-
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလောမိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော
၁။ လူ့ဘောင်အဖွဲ့အစည်းတွင် ကြံ့ခိုင်သန်စွမ်းသောမိသားစုများရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
မိသားစုသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဖွဲ့စည်းမှုအစဉ်အလာတစ်ရပ်ဖြစ်သည့်အပြင် လူ့ဘောင်အဖွဲ့အစည်း၌ မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတစ်ခုကို ယူထားပါသည်။ သမိုင်းစဉ်တစ်လျှောက်တွင် ကြံ့ခိုင်သန်စွမ်းသောမိသားစုများက ကြံ့ခိုင်သန်စွမ်းသောလူ့အဖွဲ့အစည်းများ ဖြစ်ထွန်းလေအောင် ပံ့ပိုးခဲ့ကြပြီဖြစ်သည်။ မိသားစုသည် ကလေးသူငယ်များအား လူကြီးအဖြစ်သို့ ရင့်ကျက်လာအောင် မွေးမြူပျိုးထောင်ရေးအတွက် အကောင်းဆုံးသောအစီအစဉ်လည်း ဖြစ်ပေသည်။
၂-၅။ (က) ပျော်ရွှင်သည့်မိသားစုတွင် ကလေးတစ်ယောက်ခံစားရသည့် လုံခြုံမှုအကြောင်းဖော်ပြပါ။ (ခ) သတင်းများအရ အချို့မိသားစုများတွင် အဘယ်ပြဿနာများရှိသနည်း။
၂ ပျော်ရွှင်သောမိသားစုသည် ဘေးကင်းလုံခြုံမှုအတိပြီးသော ခိုနားရာရိပ်မြုံပေတည်း။ စံပြမိသားစုတစ်ခုကို ယခုပင်စိတ်ကူးဖြင့်ပုံဖော်ကြည့်ပါလေ။ သူတို့၏ညစာစားချိန်တွင် ဂရုစိုက်တတ်သောမိဘတို့သည် ကလေးများနှင့်အတူထိုင်ကာ နေ့ခင်းချိန်ကဖြစ်ရပ်များကို ပြန်လည်ပြောဆိုကြသည်။ ကလေးများကလည်း ကျောင်းတွင်ဖြစ်ပျက်ခဲ့သည်များကို မိဘတို့အား အားတက်သရော ပြန်၍ဖောက်သည်ချကြသည်။ စိတ်ဖြေကိုယ်လျှော့ အတူအသုံးပြုသည့်ထိုအချိန်နာရီက အပြင်လောကတွင်ကုန်လွန်စေမည့် နောက်တစ်ရက်တာအတွက် ယောက်တိုင်းအား အားသစ်လန်းစေသည်။
၃ ဖျားနာပါက မိဘတို့သည် မိမိအားအရေးတယူ ဂရုစိုက်ကြမည်ဖြစ်ကြောင်း၊ လိုအပ်ပါက မိမိခုတင်ဘေးတွင် ညလုံးပေါက် တစ်ယောက်တစ်လှည့် ပြုစုကြည့်ရှုကြမည်ဖြစ်ကြောင်း ပျော်ရွှင်သောမိသားစုအတွင်းရှိ ကလေးငယ်တစ်ဦးကသိသည်။ မိမိ၏သက်ငယ်ပြဿနာရပ်များကို မိဘနှစ်ပါးထံ အချိန်မရွေးတင်ပြနိုင်ပြီး အကြံဉာဏ်နှင့်ထောက်မမှုကို ရယူနိုင်ကြောင်းသိထားသည်။ မှန်ပါသည်၊ အပြင်လောကတွင် မည်မျှပင်ဒုက္ခပင်လယ်ဝေနေပါစေ ထိုကလေးငယ်အနေဖြင့် စိတ်လုံခြုံမှုကို ခံစားရပေသည်။
၄ ထုံးစံအတိုင်းပင်၊ ကလေးများသည် အချိန်တန်အရွယ်ရောက်လာသောအခါ အိမ်ထောင်ပြုကာ တစ်အိုးတစ်အိမ်ထူထောင်လေ့ရှိကြသည်။ “မိဘကျေးဇူးမည်မျှကြီးမားသည်ကို လူတစ်ဦးသည် ကိုယ်တိုင်ကလေးရလာသောအခါ သဘောပေါက်တတ်သည်” ဟုအရှေ့တိုင်းစကားပုံတစ်ခုကဆိုသည်။ လူကြီးဖြစ်လာသောထိုကလေးများသည် နက်ရှိုင်းသောမေတ္တာနှင့်ကျေးဇူးသိတတ်မှုတို့ဖြင့် မိမိတို့၏ကိုယ်ပိုင်မိသားစုပျော်ရွှင်ရေးအတွက် တစ်ဖက်ကကြိုးစားရင်း ယခုအိုမင်းမစွမ်းဖြစ်လာပြီဖြစ်သော သူတို့၏မိဘတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ကြသည်။ မိဘအိုနှစ်ပါးတို့ကလည်း မြေးတစ်သိုက်နှင့်နေရသည်ကို နှစ်ခြိုက်ကြသည်။
၅ ဤနေရာ၌ သင့်အနေဖြင့် “ကောင်းပါပြီ၊ ကျုပ်ရဲ့မိသားစုကို ကျုပ်ချစ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က အခုပြောတဲ့ဟာမျိုးမဟုတ်ဘူး။ ကျုပ်တို့လင်မယားက အချိန်ဇယားတစ်မျိုးစီနဲ့ အလုပ်လုပ်ကြရပြီး တစ်ယောက်ကိုတစ်ယောက် တွေ့ခဲကြတယ်။ တွေ့ရင်လည်း ငွေရေးကြေးရေးကိစ္စလောက်ပဲ အများအားဖြင့်ပြောကြတယ်” ဟုစိတ်ထဲတွင်ဆိုပေမည်။ သို့မဟုတ်၊ “ကျုပ်ရဲ့သားသမီးနဲ့မြေးတွေက တခြားမြို့မှာနေထိုင်ကြတယ်။ သူတို့ကို ကျုပ်ဘယ်တော့မှသွားမတွေ့ ဖြစ်ဘူး” ဟုအသင်ဆိုသလော။ မှန်ပါသည်၊ အစိုးမရတတ်သော အကြောင်းတရားများကြောင့် မိသားစုဘဝအတော်များများ စိတ်တိုင်းကျပျော်ရွှင်မှု မခံစားကြရပါ။ သို့ဖြစ်လင့်ကစား အချို့သောမိသားစုတို့မှာ ပျော်ရွှင်ကြသည်သာဖြစ်သည်။ မည်သို့သောနည်းအားဖြင့်နည်း။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော။ အဖြေမှာ ရှိပါသည်ဟူ၍သာ။ သို့သော်၊ ဤအချက်ကိုမသုံးသပ်မီ အရေးကြီးသောမေးခွန်းတစ်ခုကို ကျွန်ုပ်တို့ဖြေဆိုရန်လိုအပ်ပါသည်။
မိသားစုဆိုသည်မှာ အဘယ်နည်း
၆။ အဘယ်မိသားစုအမျိုးအစားများအကြောင်းကို ဤစာအုပ်တွင် ဆွေးနွေးသွားမည်နည်း။
၆ အနောက်နိုင်ငံများ၌ မိသားစုအများတွင် ဖခင်၊ မိခင်နှင့် သားသမီးများသာပါဝင်ကြသည်။ အဖိုးအဖွားဖြစ်သူတို့သည် ကိုယ့်အိမ်ထောင်နှင့်ကိုယ် နေနိုင်သမျှ သတ်သတ်နေထိုင်ကြသည်။ ရပ်ဝေးမှဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်မပြတ်ရှိကြသော်လည်း ထိုသူတို့အပေါ်တင်ရှိသော တာဝန်များမှာ ကန့်သတ်ချက်ရှိပေသည်။ ဤစာအုပ်တွင် ဤကဲ့သို့သောမိသားစုမျိုးအကြောင်းကို အဓိကထားဆွေးနွေးသွားပါမည်။ သို့သော် မကြာမီနှစ်များအတွင်း အခြားပုံသဏ္ဌာန်များဖြင့်တည်ရှိသော မိသားစုများ—မိမစုံဖမစုံမိသားစု၊ မိထွေးပထွေးမိသားစုနှင့် အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် မိဘနှစ်ပါးအတူမနေသည့်မိသားစု—မှာ များပြားသည်ထက် များပြားလာသည်။
၇။ သားချင်းမိသားစုဆိုသည်မှာ အဘယ်နည်း။
၇ အချို့သောယဉ်ကျေးမှုများ၌ သားချင်းမိသားစုကို အများအားဖြင့်တွေ့မြင်ရသည်။ ဤသို့သောအစီအစဉ်မျိုး၌ ဖြစ်နိုင်သည်ရှိသော် အဖိုးအဖွားဖြစ်သူတို့ကို သားသမီးများက ကြည့်ရှုစောင့်ရှောက်ပေးနေကျဖြစ်ပြီး ဆွေနီးမျိုးစပ်များနှင့် ရင်းနှီးစွာဆက်ဆံကြသည့်အပြင် သူတို့အတွက်လည်း အထိုက်အလျောက်တာဝန်ယူကြသည်။ သာဓကအနေဖြင့် တူ၊ တူမများ၊ သို့မဟုတ် သွေးဝေးသောဆွေမျိုးများကို ထောက်ပံ့ကျွေးမွေးစောင့်ရှောက်သည့်အပြင် ပညာရေးအတွက်ပင် ငွေကြေးထောက်ပံ့ကြသည်။ ဤစာအုပ်တွင် ဆွေးနွေးတင်ပြမည့်မူများသည် သားချင်းမိသားစုများနှင့်လည်း သက်ဆိုင်ပေသည်။
ဖိစီးမှုဒဏ်ခံနေရသည့် မိသားစု
၈၊ ၉။ အချို့နိုင်ငံများ၌ရှိသော အဘယ်ပြဿနာများက မိသားစုသည် ပြောင်းလဲလျက်ရှိကြောင်း ပြသသနည်း။
၈ ယနေ့မိသားစုသည် ပြောင်းလဲလျက်ရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ အကောင်းဘက်သို့ပြောင်းလဲခြင်းမဟုတ်ပါ။ သာဓကတစ်ခုကို အိန္ဒိယနိုင်ငံတွင်တွေ့နိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဇနီးသည်တစ်ဦးသည် လင်သားဖြစ်သူ၏မိသားစုနှင့်အတူနေထိုင်၍ လင်ဘက်မှဆွေမျိုးများ၏ ညွှန်ကြားမှုအောက်တွင် အိမ်အလုပ်ကိုလုပ်ရသည်။ သို့သော်၊ ယခုအခါတွင် အိန္ဒိယအိမ်ထောင်ရှင်မများ အိမ်ပြင်ထွက်အလုပ်လုပ်ခြင်းသည် သာမန်ကိစ္စဖြစ်လာလေပြီ။ သို့သော်လည်း အစဉ်အလာရှိသည့်အိမ်မှုကိစ္စများကိုမူ ကျေပွန်ရန်သူတို့ထံမှ မျှော်လင့်နေကြဆဲ ရှိပုံရသည်။ နိုင်ငံများစွာတွင် ပေါ်ပေါက်လာသည့်မေးခွန်းမှာ ကျန်မိသားစုဝင်များနှင့်စာလျှင် အပြင်ထွက်အလုပ်လုပ်ရသည့်အမျိုးသမီးတစ်ဦးထံမှ အိမ်အလုပ်မည်မျှလုပ်ကိုင်ရန် မျှော်လင့်သင့်သနည်း ဟူ၍ဖြစ်သည်။
၉ အရှေ့တိုင်း လူ့ဘောင်အဖွဲ့အစည်းများတွင် အစဉ်အလာအရ သားချင်းမိသားစုနှောင်ကြိုးသည် ခိုင်မြဲလေ့ရှိသည်။ သို့ရာတွင် အနောက်တိုင်းတစ်ဦးချင်းသီးခြားရပ်တည်မှုဝါဒ၏ လွှမ်းမိုးမှုနှင့် စီးပွားရေးဖိစီးမှုပြဿနာများကြောင့် အစဉ်အလာရှိခဲ့သည့် သားချင်းမိသားစုသည် ချိနဲ့အားနည်းလာသည်။ သို့နှင့်၊ အသက်ကြီးသောမိသားစုဝင်များကို ကြည့်ရှုစောင့်ရှောက်ရခြင်းကို အများသောသူတို့က တာဝန်တစ်ခု၊ အခွင့်အရေးတစ်ခုအဖြစ် မယူမှတ်တော့ဘဲ ဝန်ထုပ်တစ်ခုအဖြစ် သဘောထားလာကြသည်။ အချို့သောမိအိုဖအိုများသည် အကြင်နာမဲ့စွာဆက်ဆံခံရကြသည်။ မှန်ပါသည်၊ သက်ကြီးရွယ်အိုများကို အကြင်နာမဲ့စွာဆက်ဆံခြင်း၊ ပစ်ပယ်ခြင်းကို နိုင်ငံများစွာ၌ ယနေ့တွေ့မြင်ရသည်။
၁၀၊ ၁၁။ ဥရောပနိုင်ငံများ၌ မိသားစုသည် ပြောင်းလဲလျက်ရှိကြောင်း အဘယ်အချက်များက ပြသသနည်း။
၁၀ လင်မယားကွာရှင်းမှုသည် တစ်နေ့တခြားများပြားလာသည်။ ဤနှစ်ဆယ်ရာစု၏ နောက်ဆုံးဆယ်စုနှစ်အစပိုင်း၌ စပိန်နိုင်ငံတွင် လင်မယားကွာရှင်းမှုနှုန်းသည် မင်္ဂလာဆောင်မှု ၈ ခုတွင် ၁ ခုအထိမြင့်တက်လာရာ လွန်ခဲ့သော ၂၅ နှစ်က ၁၀၀ တွင် ၁ ခုသာရှိသဖြင့် ရုတ်တရက် ခုန်တက်မှုကြီးပင်ဖြစ်သည်။ ဥရောပတွင် လင်မယားကွာရှင်းမှုနှုန်း အမြင့်ဆုံးဟုဆိုသော ဗြိတိန်နိုင်ငံ (မင်္ဂလာဆောင်မှု ၁၀ ခုတွင် ၄ ခုသည် ကွာရှင်းမှုဖြင့်အဆုံးသတ်ဖို့ရှိသည်) တွင် မိမစုံဖမစုံ မိသားစုဦးရေ တစ်မုဟုတ်ချင်းတိုးပွားလာသည်ကို တွေ့မြင်ရသည်။
၁၁ ဂျာမနီနိုင်ငံတွင် များစွာသောသူတို့သည် အစဉ်အလာမိသားစုကို လုံးဝစွန့်ပယ်လိုက်ပုံရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဂျာမန်အိမ်ထောင်စုအားလုံး၏ ၃၅ ရာခိုင်နှုန်းမှာ တစ်ကိုယ်တည်းနေထိုင်သော အိမ်ထောင်စုဖြစ်ပြီး အခြား ၃၁ ရာခိုင်နှုန်းမှာ လူနှစ်ယောက်သာရှိသော အိမ်ထောင်စုများဖြစ်ကြသည်။ ပြင်သစ်လူမျိုးများလည်း မင်္ဂလာဆောင်ခြင်းနည်းပါးလာပြီး မင်္ဂလာဆောင်ထားသူများမှာလည်း ယခင်ကထက်ပို၍ လင်မယားကွာရှင်းလာကြသည့်ပြင် ယခင်ကထက်လည်း ပို၍စောစောကွာရှင်းလာကြသည်။ အိမ်ထောင်တာဝန်မယူဘဲ နှစ်ဦးသဘောတူပေါင်းသင်းသူဦးရေမှာ တစ်နေ့တခြားများပြားလာသည်။ ကမ္ဘာတစ်ဝန်းတွင် ဆင်တူသောရေစီးကြောင်းများကို တွေ့မြင်ရသည်။
၁၂။ ခေတ်သစ်မိသားစုပြောင်းလဲမှုများကြောင့် ကလေးသူငယ်များ မည်သို့ဒုက္ခရောက်ရကြသနည်း။
၁၂ သားသမီးများ မည်သို့ဖြစ်ကြသနည်း။ အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည်များစွာ၌ လက်ထပ်ထိမ်းမြားခြင်းမရှိသူများမှ မွေးဖွားလာသည့်ကလေးဦးရေ များသည်ထက်များလာသည်။ အချို့ကလေးများမှာ ဆယ်ကျော်သက်ရွယ်ကလေးများမှ မွေးဖွားသူများဖြစ်ကြသည်။ ဆယ်ကျော်သက်ရွယ်မိန်းကလေးအများ၌ ဖအေမတူသောကလေးများစွာရှိကြသည်။ အိုးမဲ့အိမ်မဲ့ကလေးသူငယ် သန်းပေါင်းများစွာသည် လမ်းမများတွင် လေလွင့်ကျက်စားနေကြကြောင်း၊ မတော်မတရားပြုကျင့်သည့်အိမ်များမှ ထွက်ပြေးနေကြကြောင်း၊ မကျွေးမွေးနိုင်သည့်မိသားစုများမှ နှင်ချခံနေရကြောင်း ကမ္ဘာတစ်ဝန်းမှရရှိသောသတင်းများအရ သိရှိရသည်။
၁၃။ အနှံ့အပြားဖြစ်ပွားနေသည့် အဘယ်ပြဿနာများက မိသားစုများ၏ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်ပြားစေသနည်း။
၁၃ မှန်ပါသည်၊ မိသားစုသည် အကျပ်အတည်းဆိုက်နေသည်။ အထက်တွင်ဖော်ပြသည့်အချက်များအပြင် ဆယ်ကျော်သက်ပုန်ကန်မှု၊ ကလေးများကို မတော်မတရားပြုကျင့်မှု၊ လင်မယားအကြမ်းဖက်မှု၊ အရက်နာကျမှုနှင့် အခြားအခြားသောပြဿနာများက မိသားစုများစွာ၏ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်ပြားစေသည်။ ကလေးသူငယ်နှင့်လူကြီးများစွာအဖို့ မိသားစုဆိုသည်မှာ အေးငြိမ်းရာအရပ် လုံးဝမဟုတ်ပါလေ။
၁၄။ (က) အချို့သူများ၏အဆိုအရ မိသားစုအကျပ်အတည်းဖြစ်ပွားရသည့် အကြောင်းတရားများကား အဘယ်နည်း။ (ခ) ယနေ့ကမ္ဘာအကြောင်းကို ပထမရာစုမှရှေ့နေတစ်ဦးက မည်သို့ဖော်ပြခဲ့သနည်း။ သူ၏စကားများပြည့်စုံခြင်းက မိသားစုဘဝအပေါ် အဘယ်အကျိုးအပြစ်သက်ရောက်သနည်း။
၁၄ မိသားစုအကျပ်အတည်း အဘယ်ကြောင့်ရှိရသနည်း။ အချို့က မျက်မှောက်ခေတ် မိသားစုအကျပ်အတည်းသည် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခြင်းကြောင့်ဟု အပြစ်ဆိုကြသည်။ အခြားသူတို့ကမူ ယခုခေတ် ကိုယ်ကျင့်တရားပျက်စီးယိုယွင်းမှုကြောင့်ဟု ထောက်ပြကြသည်။ အခြားအခြားသော အကြောင်းတရားများကိုလည်း ကိုးကားပြဆိုကြသည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက ထင်ရှားသောရှေ့နေတစ်ဦးက မိသားစုကိုဒုက္ခပေးနှိပ်စက်မည့် ဖိအားများစွာအကြောင်းကို ကြိုဟောခဲ့သည်။ ဤသို့ရေးသားခဲ့၏– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” ဖြစ်ကြလိမ့်မည်။ (၂ တိမောသေ ၃:၁-၄) ဤစကားများ ယနေ့ပြည့်စုံလျက်ရှိကြောင်း မည်သူသံသယဖြစ်မည်နည်း။ ဤသို့သော ကမ္ဘာ့အခြေအနေမျိုးတွင် မိသားစုအများ အကျပ်အတည်းဆိုက်နေရသည်မှာ ထူးဆန်းပါသလော။
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
၁၅-၁၇။ ဤစာအုပ်တွင် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် ပါရှိသောအရာအဖြစ် အဘယ်အခွင့်အာဏာကို ညွှန်ပြမည်နည်း။
၁၅ မိသားစုပျော်ရွှင်မှုရယူရေးနှင့်ပတ်သက်၍ အဘက်ဘက်မှ အကြံဉာဏ်ပေးကြသည်။ အနောက်တိုင်းတွင် အဆုံးအစမရှိသော ကိုယ်ထူကိုယ်ထပြဿနာဖြေရှင်းနည်း စာအုပ်နှင့်မဂ္ဂဇင်းများက အကြံဉာဏ်အမျိုးမျိုးပေးကြသည်။ ပြဿနာမှာ အကြံပေးပုဂ္ဂိုလ်များအချင်းချင်း သဘောထားဆန့်ကျင်ကွဲလွဲကြသည့်အပြင် ယနေ့ခေတ်စားသောအကြံဉာဏ်သည် နောက်တစ်နေ့တွင် အသုံးမတည့်ဖြစ်သွားတတ်ခြင်းပင်တည်း။
၁၆ သို့ဖြစ်လျှင် ယုံကြည်စိတ်ချရသော မိသားစုလမ်းညွှန်ကို အဘယ်မှရနိုင်မည်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ခန့်ကရေးသားပြီးစီးသည့်စာအုပ်ကို သင်အားထားမည်လော။ သို့မဟုတ် ဤသို့သောစာအုပ်မျိုးသည် လုံးဝရစရာမရှိအောင် ခေတ်နောက်ကျမည်ဟု သင်ယူမှတ်မည်လော။ အမှန်ဆိုရလျှင် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်အစစ်အမှန်ကို ထိုစာအုပ်၌ပင်တွေ့ရှိရသည်။
၁၇ ၎င်းစာအုပ်မှာ သမ္မာကျမ်းစာဖြစ်သည်။ ဤစာအုပ်ကို ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူကြောင်း သက်သေသာဓကအရပ်ရပ်က ထောက်ခံသည်။ သမ္မာကျမ်းစာတွင် အောက်ပါဖော်ပြချက်ကိုတွေ့ရှိနိုင်သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ . . . ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) ယနေ့ မိသားစုများရင်ဆိုင်နေရသည့် ဖိစီးမှုဒဏ်များနှင့် ပြဿနာများကိုကိုင်တွယ်ရာ၌ ‘ဖြောင့်မတ်စွာပြုပြင်’ ရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးနိုင်ကြောင်း စဉ်းစားသုံးသပ်ကြည့်ပါရန် ဤစာအုပ်တွင် သင့်အားကျွန်ုပ်တို့ အားပေးသွားပါမည်။
၁၈။ အိမ်ထောင်ရေးအကြံပေးအခွင့်အာဏာအဖြစ် ကျမ်းစာကိုလက်ခံခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။
၁၈ မိသားစုပျော်ရွှင်ချမ်းမြေ့ရေးအတွက် သမ္မာကျမ်းစာအကူအညီပေးနိုင်သည်ကို ယုံကြည်လက်ခံရခက်နေမည်ဆိုလျှင် ဤအချက်ကိုစဉ်းစားကြည့်လိုက်ပါ– ကျမ်းစာကိုမှုတ်သွင်းတော်မူသောအရှင်သည် အိမ်ထောင်အစီအစဉ်ကို စတင်ဖန်တီးတော်မူသောအရှင်ပင်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၈-၂၅) ကိုယ်တော်၏နာမတော်ကား ယေဟောဝါဖြစ်ကြောင်း သမ္မာကျမ်းစာကဆို၏။ (ဆာလံ ၈၃:၁၈၊ ကဘ) ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည့်အပြင် ‘မိသားစုတိုင်းကို နာမည်ပေးသော ခမည်းတော်’ လည်းဖြစ်တော်မူ၏။ (ဧဖက် ၃:၁၄၊ ၁၅) ယေဟောဝါသည် လူသားတို့၏အစဦးကတည်းက မိသားစုဘဝကို စိတ်ဝင်စားစွာ စောင့်ကြည့်တော်မူခဲ့သည်။ ပေါ်လာနိုင်သည့်ပြဿနာများကို ကိုယ်တော်သိတော်မူသည့်အပြင် ၎င်းတို့ကိုဖြေရှင်းနိုင်သည့် အကြံဉာဏ်ကိုလည်းပေးထားတော်မူ၏။ သမိုင်းတစ်လျှောက်အတွင်း ကျမ်းစာမူများကို မိမိတို့၏မိသားစုဘဝတွင် အမှန်တကယ် လက်တွေ့လိုက်နာကျင့်သုံးသူတို့၏မိသားစုသည် ပို၍ချမ်းမြေ့ပျော်ရွှင်ကြသည်။
၁၉-၂၁။ အိမ်ထောင်ရေးပြဿနာများကို ကျမ်းစာကဖြေရှင်းပေးနိုင်စွမ်းရှိကြောင်း အဘယ်ခေတ်သစ်တွေ့ကြုံမှုများက ပြသသနည်း။
၁၉ သာဓကအားဖြင့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ထောင်ရှင်မတစ်ဦးသည် ဖဲချိုးတစ်ဦးဖြစ်သည်။ သူသည် သားသမီးများကိုဂရုမစိုက်ဘဲ နှစ်များစွာပစ်ထားသည်မက လင်သားဖြစ်သူနှင့်လည်း မကြာခဏ စကားများသည်။ နောက်ပိုင်းတွင် ကျမ်းစာကိုစ၍သင်အံလေ့လာသည်။ တဖြည်းဖြည်းနှင့် ကျမ်းစာမှဆုံးမစကားများကို ယုံကြည်လက်ခံလာသည်။ ၎င်းတို့ကို လက်တွေ့ကျင့်သုံးလာသည့်အခါ သာ၍ကောင်းသောဇနီးသည်တစ်ဦး ဖြစ်လာသည်။ ကျမ်းစာမူအတိုင်း သူ၏ကြိုးစားအားထုတ်မှုများသည် မိသားတစ်စုလုံးအဖို့ ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ထွန်းစေသည်။
၂၀ စပိန်နိုင်ငံမှ အိမ်ထောင်ရှင်မတစ်ဦးက “ကျွန်မတို့ရဲ့အိမ်ထောင်သက် တစ်နှစ်ပဲရှိသေးတယ်၊ ပြဿနာအကြီးအကျယ် စပြီးတက်တော့တာပဲ” ဟုဆိုသည်။ သူနှင့် သူ၏ခင်ပွန်းတို့သည် အသွင်တူသည့်အချက် နည်းပါးလှသည်။ စကားများသည့်အခါမှလွဲလျှင် စကားသိပ်မပြောကြချေ။ လူမမည်သမီးလေးတစ်ယောက် ရှိစေကာမူ တရားဝင်ခွဲနေရန် သူတို့ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုသို့ခွဲမနေမီ ကျမ်းစာကိုလေ့လာကြည့်ရန် သူတို့အားပေးခံရသည်။ အိမ်ထောင်သည်အမျိုးသားနှင့် အမျိုးသမီးများအတွက် ကျမ်းစာပေးထားသည့်ဆုံးမစကားကိုလေ့လာ၍ လက်တွေ့စတင်ကျင့်သုံးကြသည်။ များမကြာမီ သူတို့သည် အေးအေးဆေးဆေးနှင့် စကားပြောလာနိုင်ကြပြီး သူတို့၏မိသားစုလေးမှာလည်း စည်းလုံးပျော်ရွှင်လာသည်။
၂၁ ကျမ်းစာသည် အသက်ကြီးသူများကိုလည်း အကူအညီပေးသည်။ သာဓကအားဖြင့် ဂျပန်ဇနီးမောင်နှံတစ်စုံ၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ လင်ယောက်ျားဖြစ်သူသည် စိတ်တိုသည့်အပြင် တစ်ခါတစ်ရံတွင် ပြင်းပြင်းထန်ထန်ပေါက်ကွဲတတ်သည်။ ပထမတွင်၊ ထိုမောင်နှံ၏သမီးဖြစ်သူများက မိဘတို့ဆန့်ကျင်သည့်ကြားမှ ကျမ်းစာကိုစ၍သင်ကြသည်။ ထို့နောက် ယောက်ျားဖြစ်သူက သမီးများနှင့်အတူ ကျမ်းစာသင်လာသည်။ သို့သော် ဇနီးဖြစ်သူက ဆက်လက်၍ဆန့်ကျင်သည်။ သို့သော်လည်း နှစ်အတန်ကြာပြီးနောက် မိသားစုအပေါ် ကျမ်းစာမူများ၏ ကောင်းကျိုးသက်ရောက်မှုကို သူမသတိပြုမိလာသည်။ သမီးဖြစ်သူတို့သည် သူ့ကို ကောင်းစွာပြုစုစောင့်ရှောက်ပြီး ယောက်ျားဖြစ်သူသည်လည်း များစွာနူးညံ့သိမ်မွေ့လာသည်။ ထိုပြောင်းလဲမှုများကြောင့် ၎င်းအမျိုးသမီးကလည်း ကျမ်းစာကိုလေ့လာခဲ့ရာ အလားတူကောင်းကျိုးမျိုး သက်ရောက်ခဲ့သည်။ “ကျွန်မတို့ဟာ တကယ့်လင်မယားစစ်စစ် ဖြစ်လာပါတယ်” ဟူ၍ အသက်ကြီးသော ထိုအမျိုးသမီးက ထပ်ခါထပ်ခါပြောရှာသည်။
၂၂၊ ၂၃။ တိုင်းနိုင်ငံအသီးသီးမှလူတို့ကို မိသားစုဘဝတွင် ချမ်းမြေ့ပျော်ရွှင်မှုရရှိခံစားနိုင်အောင် ကျမ်းစာက အဘယ်သို့ကူညီပေးသနည်း။
၂၂ ဤသူတို့သည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ကို သိရှိလာကြသူအမြောက်အမြားတွင် ပါဝင်ကြသည်။ သူတို့သည် ကျမ်းစာ၏ဆုံးမစကားကိုလက်ခံ၍ လက်တွေ့လိုက်နာကျင့်သုံးကြသည်။ သူတို့သည် အကြမ်းဖက်မှု၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ စီးပွားရေးကျပ်တည်းမှုနှင့်ပြည့်နေသော ဤလောက၌ အများနည်းတူ နေထိုင်လျက်ပင်ရှိကြသည်။ ထို့ပြင်၊ သူတို့သည် မစုံလင်ကြပါ။ သို့သော်လည်း မိသားစုအစီအစဉ်ကို တီထွင်ဖန်တီးတော်မူသောအရှင်၏ အလိုတော်ကိုဆောင်ရန်ကြိုးပမ်းရာ၌ ပျော်ရွှင်မှုကို သူတို့တွေ့ရှိကြသည်။ ကျမ်းစာဆိုသည့်အတိုင်း ယေဟောဝါဘုရားသခင်သည် “သင်တို့ကိုယ်တိုင် အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင်၊ လျှောက်သင့်သောလမ်းအတိုင်း သင်တို့၏ခြေကိုလှမ်းစေသောအရှင်ဖြစ်၏။”—ဟေရှာယ ၄၈:၁၇၊ ကဘ။
၂၃ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက ရေးသားပြီးစီးခဲ့ရာဖြစ်သော်လည်း ယင်း၏ဆုံးမစကားသည် နောက်ဆုံးပေါ်ဖြစ်၏။ ၎င်းပြင်၊ လူ အပေါင်း အတွက်ရေးသားရာလည်းဖြစ်ပေသည်။ သမ္မာကျမ်းစာသည် အမေရိကန်စာအုပ် သို့မဟုတ် အနောက်တိုင်းစာအုပ် မဟုတ်ပါ။ ယေဟောဝါသည် “လူတစ်ယောက်အားဖြင့် လူမျိုးအားလုံးကို ဖြစ်ပွားစေတော်မူ” သောကြောင့် နေရာဒေသတိုင်းရှိ လူသားများ၏တည်ဆောက်ဖွဲ့စည်းပုံကို သိတော်မူ၏။ (တမန်တော် ၁၇:၂၆) ကျမ်းစာမူများသည် လူတိုင်းအတွက် လက်တွေ့အသုံးဝင်သည်။ ၎င်းတို့ကို လက်တွေ့ကျင့်သုံးလျှင် သင်လည်း မိသားစုပျော်ရွှင်ချမ်းမြေ့မှု၏ လျှို့ဝှက်ချက်ကိုသိရှိပေမည်။
-
-
အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခုမိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း သုံး
အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
၁၊ ၂။ (က) အိမ်ထောင်ကို မည်မျှကြာကြာတည်တံ့စေရန် ဘုရားသခင် ကြံရွယ်တော်မူသနည်း။ (ခ) မည်သို့ဖြစ်နိုင်သနည်း။
ပထမ လူယောက်ျားနှင့် လူမိန်းမတို့ကို ဘုရားသခင် ထိမ်းမြားစုံဖက်ပေးစဉ်က သူတို့သည် ခေတ္တယာယီမျှသာ ပေါင်းသင်းရန်ဟူသော လက္ခဏာလုံးဝမရှိခဲ့ပါ။ အာဒံနှင့်ဧဝတို့သည် ရာသက်ပန် ပေါင်းသင်းသွားရန်ဖြစ်သည်။ (ကမ္ဘာဦး ၂:၂၄) ဂုဏ်သရေရှိသော အိမ်ထောင်တစ်ခုအဖို့ ဘုရားသခင်သတ်မှတ်သည့်စံမှာ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ပေါင်းစည်းခြင်းပင်ဖြစ်သည်။ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးက ကြီးလေးသော လိင်ဆိုင်ရာကိုယ်ကျင့်တရား ဖောက်ပြားမှသာလျှင် ကျမ်းစာအရ လင်မယားကွာရှင်း၍ နောက်အိမ်ထောင်ပြုပိုင်ခွင့်ရှိသည်။—မဿဲ ၅:၃၂။
၂ ပုဂ္ဂိုလ်နှစ်ဦးသည် အကန့်အသတ်မရှိ ရှည်လျားသောကာလတစ်လျှောက် အတူတကွ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်နိုင်ပါသလော။ နေထိုင်နိုင်ပါသည်၊ ဤသို့ပေါင်းသင်းနိုင်ရန် ကျမ်းစာက အရေးကြီးသောအချက်နှစ်ချက်၊ သို့မဟုတ် သော့ချက်နှစ်ချက်ကို ဖော်ပြထားသည်။ လင်မယားနှစ်ဦးစလုံးက ယင်းတို့ကိုလက်တွေ့အသုံးပြုလျှင် ပျော်ရွှင်ချမ်းမြေ့သည့် အိမ်ထောင်ရေးတံခါးကို ဖွင့်နိုင်မည့်အပြင် ကောင်းချီးမင်္ဂလာများစွာကိုပါ ခံစားရကြမည်။ ၎င်းသော့ချက်တို့ကား အဘယ်နည်း။
ပထမသော့ချက်
၃။ အိမ်ထောင်ဖက်တို့သည် အဘယ်မေတ္တာသုံးမျိုးကို ပြုစုပျိုးထောင်သင့်သနည်း။
၃ ပထမသော့ချက်မှာ မေတ္တာဖြစ်သည်။ စိတ်ဝင်စားစရာမှာ ကျမ်းစာတွင် အမျိုးမတူသော မေတ္တာများအကြောင်း ဖော်ပြထားသည်။ တစ်မျိုးမှာ ရင်းနှီးသောမိတ်ဆွေအချင်းချင်းထားရှိသည့် ချစ်ခင်စုံမက်ခြင်းဖြစ်သည်။ (ယောဟန် ၁၁:၃) နောက်တစ်မျိုးမှာ မိသားစုဝင်အချင်းချင်းထားရှိသည့် မေတ္တာဖြစ်သည်။ (ရောမ ၁၂:၁၀) တတိယတစ်မျိုးမှာ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးအပေါ်ထားရှိသည့် စိတ်ကူးယဉ်ဆန်သောမေတ္တာဖြစ်သည်။ (သု. ၅:၁၅-၂၀) ဤမေတ္တာသုံးမျိုးစလုံးကို လင်မယားနှစ်ဦးစလုံး ကြိုးစားပြုစုရမည်မှာ ဆိုဖွယ်မရှိ။ သို့သော် ဤမေတ္တာသုံးမျိုးထက် အရေးကြီးသည့် စတုတ္ထအမျိုးအစားမေတ္တာတစ်မျိုး ရှိပါသည်။
၄။ စတုတ္ထမေတ္တာအမျိုးအစားကား အဘယ်နည်း။
၄ ခရစ်ယာန်ဂရိကျမ်းစာ၏ မူရင်းဘာသာစကားတွင် ဤစတုတ္ထအမျိုးအစားမေတ္တာကို အဂါးပေး ဟုခေါ်သည်။ ထိုစကားလုံးကို ၁ ယောဟန် ၄:၈ တွင်အသုံးပြုထားသည်။ ထိုကျမ်းချက်၌ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဆိုသည်။ မှန်ပေသည်၊ “ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။” (၁ ယောဟန် ၄:၁၉) ခရစ်ယာန်တို့သည် ဘုရားသခင်အပေါ် ဤသို့သောမေတ္တာကို ရှေးဦးစွာမွေးမြူပြုစုပြီးနောက်မှ လူသားချင်းအပေါ် ပြသကြသည်။ (မာကု ၁၂:၂၉-၃၁) ‘ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသောအားဖြင့် ငါတို့အတွက် ကိုယ်ကိုကိုယ် စွန့်တော်မူသည့်နည်းတူသင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့’ ဟူ၍ဖော်ပြသည့် ဧဖက် ၅:၂ ၌လည်း အဂါးပေး စကားလုံးကိုသုံးထားသည်။ ယေရှုက ဤမေတ္တာမျိုးသည် ကိုယ်တော်၏နောက်တော်လိုက် အစစ်များကို ခွဲခြားသိသာစေမည်ဟု မိန့်တော်မူ၏– “သင်တို့သည် အချင်းချင်းချစ် [အဂါးပေး] ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ၁ ကောရိန္သု ၁၃:၁၃ တွင်လည်း အဂါးပေး ကိုသုံးထားကြောင်း သတိပြုပါ– “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာ [အဂါးပေး] သည် အမြတ်ဆုံးဖြစ်သတည်း။”
၅၊ ၆။ (က) မေတ္တာသည် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့ထက် အဘယ်ကြောင့် သာ၍မြတ်သနည်း။ (ခ) မေတ္တာသည် အိမ်ထောင်ရေးကို ခိုင်မြဲတည်တံ့စေရခြင်း၏ အကြောင်းတရားအချို့ကား အဘယ်နည်း။
၅ ဤ အဂါးပေး မေတ္တာသည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ထက် အဘယ်ကြောင့်သာ၍မြတ်ရသနည်း။ ဤမေတ္တာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အခြေခံမူများ—မှန်ကန်သောမူများ—၏ထိန်းကွပ်မှုအောက်တွင်ရှိ၍ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅) ဤမေတ္တာမျိုးရှိသူသည် တစ်ဖက်သား ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ဘုရားသခင့်အမြင်အရ ကောင်းမြတ်မှန်ကန်သောအရာကို ကိုယ်ကျိုးမဖက်လုပ်ဆောင်ရန် အာရုံစိုက်တတ်ကြသည်။ ဤသို့သောမေတ္တာသည် ဇနီးမောင်နှံတို့အား အောက်ပါကျမ်းစာသြဝါဒကို လိုက်နာနိုင်အောင် ထောက်ကူပေးသည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [“ယေဟောဝါ၊” ကဘ] သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။” (ကောလောသဲ ၃:၁၃) ချစ်ခင်ယုယတတ်သော ဇနီးမောင်နှံတို့သည် “အချင်းချင်း အားကြီးသောမေတ္တာ [အဂါးပေး] ရှိကြ” ၏။ ဤမေတ္တာကို ပြုစုပျိုးထောင်ကြ၏။ အကြောင်းမူကား “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” ၍ဖြစ်သည်။ (၁ ပေတရု ၄:၈) မေတ္တာသည် အမှားများကိုဖုံးအုပ်တတ်သည်ကို သတိပြုပါ။ အမှားများကို ဖယ်ရှားပစ်မည်ကားမဟုတ်။ မစုံလင်သည့်လူသားများသည် အမှားအယွင်းမကင်းသောကြောင့်ဖြစ်သည်။—ဆာလံ ၁၃၀:၃၊ ၄; ယာကုပ် ၃:၂။
