ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁၅ စာ. ၁၀-၁၅
  • ဖတ်ရှုခြင်းကို အာရုံစိုက်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖတ်ရှုခြင်းကို အာရုံစိုက်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ဖတ်ရှုသူသည် မင်္ဂလာရှိ၏’
  • အားထုတ်စဉ်းစားပြီး တွေးတောဆင်ခြင်
  • အချက်အလက်ဟောင်းကို အသစ်များနှင့် ဆက်စပ်ပေး
  • ကျမ်းစာဆိုင်ရာ အဖြစ်အပျက်များကို မြင်ယောင်ပါ
  • တန်ဖိုးရှိသင်ခန်းစာများကို သင်ယူခြင်း
  • မိသားစုလိုက် ကျမ်းစာဖတ်ခြင်းမှ အကျိုးခံစား
  • စာဖတ်ခြင်းနှင့် ခရစ်ယာန်ဓမ္မအမှု
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျမ်းစာဖတ်ခြင်း—အကျိုးဖြစ်ထွန်း၍ ပျော်ရွှင်မှုရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁၅ စာ. ၁၀-၁၅

ဖတ်ရှုခြင်းကို အာရုံစိုက်လော့

“ငါမလာမီတိုင်အောင် ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းကို ကြိုးစား၍ပြုလော့။” —၁ တိမောသေ ၄:၁၃။

၁။ သမ္မာကျမ်းစာကို ဖတ်ခြင်းအားဖြင့် မည်သို့အကျိုးခံစားရမည်နည်း။

ယဟောဝါဘုရားသခင်သည် လူသားတို့အား စာဖတ်တတ်၊ ရေးတတ်သည့် အံ့ဖွယ်စွမ်းရည်ကို ပေးသနားထားတော်မူသည်။ ကျွန်ုပ်တို့ကို ကောင်းစွာသွန်သင်ခံရသူများဖြစ်ရန် ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကိုလည်း ပေးအပ်ထားတော်မူပြီ။ (ဟေရှာယ ၃၀:၂၀၊ ၂၁) ယင်းသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့သော ဘုရားကိုကြောက်ရွံ့သူ၊ ဘိုးဘေးကြီးများနှင့်အတူ တင်စားစကားဖြင့် “သွားလာ” စေပါသည်။ ဘုရားဝတ်၌မွေ့လျော်သော အမျိုးသမီးများဖြစ်သည့် စာရာ၊ ရေဗက္ကနှင့် သစ္စာရှိမောဘပြည်သူ ရုသတို့ကို “တွေ့မြင်” နိုင်သည်။ မှန်ပါသည်၊ ယေရှုခရစ် တောင်ပေါ်ဒေသနာ ပေးနေသည့်အသံကိုလည်း ကျွန်ုပ်တို့ “ကြားနာ” နိုင်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းစွာစာဖတ်တတ်သူများဖြစ်ကြမည်ဆိုလျှင် သမ္မာကျမ်းစာမှရရှိနိုင်သော ပျော်ရွှင်မှုနှင့် မွန်မြတ်လှသည့်သွန်သင်မှုကို ရယူနိုင်ကြပါသည်။

၂။ ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ကောင်းစွာစာဖတ်တတ်ကြောင်း အဘယ်အရာကတင်ပြသနည်း။

၂ စုံလင်သောလူသား ယေရှုခရစ်သည် ထူးချွန်သည့်စာဖတ်စွမ်းရည် ရှိခဲ့မည်မှာအမှန်။ ကိုယ်တော်သည် ဟေဗြဲကျမ်းစာစောင်များကို အမှန်ပင် ကောင်းစွာတတ်မြောက်တော်မူခဲ့၏။ ထို့ကြောင့်လည်း မာရ်နတ်၏သွေးဆောင်ခြင်းကို ယေရှုခံခဲ့ရသောအခါ ကျမ်းစာကို အကြိမ်ကြိမ်ကိုးကားပြီး “ကျမ်းစာလာသည်ကား” ဟုမိန့်တော်မူ၏။ (မဿဲ ၄:၄၊ ၇၊ ၁၀) တစ်ခါက နာဇရက်မြို့ တရားဇရပ်၌ရှိစဉ် ကိုယ်တော်သည် ဟေရှာယပရောဖက်ပြုချက်ကို လူအများရှေ့ ဖတ်ရှုပြီး ယင်းသည် ကိုယ်တော်တိုင်နှင့်သက်ဆိုင်ကြောင်း ရှင်းပြတော်မူခဲ့၏။ (လုကာ ၄:၁၆-၂၁) ယေရှု၏တမန်တော်များကော အသို့နည်း။ သူတို့၏အရေးအသားတွင် ဟေဗြဲကျမ်းစာစောင်များကို မကြာခဏကိုးကားခဲ့ကြသည်။ ပေတရုနှင့်ယောဟန်တို့သည် ဟေဗြဲအဆင့်မြင့်သင်တန်းကျောင်းဆင်းများ မဖြစ်ကြသဖြင့် ဂျူးအရာရှိများက သူတို့ကို လူတတ်မဟုတ်၊ လူသာမညသာဖြစ်ကြသည်ဟု ယူမှတ်ကြ၏။ သို့သော်လည်း သူတို့သည် ကောင်းစွာ စာရေးတတ်၊ ဖတ်တတ်ကြောင်း ဝိညာဉ်တော်တန်ခိုးဖြင့် ရေးသားခဲ့သော သူတို့၏စာစောင်များက အထင်အရှားသက်သေထူသည်။ (တမန်တော် ၄:၁၃) သို့သော် စာဖတ်တတ်ခြင်းသည် တကယ်အရေးကြီးပါသလော။

