ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သောကြာနေ့တွင်သင်္ဂြိုဟ်ခံရ၊ တနင်္ဂနွေနေ့တွင် ဟင်းလင်းဖြစ်သော သင်္ချိုင်းဂူ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • တနင်္ဂနွေနေ့နံနက်စောစောတွင် အလောင်းတော်ကိုလိမ်းကျံရန် သင်္ချိုင်းဂူသို့မာဂဒလမာရိ၊ ယာကုပ်ငယ်၏မိခင်မာရိ၊ ရှာလုံ၊ ယောဟန္နနှင့်အတူ အခြားမိန်းမအများတို့သည် အမွှေးနံ့သာများကိုယူလာကြ၍ လမ်း၌တစ်ဦးကိုတစ်ဦး “တွင်းဝ၌ပိတ်ထားသောကျောက်ကို အဘယ်သူလှိမ့်ပေးမည်နည်း” ဟုပြောဆိုကြသည်။ သို့သော်မြေငလျင်လှုပ်ပြီး ယေဟောဝါ၏ကောင်းကင်တမန်က ကျောက်တုံးကိုလှိမ့်ထားသည်ကို ရောက်သောအခါတွေ့မြင်ကြရသည်။ အစောင့်များလည်းမရှိ၊ သင်္ချိုင်းတွင်း၌လည်း အဘယ်အရာမျှမရှိချေ။ မဿဲ ၂၇:၅၇-၂၈:၂။ မာကု ၁၅:၄၂-၁၆:၄။ လုကာ ၂၃:၅၀-၂၄:၃၊ ၁၀။ ယောဟန် ၁၉:၁၄၊ ယောဟန် ၁၉:၃၁-၂၀:၁၊ ယောဟန် ၁၂:၄၂။ ဝတ်ပြုရာ ၂၃:၅-၇။ တရားဟောရာ ၂၁:၂၂၊၂၃။ ဆာလံ ၃၄:၂၀။ ဇာခရိ ၁၂:၁၀။

  • ယေရှုအသက်ရှင်တော်မူသည်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • အခန်း ၁၂၈

      ယေရှုအသက်ရှင်တော်မူသည်

      ယေရှု၏သင်္ချိုင်းဂူဟင်းလင်းဖြစ်နေသည်ကို မိန်းမများတွေ့သောအခါ မာဂဒလမာရိသည် ပေတရုနှင့်ယောဟန်ထံပြေး၍ပြောပြ၏။ အခြားမိန်းမများမူ သင်္ချိုင်းဂူ၌နေရစ်သည်။ မကြာမီကောင်းကင်တမန်တစ်ပါးပေါ်လာ၍ သူတို့အားအတွင်းသို့ခေါ်၏။

      ထိုတွင်မိန်းမတို့သည် အခြားကောင်းကင်တမန်တစ်ပါးကိုတွေ့ကြ၍ တစ်ပါးက “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကို သင်တို့ရှာကြသည်ကိုငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ။ လာကြ။ သခင်လျောင်းတော်မူရာအရပ်ကိုကြည့်ကြလော့။ အလျင်အမြန်သွား၍ သေခြင်းမှထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့” ဟုဆို၏။ သို့နှင့်ထိုမိန်းမတို့သည် ကြောက်ရွံ့သော်လည်းအလွန်ဝမ်းမြောက်စွာပြေးသွားကြ၏။

      ထိုအချိန်တွင် မာရိသည်ပေတရုနှင့်ယောဟန်တို့ကိုတွေ့၍ “သင်္ချိုင်းတော်မှသခင်ကိုယူသွားကြပြီ။ အဘယ်မှာထားသည်ကိုမသိ” ဟုသတင်းကြားပြော၏။ တမန်တော်နှစ်ပါးချက်ချင်းပြေးသွားကြ၏။ အသက်ငယ်သူယောဟန်သည်ခြေလှမ်းသွက်ပြီး သင်္ချိုင်းဂူသို့အလျင်ရောက်လေသည်။ ထိုအခါ၌မိန်းမများမရှိတော့ပါ။ သင်္ချိုင်းဂူထဲယောဟန်မဝင်ဘဲငုံ့ကြည့်ရာ ကျပ်စည်းအဝတ်များကိုတွေ့၏။