၆ “မေတ္တာသည် မည်သည့်အခါမျှ အရေးနိမ့်ခြင်းမရှိ” သောကြောင့် ဇနီးမောင်နှံတို့အနေဖြင့် ဘုရားသခင်နှင့် အချင်းချင်းအပေါ် ဤမေတ္တာမျိုး ကြိုးစားမွေးမြူမည်ဆိုပါက အိမ်ထောင်ရေးခိုင်မြဲ၍ ချမ်းမြေ့ပျော်ရွှင်မည်ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၈၊ ကဘ) မေတ္တာသည် “စုံလင်ခြင်းအဖွဲ့အနှောင်” ဖြစ်၏။ (ကောလောသဲ ၃:၁၄၊ သမ) သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင်တို့ဇနီးမောင်နှံအနေဖြင့် ဤမေတ္တာမျိုးကို မည်သို့ကြိုးစားမွေးမြူနိုင်မည်နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အတူဖတ်ရှု၍ အမြင်သဘောထားဖလှယ်ပါ။ ယေရှု၏ မေတ္တာစံနမူနာတော်ကိုလေ့လာပြီး ကိုယ်တော်ကိုတုပပါ။ ကိုယ်တော်နည်းတူ တွေးတောပြုမူပါ။ ထို့ပြင် ဘုရားသခင့်နှုတ်မြွက်တရားတော် သင်ကြားပေးရာ ခရစ်ယာန်အစည်းအဝေးများကိုတက်ပါ။ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်၏အသီးဖြစ်သည့် မြင့်မြတ်သောဤမေတ္တာမျိုးကို ရင့်သန်ကြီးထွားစေရန် ကူညီမစမှုအတွက် ဘုရားသခင်ထံဆုတောင်းပါလေ။—သု. ၃:၅၊ ၆; ယောဟန် ၁၇:၃; ဂလာတိ ၅:၂၂; ဟေဗြဲ ၁၀:၂၄၊ ၂၅။
ဒုတိယသော့ချက်
၇။ ရိုသေလေးစားခြင်းဆိုသည်မှာ အဘယ်နည်း။ အိမ်ထောင်တွင် မည်သူ ရိုသေလေးစားမှုပြသင့်သနည်း။
၇ လင်နှင့်မယားတို့သည် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြလျှင် တစ်ယောက်ကိုတစ်ယောက်လည်း ရိုသေလေးစားကြပေမည်။ လေးစားခြင်းသည် သာယာချမ်းမြေ့သည့်အိမ်ထောင်အတွက် ဒုတိယသော့ချက်ပင်ဖြစ်သည်။ လေးစားခြင်းကို “သူတစ်ပါးအား စာနာထောက်ထားခြင်း၊ ဂုဏ်တင်ခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က လင်နှင့်မယားအပါအဝင် ခရစ်ယာန်မှန်သမျှတို့အား “အချင်းချင်းဂုဏ်တင်ရာ၌ ဦးဆောင်ကြလော့” ဟုဆုံးမထားသည်။ (ရောမ ၁၂:၁၀၊ ကဘ) “ထိုနည်းတူ ခင်ပွန်းတို့၊ [ကိုယ့်ဇနီးတို့ကို] အားနည်းသောတန်ဆာ မိန်းမသားကဲ့သို့ ဂုဏ်တင်လျက်၊ အသိပညာနှင့်အလျောက် သူတို့နှင့်အတူ ဆက်၍ပေါင်းသင်းနေထိုင်ကြလော့” ဟူ၍ တမန်တော်ပေတရုက ရေးသားခဲ့သည်။ (၁ ပေတရု ၃:၇၊ ကဘ) ဇနီးဖြစ်သူသည် “မိမိခင်ပွန်းကို အလွန်ရိုသေလေးစားရမည်” ဟုဆုံးမထားသည်။ (ဧဖက် ၅:၃၃၊ ကဘ) တစ်စုံတစ်ယောက်အား သင်ဂုဏ်တင်လေးစားသည်ဆိုလျှင် ထိုသူအားကြင်နာစွာဆက်ဆံ၍ သူ၏ဂုဏ်သိက္ခာနှင့် အမြင်သဘောထားတို့ကိုလေးစားပြီး အကျိုးသင့်အကြောင်းသင့်ရှိသော သူ၏ မည်သည့်တောင်းဆိုချက်ကိုမဆို ဖြည့်ဆည်းပေးရန် အဆင်သင့်ရှိပေမည်။
၈-၁၀။ အိမ်ထောင်ရေးကို တည်တံ့ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့စေရန် လေးစားမှုက ထောက်ကူပေးနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
၈ ပျော်ရွှင်ချမ်းမြေ့သည့်အိမ်ထောင်ရေး မွေ့လျော်ခံစားလိုသူတို့သည် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ [ကိုယ့်ကြင်ဖော်၏] အမှုအရာကို အချင်းချင်းရှုမှတ်ကြ” ခြင်းအားဖြင့် မိမိကြင်ဖော်အား ရိုသေလေးစားကြသည်။ (ဖိလိပ္ပိ ၂:၄) သူတို့သည် မိမိတို့၏ကောင်းကျိုးကိုသာ စဉ်းစားမည်မဟုတ်။ ဤသို့ပြုလျှင် တစ်ကိုယ်ကောင်းဆန်ရာကျမည်။ သို့အစား မိမိတို့၏ကြင်ဖော်အတွက်ပါ အကျိုးအရှိဆုံးဖြစ်မည့်အရာကို စဉ်းစားကြသည်။ စင်စစ်ဆိုလျှင် သူတို့သည် ကြင်ဖော်ဖြစ်သူ၏ကောင်းကျိုးကို ဦးစားပေးကြသည်။
၉ လင်နှင့်မယား အပြန်အလှန် ရိုသေလေးစားကြမည်ဆိုလျှင် အမြင်သဘောထားချင်း ကွဲပြားမှုရှိမည်ကို အသိအမှတ်ပြုကြပေမည်။ လူနှစ်ဦး အရာရာတိုင်းတွင် အမြင်သဘောထားချင်း ထပ်တူထပ်မျှဖြစ်ရန်မျှော်လင့်ခြင်းသည် လျော်ကန်မည်မဟုတ်။ ခင်ပွန်းဖြစ်သူအဖို့ အရေးကြီးသောအရာသည် ဇနီးဖြစ်သူအဖို့ အရေးကြီးချင်မှကြီးမည်။ ဇနီးဖြစ်သူ၏အကြိုက်သည် ခင်ပွန်းဖြစ်သူ၏အကြိုက် ဖြစ်ချင်မှဖြစ်မည်။ သို့သော် တစ်ဖက်သား၏ အမြင်သဘောထားနှင့် ရွေးချယ်သည့်အရာသည် ယေဟောဝါ၏ပညတ်နှင့်မူဘောင်အတွင်း ရှိနေသမျှကာလပတ်လုံး ယင်းတို့ကို အချင်းချင်း လေးစားသင့်ပေသည်။ (၁ ပေတရု ၂:၁၆; ဖိလေမုန် ၁၄ နှိုင်းယှဉ်။) ၎င်းပြင် တစ်ဖက်သားကို လူပုံအလယ်၌ဖြစ်စေ၊ သီးသန့်ဖြစ်စေ သိက္ခာချခြင်း၊ ရယ်စရာဟားစရာဖြစ်အောင် ပြုလုပ်ခြင်းကိုရှောင်ကြဉ်ခြင်းဖြင့် တစ်ဖက်သား၏ဂုဏ်သိက္ခာကို အချင်းချင်းလေးစားသင့်သည်။
၁၀ မှန်ပေသည်၊ ဘုရားသခင်ကိုချစ်ခြင်း၊ အချင်းချင်းချစ်ခြင်းနှင့် အပြန်အလှန်လေးစားခြင်းတို့သည် အောင်မြင်သောအိမ်ထောင်ရေးအတွက် အရေးပါသောသော့ချက်နှစ်ခုဖြစ်သည်။ အိမ်ထောင်သည်ဘဝ၏ သာ၍အရေးကြီးသောနေရာအချို့၌ ၎င်းတို့ကို မည်သို့လက်တွေ့အသုံးချနိုင်သနည်း။
ခရစ်တော်ကဲ့သို့သောဦးစီးမှု
၁၁။ ကျမ်းစာအရ အိမ်ထောင်ဦးစီးကား မည်သူနည်း။
၁၁ လူယောက်ျားသည် အောင်မြင်သောအိမ်ထောင်ဦးစီးဖြစ်နိုင်သည့် အရည်အသွေးများဖြင့် ဖန်ဆင်းခံရကြောင်း ကျမ်းစာကဆိုသည်။ ယင်းကြောင့် ယောက်ျားဖြစ်သူသည် ယေဟောဝါ၏ရှေ့တော်တွင် ဇနီးနှင့် သားသမီးတို့၏ ဝိညာဉ်ရေးနှင့်ကာယရေးအတွက် တာဝန်ရှိသည်။ သူသည် ယေဟောဝါ၏အလိုတော်ကိုထင်ဟပ်စေသည့် မျှတသောဆုံးဖြတ်ချက်များ ချရမည့်အပြင် ဘုရားဝတ်၌မွေ့လျော်သော အပြုအမူဘက်တွင်လည်း စံနမူနာကောင်းဖြစ်ရပေမည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (ဧဖက် ၅:၂၂၊ ၂၃) သို့သော်၊ ခင်ပွန်းဖြစ်သူ၏အပေါ်မှာလည်း ခေါင်းဖြစ်သော အခွင့်အာဏာရှိသူတစ်ပါးရှိကြောင်း ကျမ်းစာကဆို၏။ “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟုတမန်တော်ပေါလုဆို၏။ (၁ ကောရိန္သု ၁၁:၃) ဉာဏ်အမြော်အမြင်ရှိသည့်ခင်ပွန်းသည် မိမိ၏ဦးခေါင်းတည်းဟူသော ခရစ်တော်ယေရှုကိုတုပလျက် ဦးစီးမှုအခွင့်အာဏာကိုကျင့်သုံးရန် သင်ယူပေမည်။
၁၂။ လက်အောက်ခံခြင်းနှင့် ဦးစီးမှုအာဏာကျင့်သုံးခြင်း နှစ်ရပ်စလုံး၌ အဘယ်ကောင်းမြတ်သည့် စံနမူနာကို ယေရှုထားတော်မူခဲ့သနည်း။
၁၂ ယေရှု၌လည်း ယေဟောဝါတည်းဟူသောဦးခေါင်း ရှိတော်မူရာ ကိုယ်တော်သည် ယေဟောဝါ၏အုပ်စိုးခြင်းကို သင့်တင့်လျောက်ပတ်စွာ လက်အောက်ခံတော်မူ၏။ “ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏” ဟူ၍ ယေရှုမိန့်ဆို၏။ (ယောဟန် ၅:၃၀) ကောင်းမြတ်လှသည့် စံနမူနာပါတကား! ယေရှုသည် ‘ဝေနေယျသတ္တဝါအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။’ (ကောလောသဲ ၁:၁၅) ကိုယ်တော်သည် မေရှိယဖြစ်လာတော်မူ၏။ ဘိသိက်ခံခရစ်ယာန်အသင်းတော်၏ဦးခေါင်းနှင့် ကောင်းကင်တမန်ရှိသမျှတို့၏အထက် ဘုရားသခင့်နိုင်ငံတော်၏ ရွေးချယ်ခံဘုရင် ဖြစ်လာမည့်အရှင်လည်းဖြစ်၏။ (ဖိလိပ္ပိ ၂:၉-၁၁; ဟေဗြဲ ၁:၄) ကမ္ဘာပေါ်ရှိစဉ် ယေရှုသည် ဤမျှမြင့်မြတ်သည့်ရာထူးနှင့် အလားအလာ ရှိသော်ငြားလည်း ခက်ထန်ကြမ်းကြုတ်ခြင်း၊ အလျှော့မပေးခြင်း၊ တရားလွန်တောင်းဆိုခြင်း ရှိတော်မမူ။ တပည့်တော်များအား မိမိအမိန့်ကိုနာခံရမည်ဟု အစဉ်သတိပေးတတ်သည့် သက်ဦးဆံပိုင်ဘုရင်လည်း မဟုတ်ပေ။ ယေရှုသည် မေတ္တာကရုဏာတရား ကြီးမားတော်မူ၏။ အထူးသဖြင့် အဖိနှိပ်ခံနင်းပြားများအပေါ်ဖြစ်၏။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုကိုယ်တော်မိန့်တော်မူ၏။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော်နှင့်ပေါင်းဖော်ရသည်မှာ ကြည်နူးချမ်းမြေ့စရာပင်ဖြစ်သည်။
၁၃၊ ၁၄။ ချစ်ခင်ယုယတတ်သောခင်ပွန်းသည် ယေရှုကိုတုပလျက် ဦးစီးမှုအာဏာကို မည်သို့ကျင့်သုံးမည်နည်း။
၁၃ ပျော်ရွှင်ချမ်းမြေ့သည့် မိသားစုဘဝမျိုးကို လိုချင်တောင့်တသောခင်ပွန်းအနေဖြင့် ယေရှု၏ ကောင်းမြတ်သောစရိုက်များကို ဆင်ခြင်သုံးသပ်သင့်ပေသည်။ ခင်ပွန်းကောင်းတစ်ယောက်သည် အာဏာရှင်ဆန်ဆန် ခက်ထန်ကြမ်းကြုတ်မည်မဟုတ်၊ ဦးစီးမှုအာဏာကိုလည်း ဇနီးဖြစ်သူအား နိုင်လိုမင်းထက်ပြုမူရန် တင်းပုတ်သဖွယ် မမှန်မကန် အသုံးချမည်မဟုတ်။ သို့အစား ဇနီးဖြစ်သူအား ချစ်ခင်လေးစားဂုဏ်တင်မည်ဖြစ်သည်။ ယေရှုသည် “နှိမ့်ချသောစိတ်သဘောရှိ” သည်ဆိုလျှင် ခင်ပွန်းဖြစ်သူသည် သာ၍ရှိသင့်ပေသည်။ အကြောင်းမှာ သူသည် ယေရှုနှင့်မတူဘဲ အမှားပြုတတ်၍ဖြစ်သည်။ အမှားပြုမိသည့်အခါ ဇနီးဖြစ်သူ၏ နားလည်ခွင့်လွှတ်မှု ရလို၏။ ထို့ကြောင့် စိတ်နှိမ့်ချသောခင်ပွန်းသည် “ကိုယ်မှားပါတယ်၊ တောင်းပန်ပါတယ်” ဟူသောစကားမျိုးကို ဖွင့်ပြောရန်မလွယ်သော်လည်း မိမိအမှားများကို ဝန်ခံတတ်သည်။ ခင်ပွန်းဖြစ်သူသည် မာနကြီး၍ခေါင်းမာသူမဟုတ်ဘဲ ဝင့်ဝါခြင်းမရှိ စိတ်နှိမ့်ချသူဖြစ်ပါက သူ၏ဦးစီးမှုကို ဇနီးဖြစ်သူ လေးစားလိုက်နာရန် သာ၍လွယ်ကူပေမည်။ အတုံ့အလှည့်အားဖြင့် ရိုသေလေးစားမှုရှိသောဇနီးသည်လည်း အမှားပြုမိသည့်အခါများ၌ ဝန်ချတောင်းပန်တတ်သည်။
၁၄ အိမ်ထောင်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အထောက်အကူပြုနိုင်သည့် အရည်အသွေးများဖြင့် လူမိန်းမကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့၏။ ဉာဏ်အမြော်အမြင်ရှိသည့်ခင်ပွန်းသည် ဤအချက်ကိုသိမှတ်ပြီး သူ့ကိုချိုးနှိမ်မည်မဟုတ်။ အမျိုးသမီးအများစုတွင် မိသားစုကို ပြုစုစောင့်ရှောက်ရာ၌လည်းကောင်း၊ လူလူချင်းဆက်ဆံရေး ပြုစုပျိုးထောင်ရာ၌လည်းကောင်း လိုအပ်သည့်အရည်အချင်းများဖြစ်သော စာနာထောက်ထားမှုနှင့် အကင်းပါးမှုတို့ ပို၍ရှိတတ်ကြသည်။ အများအားဖြင့် အမျိုးသမီးများသည် အိမ်ကို နေချင်စဖွယ်ဖြစ်အောင်ဖန်တီးရာ၌ အလွန်ကျွမ်းကျင်ကြသည်။ နယပုံပြင်ကျမ်း အခန်းကြီး ၃၁ တွင်ဖော်ပြသည့် “စွမ်းရည်ရှိသောမယား” သည် အလွန်ကောင်းသော အရည်အချင်းနှင့် ထူးကဲသောပင်ကိုစွမ်းရည် အများအပြားရှိခြင်းကြောင့် သူ၏မိသားစုသည် အကျိုးကျေးဇူး အပြည့်အဝခံစားရသည်။ အဘယ်ကြောင့်နည်း။ သူ့ခင်ပွန်းဖြစ်သူသည် နှလုံးထဲ၌ သူ့ကို “အားကိုးယုံကြည်” ၍ဖြစ်သည်။—သု. ၃၁:၁၀၊ ၁၁၊ ကဘ။
၁၅။ ခင်ပွန်းဖြစ်သူသည် ခရစ်တော်ကိုတုပလျက် ဇနီးအပေါ် မေတ္တာနှင့်လေးစားမှုကို မည်သို့ပြသနိုင်သနည်း။
၁၅ အချို့ယဉ်ကျေးမှုတွင် ခင်ပွန်းဖြစ်သူ၏အခွင့်အာဏာကို အလွန်အမင်း အလေးပေးကြသဖြင့် သူ့အားမေးခွန်းမေးခြင်းကိုပင် မရိုမသေပြုခြင်းအဖြစ် မှတ်ယူကြသည်။ ဇနီးကိုလည်း ကျွန်ကဲ့သို့ ဆက်ဆံကောင်းဆက်ဆံမည်။ ဦးစီးမှုအခွင့်အာဏာကို ဤသို့ မမှန်မကန်ကျင့်သုံးခြင်းဖြင့် ဇနီးဖြစ်သူနှင့်ဆက်ဆံရေးသာမက ဘုရားသခင်နှင့်ဆက်ဆံရေးပါ ထိခိုက်ပျက်စီးနိုင်သည်။ (၁ ယောဟန် ၄:၂၀၊ ၂၁ နှိုင်းယှဉ်။) တစ်ဖက်တွင် အချို့ခင်ပွန်းတို့သည် အိမ်ထောင်တွင် ဦးဆောင်ခြင်းမပြုဘဲ ဇနီးဖြစ်သူအား စိုးမိုးခြယ်လှယ်ခွင့်ပြုကြသည်။ ခရစ်တော်၏အုပ်စိုးခြင်းကို သင့်တင့်လျောက်ပတ်စွာဝန်ခံသော ခင်ပွန်းသည် ဇနီးဖြစ်သူကို ခေါင်းပုံဖြတ်မည်မဟုတ်သကဲ့သို့ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လည်း ပြုလုပ်မည်မဟုတ်။ သို့အစား၊ ယေရှု၏ ကိုယ်ကျိုးစွန့်မေတ္တာကိုတုပလျက် ပေါလု၏ အောက်ပါအကြံပြုချက်အတိုင်း ပြုလုပ်မည်ဖြစ်သည်– “ခင်ပွန်းတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက် မိမိအသက်ကို စွန့်တော်မူသည့်နည်းတူ သင်တို့၏ဇနီးများကို ချစ်ကြလော့။” (ဧဖက် ၅:၂၅၊ သတင်းကောင်း) ခရစ်တော်ယေရှုသည် မိမိ၏နောက်တော်လိုက်တို့ကို လွန်စွာချစ်တော်မူသဖြင့် သူတို့အဖို့ အသေခံတော်မူ၏။ ခင်ပွန်းကောင်းတစ်ဦးသည် ဇနီးထံမှ အလွန်အကျွံတောင်းဆိုမည်မဟုတ်ဘဲ ကိုယ်ကျိုးမဖက်သော ထိုသဘောထားမျိုးကိုတုပကာ သူ၏ကောင်းကျိုးကို ရှာကြံပေမည်။ ခင်ပွန်းအနေနှင့် ခရစ်တော်၏အုပ်စိုးခြင်းကိုဝန်ခံ၍ ခရစ်တော်ကဲ့သို့သောမေတ္တာနှင့် လေးစားမှုမျိုးပြသမည်ဆိုလျှင် ဇနီးဖြစ်သူသည်လည်း ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံရန် လှုံ့ဆော်ခံရပေမည်။—ဧဖက် ၅:၂၈၊ ၂၉၊ ၃၃။
ဇနီး၏လက်အောက်ခံမှု
၁၆။ ဇနီးဖြစ်သူသည် ခင်ပွန်းနှင့်ဆက်ဆံရာ၌ အဘယ်အရည်အချင်းများ ပြသသင့်သနည်း။
၁၆ အာဒံကိုဖန်ဆင်း၍ အတန်ကြာပြီးနောက် “ထာဝရဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေစကောင်း၊ သူနှင့်တော်သောအထောက်အမ [ဖြည့်ဖက်] ကို သူ့အဖို့ ငါဖန်ဆင်းဦးမည်’ ဟုမိန့်တော်မူ၏။” (ကမ္ဘာဦး ၂:၁၈၊ သမ္မာ) ဘုရားသခင်သည် ဧဝကို ပြိုင်ဘက် အဖြစ်မဟုတ်ဘဲ “ဖြည့်ဖက်” အဖြစ် ဖန်ဆင်းတော်မူ၏။ အိမ်ထောင်သည် ပြိုင်ဘက်မာလိန်မှူးနှစ်ဦးရှိသည့် သင်္ဘောနှင့်မတူသင့်ပေ။ ခင်ပွန်းဖြစ်သူသည် မေတ္တာနှင့်ဦးစီး၍ ဇနီးဖြစ်သူသည် မေတ္တာ၊ ရိုသေလေးစားမှုနှင့် စိတ်ပါလက်ပါ လက်အောက်ခံခြင်းတို့ကို ပြသရန်ဖြစ်သည်။
၁၇၊ ၁၈။ ဇနီးဖြစ်သူသည် ခင်ပွန်း၏ကူဖော်လောင်ဖက်စစ် ဖြစ်နိုင်သည့်နည်းလမ်းအချို့ကား အဘယ်နည်း။
၁၇ သို့သော်၊ ဇနီးကောင်းတစ်ဦးသည် လက်အောက်ခံရုံမျှသာ ခံမည်မဟုတ်။ ခင်ပွန်းဆုံးဖြတ်ချက်ချရာ၌ ထောက်ခံအားပေးခြင်းအားဖြင့် ကူဖော်လောင်ဖက်စစ်ဖြစ်အောင် ကြိုးစားသည်။ ခင်ပွန်းဖြစ်သူ၏ဆုံးဖြတ်ချက်များကို သဘောတူသည့်အခါမျိုး၌ ဇနီးဖြစ်သူအနေနှင့် ထောက်ခံအားပေးရန် ပို၍လွယ်ကူပေမည်။ သို့သော် သဘောမတူသည့်အခါမျိုး၌ပင် အားတက်တရော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခင်ပွန်း၏ဆုံးဖြတ်ချက် ပိုမိုအကျိုးဖြစ်ထွန်းအောင်မြင်စေရန် ထောက်ကူနိုင်ပေသည်။
၁၈ ဇနီးသည် ခင်ပွန်းဖြစ်သူအား အိမ်ထောင်ဦးစီးကောင်းဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည်။ ခင်ပွန်းအား အပြစ်ရှာဝေဖန်ခြင်း၊ မိမိအား မည်သည့်အခါမှ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မည်မဟုတ် ဟူသောအထင်မျိုးရှိအောင် ပြုလုပ်ခြင်းတို့ကိုရှောင်၍ သူ၏ကြိုးစားဦးဆောင်မှုကို တန်ဖိုးထားလေးစားကြောင်း ပြသနိုင်သည်။ ခင်ပွန်းနှင့် အပြုသဘောဆောင်သည့်နည်းဖြင့် ဆက်ဆံရာ၌ “နူးညံ့သိမ်မွေ့ခြင်းသဘော” သည် ခင်ပွန်းဖြစ်သူ၏အမြင်တွင်မက “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” ကြောင်းသတိရသင့်သည်။ (၁ ပေတရု ၃:၃၊ ၄; ကောလောသဲ ၃:၁၂) ခင်ပွန်းသည် ယုံကြည်သူတစ်ဦး မဟုတ်လျှင်ကော။ ယုံကြည်သူဟုတ်ဟုတ် မဟုတ်ဟုတ် “ဘုရားသခင်၏ နှုတ် [မြွက်] တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ [ဇနီး] တို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးတို့ကိုချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်” ရမည်ဟု ကျမ်းစာက အားပေးထားသည်။ (တိတု ၂:၄၊ ၅) ကိုယ်ကိုကိုယ်သိသောစိတ်ကိစ္စ ပေါ်ပေါက်ပါက “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘော” တင်ပြမည်ဆိုလျှင် ခင်ပွန်းဖြစ်သူသည် သူ၏ရပ်တည်ချက်ကို လေးစားလိုက်လျောရန် ပို၍အလားအလာရှိမည်။ မယုံကြည်သောခင်ပွန်းအချို့သည် “တရားမနာသော်လည်း [ဇနီးတို့၏] ရိုသေသမှုနှင့် စင်ကြယ်သောအပြုအမူများအား ထောက်ထား [၍] မယားဖြစ်သူတို့အကျင့် . . . ဖြင့်၊ အဟောအပြောကင်းလျက် ဘာသာတူ” ဖြစ်လာကြသည်။—၁ ပေတရု ၃:၁၊ ၂၊ ၁၅၊ သမ; ၁ ကောရိန္သု ၇:၁၃-၁၆။
၁၉။ ခင်ပွန်းဖြစ်သူက ဇနီးအား ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခိုင်းပါက မည်သို့ပြုမည်နည်း။
၁၉ ဘုရားသခင် တားမြစ်ထားသည့်အရာကိုပြုလုပ်ရန် ခင်ပွန်းဖြစ်သူက တောင်းဆိုလာလျှင် မည်သို့ပြုမည်နည်း။ ဤသို့ဖြစ်လာပါက ဘုရားသခင်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သတိရသင့်သည်။ ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်ရန် အာဏာပိုင်များက တောင်းဆိုလာသည့်အခါ တမန်တော်များပြုလုပ်ခဲ့သည့် နမူနာအတိုင်း သူပြုလုပ်ပေမည်။ “ပေတရုနှင့် တမန်တော်တို့က ‘အကျွန်ုပ်တို့သည် လူ့အမိန့်ထက် ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ရမည်’” ဟုပြန်ပြောကြကြောင်း တမန်တော် ၅:၂၉ (သတင်းကောင်း) ကဖော်ပြ၏။
ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု
၂၀။ မေတ္တာနှင့်လေးစားမှု မရှိမဖြစ်လိုအပ်သော အရေးကြီးသည့်ကဏ္ဍတစ်ရပ်ကား အဘယ်နည်း။
၂၀ အိမ်ထောင်ရေးကဏ္ဍ နောက်တစ်ရပ်ဖြစ်သည့် ပြောဆိုဆက်သွယ်မှုတွင်လည်း ချစ်ခြင်းမေတ္တာနှင့် ရိုသေလေးစားမှု မရှိမဖြစ်လိုအပ်သည်။ ချစ်ခင်ယုယတတ်သောခင်ပွန်းသည် ဇနီးဖြစ်သူ၏ လုပ်ကိုင်ဆောင်ရွက်မှုများ၊ ပြဿနာများ၊ ကိစ္စအသီးသီးနှင့်ပတ်သက်သည့် ဇနီး၏အမြင်သဘောထားများအကြောင်း ပြောဆိုကြပေမည်။ ဤသို့ပြောဆိုမှုမျိုးကို သူလိုအပ်သည်။ ဇနီးဖြစ်သူနှင့်စကားပြောရန် အချိန်ပေးပြီး သူပြောဆိုသည်ကို ဂရုစိုက်နားထောင်ပေးသည့်ခင်ပွန်းသည် သူ့ကိုချစ်ခင်လေးစားကြောင်း ပြသရာရောက်သည်။ (ယာကုပ် ၁:၁၉) အချို့ဇနီးများက သူတို့၏ခင်ပွန်းများသည် သူတို့နှင့်စကားပြောဆိုရန်အတွက် အချိန်အနည်းငယ်သာပေးကြောင်း ညည်းညူကြသည်။ စိတ်မကောင်းစရာဖြစ်သည်။ မှန်ပါသည်၊ အလုပ်များသော ယခုခေတ်ကာလမျိုး၌ ခင်ပွန်းဖြစ်သူတို့သည် အပြင်တွင် ပို၍အချိန်ကြာကြာ အလုပ်လုပ်ရပြီး စီးပွားရေးအခြေအနေများကြောင့် ဇနီးဖြစ်သူအချို့သည်လည်း အလုပ်လုပ်ရကြသည်။ သို့သော်၊ အိမ်ထောင်ရှင်မောင်နှံတို့သည် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရန်ဖယ်ထုတ်ထားရမည်။ မဟုတ်ပါက ဆက်ဆံရေးကျဲပြီး စိမ်းကားသွားနိုင်သည်။ အိမ်ထောင်ပြင်ပမှ စာနာထောက်ထားမှုရှိသောအဖော်ကို မလွဲမသွေရှာရတော့မည်ဟူသောအထင်မျိုး ဝင်လာပြီဆိုလျှင် ပြဿနာဆိုးရွားသွားနိုင်သည်။
၂၁။ လျောက်ပတ်သောအပြောအဆိုသည် အိမ်ထောင်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် မည်သို့ထောက်ကူမည်နည်း။
၂၁ လင်မယားပြောဆိုဆက်သွယ်ပုံမှာလည်း အရေးကြီးသည်။ “သာယာသောစကားတို့သည် . . . စိတ်ဝိညာဉ်၌ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။” (သု. ၁၆:၂၄) အိမ်ထောင်ဖက်သည် ယုံကြည်သူဟုတ်ဟုတ် မဟုတ်ဟုတ် “သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ” ဟူသောဆုံးမစကားသည် တန်းတူသက်ဆိုင်ပေသည်။ (ကောလောသဲ ၄:၆) လူတစ်ဦးသည် တစ်နေ့တာ ပင်ပင်ပန်းပန်းလုပ်ဆောင်ပြီးနောက် အိမ်ထောင်ဖက်ဖြစ်သူထံမှ ကြင်နာထောက်ထားမှုရှိသည့် စကားတစ်ခွန်းနှစ်ခွန်းကြားရခြင်းသည် များစွာတာသွားပေသည်။ “သင့်တော်သောအချိန်၌ ပြောဆိုသောစကားသည် ငွေပန်းထည်၌ခြယ်သော ရွှေပန်းသီးကဲ့သို့ဖြစ်၏။” (သု. ၂၅:၁၁၊ ကဘ) လေသံနှင့် သုံးသည့်စကားလုံးတို့သည် အလွန်အရေးကြီး၏။ သာဓကအားဖြင့် လူတစ်ဦးသည် အခြားသူတစ်ဦးအား “တံခါးပိတ်လိုက်” ဟူ၍စိတ်ဆိုးမာန်ဆိုး၊ မာရေကျောရေနှင့် ပြောမိနိုင်သည်။ သို့သော်၊ “တစ်ဆိတ်လောက် တံခါးပိတ်ပေးပါလား” ဟူ၍ အေးဆေးပြီး နားလည်မှုပြည့်ဝသည့်လေသံဖြင့် ပြောလိုက်သည့်စကားသည် “ဆားအားဖြင့် ငန်သောအရသာ” မည်မျှရှိလိုက်မည်တကား။
၂၂။ ဇနီးမောင်နှံတို့အနေဖြင့် ကောင်းမွန်သောပြောဆိုဆက်ဆံမှု ထိန်းသိမ်းရေးအတွက် အဘယ်စိတ်သဘောထားမျိုး ရှိရန်လိုသနည်း။
၂၂ အပြောအဆိုညင်သာမည်၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးမည်၊ ကြင်နာမှု၊ နားလည်စာနာမှုနှင့် နူးညံ့သိမ်မွေ့မှုရှိမည်ဆိုလျှင် ကောင်းမွန်သည့် ပြောဆိုဆက်သွယ်မှု ရှင်သန်ကြီးထွားမည်။ ကောင်းမွန်သည့် ပြောဆိုဆက်သွယ်မှုကိုထိန်းသိမ်းရန် တက်ညီလက်ညီကြိုးပမ်းခြင်းအားဖြင့် လင်မယားနှစ်ဦးစလုံးသည် မိမိတို့၏လိုအပ်ရာများကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုသည့်အပြင် စိတ်ပျက်စရာ သို့မဟုတ် ဖိစီးမှုဒဏ် ကြုံရသည့်အခါများ၌ပင် အချင်းချင်း နှစ်သိမ့်အားပေး ယိုင်းပင်းကူညီနိုင်ကြသည်။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်က တိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) ခင်ပွန်းဖြစ်သူ စိတ်ဓာတ်ကျဆင်းသည့်အခါရှိသကဲ့သို့ ဇနီးဖြစ်သူ စိတ်ဓာတ်ကျဆင်းသည့်အခါလည်း ရှိတတ်ပေသည်။ အချင်းချင်း ‘နှစ်သိမ့်အားပေး’ တည်ဆောက်နိုင်ကြသည်။—ရောမ ၁၅:၂။
၂၃၊ ၂၄။ စိတ်သဘောချင်းမတိုက်ဆိုင်သည့်အခါ မေတ္တာနှင့်လေးစားမှုတို့က မည်သို့အထောက်အကူပြုသနည်း။ သာဓကတစ်ခုပေးပါ။
၂၃ အချင်းချင်း ချစ်ခင်လေးစားမှုရှိကြသည့် ဇနီးမောင်နှံတို့သည် စိတ်သဘောချင်းမတိုက်ဆိုင်မှု မှန်သမျှကို စိန်ခေါ်မှုအဖြစ် သဘောထားကြမည်မဟုတ်။ တစ်ယောက်ကိုတစ်ယောက် “ခါးသီးစွာအမျက်မထွက်” မိအောင်ကြိုးစားကြမည်။ (ကောလောသဲ ၃:၁၉၊ ကဘ) “ဖြည်းညင်းစွာ ပြန်ပြောခြင်းသည် ဒေါသကိုငြိမ်းစေတတ်” ကြောင်းနှစ်ဦးစလုံး သတိရသင့်သည်။ (သု. ၁၅:၁၊ သမ္မာ) မိမိအိမ်ထောင်ဖက်က ခံစားချက်ကို ရင်ဖွင့်ပြောဆိုလာသည့်အခါ အထင်အမြင်သေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်း မပြုမိအောင် သတိထားပါ။ ရင်ဖွင့်ပြောဆိုခြင်းသည် တစ်ဖက်သား၏ အမြင်သဘောထားကို သိမြင်နားလည်နိုင်သည့် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ပါ။ သဘောထားကွဲလွဲမှုများကို အတူတကွ ညှိနှိုင်းဖြေရှင်း၍ နှစ်ဦးနှစ်ဝလက်ခံနိုင်သည့်အဖြေရအောင် ကြိုးစားပါ။
၂၄ ခင်ပွန်းဖြစ်သူ၏ စိတ်သဘောနှင့်မတိုက်ဆိုင်သည့် ပြဿနာဖြေရှင်းနည်းတစ်ရပ်ကို စာရာက အာဗြဟံအား တင်ပြခဲ့သည့်အချိန်အခါကို သတိရပါ။ သို့သော် ဘုရားသခင်က “သူ၏စကားကို နားထောင်လော့” ဟူ၍ အာဗြဟံအားမိန့်တော်မူ၏။ (ကမ္ဘာဦး ၂၁:၉-၁၂) အာဗြဟံနာခံသဖြင့် ကောင်းချီးမင်္ဂလာရရှိခဲ့သည်။ ထိုနည်းတူ ခင်ပွန်းဖြစ်သူ၏အကြံအစည်နှင့် ခြားနားသည့်အရာတစ်ခုခုကို ဇနီးဖြစ်သူက အဆိုတင်သွင်းခဲ့သော် မည်သည့်နည်းဖြင့်မဆို နားထောင်ပေးသင့်သည်။ တစ်ချိန်တည်းတွင် ဇနီးဖြစ်သူကလည်း တစ်ဖက်သတ်ဒိုင်ခံမပြောဘဲ ခင်ပွန်းပြောသည့်စကားကို နားထောင်ပေးသင့်သည်။ (သု. ၂၅:၂၄) ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ တစ်ချိန်လုံးအလျှော့မပေးဘဲ တင်းခံနေမည်ဆိုလျှင် မေတ္တာမဲ့ရာ၊ အရိုအသေမဲ့ရာကျပေမည်။
၂၅။ အိမ်ထောင်သည်ဘဝ၏ အရင်းနှီးဆုံးကဏ္ဍတွင် ပျော်ရွှင်မှုရှိစေရန် ကောင်းမွန်သောပြောဆိုဆက်သွယ်မှုက မည်သို့ထောက်ကူသနည်း။
၂၅ ဇနီးမောင်နှံ ကိုယ်လက်နှီးနှောရာ၌လည်း ကောင်းမွန်သောပြောဆိုဆက်သွယ်မှုရှိရန် အရေးကြီးသည်။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ချုပ်တည်းမှုမရှိခြင်းတို့သည် အိမ်ထောင်ရေးတွင် အရင်းနှီးဆုံးဖြစ်သည့် ဤဆက်ဆံမှုကို ကြီးစွာထိခိုက်ပျက်စီးစေနိုင်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ခြင်းနှင့်အတူ သည်းခံခြင်းသည် မရှိမဖြစ်လိုအပ်သည်။ တစ်ဦး၏ကောင်းကျိုးကို တစ်ဦးက ကိုယ်ကျိုးမဖက်ဘဲ ဦးစားပေးမည်ဆိုလျှင် လိင်ကိစ္စသည် ကြီးလေးသည့်ပြဿနာဖြစ်လာရန် အကြောင်းနည်းပါးပေမည်။ အခြားကိစ္စများမှာကဲ့သို့ ဤကိစ္စ၌လည်း “ကိုယ်အကျိုးကို အဘယ်သူမျှ မရှာစေနှင့်၊ သူ့အကျိုးကို လူတိုင်းရှာစေ။”—၁ ကောရိန္သု ၇:၃-၅; ၁၀:၂၄။
၂၆။ အိမ်ထောင်တိုင်းတွင် အကောင်းနှင့်အဆိုး၊ အတက်နှင့်အကျ ရှိမည်ဖြစ်သော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နာခံခြင်းဖြင့် အိမ်ထောင်သည်မောင်နှံတို့အား ပျော်ရွှင်မှုတွေ့ရှိရန် မည်သို့ထောက်ကူမည်နည်း။
၂၆ မည်မျှကောင်းမြတ်သည့်အကြံဉာဏ်ကို ဘုရားသခင့်နှုတ်မြွက်စကားတော်က ပေးထားသည်တကား! မှန်ပါသည်၊ အိမ်ထောင်တိုင်းတွင် အကောင်းနှင့်အဆိုး၊ အတက်နှင့်အကျ ရှိစမြဲဖြစ်သည်။ သို့သော် ကျမ်းစာတွင်ဖော်ပြထားသည့် ယေဟောဝါ၏အကြံတော်ကို လင်မယားနှစ်ဦးစလုံးခံယူ၍ မူကိုအခြေခံသည့်မေတ္တာနှင့် ရိုသေလေးစားမှုအပေါ် မိမိတို့၏ဆက်ဆံရေးကို အခြေပြုမည်ဆိုလျှင် သူတို့၏အိမ်ထောင်သည် ရာသက်ပန်ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့မည်ကို ယုံကြည်စိတ်ချနိုင်ပေသည်။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းကိုသာမက အိမ်ထောင်ရေးစတင်တီထွင်သောအရှင် ယေဟောဝါဘုရားသခင်ကိုပါ ဂုဏ်တင်ရာရောက်ပေမည်။
-
-
အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါမိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်တစ်
အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ
၁။ မိသားစုများကို ကွဲပြားစေသည့်အကြောင်းရပ်အချို့ကား အဘယ်နည်း။