‘ဖတ်ရှုသူသည် မင်္ဂလာရှိ၏’

၃။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ဖတ်ရှုလေ့လာရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။

၃ ကျမ်းစာစောင်များမှ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးလေ့လာ ကျင့်သုံးခြင်းသည် ထာဝရအသက်ရရှိစေနိုင်သည်။ (ယောဟန် ၁၇:၃) ထို့ကြောင့် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာအပြင် သစ္စာနှင့်သတိပညာရှိသောကျွန်၊ ဘိသိက်ခံခရစ်ယာန်များမှတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော ခရစ်ယာန်စာပေများကို ဖတ်ရှုလေ့လာရန် အလွန်အရေးကြီးကြောင်း အသိအမှတ်ပြုကြပါသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) အမှန်မှာ အထူးစီမံထားသည့် ကင်းမျှော်စင်အသင်းထုတ် စာပေများကို အသုံးပြုခြင်းအားဖြင့် ထောင်ပေါင်းများစွာသောသူတို့သည် စာဖတ်တတ်လာကြပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ အသက်ပေးပညာကို ရယူဆည်းပူးနေကြပြီ။

၄။ (က) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာ ကျင့်သုံးခြင်းအားဖြင့် အဘယ်ကြောင့်ပျော်ရွှင်မှုခံစားရသနည်း။ (ခ) စာဖတ်ခြင်းအကြောင်း တိမောသေကို ပေါလု ဘာပြောသနည်း။

၄ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာ ကျင့်သုံးခြင်းအားဖြင့် ပျော်ရွှင်မှုခံစားနိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသို့ပြုခြင်းအားဖြင့် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ပြီး ကိုယ်တော်အား ဂုဏ်တင်၍ ကိုယ်တော့်ထံမှ ကောင်းချီးများခံစားရသဖြင့် ပျော်ရွှင်မှုရှိသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ပျော်ရွှင်စေလိုတော်မူ၏။ ယင်းကြောင့် ကိုယ်တော်သည် ရှေးဣသရေလလူမျိုးတို့အား ပညတ္တိကျမ်းကို ဖတ်ပြရန် ယဇ်ပုရောဟိတ်များကို မိန့်မှာထားတော်မူ၏။ (တရားဟောရာ ၃၁:၉-၁၂) ကျမ်းကူးသူ ဧဇရနှင့် အခြားသူတို့သည် ယေရုရှလင်မြို့တွင် စုဝေးနေသူအပေါင်းတို့အား ပညတ္တိကျမ်းကို ဖတ်ပြကြသည့်အခါ ယင်း၏အနက်ကိုပါဖွင့်ဆိုခဲ့ရာ “အလွန်ပျော်မွေ့ခြင်း” ရှိခဲ့ကြသည်။ (နေဟမိ ၈:၆-၈၊ ၁၂) နောင်တွင် ခရစ်ယာန်တမန်တော်ပေါလုက “ငါမလာမီတိုင်အောင် ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းကို ကြိုးစား၍ပြုလော့” ဟု သူ၏လုပ်ဖော်ကိုင်ဖက် တိမောသေအား မှာကြားသည်။ (၁ တိမောသေ ၄:၁၃) အခြားဘာသာပြန်ကျမ်းတစ်စောင်က “လူပရိသတ်ရှေ့ ကျမ်းစာတော်ကိုဖတ်ခြင်း . . . ကိုအာရုံစိုက်၍ ဆောင်ရွက်လော့” ဟုဆိုသည်။—သတင်းကောင်း ဓမ္မသစ်ကျမ်းနှင့် ဆာလံကျမ်း။

၅။ ဗျာဒိတ် ၁:၃ ကပျော်ရွှင်မှုကို စာဖတ်ခြင်းနှင့် မည်သို့ဆက်စပ်ပေးသနည်း။

၅ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာ ကျင့်သုံးခြင်းအပေါ် မူတည်ကြောင်း ဗျာဒိတ် ၁:၃ တွင်ဖော်ပြထားသည်။ ထိုတွင် “ကာလအချိန် ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှု ဖတ်ရွတ် နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟုဆိုပါသည်။ မှန်သည်၊ ဗျာဒိတ်ကျမ်းနှင့် ကျမ်းစာစောင်များတစ်လျှောက် ပါရှိသော ဘုရားသခင်၏ ပရောဖက်ပြုချက်ဆိုင်ရာ နှုတ်ကပါဌ်စကားတော်များကို ဖတ်ရှုပြီး နားထောင်ကြရန်လိုသည်။ အမှန်ပျော်ရွှင်သောသူသည် “ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်သောသူ” ဖြစ်သည်။ ရလဒ်ကား အသို့နည်း။ ထိုသူ “ပြုလေသမျှ၌ အောင်လိမ့်သတည်း” ဖြစ်သည်။ (ဆာလံ ၁:၁-၃၊ သမ္မာ) ထို့ကြောင့် ယေဟောဝါ၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့တစ်ဦးစီအား ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို သီးသန့်သော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေများနှင့်အတူသော်လည်းကောင်း ဖတ်ရှုလေ့လာရန် တိုက်တွန်းစရာအကြောင်းကောင်းများစွာရှိပါသည်။

