်စပ် နှိုင်းယှဉ်လေ့လာနေတဲ့ ကျမ်းလိပ်ပုံတွေကြားက ဒံယေလကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ ဘာအနှောင့်အယှက်မှမရှိတဲ့ အထက်ခန်းမှာ ဒံယေလဟာ အဲဒီပရောဖက်ပြုချက်တွေရဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် ဆင်ခြင်တွေးတောနေခဲ့မှာ သေချာပါတယ်။ အကျိုးရှိရှိလေ့လာခဲ့တဲ့အတွက် သူ့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာပြီး ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာခဲ့တယ်။

ကျမ်းစာလေ့လာမှုက ဒံယေလရဲ့ ပင်ကိုစရိုက်ကို ပုံသွင်းပေးခဲ့တဲ့အပြင် သူ့ဘဝတစ်လျှောက်လုံးကိုပါ အကျိုးပြုခဲ့တယ်။ ငယ်ရွယ်စဉ်က သူရရှိခဲ့တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကြောင့် လူငယ်ဘဝရောက်လာတော့ အစားအသောက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကိုလိုက်နာဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။ (ဒံယေလ ၁:၈) နောက်ပိုင်းမှာလည်း ဗာဗုလုန်ရှင်ဘုရင်တွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်သတင်းစကားတွေကို သူ မကြောက်မရွံ့ ကြေညာခဲ့တယ်။ (သု. ၂၉:၂၅; ဒံယေလ ၄:၁၉-၂၅; ၅:၂၂-၂၈) လုံ့လဝီရိယရှိမှု၊ ရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှုတို့ကြောင့် ဒံယေလကို လူသိများလာတယ်။ (ဒံယေလ ၆:၄) အဲဒါတွေထက် ဒံယေလဟာ ကိုယ့်အသက်ကိုကယ်ဖို့ အလျှော့ပေးလိုက်လျောမယ့်အစား ဘုရားသခင်ကို အပြည့်အဝ ယုံကြည်ကိုးစားခဲ့တယ်။ (သု. ၃:၅၊ ၆; ဒံယေလ ၆:၂၃) ဘုရားသခင့်အမြင်မှာ သူဟာ “အလွန်ချစ်အပ်သောသူ” ဖြစ်တာက အံ့ဩစရာမဟုတ်ပါဘူး။

ကနေ့အချိန်မှာ ကျွန်ုပ်တို့အတွက် ကျမ်းစာလေ့လာရတာက ဒံယေလထက် ပိုအဆင်ပြေနေပါပြီ။ လေးလံကြီးမားတဲ့ ကျမ်းလိပ်တွေအစား ပေါ့ပါးသေးငယ်တဲ့ စာအုပ်တွေ ရရှိနိုင်ပါပြီ။ ကျမ်းစာတစ်အုပ်လုံး ကျွန်ုပ်တို့ လက်ဝယ်ပိုင်ဆိုင်နေပါပြီ။ ကျမ်းစာထဲမှာ ပြည့်စုံသွားခဲ့တဲ့ ဒံယေလပရောဖက်ပြုချက်တချို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့မှာ ကျမ်းစာလေ့လာဖို့၊ သုတေသနပြုဖို့ အထောက်အကူပြုတဲ့ စာအုပ်စာပေတွေလည်း အလျှံပယ်ရှိနေပါပြီ။a အဲဒီအရာတွေကို သင် အသုံးပြုချင်ပါသလား။ ကျမ်းစာဖတ်ဖို့၊ တွေးတောဆင်ခြင်ဖို့ ပုံမှန်အချိန်ဖယ်ထားသလား။ အဲဒီလိုလုပ်မယ်ဆိုရင် ဒံယေလလိုပဲ သင်လည်း အကျိုးခံစားရပါလိမ့်မယ်။ သင့်ရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာမယ့်အပြင် ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာပါလိမ့်မယ်။ သမ္မာကျမ်းစာက သင့်ဘဝကို လမ်းညွှန်ပေးမယ့်အပြင် သင့်ကို ဘုရားသခင် မေတ္တာနဲ့စောင့်ရှောက်မယ်ဆိုပြီး ကတိပြုထားပါတယ်။