မတ္တာ၊ ငြိမ်သက်အေးချမ်းမှု၊ တစ်ဦးကိုတစ်ဦး နားလည်မှုတို့ဖြင့် ပြည့်ဝသောမိသားစု၌ ပါဝင်သူတို့သည် ပျော်ရွှင်သူများဖြစ်ကြပေသည်။ သင့်မိသားစုသည် ထိုသို့သောမိသားစုဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဝမ်းနည်းဖွယ်မှာ မရေမတွက်နိုင်သောမိသားစုများသည် ဖော်ပြပါမိသားစုမျိုးမဟုတ်ကြဘဲ အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားနေကြသည်။ အိမ်ထောင်များကို မည်သည့်အရာက ကွဲပြားစေသနည်း။ ဤအခန်းတွင် အကြောင်းရပ်သုံးရပ်ကို ဆွေးနွေးကြမည်။ အချို့သောမိသားစုများတွင် မိသားစုဝင်အားလုံး ဘာသာတစ်ခုတည်းကို မကိုးကွယ်ကြချေ။ အချို့မိသားစုများတွင် ကလေးများသည် မိမိတို့နှင့် သွေးတူသားတူမိဘရင်း မရှိကြချေ။ အချို့သောမိသားစုများဆိုပြန်လျှင် ဘဝဝမ်းရေးအတွက် ရုန်းကန်နေရခြင်း၊ သို့မဟုတ် ဥစ္စာဓန ပို၍ကြွယ်ဝလိုသောလောဘက မိသားစုဝင်များအား မကွဲကွဲအောင်ပြုလုပ်နေသည်။ သို့ဖြစ်သည့်တိုင် အိမ်ထောင်တစ်ခုကို ကွဲပြားစေသည့်အခြေအနေများသည် အခြားအိမ်ထောင်တစ်ခုကိုမူ ထိခိုက်ချင်မှထိခိုက်မည်ဖြစ်သည်။ ကွဲပြားခြားနားချက်ကား အဘယ်နည်း။
၂။ လူအချို့တို့က မိသားစုဘဝလမ်းညွှန်ကို အဘယ်မှရှာဖွေကြသနည်း။ သို့သော် ထိုသို့သောလမ်းညွှန်၏ အကောင်းဆုံးဇာစ်မြစ်ကား အဘယ်နည်း။
၂ သဘောထားအမြင်သည် အခြေခံအကြောင်းတရားတစ်ခုဖြစ်သည်။ တစ်ဖက်သား၏ သဘောထားအမြင်ကိုနားလည်ရန် သင်ရိုးသားစွာကြိုးစားပါက သင်သည် အိမ်ထောင်တစ်ခု မည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည်ကို ပိုင်းခြားသိမြင်ရန် ပို၍အကြောင်းများသည်။ ဒုတိယအခြေခံအကြောင်းတရားမှာ သင်ခံယူသည့်လမ်းညွှန်ချက်၏ဇာစ်မြစ်ဖြစ်သည်။ များစွာသောသူတို့က အလုပ်ဖော်များ၊ အိမ်နီးချင်းများ၊ သတင်းစာပင်တိုင်ဆောင်းပါးရှင်များ သို့မဟုတ် အခြားလူသားချင်းများထံမှ အကြံဉာဏ်များကိုလိုက်နာကြသည်။ သို့သော်၊ အချို့ကမူ သူတို့၏အခြေအနေနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အဆိုအမိန့်များကိုတွေ့ရှိပြီး သိရှိလာသည့်အတိုင်းကျင့်သုံးကြသည်။ ထိုသို့ပြုခြင်းက မိသားစုတစ်ခုအား အိမ်ထောင်၏ငြိမ်သက်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် မည်သို့ထောက်ကူနိုင်သနည်း။—၂ တိမောသေ ၃:၁၆၊ ၁၇။
သင့်ခင်ပွန်းက ခြားနားသောဘာသာကို ကိုးကွယ်သော်
၃။ (က) ယုံကြည်ခြင်းမတူသူကို လက်ထပ်ထိမ်းမြားခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၏သြဝါဒကား အဘယ်နည်း။ (ခ) အိမ်ထောင်ဖက်တစ်ဦးက ယုံကြည်သူဖြစ်ပြီး ကျန်တစ်ဦးကမဟုတ်ပါက လက်တွေ့ကျင့်ဆောင်နိုင်သည့် အဘယ်အခြေခံမူအချို့ရှိသနည်း။
၃ ဘာသာရေးယုံကြည်ချက်မတူသူကို လက်မထပ်ရန် သမ္မာကျမ်းစာက အခိုင်အမာဆုံးမထားသည်။ (တရားဟောရာ ၇:၃၊ ၄; ၁ ကောရိန္သု ၇:၃၉) သို့သော်၊ သင်သည် အိမ်ထောင်ကျပြီးနောက်ပိုင်းတွင်သာ အမှန်တရားကို သင်ကြားနားလည်လာခြင်းဖြစ်ပြီး သင့်ခင်ပွန်းကမူ ထိုသို့သင်ကြားခြင်းမပြုဘဲနေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ သို့ဖြစ်လျှင် မည်သို့နည်း။ သင်တို့၏လက်ထပ်ကတိသစ္စာ ဆက်လက်တရားဝင်သည်မှာ ဆိုဖွယ်မရှိ။ (၁ ကောရိန္သု ၇:၁၀) သမ္မာကျမ်းစာက အိမ်ထောင်နှောင်ကြိုး၏ ထာဝရတည်မြဲမှုကို အလေးအနက်ပြုကာ အိမ်ထောင်သည်များအား မိမိတို့၏ကွဲလွဲချက်များကို အဖြေရှာရန်၊ ကျောခိုင်း၍ထွက်မပြေးရန် အားပေးသည်။ (ဧဖက် ၅:၂၈-၃၁; တိတု ၂:၄၊ ၅) သို့သော်၊ သမ္မာကျမ်းစာနည်းကျဘာသာတရား သင်ကျင့်သုံးသည်ကို သင့်ခင်ပွန်းက အပြင်းအထန်ဆန့်ကျင်လျှင်ကော။ အသင်းတော်အစည်းအဝေးများသို့ သင်သွားသည်ကို သူတားဆီးကောင်းတားဆီးမည်။ သို့မဟုတ်၊ ဇနီးဖြစ်သူ တစ်အိမ်တက်ဆင်းသွားကာ ဘာသာတရားအကြောင်းပြောဆိုသည်ကို သူမလိုလားဟုဆိုချင်ဆိုမည်။ သင်မည်သို့ပြုမည်နည်း။
၄။ ဇနီးတစ်ဦးအနေဖြင့် မိမိခင်ပွန်းသည် မိမိနှင့်ယုံကြည်ခြင်းမတူပါက အဘယ်နည်းဖြင့် ကိုယ်ချင်းစာနာစိတ် ပြသနိုင်သနည်း။
၄ ‘ငါ့ယောက်ျားက ဘာလို့ဒီလိုသဘောမျိုး ပိုက်ထားတာပါလိမ့်’ ဟု မိမိကိုယ်ကိုစောကြောပါ။ (သု. ၁၆:၂၀၊ ၂၃) သင်ဘာလုပ်နေသည်ကို သူအမှန်ပင် နားမလည်၍ သင့်အတွက်စိုးရိမ်ပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် သူ၏ဆွေမျိုးများက သူတို့အတွက်အရေးကြီးသည့် ဓလေ့ထုံးစံအချို့တွင် သင်မပါဝင်တော့သဖြင့် သူ့အားဖိအားပေးကြခြင်း ဖြစ်ချင်ဖြစ်နိုင်သည်။ “အိမ်မှာတစ်ယောက်ထဲနေရတော့ စွန့်ပစ်ခံထားရသလို ခံစားရတယ်” ဟုလင်ယောက်ျားတစ်ဦးကဆိုသည်။ ထိုအမျိုးသားက မိမိဇနီးကို ဘာသာတရားတစ်ခုက လုယူသွားသည်ဟုခံစားခဲ့ရသည်။ သိက္ခာကျမခံလိုသဖြင့် သူ၏အထီးကျန်စိတ်ကို ဝန်မခံဘဲနေသည်။ ယေဟောဝါအားသင်ချစ်ခြင်းသည် ယခု သင့်ခင်ပွန်းအား ယခင်ကလောက်မချစ်နိုင်တော့ ဟူသည့်အဓိပ္ပာယ်မဟုတ်ကြောင်း သင့်ခင်ပွန်းအနေဖြင့် အာမခံချက်လိုအပ်နေခြင်းဖြစ်နိုင်၏။ သူနှင့်အတူနေရန် မဖြစ်မနေ အချိန်ပေးပါလေ။
၅။ ယုံကြည်ခြင်းမတူသောခင်ပွန်းရှိသူ ဇနီးတစ်ဦးအနေဖြင့် ချိန်ခွင်လျှာညီမျှရန် မည်သို့ထိန်းရမည်နည်း။
၅ သို့သော်၊ အခြေအနေကို ပညာရှိရှိကိုင်တွယ်ရတော့မည်ဆိုလျှင် ပို၍ပင်အရေးကြီးသောအရာတစ်ခုကို သင်ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။ “သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်က ဇနီးသည်များကိုတိုက်တွန်းထားသည်။ (ကောလောသဲ ၃:၁၈) ဤနည်းအားဖြင့် အမှီအခိုကင်းကင်းနေလိုသည့်စိတ်ဓာတ်ကို မမွေးမြူရန် သတိပေးထားသည်။ ထို့အပြင် “သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း” ဟုဆိုခြင်းအားဖြင့် ခင်ပွန်းအားလက်အောက်ခံခြင်းတွင် သခင်ဘုရားအား လက်အောက်ခံခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဤကျမ်းစကားက ညွှန်းဆိုနေသည်။ ချိန်ခွင်လျှာညီမျှရန်လိုပေသည်။
၆။ ခရစ်ယာန်ဇနီးတစ်ဦးသည် အဘယ်အခြေခံမူများကို စိတ်ထဲတွင်စွဲမှတ်ထားသင့်သနည်း။
၆ ခရစ်ယာန်တစ်ဦးအတွက် အသင်းတော်အစည်းအဝေးများကိုတက်ရောက်ခြင်းနှင့် မိမိ၏ကျမ်းစာအခြေခံယုံကြည်ချက်ကို အခြားသူများအား သက်သေခံခြင်းတို့သည် စစ်မှန်သောကိုးကွယ်မှု၏ လျစ်လျူမရှုရမည့် အရေးကြီးသည့်မျက်နှာစာများဖြစ်ကြသည်။ (ရောမ ၁၀:၉၊ ၁၀၊ ၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) သို့ဖြစ်လျှင်၊ ဘုရားသခင်၏ သေချာတိကျသောတောင်းဆိုချက်ကို မလိုက်လျောရန် သင့်အား လူသားတစ်ဦးဦးက ဗြောင်အမိန့်ပေးလာပါက သင်မည်သို့ပြုမည်နည်း။ ယေရှုခရစ်၏တမန်တော်များ အတိအလင်းဆိုခဲ့ကြသည်မှာ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟူ၍ဖြစ်သည်။ (တမန်တော် ၅:၂၉) သူတို့၏စံနမူနာက ဘဝ၏အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သည့်အစဉ်အလာတစ်ခုကို ချမှတ်ခဲ့ပေသည်။ ယေဟောဝါအားချစ်သောမေတ္တာက ကိုယ်တော်ပိုင်သင့်ပိုင်ထိုက်ရာဖြစ်သည့် ဆည်းကပ်ဝတ်ပြုမှုကို ကိုယ်တော်အားပေးအပ်ရန် သင့်အားလှုံ့ဆော်မည်လော။ တစ်ကြိမ်တည်းတွင်၊ သင့်ခင်ပွန်းအပေါ် သင်ထားရှိသည့် မေတ္တာနှင့်ရိုသေလေးစားမှုက သူလက်ခံနိုင်သောနည်းဖြင့် ထိုသို့ပြုရန် ကြိုးစားစေမည်လော။—မဿဲ ၄:၁၀; ၁ ယောဟန် ၅:၃။
၇။ ခရစ်ယာန်ဇနီးတစ်ဦးသည် အဘယ်ခိုင်မာသောစိတ်ပိုင်းဖြတ်ချက် ရှိရမည်နည်း။
၇ ထိုသို့ပြုရန် အစဉ်သဖြင့် လွယ်ကူမည်မဟုတ်ကြောင်း ယေရှုက မှတ်ချက်ပြုတော်မူခဲ့သည်။ စစ်မှန်သောကိုးကွယ်မှု အတိုက်အခံပြုခြင်းခံရသည့်အတွက် အချို့သောမိသားစုများမှ ယုံကြည်သူတို့သည် ယင်းတို့နှင့် ကျန်မိသားစုဝင်များအကြား ဓားရှည်တစ်ချောင်းရောက်ရှိလာသည့်အလား ဝိုင်းပယ်ဖြတ်တောက်ခံရသကဲ့သို့ ခံစားရကြမည်ဖြစ်ကြောင်း ကိုယ်တော်ကသတိပေးတော်မူခဲ့သည်။ (မဿဲ ၁၀:၃၄-၃၆) ဂျပန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ထိုအတိုင်းပင်ခံစားခဲ့ရသည်။ သူ့ခမျာ ခင်ပွန်းဖြစ်သူ၏အတိုက်အခံပြုမှုကို ၁၁ နှစ်တိုင်တိုင်ခံခဲ့ရသည်။ သူ့ကို ခက်ထန်စွာပြုမူဆက်ဆံကာ မကြာခဏ အိမ်ထဲဝင်ခွင့်မပြုဘဲ တံခါးကိုသော့ခတ်ထားတတ်သည်။ သို့သော်၊ သူဇွဲရှိရှိဖြင့် ရပ်တည်လာခဲ့သည်။ ခရစ်ယာန်အသင်းတော်မှ အဆွေခင်ပွန်းများကလည်း သူ့ကိုကူညီကြသည်။ သူသည် အဆက်မပြတ်ဆုတောင်းကာ ၁ ပေတရု ၂:၂၀ မှ ခွန်အားများစွာရယူခဲ့သည်။ မိမိခိုင်မာစွာ ဆက်လက်ရပ်တည်မြဲရပ်တည်ပါက မိမိ၏ခင်ပွန်းသည် မိမိနှင့်အတူ ယေဟောဝါအားဝတ်ပြုရေး၌ တစ်နေ့နေ့တွင် ပါဝင်ပူးပေါင်းလာလိမ့်မည်ဟု ဤခရစ်ယာန်အမျိုးသမီးက ယုံကြည်စိတ်ချလျက်ရှိခဲ့သည်။ ထိုအတိုင်းလည်းဖြစ်လာခဲ့သည်။
၈၊ ၉။ ဇနီးတစ်ဦးသည် ခင်ပွန်းရှေ့၌ မလိုအပ်သောအတားအဆီးများ မချမိစေရန် မည်သို့ပြုမူသင့်သနည်း။
၈ သင့်အိမ်ထောင်ဖက်၏စိတ်သဘောအပေါ် ဩဇာသက်ရောက်စေမည့် သင်ပြုလုပ်နိုင်သည့် လက်တွေ့ကျသောအရာများစွာ ရှိပါသည်။ ဥပမာ၊ သင့်အိမ်ထောင်ဖက်က သင့်ဘာသာတရားကိုကန့်ကွက်ပါက အခြားနယ်ပယ်ကဏ္ဍများတွင် သူ့အတွက် မကျေမနပ်ဖြစ်စရာ ခိုင်လုံသောအကြောင်းတရားများ မရှိပါစေနှင့်။ အိမ်ကိုသန့်ပြန့်စွာထားရှိပါ။ သင့်ပုဂ္ဂလိကရုပ်သွင်ကို ဂရုစိုက်ပါ။ ချစ်ကြောင်း၊ လေးမြတ်ကြောင်းဖော်ပြရာ၌ ရက်ရောပါ။ ပြစ်တင်ဝေဖန်မည့်အစား ထောက်မအားပေးပါ။သူ့အား ဦးစီးသူအဖြစ် ရှုမြင်ကြောင်းပြသပါ။ ထိပါးခံရသည်ဟုခံစားမိလျှင်လည်း လက်တုံ့မပြန်ပါနှင့်။ (၁ ပေတရု ၂:၂၁၊ ၂၃) လူ့မစုံလင်မှုကို ထည့်သွင်းစဉ်းစားပါ။ အငြင်းပွားစရာပေါ်ပေါက်လာပါက စိတ်နှိမ့်ချစွာဖြင့် အလျင်ဦး၍တောင်းပန်သူဖြစ်ပါ။—ဧဖက် ၄:၂၆။
၉ သင်၏ အစည်းအဝေးတက်ရောက်ခြင်းသည် သူ့အတွက် ထမင်းစားနောက်ကျစရာအကြောင်း မဖြစ်ပါစေနှင့်။ ခရစ်ယာန်ဓမ္မအမှု၌ပါဝင်ခြင်းကိုလည်း သင်၏ခင်ပွန်း အိမ်တွင်မရှိသည့်အခါများတွင်ပြုလုပ်ရန် ရွေးချယ်နိုင်သည်။ ခင်ပွန်းဖြစ်သူ မကြိုက်သည့်အခါမျိုးတွင် သူ့အားဟောပြောခြင်းကိုရှောင်ကြဉ်ခြင်းသည် ခရစ်ယာန်ဇနီးတစ်ဦးအတွက် ပညာရှိရာရောက်သည်။ ထိုသို့ဟောပြောမည့်အစား တမန်တော်ပေတရု၏ဆုံးမစကားကို လိုက်နာသည်။ “မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သို့ပြု၍၊ နှုတ် [မြွက်] တရားကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍၊ [“နှုတ်ဖြင့်ပြောပြရန်မလိုဘဲ၊” ကဘ] မိမိမယား၏အကျင့်အားဖြင့်သွေးဆောင်လျက် အတူပါမည်အကြောင်းရှိ၏။” (၁ ပေတရု ၃:၁၊ ၂) ခရစ်ယာန်ဇနီးများသည် ဘုရားသခင့်ဝိညာဉ်တော်အသီးကို ပိုမိုပြည့်ဝစွာပေါ်လွင်စေရေးကို အားထုတ်ကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။
ဇနီးဖြစ်သူ ခရစ်ယာန်မဟုတ်လျှင်
၁၀။ ယုံကြည်သူခင်ပွန်းတစ်ဦးသည် ဘာသာကွဲဇနီးဖြစ်သူအား မည်သို့ပြုမူဆက်ဆံသင့်သနည်း။
၁၀ လင်ယောက်ျားက ခရစ်ယာန်ဘာသာကိုကျင့်သုံးသူဖြစ်ပြီး ဇနီးဖြစ်သူကမဟုတ်လျှင် မည်သို့နည်း။ ယင်းသို့သောအခြေအနေမျိုးအတွက် သမ္မာကျမ်းစာက လမ်းညွှန်ချက်ပေးထားပါသည်။ “တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည်မိမိခင်ပွန်းနှင့်နေခြင်းငှာ အလိုရှိလျှင်၊ မကွာစေနှင့်” ဟုဆိုသည်။ (၁ ကောရိန္သု ၇:၁၂) လင်ယောက်ျားတို့အား “ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟုလည်းဆုံးမထားသည်။—ကောလောသဲ ၃:၁၉။
၁၁။ ခင်ပွန်းတစ်ဦးအနေဖြင့် မိမိဇနီးသည် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူမဟုတ်လျှင် ပိုင်းခြားသိမြင်တတ်သောဉာဏ်ကို မည်သို့ပြသ၍ ဇနီးအပေါ် ဦးစီးမှုအခွင့်အာဏာကို လိမ္မာပါးနပ်စွာ မည်သို့ကျင့်သုံးနိုင်သနည်း။
၁၁ သင်၌ ယုံကြည်ခြင်းမတူသူဇနီးရှိပါက သူ့အားလေးစားမှုပြရန်နှင့် သူ၏ခံစားမှုများကို စာနာထောက်ထားတတ်ရန် အထူးဂရုစိုက်ပါလေ။ သင်သဘောမတူသည့်တိုင်အောင်၊ အရွယ်ရောက်လူကြီးတစ်ဦးအနေနှင့် သူ၏ဘာသာရေးခံယူချက်များကို အတိုင်းအတာတစ်ခုဖြင့် လွတ်လပ်စွာကျင့်သုံးပိုင်ခွင့် သူ၌ရှိပါသည်။ သင့်ယုံကြည်ချက်ကို ပထမအကြိမ်ပြောပြသောအခါ သူ့ဘက်မှ ကာလကြာမြင့်စွာ ကိုင်ဆွဲလာခဲ့သည့်ယုံကြည်ချက်ကို အသစ်သောအရာတစ်ခုခုအတွက် စွန့်လွှတ်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ သူနှင့်သူ့မိသားစုတို့ နှစ်ရှည်လများ အမြတ်တနိုးကျင့်သုံးလာခဲ့သည့် ဘာသာရေးဓလေ့ထုံးစံများသည်မှားကြောင်း တုံးတိတိပြောမည့်အစား ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ရန် သည်းခံစိတ်ရှည်စွာဖြင့်ကြိုးစားပါ။ အသင်းတော်လှုပ်ရှားမှုများတွင် ကြီးမားသောအချိန်ကို သင်မြှုပ်နှံအသုံးပြုခြင်းကြောင့် သူ့အားလျစ်လျူရှုထားသည်ဟု သူခံစားရခြင်းဖြစ်နိုင်သည်။ ယေဟောဝါ၏အမှုတော်ကိုဆောင်ရန် သင်၏ကြိုးပမ်းမှုကို သူအတိုက်အခံပြုကောင်းပြုမည်။ မည်သို့ပင်ဆိုစေ၊ သူ့ဘက်မှ သိစေလိုသည့်အဓိကအချက်မှာ “ကျွန်မအတွက် အချိန်ပိုပေးပါ” ဟူ၍ ရိုးရိုးကလေးဖြစ်နိုင်သည်။ သည်းခံစိတ်ရှည်ပါ။ သင်၏မေတ္တာပြည့်ဝသော စာနာထောက်ထားတတ်မှုဖြင့် အချိန်တန်လျှင် သူသည် စစ်မှန်သောကိုးကွယ်မှုကို လက်ခံယုံကြည်လာနိုင်ဖွယ်ရှိသည်။—ကောလောသဲ ၃:၁၂-၁၄; ၁ ပေတရု ၃:၈၊ ၉။
ကလေးများကို သွန်သင်လေ့ကျင့်ခြင်း
၁၂။ လင်နှင့်မယားတို့သည် ယုံကြည်ခြင်းမတူစေကာမူ သားသမီးများကို လေ့ကျင့်သွန်သင်ရာ၌ ကျမ်းစာအခြေခံမူများကို မည်သို့လိုက်နာကျင့်သုံးသင့်သနည်း။
၁၂ ကိုးကွယ်မှုတွင် စည်းလုံးခြင်းမရှိသောအိမ်ထောင်၌ ကလေးများကို ဘာသာတရားအရ သွန်သင်လေ့ကျင့်ပေးခြင်းသည် မကြာခဏ ပြဿနာတစ်ရပ်ဖြစ်တတ်သည်။ ကျမ်းစာအခြေခံမူများကို မည်သို့အသုံးချသင့်သနည်း။ သားသမီးများကို သွန်သင်လေ့ကျင့်ပေးရေးအတွက် သမ္မာကျမ်းစာက ဖခင်ဖြစ်သူအား အဓိက တာဝန်ပေးထားသည်။ သို့သော်၊ မိခင်၌လည်း ပါဝင်စရာ အရေးကြီးသောအခန်းကဏ္ဍရှိသည်။ (သု. ၁:၈; ကမ္ဘာဦး ၁၈:၁၉; တရားဟောရာ ၁၁:၁၈၊ ၁၉ တို့နှင့်နှိုင်းယှဉ်။) ဖခင်တစ်ဦးသည် ခရစ်တော်၏ဦးစီးမှုကို လက်မခံလျှင်ပင် အိမ်ထောင်ဦးစီး ဆက်လက်ဖြစ်နေသည်သာဖြစ်သည်။
၁၃၊ ၁၄။ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား သားသမီးများကို ခရစ်ယာန်အစည်းအဝေးများသို့ခေါ်သွားခြင်း၊ သို့မဟုတ် သူတို့ကိုကျမ်းစာသင်ပေးခြင်း မပြုရန်တားမြစ်လျှင် သူမည်သို့ပြုနိုင်သနည်း။
၁၃ အချို့မယုံကြည်သောဖခင်များသည် ကလေးတို့၏မိခင်က ကလေးများအား ဘာသာရေးဘက် သွန်သင်လေ့ကျင့်ပေးသည်ကို မကန့်ကွက်ကြပါ။ အချို့ကမူ ကန့်ကွက်တတ်ကြသည်။ သင့်ခင်ပွန်းက သင့်အား ကလေးများကို အသင်းတော်အစည်းအဝေးများသို့ ခေါ်သွားခွင့်မပြုလျှင်၊ သို့မဟုတ် အိမ်၌ ကျမ်းစာသင်ပေးခြင်းကိုပင်တားမြစ်လျှင် မည်သို့နည်း။ တာဝန်ဝတ္တရား အတော်များများကို မျှမျှတတဖြစ်စေရန် ယခုလိုအပ်လာသည်။ ယေဟောဝါဘုရားသခင်အပေါ်၊ ဦးခေါင်းဖြစ်သူလင်ယောက်ျားနှင့် သင်ချစ်လှစွာသောသားသမီးများအပေါ်ပြုရမည့် တာဝန်ဝတ္တရားများပင်တည်း။ ယင်းတို့ကို သင်မည်သို့ညှိယူနိုင်သနည်း။
၁၄ ဤကိစ္စအတွက် သင်ဆုတောင်းရမည်မှာ သေချာသောအချက်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇; ၁ ယောဟန် ၅:၁၄) သို့သော်၊ အဆုံးတွင် အဘယ်နည်းလမ်းကိုလိုက်ရမည်ဟု ဆုံးဖြတ်ရမည့်သူမှာ သင်သာလျှင်ဖြစ်သည်။ သူ၏ဦးစီးမှုကို စိန်ခေါ်ခြင်းမဟုတ်ကြောင်း သေချာစေလျက် အကင်းပါးပါးဖြင့် သင်ဆက်လက်လုပ်ဆောင်သွားပါက သူ၏အတိုက်အခံပြုမှုသည် နောက်ဆုံးတွင် လျော့နည်းလာနိုင်၏။ ကလေးများကို အစည်းအဝေးသို့ခေါ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်အတူ ပုံမှန်ကျမ်းစာလေ့လာခြင်းကိုမပြုရန် တားမြစ်သည့်တိုင်အောင် သင်ဆက်လက်၍သင်ပေးနိုင်ပါသည်။ သင်၏နေ့စဉ်စကားပြောဆိုခြင်းနှင့် စံနမူနာကောင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲတွင် ယေဟောဝါအားချစ်ခြင်း၊ ကိုယ်တော့်နှုတ်မြွက်စကားတော်ကိုယုံကြည်ခြင်း၊ သူတို့၏ဖခင်အပါအဝင် မိဘတို့ကိုရိုသေခြင်း၊ အခြားသူများ၏အကျိုးကို မေတ္တာပါပါ ပူပန်ပေးတတ်ခြင်း၊ အသိစိတ်ဖြင့်ကြိုးစားလုပ်ကိုင်ခြင်းအကျင့်ကို ချစ်မြတ်နိုးခြင်းစသည်တို့ကို အတိုင်းအတာတစ်ခုအားဖြင့် သွတ်သွင်းပေးပါ။ အချိန်တန်လျှင် ဖခင်ဖြစ်သူသည် ရလဒ်ကောင်းများကို သတိပြုမိပြီး သင့်အားထုတ်မှု၏တန်ဖိုးကို လေးမြတ်လာနိုင်ပါသည်။—သု. ၂၃:၂၄။
၁၅။ သားသမီးတို့၏ပညာရေးနှင့်ပတ်သက်၍ ယုံကြည်သူဖခင်တစ်ဦး၌ အဘယ်တာဝန်ရှိသနည်း။
၁၅ သင်သည် ယုံကြည်သူလင်ယောက်ျားဖြစ်ပြီး သင့်ဇနီးသည် မယုံကြည်သူဖြစ်ပါက သားသမီးများအား “ယေဟောဝါ၏ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကွပ်ပဲ့ပြင်ခြင်းနှင့်အညီ” မွေးမြူပျိုးထောင်ရန် သင်တာဝန်ယူရမည်ဖြစ်သည်။ (ဧဖက် ၆:၄၊ ကဘ) တစ်ကြိမ်တည်းတွင် သင့်ဇနီးအား ကြင်နာစွာ၊ ချစ်မြတ်နိုးစွာ၊ အကျိုးသင့်အကြောင်းသင့်ရှိစွာ ဆက်ဆံသင့်သည်မှာ အထူးပြောစရာမလိုပေ။
သင့်မိဘတို့နှင့် ဘာသာအယူမတူသော်
၁၆၊ ၁၇။ သားသမီးတို့သည် မိဘတို့၏ယုံကြည်ခြင်းနှင့်ကွဲပြားသည့် ယုံကြည်ခြင်းကိုလက်ခံလျှင် အဘယ်ကျမ်းစာအခြေခံမူများကို သတိရသင့်သနည်း။
၁၆ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကပင် မိဘတို့နှင့်မတူသော ဘာသာရေးအမြင်များ စွဲကိုင်လာကြခြင်းသည် အထူးအဆန်းမဟုတ်တော့ပါ။ သင် ထိုအတိုင်းဖြစ်သလော။ ထိုအတိုင်းဖြစ်ပါက သင့်အတွက် သမ္မာကျမ်းစာ၌ အကြံဉာဏ်ရှိပါသည်။
၁၇ ဘုရားသခင့်နှုတ်မြွက်စကားတော်က “သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ ‘မိဘကိုရိုသေစွာပြုလော့’” ဟုဆိုထားသည်။ (ဧဖက် ၆:၁၊ ၂) ဤတွင် ရိုးသားစစ်မှန်သောရိုသေလေးစားမှု ပါဝင်၏။ သို့သော်၊ မိဘစကားကိုနားထောင်ခြင်းသည် အရေးကြီးသော်လည်း စစ်မှန်သောဘုရားသခင်အား မထောက်ထားဘဲမပြုသင့်ပါ။ ကလေးတစ်ဦးသည် ဆုံးဖြတ်မှုများ စတင်ပြုလုပ်နိုင်သည့်အရွယ် ရောက်လာသည့်အခါ မိမိ၏အပြုအမူများအတွက် ပို၍တာဝန်ရှိလာသည်။ ဤအချက်သည် လောကီတရားဥပဒေအရသာမဟုတ် အထူးသဖြင့် ဘုရားသခင်၏တရားတော်အရလည်း မှန်ကန်ပေသည်။ “ငါတို့တစ်ဦးစီသည် မိမိတို့ကိုယ်တိုင်အတွက် ဘုရားသခင်ထံ အစီရင်ခံကြမည်” ဟုသမ္မာကျမ်းစာကဆိုသည်။—ရောမ ၁၄:၁၂၊ ကဘ။
၁၈၊ ၁၉။ သားသမီးတို့အနေဖြင့် မိမိတို့၏ဘာသာသည် မိဘတို့၏ဘာသာနှင့်မတူပါက မိမိတို့၏ယုံကြည်ချက်ကို မိဘတို့ပိုမိုကောင်းစွာသိရှိနားလည်စေရန် မည်သို့ကူညီပေးနိုင်သနည်း။
၁၈ သင့်ယုံကြည်ချက်များက သင့်ဘဝတွင် အပြောင်းအလဲများပြုလုပ်ရန်အကြောင်း ဖြစ်ပေါ်စေပါက သင့်မိဘတို့၏ရှုမြင်ချက်ကို နားလည်ရန်ကြိုးစားပါ။ သမ္မာကျမ်းစာ၏သင်ကြားချက်များကို ဆည်းပူးလေ့လာကျင့်သုံးခြင်း၏ရလဒ်အနေဖြင့် သင်သည် ပို၍ရိုသေလေးစားတတ်သူ၊ ပို၍နာခံတတ်သူ၊ သူတို့ခိုင်းသမျှကို ပို၍ကြိုးပမ်းဆောင်ရွက်တတ်သူဖြစ်လာပါက သူတို့နှစ်သက်သဘောကျရန် အကြောင်းများသည်။ သို့သော်၊ သင့်ယုံကြည်ခြင်းအသစ်က သင့်အား သူတို့ကိုယ်တိုင်ကိုယ်ကျ အမြတ်တနိုးကျင့်သုံးသည့် ယုံကြည်ချက်နှင့်ဓလေ့ထုံးစံများကို ငြင်းပယ်စေပါက သင့်အား သူတို့ပေးလိုသည့်အမွေအနှစ်ကို ခြေဖြင့်ကန်သည်ဟု သူတို့သဘောထားကောင်းထားကြမည်ဖြစ်သည်။ သင်ပြုလုပ်နေသည့်အရာသည် အသိုင်းအဝိုင်းတွင် လူကြိုက်မများသည့်အရာဖြစ်ပါက၊ သို့မဟုတ် သင့်အား ရုပ်ပစ္စည်းကြွယ်ဝမှုကိုပေးနိုင်သည်ဟု သူတို့ယူဆသည့်အရာများကိုလိုက်စားခြင်းမှ သင့်အာရုံကိုသွေဖည်စေပါက သင့်ကောင်းစားရေးအတွက်လည်း သူတို့စိုးရိမ်ကြပေမည်။ မာနစိတ်သည်လည်း အတားအဆီးတစ်ခုဖြစ်နိုင်သည်။ စင်စစ်အားဖြင့် သင်မှန်သည်၊ သူတို့မှားသည်ဟု သင်ဆိုနေသည်ဟု သူတို့ထင်မှတ်ကောင်းထင်မှတ်ပေမည်။
၁၉ သို့ဖြစ်သောကြောင့်၊ ဒေသအသင်းတော်မှအကြီးအကဲ သို့မဟုတ် ပါရမီရင့်သောအခြားသက်သေခံအချို့နှင့် သင့်မိဘတို့တွေ့ဆုံရန် အမြန်ဆုံးအစီအစဉ်ပြုလုပ်ပါ။ အစည်းအဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာများကို ကိုယ်တိုင်နားထောင်ကြည့်ရန်၊ ယေဟောဝါသက်သေများသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရန် နိုင်ငံတော်ခန်းမသို့ တစ်ခါတစ်ခေါက်သွားရောက်ပါရန် သင့်မိဘတို့ကိုအားပေးပါ။ အတန်ကြာလျှင် သင့်မိဘတို့၏စိတ်သဘောထားသည် ပျော့ပျောင်းလာဖွယ်ရှိသည်။ မိဘတို့က အကျောက်အကန်ဆန့်ကျင်၍ ကျမ်းစာစာပေများကိုဖျက်ဆီးပြီး ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းကို တားမြစ်သည့်တိုင်အောင် အခြားနေရာများတွင် ကျမ်းစာစာပေဖတ်ရှုရန်၊ ခရစ်ယာန်ချင်းတို့နှင့်စကားပြောရန်၊ အခြားသူများအား အလွတ်သဘောသက်သေခံရန်နှင့် အကူအညီပေးရန် အများအားဖြင့် အခွင့်အလမ်းများရှိတတ်ပါသည်။ ယေဟောဝါထံလည်း ဆုတောင်းနိုင်ပါသည်။ လူငယ်လူရွယ်အချို့တို့သည် လွတ်လပ်မှုပိုမိုရရှိရေးအတွက် အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်နိုင်သည့်အရွယ်ရောက်သည်အထိ စောင့်ဆိုင်းကြရသည်။ သို့ရာတွင် အိမ်တွင် မည်သည့်အခြေအနေပင်ရှိစေကာမူ “မိဘကိုရိုသေစွာပြု” ရန်မမေ့ပါနှင့်။ အိမ်ထောင်တွင် ငြိမ်သက်အေးချမ်းမှုရှိအောင် တတ်အားသ၍ကြိုးစားပါ။ (ရောမ ၁၂:၁၇၊ ၁၈) အရေးအကြီးဆုံးမှာ ဘုရားသခင်နှင့်ငြိမ်သက်ခြင်းရှိအောင် အားထုတ်ပါ။
မိထွေးပထွေးဖြစ်ရခြင်း၏ စိန်ခေါ်ချက်
၂၀။ မိဘတစ်ဦးဦးသည် မိထွေး သို့မဟုတ် ပထွေးဖြစ်နေပါက ကလေးတို့၌ မည်သို့သောခံစားချက်များ ရှိကောင်းရှိမည်နည်း။
၂၀ အိမ်ထောင်အမြောက်အမြားတွင် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်စေသော အခြေအနေမှာ ဘာသာရေးမဟုတ်ဘဲ သွေးရင်းသားရင်းမဟုတ်သည့် ပြဿနာသာဖြစ်သည်။ ယနေ့အိမ်ထောင်စုအများတွင် မိဘတစ်ဖက်ဘက်မှ သို့မဟုတ် နှစ်ဖက်စလုံးမှ ယခင်အိမ်ထောင်ဟောင်းမှ သားသမီးများပါဝင်ကြသည်။ ထိုသို့သောမိသားစုမျိုးတွင် ကလေးတို့သည် မနာလိုမှု၊ စိတ်မကျေနပ်မှု သို့မဟုတ် မိဘအပေါ်သစ္စာစောင့်သိမှုတွင် သဘောထားကွဲလွဲမှုများ တွေ့ကြုံတတ်ကြသည်။ အကျိုးရလဒ်အနေနှင့် သူတို့သည် ဖခင်ကောင်းမိခင်ကောင်းဖြစ်ရန် မိထွေးပထွေးဖြစ်သူ၏ စိတ်ရင်းစေတနာမှန်နှင့် ကြိုးပမ်းအားထုတ်မှုကိုပင် ပစ်ပစ်ခါခါပယ်ချတတ်ကြသည်။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတစ်ခု အောင်မြင်ရေးအတွက် အဘယ်အရာက အထောက်အကူပေးနိုင်သနည်း။
၂၁။ မိထွေးပထွေးဖြစ်သူတို့အနေဖြင့် တစ်မူထူးခြားသည့်အခြေအနေမျိုးရှိလင့်ကစား သမ္မာကျမ်းစာအခြေခံမူများမှ အဘယ်ကြောင့် အကူအညီရယူသင့်သနည်း။
၂၁ အခြေအနေတစ်မူထူးခြားစေကာမူ အခြားသောအိမ်ထောင်စုများကိုအောင်မြင်စေသည့် သမ္မာကျမ်းစာအခြေခံမူများသည် သွေးရင်းသားရင်းမဟုတ်သည့်မိသားစုနှင့်လည်း သက်ဆိုင်ပါသည်။ ထိုအခြေခံမူများကိုလျစ်လျူရှုခြင်းသည် ယာယီအခိုက်အတန့်အားဖြင့် ပြဿနာပြေလည်သယောင်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ဆင်းရဲကိန်းဆိုက်ရန် အကြောင်းများသည်။ (ဆာလံ ၁၂၇:၁; သု. ၂၉:၁၅) ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ်တို့ကို ပြုစုပျိုးထောင်ပါ။ ဉာဏ်ပညာက ရေရှည်အကျိုးမျှော်ကိုးလျက် ဘုရားရေးရာအခြေခံမူများကို ကျင့်သုံးရန်ကူညီပေးမည်ဖြစ်ပြီး ပိုင်းခြားသိမြင်သည့်ဉာဏ်က မိသားစုဝင်များ အကြောင်းအရာတစ်ခုခုကို အဘယ်ကြောင့်ပြောဆိုပြုမူသည်ကို သိမြင်နားလည်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ကိုယ်ချင်းစာတရားထားရန်လည်းလိုသည်။—သု. ၁၆:၂၁; ၂၄:၃; ၁ ပေတရု ၃:၈။
၂၂။ ကလေးတို့သည် မိထွေး သို့မဟုတ် ပထွေးတစ်ဦးကိုလက်ခံရန် အဘယ်ကြောင့် အခက်အခဲရှိသနည်း။
၂၂ သင်သည်မိထွေး သို့မဟုတ် ပထွေးတစ်ဦးဖြစ်လျှင် ထိုမိသားစု၏မိတ်ဆွေတစ်ဦးဖြစ်စဉ်က ကလေးများက သင့်ကို လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်ကို သတိရကောင်းရပေမည်။ သို့သော် သူတို့၏မိထွေး သို့မဟုတ် ပထွေးဖြစ်လာသည့်အခါ သူတို့စိတ်ထားပြောင်းလဲကောင်း ပြောင်းလဲသွားမည်။ ကလေးတို့သည် သူတို့နှင့်အတူမနေတော့သည့် မိဘရင်းကိုသတိရလျက် သစ္စာစောင့်သိခြင်းတွင် သဘောထားကွဲလွဲမှုနှင့် နပန်းလုံးနေရပေမည်။ မရှိတော့သည့်မိဘရင်းအပေါ် သူတို့ထားရှိသည့် ချစ်ခင်တွယ်တာမှုကို သင်ကလုယူရန်ကြိုးစားနေသည်ဟု သူတို့ယူဆကောင်းယူဆကြမည်။ တစ်ခါတစ်ရံ သူတို့က သင်သည် သူတို့၏ ဖခင်အရင်း၊ သို့မဟုတ် သူတို့၏ မိခင်အရင်းမဟုတ်ကြောင်း တဲ့တိုးပင် သတိပေးကောင်းပေးမည်။ ဤသို့သောစကားများသည် အသည်းနာစရာကောင်းသည်။ သို့သော်၊ “ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိနှင့်။” (ဒေ. ၇:၉၊ သမ) ကလေးတို့၏စိတ်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ်နှင့် ကိုယ်ချင်းစာတရားရှိရန်လိုအပ်သည်။
၂၃။ လင်ပါ သို့မဟုတ် မယားပါ သားသမီးများရှိသည့်မိသားစုတွင် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ပြုသင့်သနည်း။