အားထုတ်စဉ်းစားပြီး တွေးတောဆင်ခြင်

၆။ အဘယ်အရာကို ယောရှုဖတ်ရန် မှာကြားခံရသနည်း။ ယင်းကား အဘယ်နည်းဖြင့် အကျိုးရှိသနည်း။

၆ သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ခရစ်ယာန်စာပေများကိုဖတ်ရှုခြင်းမှ မည်သို့အကျိုးကျေးဇူးအများဆုံး ရရှိနိုင်မည်နည်း။ သင်သည် ဘုရားကိုကြောက်ရွံ့သော ရှေးဣသရေလလူမျိုး၏ခေါင်းဆောင်ဖြစ်သူ ယောရှုပြုမူခဲ့သည့်နည်းတူပြုလုပ်ခြင်းအားဖြင့် အကျိုးကျေးဇူးများ ခံစားရကြပေမည်။ သူသည် ဤသို့မိန့်မှာခံခဲ့ရသည်– “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။” (ယောရှု ၁:၈) ‘ဖတ်ရွတ်ခြင်း’ မည်သည်ကား နိမ့်သံဖြင့် မိမိကိုယ်ကို ဖတ်ပြခြင်းဖြစ်သည်။ ယင်းသည် မှတ်ဉာဏ်ကို အထောက်အကူပြုသည်။ အကြောင်းမူကား အကြောင်းအရာကို စိတ်ထဲစွဲမှတ်စေသည်။ ယောရှုသည် ဘုရားသခင်၏ပညတ္တိကျမ်းကို “နေ့ညမပြတ်” သို့မဟုတ် မှန်မှန်ဖတ်ရှုရန်ဖြစ်သည်။ ယင်းသည် အကြံထမြောက်၍ ဘုရားပေးတာဝန်များကို ပညာရှိရှိထမ်းဆောင်ရမည့်နည်းလမ်းဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဤသို့မှန်မှန်ဖတ်ရှုခြင်းသည် ထပ်တူနည်းဖြင့် သင့်ကိုကူညီပေးနိုင်ပါသည်။

၇။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုသည့်အခါ အလျင်အမြန်ပြီးစီးခြင်းကို အဘယ်ကြောင့်အာရုံမစူးစိုက်သင့်သနည်း။

၇ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုသည့်အခါ အလျင်အမြန်ပြီးစီးခြင်းကို အာရုံမစူးစိုက်ပါနှင့်။ သမ္မာကျမ်းစာကိုဖြစ်စေ၊ ခရစ်ယာန်စာပေတစ်ခုခုကိုဖြစ်စေ အချိန်ပေးပြီးဖတ်ရှုရန် ကြံစည်ထားမည်ဆိုလျှင် အေးအေးလူလူဖတ်ရှုလိုပေမည်။ အထူးသဖြင့် ထူးခြားချက်များကို မှတ်မိရန်ရည်ရွယ်ချက်နှင့် လေ့လာနေမည်ဆိုလျှင် ဤသို့ပြုရန် အရေးကြီးပါသည်။ တစ်ဖန် စာဖတ်သည့်အခါ အားထုတ်စဉ်းစားပါ။ ကျမ်းရေးသူ၏စကားကို စိစစ်လေ့လာကြည့်ပါ။ ‘သူ၏လိုရင်းချက်က အဘယ်နည်း။ ဤအကြောင်းကို မည်သို့အသုံးချသင့်သနည်း’ ဟူ၍ မိမိကိုယ်ကိုမေးမြန်းပါ။

၈။ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ တွေးတောဆင်ခြင်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။

၈ သမ္မာကျမ်းစာကို ဖတ်ရှုစဉ် အချိန်ယူပြီး တွေးတောဆင်ခြင်ပါ။ ဤသို့ပြုခြင်းဖြင့် ကျမ်းစာမှတ်တမ်းများကို မှတ်မိရန်မက ကျမ်းစာမူများကို ကျင့်သုံးရန်ပါ အထောက်အကူရလိမ့်မည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တွေးတောဆင်ခြင်ခြင်းဖြင့် အချက်အလက်များကို စိတ်ထဲစွဲမှတ်ထားခြင်းသည် စိတ်ရင်းစေတနာမှန်နှင့်ပြောဆိုစေပါမည်။ သို့ဖြင့် နောက်ပိုင်းတွင် ဝမ်းနည်းစရာဖြစ်မည့်စကားများကို မေးမြန်းသူတို့အားပြောမိမည်မဟုတ်ဘဲ ကောင်းမွန်သောအဖြေများကို ပေးနိုင်လိမ့်မည်။ ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းခံ ပညာရှိစကားတစ်ခွန်းကား “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏” ဟူ၍ဖြစ်သည်။—သု. ၁၅:၂၈။

အချက်အလက်ဟောင်းကို အသစ်များနှင့် ဆက်စပ်ပေး

၉၊ ၁၀။ သိနားလည်ထားသော ကျမ်းစာဆိုင်ရာအချက်အလက်ဟောင်းများနှင့် သင်ကြားသိရှိလာသည့် အချက်အလက်အသစ်များကို ဆက်စပ်ပေးခြင်းအားဖြင့် သင့်ကျမ်းစာဖတ်ရှုခြင်းသည် မည်သို့တိုးတက်လာမည်နည်း။