      ပေတရုရောက်လာသောအခါ အတွင်းသို့ချက်ချင်းဝင်ပြီး လိပ်လျက်သားရှိကျပ်စည်းအဝတ်များနှင့် ယေရှု၏ဦးခေါင်းကိုပတ်ရစ်သည့်အဝတ်ကိုမြင်လေသည်။ ဂူထဲသို့ယောဟန်လည်းဝင်ပြီး မာရိ၏စကားကိုယုံတော့သည်။ သို့တိုင်မိမိရှင်ပြန်ထမြောက်မည်ဟု ကိုယ်တော်မကြာခဏပြောခဲ့ဖူးသော်လည်း ပေတရုနှင့်ယောဟန်နှစ်ဦးစလုံးသည် ယေရှုထမြောက်ကြောင်းကိုမရိပ်မိကြချေ။ ဝေခွဲမရဖြစ်ပြီး သူတို့အိမ်ပြန်သွားကြသည်။ သင်္ချိုင်းဂူသို့ပြန်လာသူမာရိမူ ကျန်ရစ်လေသည်။

      ထိုအချိန်အတွင်း၊ အခြားသောမိန်းမတို့သည် ကောင်းကင်တမန်များမိန့်မှာသည်အတိုင်း ယေရှုထမြောက်ပြီဟုတပည့်များအားပြောပြရန် သုတ်ခြေတင်သွားနေစဉ် သူတို့နှင့်ယေရှုတွေ့ဆုံပြီး “မင်္ဂလာဖြစ်စေသတည်း” ဟုမိန့်ဆိုသည်။ ထိုအခါမိန်းမတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ အရိုအသေပြုကြ၏။ ယေရှုက “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့သွားစေခြင်းငှာ ဤသတင်းစကားကိုကြားပြောကြလော့။ ထိုပြည်၌သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟုမိန့်တော်မူ၏။

      အစောပိုင်းကငလျင်လှုပ်၍ ကောင်းကင်တမန်များပေါ်လာစဉ် အစောင့်စစ်သားများ ကြက်သေသေခဲ့ကြသည်။ သတိပြန်ရသောအခါ မြို့ထဲချက်ချင်းဝင်၍ ယဇ်ပုရောဟိတ်အကြီးတို့အား အလုံးစုံပြောကြား၏။ ဂျူး “အကြီးအကဲများ” နှင့်သူတို့တိုင်ပင်ပြီးနောက် စစ်သားတို့ကိုလာဘ်ထိုးခြင်းဖြင့် အဖြစ်မှန်ကိုဖုံးဖိရန်ကြိုးစားကြသည်။ “ ‘ညအခါငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးသွားကြသည်’ ဟုသင်တို့ပြောကြလော့” ဟုသူတို့အားညွှန်ကြားသည်။

      ရောမစစ်သားတို့သည်တာဝန်ကျစဉ်အိပ်ပျော်လျှင် သေဒဏ်စီရင်ခံရမည်ဖြစ်သဖြင့် ယဇ်ပုရောဟိတ်တို့က “(သင်တို့အိပ်ပျော်သည့်သတင်း) မြို့ဝန်မင်းကြားပြောလျှင် ငါတို့သည်သူ့ကိုဖျောင်းဖျ၍ သင်တို့၌အမှုမရှိစေခြင်းငှာပြုမည်” ဟုကတိပေး၏။ ကျေနပ်လောက်သည့်လာဘ်ငွေရသောကြောင့် ခိုင်းသည့်အတိုင်းစစ်သားတို့လုပ်ကြ၏။ ထို့ကြောင့်ယေရှုအလောင်း အခိုးခံရသည့်ကောလာဟလသည် ဂျူးတို့အလယ်ပျံ့နှံ့သွားသည်။

      ဂူတွင်ကျန်ရစ်သောမာဂဒလမာရိသည် ကြေကွဲလျက်ရှိသည်။ ယေရှုအဘယ်မှာရှိနိုင်သနည်း။ ဂူထဲငုံ့ကြည့်လိုက်သောအခါ ပြန်ပေါ်လာသောဝတ်ရုံဖြူနှင့်ကောင်းကင်တမန်နှစ်ပါးကိုတွေ့လေ၏။ ယေရှု၏အလောင်းတော်ထားရာ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါးထိုင်နေကြသည်။ “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း” ဟုသူတို့မေးကြသည်။

      “ကျွန်မသခင်ကိုယူသွားကြပြီ၊ အဘယ်မှာထားသည်ကိုမသိပါ” ဟုမာရိဖြေသည်။ သို့နှင့်သူမ လှည့်လိုက်သောအခါ “အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း” ဟုပြန်မေးသူတစ်ဦးအားတွေ့လေသည်။ ဤသူက “အဘယ်သူကိုရှာသနည်း” ဟုလည်းမေးလေသည်။

      ထိုသူအားဥယျာဉ်အစောင့်ဟုယူမှတ်ကာ “သင်သည်သူ့ကိုဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မယူသွားပါမည်” ဟုဆို၏။