၂၃ ဆုံးမပဲ့ပြင်မှုပြုရသည့်အခါ ထိုအရည်အချင်းများသည် အထူးပင်အရေးကြီး၏။ ရှေ့နောက်ညီညွတ်သောဆုံးမပဲ့ပြင်ခြင်းသည် အရေးကြီး၏။ (သု. ၆:၂၀; ၁၃:၁) ကလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် မတူကြသဖြင့် ဆုံးမပဲ့ပြင်ရာ၌ တစ်ယောက်ပုံစံတစ်မျိုးစီ လိုကောင်းလိုမည်။ အချို့မိထွေးပထွေးတို့အနေဖြင့် မိဘတာဝန်၏ဤအပိုင်းကဏ္ဍကို အနည်းဆုံးအစပိုင်းတွင် မိဘအရင်းဖြစ်သူက ထမ်းဆောင်လျှင်ပိုမိုသင့်တော်ကြောင်း တွေ့ရှိကြသည်။ သို့ရာတွင်၊ မိဘနှစ်ဦးစလုံးအနေဖြင့် ဆုံးမပဲ့ပြင်ခြင်းကို သဘောတူထောက်ခံရန် အလွန်အရေးကြီးသည်။ ကလေးအရင်းကို အရင်းမဟုတ်သည့်ကလေးထက် မျက်နှာသာပေးခြင်းမပြုရပေ။ (သု. ၂၄:၂၊ ၃) နာခံခြင်းသည် အရေးကြီးသော်လည်း ကလေးများသည် မစုံလင်သူများဖြစ်ကြောင်းကိုလည်း ထည့်တွက်ရန်လိုသည်။ လွန်လွန်ကျွံကျွံမပြုပါနှင့်။ မေတ္တာဖြင့်ဆုံးမပဲ့ပြင်ပေးပါ။—ကောလောသဲ ၃:၂၁။
၂၄။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုအတွင်း လိင်ခြားသူမိသားစုဝင် အချင်းချင်းစပ်ကြားတွင် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများကို လွဲဖယ်နိုင်ရန် အဘယ်အရာက အထောက်အကူပေးနိုင်သနည်း။
၂၄ မိသားစုဆွေးနွေးတိုင်ပင်ခြင်းသည် ဒုက္ခအခက်အခဲများကိုရှောင်လွဲရန်အတွက် များစွာအကျိုးပြုသည်။ ဘဝတွင် အရေးအကြီးဆုံးအရာများအပေါ် အာရုံစိုက်ရန် မိသားစုကို အထောက်အကူပေးနိုင်သည်။ (ဖိလိပ္ပိ ၁:၉-၁၁ နှိုင်းယှဉ်။) မိသားစုပန်းတိုင် လှမ်းကိုင်နိုင်ရေးအတွက် မိသားစုဝင်တစ်ဦးစီအနေနှင့် မည်သို့မည်ပုံ ပံ့ပိုးကူညီနိုင်ကြောင်းသိမြင်ရန်လည်း ထောက်ကူပေးနိုင်သည်။ ၎င်းပြင်၊ မိသားစု ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများကို လွဲဖယ်ပစ်နိုင်သည်။ မိန်းကလေးများအနေဖြင့် သူတို့၏ပထွေးနှင့် မအေတူဖအေကွဲညီအစ်ကိုများရှေ့တွင် မည်ကဲ့သို့ဝတ်စားဆင်ယင် ပြုမူကျင့်ကြံအပ်ကြောင်း သိရှိရန်လိုသကဲ့သို့ ယောက်ျားကလေးများအနေဖြင့်လည်း သူတို့၏မိထွေးနှင့် ဖအေတူမအေကွဲညီအစ်မများအပေါ် မည်သို့လျောက်ပတ်စွာပြုမူဆက်ဆံအပ်ကြောင်း အကြံဉာဏ်လိုအပ်သည်။—၁ သက်သာလောနိတ် ၄:၃-၈။
၂၅။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတွင် ငြိမ်သက်အေးချမ်းမှုရှိအောင် အဘယ်အရည်အချင်းများက အထောက်အကူပေးသနည်း။
၂၅ မိထွေးပထွေးဖြစ်ခြင်းနှင့်ဆိုင်သော အထူးစိန်ခေါ်ချက်ကို ရင်ဆိုင်ရာ၌ စိတ်ရှည်သည်းခံမှုရှိပါ။ ဆက်ဆံမှုအသစ်ထူထောင်ရန်အတွက် အချိန်ပေးရမည်။ သွေးရင်းသားရင်းမဟုတ်သည့်ကလေးများ၏ မေတ္တာနှင့်ရိုသေလေးစားမှုကိုရယူရေးသည် ဧရာမလုပ်ငန်းတာဝန်ကြီးတစ်ရပ်ဖြစ်နိုင်သည်။ သို့သော် မဖြစ်နိုင်သည့်အလုပ်မဟုတ်ပါ။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုသည့် ပြင်းပြသောဆန္ဒနှင့်အတူ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်သည့်ဉာဏ်ရှိသောနှလုံးသည် သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတွင် ငြိမ်သက်အေးချမ်းမှုရှိရေးအတွက် အဓိကသော့ချက်ပင်ဖြစ်သည်။ (သု. ၁၆:၂၀) ဤသို့သောအရည်အချင်းများသည် အခြားသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်လည်း သင့်အားအထောက်အကူပေးနိုင်သည်။
ဥစ္စာဓနလိုက်စားမှုက သင့်အိမ်ထောင်ကို ကွဲပြားစေသလော
၂၆။ ရုပ်ဝတ္ထုပစ္စည်းနှင့်ပတ်သက်သည့် ပြဿနာများနှင့် စိတ်သဘောထားတို့က မိသားစုကို အဘယ်နည်းများဖြင့် ကွဲပြားစေနိုင်သနည်း။
၂၆ ရုပ်ဝတ္ထုပစ္စည်းနှင့်ပတ်သက်သည့်ပြဿနာများနှင့် စိတ်သဘောထားတို့သည် မိသားစုများကို နည်းအမျိုးမျိုးဖြင့် ကွဲပြားစေတတ်သည်။ ဝမ်းနည်းစရာမှာ အချို့သောမိသားစုတို့သည် ငွေနှင့်ကြီးပွားချမ်းသာလိုသည့်ဆန္ဒ—ယုတ်စွအဆုံး အနည်းငယ်ပို၍ချမ်းသာလိုသည့်ဆန္ဒ—အတွက် အငြင်းပွားမှုကြောင့် ပြိုကွဲလျက်ရှိကြသည်။ လင်မယားနှစ်ဦးစလုံးအလုပ်လုပ်ပြီး “ငါ့ငွေ၊ မင်းငွေ” ဆိုသည့်သဘောထားမျိုး မွေးမြူလာကြပြီဆိုလျှင် စိတ်ဝမ်းကွဲပြားမှုဖြစ်လာတတ်သည်။ အငြင်းပွားမှုများကို ရှောင်ကြဉ်နိုင်သည်ပဲထား လင်မယားနှစ်ဦးစလုံး အလုပ်လုပ်ကြသည့်အခါ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အချိန်ပေးစရာအနည်းငယ်သာရှိတော့သည်ကို တွေ့ကောင်းတွေ့ရပေမည်။ ဖခင်ဖြစ်သူတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် ရှာဖွေနိုင်သည်ထက် ငွေပိုမိုရှာဖွေနိုင်ရန်အတွက် မိသားစုနှင့်ခွဲခွာ၍ ဝေးရပ်တွင်နှစ်ရှည်လများ ကြာမြင့်စွာနေထိုင်သည့်ဓလေ့သည် ယနေ့ကမ္ဘာတွင် ခေတ်ထနေသည့်ရေစီးကြောင်းတစ်ရပ်ဖြစ်သည်။ ယင်းအခြေအနေသည် အလွန်ကြီးလေးသည့်ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
၂၇။ ငွေရေးကြေးရေးအကျပ်အတည်း ရင်ဆိုင်နေရသည့်မိသားစုအား အဘယ်အခြေခံမူအချို့က အထောက်အကူပေးနိုင်သနည်း။
၂၇ ခြားနားသောမိသားစုတို့သည် ခြားနားသောဖိစီးမှုများနှင့် လိုအပ်ချက်တို့ကို ကိုင်တွယ်ဖြေရှင်းနေကြရသဖြင့် ယင်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းရန်မဖြစ်နိုင်ပေ။ သို့တိုင်အောင်၊ သမ္မာကျမ်းစာဆုံးမစကားက အထောက်အကူပေးနိုင်ပါသည်။ နယပုံပြင် ၁၃:၁၀ (ကဘ) ၌ “အတူတကွ တိုင်ပင်ခြင်း” အားဖြင့် မလိုလားအပ်သည့် ရုန်းကန်လှုပ်ရှားမှုကို တစ်ခါတစ်ရံ ရှောင်ရှားနိုင်ကြောင်း ဖော်ပြထားသည်။ တိုင်ပင်ခြင်းဆိုရာ၌ ကိစ္စတစ်ခုနှင့်ပတ်သက်၍ မိမိ၏ကိုယ်ပိုင်အမြင်သဘောထားကို တင်ပြရုံမျှမက အကြံဉာဏ်တောင်းခံခြင်း၊ တစ်ဖက်သား၏ အမြင်သဘောထားကိုရယူခြင်းတို့ အကျုံးဝင်သည်။ ၎င်းအပြင်၊ လက်တွေ့ကျသော ခန့်မှန်းခြေရသုံးငွေစာရင်း ရေးဆွဲခြင်းအားဖြင့် မိသားစုကြိုးပမ်းအားထုတ်မှုများကို ပို၍အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ တစ်ခါတစ်ရံ အပိုကုန်ကျစရိတ်များကိုကာမိစေရန်၊ အထူးသဖြင့် သားသမီးများ သို့မဟုတ် အခြားမှီခိုသူများရှိသည့်အခါမျိုး၌ အခိုက်အတန့်အားဖြင့်ဖြစ်ဖြစ် လင်မယားနှစ်ယောက်စလုံး အပြင်ထွက်၍အလုပ်လုပ်ရန် လိုအပ်လာတတ်သည်။ အခြေအနေဤသို့ဖြစ်လာပါက ခင်ပွန်းဖြစ်သူအနေဖြင့် မိမိဇနီးနှင့်အဖော်ပြုရန် အချိန်ရှိပါသေးကြောင်း သူ့အားစိတ်ချယုံကြည်အောင် ပြောပြပါ။ ခင်ပွန်းဖြစ်သူနှင့် သားသမီးများကလည်း သာမန်အားဖြင့် သူတစ်ဦးတည်းလုပ်ကိုင်ရသည့် အလုပ်အချို့ကို မေတ္တာဖြင့်ကူညီပေးနိုင်ကြသည်။—ဖိလိပ္ပိ ၂:၁-၄။
၂၈။ အဘယ်သတိပေးချက်များကိုလိုက်နာလျှင် မိသားစုတစ်ခုကို စည်းလုံးညီညွတ်မှုရှိအောင် ထောက်ကူပေးနိုင်သနည်း။
၂၈ သို့ရာတွင်၊ ဤအစီအစဉ်စနစ်အတွင်း ငွေသည် လိုအပ်သောအရာဖြစ်သော်လည်း ပျော်ရွှင်မှုကိုကား မပေးစွမ်းနိုင်ကြောင်း စိတ်ထဲ၌စွဲမှတ်ထားပါလေ။ အသက်ပေးရန်ဆိုလျှင် ပို၍ဝေးပေသည်။ (ဒေ. ၇:၁၂) စင်စစ်အားဖြင့် ဥစ္စာဓနကို အလေးပေးလွန်းလျှင် ဝိညာဉ်ရေးနှင့်ကိုယ်ကျင့်တရား ပျက်စီးစေတတ်သည်။ (၁ တိမောသေ ၆:၉-၁၂) စားဝတ်နေရေးအတွက် လိုအပ်ချက်များကို ကြိုးပမ်းရှာဖွေရာ၌ ဘုရားသခင်၏ကောင်းချီးရရှိထားသည်ဟူသော အာမခံချက်နှင့်အတူ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးရှာလျှင် မည်မျှသာ၍ကောင်းမည်တကား! (မဿဲ ၆:၂၅-၃၃; ဟေဗြဲ ၁၃:၅) ဝိညာဉ်ရေးအကျိုးစီးပွားများကို ရှေ့တန်းတင်၍ ဘုရားသခင်နှင့် ဦးစွာငြိမ်သက်ခြင်းရအောင် အမီလိုက်မည်ဆိုလျှင် သင့်အိမ်ထောင်စုသည် အချို့သောအခြေအနေများကြောင့် ကွဲပြားကောင်းကွဲပြားနေမည်ဖြစ်သော်လည်း အရေးအကြီးဆုံးသောကဏ္ဍများ၌ အမှန်ပင်စည်းလုံးသည့်မိသားစု ဖြစ်လာပေမည်။
-
-
မိသားစုအား ထိခိုက်ပျက်စီးစေနိုင်သောပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ပါသည်မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်နှစ်
မိသားစုအား ထိခိုက်ပျက်စီးစေနိုင်သောပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ပါသည်
၁။ အချို့သောမိသားစုများတွင် အဘယ်ဖုံးကွယ်ထားသောပြဿနာများ ရှိကြသနည်း။
ကဟောင်းကြီးကို ဆေးကြောသန့်စင်ကာ အရောင်တင်ဖယောင်းသုတ်ထားလိုက်သည်။ ဖြတ်သန်းသွားသူတို့၏အမြင်တွင် ယင်းသည် အရောင်တောက်ပြီး အသစ်တမျှဖြစ်နေသည်။ သို့သော် အပေါ်ယံလွှာအောက်တွင်ကား ယာဉ်၏ကိုယ်ထည်သည် သံချေးတက်လျက် တရွေ့ရွေ့ပျက်စီးနေသည်။ အချို့သောမိသားစုများသည်လည်း ထိုအတိုင်းဖြစ်နေကြသည်။ အပေါ်ယံတွင် အစစအရာရာ အဆင်ပြေလေဟန်တွေ့ရသော်လည်း အပြုံးမျက်နှာများက ကြောက်ရွံ့မှုနှင့်နာကြည်းမှုများကို ဖုံးကွယ်ထားသည်။ ပိတ်ထားသောတံခါးနောက်ကွယ်တွင် သံချေးကဲ့သို့တိုက်စားတတ်သော အဖျက်စွမ်းအားများက မိသားစု၏ဆိတ်ငြိမ်အေးချမ်းမှုကို တစ်စတစ်စတိုက်စားနေသည်။ ယင်းသို့ဖြစ်စေနိုင်သည့်ပြဿနာနှစ်ရပ်မှာ အရက်စွဲခြင်းနှင့်အကြမ်းဖက်ခြင်းပင်ဖြစ်သည်။
အရက်စွဲခြင်းကြောင့်ဖြစ်ပွားသည့်ထိခိုက်မှု
၂။ (က) ယစ်မျိုးဝင်ယမကာများကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၏ရှုမြင်ပုံကား မည်သို့နည်း။ (ခ) အရက်စွဲခြင်းဆိုသည်မှာ အဘယ်နည်း။
၂ သမ္မာကျမ်းစာသည် ယစ်မျိုးဝင်ယမကာများ အသင့်အတင့်သုံးစွဲခြင်းကို အပြစ်မတင်သော်လည်း မူးအောင်သောက်ခြင်းကိုမူ အမှန်ပင်ပြစ်တင်ရှုတ်ချသည်။ (သု. ၂၃:၂၀၊ ၂၁; ၁ ကောရိန္သု ၆:၉၊ ၁၀; ၁ တိမောသေ ၅:၂၃; တိတု ၂:၂၊ ၃) အရက်စွဲခြင်းသည် အရက်မူးခြင်းထက်ပို၍ဆိုးသည်။ ယင်းမှာ စိတ်သန္တာန်ကို အရက်ကသာ စွဲမြဲလွှမ်းမိုးပြီး သောက်သုံးရာတွင်လည်း အတောမသတ်နိုင်ခြင်းပင်ဖြစ်သည်။ အရက်စွဲသူများသည် လူကြီးများဖြစ်နိုင်သလို ဝမ်းနည်းဖွယ်ရာမှာ လူငယ်များလည်းဖြစ်တတ်ကြသည်။
၃၊ ၄။ အရက်စွဲခြင်းက အရက်စွဲသူ၏ဇနီးနှင့် သားသမီးများအားထိခိုက်ပုံကို ဖော်ပြပါ။
၃ အရက်ကိုတလွဲသုံးခြင်းသည် မိသားစုအေးချမ်းသာယာမှုကိုဖျက်ဆီးနိုင်ကြောင်း ရှေးပဝေသဏီကတည်းကပင် သမ္မာကျမ်းစာက ထောက်ပြခဲ့ပြီးဖြစ်သည်။(တရားဟောရာ ၂၁:၁၈-၂၁) အရက်စွဲခြင်း၏အဖျက်စွမ်းအားကို မိသားစုတစ်ခုလုံး ခံစားကြရသည်။ ဇနီးဖြစ်သူအနေဖြင့် လင်တော်မောင်အရက်အိုးအား မသောက်အောင်တားဆီးရန် သို့မဟုတ် ကြိုတင်ခန့်မှန်း၍မရသော သူ၏အပြုအမူကိုရင်ဆိုင်နိုင်နင်းရန် လုံးပန်းနေရခြင်းဖြင့် အချိန်ကုန်နိုင်သည်။a သူ့ခမျာ အရက်ကိုဝှက်ထားခြင်း၊ လွှင့်ပစ်ခြင်း၊ လင်သား၏ငွေများကိုယူ၍ဝှက်ထားခြင်း စသည်တို့အားဖြင့်ကြိုးစားရှာသည်။ မိသားစုကိုချစ်ရန်၊ အသက်ကိုချစ်ရန်၊ ဘုရားသခင်ကိုချစ်ရန် မျက်ရည်ခံထိုးသည်။ သို့သော် လင်တော်မောင်က အချိုးမပြောင်း။ သူ၏ကြိုးပမ်းမှုများ အကြိမ်ကြိမ် သဲထဲရေသွန်ဖြစ်သည်နှင့်အမျှ သူသည် မချင့်မရဲဖြစ်ကာ အားငယ်လာသည်။ ကြောက်ရွံ့ ခြင်း၊ ဒေါသထွက်ခြင်း၊ ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်း၊ စိတ်မခိုင်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်သိက္ခာကိုယ်လေးစားမှုကင်းမဲ့ခြင်းတို့ကို စတင်ခံစားလာနိုင်သည်။
၄ ကလေးများသည်လည်း မိဘတစ်ဦး၏အရက်စွဲမှုဒဏ်မှ ပြေးမလွတ်ကြပါ။ အချို့က ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းခံကြရသည်။ အချို့က လိင်ဘက်တွင် နှောင့်ယှက်ခံကြရသည်။ သူတို့သည် မိဘတစ်ဦး၏အရက်စွဲခြင်းအတွက် မိမိကိုယ်ကိုပင် အပြစ်တင်ကောင်းတင်ကြမည်။ အရက်စွဲသူ၏ ရှေ့နောက်မညီသောအပြုအမူက ကလေးတို့အား သူတစ်ပါးအပေါ် ယုံကြည်စိတ်ချနိုင်စွမ်းကို ကင်းမဲ့စေတတ်သည်။ အိမ်တွင်ဖြစ်ပျက်သောအရာများကို သက်သောင့်သက်သာပြောဆိုခြင်း မပြုနိုင်ကြသဖြင့် ကလေးများသည် မိမိတို့၏ခံစားချက်ကို နှိပ်ကွပ်တတ်လာနိုင်ကြပြီး ဤသည်က ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို မကြာခဏဖြစ်စေတတ်သည်။ (သု. ၁၇:၂၂) ယင်းသို့သောကလေးများသည် ဤမိမိကိုယ်ကိုယုံကြည်စိတ်ချမှုကင်းမဲ့ခြင်း သို့မဟုတ် ကိုယ့်ဂုဏ်သိက္ခာကိုလေးစားမှုကင်းမဲ့ခြင်းကို လူကြီးဘဝသို့တိုင် သယ်ဆောင်သွားကောင်း သယ်ဆောင်သွားနိုင်သည်။
မိသားစုအနေဖြင့် ဘာလုပ်နိုင်သနည်း
၅။ အရက်စွဲခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ ယင်းသည် အဘယ်ကြောင့်မလွယ်သနည်း။
၅ အရက်စွဲခြင်းကို ကုစား၍မရဟု ပညာရှင်များစွာတို့က ဆိုကြသော်လည်း လုံးဝရှောင်ကြဉ်ရေး အစီအစဉ်ဖြင့် တစ်စုံတစ်ခုသောအတိုင်းအတာအထိ ပြန်ကောင်းလာနိုင်ကြောင်း အများစုတို့က သဘောတူကြသည်။ (မဿဲ ၅:၂၉ နှိုင်းယှဉ်။) သို့သော်၊ အရက်စွဲသူသည် သူ၌ပြဿနာတစ်ရပ်ရှိနေသည်ဟူသောအချက်ကို အများအားဖြင့်လက်ခံလေ့မရှိသောကြောင့် အကူအညီကို သူလက်ခံလာအောင်ပြုရန်မှာ အပြောလွယ်သလောက် အလုပ်ရခက်သည်။ သို့ဖြစ်သည့်တိုင် သူ၏အရက်စွဲမှုကြောင့် မိသားစုထိခိုက်နေမှုကို မိသားစုဝင်များက အရေးယူဆောင်ရွက်လာကြသောအခါ အရက်စွဲသူသည် မိမိ၌ ပြဿနာတစ်ရပ်ရှိနေကြောင်း သဘောပေါက်လာနိုင်သည်။ အရက်စွဲသူများနှင့် ယင်းတို့၏မိသားစုတို့အား ကူညီခြင်း၌အတွေ့အကြုံရှိသူ သမားတော်တစ်ဦးက “အရေးအကြီးဆုံးကတော့ မိသားစုအနေနဲ့ မိမိတို့ရဲ့အသက်ရှင်နေထိုင်မှုလုပ်ငန်းကို အကျန်းခံ့ဆုံးနည်းနဲ့ ဆက်လက်ပြီးပြုနေဖို့ပဲလို့ ကျုပ်သဘောရတယ်။ သူနဲ့မိသားစုကြား ကွာခြားမှုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ အရက်စွဲသူအနေနဲ့ ပိုပြီးပိုပြီး ရင်ဆိုင်တွေ့မြင်လာမှာဖြစ်တယ်” ဟုဆိုသည်။
၆။ အရက်စွဲသူတစ်ဦးပါဝင်သည့် မိသားစုများအတွက် အကောင်းဆုံးအကြံဉာဏ်၏ ပင်ရင်းဇာစ်မြစ်ကား အဘယ်နည်း။
၆ သင့်မိသားစုအတွင်း၌ အရက်စွဲသူတစ်ဦးရှိပါက သမ္မာကျမ်းစာ၏ မှုတ်သွင်းခံဆုံးမစကားက အကျန်းခံ့ဆုံးသောနည်းဖြင့် အသက်ရှင်နေထိုင်နိုင်ရန် ထောက်ကူပေးနိုင်ပါသည်။ (ဟေရှာယ ၄၈:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) မိသားစုများစွာတို့အား အရက်စွဲမှုကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထောက်ကူခဲ့သည့်အခြေခံမူအချို့ကို ဆင်ခြင်သုံးသပ်ပါလေ။
၇။ မိသားစုဝင်တစ်ဦးအရက်စွဲပါက မည်သူ၌တာဝန်ရှိသနည်း။
၇ အမှားအားလုံးအတွက် တာဝန်ယူခြင်းကိုရပ်ပါ။ သမ္မာကျမ်းစာက “လူအသီးသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်” ဟူ၍လည်းကောင်း၊ “ငါတို့တစ်ဦးစီသည် မိမိတို့ကိုယ်တိုင်အတွက် ဘုရားသခင်ထံ အစီရင်ခံကြမည်” ဟူ၍လည်းကောင်းဆို၏။ (ဂလာတိ ၆:၅; ရောမ ၁၄:၁၂၊ ကဘ) မိသားစုဝင်များ၌ တာဝန်ရှိသည်ဟု အရက်စွဲသူအနေဖြင့် အပြစ်ဖို့ရန်ကြိုးစားကောင်းကြိုးစားနိုင်သည်။ ဥပမာအားဖြင့်၊ “ခင်ဗျားတို့သာ ကျုပ်ကိုကောင်းကောင်းဆက်ဆံပြုမူခဲ့ရင် ကျုပ်အရက်သောက်ဖြစ်မှာမဟုတ်ဘူး” ဟုဆိုပေမည်။ အခြားသူတို့က ထောက်ခံပုံပြကြပါက သူ့အားဆက်သောက်ရန် အားပေးရာရောက်မည်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်စေ၊ အခြားသူတို့ကြောင့်ဖြစ်စေ သားကောင်ဖြစ်ကြရလျှင်ပင် ကျွန်ုပ်တို့အားလုံး—အရက်စွဲသူများအပါအဝင်—မိမိတို့၏လုပ်ရပ်အတွက် တာဝန်ရှိကြသည်သာဖြစ်သည်။—ဖိလိပ္ပိ ၂:၁၂ နှိုင်းယှဉ်။
၈။ အရက်စွဲသူတစ်ဦး မိမိလုပ်ရပ်၏အကျိုးဆက်များကို ရင်ဆိုင်တွေ့မြင်လာအောင် ကူညီနိုင်သည့်နည်းအချို့ကား အဘယ်နည်း။
၈ အရက်စွဲသူအား သူ့သောက်စားမှု၏အကျိုးဆက်များမှ အစဉ်ကာကွယ်ပေးရမည်ဟု မယူဆပါနှင့်။ ဒေါသကြီးသူနှင့်ပတ်သက်သည့် သမ္မာကျမ်းစာစကားပုံတစ်ခုသည် အရက်စွဲသူအတွက်လည်း ထပ်တူထပ်မျှသုံး၍ရသည်။ “သူ့ကိုကယ်နုတ်လျှင် အဖန်ဖန်ကယ်နုတ်ရမည်” ဟူ၍ဖြစ်သည်။ (သု. ၁၉:၁၉) အရက်စွဲသူအား သူ့သောက်စားမှု၏အကျိုးဆက်များကို သိမြင်ခံစားပါစေ။ သောက်စားမူးယစ်ပြီး နောက်တစ်နေ့နံနက်တွင် ညစ်ပတ်ရှုပ်ပွနေသည်ကို သူကိုယ်တိုင်ရှင်းလင်းသုတ်သင်ပါစေ၊ သို့မဟုတ် သူ့အလုပ်ရှင်အား သူကိုယ်တိုင်ဖုန်းဆက်ရှင်းပြပါစေ။
၉၊ ၁၀။ အရက်စွဲသူများ၏မိသားစုတို့သည် အဘယ်ကြောင့် အကူအညီကိုလက်ခံရယူကြရမည်နည်း။ မည်သူတို့၏အကူအညီကို အထူးသဖြင့်ရယူသင့်သနည်း။
၉ သူတစ်ထူးထံမှ အကူအညီကိုလက်ခံပါ။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟူ၍နယပုံပြင် ၁၇:၁၇ ကဆိုသည်။ သင့်မိသားစုအတွင်း၌ အရက်စွဲသူတစ်ဦးရှိပါက ဒုက္ခရှိမည်ဖြစ်သည်။ သင် အကူအညီရဖို့လိုသည်။ အထောက်အမအတွက် ‘အဆွေခင်ပွန်း’ များကိုအားထားရန် ဝန်မလေးပါနှင့်။ (သု. ၁၈:၂၄) ပြဿနာကိုနားလည်သောသူ သို့မဟုတ် အလားတူအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးသူများနှင့် ဆွေးနွေးခြင်းအားဖြင့် ဆောင်ရန်နှင့်ရှောင်ရန် လက်တွေ့ကျသောအကြံပြုချက်များ သင်ရရှိနိုင်ပါသည်။ သို့သော် သတိနှင့်ချင့်ချင့်ချိန်ချိန်ပြုလုပ်ပါ။ သင်ယုံကြည်စိတ်ချနိုင်သူ၊ သင့် “လျှို့ဝှက်အပ်သောအရာ” ကိုနှုတ်လုံမည့်သူများနှင့်သာ ဆွေးနွေးပါလေ။—သု. ၁၁:၁၃။
၁၀ ခရစ်ယာန်အကြီးအကဲများအား ယုံကြည်ကိုးစားတတ်ရန်သင်ယူပါ။ ခရစ်ယာန်အသင်းတော်မှ အကြီးအကဲများသည် အကူအညီရယူရာ ပင်ရင်းဇာစ်မြစ်ကြီးဖြစ်နိုင်ကြပါသည်။ ဤရင့်ကျက်သောပုဂ္ဂိုလ်များသည် ဘုရားသခင့်နှုတ်မြွက်စကားတော်အားဖြင့် လေ့ကျင့်ခြင်းခံရသူများဖြစ်ကြပြီး ယင်း၏အခြေခံမူများကို လက်တွေ့အသုံးချရာတွင် အတွေ့အကြုံပြည့်ဝသူများဖြစ်ကြသည်။ သူတို့သည် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း” ဖြစ်ကြကြောင်း တွေ့မြင်နိုင်ပါသည်။ (ဟေရှာယ ၃၂:၂) ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်ကို အစုအဖွဲ့အနေနှင့်ခြုံငုံ၍ အဖျက်သြဇာမှ ကာကွယ်ပေးရုံမက အခက်အခဲကြုံတွေ့နေသူတို့ကိုလည်း တစ်ဦးချင်းစီစိတ်ဝင်စားကာ အားပေးနှစ်သိမ့်လန်းဆန်းစေကြပါသည်။ သူတို့၏အကူအညီမှ အကျိုးကျေးဇူးအပြည့်အဝရယူပါလေ။
၁၁၊ ၁၂။ အရက်စွဲသူများ၏မိသားစုအတွက် အကောင်းဆုံးအကူအညီကို မည်သူကထောက်ပံ့ပေးသနည်း။ ယင်းအထောက်အမကို မည်သို့ပေးသနည်း။
၁၁ အရေးအကြီးဆုံးအနေနှင့် ယေဟောဝါထံတော်မှ ခွန်အားရယူပါ။ သမ္မာကျမ်းစာက “ယေဟောဝါသည် နှလုံးကြေကွဲသောသူတို့၏အနီး၌ ရှိတော်မူ၏။ စိတ်အားကြေမွသောသူတို့ကို ကယ်တင်တော်မူ၏” ဟူ၍ နွေးထွေးစွာအာမခံထားသည်။ (ဆာလံ ၃၄:၁၈၊ ကဘ) သင်သည် အရက်စွဲမိသားစုဝင်တစ်ဦးနှင့် နေရခြင်း၏ဖိစီးမှုကြောင့် နှလုံးကြေကွဲ၍ စိတ်အားကြေမွနေပါက ယေဟောဝါသည် “အနီး၌ရှိတော်မူ” ကြောင်းသိနားလည်ပါလေ။ သင့်မိသားစုအခြေအနေ မည်မျှခက်ခဲကြောင်း ကိုယ်တော်နားလည်တော်မူ၏။—၁ ပေတရု ၅:၆၊ ၇။
၁၂ နှုတ်မြွက်စကားတော်၌ ယေဟောဝါမိန့်တော်မူရာများကိုယုံကြည်ခြင်းက သောကဗျာပါရများကိုရင်ဆိုင်နိုင်နင်းရန် သင့်အားထောက်ကူလိမ့်မည်။ (ဆာလံ ၁၃၀:၃၊ ၄; မဿဲ ၆:၂၅-၃၄; ၁ ယောဟန် ၃:၁၉၊ ၂၀) ဘုရားသခင့်နှုတ်မြွက်စကားကိုလေ့လာ၍ အခြေခံမူများနှင့်အညီနေထိုင်ခြင်းက သင့်အား ဘုရားသခင့် ဝိညာဉ်တော်၏မစမှုကို ခံထိုက်သူဖြစ်စေပါလိမ့်မည်။ တစ်ရက်ပြီးတစ်ရက် အောင်မြင်နိုင်ရန် ဝိညာဉ်တော်က သင့်အား “သာမန်ထက်ထူးကဲသောတန်ခိုး” ဖြင့် လက်နက်တပ်ဆင်ပေးပါလိမ့်မည်။—၂ ကောရိန္သု ၄:၇၊ ကဘ။b
၁၃။ မိသားစုများစွာတို့ကို ထိခိုက်ပျက်စီးစေသည့် ဒုတိယပြဿနာကား အဘယ်နည်း။
၁၃ အရက်ကိုတလွဲသောက်သုံးခြင်းက မိသားစုများစွာကိုဖျက်ဆီးသည့် အခြားပြဿနာတစ်ခုသို့ ပို့ဆောင်နိုင်သည်။ ယင်းမှာ အိမ်တွင်းအကြမ်းဖက်မှုပင်တည်း။
အိမ်တွင်းအကြမ်းဖက်မှုကဖြစ်စေသည့် ထိခိုက်မှု
၁၄။ အိမ်တွင်းအကြမ်းဖက်မှုသည် အဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့သနည်း။ ယနေ့ အဘယ်အခြေအနေတွင်ရှိသနည်း။
၁၄ လူ့သမိုင်းတွင် ပထမဆုံးသောအကြမ်းဖက်မှုမှာ ကာဣနနှင့်အာဗေလဆိုသော ညီအစ်ကိုနှစ်ဦးပါဝင်ပတ်သက်သည့် အိမ်တွင်းအကြမ်းဖက်မှုပင်ဖြစ်သည်။ (ကမ္ဘာဦး ၄:၈) ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် မျိုးပေါင်းစုံလင်သော အိမ်တွင်းအကြမ်းဖက်မှုများ၏ အဆက်မပြတ် ကပ်သင့်စေခြင်းကိုခံလာခဲ့သည်။ ယောက်ျားများက မိမိတို့၏ဇနီးများကိုရိုက်ကြသည်။ မိန်းမများက မိမိတို့၏ယောက်ျားများကို တိုက်ခိုက်ကြသည်။ မိဘတို့က မိမိတို့၏ငယ်ရွယ်သောကလေးများကို ရက်စက်စွာရိုက်နှက်ကြသည်။ အရွယ်ရောက်သောသားသမီးများက မိမိတို့၏မိအိုဖအိုများကို မတော်မတရားစွာပြုကြသည်။
၁၅။ အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစုဝင်တို့အား စိတ်ပိုင်းအရ မည်သို့ထိခိုက်သနည်း။
၁၅ အိမ်တွင်းအကြမ်းဖက်မှုကဖြစ်စေသည့် ထိခိုက်မှုသည် ကိုယ်ခန္ဓာပေါ်တွင်ကျန်ရစ်သည့် အမာရွတ်လောက်နှင့်မပြီးဆုံးပါ။ အရိုက်ခံရသောအမျိုးသမီးတစ်ဦးက “အပြစ်မကင်းတဲ့စိတ်၊ ရှက်စိတ်တွေနဲ့ အမြဲလုံးပန်းနေရတယ်။ မိုးလင်းလာရင် ဒါဟာ အိပ်မက်ဖြစ်ပါစေတော့ဆိုပြီး အိပ်ရာထဲမှာဆက်အိပ်ချင်တဲ့မနက်တွေက ပိုများတယ်” ဟုဆိုသည်။ အိမ်တွင်းအကြမ်းဖက်မှုကိုတွေ့မြင် သို့မဟုတ် တွေ့ကြုံခံစားရသောကလေးများသည် ကိုယ်တိုင်လူကြီးဖြစ်လာ၍ ကိုယ်ပိုင်မိသားစုများ ရှိလာကြသောအခါ အကြမ်းဖက်သူများဖြစ်လာရန် အလားအလာများသည်။
၁၆၊ ၁၇။ စိတ်ပိုင်းမတော်မတရားပြုခြင်းကား အဘယ်နည်း။ မိသားစုဝင်များကို မည်သို့ထိခိုက်သနည်း။
၁၆ အိမ်တွင်းအကြမ်းဖက်မှုဟုဆိုရာ၌ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းဖြင့်သာ ကန့်သတ်ထားသည်မဟုတ်။ မကြာခဏဖြစ်တတ်သည်မှာ နှုတ်ဖြင့်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏” ဟု နယပုံပြင် ၁၂:၁၈ ကဆိုသည်။ အိမ်တွင်းအကြမ်းဖက်မှု၏ သရုပ်သကန်ဖြစ်သည့်ဤ “သန်လျက်နှင့်ထိုး” ခြင်းတွင် ဆဲရေးခြင်း၊ အော်ငေါက်ခြင်းတို့ပါဝင်သကဲ့သို့ အဆက်မပြတ်အပြစ်ရှာခြင်း၊ သိက္ခာကျအောင်စော်ကားမော်ကားပြောခြင်း၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်ရန်ခြိမ်းခြောက်ခြင်း စသည်တို့လည်းပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏ ဒဏ်ရာဒဏ်ချက်များသည် မျက်စိဖြင့်မမြင်ရသဖြင့် အများက သတိမပြုမိဘဲရှိတတ်သည်။
၁၇ အထူးသဖြင့် ကလေး၏အစွမ်းအစ၊ အသိဉာဏ် သို့မဟုတ် လူတစ်ဦးအဖြစ်သူ၏တန်ဖိုးကို မနားမနေ ဝေဖန်ပြစ်တင်ချိုးနှိမ်ခြင်းတည်းဟူသော စိတ်ပိုင်းဆိုင်ရာရိုက်နှက်ခြင်းသည် ဝမ်းနည်းဖွယ်ကောင်းလှသည်။ ယင်းသို့နှုတ်ဖြင့် မတော်မတရားပြုခြင်းသည် ကလေး၏စိတ်ဓာတ်ကို ပျက်စီးစေနိုင်သည်။ ကလေးမှန်သမျှ ဆုံးမပဲ့ပြင်ခြင်းကိုလိုအပ်ကြသည်မှာ မှန်ပါသည်။ သို့သော် သမ္မာကျမ်းစာက ဖခင်များအား “ကိုယ့်သားသမီးတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ မရောက်စေခြင်းငှာ သူတို့ကို စိတ်မဆိုးစေကြနှင့်” ဟုသွန်သင်ထားသည်။—ကောလောသဲ ၃:၂၁၊ သမ္မာ။
အိမ်တွင်းအကြမ်းဖက်မှု မဖြစ်စေလိုသော်
၁၈။ အိမ်တွင်းအကြမ်းဖက်မှုသည် အဘယ်နေရာမှမြစ်ဖျားခံသနည်း။ ယင်းကိုတားဆီးရန် သမ္မာကျမ်းစာပြသသောနည်းကား အဘယ်နည်း။
၁၈ အိမ်တွင်းအကြမ်းဖက်မှုသည် နှလုံးနှင့်စိတ်တို့မှ စတင်မြစ်ဖျားခံသည်။ ကျွန်ုပ်တို့၏ပြုမူပုံသည် ကျွန်ုပ်တို့၏စဉ်းစားပုံမှစတင်သည်။ (ယာကုပ် ၁:၁၄၊ ၁၅) အကြမ်းဖက်မှုရပ်စဲရန်အတွက် မတရားပြုကျင့်သူအနေဖြင့် စဉ်းစားပုံကို ပြုပြင်ပြောင်းလဲဖို့လိုသည်။ (ရောမ ၁၂:၂) ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ပါသည်။ ဘုရားသခင်၏နှုတ်မြွက်စကားတော်၌ လူတို့ကိုပြောင်းလဲစေနိုင်သည့်တန်ခိုးရှိသည်။ “အခိုင်အမာအခြေစိုက်ထားသော” အဖျက်သဘောထားအမြင်များကိုပင် အမြစ်လှန်ပြောင်းလဲပစ်နိုင်သည်။ (၂ ကောရိန္သု ၁၀:၄၊ ကဘ; ဟေဗြဲ ၄:၁၂) လူတို့သည် ဥပဓိရုပ်သစ်ကို ဆောင်ယူဆင်မြန်းလာကြသည်ဟု ဆိုလောက်သည့်အထိ ကုံလုံပြည့်ဝသောပြုပြင်ပြောင်းလဲမှုကိုပြုရန် သမ္မာကျမ်းစာ၏ မှန်ကန်တိကျသောအသိပညာက အထောက်အကူပြုနိုင်ပါသည်။—ဧဖက် ၄:၂၁-၂၄; ကောလောသဲ ၃:၈-၁၀။
၁၉။ ခရစ်ယာန်တစ်ဦးသည် အိမ်ထောင်ဖက်ကို မည်သို့သဘောထားကာ ပြုမူဆက်ဆံသင့်သနည်း။
၁၉ အိမ်ထောင်ဖက်အပေါ် ထားရှိသည့်အမြင်။ “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဧဖက် ၅:၂၈) ယောက်ျားသည် မိမိဇနီးအား ‘အားနည်းသောတန်ဆာကဲ့သို့ ဂုဏ်တင်’ သင့်သည်ဟုလည်းဆိုထားသည်။ (၁ ပေတရု ၃:၇) ဇနီးသည်များဆိုလျှင် “ကိုယ့်ခင်ပွန်းကိုချစ်” ကာ “နက်ရှိုင်းသောရိုသေသမှု” ကိုပြုရန်ဆုံးမခံရကြသည်။ (တိတု ၂:၄; ဧဖက် ၅:၃၃၊ ကဘ) ဘုရားအားကြောက်ရွံ့သော မည်သည့်လင်ယောက်ျားကမျှ မိမိ၏ဇနီးကို ကိုယ်ထိလက်ရောက် သို့မဟုတ် နှုတ်ဖြင့်တိုက်ခိုက်ပါက သူ့အားအမှန်ဂုဏ်တင်နေခြင်းဖြစ်ပါသည်ဟု အမှန်အားဖြင့် ဆင်ခြေတက်နိုင်မည်မဟုတ်ပေ။ ထိုနည်းတူစွာ၊ ခင်ပွန်းသည်အားအော်ငေါက်တတ်သော၊ နာကြည်းအောင်ထေ့ငေါ့ပြောတတ်သော၊ သို့မဟုတ် တစ်ချိန်လုံးမြည်တွန်တောက်တီးတတ်သော အဘယ်ဇနီးသည်ကမျှ မိမိခင်ပွန်းသည်အား အမှန်ချစ်ပါသည်၊ ရိုသေပါသည်ဟုဆိုနိုင်မည်မဟုတ်။
၂၀။ သားသမီးများအတွက် မည်သူ၏ရှေ့၌ မိဘတို့တာဝန်ရှိကြသနည်း။ လက်တွေ့မကျသောမျှော်မှန်းချက်များကို သားသမီးများအပေါ် မိဘတို့ အဘယ်ကြောင့်မထားသင့်သနည်း။