၉ ခရစ်ယာန်အများစုသည် တစ်ချိန်တစ်ခါက မိမိတို့ဘုရားအကြောင်း၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်အကြောင်း၊ ကိုယ်တော်၏ရည်ရွယ်ချက်များအကြောင်း အနည်းအကျဉ်းသာသိရှိခဲ့ကြောင်း ဝန်ခံကြရမည်။ သို့ရာတွင် ယနေ့ ဤခရစ်ယာန်ဓမ္မအမှုဆောင်များသည် ဖန်ဆင်းခြင်းနှင့် အပြစ်တရားသို့ကျဆင်းခဲ့ခြင်းမှအစ ခရစ်တော်၏ယဇ်သကာ၏ရည်ရွယ်ချက်အကြောင်း ရှင်းပြနိုင်ကြပြီ။ ဤအစီအစဉ်စနစ်ဆိုး ပျက်စီးမည့်အကြောင်း၊ နာခံမှုရှိသော လူသားမျိုးနွယ်သည် ပရဒိသုကမ္ဘာပေါ် ထာဝရအသက်ဆုကျေးဇူးရမည်အကြောင်း ရှင်းပြနိုင်ကြသည်။ ယင်းသို့ဖြစ်ရသည့် အဓိကအကြောင်းမှာ ယေဟောဝါ၏ ဤကျေးကျွန်များသည် သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို လေ့လာခြင်းအားဖြင့် “ဘုရားသခင်ကိုသိသောဉာဏ်” ကိုဆည်းပူးသင်အံခဲ့သောကြောင့်ဖြစ်သည်။ (သု. ၂:၁-၅) သိနားလည်ထားသော အကြောင်းအရာအဟောင်းများနှင့် သင်ကြားသိရှိလာသည့် အချက်အလက်အသစ်များကို တဖြည်းဖြည်း ဆက်စပ်ပေးခဲ့ကြပြီ။

၁၀ အသင်သိထားနှင့်ပြီးသော ကျမ်းစာဆိုင်ရာအကြောင်းများကို အချက်အလက်အသစ်များနှင့် ဆက်စပ်ပေးခြင်းသည် အကျိုးများစွာရှိသည်။ (ဟေရှာယ ၄၈:၁၇) ကျမ်းစာပညတ်များ၊ ကျင့်ဝတ်မူများ သို့မဟုတ် စိတ်ကူးသက်သက်ပုံစံရှိ အချက်အလက်များကို တင်ပြသောအခါ သင်သိရှိထားနှင့်ပြီးသည့်အရာများနှင့် ဆက်စပ်ကြည့်ပါ။ သင်တတ်သိနားလည်လာသည့် အကြောင်းအရာကို “ကျန်းခံ့ရေးတရားပုံစံ” နှင့်ကိုက်ညီစေပါ။ (၂ တိမောသေ ၁:၁၃၊ သမ) ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ခိုင်မြဲစေရန်၊ သင့်ခရစ်ယာန်ဥပဓိရုပ်ကို ပီပြင်လာစေရန်၊ သို့မဟုတ် သူတစ်ပါးအား ကျမ်းစာမှသမ္မာတရားများကို တင်ပြပြောဆိုရန် အကူအညီဖြစ်စေမည့် အကြောင်းအရာကို ရှာဖွေလေ့လာပါ။

၁၁။ ကျမ်းစာတွင် အမူအကျင့်နှင့်ပတ်သက်သော အကြောင်းတစ်ခုခုကို ဖတ်ရှုသည့်အခါ သင်အဘယ်အရာ လုပ်နိုင်သနည်း။ ပုံဥပမာပြပါ။

၁၁ ကျမ်းစာတွင် အမူအကျင့်နှင့်ပတ်သက်သော အကြောင်းတစ်ခုခုကို သင်ဖတ်ရှုသည့်အခါ ထိုတွင်ပါဝင်သော ကျင့်ဝတ်မူကို သဘောပေါက်ရန် ကြိုးစားသင်ယူပါ။ ယင်းကို စဉ်းစားဆင်ခြင်ပါ။ ထို့နောက် ထပ်တူအခြေအနေမျိုးတွင် အသင်ကိုယ်တိုင် မည်သို့ပြုမူမည်အကြောင်း ဆုံးဖြတ်ပါ။ ယာကုပ်၏သား ယောသပ်က “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း” ဟုအကြောင်းပြပြီး ပေါတိဖာ၏မိန်းမနှင့် လိင်စာရိတ္တယိုယွင်းခြင်းကို အမြဲငြင်းဆန်ခဲ့ပါသည်။ (ကမ္ဘာဦး ၃၉:၇-၉) နှလုံးထိမိသော ဤအဖြစ်အပျက်တွင် အခြေခံမူတစ်ခုကို တွေ့ရှိရသည်—လိင်စာရိတ္တယိုယွင်းခြင်းသည် ဘုရားသခင်အား ပြစ်မှားခြင်းဖြစ်၏။ ဤကျင့်ဝတ်မူကို ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသော အခြားထုတ်ဖော်ပြောဆိုချက်များနှင့် ဆက်စပ်ကြည့်နိုင်သည်။ ယင်းနောက် ထိုကဲ့သို့သောအမှားမျိုးကို ပြုမူရန် သွေးဆောင်ခံရသည့်အခါ ၎င်းကိုမှတ်မိသဖြင့် အကျိုးဖြစ်ထွန်းပါမည်။—၁ ကောရိန္သု ၆:၉-၁၁။