      “မာရိ” ဟုထိုသူခေါ်သည်နှင့် အကျွမ်းဝင်သည့်လေသံကိုမှတ်မိပြီးယေရှုဖြစ်ကြောင်း သူမ ချက်ချင်းသိလေ၏။ “ရဗ္ဗုနိ” (အဓိပ္ပာယ်မှာ၊ “ဆရာ”) ဟုသူမ ဟစ်ကြွေးသည်။ အတိုင်းမသိဝမ်းသာစွာဖြင့် ကိုယ်တော်အားသူမဆုပ်ကိုင်ရာ ယေရှုက “ငါ့ကိုမဖက်နှင့်ဦး။ ငါသည်ငါ့ခမည်းတော်ထံသို့မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့” ဟုမိန့်မှာ၏။

      မာရိသည်တမန်တော်များနှင့် တပည့်တော်များစုဝေးရာနေရာသို့ပြေးလေ၏။ ထမြောက်ပြီးယေရှုကိုမြင်ခဲ့သောအခြားမိန်းမများ၏သတင်းပေးချက်အပြင် သူမ၏အတွေ့အကြုံကို ထပ်ဆင့်ကြားကြသော်လည်း၊ ကနဦးမိန်းမများကိုမယုံသည့် ဤသူများသည် မာရိကိုလည်းမယုံကြည်ကြချေ။ မဿဲ ၂၈:၃-၁၅။ မာကု ၁၆:၅-၈။ လုကာ ၂၄:၄-၁၂။ ယောဟန် ၂၀:၂-၁၈။

      ▪ သင်္ချိုင်းဂူဟင်းလင်းဖြစ်နေသည်ကိုတွေ့ပြီးနောက် မာဂဒလမာရိဘာလုပ်သနည်း။ အခြားမိန်းမများ ဘာတွေ့ကြုံကြသနည်း။

      ▪ ပေတရုနှင့်ယောဟန်သည် ဂူဟင်းလင်းဖြစ်နေသည်ကိုတွေ့ရှိသောအခါ မည်သို့တုံ့ပြန်သနည်း။

      ▪ အခြားသောမိန်းမများသည် ယေရှု၏ထမြောက်ခြင်းကို တပည့်တော်များအားကြားပြောရန်သွားစဉ် ဘာကြုံရသနည်း။

      ▪ အစောင့်စစ်သားများဘာဖြစ်ခဲ့သနည်း။ ယဇ်ပုရောဟိတ်တို့ထံ သူတို့သတင်းပို့ရာ၌ တုံ့ပြန်မှုကားမည်သို့နည်း။

      ▪ ဂူတွင်မာဂဒလမာရိ တစ်ဦးတည်းရှိစဉ် ဘာဖြစ်ပျက်သနည်း။ မိန်းမတို့၏သတင်းကြားပြောမှုကို တပည့်တော်များမည်သို့ တုံ့ပြန်ကြသနည်း။

  • ယေရှုထပ်မံ ကိုယ်ယောင်ထင်ရှားပြ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • စိတ်ညှိုးငယ်နေဆဲတပည့်တို့သည် ဗလာကျင်းနေသောဂူ၏အနက်ကိုမသိ၊ အမျိုးသမီးတို့၏စကားကိုလည်းမယုံနိုင်ကြပါ။ သို့နှင့်တနင်္ဂနွေမွန်းလွဲပိုင်း၌ ကလောဖနှင့်တပည့်တစ်ဦးသည် ယေရုရှလင်မှခုနစ်မိုင်ရှိဧမောက်ရွာသို့သွားကြ၏။

      လမ်းခရီး၌ ထိုနေ့အဖြစ်အပျက်တို့ကိုပြောနေစဉ် သူစိမ်းတစ်ဦးက “သင်တို့သည်ခရီးသွားနေစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေးနေကြသနည်း” (သက ) ဟုမေး၏။

      တပည့်တို့မျက်နှာညှိုးငယ်စွာရပ်၍ “သင်သည်ယေရုရှလင်မြို့၌ဧည့်သည်ဖြစ်လျက်သာ ယခုအခါထိုမြို့၌ဖြစ်ခဲ့ပြီးသောအကြောင်းအရာတို့ကိုမသိသလော” ဟုကလောဖဆိုသော် “အဘယ်အကြောင်းအရာနည်း” ဟုထိုသူမေး၏။

      “နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ . . . ထိုသူကိုယဇ်ပုရောဟိတ်အကြီးနှင့်ငါတို့မင်းများသည် အသေသတ်ခြင်းကိုခံစေခြင်းငှာအပ်နှံ၍ လက်ဝါးကပ်တိုင်မှာကွပ်မျက်ကြပြီ။ ထိုသူသည် ဣသရေလအမျိုးကိုရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည်အထက်ကမျှော်လင့်ကြပြီ” ဟုဖြေဆိုကြ၏။