စွဲစွဲမြဲမြဲ ဆုတောင်းပါ

ဒံယေလရဲ့ဘဝမှာ ဆုတောင်းခြင်းက အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ သူဟာ ဘုရားသခင်ဆီ တော်မှန်စွာ ဆုတောင်းခဲ့တယ်။ လူရွယ်ဘဝတုန်းက သူဟာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရဲ့ အိပ်မက်အနက်ကို မဖွင့်နိုင်ဘူးဆိုရင် အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ထောက်မမှုနဲ့ကာကွယ်မှုရဖို့ သူချက်ချင်း အသနားခံဆုတောင်းခဲ့တယ်။ (ဒံယေလ ၂:၁၇၊ ၁၈) နှစ်ပေါင်းအတော်ကြာပြီးတဲ့နောက် သစ္စာတည်ကြည်သူ ပရောဖက်ဒံယေလဟာ လူ့မစုံလင်မှုကို သိမြင်တဲ့အနေနဲ့ မိမိအပြစ်အပြင် လူမျိုးတော်ရဲ့အပြစ်တွေကိုပါ ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ဆီ ဝန်ချတောင်းပန်ခဲ့တယ်။ (ဒံယေလ ၉:၃-၆၊ ၂၀) စွမ်းအားတော်ရဲ့လမ်းညွှန်မှုနဲ့ ရေးသားခဲ့ရာတွေကို ဒံယေလကိုယ်တိုင် နားမလည်တဲ့အခါ ဘုရားသခင်ဆီမှာ အကူအညီတောင်းခံခဲ့တယ်။ အဖြစ်အပျက်တစ်ခုမှာ ဒံယေလ ပိုပြီးသိမြင်လာစေဖို့ ကောင်းကင်တမန်တစ်ဦးရောက်လာပြီး “သင်၏စကားကို ကြားတော်မူပြီ” လို့ပြောခဲ့တယ်။—ဒံယေလ ၁၀:၁၂။

တည်ကြည်သူ ဒံယေလဟာ ဘုရားသခင်ဆီ အသနားခံဆုတောင်းရုံလောက်ပဲ ဆုတောင်းခဲ့တာမဟုတ်ပါဘူး။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[ဒံယေလသည်] အရင်ပြုလေ့ရှိသည်အတိုင်း တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။” (ဒံယေလ ၆:၁၀၊ သမ္မာ) ဒံယေလမှာ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းဖို့ အကြောင်းရင်းတွေ အများကြီးရှိတယ်။ ကျေးဇူးတင်ချီးမွမ်းခြင်းကို သူမှန်မှန် ပြုလုပ်ခဲ့တယ်။ ဆုတောင်းခြင်းအမှုဟာ ဒံယေလရဲ့ ဝတ်ပြုမှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် အသက်အန္တရာယ်ကြုံနေရင်တောင် ဆုမတောင်းဘဲမနေခဲ့ဘူး။ အဲဒီလိုတည်ကြည်ခဲ့တဲ့အတွက် ဒံယေလကို ဘုရားသခင် ချစ်မြတ်နိုးခဲ့တယ်။

ဆုတောင်းခြင်းက ဘယ်လောက်ကောင်းတဲ့ အခွင့်ထူးဖြစ်သလဲ။ ဘုရားသခင်ဆီ ဆုမတောင်းဘဲ တစ်ရက်တာကို ဘယ်တော့မှ မကုန်ဆုံးစေပါနဲ့။ ဘုရားသခင် ပြသတဲ့ ကောင်းမြတ်မှုတွေအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းဖို့ မမေ့ပါနဲ့။ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ထည့်ဆုတောင်းပါ။ သင့်ရဲ့ ဆုတောင်းချက်တွေ၊ တိုးလျှိုးအသနားခံချက်တွေ ဘယ်လိုဖြေကြားခံခဲ့ရတယ်ဆိုတာ ပြန်စဉ်းစားပြီး ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပါ။ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းပါ။ ဘုရားသခင်ဆီ အဲဒီလိုနည်းနဲ့ ကျွန်ုပ်တို့ ရင်ဖွင့်ဆုတောင်းတဲ့အခါ ဘုရားသခင်ရဲ့မေတ္တာကို ကိုယ်တိုင်ခံစားလာရပါတယ်။ အဲဒါက “ဆုတောင်းခြင်း၌ စွဲမြဲ” နေဖို့ အားပေးမှုဖြစ်စေတယ် မဟုတ်ဘူးလား။—ရောမ ၁၂:၁၂။