ကျမ်းစာဆိုင်ရာ အဖြစ်အပျက်များကို မြင်ယောင်ပါ

၁၂။ ကျမ်းစာမှတ်တမ်းကို ဖတ်ရှုစဉ် အဘယ်ကြောင့်မြင်ယောင်သင့်သနည်း။

၁၂ စာဖတ်ရှုစဉ် အချက်အလက်များကို စွဲမှတ်ထားနိုင်ရန် အဖြစ်အပျက်ကို မြင်ယောင်ပါ။ နယ်မြေအသွင်အပြင်၊ လူတို့၏အိမ်ရာများနှင့် သူတို့ကိုပါ စိတ်ထဲမြင်ယောင်ကြည့်ပါ။ သူတို့၏အသံများကို ကြားယောင်ပါလေ။ မုန့်ဖုတ်နေသည့်အနံ့ကိုခံကြည့်ပါ။ အဖြစ်အပျက်များကို ပြန်အသက်ဝင်စေပါ။ ထိုအခါ သင့်ဖတ်ရှုမှုသည် စိတ်လှုပ်ရှားအားရစရာဖြစ်မည်။ အကြောင်းမှာ မြို့ဟောင်းတစ်မြို့ကို သင် တွေ့မြင်ပေမည်။ မြင့်မားသောတောင်ကြီးတစ်ခုပေါ်တက်ခြင်း၊ ဖန်ဆင်းရာတို့၏ အံ့ဖွယ်အမှုများကို မိန်းမောတွေဝေခြင်း၊ သို့မဟုတ် ယုံကြည်ခြင်းပြင်းထန်သော ယောက်ျား၊ မိန်းမများနှင့် ပေါင်းသင်းခြင်းတို့ကို ပြုနိုင်ပေမည်။

၁၃။ တရားသူကြီး ၇:၁၉-၂၂ တွင်မှတ်တမ်းတင်ထားသည့်အကြောင်းကို မည်သို့ဖော်ပြနိုင်မည်နည်း။

၁၃ သင်သည် တရားသူကြီး ၇:၁၉-၂၂ ကိုဖတ်နေသည် ဆိုပါစို့။ အဖြစ်အပျက်ကို မြင်ယောင်လိုက်ပါ။ တရားသူကြီးဂိဒေါင်နှင့် ရဲရင့်သူ ဣသရေလအမျိုးသား သုံးရာတို့သည် မိဒျန်တပ်ပြင်တွင် ကိုယ်စီကိုယ်င မိမိနေရာကိုယူကြ၏။ ညဆယ်နာရီ “သန်းခေါင်ယံ” မိဒျန်ကင်းစောင့်များ ကင်းလဲစအချိန်ခန့်ဖြစ်သည်။ ဣသရေလလူမျိုး၏ အိပ်ပျော်နေကြသော ရန်သူများတပ်သည် အမှောင်ကျနေသည်။ ကြည့်လိုက်စမ်းပါ! ဂိဒေါင်နှင့် သူ၏ဗိုလ်ပါသည် တံပိုးများကို ဆောင်ထားကြ၏။ လက်ယာလက်တွင်ကိုင်ထားကြသော မီးခွက်ကိုအုပ်ထားသည့် ရေအိုးကြီးများလည်းပါသည်။ လူတစ်ရာစီရှိ လူသုံးစုသည် တံပိုးများကို ရုတ်ခနဲမှုတ်ကြ၍ အိုးတို့ကိုလည်းခွဲကြပြီး မီးခွက်များကိုမြင့်မြင့် တင်မြှောက်ထားကြကာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] နှင့် ဂိဒေါင်၏ဓား!” ဟုဟစ်အော်ကြသည်။ တပ်တွင်းသို့ကြည့်လိုက်ရာ မိဒျန်လူတို့သည် ပြေးလျက် အော်လျက် ထွက်ပြေးနေကြသည်! လူသုံးရာတို့သည် တံပိုးများကို ဆက်မှုတ်နေကြစဉ် မိဒျန်တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက်တိုက်ကြ၏။ မိဒျန်နိုင်ငံသည် ရှုံးနိမ့်ခံရပြီး ဣသရေလနိုင်ငံကိုမူကား ယေဟောဝါ အောင်ပွဲခံစေတော်မူ၏။

တန်ဖိုးရှိသင်ခန်းစာများကို သင်ယူခြင်း

၁၄။ နှိမ့်ချမှုရှိဖို့လိုကြောင်း ကလေးတစ်ဦးအား သွန်သင်ပေးရန် တရားသူကြီး အခန်းကြီး ၉ ကိုမည်သို့အသုံးပြုနိုင်သနည်း။