၂၀ သားသမီးများအပေါ် မှန်ကန်သောအမြင်။ သားသမီးများသည် မိဘတို့ထံမှ မေတ္တာနှင့်ဂရုစိုက်စောင့်ရှောက်မှုကို ခံယူထိုက်သည်၊ ပို၍မှန်ကန်စွာဆိုရလျှင် လိုအပ်ကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကလေးများကို “ယေဟောဝါပေးသနားတော်မူသော အမွေအနှစ်” နှင့် “ဆုလာဘ်” ဟုခေါ်ဆိုထားသည်။ (ဆာလံ ၁၂၇:၃၊ ကဘ) ယင်းအမွေအနှစ်ကိုစောင့်ရှောက်ရန် ယေဟောဝါ၏ရှေ့တော်၌ မိဘတို့တာဝန်ရှိကြသည်။ သမ္မာကျမ်းစာက “ကလေးငယ်၏စရိုက်များ” နှင့်ကလေးဘဝ၏ “မိုက်မဲမှု” အကြောင်းဆိုထားသည်။ (၁ ကောရိန္သု ၁၃:၁၁၊ ကဘ; သု. ၂၂:၁၅) မိဘတို့အနေဖြင့် ကလေးများ၏မိုက်မဲမှုကြောင့် ထိတ်လန့်အံ့သြမသွားသင့်ပေ။ ကလေးသူငယ်များဆိုသည်မှာ အရွယ်ရောက်သောလူကြီးများမဟုတ်ကြပါ။ ကလေး၏အရွယ်၊ မိသားစုနောက်ခံနှင့် ကလေး၏အစွမ်းအစထက်ကျော်လွန်၍ မိဘတို့မတောင်းဆိုသင့်ပေ။—ကမ္ဘာဦး ၃၃:၁၂-၁၄ ကိုရှု။
၂၁။ သက်ကြီးရွယ်အိုမိဘများအပေါ် ဘုရားနည်းလမ်းကျသော ရှုမြင်ဆက်ဆံပုံကား အဘယ်နည်း။
၂၁ သက်ကြီးရွယ်အိုမိဘများအပေါ် ထားရှိသည့်အမြင်။ ဝတ်ပြုရာကျမ်း ၁၉:၃၂ က “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်” ဟုဆိုသည်။ ဤသို့ဖြင့် သက်ကြီးရွယ်အိုများအား အထူးရိုသေလေးစားခြင်းကို သမ္မာကျမ်းစာက မြေတောင်မြှောက်ပေးသည်။ အကယ်၍ သက်ကြီးရွယ်အိုမိဘတစ်ဦးသည် လွန်ကဲစွာတောင်းဆိုပါက သို့မဟုတ် ဖျားနာ၍ လှုပ်ရှားမှုနှင့်စဉ်းစားဆင်ခြင်မှု အလွန်နှေးကွေးနေပါက ဤအချက်သည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်၏။ သို့ဖြစ်သည့်တိုင်၊ သားသမီးများသည် “မိဘတို့အား ထိုက်သင့်သောကျေးဇူးဆပ်ခြင်းကို မပြတ်ပြုရန်” သတိပေးခံကြရသည်။ (၁ တိမောသေ ၅:၄၊ ကဘ) ဤတွင် ယင်းတို့အား ဂုဏ်သိက္ခာရှိစွာနှင့် ရိုသေစွာဆက်ဆံခြင်း၊ လိုအပ်ပါက ငွေကြေးထောက်ပံ့ခြင်းပင် ပါဝင်မည်ဖြစ်သည်။ သက်ကြီးရွယ်အိုမိဘတို့အား ကိုယ်ထိလက်ရောက်မြောက် သို့မဟုတ် အခြားနည်းဖြင့် မတော်မတရားဆက်ဆံပြုမူခြင်းသည် သမ္မာကျမ်းစာ၏အလိုနှင့် လုံးဝမညီညွတ်ပေ။
၂၂။ အိမ်တွင်းအကြမ်းဖက်မှုကိုအောင်မြင်နိုင်ရန် သော့ချက်ကျသောအရည်အသွေးကား အဘယ်နည်း။ ယင်းကို မည်သို့လက်တွေ့ကျင့်သုံးနိုင်သနည်း။
၂၂ မိမိကိုယ်ကိုထိန်းချုပ်ခြင်းကို ပျိုးထောင်ယူပါ။ နယပုံပြင်ကျမ်း ၂၉:၁၁ (ကဘ) က “လူမိုက်သည် မိမိဒေါသစိတ်ကို အကုန်အစင်ဖော်ထုတ်တတ်၏။ ပညာရှိသူမူကား နောက်ဆုံးအထိ ငြိမ်သက်စွာထားတတ်၏” ဟုဆိုသည်။ သင်၏စိတ်ကို သင်မည်သို့ထိန်းချုပ်နိုင်မည်နည်း။ ရင်ထဲ၌ စိတ်ပျက်အလိုမကျမှုကို တိုး၍ဖြစ်ပေါ်စေမည့်အစား ပေါ်ပေါက်လာသောပြဿနာများကို ချက်ချင်းဖြေရှင်းပါလေ။ (ဧဖက် ၄:၂၆၊ ၂၇) သင့်ကိုယ်ကို သင်မထိန်းချုပ်နိုင်တော့ကြောင်း သိမြင်လာပါက အခြားနေရာသို့ ရှောင်ထွက်သွားပါလေ။ သင့်အထဲတွင် ကိုယ့်ကိုယ်ကိုထိန်းချုပ်တတ်ခြင်းကို ဘုရားသခင့်ဝိညာဉ်တော် ပျိုးထောင်ပေးပါမည့်အကြောင်း ဆုတောင်းပါ။ (ဂလာတိ ၅:၂၂၊ ၂၃) လမ်းလျှောက်ထွက်ခြင်း၊ သို့မဟုတ် ကာယလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ခြင်းသည် စိတ်လှုပ်ရှားမှုကိုထိန်းသိမ်းရန် အထောက်အကူဖြစ်နိုင်သည်။ (သု. ၁၇:၁၄၊ ၂၇) “စိတ်ရှည်” သောသူဖြစ်ရန် ကြိုးစားအားထုတ်ပါလေ။—သု. ၁၄:၂၉။
ခွဲနေရန်လော၊ ဆက်ပေါင်းရန်လော
၂၃။ ခရစ်ယာန်အသင်းတော်၏ အသင်းသားတစ်ဦးသည် မိသားစုအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်း ပါဝင်ကောင်းပါဝင်မည့် ဒေါသအိုးပေါက်ကွဲမှုကိုနောင်တမရဘဲ အကြိမ်ကြိမ်ကျူးလွန်ပါက မည်သို့ခံရနိုင်သနည်း။
၂၃ သမ္မာကျမ်းစာသည် “ရန်ငြိုးဖွဲ့ခြင်း ရန်တွေ့ခြင်း၊ . . . အမျက်ထွက်ခြင်း” တို့ကို ဘုရားသခင်ရှုတ်ချပြစ်တင်တော်မူသော အကျင့်များထဲတွင်ထည့်သွင်းထားပြီး “ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ” ဟုဖော်ပြထားသည်။ (ဂလာတိ ၅:၁၉-၂၁) သို့ဖြစ်၍ မိမိကိုယ်ကို ခရစ်ယာန်ဖြစ်ပါသည်ဟုဆိုသော်လည်း မိမိ၏အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများအား ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်း ပါဝင်ကောင်းပါဝင်မည့် ဒေါသအိုးပေါက်ကွဲမှုကို နောင်တမရဘဲ အကြိမ်ကြိမ်ကျူးလွန်းသောသူမည်သူမဆို ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခြင်းကိုခံရနိုင်သည်။ (၂ ယောဟန် ၉၊ ၁၀ နှိုင်းယှဉ်။) ဤသို့သောအားဖြင့် အသင်းတော်ကို မတော်မတရားပြုတတ်သောသူများနှင့်ကင်းရှင်းအောင် ထိန်းသိမ်းရပေသည်။—၁ ကောရိန္သု ၅:၆၊ ၇; ဂလာတိ ၅:၉။
၂၄။ (က) အကြမ်းဖက်ခံရသော အိမ်ထောင်ဖက်များအနေဖြင့် မည်သို့ပြုရန် ရွေးချယ်နိုင်သနည်း။ (ခ) ပူပန်ပေးသောမိတ်ဆွေများနှင့် အကြီးအကဲများအနေဖြင့် အကြမ်းဖက်ခံရသောအိမ်ထောင်သည်အား မည်သို့ထောက်မနိုင်ကြသော်လည်း မည်သို့မပြုသင့်သနည်း။
၂၄ လောလောဆယ်တွင်၊ စိတ်ပြောင်းလဲမည့်ပုံမပြသော အိမ်ထောင်ဖက်၏ရိုက်နှက်ခြင်းကို ခံနေရသည့်ခရစ်ယာန်များကော မည်သို့နည်း။ အချို့က အကြောင်းကြောင်းကြောင့် အတူဆက်နေရန်ရွေးချယ်ကြသည်။ အချို့ကမူ မိမိတို့၏ကာယပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်—မိမိတို့၏အသက်အတွက်ပင်ဖြစ်နိုင်သည်—အန္တရာယ်ရှိသည်ဟုခံစားမိကာ ခွဲနေရန်ရွေးချယ်ကြသည်။ ဤသို့သောအခြေအနေအောက်တွင် အိမ်တွင်းအကြမ်းဖက်မှု၏သားကောင်တစ်ဦးအနေဖြင့် မည်သို့ပြုရန်ရွေးချယ်သည်မှာ ယေဟောဝါ၏ရှေ့တော်၌ပြုလုပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁) စိတ်ကောင်းစေတနာကောင်းရှိသောမိတ်ဆွေများ၊ ဆွေမျိုးများ၊ ခရစ်ယာန်အကြီးအကဲများကလည်း အကူအညီနှင့်အကြံပြုချက်များကို ကမ်းလှမ်းလိုကြပေမည်။ သို့သော် တစ်စုံတစ်ခုသောနည်းလမ်းကို ရွေးချယ်ရန်မူကား ဖိအားမပေးသင့်။ ယင်းမှာ ကာယကံရှင်၏ ကိုယ်ပိုင်ဆုံးဖြတ်စရာသာလျှင်ဖြစ်သည်။—ရောမ ၁၄:၄; ဂလာတိ ၆:၅။
ဖျက်ဆီးတတ်သောပြဿနာများ၏နိဂုံး
၂၅။ မိသားစုအတွက် ယေဟောဝါ၏ကြံရွယ်တော်မူရင်းကား အဘယ်နည်း။
၂၅ အာဒံနှင့်ဧဝတို့အား ထိမ်းမြားမင်္ဂလာဖြင့် ပေါင်းဖက်ပေးခဲ့စဉ်က ယေဟောဝါသည် မိသားစုကို အရက်စွဲခြင်းနှင့်အကြမ်းဖက်မှုစသော ဖျက်ဆီးတတ်သောပြဿနာများ၏ ဖျက်ဆီးတိုက်စားခြင်းကိုခံစေရန် ရည်ရွယ်တော်မမူခဲ့ပေ။ (ဧဖက် ၃:၁၄၊ ၁၅) မေတ္တာနှင့်ဆိတ်ငြိမ်အေးချမ်းမှုတို့၏ ရှင်သန်ပွင့်လန်းရာ၊ မိသားစုဝင်တစ်ဦးစီအနေဖြင့် သူ၏စိတ္တ၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဏလိုအပ်ချက်များ ဂရုစိုက်ပေးခြင်းခံရာနေရာဖြစ်စေရန် ရည်ရွယ်တော်မူခဲ့ခြင်းဖြစ်သည်။ သို့သော်၊ အပြစ်တရားဝင်ရောက်လာသည်နှင့် မိသားစုဘဝသည် လျင်မြန်စွာ ပျက်စီးယိုယွင်းလာခဲ့တော့သည်။—ဒေ. ၈:၉ နှိုင်းယှဉ်။
၂၆။ ယေဟောဝါ၏ တောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ရန် အားထုတ်သူများအတွက် မည်သို့သောအနာဂတ် စောင့်ကြိုနေသနည်း။
၂၆ ဝမ်းသာစရာမှာ ယေဟောဝါသည် မိသားစုဆိုင်ရာ မိမိ၏ရည်ရွယ်တော်မူရင်းကို စွန့်လွှတ်တော်မမူသေးခြင်းပင်ဖြစ်သည်။ “ကြောက်ရွံ့တုန်လှုပ်စေမည့်သူ တစ်ဦးမျှမရှိဘဲ လူတို့ဧကန်မုချလုံခြုံစွာနေထိုင်ကြ” မည့်ငြိမ်းချမ်းသာယာသောကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမည်ဟု ကိုယ်တော်ကတိထားတော်မူပေသည်။ (ယေဇကျေလ ၃၄:၂၈၊ ကဘ) ထိုအခါ၊ အရက်စွဲခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်းတို့နှင့် ယနေ့မိသားစုများကိုထိခိုက်ဖျက်ဆီးသည့် အခြားပြဿနာရှိရှိသမျှတို့သည် အတိတ်တွင်ကျန်ရစ်ကုန်ကြလိမ့်မည်။ လူတို့သည် ကြောက်ရွံ့မှုနှင့်နာကြည်းမှုကို ဖုံးကွယ်ရန်မဟုတ်ဘဲ “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ” သောကြောင့် အပြုံးပန်းများ ပန်ဆင်ကြလိမ့်မည်။—ဆာလံ ၃၇:၁၁။
a အရက်စွဲသူကို အမျိုးသားအဖြစ် ကျွန်ုပ်တို့ရည်ညွှန်းထားသော်လည်း ဤတွင်အကျုံးဝင်သော အခြေခံမူများသည် အမျိုးသမီးက အရက်စွဲသူဖြစ်သည့်အခါနှင့်လည်း ထပ်တူထပ်မျှသက်ဆိုင်သည်။
b အချို့သောနိုင်ငံများတွင် အရက်စွဲသူများနှင့် ယင်းတို့၏မိသားစုတို့အား အထူးကူညီပေးသည့်ဆေးခန်း၊ ဆေးရုံနှင့် နာလန်ထူရေးအစီအစဉ်များရှိသည်။ ယင်းသို့သောဌာနများ၏အကူအညီကို ရှာကြံရန် မရှာကြံရန်မှာ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်။ ကင်းမျှော်စင်အသင်းအနေဖြင့် မည်သည့်ကုသနည်းတစ်ရပ်ရပ်ကိုမျှ ထောက်ခံပေးခြင်းမပြုပါ။ သို့သော်၊ အကူအညီရှာကြံရာ၌ ကျမ်းစာအခြေခံမူများကို အလျှော့ပေးသည့်အဖြစ်မျိုး မဖြစ်ရန်ကား သတိပြုရမည်ဖြစ်သည်။
-
-
အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်သုံး
အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်
၁၊ ၂။ အိမ်ထောင်တစ်ခု ပျက်ပြားမည့်အခြေအနေ ဆိုက်ရောက်လာသောအခါ အဘယ်မေးခွန်းကို မေးသင့်သနည်း။
လူစီယာအမည်ရှိ အီတလီအမျိုးသမီးတစ်ဦးသည် ၁၉၈၈ ခုနှစ်က အလွန်စိတ်ညှိုးငယ်ခဲ့သည်။a အိမ်ထောင်သက်ဆယ်နှစ်ကြာပြီးနောက် သူ၏အိမ်ထောင်သည် ဇာတ်သိမ်းခန်းသို့ရောက်ရှိခဲ့သည်။ သူ့ ယောက်ျားနှင့် ပြန်လည်သင့်မြတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အသွင်မတူအိမ်သူမဖြစ်ဆိုသည့်အတိုင်း ခွဲ၍နေလိုက်သည်။ သို့နှင့် သမီးနှစ်ယောက်ကို မိမိတစ်ကိုယ်တည်းမွေးမြူရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကာလများကို ပြန်လည်မြင်ယောင်သတိရကာ လူစီယာက “ကျွန်မတို့ရဲ့အိမ်ထောင်ကို ဘာကမှ ကယ်တင်နိုင်မှာမဟုတ်ဘူးလို့ပဲ ကျွန်မတစ်ထစ်ချယုံကြည်ခဲ့တယ်” ဟုဆိုသည်။
၂ သင်သည် အိမ်ထောင်ရေးပြဿနာများနှင့် ကြုံနေရပါက လူစီယာခမျာ မည်သို့ခံစားရသည်ကို သင်နားလည်စာနာနိုင်ပေမည်။ သင့်အိမ်ထောင်ရေးသည် အကျပ်ရိုက်နေပြီး ပြန်လည်ကယ်တင်၍တောင် ရမှရပါ့မလားဟူ၍ပင် အတွေးပေါက်ကောင်းပေါက်ပေမည်။ ယင်းသို့ဖြစ်ပါက အိမ်ထောင်ရေးကိုအောင်မြင်စေရန်အလို့ငှာ သမ္မာကျမ်းစာတွင်ပေးထားသည့် အကြံပြုချက်ကောင်းအားလုံးတို့ကို ကျွန်ုပ်ကျင့်သုံးခဲ့ပြီလောဟူသောမေးခွန်းကို ဆင်ခြင်သုံးသပ်ခြင်းသည် အထောက်အကူရကြောင်း သင်တွေ့ရမည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။
၃။ ကွာရှင်းခြင်းခေတ်စားလာနေသော်လည်း ကွာရှင်းသူနှင့်ယင်းတို့၏မိသားစုအများက အဘယ်တုံ့ပြန်မှုသတင်းများ ထွက်နေသနည်း။
၃ လင်နှင့်မယားစပ်ကြား တင်းမာမှုမြင့်မားသောအခါ အိမ်ထောင်ကိုဖျက်သိမ်းလိုက်ခြင်းသည် အလွယ်ဆုံးသောလုပ်နည်းလုပ်ဟန် ဖြစ်ပုံပေါက်သည်။ သို့သော်၊ နိုင်ငံများစွာ၌ မိသားစုပြိုကွဲခြင်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိုးများလာနေမှုကို ကြုံတွေ့နေကြရသော်လည်း ကွာရှင်းထားသောအမျိုးသား အမျိုးသမီးများအနက် ရာခိုင်နှုန်းအများက ပြတ်စဲခြင်းအတွက်နောင်တရကြကြောင်း မကြာသေးမီကလေ့လာမှုများက ဖော်ပြပေသည်။ အများအပြားမှာ မကွာရှင်းဘဲနေသူများထက် ကာယနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပို၍ခံစားရကြသည်။ ကွာရှင်းသူတို့၏သားသမီးများသည် စိတ်ရှုပ်ထွေးမှုနှင့် စိတ်မချမ်းမြေ့မှုတို့ကို နှစ်ရှည်လများခံစားရလေ့ရှိကြသည်။ ပြိုကွဲသွားသောမိသားစု၏ မိဘများနှင့် အဆွေခင်ပွန်းများလည်း ထိခိုက်နစ်နာကြရသည်။ ဤအခြေအနေအပေါ် အိမ်ထောင်၏စတီထွင်ရှင် ဘုရားသခင်၏ရှုမြင်ပုံကော မည်သို့ရှိသနည်း။
၄။ အိမ်ထောင်ရေးပြဿနာများကို မည်သို့ဖြေရှင်းသင့်သနည်း။
၄ ပြီးခဲ့သောအခန်းများတွင် သတိပြုမိခဲ့ကြသည့်အတိုင်း ဘုရားသခင်သည် အိမ်ထောင်နှောင်တည်းမှုကို ရာသက်ပန်အတွက် ကြံရွယ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၄) သို့ဖြစ်လျှင် အိမ်ထောင်များစွာတို့ အဘယ်ကြောင့်ပြိုကွဲကြရသနည်း။ ညတွင်းချင်းတော့မဖြစ်နိုင်။ အများအားဖြင့် သတိပေးလက္ခဏာများ ပေါ်ပေါက်တတ်သည်။ ပြဿနာအသေးအမွှားများသည် ပို၍ပို၍ကြီးထွားလာပြီး ဖြေရှင်း၍မရတော့ဟုထင်ရသည့်အဆင့်သို့ ရောက်သွားတတ်သည်။ သို့သော် ယင်းပြဿနာများကို သမ္မာကျမ်းစာ၏အကူအညီဖြင့် ချက်ချင်းဖြေရှင်းပါက အိမ်ထောင်ပြိုကွဲမှုများစွာတို့ကို ရှောင်လွှဲနိုင်ပေသည်။
လက်တွေ့ကျပါ
၅။ မည်သည့်အိမ်ထောင်၌မဆို အဘယ်လက်တွေ့ကျသောအခြေအနေကို ရင်ဆိုင်သင့်သနည်း။
၅ တစ်ခါတစ်ရံတွင် ပြဿနာဖြစ်စေသည့် အခြေခံအကြောင်းတရားမှာ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံး၌ရှိသည့် လက်တွေ့မကျသောမျှော်မှန်းချက်များကြောင့် ဖြစ်တတ်သည်။ အချစ်ဝတ္ထုများ၊ အများကြိုက်မဂ္ဂဇင်းများ၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်ရှင်များက လက်တွေ့ဘဝနှင့်ကင်းကွာသော မျှော်လင့်ချက်နှင့်စိတ်ကူးအိပ်မက်များကို ဖန်တီးပေးတတ်၏။ ယင်းအိပ်မက်များ လက်တွေ့အကောင်အထည် ပေါ်မလာသောအခါ လူတစ်ဦးသည် မိမိအလှည့်စားခံရသည်ဟု မကျေမချမ်းနှင့် ရန်လိုစိတ်ပင်ဖြစ်ပေါ်နိုင်၏။ သို့သော်လည်း မစုံလင်သောလူနှစ်ဦး အိမ်ထောင်ရေးသုခကို မည်သို့ခံစားနိုင်မည်နည်း။ အောင်မြင်သောဆက်ဆံရေးကိုဆွတ်ခူးနိုင်ရန် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပါသည်။
၆။ (က) အိမ်ထောင်နှင့်ပတ်သက်၍ မည်သည့်ချိန်ခွန်လျှာညီမျှသောအမြင်ကို သမ္မာကျမ်းစာကပေးထားသနည်း။ (ခ) အိမ်ထောင်ရေးသဘောကွဲလွဲမှု၏ အကြောင်းရင်းအချို့ကားအဘယ်နည်း။
၆ သမ္မာကျမ်းစာသည် လက်တွေ့ကျသည်။ အိမ်ထောင်ရေးသုခကို အသိအမှတ်ပြုသလို အိမ်ထောင်ပြုသောသူများသည် “လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်” ဟုလည်း သတိပေးထားသည်။ (၁ ကောရိန္သု ၇:၂၈) ဆိုခဲ့သည့်အတိုင်း အိမ်ထောင်ဖက်နှစ်ဦးစလုံးတို့သည် မစုံလင်ကြဘဲ အပြစ်ဘက်သို့တိမ်းညွတ်သောသဘာဝ ရှိကြသည်။ သူတို့၏စိတ္တနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖွဲ့စည်းမှုနှင့် ခံယူလာခဲ့သည့်ပြုစုပျိုးထောင်မှုတို့သည် တစ်ဦးနှင့်တစ်ဦးမတူကြပေ။ လင်မယားများသည် ငွေရေးကြေးရေးကိစ္စ၊ သားရေးသမီးရေးကိစ္စ၊ ယောက်ဖယောက္ခမစသော ဆွေမျိုးရေးကိစ္စများ၌ တစ်ခါတစ်ရံ သဘောချင်းမတိုက်ဆိုင်တတ်ကြချေ။ အတူတကွလုပ်ကိုင်ရန် အချိန်မလုံလောက်ခြင်းနှင့် လိင်မှုဆိုင်ရာပြဿနာများသည်လည်း ပဋိပက္ခ၏အကြောင်းရင်းများဖြစ်တတ်သည်။b ယင်းသို့သောကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ယူဖို့လိုသည်။ စိတ်မပျက်ပါနှင့်။ ဇနီးမောင်နှံအများစုတို့သည် ယင်းသို့သောပြဿနာများကိုရင်ဆိုင်ကာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့်ဖြေရှင်းချက်များကို ရှာယူနိုင်ကြပါသည်။
ကွဲလွဲချက်များကို ဆွေးနွေးညှိနှိုင်းပါ
၇၊ ၈။ အိမ်ထောင်ဖက်အချင်းချင်းကြား နာကြည်းမှု သို့မဟုတ် အထင်အမြင်လွဲမှားမှုများရှိပါက ကျမ်းစာနည်းကျဖြေရှင်းနည်းကား အဘယ်နည်း။
၇ နာကြည်းချက်များ၊ အထင်လွဲမှုများ သို့မဟုတ် ပုဂ္ဂိုလ်ရေးချွတ်ယွင်းချက်များကို ဆွေးနွေးရာ၌ များစွာသောသူတို့သည် စိတ်ကိုတည်ငြိမ်စွာထားရှိရန် ခက်ခဲတတ်ကြသည်။ လင်သား သို့မဟုတ် ဇနီးသည်အနေဖြင့် “ကိုယ့်ကို [သို့မဟုတ် ခင့်ကို] အထင်လွဲနေပြီ” ဟုပွင့်ပွင့်လင်းလင်းပြောမည့်အစား စိတ်လှုပ်ရှားကာ ပြဿနာကိုပုံကြီးချဲ့ကောင်းချဲ့ပေမည်။ တော်တော်များများကဆိုလျှင် “နင့်ကိုနင်ပဲဂရုစိုက်တယ်”၊ “နင် ငါ့ကိုမချစ်ဘူး” စသည်ဖြင့် နင်ပဲငဆပြောကြပေမည်။ အငြင်းအခုံမလုပ်ချင်သဖြင့် ကျန်တစ်ဦးက မတုံ့ပြန်ဘဲနေကောင်းနေမည်။
၈ ပို၍ကောင်းသောနည်းလမ်းမှာ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသောကျမ်းစာဆုံးမစကားကို အလေးမူခြင်းဖြစ်သည်။ (ဧဖက် ၄:၂၆) ပျော်ရွှင်သောမောင်နှံတစ်စုံအား ယင်းတို့၏အနှစ် ၆၀ ပြည့် နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်ပွဲတွင် ယင်းတို့၏အိမ်ထောင်ရေးအောင်မြင်မှု၏ လျှို့ဝှက်ချက်နှင့်ပတ်သက်၍ မေးမြန်းသောအခါ အမျိုးသားဖြစ်သူက “အမြင်ကွဲလွဲချက်တွေကို မဖြေရှင်းဘဲ အိပ်ရာမဝင်ဖို့ ကျုပ်တို့သင်ထားကြတယ်။ ဘယ်လောက်သေးမွှားတဲ့ကိစ္စပဲဖြစ်ဖြစ်ပေါ့” ဟုဆိုပေသည်။
၉။ (က) ပြောဆိုဆက်သွယ်ရေး၏ အလွန်အရေးပါသောအစိတ်အပိုင်းအဖြစ် အဘယ်အရာကို ကျမ်းစာထဲတွင် သတ်မှတ်ဖော်ပြထားသနည်း။ (ခ) သတ္တိနှင့်စိတ်နှိမ့်ချမှု လိုအပ်သည့်တိုင်အောင် အိမ်ထောင်ဖက်များသည် မည်ကဲ့သို့ပြုရန်လိုအပ်သနည်း။
၉ လင်နှင့်မယား သဘောကွဲလွဲသောအခါ တစ်ဦးစီအနေဖြင့် “နားကြားခြင်းငှာလျင်မြန်” ကာ “စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေး” ရန်လိုအပ်သည်။ (ယာကုပ် ၁:၁၉) ဂရုတစိုက်နားထောင်ပြီးနောက် ဝန်ချတောင်းပန်ရန်လိုကြောင်း နှစ်ဦးစလုံးက သိမြင်လာကောင်းသိမြင်လာနိုင်ပါသည်။ (ယာကုပ် ၅:၁၆) သဘောရိုးဖြင့် “မောင့်ကို [သို့မဟုတ် ခင့်ကို] စိတ်ထိခိုက်အောင်လုပ်မိတာ စိတ်မကောင်းပါဘူး” ဟုပြောထွက်ရန် စိတ်နှိမ့်ချမှုနှင့်သတ္တိလိုသည်။ သို့သော်၊ ကွဲလွဲချက်များကို ဤနည်းဖြင့်ဖြေရှင်းခြင်းသည် ဇနီးမောင်နှံတို့အား သူတို့၏ပြဿနာများကို ကူညီဖြေရှင်းရာ၌သာမက တစ်ဦး၏အဖော်ပြုမှုကို တစ်ဦးပို၍သာယာကြည်နူးစေမည့် နွေးထွေးမှုနှင့်ရင်းနှီးမှုတို့ကို ဖြစ်ထွန်းစေရာ၌လည်း များစွာထိရောက်တာသွားပေသည်။
ဆက်ဆံခြင်းဝတ်ကို ပြုစေခြင်း
၁၀။ ကောရိန္သုခရစ်ယာန်များအား ပေါလုထောက်ခံအကြံပြုခဲ့သည့် အဘယ်ကာကွယ်မှုသည် ယနေ့ခရစ်ယာန်တစ်ဦးအတွက်လည်း အကျုံးဝင်နိုင်သနည်း။
၁၀ ကောရိန္သုမြို့သားများထံ တမန်တော်ပေါလုစာရေးခဲ့စဉ်က ‘မတရားသောမေထုန်မှီဝဲခြင်းအကျင့် ပျံ့နှံ့နေခြင်းကြောင့်’ အိမ်ထောင်ပြုခြင်းကို သူထောက်ခံခဲ့သည်။ (၁ ကောရိန္သု ၇:၂) ယနေ့ကမ္ဘာကြီးသည် ရှေးခေတ်ကောရိန္သုမြို့ကဲ့သို့၊ သို့မဟုတ် ယင်းထက်ပင်ဆိုးသွမ်းနေချေ၏။ လောကီသားများ လူရှေ့သူရှေ့ပြောဆိုကြသည့် အညှီအဟောက်စကားများ၊ အရှက်မဲ့သော ဝတ်စားဆင်ယင်ပုံများ၊ မဂ္ဂဇင်းနှင့်စာအုပ်များ၊ ရုပ်သံနှင့်ရုပ်ရှင်တို့တွင် အသားပေးထည့်သွင်းဖော်ပြကြသည့် ကာမဂုဏ်ရမ္မက်နှိုးဆွသော ဇာတ်လမ်းများစသည်တို့က မတော်လျော်သောကာမဆန္ဒများကို လှုံ့ဆော်ဖြစ်ပေါ်စေ၏။ ဤကဲ့သို့သော အလားတူပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ကြသည့် ကောရိန္သုမြို့သားတို့အား တမန်တော်ပေါလုက “ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်းပြုသော် သာ၍ကောင်း၏” ဟုရေးသားခဲ့သည်။—၁ ကောရိန္သု ၇:၉။
၁၁၊ ၁၂။ (က) လင်နှင့်မယား တစ်ဦးနှင့်တစ်ဦး အဘယ်အရာပေးရန်ရှိကြပြီး ယင်းကိုမည်သို့သောစိတ်သဘောထားဖြင့် ပေးသင့်သနည်း။ (ခ) ခင်ပွန်းဝတ်ကို ယာယီဆိုင်းငံ့ထားဖို့လိုအပ်လာပါက အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။
၁၁ ထို့ကြောင့် သမ္မာကျမ်းစာက အိမ်ထောင်ရှင်ခရစ်ယာန်များအား ပညတ်ထားသည်မှာ “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့” ဟူ၍ဖြစ်သည်။ (၁ ကောရိန္သု ၇:၃) အလေးအနက်ပြုထားသည်မှာ ပေးကမ်းခြင်းဖြစ်ကြောင်း၊ တောင်းဆိုခြင်းမဟုတ်ကြောင်း သတိပြုပါလေ။ အိမ်ထောင်ရေးတွင် ကိုယ်လက်နှီးနှောခြင်းဆိုသည်မှာ တစ်ဦး၏အကျိုးကို တစ်ဦးကဂရုစိုက်ပေးမှသာ ကျေနပ်မှုကိုအမှန်တကယ် ခံစားနိုင်ပေသည်။ ဥပမာအားဖြင့်၊ သမ္မာကျမ်းစာက လင်ယောက်ျားတို့အား မိမိတို့၏ဇနီးသည်တို့ကို “သတိပညာနှင့်လျော်စွာ” ပြုမူဆက်ဆံရန် ပညတ်ထားသည်။ (၁ ပေတရု ၃:၇) ဤအချက်သည် အထူးသဖြင့် ကိုယ်လက်နှီးနှောရာ၌ မှန်ကန်လှပေသည်။ ဇနီးသည်အား နူးညံ့ကြင်နာစွာမပြုမူပါက အိမ်ထောင်ရေး၏ဤကဏ္ဍတွင် သူ့ခမျာ ပျော်ရွှင်မှုခံစားရန် အခက်အခဲတွေ့နိုင်ပေသည်။
၁၂ အိမ်ထောင်ဖက်တို့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးဝတ် မပြုစေရသည့်အခါမျိုးလည်း ရှိနိုင်သည်။ ဤအချက်သည် ဇနီးသည်အတွက်ဆိုလျှင် လတစ်လ၏တစ်စုံတစ်ခုသောအချိန်အခါ သို့မဟုတ် သူလွန်စွာပင်ပန်းနွမ်းရိနေချိန်မျိုးတွင် မှန်ကန်ပေသည်။ (ဝတ်ပြုရာ ၁၈:၁၉ နှိုင်းယှဉ်။) လင်ယောက်ျားအတွက်ဆိုပါက အလုပ်တွင် အရေးကြီးသည့်ပြဿနာတစ်ရပ်ကို ကိုင်တွယ်ရသဖြင့် စိတ်အားကုန်ခန်းနေချိန်မျိုး၌ ဖြစ်နိုင်သည်။ ယင်းသို့ ခင်ပွန်းဝတ်ကို ယာယီဆိုင်းငံ့ထားခြင်းပြုရာ၌ အခြေအနေကိုနှစ်ဦးသား ပွင့်လင်းစွာဆွေးနွေးကာ “အပြန်အလှန်သဘောတူညီမှု” ဖြင့်ပြုပါက အကောင်းဆုံးဖြစ်သည်။ (၁ ကောရိန္သု ၇:၅၊ ကဘ) ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်တို့သည် အလျင်စလို လွဲမှားစွာကောက်ချက်ဆွဲခြင်းကို ရှောင်ကြဉ်နိုင်ကြမည်ဖြစ်သည်။ ဇနီးသည်အနေဖြင့် မိမိခင်ပွန်းအား ဆက်ဆံခြင်းဝတ်ကို တမင်သက်သက်ငြင်းပယ်ပါက သို့မဟုတ် လင်ယောက်ျားအနေဖြင့် မိမိ၏ဇနီးသည်အား ခင်ပွန်းဝတ်ကို ချစ်ခင်ယုယသောနည်းဖြင့် ပေးရမည်ကိုသိလျက်နှင့် ပျက်ကွက်ပါက မိမိ၏အိမ်ထောင်ဖက်အား အပြစ်သွေးဆောင်ခံစေရန် လမ်းဖွင့်ပေးရာရောက်မည်ဖြစ်သည်။ ဤသို့ဖြင့် အိမ်ထောင်ရေးတွင် ပြဿနာများ ပေါ်ပေါက်လာနိုင်ပေသည်။
၁၃။ ခရစ်ယာန်တစ်ဦးသည် စိတ်ကူးစိတ်သန်း သန့်ရှင်းမှုကိုထိန်းသိမ်းရန် မည်သို့လုပ်ဆောင်နိုင်သနည်း။
၁၃ ကျန်ခရစ်ယာန်အားလုံးနည်းတူ အိမ်ထောင်ရှိသော ယေဟောဝါ၏အစေခံတို့သည် ညစ်ညမ်း၍ဓမ္မတာနှင့်ဆန့်ကျင်သော ဆန္ဒများကိုဖြစ်ပေါ်စေသည့် အညှီအဟောက်စာပေကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ (ကောလောသဲ ၃:၅) အရွယ်မရွေး ဆန့်ကျင်ဘက်လိင်ရှင်များနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်း မိမိတို့၏စိတ်ကူးစိတ်သန်းနှင့် အပြုအမူများကို ထိန်းသိမ်းရမည်ဖြစ်သည်။ “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟု ယေရှုကသတိပေးတော်မူခဲ့သည်။ (မဿဲ ၅:၂၈) လိင်မှုဆိုင်ရာကျမ်းစာဆုံးမစကားများကို ကျင့်သုံးခြင်းအားဖြင့် မောင်နှံစုံတို့သည် အပြစ်သွေးဆောင်ခြင်းသို့ကျရောက်၍ သူ့အိမ်ရာပြစ်မှားမှုကျူးလွန်သည့်အဖြစ်မျိုးကို ရှောင်လွှဲနိုင်သင့်ပေသည်။ အိမ်ထောင်ရေးတွင် လိင်သည် ထိမ်းမြားမင်္ဂလာ၏စထွင်ရှင် ယေဟောဝါထံတော်မှ ကျန်းမာမှုသုခကိုပေးစွမ်းသည့် ဆုလက်ဆောင်တစ်ပါးအဖြစ် ပါဝင်သည်နှင့်အညီ သူတို့သည် အားရနှစ်ခြိုက်ဖွယ်ကောင်းသော ကိုယ်လက်နှီးနှောမှုစည်းစိမ်ကို ဆက်လက်မွေ့လျော်နိုင်ပါသည်။—သု. ၅:၁၅-၁၉။
ကွာရှင်းရန် ကျမ်းစာဆိုင်ရာ ခိုင်လုံသောအကြောင်းများ
၁၄။ မည်သို့သောဝမ်းနည်းဖွယ်အခြေအနေသည် တစ်ခါတစ်ရံ ပေါ်ပေါက်တတ်သနည်း။ အဘယ်ကြောင့်နည်း။
၁၄ ခရစ်ယာန်အိမ်ထောင်အများစုတို့တွင် ပေါ်ပေါက်လာသည့်ပြဿနာများကို ဖြေရှင်းနိုင်ကြသည်မှာ ဝမ်းသာစရာပင်။ သို့သော်၊ တစ်ခါတလေ ယင်းသို့မဖြစ်ချေ။ လူသားတို့သည် မစုံလင်ကြသည့်အပြင် စာတန်စိုးမိုးထားသည့် အပြစ်နှင့်ပြည့်ဝသောလောကကြီးတွင် နေထိုင်ကြရသဖြင့် အိမ်ထောင်အချို့တို့သည် ပြိုကွဲမှတ်သို့ အမှန်ပင်ရောက်နေကြသည်။ (၁ ယောဟန် ၅:၁၉) ယင်းသို့ခက်ခဲသောအခြေအနေများကို ခရစ်ယာန်များ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။
၁၅။ (က) အိမ်ထောင်သစ်ပြန်ထူနိုင်သည့် ကွာရှင်းမှုအတွက် ကျမ်းစာဆိုင်ရာ တစ်ခုတည်းသောအခြေခံကား အဘယ်နည်း။ (ခ) သစ္စာမဲ့သောအိမ်ထောင်ဖက်ကိုမကွာရှင်းရန် အဘယ်ကြောင့်အချို့က ဆုံးဖြတ်ကြသနည်း။
၁၅ ဤစာအုပ်အခန်း ၂ တွင်ဆိုခဲ့သည့်အတိုင်း မတရားသောမေထုန်မှုသည် ကွာရှင်း၍အိမ်ထောင်သစ်ပြန်ထူနိုင်ရန် ကျမ်းစာဆိုင်ရာ တစ်ခုတည်းသောခိုင်လုံသည့်အကြောင်းပင်ဖြစ်သည်။c (မဿဲ ၁၉:၉၊ သမ) သင့်အိမ်ထောင်ဖက်ဖောက်ပြားကြောင်း တိကျသောအထောက်အထား ရရှိထားပါက သင်သည် မလွယ်ကူသောဆုံးဖြတ်စရာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဆက်ပေါင်းမည်လော၊ ကွာရှင်းမည်လော။ ဥပဒေသတ်မှတ်ချက်မရှိပါ။ အချို့သောခရစ်ယာန်များက နောင်တစစ်နောင်တမှန်ရသော အိမ်ထောင်ဖက်အား ကွင်းလုံးကျွတ်ခွင့်လွှတ်ကြသည်။ သူတို့၏ ဆက်လက်တည်တံ့သောအိမ်ထောင်သည်လည်း တိုးတက်ကောင်းမွန်လာသည်။ အချို့ကမူ ကလေးများကိုငဲ့၍ ဆက်ပေါင်းရန်ဆုံးဖြတ်ကြသည်။
၁၆။ (က) အချို့သောသူတို့အား မိမိတို့၏ ပြစ်မှားသောအိမ်ထောင်ဖက်ကိုကွာရှင်းရန် လှုံ့ဆော်သည့်အကြောင်းတရားအချို့ကား အဘယ်နည်း။ (ခ) အပြစ်ကင်းသူအနေဖြင့် ကွာရှင်းရန် သို့မဟုတ် မကွာရှင်းရန်ဆုံးဖြတ်သည်ကို အဘယ်ကြောင့်မည်သူမျှ မဝေဖန်သင့်သနည်း။
၁၆ တစ်ဖက်တွင် ပြုခဲ့သည့်ပြစ်မှုကြောင့် ကိုယ်ဝန် သို့မဟုတ် လိင်ဆက်ဆံခြင်းဖြင့်ကူးစက်သည့်ရောဂါတစ်ခုခု အကျိုးဆက်ထင်ကောင်းထင်ပေမည်။ သို့မဟုတ် ကလေးများအား လိင်ဘက်မတော်မတရားပြုတတ်သည့် မိဘတစ်ဦး၏အန္တရာယ်မှ ကာကွယ်ရန်လိုကောင်းလိုပေမည်။ ဆုံးဖြတ်ချက်မချမီ စဉ်းစားစရာအများအပြားရှိသည်မှာ ရှင်းလှသည်။ မည်သို့ပင်ဖြစ်စေ၊ သင့်အိမ်ထောင်ဖက်၏ဖောက်ပြန်မှုကို သိရှိရပြီးနောက် သူနှင့်လိင်ဆက်ဆံခြင်းကို သင်ဆက်လက်ပြုလုပ်ပါက သူ့အားခွင့်လွှတ်ကာ ဆက်လက်ပေါင်းလိုသည့်သဘော သက်ရောက်မည်ဖြစ်သည်။ သို့ဖြင့် ကွာရှင်း၍အိမ်ထောင်ပြန်ထူရန် ကျမ်းစာဆိုင်ရာ ခိုင်လုံသောအကြောင်းလည်း ရှိတော့မည်မဟုတ်။ သင်၏ဆုံးဖြတ်ချက်ကို မည်သူမျှကြားဝင်စွက်ဖက်ကာ ဩဇာပေးရန်မကြိုးစားသင့်။ သင်ချမှတ်သောဆုံးဖြတ်ချက်ကိုလည်း မည်သူမျှမဝေဖန်သင့်။ သင့်ဆုံးဖြတ်ချက်၏အကျိုးဆက်များကို သင်ခံယူရမည်ဖြစ်သည်။ “လူအသီးသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။”—ဂလာတိ ၆:၅။