      ကလောဖနှင့်အဖော်က ထိုနေ့၌ကောင်းကင်တမန်များကိုထူးဆန်းစွာမြင်ရခြင်းနှင့်ဗလာကျင်းနေသည့်ဂူအကြောင်းတို့ကိုရှင်းပြသည်။ ယင်းတို့၏အဓိပ္ပာယ်ကိုကားမသိ စိတ်တွေဝေနေကြောင်းဝန်ခံကြသည်။ သူစိမ်းက “ပရောဖက်ဟောပြောသောစကားများကိုယုံနိုင်အောင်ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကိုဝင်စားရမည်မဟုတ်လော” ဟုပြစ်တင်ပြောဆိုပြီး ခရစ်တော်နှင့်ပတ်သက်သောကျမ်းပိုဒ်တို့ကို ရှင်းပြလေ၏။

      နောက်ဆုံးဧမောက်ရွာနားရောက်လျှင် သူစိမ်းကခရီးဆက်မည့်ဟန်ပြုရာ ပိုမိုကြားလိုကြသဖြင့် “ယခုမိုးချုပ်စပြုပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ” ဟုသူတို့ဆို၏။ သို့နှင့် ညစာအတူစားစဉ် ကျေးဇူးတော်ချီးမွမ်းပြီးမုန့်ကိုဖဲ့၍သူတို့အားပေးသောအခါ လူ့ခန္ဓာဖြင့်ထင်ရှားသည့်ယေရှုဖြစ်မှန်း သူတို့သိချိန်၌ ကိုယ်တော်ကွယ်ပျောက်လေသည်။

      သူစိမ်းသည်အဘယ်ကြောင့်ဤမျှသိရခြင်းကို ယခုမှသူတို့သဘောပေါက်ကြသည်။ “လမ်းခရီး၌ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော” ဟုအချင်းချင်းမေးပြီး ချက်ချင်းထ၍ ယေရုရှလင်သို့ပြန်ကြ၏။ တမန်တော်တို့နှင့်တကွ စုရုံးနေသူတို့ကိုတွေ့ကြ၏။ သူတို့ဘာမျှမပြောနိုင်မီ အခြားသူတို့က “သခင်သည် အမှန်ထမြောက်တော်မူပြီ၊ ရှိမုန်အားကိုယ်ကိုပြတော်မူပြီ” ဟုဝမ်းသာစွာပြောကြပြီးနောက်မှ တပည့်နှစ်ဦးလည်း သူတို့အားယေရှုမည်သို့ကိုယ်ထင်ပြကြောင်းပြောကြား၏။ ထိုတစ်နေ့တည်းတွင် တပည့်အသီးသီးတို့အား လေးကြိမ်ကိုယ်ထင်ပြသည်။

      ယုဒလူတို့ကိုတပည့်တို့ကြောက်ကြသဖြင့် တံခါးပိတ်ထားသော်လည်း ယေရှုသည် ပဉ္စမအကြိမ်ရုတ်တရက်ကိုယ်ထင်ပြ၍ သူတို့အလယ်၌ရပ်လျက် “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမိန့်ဆို၏။ သူတို့သည်နာမ်ဝိညာဉ်ကိုမြင်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်နေကြသဖြင့် ယေရှုက “အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည်သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ နာမ်ဝိညာဉ်မည်သည်ကား ဤကဲ့သို့မပြည့်စုံ” ဟုဆို၍မိမိသည်အရိပ်သဏ္ဌာန်မဟုတ်ကြောင်းရှင်းပြသော်လည်း သူတို့ယုံရခက်နေဆဲဖြစ်သည်။

      မိမိသည်အမှန်ပင်ယေရှုဖြစ်ကြောင်း သူတို့လက်ခံနိုင်ရန် ကိုယ်တော်က “သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလော” ဟုမေး၏။ ငါးကင်ကိုစားပြီးနောက် ယေရှုက “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း ငါ့ကိုရည်မှတ်၍ရေးထားသမျှသောအချက်တို့သည်ပြည့်စုံရမည်ဟု ငါသည်သင်တို့နှင့်အတူရှိစဉ်အခါ [မသေမီက] သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်း” ဟုမိန့်ဆို၏။

      ယေရှုဆက်၍ “ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည်အသေခံ၍ သုံးရက်မြောက်သောနေ့၌သေခြင်းမှထမြောက်ရမည်။ ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့်အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသောလူမျိုးတကာတို့အားဟောပြောရမည်” ဟုသွန်သင်လေ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