၁၄ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုခြင်းအားဖြင့် သင်ခန်းစာများစွာရနိုင်သည်။ ဥပမာ၊ နှိမ့်ချမှုရှိဖို့လိုကြောင်း သင့်သားသမီးများကို သွန်သင်ပေးလိုပေမည်။ ဂိဒေါင်သား ယောသံ၏ပရောဖက်ပြုချက်တွင် ဖော်ပြထားသည့်အချက်ကို သဘောပေါက်ပြီး မြင်ယောင်ရန် လွယ်ကူသင့်သည်။ တရားသူကြီး ၉:၈ မှစဖတ်ကြည့်ပါ။ “သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသောရှင်ဘုရင်ကိုခန့်ထားလျက် ဘိသိက်ပေးခြင်းငှာ ထွက်သွား” ကြသည်ဟု ယောသံပြောပြ၏။ သံလွင်ပင်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်ပင်တို့က မအုပ်စိုးလိုကြပါ။ သို့သော် အရာမဝင်သော ဆူးလေပင်က တလိုတလားနှင့် မင်းမူခဲ့သည်။ ဤအကြောင်းကို သင့်ကလေးများအား အသံထွက်ဖတ်ပြပြီးနောက် တန်ဖိုးရှိအပင်များသည် ဣသရေလအမျိုးသားချင်းတို့အပေါ် မင်းမူရန် မရှာကြံသည့် အရာဝင်သူများကိုတင်စားကြောင်း ရှင်းပြနိုင်ပေမည်။ ထင်းဆိုက်ဖို့သာ အသုံးဝင်သော ဆူးလေပင်မူကား မာနထောင်လွှားသည့် အဘိမလက်၏ဘုရင့်အရာကို တင်စားသည်။ သူသည် လူသတ်သမားဖြစ်ကာ သူတစ်ပါးအပေါ်ကြီးစိုးလိုသော်လည်း ယောသံပရောဖက်ပြုခဲ့သည့်အတိုင်း အဆုံးသတ်ခဲ့ရသည်။ (တရားသူကြီး အခန်းကြီး ၉) အဘယ်မည်သောကလေးသည် ဆူးလေပင်ကဲ့သို့ ဖြစ်ချင်မည်နည်း။

၁၅။ သစ္စာစောင့်သိခြင်း၏အရေးကြီးမှုကို ရုသကျမ်းစာစောင်တွင် မည်သို့ပေါ်လွင်စွာ ဖော်ပြထားသနည်း။

၁၅ သစ္စာစောင့်သိခြင်း၏အရေးကြီးမှုကို ရုသကျမ်းစာစောင်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ သင့်မိသားစုသည် ထိုအကြောင်းကို အလှည့်ကျဖတ်ကြပြီး အနက်ကိုနားလည်ရန် ကြိုးစားနေကြသည်ဆိုပါစို့။ မောဘပြည်သူရုသသည် မုဆိုးမဖြစ်သော သူမ၏ယောက္ခမ၊ နောမိနှင့်အတူ ဗက်လင်မြို့သို့ ခရီးနှင်နေသည်ကို သင်တွေ့ရှိမည်။ “ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ” ဟုရုသပြောဆိုသံကိုလည်း သင်ကြားယောင်မည်။ (ရုသ ၁:၁၆) ဝီရိယရှိသော ရုသသည် ဗောဇ၏လယ်တွင် စပါးရိတ်သူများနောက်မှာ စပါးကျန်ကောက်နေသည်ကို သင်တွေ့ရ၏။ ဗောဇက “သင်သည် သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသောတစ်မြို့လုံးသိ၏” ဟုသူမအား ချီးကျူးနေသည်ကို သင်ကြားယောင်ပေမည်။ (ရုသ ၃:၁၁) မကြာမီ ဗောဇသည် ရုသကိုထိမ်းမြားလေသည်။ သူမသည် မရီးကိုသိမ်းယူခြင်းအစီအစဉ်အတိုင်း “နောမိအတွက်” ဗောဇမှတစ်ဆင့် သားဖွားပေးခဲ့သည်။ ရုသသည် ဒါဝိဒ်၏ဘေးမမက နောက်ဆုံး ယေရှုခရစ်၏ဘေးမပါဖြစ်လာလေသည်။ ဤနည်းဖြင့် သူမသည် “စုံလင်သောဆု” ကိုရရှိခဲ့ပါသည်။ ထို့ပြင် ဤကျမ်းစာမှတ်တမ်းကို ဖတ်ရှုသူများသည် တန်ဖိုးရှိသင်ခန်းစာတစ်ခုဖြစ်သည့် ယေဟောဝါအား သစ္စာရှိပါ၊ သို့ပြုလျှင် ကြွယ်ဝစွာ ကောင်းချီးခံစားရမည်အကြောင်းကို သင်ယူရကြသည်။—ရုသ ၂:၁၂; ၄:၁၇-၂၂; သု. ၁၀:၂၂; မဿဲ ၁:၁၊ ၅၊ ၆။

၁၆။ ဟေဗြဲလူသုံးဦးသည် အဘယ်စမ်းသပ်မှုကို ခံခဲ့ရသနည်း။ ဤအကြောင်းအရာက ကျွန်ုပ်တို့ကို မည်သို့ အကူအညီပေးနိုင်သနည်း။