ခွဲနေရန် ခိုင်လုံသောအကြောင်း
၁၇။ မတရားသောမေထုန်မှုမပါဝင်ပါက ခွဲနေခြင်း သို့မဟုတ် ကွာရှင်းခြင်းနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့သောကန့်သတ်ချက်ကို ချမှတ်ထားသနည်း။
၁၇ မတရားသောမေထုန်မှုကို မကျူးလွန်မိသည့်တိုင်အောင် အိမ်ထောင်ဖက်တစ်ဦးနှင့်ခွဲ၍နေခြင်း သို့မဟုတ် ဖြစ်နိုင်လျှင် ကွာရှင်းခြင်းကို မှန်ကန်သည်ဟုဆိုနိုင်သည့်အခြေအနေများ ရှိပါသလော။ ရှိပါသည်။ သို့သော် ဤသို့သောကိစ္စမျိုးတွင် ခရစ်ယာန်တစ်ဦးသည် လက်ထပ်ရန်မျှော်မှန်းလျက် နောက်တစ်ဦးကိုပိုးပန်းရန်အခွင့်မရှိပါ။ (မဿဲ ၅:၃၂) သမ္မာကျမ်းစာက ထိုသို့ခွဲနေခြင်းကိုခွင့်ပြုသော်လည်း ခွဲနေသူသည် “အိမ်ထောင်မပြုဘဲဆက်၍နေစေ။ သို့တည်းမဟုတ် ခင်ပွန်းဟောင်းနှင့်ပြန်၍သင့်မြတ်စေ” ဟုစည်းကမ်းပြဋ္ဌာန်းထားပေသည်။ (၁ ကောရိန္သု ၇:၁၁၊ ကဘ) ခွဲနေခြင်းကို အမြော်အမြင်ရှိသောလုပ်ရပ်အဖြစ် ယူမှတ်ဖွယ်ဖြစ်စေသည့် လွန်ကဲဆိုးရွားသောအခြေအနေအချို့ကား မည်သို့သောအခြေအနေမျိုးနည်း။
၁၈၊ ၁၉။ အိမ်ထောင်သစ် ပြန်ထူနိုင်ခွင့်မရှိသည့်တိုင်အောင် တရားဝင်ခွဲနေရန် သို့မဟုတ် တရားဝင်ကွာရှင်းရန် အိမ်ထောင်ဖက်တစ်ဦးအား စဉ်းစားချင့်ချိန်လာစေသည့် အလွန်အမင်းဆိုးရွားသော အခြေအနေအချို့ကား အဘယ်နည်း။
၁၈ လင်ယောက်ျားဖြစ်သူ၏ အပျင်းထူလွန်းမှုနှင့် အကျင့်ဆိုးများကြောင့် မိသားစုခမျာ မရှိနွမ်းပါးဘဝ ရောက်ကောင်းရောက်ပေမည်။d သူသည် မိသားစုဝင်ငွေကို လောင်းကစားအတွက် သို့မဟုတ် စွဲနေသည့်မူးယစ်ဆေး သို့မဟုတ် အရက်အတွက် သုံးပစ်ကောင်းသုံးပစ်ပေမည်။ “မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ တိမောသေ ၅:၈) ယင်းကဲ့သို့သောသူသည် အချိုးမပြောင်းဘဲ သူ၏အကျင့်ဆိုးများကို ငွေကြေးထောက်ပံ့ရန် ဇနီးသည်၏ချွေးနှဲစာကိုပင် သုံးပစ်ကောင်းသုံးပစ်ပါက ဇနီးသည်အနေဖြင့် တရားဝင်ခွဲနေခွင့်ကိုရယူခြင်းအားဖြင့် မိမိနှင့်သားသမီးတို့၏ ဘဝဖူလုံရေးကိုကာကွယ်ရန် ရွေးချယ်နိုင်၏။
၁၉ အိမ်ထောင်ဖက်ဖြစ်သူအား ကျန်းမာရေး သို့မဟုတ် အသက်ကိုပင် အန္တရာယ်ပြုသည်အထိ အကြိမ်ကြိမ်ရိုက်နှက်ခြင်းမျိုး ဖြစ်ကောင်းဖြစ်မည့် လွန်မင်းစွာအကြမ်းဖက်မှုများတွင်လည်း ယင်းသို့ဥပဒေကြောင်းအရဆောင်ရွက်ရေးကို စဉ်းစားနိုင်သည်။ ထို့အပြင်၊ အိမ်ထောင်ဖက်တစ်ဦးက အိမ်ထောင်ဖက်တစ်ဦးအားဘုရားသခင်၏ပညတ်တော်များကို တစ်နည်းနည်းဖြင့်ချိုးဖောက်စေရန် အထူးသဖြင့် ဝိညာဉ်ရေးအသက်တာကို အန္တရာယ်ပြုသည်အထိ အဆက်မပြတ် အတင်းအဓမ္မပြုလျှင်လည်း ခြိမ်းခြောက်ခံရသည့်အိမ်ထောင်ဖက်သည် ခွဲနေရေးကိုစဉ်းစားနိုင်သည်။ အန္တရာယ်ပြုခံရသူအနေဖြင့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်” ရန်တစ်ခုတည်းသောနည်းမှာ တရားဝင်ခွဲနေခြင်းပင်ဖြစ်သည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။—တမန်တော် ၅:၂၉။
၂၀။ (က) မိသားစုပြိုကွဲသောကိစ္စတစ်ခုတွင် ရင့်ကျက်သောမိတ်ဆွေများနှင့် အကြီးအကဲများသည် အဘယ်အရာကိုကမ်းလှမ်းကြပြီး အဘယ်အရာကို မကမ်းလှမ်းသင့်ကြသနည်း။ (ခ) အိမ်ထောင်သည်များသည် ခွဲနေခြင်းနှင့် ကွာရှင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာ၏ရည်ညွှန်းချက်များကို ဘာအတွက် ဆင်ခြေဆင်လက်အဖြစ် အသုံးမချသင့်သနည်း။
၂၀ အိမ်ထောင်ဖက်အား မတော်မတရားပြုခြင်းကိစ္စမှန်သမျှတွင် ခွဲနေရန် သို့မဟုတ် အတူဆက်နေရန် အပြစ်ကင်းသူအား မည်သူကမျှ ဖိအားမပေးသင့်ပေ။ ရင့်ကျက်သောမိတ်ဆွေများနှင့် အကြီးအကဲများအနေဖြင့် ထောက်မမှုနှင့် ကျမ်းစာအခြေပြုအကြံဉာဏ်များကို ကမ်းလှမ်းနိုင်ကြသော်လည်း လင်နှင့်မယားကြား ဖြစ်စဉ်အသေးစိတ်ကို မသိနိုင်ကြပေ။ ယေဟောဝါကသာ သိနိုင်တော်မူ၏။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် အိမ်ထောင်မှလွတ်ကျွတ်ရန် ခိုင်လုံမှုမရှိသော ဆင်ခြေဆင်လက်များကိုအသုံးပြုပါက ဘုရားသခင်၏အိမ်ထောင်မှုအစီအစဉ်ကို လေးစားရာရောက်မည်မဟုတ်သည်မှာ ဆိုဖွယ်မရှိ။ သို့သော်၊ အလွန်အမင်းအန္တရာယ်ရှိသောအခြေအနေမျိုး ဆက်လက်တည်ရှိနေမည်ဆိုပါက ခွဲနေရန်သူရွေးချယ်လျှင် မည်သူကမျှမဝေဖန်သင့်ပေ။ အတိအကျဆိုရလျှင် ခွဲနေရန်ရှာကြံသည့် ခရစ်ယာန်လင်ယောက်ျားအတွက်လည်း ထိုနည်းအတိုင်းပင်။ “ငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။”—ရောမ ၁၄:၁၀၊ ကဘ။
ပြိုကွဲသောအိမ်ထောင်တစ်ခု ကယ်တင်ခံရပုံ
၂၁။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏အကြံပေးချက် လက်တွေ့ကျ၍ထိရောက်ပုံကို အဘယ်ကိုယ်တွေ့ဖြစ်ရပ်က ပြသသနည်း။
၂၁ စောစောကဆိုခဲ့သည့်လူစီယာသည် သူ့ခင်ပွန်းနှင့်ခွဲနေပြီးသုံးလအကြာတွင် ယေဟောဝါသက်သေများနှင့်တွေ့ပြီး ကျမ်းစာကိုစတင်သင်ကြားခဲ့သည်။ “အံ့သြကုန်နိုင်ဖွယ်ကတော့ ကျွန်မရဲ့ပြဿနာအတွက် လက်တွေ့ကျတဲ့ဖြေရှင်းနည်းတွေကို သမ္မာကျမ်းစာက ပေးထားလို့ပါပဲရှင်။ တစ်ပတ်သင်ပြီးရုံနဲ့ ကျွန်မယောက်ျားနဲ့ ချက်ချင်းပြန်လည်သင့်မြတ်ချင်စိတ်ဖြစ်လာတယ်။ အခု ကျွန်မပြောနိုင်တာကတော့ ယေဟောဝါဟာ အကျပ်အတည်းကြုံတွေ့နေတဲ့ အိမ်ထောင်တွေကို ဘယ်လိုကယ်တင်မလဲဆိုတာ သိတော်မူတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်သင်ကြားတော်မူချက်တွေက အိမ်ထောင်ဖက်တွေကို တစ်ဦးနဲ့တစ်ဦး ဘယ်လိုအကြည်ညိုပွားရမယ်ဆိုတာကို ကူညီသိနားလည်စေပါတယ်။ တချို့လူတွေပြောကြသလို ယေဟောဝါသက်သေတွေဟာ မိသားစုတွေကိုကွဲပြားစေကြတယ်ဆိုတာ မမှန်ပါဘူးရှင့်။ ကျွန်မရဲ့ကိစ္စမှာတော့ အမှန်တရားဟာ အဲဒါရဲ့လုံးဝဆန့်ကျင်ဘက်ပါပဲရှင်” ဟု သူရှင်းပြသည်။ လူစီယာသည် ကျမ်းစာအခြေခံမူများကို သူ၏ဘဝတွင်လက်တွေ့ကျင့်သုံးရန် သင်ကြားခဲ့ပေသည်။
၂၂။ အိမ်ထောင်သည်မောင်နှံစုံအားလုံး အဘယ်အရာကို ယုံကြည်စိတ်ချသင့်သနည်း။
၂၂ လူစီယာ၏အဖြစ်သည် ခြွင်းချက်မဟုတ်ပါ။ အိမ်ထောင်ဆိုသည်မှာ ကောင်းချီးတစ်ရပ်ဖြစ်သင့်ပေသည်။ ဝန်ထုပ်ဝန်ပိုးမဖြစ်သင့်ပေ။ ဤအတွက် ယေဟောဝါသည် အကောင်းတကာ့အကောင်းဆုံး အကြံဉာဏ်ရယူရာပင်ရင်းဇာစ်မြစ်ကို ထောက်ပံ့ပေးထားတော်မူ၏။ ယင်းကား အဖိုးအနဂ္ဃထိုက်သည့် ကိုယ်တော့်နှုတ်မြွက်စကားတော်ပင်တည်း။ သမ္မာကျမ်းစာသည် “မလိမ္မာသောသူကို လိမ္မာစေ” နိုင်၏။ (ဆာလံ ၁၉:၇-၁၁) ယင်းသည် ပြိုကွဲမှတ်သို့ရောက်နေသည့်အိမ်ထောင်များစွာတို့ကို ကယ်တင်ခဲ့ပြီး ဆိုးရွားစွာပြဿနာကြုံနေသည့် အခြားအိမ်ထောင်များစွာကိုလည်း တိုးတက်ကောင်းမွန်စေခဲ့ပေပြီ။ အိမ်ထောင်ရှင်မောင်နှံစုံအားလုံး ယေဟောဝါထောက်ပံ့ပေးတော်မူထားသည့် အိမ်ထောင်ရေးအကြံဉာဏ်များကို အကြွင်းမဲ့ယုံကြည်စိတ်ချကြပါစေသား။ ယင်းသည် အမှန်ပင်ထိရောက်လှပေသည်!
a နာမည်ကိုပြောင်းလဲထားသည်။
b ဤကိစ္စအချို့ကို ရှေ့အခန်းများတွင် ဆွေးနွေးတင်ပြပြီးဖြစ်သည်။
c “မတရားသောမေထုန်မှု” ဟုပြန်ဆိုထားသည့် သမ္မာကျမ်းစာဝေါဟာရ၏ဆိုလိုရင်းတွင် သူ့အိမ်ရာပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့်ဆက်ဆံခြင်း၊ လိင်အင်္ဂါကိုအသုံးပြု၍ သိသိနှင့်ပြုလုပ်သည့် အခြားတရားမဝင်သောလုပ်ရပ်များ ပါဝင်၏။
d ဤတွင် လင်ယောက်ျားဖြစ်သူသည် ရည်ရွယ်ချက်ကောင်းသော်လည်း အဖျားအနာ သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်းကဲ့သို့သော အစိုးမရသည့်အကြောင်းတရားများကြောင့် မိသားစုကို မထောက်ပံ့ပေးနိုင်သည့်အခြေအနေမျိုးကို မဆိုလိုပါ။
-
-
ဇရာပိုင်းသို့ တူနှစ်ကိုယ်မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်လေး
ဇရာပိုင်းသို့ တူနှစ်ကိုယ်
၁၊ ၂။ (က) ဇရာပိုင်းသို့ချဉ်းလာသည်နှင့်အမျှ မည်သို့သောပြောင်းလဲမှုများ ဖြစ်ပျက်လာသနည်း။ (ခ) ကျမ်းစာခေတ်မှ ဘုရားဝတ်၌မွေ့လျော်သောသူများသည် ဇရာပိုင်းအရွယ်တွင် ကျေနပ်မှုမည်သို့တွေ့ရှိခဲ့ကြသနည်း။
ကန်ုပ်တို့ ကြီးရင့်လာသည်နှင့်အမျှ အပြောင်းအလဲများစွာဖြစ်ပေါ်လာသည်။ ကာယအားနည်းမှုက ကျွန်ုပ်တို့၏ခွန်အားကို တစ်စတစ်စ လျော့ပါးစေသည်။ မှန်တွင်ကြည့်လိုက်သည့်အခါတိုင်း အသားအရေ ပို၍ပို၍တွန့်လာခြင်း၊ ဆံပင်တဖြည်းဖြည်းဖြူလာခြင်း၊ ဆံပင်ကျွတ်၍ပါးလာခြင်းတို့ကို ဖော်ထုတ်ပြသည်။ မှတ်ဉာဏ်အတော်လေးဆုတ်ယုတ်လာမှုကိုလည်း ကြုံရနိုင်၏။ သားသမီးများအိမ်ထောင်ကျ၍ မြေးများရလာသောအခါ ဆက်ဆံရေးအသစ်များ ပေါ်ပေါက်လာသည်။ အသက်မွေးဝမ်းကျောင်းအလုပ်မှ အငြိမ်းစားယူခြင်းကြောင့် အချို့အတွက် ဘဝ၏လုပ်ရိုးလုပ်စဉ် ပြောင်းလဲရသည်။
၂ စင်စစ်အားဖြင့် ဇရာကာလပိုင်းသည် အခက်အခဲဒုက္ခထူပြောနိုင်သည်။ (ဒေ. ၁၂:၁-၈) သို့ဖြစ်လင့်ကစား ကျမ်းစာခေတ်မှ ဘုရားသခင်၏အစေခံများအကြောင်း ဆင်ခြင်အောက်မေ့ပါလေ။ သူတို့သည် နောက်ဆုံးတွင် သေခြင်းကိုအရှုံးပေးခဲ့ကြရသော်လည်း ဉာဏ်ပညာနှင့် ကျိုးကြောင်းနားလည်မှုကို ရှာမှီးရယူခဲ့ကြပြီး ဤသည်တို့က သူတို့အား ဇရာအိုဘဝတွင် ကြီးစွာသောကျေနပ်မှုကို ဖြစ်စေခဲ့ပေသည်။ (ကမ္ဘာဦး ၂၅:၈; ၃၅:၂၉; ယောဘ ၁၂:၁၂; ၄၂:၁၇) ပို၍အိုမင်းခြင်းကို သူတို့မည်သို့ ပျော်ပျော်နှင့်ရင်ဆိုင်နိုင်ခဲ့ကြသနည်း။ သမ္မာကျမ်းစာတွင် ယနေ့ကျွန်ုပ်တို့တွေ့ရသည့် အခြေခံမူများနှင့်အညီ အသက်ရှင်နေထိုင်ခဲ့ခြင်းအားဖြင့်ဖြစ်သည်မှာ သေချာလှပေသည်။—ဆာလံ ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆၊ ၁၇။
၃။ အသက်ကြီးရင့်သောယောက်ျားမိန်းမတို့အား တမန်တော်ပေါလုက မည်သို့သြဝါဒပေးခဲ့သနည်း။
၃ တမန်တော်ပေါလုက တိတုထံပေးပို့သည့်သူ၏စာတွင် အသက်အရွယ်ရလာသူတို့အတွက် အားထားလောက်သောလမ်းညွှန်ချက်ကို ကမ်းလှမ်းထားသည်မှာ “အသက်ကြီးရင့်သောယောက်ျားတို့သည် အကျင့်အားဖြင့် မယုတ်မလွန်သောသူ၊ လေးနက်တည်ကြည်သောသူ၊ စိတ်တည်ငြိမ်သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်းတို့၌ ကျန်းခံ့သောသူဖြစ်ကြစေ။ ထိုနည်းတူ အသက်ကြီးရင့်သောမိန်းမတို့လည်း ကျင့်ကြံပြုမူရာ၌ ရိုသေလေးမြတ်မှုရှိသောသူ၊ အမနာပမပြောတတ်သောသူ၊စပျစ်ရည်သောက်ကြူးခြင်း၌ ကျွန်မခံသောသူ၊ ကောင်းရာကောင်းကြောင်း သင်ပေးတတ်သောသူဖြစ်ကြစေ” ဟူ၍ဖြစ်သည်။ (တိတု ၂:၂၊ ၃၊ ကဘ) ဤစကားများကိုဂရုမူခြင်းက ပို၍အိုမင်းလာခြင်း၏ စိန်ခေါ်ချက်များကိုရင်ဆိုင်ရန် သင့်အားကူညီနိုင်ပေသည်။
သားသမီးများ အမှီအခိုကင်းလာကြခြင်းနှင့် လိုက်လျောညီထွေပြုပြင်ပါ
၄၊ ၅။ သားသမီးများ အိမ်ထောင်ခွဲသွားခြင်းကို မိဘများစွာတို့က မည်သို့တုံ့ပြန်ကြသနည်း။ အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချို့သူများ မည်သို့ပြုပြင်ကြသနည်း။
၄ ပြောင်းလဲလာသောအခန်းကဏ္ဍများကြောင့် အလိုက်အထိုက်ပြုပြင်ရန် လိုအပ်လာသည်။ အရွယ်ရောက်သားသမီးများ အိမ်ကိုစွန့်ခွာ၍ အိမ်ထောင်ပြုကြသောအခါ ဤအချက်သည် မည်မျှမှန်ကန်လှသည်တကား! ယင်းသည် မိဘအတော်များများအတွက် သူတို့သည် အသက်အရွယ်ရလာကြပြီဖြစ်ကြောင်း ဦးဆုံးနှိုးဆော်ချက်ပင်တည်း။ သားသမီးများအရွယ်ရောက်လာကြသည်ကို ဝမ်းသာကြသော်လည်း သားသမီးများ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် မိမိတို့အနေဖြင့် တတ်နိုင်သမျှပြင်ဆင်ပေးခဲ့ပြီလောဟု မိဘများစွာတို့က တွေးပူတတ်ကြသည်။ ထို့အပြင် သူတို့နှင့်အတူနေခဲ့ရသည်ကို သတိရတမ်းတတတ်ကြသည်။
၅ သို့ဖြစ်၍ မိဘဖြစ်သူတို့သည် သားသမီးများ အိမ်ထောင်ခွဲသွားကြပြီးသည့်နောက်၌ပင် သူတို့အတွက် ဆက်လက်ပူပန်ကြမည်ဆိုလည်း ပူပန်လောက်ပေသည်။ “သူတို့ ကောင်းကောင်းမွန်မွန်ရှိကြတဲ့အကြောင်း သူတို့ဆီက မကြာခဏ သတင်းကြားသိနေရရင် ကျွန်မပျော်မှာပဲ” ဟု မိခင်တစ်ဦးကဆိုသည်။ ဖခင်တစ်ဦးကလည်း ယခုကဲ့သို့ပြန်လည်ပြောပြသည်– “ကျုပ်တို့သမီး အိမ်ထောင်ခွဲသွားတုန်းက ကျုပ်တို့အတွက် တကယ့်ကိုအခံရခက်ခဲ့တယ်။ မိသားစုထဲမှာ ဟာကွက်ကြီးတစ်ခု ကျန်ရစ်ခဲ့သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က ဘာမဆို အတူတကွလုပ်ကြတာကိုး။” ဤမိဘများအနေဖြင့် သားသမီးများမရှိတော့ခြင်းကို မည်သို့ဖြေသိမ့်နိုင်ခဲ့ကြသနည်း။ ဖြစ်ရပ်များစွာ၌ အခြားသူတို့အား စိုးရိမ်ပူပန်ပေးခြင်းနှင့် သွားရောက်ကူညီပေးခြင်းအားဖြင့်ဖြစ်သည်။
၆။ မိသားစုဆက်ဆံရေးကို အရှိအတိုင်းသုံးသပ်ရှုမြင်နိုင်အောင် ဘာကထောက်ကူမည်နည်း။
၆ သားသမီးများအိမ်ထောင်ပြုကြသောအခါ မိဘတို့၏အခန်းကဏ္ဍ ပြောင်းလဲသွားသည်။ ကမ္ဘာဦး ၂:၂၄ က “ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုဆိုထားသည်။ဦးစီးမှုဆိုင်ရာ ဤဘုရားရေးရာအခြေခံမူများနှင့် ကောင်းသောအစီအစဉ်တို့ကို အသိအမှတ်ပြုခြင်းက မိဘတို့အား အရာရာကို အရှိအတိုင်း သုံးသပ်ရှုမြင်ရန် ကူညီမည်ဖြစ်သည်။—၁ ကောရိန္သု ၁၁:၃; ၁၄:၃၃၊ ၄၀။
၇။ သမီးဖြစ်သူတို့အိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားကြသောအခါ ဖခင်တစ်ဦးက ကောင်းမြတ်သောသဘောထားကို မည်သို့ပျိုးထောင်ယူခဲ့သနည်း။
၇ သမီးနှစ်ယောက်အိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားကြသဖြင့် လင်မယားနှစ်ဦးစိတ်ထဲတွင် ဟာတာတာခံစားရကြသည်။ အစ၌ဆိုလျှင် ဖခင်ဖြစ်သူက သမက်များအပေါ် ဒေါသထွက်မိသည်။ သို့သော် ဦးစီးခြင်းဆိုင်ရာအခြေခံမူကို အလေးအနက် စဉ်းစားဆင်ခြင်သည်နှင့်အမျှ သမီးနှစ်ယောက်တို့၏လင်သားများသည် ယခုအခါ မိမိတို့ဆိုင်ရာအိမ်ထောင်စုအပေါ် တာဝန်ရှိကြသည်ကို သဘောပေါက်လာသည်။ သို့ဖြစ်၍ သမီးနှစ်ယောက်က အကြံဉာဏ်တောင်းခံလာသောအခါ သူက သူတို့လင်သားများ၏သဘောထား မည်သို့ရှိကြောင်းမေးမြန်းပြီးနောက် အတတ်နိုင်ဆုံး ထောက်ခံမှုပေးနိုင်အောင် သေချာစေသည်။ ယခုအခါ သမက်များသည် သူ့အားခင်မင်လေးစားလာကြပြီး သူ၏အကြံဉာဏ်ကိုလည်း ကြိုဆိုကြပေသည်။
၈၊ ၉။ အရွယ်ရောက်သောသားသမီးများ မိဘကိုမမှီခိုတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ရပ်တည်ကြခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် မိဘအချို့က မည်သို့ပြုခဲ့ကြပြီနည်း။
၈ ညားခါစမောင်နှံတို့သည် ကျမ်းစာနှင့်ဆန့်ကျင်သောအရာ ဘာမျှမပြုမိကြသော်လည်း မိဘတို့ဘက်မှ အကောင်းဆုံးဟုယူမှတ်သည့်အရာကို လုပ်ရန်ပျက်ကွက်လျှင် မည်သို့နည်း။ “ယေဟောဝါရဲ့ရှုထောင့်ကိုနားလည်ဖို့ သူတို့ကို ကျွန်တော်တို့အမြဲကူညီပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုခုကို ကျွန်တော်တို့သဘောမတူရင်လဲ လက်ခံပြီးအားပေးထောက်ခံလိုက်ကြတာပါပဲ” ဟုအိမ်ထောင်ပြုထားသည့် သားသမီးများရှိသောမောင်နှံစုံတို့က ရှင်းပြကြသည်။
၉ အချို့သောအာရှနိုင်ငံများတွင် သားဖြစ်သူများက မိဘကိုမမှီခိုတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်သွားကြသည်ကို မိခင်အချို့အတွက်လက်ခံရန် အထူးသဖြင့်ခက်ခဲတတ်သည်။ သို့ဖြစ်သည့်တိုင်၊ ခရစ်ယာန်စည်းစနစ်နှင့် ဦးစီးမှုကိုလေးစားပါက ချွေးမများနှင့်အဆင်မပြေမှုသည် အသေးအမွှားဖြစ်ကြောင်း တွေ့ရှိကြရသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးကဆိုလျှင် သူ၏သားများ အိမ်ခွဲသွားကြသည်ကို “တိုး၍တိုး၍ ကျေးဇူးတင်စရာအကြောင်း” အဖြစ်မြင်သည်။ သားဖြစ်သူများက သူတို့၏အိမ်ထောင်စုသစ်များကို ကောင်းစွာစီမံနိုင်ကြသည်ကို သူပီတိဖြစ်မိသည်။ တစ်နည်းအားဖြင့် ယင်းသည် သူနှင့်သူ့ခင်ပွန်း ပို၍အိုမင်းလာကြသည်နှင့်အမျှ ထမ်းရွက်ရမည့် ကာယနှင့်စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
သင့်အိမ်ထောင်ရေးနှောင်ကြိုးကို အားသစ်ဖြည့်ပေးခြင်း
၁၀၊ ၁၁။ လူလတ်ပိုင်းအရွယ်ဆိုင်ရာ ကျော့ကွင်းအချို့ကိုရှောင်လွဲနိုင်အောင် အဘယ်ကျမ်းစာဆုံးမစကားက ကူညီမည်နည်း။
၁၀ လူလတ်ပိုင်းအရွယ်သို့ရောက်ခြင်းကို လူတို့က နည်းအမျိုးမျိုးဖြင့်တုံ့ပြန်ကြသည်။ အချို့သောအမျိုးသားများက ငယ်ရုပ်ပေါက်အောင်ဟူ၍ တစ်မျိုးတစ်ဖုံ ပြောင်းလဲဝတ်ဆင်ကြသည်။ သွေးဆုံးခြင်းကြောင့် ကြုံရမည့်အပြောင်းအလဲများကို အမျိုးသမီးများစွာတို့က တွေးပူကြသည်။ ဝမ်းနည်းစရာမှာ အချို့သောလူလတ်ပိုင်းများသည် ငယ်ရွယ်သောလိင်ခြားသူများနှင့် ပရောပရည်လုပ်ခြင်းဖြင့် မိမိတို့၏အိမ်ထောင်ဖက်တို့အား စိတ်နာကြည်းသဝန်တိုအောင် ဆွပေးကြခြင်းပင်။ သို့သော် ဘုရားဝတ်၌မွေ့လျော်သော သက်ကြီးပိုင်းအမျိုးသားများကမူ မလျော်ကန်သောဆန္ဒများကို ချွန်းအုပ်ခြင်းအားဖြင့် “စိတ်ပိုင်းကျန်းခံ့သူ” အဖြစ်ကိုခံယူကြသည်။ (၁ ပေတရု ၄:၇၊ ကဘ) အလားတူစွာ ရင့်ကျက်သောအမျိုးသမီးများကလည်း ခင်ပွန်းကိုချစ်သောမေတ္တာနှင့် ယေဟောဝါအားနှစ်သက်စေလိုသော ဆန္ဒမွန်တို့ကြောင့် မိမိတို့၏အိမ်ထောင်ကိုတည်တံ့ခိုင်မြဲအောင် အားထုတ်ထိန်းသိမ်းကြပေသည်။
၁၁ မိမိခင်ပွန်းသည်အား “အဆိုးအားဖြင့်မဟုတ်၊ အကောင်းအားဖြင့်သာ တစ်သက်တာလုံး” ဆုချတတ်သည့် “စွမ်းရည်ရှိသောမိန်းမ” အကြောင်းချီးမွမ်းဖွဲ့ကို ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် လေမွေလမင်းကြီးက မှတ်တမ်းတင်ခဲ့သည်။ လူလတ်ပိုင်းအရွယ်တွင် တွေ့ကြုံရသည့်စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုများကို အောင်မြင်နိုင်နင်းရန် ဇနီးသည်အနေဖြင့် မည်သို့ကြိုးစားရသည်ကို ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မသိကျိုးကျွန်ပြုမည်မဟုတ်ပေ။ “သူ့အားချီးမွမ်း” ရန် ချစ်မေတ္တာကလှုံ့ဆော်မည်ဖြစ်သည်။—သု. ၃၁:၁၀၊ ၁၂၊ ၂၈ ကဘ။
၁၂။ နှစ်ကာလကြာညောင်းလာသည်နှင့်အမျှ မောင်နှံစုံတို့သည် အတူတကွ တစ်ဦးနှင့်တစ်ဦး မည်သို့ပို၍ ရင်းနှီးပွန်းတီးလာနိုင်ကြမည်နည်း။
၁၂ သားသမီးမွေးမြူပြုစုခြင်းဖြင့် အလုပ်များခဲ့ကြစဉ်က သင်တို့နှစ်ဦးစလုံးသည် သားသမီးလိုအပ်ချက်များကိုသာ အာရုံစိုက်ပြီး ကိုယ်ပိုင်လိုအင်များကို ဝမ်းမြောက်စွာဖယ်ထားခဲ့ကြပေမည်။ သားသမီးများ ထွက်သွားကြပြီးနောက်တွင်မူ သင်တို့၏အိမ်ထောင်ရေးဘဝကို ပြန်၍အာရုံစိုက်ရန်အချိန် ရောက်လာပေပြီ။ “ကျုပ်သမီးတွေ အိမ်ကိုစွန့်သွားကြတဲ့အခါကျမှ ကျုပ်က ကျုပ်ရဲ့ဇနီးကို ပြန်ပြီးပိုးရတော့တယ်” ဟုလင်သားတစ်ဦးကဆိုသည်။ “ကျုပ်တို့ တစ်ဦးရဲ့ကျန်းမာရေးကို တစ်ဦးကဂရုစိုက်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လိုတဲ့အကြောင်း တစ်ဦးကိုတစ်ဦးသတိပေးကြတယ်” ဟုအခြားတစ်ဦးကဆိုသည်။ သူတို့သည် ပျင်းပျင်းမရှိစေရန် အသင်းတော်ရှိ အခြားသူများအား ခင်မင်ဖော်ရွေမှုကိုပြသကြသည်။ အခြားသူများအပေါ် စိတ်ဝင်စားမှုပြခြင်းသည် ကောင်းချီးများကို အမှန်ပင်ဖြစ်စေပါသည်။ ထိုမျှမကသေး၊ ယေဟောဝါအားလည်း နှစ်သက်ရွှင်လန်းစေပါသည်။—ဖိလိပ္ပိ ၂:၄; ဟေဗြဲ ၁၃:၂၊ ၁၆။
၁၃။ မောင်နှံစုံ အသက်အရွယ်ရလာသည်နှင့်အမျှ ပွင့်လင်းခြင်းနှင့်ရိုးသားခြင်းတို့သည် မည်သို့သောအခန်းကဏ္ဍတွင် ပါဝင်လာသနည်း။
၁၃ သင်နှင့်သင့်ကြင်ဖော်အကြား ဆက်သွယ်ရေးပြတ်တောက်မှုပေါ်ပေါက်ရန် ခွင့်မပြုပါနှင့်။ စိတ်ရှိလက်ရှိပြောဆိုကြပါလေ။ (သု. ၁၇:၂၇) “အရေးတယူ ဂရုတစိုက်ရှိခြင်းနဲ့ ကြင်နာထောက်ထားတတ်ခြင်းအားဖြင့် ကျုပ်တို့တစ်ဦးပေါ်တစ်ဦး နားလည်မှုကို နက်ရှိုင်းစေကြတယ်” ဟုလင်ယောက်ျားတစ်ဦးက မှတ်ချက်ချသည်။ “ကျွန်မတို့ ပိုပြီးအရွယ်ရလာတာနဲ့အမျှ လက်ဖက်ရည်အတူသောက်တာတွေ၊ စကားစမြည်ပြောဆိုတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေမှာ ပိုပြီးပျော်ရွှင်လာကြတယ်” ဟု ဇနီးဖြစ်သူကထောက်ခံသည်။ သင်၏ပွင့်လင်းရိုးသားမှုက သင့်အိမ်ထောင်ရေးနှောင်ကြိုးကို ပို၍စေ့စပ်ခိုင်မြဲစေပြီး စာတန်တည်းဟူသော အိမ်ထောင်ဖြိုခွဲသူ၏ တိုက်ခိုက်မှုများကိုဟန့်တားမည့် နာလန်ထူစွမ်းအားကို ပေးစွမ်းနိုင်ပေသည်။
သင့်မြေးများနှင့်ပျော်မွေ့ပါ
၁၄။ တိမောသေ ခရစ်ယာန်တစ်ဦးအဖြစ်ကြီးပြင်းလာရာ၌ သူ၏အဘွားသည် မည်သို့သောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ဖွယ်ရှိသနည်း။
၁၄ မြေးများသည် သက်ကြီးရွယ်အိုတို့၏ “သရဖူ” ဖြစ်ကြသည်။ (သု. ၁၇:၆) မြေးတစ်သိုက်နှင့်နေရခြင်းသည် အမှန်ပင်ကြည်နူးဖွယ်ကောင်းသည်။ စိတ်တက်ကြွလန်းဆန်းဖွယ်ဖြစ်သည်။ သမီးဖြစ်သူဥနိတ်နှင့်အတူ မြေးတိမောသေအား မိမိ၏ယုံကြည်ခြင်းကို ဝေမျှသင်ပေးခဲ့သည့်လောဣအမည်ရှိ အဘွားတစ်ဦးအကြောင်း သမ္မာကျမ်းစာက ချီးမွမ်းရေးသားထားသည်။ ယင်းသူငယ်သည် ကျမ်းစာအမှန်တရားကို မိမိ၏အဘွားနှင့်မိခင်တို့ တန်ဖိုးထားကြသည်ဟူသောအသိဖြင့် ကြီးပြင်းလာခဲ့ပေသည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅။
၁၅။ မြေးများနှင့်ပတ်သက်၍ အဘိုးအဘွားများသည် အဖိုးတန်သော မည်သည့်ပံ့ပိုးမှုကိုပြုနိုင်၍ မည်သို့ပြုခြင်းကို ရှောင်ကြဉ်အပ်သနည်း။
၁၅ သို့နှင့်အညီ ဤနေရာ၌ အဘိုးအဘွားများအနေဖြင့် အကျိုးအများဆုံးပါဝင်ပံ့ပိုးနိုင်သည့် အထူးနယ်ပယ်တစ်ခုရှိပေသည်။ အဘိုးအဘွားတို့၊ သင်တို့သည် သင်တို့၏သားသမီးတို့အား ယေဟောဝါ၏ကြံရွယ်ချက်များကို ဝေမျှခဲ့ကြပေပြီ။ နောက်ထပ်မျိုးဆက်သစ်နှင့် အလားတူပင် ပြုနိုင်ပါသည်! အဘိုးအဘွားတို့က ကျမ်းစာပုံပြင်များကိုပြောပြလျှင် ငယ်ရွယ်သောကလေးများစွာတို့ ကြည်နူးဘဝင်ခိုက်တတ်ကြပါသည်။ သို့သော် သင်သည် ဤနေရာ၌ သားသမီးများ၏စိတ်နှလုံးထဲသို့ ကျမ်းစာအမှန်တရားကို သွတ်သွင်းပေးရန်ဟူသော ဖခင်၏တာဝန်ကို လက်လွှဲယူနေခြင်းမဟုတ်ပါ။ (တရားဟောရာ ၆:၇) ဖြည့်စွက်ပေးခြင်းမျှသာဖြစ်သည်။ သင်၏ဆုတောင်းချက်သည် ဆာလံဆရာ၏ဆုတောင်းချက်ကဲ့သို့ ဖြစ်ပါစေ။ “အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။”—ဆာလံ ၇၁:၁၈; ၇၈:၅-၈။
၁၆။ မိသားစုတင်းမာမှု၏လက်သည်မဖြစ်အောင် အဘိုးအဘွားများ မည်သို့ရှောင်ရှားနိုင်သနည်း။
၁၆ ဝမ်းနည်းဖွယ်မှာ အချို့သောအဘိုးအဘွားများသည် မိမိတို့နှင့် မိမိတို့၏အရွယ်ရောက်သားသမီးများစပ်ကြား တင်းမာမှုဖြစ်ပေါ်လာအောင် မြေးများကိုဖျက်ဆီးတတ်ကြခြင်းပင်။ သို့သော် သင်၏ရိုးမှန်သောကြင်နာမှုက သင့်မြေးကလေးများအား သူတို့၏မိဘများထံ ဖွင့်မပြောလိုသည့်ကိစ္စများကို သင့်ထံဖွင့်ပြောစေကောင်း ဖွင့်ပြောစေနိုင်သည်။ တစ်ခါတလေ ကလေးများမျှော်လင့်တတ်သည်မှာ အလိုလိုက်တတ်သောအဘိုးအဘွားများသည် မိမိတို့၏မိဘများကိုဆန့်ကျင်ကာ မိမိတို့ဘက်တွင် ရပ်တည်ပေးလိမ့်မည်ဟူ၍ဖြစ်သည်။ ဤသို့ဖြစ်လာလျှင် မည်သို့နည်း။ ဉာဏ်ပညာကိုကျင့်သုံးကာ သင့်မြေးများအား သူတို့၏မိဘများနှင့် ပွင့်ပွင့်လင်းလင်းရှိရန်အားပေးပါ။ ထိုသို့ရှိခြင်းကို ယေဟောဝါနှစ်သက်တော်မူကြောင်း ရှင်းပြနိုင်သည်။ (ဧဖက် ၆:၁-၃) လိုအပ်လျှင် သူတို့၏မိဘများနှင့် စကားပြောခြင်းအားဖြင့် ကလေးများ၏ချဉ်းကပ်မှုကို သင်လမ်းဖွင့်ပေးနိုင်သည်။ နှစ်ပေါင်းများစွာ သင်ဆည်းပူးသိရှိလာခဲ့သည့်အရာများနှင့်ပတ်သက်၍ သင့်မြေးကလေးများအပေါ် ပွင့်လင်းရိုးသားပါလေ။ သင်၏ရိုးသားပွင့်လင်းမှုက သူကလေးတို့အား အကျိုးပြုနိုင်ပါသည်။
ပို၍အိုစာလာသည်နှင့်အမျှ ပြုပြင်ပါ
၁၇။ အသက်ကြီးရင့်လာသော ခရစ်ယာန်များသည် ဆာလံဆရာ၏အဘယ်သန္နိဋ္ဌာန်ကို အတုယူသင့်သနည်း။
၁၇ နှစ်ကာလများ ကုန်လွန်လာသည်နှင့်အမျှ သင်လုပ်လေ့ရှိသည့် သို့မဟုတ် လုပ်လိုသည့်အရာတိုင်းကို သင်မလုပ်နိုင်တော့ကြောင်း တွေ့ရှိလာလိမ့်မည်။ အိုမင်းခြင်းဖြစ်စဉ်ကိုသည်းခံ၍ အဆင်ပြေအောင် မည်သို့နေထိုင်မည်နည်း။ သင့်စိတ်ထဲတွင် သင့်ကိုယ်သင်အသက် ၃၀ ဟုထင်မှတ်ပေမည်။ သို့သော် မှန်ကိုဖျတ်ခနဲတစ်ချက်ကြည့်လိုက်ခြင်းက ခြားနားသောအရှိတရားကို ဖော်ပြမည်ဖြစ်သည်။ အားမငယ်ပါနှင့်။ “အကျွန်ုပ်အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်” ဟုဆာလံဆရာက ယေဟောဝါထံအသနားခံခဲ့သည်။ ဆာလံဆရာ၏သန္နိဋ္ဌာန်ကိုအတုယူရန် ယတိပြတ်ဆုံးဖြတ်ပါ။ သူက “အကျွန်ုပ်မူကား၊ အစဉ်မျှော်လင့်၍ ကိုယ်တော်ကိုချီးမွမ်းသမျှထက်သာ၍ ချီးမွမ်းပါမည်” ဟုဆိုသည်။—ဆာလံ ၇၁:၉၊ ၁၄။
၁၈။ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် အငြိမ်းစားယူခြင်းကို မည်သို့တန်ဖိုးရှိရှိ အသုံးချနိုင်သနည်း။