ဘုရားသခင့်နာမကို ချီးမွမ်းပါ

တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ ဘယ်သူမှ မိတ်ဆွေဖွဲ့ချင်မှာမဟုတ်ဘူး။ ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကလည်း အဲဒီလိုပါပဲ။ ဒီအချက်ကို ဒံယေလ သတိမူမိတယ်။ ဘုရားသခင့်နာမကိုချီးမွမ်းဖို့ သူ အရမ်းစိတ်ဝင်စားတယ်ဆိုတဲ့အချက်ကို သုံးသပ်ကြည့်ရအောင်။

နေဗုခဒ်နေဇာမင်းကြီးရဲ့ အိပ်မက်အနက်ကို ဖွင့်ပြနိုင်ဖို့ ဒံယေလ ဆုတောင်းတာကို ဘုရားသခင် ဖြေကြားပေးတဲ့အခါ ဒံယေလ ဒီလိုပြောခဲ့တယ်– ‘ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ဘုရားသခင်၏နာမသည် ထာဝရမင်္ဂလာရှိပါစေသတည်း။ ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။’ နောက်ပိုင်း နေဗုခဒ်နေဇာမင်းကြီးရဲ့ အိပ်မက်အနက်ကို ပြောပြနေချိန်မှာလည်း ယေဟောဝါဘုရားသခင်သာ “လျှို့ဝှက်ခက်ခဲသောအရာများကို ဖွင့်ပြ” တယ်လို့ အလေးအနက်ပြောပြီး ဘုရားသခင်ကို ထပ်ခါတလဲလဲ ချီးမွမ်းခဲ့တယ်။ ဒါ့အပြင် ခွင့်လွှတ်မှုနဲ့ ကယ်လွှတ်မှုအတွက် ‘အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမဖြင့် သမုတ်ခြင်းရှိပါသည်’ လို့ ဒံယေလ အသနားခံ ဆုတောင်းခဲ့တယ်။—ဒံယေလ ၂:၂၀၊ ၂၈; ၉:၁၉။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒံယေလကိုအတုယူဖို့ ကျွန်ုပ်တို့မှာ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ဘုရားသခင့် ‘နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိ’ စေဖို့ ထည့်ဆုတောင်းနိုင်တယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့နာမ ရှုတ်ချရာရောက်စေမယ့် အပြုအမူမျိုးကို ကျွန်ုပ်တို့ ပြုလုပ်ချင်မှာမဟုတ်ပါဘူး။ တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့သိရှိထားရာတွေ ဝေမျှခြင်းအားဖြင့် ဘုရားသခင်ကို အမြဲချီးမွမ်းနိုင်ကြပါစေ။

ကနေ့လောကမှာ သူတစ်ပါးကိုချစ်တဲ့စိတ်၊ စိုးရိမ်မကင်းဖြစ်တတ်တဲ့စိတ်ဆိုတာ မရှိကြတော့ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က သူ့ကိုဝတ်ပြုကိုးကွယ်တဲ့သူ တစ်ဦးချင်းစီကို တကယ်ဂရုစိုက်တယ်ဆိုတာ သိရှိရခြင်းကနေ နှစ်သိမ့်မှု ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆာလံဆရာက ဒီလိုပြောခဲ့လို့ပါ– ‘ထာဝရဘုရားသခင်သည် မိမိလူစုကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် တင့်တယ်စေတော်မူ၏။’—ဆာလံ ၁၄၉:၄။

[အောက်ခြေမှတ်ချက်]

a သမ္မာကျမ်းစာကို အကျိုးရှိရှိ ဖတ်ရှုလေ့လာနိုင်ရန် အထောက်အကူပြု စာအုပ်စာပေမျိုးစုံကို ယေဟောဝါသက်သေများ ထုတ်ဝေထားပါသည်။ ယင်းတို့ကို သင်ရလိုပါက ယေဟောဝါသက်သေများထံ လွတ်လပ်စွာ တောင်းခံနိုင်ပါသည်။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

ဒံယေလကို ခွန်အားပေးဖို့ ကောင်းကင်တမန် ဂါဗြေလကိုစေလွှတ်ခြင်းအားဖြင့် သူ့ကို ဘုရားသခင် အလွန်ချစ်ကြောင်း ဖော်ပြခဲ့

[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]

ဒံယေလဟာ ကျမ်းစောင်တွေကို ဝီရိယရှိရှိ ဖတ်ရှုလေ့လာပြီး ဆုတောင်းခဲ့တဲ့အတွက် သူ့ရဲ့ ပင်ကိုစရိုက် ပြုပြင်ခံရပြီး ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကို ခံခဲ့ရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