၁၆ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိ ဟေဗြဲလူတို့၏အကြောင်းသည် ခဲယဉ်းကြပ်တည်းသောအချိန်အခါများတွင် ဘုရားသခင်ကိုသစ္စာရှိရန် အကူအညီပေးသည်။ ဒံယေလ အခန်းကြီး ၃ ကိုဖတ်ပြစဉ် ထိုအဖြစ်အပျက်ကို မြင်ယောင်ပါ။ ဗာဗုလုန်အရာရှိများ စုဝေးနေကြရသည့် ဒုရလွင်ပြင်၌ ဧရာမရွှေအရုပ်ကြီးကို တည်ထားသည်။ တီးမှုတ်သံကြားသောအခါ နေဗုခဒ်နေဇာမင်းကြီးတည်ထားသော အရုပ်ကြီးကို သူတို့ပျပ်ဝပ်ကိုးကွယ်ကြရသည်။ သို့သော် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့မှလွဲ၍ အားလုံး ထိုသို့ပြုကြသည်။ သူတို့ကမူ ရှင်ဘုရင်၏ဘုရားများနှင့် ရွှေအရုပ်ကြီးကို ဝတ်မပြု၊ မကိုးကွယ်နိုင်ကြောင်း ယိမ်းယိုင်ခြင်းမရှိ လေးလေးစားစားဖြင့် ပြောပြကြသည်။ ဤဟေဗြဲလူငယ်များကို အပူရှိန်ကြီးလွန်းသောမီးဖိုထဲ ပစ်ချလေသည်။ သို့သော် အဘယ်အရာဖြစ်ပျက်သနည်း။ မင်းကြီးသည် မီးဖိုထဲကြည့်လိုက်ရာ လူလေးဦးကို တွေ့မြင်လေသည်။ တစ်ဦးမှာမူ “ဘုရားသား၏အဆင်းသဏ္ဌာန်ရှိသည်။” (ဒံယေလ ၃:၂၅) ဟေဗြဲလူသုံးဦးကို မီးဖိုထဲက ထွက်လာစေပြီး နေဗုခဒ်နေဇာသည် သူတို့၏ဘုရားသခင်ကို ထောမနာပြုပါသည်။ ထိုအဖြစ်အပျက်ကို မြင်ယောင်ခြင်းသည် အကျိုးရှိပေသည်။ စမ်းသပ်မှုခံရသည့်အခါ ယေဟောဝါကို သစ္စာရှိခြင်းနှင့်ပတ်သက်၍ အလွန်ကောင်းသော သင်ခန်းစာပါတကား!

မိသားစုလိုက် ကျမ်းစာဖတ်ခြင်းမှ အကျိုးခံစား

၁၇။ သင့်မိသားစုသည် သမ္မာကျမ်းစာကို အတူတကွ ဖတ်ခြင်းအားဖြင့် ခံစားကြရမည့် အကျိုးကျေးဇူးအချို့ကို အကျဉ်းချုပ်ဖော်ပြပါ။

၁၇ သင့်မိသားစုသည် အချိန်ယူပြီး သမ္မာကျမ်းစာကို အတူတကွ မှန်မှန်ဖတ်မည်ဆိုလျှင် အကျိုးကျေးဇူးများစွာခံစားရကြမည်။ ကမ္ဘာဦးကျမ်းမှစတင်ဖတ်ခြင်းဖြင့် ဖန်ဆင်းခြင်းကို သင်မြင်ယောင်နိုင်ပြီး လူသား၏ ကနဦးပရဒိသုနေအိမ်အတွင်း စေ့စေ့ကြည့်ရှုနိုင်မည်။ သစ္စာရှိဘိုးဘေးများနှင့် သူတို့၏မိသားစုများ၏တွေ့ကြုံမှုများကို ခံစားကြည့်ပြီး ဣသရေလလူမျိုးနှင့်အတူ ခြေထောက်များမစိုရဘဲ ပင်လယ်နီကို ကူးဖြတ်နိုင်သည်။ ဖိလိတ္တိဘီလူးကြီး ဂေါလျတ်ကို သိုးထိန်းလုလင်ဒါဝိဒ် ချေမှုန်းပစ်ခဲ့သည့်အဖြစ်အပျက်ကို တွေ့မြင်နိုင်သည်။ ယေရုရှလင်မြို့တွင် ယေဟောဝါ၏ဗိမာန်တော် ဆောက်လုပ်ခဲ့သည့်အဖြစ်အပျက်ကို သင့်မိသားစု သတိပြုနိုင်ပါမည်။ ၎င်းကို ဗာဗုလုန်တပ်မဟာ ဖျက်ဆီးခဲ့ခြင်း၊ မြို့ဝန်မင်းဇေရုဗဗေလက ပြန်လည်တည်ဆောက်ခြင်းတို့ကိုလည်း တွေ့မြင်နိုင်သည်။ သင်သည် ဗက်လင်မြို့အနီးတွင် အဆင့်အတန်းနိမ့်သော သိုးထိန်းများနှင့်အတူ ယေရှုမွေးဖွားပြီဟူသော ကောင်းကင်တမန်များ၏ကြေညာချက်ကို ကြားယောင်နိုင်သည်။ ကိုယ်တော်၏ နှစ်ခြင်းခံခြင်း၊ ဓမ္မအမှုထမ်းခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်။ ကိုယ်တော်၏လူသားအသက်ကို ရွေးဖိုးအဖြစ် ပူဇော်တော်မူခဲ့ခြင်းကို တွေ့မြင်နိုင်မည်။ ကိုယ်တော်ထမြောက်လာချိန်၏ အားရရွှင်လန်းမှုကိုလည်း ပါဝင်ခံစားနိုင်မည်။ တစ်ဖန် တမန်တော်ပေါလုနှင့်အတူ ခရီးထွက်ပြီး ခရစ်ယာန်ဘာသာတရား ပြန့်ပွားလာစဉ် အသင်းတော်များ တည်ထောင်လာသည်ကို သတိပြုနိုင်မည်။ ထို့နောက် သင့်မိသားစုသည် ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ခရစ်တော်၏ အနှစ်တစ်ထောင်နန်းသက်ပါအပါအဝင်ဖြစ်သော အနာဂတ်နှင့်ဆိုင်သည့် တမန်တော်ယောဟန်၏ ခမ်းနားကြီးကျယ်သောရူပါရုံကြောင့် အားရဝမ်းသာနိုင်ပါလိမ့်မည်။