၁၈ အသက်မွေးမှုလုပ်ငန်းမှ အငြိမ်းစားယူပြီးနောက် ယေဟောဝါအားတိုး၍ချီးမွမ်းရန် များစွာသောသူတို့က ကြိုတင်ပြင်ဆင်နှင့်ကြသည်။ “ကျုပ်သမီးကျောင်းပြီးတဲ့အခါ ကျုပ်ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြီးစဉ်းစားထားတယ်။ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းကိုစတင်ဖို့ သန္နိဋ္ဌာန်ချထားပြီး ယေဟောဝါကို လွတ်လွတ်လပ်လပ်နဲ့ ပိုပြီးအမှုတော်ဆောင်နိုင်အောင် ကျုပ်ရဲ့လုပ်ငန်းကို ရောင်းပစ်လိုက်တယ်။ ဘုရားသခင်ရဲ့လမ်းညွှန်ချက်အတွက် ကျုပ်ဆုတောင်းတယ်” ဟုယခု အငြိမ်းစားယူပြီးဖြစ်သောဖခင်တစ်ဦးက ရှင်းပြသည်။ သင်အငြိမ်းစားယူရန် နီးကပ်လာပြီဆိုပါက ကြီးမြတ်ထည်ဝါသော ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ဤကြေညာချက်မှ နှစ်သိမ့်မှုရယူပါလေ– “သင်တို့ အသက်ကြီး၍ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်းထမ်းဦးမည်။ ဆောင်ရွက်၍ကယ်တင်မည်။”—ဟေရှာယ ၄၆:၄။
၁၉။ အသက်အရွယ်ရလာသူတို့အတွက် အဘယ်ဆုံးမစကားရှိသနည်း။
၁၉ အသက်မွေးမှုလုပ်ငန်းမှ အနားယူလိုက်ခြင်းနှင့် အလိုက်အထိုက်ပြုပြင်နေထိုင်ရန် လွယ်ကူချင်မှလွယ်ကူမည်ဖြစ်သည်။ တမန်တော်ပေါလုက အသက်ကြီးရင့်သူတို့အား “အကျင့်အားဖြင့် မယုတ်မလွန်သောသူ” ဖြစ်ရန်အကြံပြုခဲ့သည်။ ဤသည်က သက်သောင့်သက်သာနေလိုသည့်ဆန္ဒကို အရှုံးမပေးခြင်းတည်းဟူသော အထွေထွေချုပ်တည်းခြင်းကို တောင်းဆိုပေသည်။ အငြိမ်းစားယူပြီးနောက် ယခင်ကထက် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုရှိရန်နှင့် မိမိကိုယ်ကိုပဲ့ပြင်ဆုံးမရန် ပို၍လိုအပ်နိုင်၏။ သို့ဖြစ်၍ “အရှင်သခင်နှင့်စပ်ဆိုင်၍ သင်တို့၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိထားကာ အရှင်သခင်၏အမှုတော်၌ အစဉ်သဖြင့် ဆောင်ရွက်ဖွယ်ရာပေါကြွယ်လျက်” အလုပ်များနေပါလေ။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) အခြားသူများအားကူညီရန် သင်၏လှုပ်ရှားမှုနယ်ပယ်ကိုချဲ့ထွင်ပါ။ (၂ ကောရိန္သု ၆:၁၃) ခရစ်ယာန်များစွာတို့က အသက်အရွယ်နှင့်ကိုက်ညှိပြုပြင်သောနှုန်းဖြင့် သတင်းကောင်းကို စိတ်ဇောထက်သန်စွာဟောပြောခြင်းဖြင့် ယင်းသို့ပြုကြပါသည်။ သင်ပို၍အရွယ်ရလာသည်နှင့်အမျှ “ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံရပ်နိုင်ခြင်းတို့၌ သန်စွမ်း” လျက်နေပါလေ။—တိတု ၂:၂၊ ကဘ။
ကြင်ဖော်ဆုံးပါးမှုကို ကိုင်တွယ်ဖြေသိမ့်ခြင်း
၂၀၊ ၂၁။ (က) လက်ရှိခေတ်စနစ်ဟောင်းတွင် မည်သည့်အရာက ဇနီးမောင်နှံတို့အား တစ်ဦးနှင့်တစ်ဦး နောက်ဆုံးတစ်နေ့တွင် ကွေကွင်းစေသနည်း။ (ခ) ကြင်ဖော်ဆုံးပါး၍ ပူဆွေးကြေကွဲသော ကျန်ရစ်သူများအတွက် အန္နသည် အဘယ်ကောင်းမြတ်သောစံနမူနာကို ထားခဲ့သနည်း။
၂၀ ဝမ်းနည်းဖွယ်ဖြစ်သော်လည်း အမှန်တရားမှာ ဤခေတ်စနစ်ဟောင်းတွင် အကြင်လင်မယားတို့သည် သေခြင်းတရားကြောင့် နောက်ဆုံးတစ်နေ့တွင် ကွေကွင်းသွားရခြင်းပင်ဖြစ်သည်။ ကြင်ဖော်ဆုံးပါး၍ ပူဆွေးကြေကွဲသောခရစ်ယာန်များအနေဖြင့် မိမိတို့၏ချစ်ရသူများသည် ယခုအခါ အိပ်ပျော်နေကြကြောင်းသိထားကြပြီး သူတို့ကိုပြန်၍တွေ့ရဦးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြပေသည်။ (ယောဟန် ၁၁:၁၁၊ ၂၅) သို့ဖြစ်သည်တိုင် ကြုံရသည့်ဆုံးပါးမှုမှာ အခံရခက်ဆဲပင်။ ကျန်ရစ်သူအနေဖြင့် ယင်းကိုမည်သို့ကိုင်တွယ်ဖြေသိမ့်မည်နည်း။a
၂၁ သမ္မာကျမ်းစာဇာတ်ကောင်အချို့က မည်သို့ပြုခဲ့သည်ကို နှလုံးမူခြင်းသည် အထောက်အကူတစ်ရပ်ဖြစ်သည်။ အန္နသည် အိမ်ထောင်သက်ခုနစ်နှစ်မျှဖြင့် မုဆိုးမဘဝရောက်ခဲ့ရသူဖြစ်သည်။ သူ့အကြောင်း ကျွန်ုပ်တို့ဖတ်ရသောအခါ သူသည်အသက်၈၄ နှစ်ရှိပေပြီ။ ခင်ပွန်းဆုံးပါးခဲ့စဉ်က သူကြေကွဲခဲ့မည်မှာဆိုဖွယ်မရှိပါ။ သူမည်သို့ ကိုင်တွယ်ဖြေသိမ့်ခဲ့သနည်း။ သူသည် ဗိမာန်တော်၌ ယေဟောဝါအား အထွတ်အမြတ်ဝတ်ကို နေ့ညမပြတ်ပြုခဲ့သည်။ (လုကာ ၂:၃၆-၃၈) အန္န၏ ဆုတောင်းဝတ်အတိပြီးသောဘဝသည် မုဆိုးမတစ်ဦးအနေနှင့် သူခံစားရသည့်ဝမ်းနည်းကြေကွဲမှုနှင့် အထီးကျန်မှုအတွက် အစွမ်းထက်သောဖြေဆေးတစ်လက်ဖြစ်ခဲ့သည်မှာ သံသယဝင်စရာမလိုပေ။
၂၂။ မုဆိုးမနှင့်မုဆိုးဖိုအချို့တို့သည် အထီးကျန်မှုကို မည်သို့အောင်မြင်နိုင်နင်းခဲ့ကြသနည်း။
၂၂ “ကျွန်မရဲ့အကြီးမားဆုံးသော စိန်ခေါ်ချက်ကတော့ စကားပြောဖော်မရှိတာပါပဲ” ဟု လွန်ခဲ့သောဆယ်နှစ်မှ မုဆိုးမဖြစ်သွားရှာသူ အသက် ၇၂-နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကရှင်းပြသည်။ “ကျွန်မယောက်ျားဟာ ကောင်းကောင်းနားထောင်ပေးတတ်တဲ့ လူတစ်ယောက်ပါ။ အသင်းတော်အကြောင်းနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်မတို့ရဲ့ပါဝင်လုပ်ဆောင်ချက်တွေအကြောင်း ကျွန်မတို့ပြောဆိုလေ့ရှိတယ်” ဟုသူကဆိုသည်။ အခြားမုဆိုးမတစ်ဦးက ယခုကဲ့သို့ဆိုပါသည်– “အချိန်ကကုစားတာတော့မှန်ပေမဲ့ ပိုပြီးတိကျအောင်ပြောရမယ်ဆိုရင် မိမိရဲ့အချိန်ကို မိမိအသုံးပြုပြီး အလုပ်လုပ်လိုက်ခြင်းကသာ ကူညီပျောက်ကင်းစေတာပါ။ သင်ဟာ သူတစ်ပါးကိုကူညီဖို့ ပိုကောင်းတဲ့အနေအထားမှာရှိတယ်။” အသက် ၆၇-နှစ်အရွယ်ရှိမုဆိုးဖိုတစ်ဦးက “ပူဆွေးကြေကွဲမှုကို ကိုင်တွယ်နိုင်နင်းနိုင်တဲ့ အံ့ဖွယ်နည်းတစ်နည်းကတော့ အခြားသူများကို နှစ်သိမ့်အားပေးသူအဖြစ် ကိုယ့်ကိုယ်ကိုအသုံးတော်ခံခြင်းပါပဲ” ဟုထောက်ခံပြောဆိုပေသည်။
အိုမင်းသောအရွယ်၌ ဘုရားသခင်၏တန်ဖိုးထားခံရခြင်း
၂၃၊ ၂၄။ အသက်ကြီးရင့်သူများ၊ အထူးသဖြင့် မုဆိုးမဖြစ်သူများအတွက် သမ္မာကျမ်းစာက အဘယ်ကြီးမားသည့် နှစ်သိမ့်မှုကို ပေးထားသနည်း။
၂၃ ချစ်မြတ်နိုးရသောကြင်ဖော်အား သေခြင်းတရားကခေါ်သွားသည့်တိုင်အောင် ယေဟောဝါသည် ဆက်လက်၍ အစဉ်သစ္စာရှိသူ၊ အစဉ်ယုံကြည်စိတ်ချရသူဖြစ်တော်မူ၏။ “ထာဝရဘုရား၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ငါဆုတောင်းပြီ။ ထိုအခွင့်ကိုရှာရဦးမည်” ဟုအသက်ကြီးရင့်သော ရှင်ဘုရင်ဒါဝိဒ်က သီကုံးကျူးရင့်ခဲ့သည်။—ဆာလံ ၂၇:၄။
၂၄ “မုဆိုးမအမှန်ဖြစ်သောမိန်းမတို့ကို မစလုပ်ကျွေးလော့” ဟုတမန်တော်ပေါလုကတိုက်တွန်းသည်။ (၁ တိမောသေ ၅:၃) ဆွေမျိုးအရင်းအချာမရှိသည့် ထိုက်တန်သောမုဆိုးမများသည် အသင်းတော်မှ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုကို လိုအပ်ကောင်းလိုအပ်နိုင်ကြကြောင်း ဤသွန်သင်ချက်၏ နောက်ဆက်တွဲအကြံပြုချက်က ဖော်ညွှန်းသည်။ သို့ဖြစ်သော်လည်း “မစလုပ်ကျွေး” ရန်ဟူသောသွန်သင်ချက်၏ဆိုလိုရင်းတွင် လေးမြတ်တန်ဖိုးထားခြင်းသဘော ပါဝင်ပေသည်။ ဘုရားဝတ်၌မွေ့လျော်သော မုဆိုးမများနှင့်မုဆိုးဖိုများအနေဖြင့် ယေဟောဝါသည် မိမိတို့အားတန်ဖိုးထားလျက် ထောက်မတော်မူမည်ဟူသောအသိမှ မည်မျှအားရနှစ်သိမ့်မှု ရယူနိုင်ကြပါသည်တကား!—ယာကုပ် ၁:၂၇။
၂၅။ သက်ကြီးရွယ်အိုများအတွက် အဘယ်ပန်းတိုင်သည် ဆက်လက်၍ရှိမြဲရှိနေသနည်း။
၂၅ “လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏၊” “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏” ဟုမှုတ်သွင်းခံ ဘုရားသခင့်နှုတ်မြွက်စကားတော်ကဆိုသည်။ (သု. ၁၆:၃၁; ၂၀:၂၉) သို့ဖြစ်ရာ၊ အိမ်ထောင်ရှိသည်ဖြစ်စေ၊ တစ်ကိုယ်ရေဘဝပြန်ရောက်သည်ဖြစ်စေ သင့်ဘဝတွင် ယေဟောဝါ၏အမှုတော်ကို ဆက်လက်၍ရှေးဦးထားပါလေ။ ဤသို့ဖြင့် သင်သည် ယခုလက်ရှိဘဝတွင် ဘုရားသခင့်ရှေ့တော်၌ နာမည်ကောင်းကိုလည်းကောင်း၊ အိုမင်းခြင်းဝေဒနာမရှိတော့သည့်ကမ္ဘာတွင် ထာဝစဉ်အသက်ရှင်မည့်အလားအလာကိုလည်းကောင်း ရယူပိုင်ဆိုင်မည်ဖြစ်ပေသည်။—ဆာလံ ၃၇:၃-၅; ဟေရှာယ ၆၅:၂၀။
a ဤကြောင်းရပ် ပိုမိုအသေးစိတ်ဆွေးနွေးသုံးသပ်ချက်အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း မြန်မာ၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ . . . ဘရိုရှာကိုရှု။
-
-
မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်းမိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်ငါး
မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း
၁။ မိဘတို့အပေါ် မည်သို့သောအကြွေး ကျွန်ုပ်တို့တင်ရှိကြသနည်း။ ထို့ကြောင့် ၎င်းတို့အပေါ် ကျွန်ုပ်တို့ မည်သို့သဘောထား၍ ပြုမူသင့်သနည်း။
“သင့်မွေးသဖခင်၏စကားကို နားထောင်လော့။ အိုမင်းသွားကာမျှဖြင့် သင့်အမိကို မထီမဲ့မြင်မပြုနှင့်” ဟုရှေးပညာရှိတစ်ဦးက အကြံပေးခဲ့သည်။ (သု. ၂၃:၂၂၊ ကဘ) ‘ကျုပ် ဘယ်တော့မှ အဲသလိုမလုပ်ဘူး’ ဟုသင်ဆိုပေမည်။ ကိုယ့်မိခင်—သို့မဟုတ် ကိုယ့်ဖခင်—အား မထီမဲ့မြင်ပြုမည့်အစား ကျွန်ုပ်တို့သည် သူတို့အပေါ် နက်ရှိုင်းသောမေတ္တာ ထားရှိကြသည်။ သူတို့အပေါ် ကြီးမားသောအကြွေးတင်ရှိနေကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။ တစ်ချက်အနေနှင့် မိဘတို့က ကျွန်ုပ်တို့အား အသက်ပေးကြသည်။ ယေဟောဝါသည် အသက်၏ပင်ရင်းဇာစ်မြစ် ဖြစ်တော်မူသော်လည်း ကျွန်ုပ်တို့၏မိဘများမရှိကြပါက ကျွန်ုပ်တို့သည် လူဖြစ်လာကြမည်မဟုတ်။ မိဘတို့အား ကျွန်ုပ်တို့ပေးကမ်းနိုင်သည့် မည်သည့်အရာမျှ အသက်လောက် အဖိုးမထိုက်တန်ပေ။ သို့ဖြစ်လျှင် ကလေးငယ်တစ်ဦးကို မွေးကင်းစမှ အရွယ်ရောက်သည်အထိမွေးမြူရာ၌ စိုက်ထုတ်ရသည့် ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ကုန်ကျမှုနှင့် ချစ်မြတ်နိုးစွာဂရုစိုက်မှုတို့ကို ဆင်ခြင်သာကြည့်ပါလေ။ သို့ဖြစ်ရာ ဘုရားသခင့်နှုတ်မြွက်စကားတော်က ‘သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း မိဘကိုရိုသေစွာပြုလော့’ ဟုအကြံပေးထားခြင်းသည် ဆီလျော်လှပေစွတကား!—ဧဖက် ၆:၂၊ ၃။
စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို သိမှတ်ပေးခြင်း
၂။ အရွယ်ရောက်သောသားသမီးများသည် မိဘတို့အား “ထိုက်သင့်သောကျေးဇူး” ကိုမည်သို့ဆပ်နိုင်ကြသနည်း။
၂ “[သားမြေးတို့သည်] မိမိတို့အိမ်ထောင်စုအတွင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို လက်တွေ့ကျင့်သုံးကာ မိဘဘိုးဘွားတို့အား ထိုက်သင့်သောကျေးဇူးဆပ်ခြင်းကို မပြတ်ပြုရန် ရှေးဦးစွာသင်ယူကြစေ။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏အမြင်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏” ဟု တမန်တော်ပေါလုက ခရစ်ယာန်တို့အား စာရေးခဲ့သည်။ (၁ တိမောသေ ၅:၄၊ ကဘ) အရွယ်ရောက်သားသမီးများသည် မိဘဘိုးဘွားများက မိမိတို့အား မေတ္တာပြကာ ရှာဖွေလုပ်ကိုင်ကျွေးမွေးစောင့်ရှောက်လာခဲ့သည့် နှစ်ကာလများအတွက် ကျေးဇူးတင်လေးမြတ်စိတ်ပွားခြင်းအားဖြင့် ယင်း “ထိုက်သင့်သော ကျေးဇူးဆပ်ခြင်း” ကိုပြုကြသည်။ သားသမီးများပြုနိုင်သည့်နည်းတစ်နည်းမှာ အသက်ကြီးရင့်သူများသည် အခြားသူအားလုံးကဲ့သို့ပင် မေတ္တာနှင့်အားပေးနှစ်သိမ့်မှုကို လိုအပ်ကြကြောင်း—အများအားဖြင့် အလွန့်အလွန် လိုအပ်တတ်ကြကြောင်း—အသိအမှတ်ပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် သူတို့လည်း တန်ဖိုးထားခြင်းကိုခံလိုကြသည်။ သူတို့၏ဘဝသည် အသုံးဝင်ပါကလားဟူသောခံစားချက်ကို သူတို့လိုအပ်ကြသည်။
၃။ မိဘဘိုးဘွားတို့အား ကျွန်ုပ်တို မည်သို့ရိုသေဂုဏ်တင်နိုင်ကြသနည်း။
၃ သို့ဖြစ်ရာ၊ သူတို့ကို ကျွန်ုပ်တို့ချစ်ကြောင်းသိစေခြင်းအားဖြင့် ကျွန်ုပ်တို့၏မိဘဘိုးဘွားများကို ကျွန်ုပ်တို့ ရိုသေဂုဏ်တင်နိုင်၏။ (၁ ကောရိန္သု ၁၆:၁၄) အကယ်၍ ကျွန်ုပ်တို့၏မိဘများသည် ကျွန်ုပ်တို့နှင့်အတူမနေထိုင်ကြပါက ကျွန်ုပ်တို့ထံမှအကျိုးအကြောင်းကြားသိရခြင်းသည် သူတို့အဖို့များစွာအဓိပ္ပာယ်ရှိကြောင်း သတိရသင့်သည်။ စိတ်ရွှင်လန်းစေသော ပေးစာတစ်စောင်၊ တယ်လီဖုန်းဖြင့်လှမ်း၍ပြောခြင်း သို့မဟုတ် သွားရောက်လည်ပတ်ခြင်းတို့သည် သူတို့အတွက် ပျော်ရွှင်မှုကြီးစွာဖြစ်စေနိုင်ပေသည်။ ဂျပန်နိုင်ငံတွင်နေထိုင်သော မီယိုက အသက် ၈၂ နှစ်တွင် ဤသို့ရေးခဲ့သည်– “ကျွန်မ၏သမီး [ခင်ပွန်းဖြစ်သူမှာ နယ်လှည့်ဓမ္မအမှုဆောင်] က ကျွန်မအားစာရေးပြီး ‘မေမေ၊ ကျွန်မတို့နဲ့ “ခရီးသွား” ပါနော်’ ဟုပြောပါသည်။ သူတို့၏ သီတင်းတစ်ပတ်စီအတွက် ခရီးစဉ်ဇယားနှင့် ဖုန်းနံပါတ်များကိုလည်းပေးပို့ပါသည်။ ဤသို့ဖြင့် ကျွန်မသည် မြေပုံတွင်ကြည့်ပြီး ‘ဟော၊ အခုဆို သူတို့ဒီမှာရောက်နေပြီ!’ ဟုပြောနိုင်ပါသည်။ ဒီလိုကလေးတစ်ယောက်ဖြင့် ကျွန်မကိုကောင်းချီးပေးတော်မူသော ယေဟောဝါအား ကျွန်မကျေးဇူးတင်မဆုံးပါ။”
ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များဖြင့် ထောက်ပင့်ကူညီခြင်း
၄။ မိအိုဖအိုတို့အပေါ် ကြင်နာမှုကင်းခြင်းကို ဂျူးဘာသာရေးထုံးတမ်းစဉ်လာက မည်သို့အားပေးခဲ့သနည်း။
၄ မိဘကိုရိုသေဂုဏ်တင်ခြင်း၌ သူတို့၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဂရုစိုက်ပေးခြင်းပါဝင်နိုင်သလော။ ဟုတ်ကဲ့၊ အများအားဖြင့် ပါဝင်နိုင်ပါသည်။ ယေရှုခေတ် ဂျူးဘာသာရေးခေါင်းဆောင်များက လူတစ်ဦးသည် အကယ်၍ သူ၏ငွေကြေးနှင့်ဓနဥစ္စာများကို “ဘုရားသခင်အတွက် ရည်စူးထားသည့်လှူဖွယ်ဝတ္ထု” ဟုကြေညာပါက သူသည် ယင်းဥစ္စာများဖြင့် မိဘတို့ကိုလုပ်ကျွေးရမည့်တာဝန်မှ ကင်းလွတ်သည်ဟူသောထုံးစံဓလေ့ကို အားပေးကြသည်။ (မဿဲ ၁၅:၃-၆) အကြင်နာတရား ကင်းမဲ့လေစွ! တကယ်တမ်းဆိုလျှင် အဆိုပါဘာသာရေးခေါင်းဆောင်များသည် ပြည်သူတို့အား မိဘတို့ကိုရိုသေမည့်အစား မိဘတို့၏လိုအပ်ချက်များကို တစ်ကိုယ်ကောင်းဆန်ဆန်ငြင်းပယ်ခြင်းအားဖြင့် မထီမဲ့မြင်ပြုရန် အားပေးနေကြခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်တော့မျှ ထိုသို့မပြုလိုပါ!—တရားဟောရာ ၂၇:၁၆။
၅။ နိုင်ငံအချို့၏အစိုးရများက ထောက်ပံ့မှုပေးသည့်တိုင်အောင် မိဘကိုရိုသေဂုဏ်တင်ခြင်း၌ ရံဖန်ရံခါ ငွေကြေးအကူအညီသည် အဘယ်ကြောင့်ပါဝင်တတ်သနည်း။
၅ ယနေ့ နိုင်ငံများစွာတို့၌ အစိုးရအထောက်အပံ့ခံ လူမှုရေးအစီအစဉ်များက စား၊ ဝတ်၊ နေရေးကဲ့သို့သော သက်ကြီးရွယ်အိုတို့၏လိုအပ်ချက်အချို့ကို ထောက်ပံ့ပေးသည်။ ဤသည်အပြင် သက်ကြီးရွယ်အိုများကိုယ်တိုင်ကလည်း မိမိတို့အတွက် အိုစာမင်းစာအချို့ စုဆောင်းထားကောင်းစုဆောင်းထားနိုင်ပေမည်။ သို့သော် စုဆောင်းထားရာများကုန်ခန်းလျှင် သို့မဟုတ် မလောက်မငဖြစ်လျှင် မိဘတို့၏လိုအပ်ချက်ပြည့်ဝအောင် တတ်အားသ၍လုပ်ဆောင်ပေးခြင်းအားဖြင့် သားသမီးတို့သည် မိဘတို့ကို ရိုသေဂုဏ်တင်သမှုပြုကြသည်။ အမှန်တရားမှာ မိအိုဖအိုတို့ကိုစောင့်ရှောက်ခြင်းသည် မိသားစုအစီအစဉ်၏စထွင်ရှင် ယေဟောဝါဘုရားသခင်အတွက် မိမိကိုယ်ကိုမြှုပ်နှံခြင်းတည်းဟူသော ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၏ သက်သေအထောက်အထားပင်ဖြစ်ပေသည်။
မေတ္တာနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှု
၆။ မိဘတို့၏လိုအပ်ချက်များကို ဂရုစိုက်ပေးနိုင်ရန်အလို့ငှာ အချို့က မည်သို့သောနေရေးထိုင်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြပြီနည်း။
၆ အရွယ်ရောက်သားသမီးများစွာတို့သည် မေတ္တာနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုဖြင့် အသက်ကြီး၍ မမာမကျန်းဖြစ်သောမိဘတို့၏ လိုအပ်ချက်များကို တုံ့ပြန်ခဲ့ကြပေပြီ။ အချို့က မိဘတို့ကိုမိမိတို့နေအိမ်သို့ ခေါ်ထားကြသည်။ သို့မဟုတ် မိဘတို့၏အနီးအပါးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အချို့က မိဘတို့နှင့်အတူ ပြောင်းရွှေ့နေထိုင်ကြသည်။ မကြာခဏတွေ့ရတတ်သည်မှာ ယင်းသို့သောစီစဉ်မှုများသည် မိဘနှင့်သားသမီး နှစ်ဖက်စလုံးအတွက် ကောင်းချီးများဖြစ်စေတတ်ခြင်းပင်။
၇။ မိအိုဖအိုတို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာ၌ အလောတကြီးမပြုမူခြင်းသည် အဘယ်ကြောင့်ကောင်းသနည်း။
၇ သို့သော်၊ တစ်ခါတစ်ရံတွင်မူ ယင်းသို့သောလုပ်ဆောင်မှုများသည် မျှော်လင့်သကဲ့သို့ အကောင်းဖြစ်မလာတတ်ချေ။ အဘယ်ကြောင့်နည်း။ ဆုံးဖြတ်ချက်များကို အလောတကြီးချမှတ်၍၊ သို့မဟုတ် စိတ်လှုပ်ရှားမှုတစ်ခုတည်းပေါ်အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ “အကင်းပါးသောသူသည် မိမိခြေလှမ်းများကို ဆင်ခြင်ပိုင်းခြားတတ်၏” ဟုသမ္မာကျမ်းစာက ပညာရှိစွာသတိပေးထားသည်။ (သု. ၁၄:၁၅၊ ကဘ) သာဓကအနေဖြင့် သင့်မိခင်အိုသည် တစ်ဦးတည်းနေထိုင်ရာ၌ အခက်အခဲရှိသဖြင့် သူ့အား သင့်ထံပြောင်းရွှေ့နေထိုင်စေပါက သူ့အတွက်အကျိုးဖြစ်ထွန်းမည်ဟု သင်စဉ်းစားသည်ဆိုပါစို့။ သင့်ခြေလှမ်းများကို အကင်းပါးစွာဆင်ခြင်ပိုင်းခြားရာ၌ ဤအချက်များကို သင်ဆင်ခြင်သုံးသပ်ဖွယ်ရှိသည်– တကယ်တမ်းအားဖြင့် သူဘာကိုလိုအပ်နေသနည်း။ အခြားလက်ခံနိုင်ဖွယ်ဖြေရှင်းနည်းကို ကမ်းလှမ်းသည့်ပုဂ္ဂလိက သို့မဟုတ် အစိုးရထောက်ပံ့ခံ ဝန်ဆောင်လုပ်ငန်းများရှိသလော။ သူပြောင်းရွှေ့လိုသလော။ ပြောင်းရွှေ့ပါက မည်သည့်နည်းဖြင့် သူ၏ဘဝကိုထိခိုက်နိုင်သနည်း။ မိတ်ဆွေများကို ချန်ရစ်ထားရန်ရှိသလော။ ဤသည်က စိတ်လှုပ်ရှားမှုပိုင်းတွင် သူ့အား မည်သို့ထိခိုက်နိုင်သနည်း။ ဤအရာများကို သင် သူနှင့်ဆွေးနွေးပြီးပြီလော။ ယင်းသို့ပြောင်းရွှေ့ခြင်းက သင်၊ သင့်ဇနီးနှင့် သင့်သားသမီးတို့အား မည်သို့ထိခိုက်နိုင်သနည်း။ သင့်မိခင်အနေဖြင့် ပြုစုမှုလိုအပ်ပါက မည်သူပြုစုမည်နည်း။ ယင်းတာဝန်ကို မျှဝေယူ၍ရမည်လော။ တိုက်ရိုက်သက်ဆိုင်သူအားလုံးတို့နှင့် ဤကိစ္စကို သင်ဆွေးနွေးပြီးပြီလော။
၈။ သက်ကြီးရွယ်အိုမိဘတို့အား မည်သို့ကူညီမည်ကိုဆုံးဖြတ်ရာ၌ မည်သူတို့နှင့် သင်တိုင်ပင်နိုင်ကောင်းတိုင်ပင်နိုင်သနည်း။
၈ ပြုစုစောင့်ရှောက်မှုတာဝန်သည် မိသားစုအတွင်းရှိ သားသမီးအားလုံးတို့နှင့်သက်ဆိုင်ရကား ဆုံးဖြတ်ချက်ချရာ၌ အားလုံးပါဝင်နိုင်ဖို့အတွက် မိသားစုကွန်ဖရင့်ကျင်းပလျှင် ပညာရှိရာရောက်မည်။ ခရစ်ယာန်အသင်းတော်ထဲမှ အကြီးအကဲများ သို့မဟုတ် အလားတူအခြေအနေမျိုး ရင်ဆိုင်ပြီးခဲ့သည့်မိတ်ဆွေများအား တိုင်ပင်ခြင်းဖြင့်လည်း အထောက်အကူရနိုင်ပေသည်။ “တိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏” ဟုသမ္မာကျမ်းစာက သတိပေးထားသည်။—သု. ၁၅:၂၂။
ကိုယ်ချင်းစာနာပါ၊ နားလည်မှုရှိပါ
၉၊ ၁၀။ (က) တိုး၍အိုမင်းလာကြသည့်တိုင်အောင် သက်ကြီးရွယ်အိုတို့အား မည်သို့သောစာနာထောက်ထားမှုကို ပေးသင့်သနည်း။ (ခ) အရွယ်ရောက်သောသားသမီးတစ်ဦးအနေဖြင့် မိဘတို့အတွက် မည်သို့သောခြေလှမ်းကိုလှမ်းသည်ဖြစ်စေ၊ သူတို့အား မည်သည့်အရာကို အမြဲပေးသင့်သနည်း။
၉ မိအိုဖအိုများကို ရိုသေဂုဏ်တင်ခြင်း၌ ကိုယ်ချင်းစာတရားနှင့် နားလည်မှုလိုအပ်သည်။ သူတို့ပို၍အိုမင်းလာသည်နှင့်အမျှ ခြေလှမ်းရန်၊ အစာစားရန်၊ မှတ်မိရန် ပို၍အခက်အခဲတွေ့လာနိုင်သည်။ သူတို့ အကူအညီလိုနိုင်သည်။ မကြာခဏ သားသမီးများက အစိုးရိမ်ပိုကာ လမ်းညွှန်ကြပ်မတ်မှုများ ပေးတတ်ကြသည်။ သို့သော်၊ သက်ကြီးရွယ်အိုများသည် ဉာဏ်ပညာနှင့်အတွေ့အကြုံကို တစ်သက်လုံးရှာမှီးစုဆောင်းလာခဲ့သူ၊ တစ်သက်လုံး ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး မိမိဘာသာဆုံးဖြတ်ချက်ချလာခဲ့သူများဖြစ်ကြသည်။ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းနှင့် ကိုယ့်သိက္ခာကိုလေးစားခြင်းတို့သည် သူတို့၏ လူကြီးမိဘအဖြစ်အနေပေါ်တွင် ဗဟိုပြုကောင်းပြုမည်ဖြစ်သည်။ ကိုယ့်ဘဝကို စီမံထိန်းချုပ်ပိုင်ခွင့်အား သားသမီးများလက်သို့ ဝကွက်အပ်ရတော့မည်ဟူသောအသိကြောင့် မိဘများသည် စိတ်ညှိုးငယ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းပင် ဖြစ်ကောင်းဖြစ်ကြမည်။ အချို့ဆိုလျှင် သူတို့၏အမှီအခိုကင်းလွတ်မှုကို လုယူမည့်အားထုတ်မှုဟု သူတို့ရှုမြင်သည့်လုပ်ရပ်များကို မကျေမနပ်နှင့်ခုခံတတ်ကြသည်။
၁၀ ယင်းသို့သောပြဿနာများအတွက် လွယ်ကူသောဖြေရှင်းနည်းဟူ၍မရှိပါ။ သို့သော်၊ သူတို့အား ကိုယ့်ကိုယ်ကိုစောင့်ရှောက်ခွင့်နှင့် မိမိဘာသာဆုံးဖြတ်ခွင့်တို့ကို အဖြစ်နိုင်ဆုံးအတိုင်းအတာဖြင့် ပေးထားပါက ကြင်နာရာရောက်ပေသည်။ သူတို့နှင့်ရှေးဦးစွာ တိုင်ပင်ခြင်းမရှိဘဲ မည်သည့်အရာသည် သူတို့အတွက်အကောင်းဆုံးဖြစ်သည်ကို ဆုံးဖြတ်ခြင်းမပြုလျှင် ပညာရှိရာရောက်ပေသည်။ သူတို့သည် များစွာဆုံးရှုံးခဲ့ပြီးဖြစ်နိုင်သည်။ သူတို့၌ကျန်ရှိသေးသည့်အရာများကို ထိန်းထားခွင့်ပြုပါလေ။ သူတို့၏ဘဝကိုထိန်းချုပ်ဖို့ သင်အားထုတ်ခြင်းနည်းပါးလေလေ သူတို့နှင့်သင့်အကြားဆက်ဆံရေး ပို၍ကောင်းမွန်လေလေဖြစ်ကြောင်း သင်တွေ့မြင်ရာ၏။ သူတို့ပို၍ပျော်ရွှင်လာမည်ဖြစ်ပြီး သင်လည်းအလားတူပျော်ရွှင်လိမ့်မည်။ သူတို့၏ကောင်းကျိုးအတွက် သူတို့ကိုဖိအားပေးရန် လိုအပ်သည့်အချို့ကိစ္စများ၌ပင် သူတို့ရရှိထိုက်သည့်ဂုဏ်သိက္ခာနှင့် ရိုသေလေးစားမှုကို သူတို့အားခံယူစေရန် မိဘကိုရိုသေဂုဏ်တင်ခြင်းတရားက တောင်းဆို၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်က “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်” ဟုအကြံပေးထားသည်။—ဝတ်ပြုရာ ၁၉:၃၂။
မှန်ကန်သောသဘောထားကို ထိန်းသိမ်းခြင်း
၁၁-၁၃။ မိဘတို့နှင့် ယခင်က ဆက်ဆံရေးမကောင်းခဲ့သည့်တိုင်အောင် အိုမင်းလာသည့်အရွယ်တွင် သူတို့အားစောင့်ရှောက်ရေးဟူသောစိန်ခေါ်ချက်ကို အရွယ်ရောက်သားသမီးတစ်ဦးအနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
၁၁ မိအိုဖအိုများအား ရိုသေဂုဏ်တင်ရေးတွင် တစ်ခါတစ်ရံ အရွယ်ရောက်သားသမီးများ ရင်ဆိုင်ရသည့်ပြဿနာမှာ သူတို့နှင့်သူတို့မိဘများကြား ယခင်ကရှိခဲ့သည့်ဆက်ဆံရေးနှင့် အကျုံးဝင်ပတ်သက်နေတတ်သည်။ သင့်ဖခင်သည် အေးတိအေးစက်နှင့် ချစ်ခင်ယုယတတ်မှုကင်းမဲ့ကာ မိခင်သည် ပိုင်စိုးပိုင်နင်းနှင့် ရုန့်ရင်းကြမ်းတမ်းသူ ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ သူတို့သည် သင်လိုလားသောမိဘမျိုး မဟုတ်ခဲ့သဖြင့် ယနေ့တိုင် သင်သည် မချင့်မရဲဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ သို့မဟုတ်နာကြည်းခြင်းဖြစ်ကောင်းဖြစ်မည်။ ယင်းသို့သောခံစားချက်များကို သင်အောင်မြင်ကျော်လွှားနိုင်မည်လော။a
၁၂ ဖင်လန်နိုင်ငံတွင်ကြီးပြင်းလာသည့် ဘာဆာဆိုသူက ဤသို့ပြန်လည်ပြောပြသည်– “ကျွန်တော့်ပထွေးဟာ နာဇီဂျာမနီမှာ အက်စ်အက်စ် အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်တတ်တယ်။ ကြောက်စရာလည်းကောင်းတယ်။ ကျွန်တော့်ရှေ့မှာလည်း အမေကို ခဏခဏရိုက်တယ်။ တစ်ခါကျတော့ သူ ကျွန်တော့်ကိုစိတ်ဆိုးတယ်။ သူ့ခါးပတ်နဲ့လွှဲပြီး ခါးပတ်ခေါင်းနဲ့ ကျွန်တော့်မျက်နှာကိုရိုက်လိုက်တာ ကျွန်တော်လည်းနာလွန်းလို့ ခုတင်ပေါ်ကနေ လိမ့်ကျသွားတော့တာပဲ။”
၁၃ သို့ဖြစ်သည့်တိုင်၊ ရုပ်ပုံလွှာ၏အခြားတစ်ဖက်ရှိပါသည်။ ဘာဆာက ဆက်လက်ပြောပြသည်– “အခြားတစ်ဖက်မှာတော့ သူဟာ အလုပ်ကိုအရမ်းကြိုးစားပြီး မိသားစုကိုရုပ်ပိုင်းဆိုင်ရာအရ စောင့်ရှောက်တဲ့နေရာမှာ သူ့ကိုယ်သူ မညှာတတ်ဘူးဗျ။ ဖခင်တစ်ဦးရဲ့ချစ်ခင်စုံမက်မှုမျိုး ကျွန်တော့်အပေါ်မှာ ဘယ်တော့မှမပြတာကတော့ သူဟာ စိတ်လှုပ်ရှားမှုပိုင်းမှာ ဒဏ်ရာဒဏ်ချက်ရထားလို့ပဲဆိုတာ ကျွန်တော်သိတယ်။ သူငယ်ငယ်တုန်းက သူ့အမေက သူ့ကိုအိမ်ကနှင်ထုတ်ပစ်တယ်လေ။ သူဟာ လက်သီးအားကိုးနဲ့ကြီးပြင်းလာပြီး လူငယ်တစ်ဦးအနေနဲ့ စစ်ထဲဝင်သွားတယ်။ တစ်စုံတစ်ခုသောအတိုင်းအတာအထိ ကျွန်တော်နားလည်သဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်အပြစ်မတင်ပါဘူး။ ကျွန်တော်ကြီးပြင်းလာတဲ့အခါ သူကွယ်လွန်တဲ့အထိ သူ့ကို ကျွန်တော်တတ်နိုင်သလောက် ကူညီချင်တာပေါ့။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်သလောက်တော့ လုပ်ပေးခဲ့ပါတယ်။ သားလိမ္မာတစ်ဦးဖြစ်ဖို့ ကျွန်တော်နောက်ဆုံးအထိကြိုးစားခဲ့တယ်၊ သူကလည်း ကျွန်တော့်ကို လိမ္မာတဲ့သားတစ်ဦးအဖြစ် လက်ခံခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
၁၄။ အဘယ်ကျမ်းစာဆုံးမစကားသည် မိအိုဖအိုများကိုစောင့်ရှောက်ခြင်း၌ ပေါ်ပေါက်တတ်သည့်အခြေအနေအပါအဝင် အခြေအနေအားလုံး၌ အကျုံးဝင်သနည်း။
၁၄ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟူသောကျမ်းစာအကြံပေးချက်သည် အခြားကိစ္စများမှာကဲ့သို့ပင် မိသားစုအခြေအနေနှင့်လည်း သက်ဆိုင်ပေသည်။—ကောလောသဲ ၃:၁၂၊ ၁၃။
စောင့်ရှောက်သူလည်း မိမိကိုယ်ကို စောင့်ရှောက်ရန်လိုအပ်
၁၅။ မိဘတို့ကိုစောင့်ရှောက်ခြင်းသည် အဘယ်ကြောင့် တစ်ခါတစ်ရံ စိတ်ပင်ပန်းစရာကောင်းတတ်သနည်း။