၁၈၊ ၁၉။ မိသားစုလိုက် ကျမ်းစာဖတ်ရှုခြင်းနှင့်ပတ်သက်၍ အဘယ်အကြံပေးချက်များကို တင်ပြထားသနည်း။

၁၈ သင်သည် မိသားစုလိုက် သမ္မာကျမ်းစာကို ဖတ်မည်ဆိုလျှင် ရှင်းလင်းပြတ်သားစွာနှင့် အားတက်သရော ဖတ်ပြပါ။ ကျမ်းပိုဒ်အချို့ကို ဖတ်သည့်အခါ မိသားစုဝင်တစ်ဦး—ဖခင်ဖြစ်နိုင်—သည်ဇာတ်လမ်းကို ဖတ်ပြနိုင်ပေမည်။ အခြားသူများမှာမူ ကျမ်းပိုဒ်တွင်ပါဝင်သူ အသီးအသီးအဖြစ် သင့်တော်သည့်ခံစားချက်ဖြင့် မိမိ၏အပိုင်းများကို ဖတ်နိုင်ကြပါသည်။

၁၉ မိသားစုလိုက် သမ္မာကျမ်းစာဖတ်ခြင်း၌ ပါဝင်ကြစဉ် သင်၏စာဖတ်စွမ်းရည်ပင် တိုးတက်လာပါမည်။ ဖြစ်နိုင်သည်ကား ဘုရားသခင်ကို သင်ပိုမိုသိကျွမ်းလာရာ ယင်းကြောင့် သင်သည် ကိုယ်တော်နှင့် ပိုမိုရင်းနှီးလာခြင်းပင်ဖြစ်သည်။ အာသပ်က “အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏” ဟုသီဆိုခဲ့သည်။ (ဆာလံ ၇၃:၂၈) ယင်းက သင့်မိသားစုကို မောရှေကဲ့သို့ဖြစ်စေမည်။ သူသည် “မျက်မြင်မရသော (ယေဟောဝါ) ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်” ခဲ့သည်။—ဟေဗြဲ ၁၁:၂၇။

စာဖတ်ခြင်းနှင့် ခရစ်ယာန်ဓမ္မအမှု

၂၀၊ ၂၁။ ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်သည် စာဖတ်ခြင်းစွမ်းရည်နှင့် မည်သို့ဆက်စပ်နေသနည်း။

၂၀ “မျက်မြင်မရသောဘုရားသခင်” ကိုကိုးကွယ်လိုသော ကျွန်ုပ်တို့၏စိတ်ဆန္ဒသည် ကောင်းစွာစာဖတ်တတ်သူများဖြစ်လာရန် ကြိုးစားဖို့ တိုက်တွန်းအားပေးသင့်သည်။ စာကောင်းစွာဖတ်တတ်ခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သက်သေခံရန် အထောက်အကူပြုသည်။ “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟူ၍တပည့်နောက်လိုက်များအား အပ်နှင်းတော်မူသည့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်နိုင်ရန် အမှန်အထောက်အကူပြုပါမည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈) သက်သေခံခြင်းသည် ယေဟောဝါလူများ၏ အဓိကလုပ်ငန်းဖြစ်သည်။ စာဖတ်တတ်ခြင်းစွမ်းရည်ကား ယင်းကိုပြီးမြောက်စေရန် အကူအညီပေးသည်။

၂၁ စာကောင်းစွာဖတ်တတ်ရန်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွမ်းကျင်စွာသွန်သင်ပေးရန် ကြိုးစားအားထုတ်မှုရှိဖို့လိုသည်။ (ဧဖက် ၆:၁၇) ထို့ကြောင့် “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။” (၂ တိမောသေ ၂:၁၅) ဖတ်ရှုခြင်းကို အာရုံစိုက်ခြင်းအားဖြင့် ယေဟောဝါသက်သေအဖြစ် သင်၏ ကျမ်းစာသမ္မာတရားအသိပညာကိုလည်းကောင်း၊ သင့်စွမ်းရည်ကိုလည်းကောင်း တိုးပွားစေပါလေ။

သင့်အဖြေများကား အဘယ်နည်း

◻ ပျော်ရွှင်မှုသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုခြင်းအပေါ် မည်သို့မူတည်သနည်း။

◻ သမ္မာကျမ်းစာတွင် သင်ဖတ်ရှုသည့်အကြောင်းကို အဘယ်ကြောင့် စဉ်းစားဆင်ခြင်သင့်သနည်း။

◻ ကျမ်းစာကိုဖတ်ရှုသည့်အခါ ဆက်စပ်ပေးခြင်းနှင့် မြင်ယောင်ခြင်းကို အဘယ်ကြောင့်အသုံးပြုသင့်သနည်း။

◻ ကျမ်းစာဖတ်ရှုခြင်းမှ အဘယ်သင်ခန်းစာများ သင်ယူနိုင်သနည်း။

◻ မိသားစုလိုက် သမ္မာကျမ်းစာကို အဘယ်ကြောင့်ဖတ်ရမည်နည်း။ စာဖတ်ခြင်းသည် ခရစ်ယာန်ဓမ္မအမှုနှင့် အဘယ်နည်းဖြင့်သက်ဆိုင်သနည်း။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မိသားစုလိုက် ကျမ်းစာကို ဖတ်ရှုသည့်အခါ အကြောင်းအရာကို မြင်ယောင်ပြီး ယင်း၏အရေးပါမှုကို စဉ်းစားဆင်ခြင်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