၁၅ အိုမင်းမစွမ်းသောမိဘများကို စောင့်ရှောက်ရခြင်းသည် အလုပ်ကြမ်းပင်ဖြစ်သည်။ ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့်အလုပ် များစွာပါဝင်ပြီး တာဝန်လည်းများပြားသည်။ နာရီပေါင်းများစွာသုံးရသည်။ သို့သော် အခက်ခဲဆုံးသောအပိုင်းမှာ စိတ်လှုပ်ရှားမှုပိုင်းဖြစ်လေ့ရှိသည်။ သင့်မိဘများ ကျန်းမာရေး၊ မှတ်ဉာဏ်နှင့် မိမိကိုယ်ကိုမိမိအားကိုးနိုင်စွမ်း ဆုတ်ယုတ်လာသည်ကို စောင့်ကြည့်ရသည်မှာ စိတ်မကောင်းကြီးစွာဖြစ်စရာပင်။ ပွာတိုရီကိုနိုင်ငံမှ စန္ဒီဆိုသူက ယခုလိုပြန်ပြောင်းပြောပြသည်– “ကျွန်မရဲ့အမေဟာ ကျွန်မတို့မိသားစုရဲ့ နှလုံးသည်းပွတ်ပေါ့။ သူ့ကိုစောင့်ရှောက်ရတာ အရမ်းပဲစိတ်မကောင်းစရာဖြစ်ခဲ့တယ်။ ပထမဆုံး သူစပြီးခြေဆာလာတယ်။ နောက်တော့ တုတ်ကောက်သုံးဖို့လိုလာတယ်။ အဲဒီနောက် ချိုင်းထောက်။ အဲဒီနောက်မှာ ဘီးတပ်ကုလားထိုင်နဲ့နေရတယ်။ အဲဒီကနေ တောက်လျှောက်တစ်သမတ်တည်း အခြေအနေဆုတ်ယုတ်သွားပြီး ကွယ်လွန်သွားတော့တာပါပဲ။ သူဟာ အရိုးကင်ဆာဖြစ်လာပြီး နေ့ရောညပါ မနားတမ်းကြည့်ရှုပေးဖို့ လိုအပ်လာတယ်။ ကျွန်မတို့ သူ့ကိုရေချိုးပေးတယ်။ အစာကျွေးတယ်။ စာဖတ်ပြတယ်။ တကယ်ပင်ပန်းတဲ့အလုပ်ပါပဲ—အထူးသဖြင့် စိတ်လှုပ်ရှားမှုပိုင်းမှာပေါ့လေ။ အမေဆုံးတော့မှာကို သိရတဲ့အခိုက်မှာ ကျွန်မငိုချတော့တာပေါ့။ ကျွန်မသူ့ကို သိပ်ချစ်တာကိုး။”
၁၆၊ ၁၇။ မည်သည့်အကြံပေးချက်က စောင့်ရှောက်မှုပေးသူအား အရာရာကို မျှမျှတတရှုမြင်တတ်ရန် ကူညီမည်နည်း။
၁၆ အလားတူအခြေအနေမျိုးအောက် သင်ကျရောက်လျှင် သင်မည်သို့အောင်မြင်နိုင်မည်နည်း။ ကျမ်းစာဖတ်ခြင်းအားဖြင့် ယေဟောဝါ၏စကားတော်ကိုကြားနာခြင်း၊ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နှင့်စကားပြောဆိုခြင်းတို့က သင့်အားများစွာထောက်မနိုင်မည်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) လက်တွေ့ကျသောနည်းဖြင့် အာဟာရမျှတသောအစာကို စားသုံးပါ။ အိပ်ရေးဝအောင် ကြိုးစားပါလေ။ ဤနည်းဖြင့် သင်သည် သင်ချစ်ရသူအား ကြည့်ရှုစောင့်ရှောက်ရန် စိတ်လှုပ်ရှားမှုနှင့်ကာယပိုင်း နှစ်တန်စလုံး၌ ပိုမိုကောင်းမွန်သောအခြေအနေတွင်ရှိပါလိမ့်မည်။ သင်သည် နေ့စဉ်ပုံမှန်အလုပ်မှ အခါအားလျော်စွာ ခေတ္တအနားယူခြင်းကို စီစဉ်နိုင်ကောင်းစီစဉ်နိုင်ပေမည်။ ရက်အားယူရန်မဖြစ်နိုင်သည့်တိုင် ဖြေလျှော့အနားယူချိန်ကို စီစဉ်ခြင်းသည်လည်း ပညာရှိရာရောက်ပေသည်။ ခေတ္တရှောင်ရှားချိန်ရနိုင်အောင် နာမကျန်းဖြစ်နေသော သင့်မိဘနှင့်အတူနေပေးရန် တစ်စုံတစ်ဦးအား သင်စီစဉ်နိုင်ရာ၏။
၁၇ အရွယ်ရောက်သော စောင့်ရှောက်မှုပေးသူများအနေဖြင့် မဖြစ်နိုင်သောမျှော်မှန်းချက်များ ထားမိတတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ သို့သော် သင်မတတ်နိုင်သောအရာအတွက် မိမိကိုယ်ကိုအပြစ်မမြင်ပါနှင့်။ အချို့အခြေအနေများတွင် သင့်ချစ်ရသူအား အိုမင်းမစွမ်းနှင့်နာမကျန်းသူများကို စောင့်ရှောက်သည့်ဂေဟာတစ်ခုခုတွင် အပ်နှံရန်လိုကောင်းလိုပေမည်။ သင်သည် စောင့်ရှောက်မှုပေးသူဖြစ်ပါက ကျိုးကြောင်းဆီလျော်သောမျှော်မှန်းချက်များကို ထားရှိပါ။ မိဘတို့၏လိုအပ်ချက်ကိုသာမဟုတ်ဘဲ သင့်သားသမီးများ၊ သင့်ကြင်ဖော်နှင့် သင်ကိုယ်တိုင်၏လိုအပ်ချက်များကိုလည်း ထည့်သွင်းချင့်ချိန်ပါလေ။
သာမန်ထက်ကျော်လွန်သောခွန်အား
၁၈၊ ၁၉။ ယေဟောဝါက မည်သို့သောထောက်မမှုကတိကို ပေးထားတော်မူသနည်း။ ယင်းကတိတော်ကို ကိုယ်တော်စောင့်ထိန်းကြောင်း မည်သည့်တွေ့ကြုံမှုကပြသနည်း။
၁၈ မိအိုဖအိုတို့ကို စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ လူတစ်ဦးအား ကြီးစွာအထောက်အကူပြုနိုင်သည့်လမ်းညွှန်ချက်ကို သမ္မာကျမ်းစာတည်းဟူသော မိမိ၏နှုတ်မြွက်တရားတော်အားဖြင့် ယေဟောဝါ ထောက်ပံ့ပေးထားတော်မူ၏။ သို့သော် ယင်းတစ်ခုတည်းမကပါ။ “ထာဝရဘုရားသည် [ဆုတောင်း] သောသူအပေါင်း . . .တို့၏ အနီးအပါး၌ရှိတော်မူ၏။ . . . သူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏” ဟုဆာလံဆရာက ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် ရေးခဲ့ပေသည်။ ယေဟောဝါသည် အဆိုးရွားဆုံးသောအခြေအနေများအောက်၌ပင် မိမိ၏သစ္စာရှိသူတို့အား ကယ်တင်စောင့်ရှောက်တော်မူမည်သာဖြစ်သည်။—ဆာလံ ၁၄၅:၁၈၊ ၁၉။
၁၉ ဖိလစ်ပိုင်နိုင်ငံမှ မာရ်နာဆိုသူက လေသင်တုန်းကြောင့် ဘာမျှမလုပ်နိုင်သောဘဝ ရောက်သွားရှာသည့်မိခင်အား ပြုစုစောင့်ရှောက်ရာမှ ယင်းအချက်ကို သိနားလည်ခဲ့ရသည်။ “ချစ်ရသူတစ်ဦးက ဘယ်နေရာမှာ နာလို့နာမှန်းမပြောနိုင်ဘဲ ဝေဒနာခံစားနေတာကို မြင်ရတာလောက် စိတ်မချမ်းမြေ့စရာ မရှိတော့ပါဘူး။ တဖြည်းဖြည်းချင်း ရေနစ်သွားတာကို ကြည့်နေရသလိုပါပဲ။ ကျွန်မလုပ်နိုင်တာလဲ ဘာမှမရှိဘူး။ ယေဟောဝါဆီကို အကြိမ်ပေါင်းများစွာ ဒူးထောက်ဆုတောင်းပြီး ကျွန်မဘယ်လောက်ပင်ပန်းမောဟိုက်နေတယ်ဆိုတာကို တိုင်တည်တယ်။ သူ့ရဲ့မျက်ရည်တွေကို ဘူးထဲမှာထည့်ပြီး သူ့ကိုမှတ်မိဖို့ ယေဟောဝါကို အသနားခံခဲ့တဲ့ဒါဝိဒ်လို ကျွန်မအော်ဟစ်ခဲ့တယ်။ [ဆာလံ ၅၆:၈] ယေဟောဝါဟာ ကတိတော်ရှိတဲ့အတိုင်းပဲ ကျွန်မလိုအပ်တဲ့ခွန်အားကို ပေးတော်မူခဲ့ပါတယ်။ ‘ယေဟောဝါဟာ ကျွန်မအတွက်ထောက်မသူအဖြစ် ကြွလာတော်မူ’ ပါတယ်” ဟုမာရ်နာကစာရေးသားသည်။—ဆာလံ ၁၈:၁၈၊ ကဘ။
၂၀။ မိမိတို့စောင့်ရှောက်ခံရသူ ဆုံးပါးသည့်တိုင်အောင် အဘယ်ကျမ်းစာကတိများက စောင့်ရှောက်မှုပေးသူတို့အား ဆက်လက်၍အကောင်းမြင်ရန် ထောက်ကူသနည်း။
၂၀ မိအိုဖအိုတို့ကို စောင့်ရှောက်ရခြင်းသည် “ဇာတ်သိမ်းမလှသော ပုံပြင်တစ်ပုဒ်ဖြစ်သည်” ဟုပြောစမှတ်ပြုကြသည်။ အကောင်းဆုံးကြိုးစားစောင့်ရှောက်မှု ပေးသည့်ကြားမှပင် သက်ကြီးရွယ်အိုများသည် မာရ်နာ၏မိခင်ကဲ့သို့ပင် သေဆုံးသွားနိုင်ကြပါသည်။ သို့သော်၊ ယေဟောဝါအား ယုံကြည်ကိုးစားသူများကမူ သေခြင်းသည် ဇာတ်လမ်း၏အဆုံးသတ်နိဂုံးမဟုတ်ကြောင်း သိထားကြပါသည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ် . . . ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏” ဟုတမန်တော်ပေါလုကဆိုခဲ့သည်။ (တမန်တော် ၂၄:၁၅) သက်ကြီးရွယ်အိုမိဘများနှင့် သေကွဲကွဲကြရရှာသူများသည် ဘုရားသခင်ပြုလုပ်သည့်၊ “နောက်တစ်ဖန် သေဘေးမရှိရ” တော့သည့် နေချင့်စဖွယ်ကမ္ဘာသစ်ဆိုင်ရာ ကတိတော်အပါအဝင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်တို့၌ နှစ်သိမ့်မှုကိုရရှိကြပါသည်။—ဗျာဒိတ် ၂၁:၄။
၂၁။ မိအိုဖအိုတို့ကို ရိုသေဂုဏ်တင်ခြင်းမှ အဘယ်အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာသနည်း။
၂၁ ဘုရားသခင့်အစေခံများသည် မိမိတို့၏မိဘများ အိုမင်းရင့်ရော်ကြပြီဖြစ်သည့်တိုင်အောင် မိဘများအပေါ် နက်ရှိုင်းသောကြည်ညိုလေးမြတ်မှုကို ထားရှိကြပါသည်။ (သု. ၂၃:၂၂-၂၄) သူတို့အား ရိုသေဂုဏ်တင်ကြပါသည်။ ယင်းသို့ပြုခြင်းအားဖြင့် “သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်” ဟူသော ဝိညာဉ်တော်လှုံ့ဆော်ချက်ဖြင့် ရေးထားသည့်ပညာရှိစကား မည်မျှမှန်ကန်သည်ကို ကိုယ်တိုင်တွေ့မြင်ကြရပေသည်။ (သု. ၂၃:၂၅) ပို၍အရေးကြီးသည်မှာ မိမိတို့၏မိအိုဖအိုများကို ရိုသေဂုဏ်တင်ခြင်းပြုသောသူတို့သည် ယေဟောဝါဘုရားသခင်ကိုလည်း ရိုသေဂုဏ်တင်ကာ စိတ်တော်ကိုရွှင်လန်းစေကြသည် ဟူသည့်အချက်ပင်တည်း။
a ဤနေရာတွင် ရာဇဝတ်မှုမြောက်သည်ဟု ယူဆရသည်အထိ မိဘများက မိမိတို့၏အခွင့်အာဏာနှင့် အုပ်ထိန်းမှုတာဝန်ကို လွန်ကဲစွာအလွဲသုံးစားပြုသည့် အခြေအနေမျိုးကို ကျွန်ုပ်တို့ဆွေးနွေးနေခြင်းမဟုတ်ပါ။
-
-
သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါမိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
-
-
အခန်း တစ်ဆယ့်ခြောက်
သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါ
၁။ မိသားစုအစီအစဉ်အတွက် ယေဟောဝါ၏ရည်ရွယ်တော်မူရင်းကား အဘယ်နည်း။
အဒံနှင့်ဧဝတို့အား ထိမ်းမြားမင်္ဂလာအားဖြင့် ယေဟောဝါပေါင်းဖက်ပေးတော်မူခဲ့သောအခါ အာဒံက ရှေးအကျဆုံးမှတ်တမ်းဝင် ဟီးဘရူးကဗျာတစ်ပုဒ်ကို ရွတ်ဆိုခြင်းအားဖြင့် သူ၏နှစ်ထောင်းအားရမှုကို ဖော်ကျူးခဲ့သည်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) သို့သော် ဖန်ဆင်းရှင်အနေဖြင့် မိမိ၏လူသားသားသမီးများအား ပျော်မွေ့စေရန်သက်သက်ထက်မက ပို၍အကြံတော်ရှိပေသည်။ မင်္ဂလာစုံတွဲများနှင့် မိသားစုများတို့အား မိမိ၏အလိုတော်ကို ကျင့်ဆောင်စေလိုတော်မူ၏။ ကမ္ဘာဦးစုံတွဲအား ကိုယ်တော်က “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ခမ်းနား၍အကျိုးများသော တာဝန်အပ်နှင်းချက်ပါတကား! အာဒံနှင့်ဧဝတို့အနေဖြင့် ယေဟောဝါ၏အလိုတော်ကို နာခံမှုအပြည့်ဖြင့် လုပ်ဆောင်ခဲ့ကြပါက သူတို့နှင့်သူတို့၏ နောင်လာနောက်သားများ မည်မျှတိုင်ပျော်ရွှင်ကြမည်တကား!
၂၊ ၃။ မိသားစုများသည် အကြီးမားဆုံးသောပျော်ရွှင်မှုကို ယနေ့ မည်သို့ရနိုင်ကြသနည်း။
၂ ယနေ့လည်း မိသားစုတို့သည် ဘုရားသခင်၏အလိုတော်ကို အတူတကွလုပ်ဆောင်ကြသောအခါ အပျော်ရွှင်ဆုံးဖြစ်ကြသည်။ “ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုသည် ယခုဘဝနှင့် လာမည့်ဘဝတို့နှင့်ဆိုင်သော ကတိတော်ကိုရထားသဖြင့် အရာရာ၌အကျိုးပေး၏” ဟုတမန်တော်ပေါလုကရေးသားခဲ့သည်။ (၁ တိမောသေ ၄:၈၊ ကဘ) ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကိုပြုကာ ယေဟောဝါ၏လမ်းညွှန်ချက်ကို သမ္မာကျမ်းစာ၌ပါရှိသည့်အတိုင်း လိုက်နာသောမိသားစုသည် “ယခုဘဝ” ၌ပျော်ရွှင်ကြမည်ဖြစ်သည်။ (ဆာလံ ၁:၁-၃; ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆) မိသားစုဝင်တစ်ဦးတည်းက ကျမ်းစာအခြေခံမူများကိုကျင့်သုံးလျှင်ပင် တစ်ဦးမကျင့်သုံးသည်ထက် ပို၍အကျိုးထူးပေသည်။
၃ မိသားစုပျော်ရွှင်မှုကိုဖြစ်စေသည့် ကျမ်းစာအခြေခံမူများစွာတို့ကို ဤစာအုပ်တွင် ဆွေးနွေးတင်ပြခဲ့ပေပြီ။ ယင်းတို့အနက် အချို့မှာ ဤစာအုပ်တစ်လျှောက်လုံးတွင် ထပ်ခါထပ်ခါတွေ့ရှိရကြောင်း သင်သတိထားမိပါလိမ့်မည်။ အဘယ်ကြောင့် ယင်းသို့တွေ့ရှိရသနည်း။ အကြောင်းမှာ ယင်းတို့သည် မိသားစု၏မျက်နှာစာအဖြာဖြာတွင် အားလုံး၏ကောင်းကျိုးကိုဖြစ်ထွန်းစေသည့် ဩဇာထက်မြက်သောအမှန်တရားကို ဖော်ညွှန်းကြ၍ဖြစ်သည်။ ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုသည် အမှန်ပင် ‘ယခုဘဝနှင့်ဆိုင်သောကတိတော်ကိုရ’ ကြောင်း ယင်းကျမ်းစာအခြေခံမူများကို ဝါယမစိုက်ထုတ်ကျင့်သုံးသည့်မိသားစု တွေ့မြင်ရပေသည်။ အရေးကြီးသောထိုအခြေခံမူများအနက် လေးခုကို ပြန်၍သုံးသပ်ကြပါစို့။
မိမိကိုယ်ကို ထိန်းချုပ်ခြင်း၏တန်ဖိုး
၄။ အိမ်ထောင်ရေး၌ မိမိကိုယ်ကိုထိန်းချုပ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၄ “ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ၏” ဟုရှောလမုန်မင်းကြီးကဆိုခဲ့သည်။ (သု. ၂၅:၂၈; ၂၉:၁၁) မိမိကိုယ်ကိုထိန်းချုပ်မှုကို လက်တွေ့ကျင့်သုံးခြင်းဖြစ်သည့် ကိုယ်စိတ်ကိုချုပ်တည်းခြင်းသည် ပျော်ရွှင်သောအိမ်ထောင်ကိုလိုလားသူများအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဒေါသစိတ် သို့မဟုတ် မကောင်းသောတပ်မက်မှုကဲ့သို့သော အဖျက်စွမ်းအားရှိသည့် စိတ်လှုပ်ရှားမှုများကို အရှုံးပေးခြင်းသည်—အကယ်၍ ပြန်လည်ကုစား၍ရသည်ပဲထား—နှစ်နှင့်ချီ၍ ပြန်လည်ကုစားနေရသည့် ထိခိုက်နစ်နာမှုများကို ဖြစ်စေမည်ဖြစ်သည်။
၅။ မစုံလင်သောလူသားတစ်ဦးသည် မိမိကိုယ်ကိုထိန်းချုပ်ခြင်းကို မည်သို့ပျိုးထောင်ယူနိုင်သနည်း။ အဘယ်အကျိုးတရား ခံစားရမည်နည်း။
၅ မှန်ပါသည်၊ အာဒံ၏အဘယ်နောင်လာနောက်သားတစ်ဦးကမျှ မိမိ၏မစုံလင်သောလူ့သဘာဝကို အပြည့်အဝမထိန်းချုပ်နိုင်ပါ။ (ရောမ ၇:၂၁၊ ၂၂) သို့လျက်နှင့် မိမိကိုယ်ကိုထိန်းချုပ်ခြင်းသည် ဝိညာဉ်တော်၏အသီးတစ်ခု ဖြစ်လျက်ရှိပေသေးသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်ရာ ဤအရည်အသွေးအတွက်ဆုတောင်းကြပါက၊ ကျမ်းစာပါ လျော်ကန်သင့်မြတ်သောအကြံများကို လက်တွေ့အသုံးချကြပါက၊ ထို့အပြင် ဤအရည်အသွေး တင်ပြသူများနှင့်ပေါင်းသင်းကာ မတင်ပြသူများကိုရှောင်ရှားကြပါက ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အတွင်း၌ မိမိကိုယ်ကိုထိန်းချုပ်ခြင်းသဘောကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၀၊ ၁၀၁၊ ၁၃၀; သု. ၁၃:၂၀; ၁ ပေတရု ၄:၇) သွေးဆောင်ခြင်းခံရသည့်တိုင် “မတရားသောမေထုန်ကို ကြဉ်ရှောင်” စေရန် ယင်းသို့သောလမ်းစဉ်က ကျွန်ုပ်တို့အား ထောက်ကူမည်ဖြစ်သည်။ (၁ ကောရိန္သု ၆:၁၈) အကြမ်းဖက်ခြင်းကိုငြင်းပယ်ကာ အရက်စွဲခြင်းကိုရှောင်ကြဉ် သို့မဟုတ် အနိုင်ယူကြမည်ဖြစ်သည်။ ၎င်းပြင်၊ ဒေါသနှိုးဆွခံရခြင်းနှင့် ခက်ခဲသောအခြေအနေများကို တည်ငြိမ်အေးဆေးစွာ ကိုင်တွယ်ကြမည်ဖြစ်သည်။ ကလေးများအပါအဝင် ကျွန်ုပ်တို့အားလုံး မရှိမဖြစ်လိုအပ်သော ဤဝိညာဉ်တော်အသီးကို သင်ယူပျိုးထောင်နိုင်ကြပါစေသား။—ဆာလံ ၁၁၉:၁၊ ၂။
ဦးစီးမှုကို သင့်လျော်လျောက်ပတ်စွာ ရှုမြင်ခြင်း
၆။ (က) ဘုရားသခင်ချမှတ်တော်မူသည့် ဦးစီးမှုအစီအစဉ်ကား အဘယ်နည်း။ (ခ) မိမိ၏ဦးစီးမှုက မိသားစုအားပျော်ရွှင်စေနိုင်ရန် အမျိုးသားတစ်ဦးသည် အဘယ်အချက်ကို သတိရရမည်နည်း။
၆ ဒုတိယအရေးကြီးသောအခြေခံမူမှာ ဦးစီးမှုကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟုပေါလုဆိုခဲ့စဉ်က သင့်တော်လျောက်ပတ်သော ဦးစီးမှုအစီအစဉ်ကို ဖော်ညွှန်းခဲ့သည်။ (၁ ကောရိန္သု ၁၁:၃) ဆိုလိုရင်းမှာ မိသားစုတစ်စုတွင် ယောက်ျားကဦးစီးပြီး ဇနီးဖြစ်သူက သူ့အားသစ္စာရှိစွာထောက်ခံမှုပြုကာ သားသမီးများက မိဘတို့ကိုနာခံရန်ပင်ဖြစ်သည်။ (ဧဖက် ၅:၂၂-၂၅၊ ၂၈-၃၃; ၆:၁-၄) သို့သော်၊ နည်းမှန်လမ်းမှန်အသုံးပြုပါမှ ဦးစီးမှုသည် ပျော်ရွှင်မှုကိုဖြစ်စေနိုင်သည်ကို သတိချပ်ပါလေ။ ဦးစီးသူဖြစ်ခြင်းသည် အာဏာရှင်ဖြစ်ခြင်းမဟုတ်ကြောင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုသည့် လင်ယောက်ျားများက သိနားလည်ထားကြသည်။ သူတို့သည် မိမိတို့၏ဦးခေါင်းဖြစ်သူယေရှုအား အတုယူကြသည်။ ယေရှုသည် “အလုံးစုံတို့၏ အချုပ်အခြာဦးခေါင်း” ဖြစ်မည့်သူဖြစ်သော်လည်း “သူတစ်ပါးကိုစေစားခြင်းငှာမလာ။ သူတစ်ပါးအစေကိုခံခြင်းငှာ” သာကြွလာတော်မူခဲ့သည်။ (ဧဖက် ၁:၂၂; မဿဲ ၂၀:၂၈) ထိုနည်းတူစွာပင် ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မိမိ၏ဦးစီးမှုအခွင့်အာဏာကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဇနီးသည်နှင့်သားသမီးများ၏ကောင်းကျိုးအတွက် အသုံးပြုပေသည်။—၁ ကောရိန္သု ၁၃:၄၊ ၅။
၇။ မိသားစုတွင် သူ၏ ဘုရားသတ်မှတ်ကဏ္ဍကိုဖြည့်ဆည်းရန် ဇနီးသည်တစ်ဦးအား အဘယ်ကျမ်းစာအခြေခံမူများက ကူညီမည်နည်း။
၇ ဘုရားရေးရာဆည်းကပ်ဝတ်ပြုသည့် ဇနီးသည်အနေဖြင့်လည်း လင်ယောက်ျားဖြစ်သူအား တုလားပြိုင်လားလုပ်ခြင်း သို့မဟုတ် ဩဇာညောင်းရန်ကြိုးစားခြင်း ပြုမည်မဟုတ်ပေ။ ခင်ပွန်းသည်အတွက် ထောက်ခံအားပေးသူဖြစ်ရခြင်းနှင့် သူနှင့်အတူလုပ်ကိုင်ရခြင်းတို့အတွက် ပျော်ရွှင်သည်။ ဇနီးသည်အား ခင်ပွန်းဖြစ်သူ၏ “ပိုင်ဆိုင်ရာ” အဖြစ် သမ္မာကျမ်းစာက တစ်ခါတစ်ရံ ဆိုထားသည့်အချက်က လင်ယောက်ျားဖြစ်သူသည် သူ၏ခေါင်းဖြစ်ကြောင်း သံသယရှင်းစေပါသည်။ (ကမ္ဘာဦး ၂၀:၃၊ ကဘ) ထိမ်းမြားခြင်းအားဖြင့် သူသည် “ခင်ပွန်းသည်၏တရား” အောက်သို့ရောက်ရှိလာခဲ့သည်။ (ရောမ ၇:၂၊ ကဘ) တစ်ချိန်တည်းတွင် ကျမ်းစာကသူ့အား “အထောက်အမ” နှင့် “အဖြည့်အစွက်” ဟုခေါ်ဆိုထားသည်။ (ကမ္ဘာဦး ၂:၂၀၊ကဘ) ခင်ပွန်းဖြစ်သူ၌ မရှိသည့်အရည်အသွေးနှင့် အစွမ်းအစများကိုဖြည့်စွက်ပေးကာ လိုအပ်သောထောက်ခံအားပေးမှုကို ပြုပေသည်။ (သု. ၃၁:၁၀-၃၁) သမ္မာကျမ်းစာက ဇနီးသည်အား အိမ်ထောင်ဖက်ဖြစ်သူနှင့် ဘေးချင်းယှဉ်ကာလုပ်ကိုင်သည့် “အဖော်အဖက်” အဖြစ်ဖြင့်လည်းဆိုထားသေးသည်။ (မာလခိ ၂:၁၄၊ ကဘ) ကျမ်းစာဆိုင်ရာ ဤအခြေခံမူများက လင်နှင့်မယားတို့အား တစ်ဦး၏အနေအထားကို တစ်ဦးကလေးမြတ်ကာ မှန်ကန်သောလေးစားဂုဏ်တင်မှုဖြင့် အချင်းချင်းဆက်ဆံကြစေရန် ကူညီပေးပါသည်။
“နားကြားခြင်းငှာ လျင်မြန်ကြစေ”
၈၊ ၉။ ပြောဆိုဆက်သွယ်မှုစွမ်းရည်ကိုမြှင့်တင်ရန် မိသားစုဝင်အားလုံးအား အကူအညီပေးမည့် အခြေခံမူအချို့၏အကြောင်းကို ရှင်းပြပါ။
၈ ပြောဆိုဆက်သွယ်မှုလိုအပ်ပုံကို ဤစာအုပ်၌ မကြာခဏ အလေးအနက်ပြုထားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် တစ်ဦးနှင့်တစ်ဦးစကားပြောဆို၍ တစ်ဦးကိုတစ်ဦး အမှန်ပင် နားထောင်ကြသည့်အခါမျိုး၌ အခြေအနေ ပို၍အဆင်ပြေချောမွေ့တတ်သောကြောင့်ဖြစ်သည်။ ပြောဆိုဆက်သွယ်မှုဟူသည် နှစ်ဖက်သွားလမ်းဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက်ပြုခဲ့ပေပြီ။ တပည့်တော်ယာကုပ်က ဤအကြောင်းကို ဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ။”—ယာကုပ် ၁:၁၉။
၉ ပြောပုံဆိုပုံကိုဂရုစိုက်ရန်လည်း အရေးကြီးသည်။ လောကြီးသော၊ ရန်လိုသော သို့မဟုတ် အပြစ်ရှာဝေဖန်လွန်းသောစကားများသည် အောင်မြင်သောပြောဆိုဆက်သွယ်မှုကို မဖြစ်စေနိုင်ပါ။ (သု. ၁၅:၁; ၂၁:၉; ၂၉:၁၁၊ ၂၀) ပြောလိုက်သည့်အကြောင်းသည် မှန်ကန်သည့်တိုင်အောင် အညှာတာကင်းမဲ့စွာ၊ ဝင့်ဝါစွာ သို့မဟုတ် ခံစားမှုကင်းမဲ့စွာပြောပါက ကောင်းကျိုးထက်ဆိုးကျိုး ပိုဖြစ်စေရန် အကြောင်းများပေသည်။ ကျွန်ုပ်တို့၏အပြောအဆိုသည် “ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက်” နားထောင်ချင့်စဖွယ်ဖြစ်သင့်ပေသည်။ (ကောလောသဲ ၄:၆) ကျွန်ုပ်တို့သုံးသောစကားလုံးများသည် “ငွေပန်းထည်၌ခြယ်သော ရွှေပန်းသီးကဲ့သို့ဖြစ်” သင့်သည်။ (သု. ၂၅:၁၁၊ ကဘ) ကောင်းစွာဆက်သွယ်တတ်အောင် သင်ယူကြသည့်မိသားစုများသည် ပျော်ရွှင်မှုကိုဆွတ်ခူးရန် အဓိကကျသောခြေလှမ်းကြီးကို လှမ်းခဲ့ကြပေပြီ။
မေတ္တာ၏အရေးပါသော အခန်းကဏ္ဍ
၁၀။ မည်သို့သောမေတ္တာမျိုးသည် အိမ်ထောင်ရေး၌ မရှိမဖြစ်အရေးကြီးသနည်း။
၁၀ “မေတ္တာ” ဟူသောဝေါဟာရကို ဤစာအုပ်တစ်လျှောက်လုံး၌ အကြိမ်ကြိမ်တွေ့ရသည်။ အဘယ်မေတ္တာမျိုးကို အဓိကရည်ညွှန်းသည်ကို သင်မှတ်မိသလော။ စိတ်ကူးယဉ်ဆန်သောမေတ္တာ (ဂရိလို အီးရော့စ်) သည်အိမ်ထောင်ရေး၌ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်မှာ မှန်ပါသည်။ နက်ရှိုင်းသောချစ်ခင်စုံမက်ခြင်းနှင့် အဆွေခင်ပွန်းဖြစ်ခြင်းမေတ္တာ (ဂရိလို ဖီလီယာ) သည်လည်း အောင်မြင်သောအိမ်ထောင်ရေး၌ လင်နှင့်မယားစပ်ကြားတွင် ကြီးထွားလာတတ်ပါသည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ ဂရိစကားလုံး အဂါးပေး ကရည်ညွှန်းသည့်မေတ္တာမျိုးပင်ဖြစ်သည်။ ယင်းမှာ ယေဟောဝါအတွက်၊ ယေရှုအတွက်၊ ကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကျွန်ုပ်တို့ပျိုးထောင်ရသည့်မေတ္တာပင်တည်း။ (မဿဲ ၂၂:၃၇-၃၉) ယင်းသည် လူသားမျိုးနွယ်အပေါ် ယေဟောဝါ တင်ပြတော်မူသည့်မေတ္တာပင်တည်း။ (ယောဟန် ၃:၁၆) အလားတူမေတ္တာမျိုးကို ကျွန်ုပ်တို့၏အိမ်ထောင်ဖက်နှင့် သားသမီးများအပေါ် ကျွန်ုပ်တို့ပြသနိုင်သည်မှာ အံ့သြဖွယ်ပါတကား!—၁ ယောဟန် ၄:၁၉။
၁၁။ မေတ္တာသည် အိမ်ထောင်တစ်ခုကို မည်သို့ကောင်းကျိုးပြုသနည်း။
၁၁ မြင့်မြတ်သောဤမေတ္တာကား အိမ်ထောင်တွင် “စည်းလုံးခြင်း၏ စုံလင်သောအနှောင်အဖွဲ့” အမှန်ပင်ဖြစ်ပေသည်။ (ကောလောသဲ ၃:၁၄၊ ကဘ) ယင်းက ဇနီးမောင်နှံတို့ကို အတူတကွနှောင်တည်းကာ အချင်းချင်းအတွက်နှင့် သားသမီးများအတွက် အကောင်းဆုံးပြုလုပ်ပေးလိုသောဆန္ဒကို ဖြစ်ပေါ်စေသည်။ ခက်ခဲသောအခြေအနေနှင့် မိသားစုများရင်ဆိုင်ရသောအခါ၌ အရာရာကို စည်းလုံးညီညွတ်စွာ ကိုင်တွယ်ဖြေရှင်းစေရန် မေတ္တာကထောက်ကူပေးသည်။ ဇနီးမောင်နှံ ပို၍အသက်အရွယ်ရလာကြသည်နှင့်အမျှ တစ်ဦးကိုတစ်ဦးထောက်မအားပေးပြီး ဆက်လက်လေးမြတ်ကြစေရန် မေတ္တာကကူညီပေးသည်။ “မေတ္တာသည် . . . ကိုယ်အကျိုးကိုမရှာတတ်၊ . . . ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။”—၁ ကောရိန္သု ၁၃:၄-၈။
၁၂။ အိမ်ထောင်သည်မောင်နှံတို့၏ ဘုရားသခင်အပေါ်ထားရှိသည့်မေတ္တာသည် ယင်းတို့၏အိမ်ထောင်ကို အဘယ်ကြောင့်အားဖြည့်ပေးသနည်း။
၁၂ ထိမ်းမြားနှောင်ဖွဲ့မှုသည် အိမ်ထောင်ဖက်နှစ်ဦးထားရှိသည့် မေတ္တာတစ်ခုတည်းဖြင့်သာမဟုတ်ဘဲ အဓိကအားဖြင့် ယေဟောဝါအားချစ်သောမေတ္တာဖြင့် နှောင်တည်းထားပါမှ အထူးခိုင်မြဲပေသည်။ (ဒေ. ၄:၉-၁၂) အဘယ်ကြောင့်နည်း။ တမန်တော်ယောဟန်က “ပညတ်တော်တို့ကိုကျင့်စောင့်ခြင်းသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၅:၃) သို့ဖြစ်၍ ဇနီးမောင်နှံတို့အနေဖြင့် မိမိတို့၏သားသမီးများအား ချစ်လွန်းလှသောကြောင့်သာမဟုတ်ဘဲယေဟောဝါ၏ပညတ်ချက်ဖြစ်သောကြောင့်လည်း သားသမီးများအား ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၌ လေ့ကျင့်ပေးသင့်သည်။ (တရားဟောရာ ၆:၆၊ ၇) တစ်ဦးကိုတစ်ဦးချစ်သောကြောင့်သာမဟုတ်ဘဲ “မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို . . . စစ်ကြောစီရင်တော်မူ” မည့်ယေဟောဝါအားချစ်ကြသောကြောင့် အကျင့်ပျက်ပြားခြင်းကိုကြဉ်ရှောင်ကြခြင်း အဓိကဖြစ်သင့်သည်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ဖက်တစ်ဦးက ဆိုးရွားသောပြဿနာများကို ဖြစ်ပေါ်စေခဲ့လျှင်ပင် ကျန်တစ်ဦးအနေဖြင့် ကျမ်းစာအခြေခံမူများကို ဆက်လက်လိုက်နာရန် ယေဟောဝါအားချစ်သောမေတ္တာက လှုံ့ဆော်မည်ဖြစ်သည်။ အချင်းချင်းချစ်သောမေတ္တာကို ယေဟောဝါအားချစ်သောမေတ္တာဖြင့် မွမ်းမံခိုင်ခံ့စေသည့်မိသားစုများကား အမှန်ပင်ပျော်ရွှင်လှသည်တကား!
ဘုရားသခင့်အလိုတော်ဆောင်သော မိသားစု
၁၃။ ဘုရားသခင့်အလိုတော်ကိုဆောင်ရန် သန္နိဋ္ဌာန်ချမှတ်ခြင်းက ပုဂ္ဂိုလ်တစ်ဦးစီအား အမှန်တကယ်အရေးကြီးသောအရာများအပေါ် မည်သို့အာရုံစူးစိုက်စေမည်နည်း။
၁၃ ခရစ်ယာန်တစ်ဦး၏ ဘဝတစ်ခုလုံးသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ်တွင် ဗဟိုပြုသည်။ (ဆာလံ ၁၄၃:၁၀) ဤသည်မှာ ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု စင်စစ်ဖြစ်ပေသည်။ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းက မိသားစုတို့အား အမှန်တကယ်အရေးကြီးသည့်အရာများကို အာရုံစိုက်ဖြစ်ရန်ကူညီပေးသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) သာဓကအားဖြင့် ယေရှုက “အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ၊ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်” ဟုသတိပေးတော်မူခဲ့သည်။ (မဿဲ ၁၀:၃၅၊ ၃၆) ယေရှု၏သတိပေးချက်အတိုင်းပင် ကိုယ်တော်၏များစွာသောနောက်လိုက်တို့သည် မိမိတို့မိသားစုဝင်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရကြသည်။ မည်မျှဝမ်းနည်းနာကြည်းဖွယ် အခြေအနေပါတကား! သို့တိုင်အောင်၊ မိသားစုသံယောဇဉ်ကြောင့် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့အပေါ်ထားရှိသည့်မေတ္တာ လျော့ပါးမသွားစေသင့်ပေ။ (မဿဲ ၁၀:၃၇-၃၉) မိသားစုအတိုက်အခံကြားမှ ခံနိုင်ရည်ရှိရှိဖြင့်ရပ်တည်ပါက ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၏ကောင်းကျိုးများကို တွေ့မြင်လာသောအခါ အတိုက်အခံပြုသူများသည် စိတ်သဘောထားပြောင်းလဲသွားနိုင်ပါသည်။ (၁ ကောရိန္သု ၇:၁၂-၁၆; ၁ ပေတရု ၃:၁၊ ၂) ထိုသို့ဖြစ်မလာလျှင်ပင် ဆန့်ကျင်မှုကြောင့် ဘုရားသခင်အားဝတ်ပြုရာမှ ရပ်စဲလိုက်ခြင်းအားဖြင့် တည်မြဲသောအကျိုးကျေးဇူး ဘာမျှရရှိမည်မဟုတ်ပေ။
၁၄။ ဘုရားသခင့်အလိုတော်ကို ဆောင်လိုသည့်ဆန္ဒက မိဘတို့အား သားသမီးများ၏ အကောင်းဆုံးသောအကျိုးစီးပွားအတွက် မည်သို့ပြုမူစေမည်နည်း။
၁၄ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းက မိဘဖြစ်သူတို့အား မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးသည်။ ဥပမာဆိုသော်၊ အချို့သောလူမျိုးစုအသိုင်းအဝိုင်းတွင် မိဘတို့က သားသမီးများကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားကြပြီး မိမိတို့အိုမင်းလာသောအခါ စောင့်ရှောက်မည့်သူများအဖြစ် အားကိုးကြသည်။ အရွယ်ရောက်သောသားသမီးများက အိုမင်းသောမိဘတို့အား စောင့်ရှောက်ခြင်းသည် မှန်ကန်လျောက်ပတ်သော်လည်း ယင်းသို့သောဆင်ခြင်သုံးသပ်မှုက မိမိတို့၏သားသမီးများအား ရုပ်ပစ္စည်းပဓာနဝါဒဆန်သောဘဝလမ်းစဉ်သို့ ဦးမတည်စေသင့်ပေ။ သားသမီးများအား ဝိညာဏရေးရာထက် ရုပ်ပစ္စည်းပိုင်ဆိုင်မှုကို ပို၍တန်ဖိုးထားအောင် ပျိုးထောင်မွေးမြူပါက သားသမီးများကို ကျေးဇူးပြုရာရောက်မည်မဟုတ်ပါ။—၁ တိမောသေ ၆:၉။
၁၅။ တိမောသေ၏မိခင် ဥနိတ်သည် ဘုရားသခင့်အလိုတော်ကိုဆောင်သော မိဘတစ်ဦးအနေနှင့် မည်သို့ အလွန်ကောင်းသောစံနမူနာဖြစ်သနည်း။
၁၅ ဤကိစ္စတွင် ကောင်းမြတ်သောစံနမူနာမှာ ပေါလု၏သက်ငယ်မိတ်ဆွေ တိမောသေ၏မိခင် ဥနိတ်ပင်ဖြစ်သည်။ (၂ တိမောသေ ၁:၅) မယုံကြည်သူနှင့် အိမ်ထောင်ကျသည့်တိုင်အောင် ဥနိတ်သည် တိမောသေ၏အဘွား လောဣနှင့်အတူ တိမောသေအား ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကိုလိုက်စားရန် အောင်မြင်စွာပြုစုမွေးမြူခဲ့သည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေ အတော်အသင့်အရွယ်ရောက်လာသောအခါ ဥနိတ်က သူ့အား အိမ်ကိုစွန့်ခွာ၍ ပေါလု၏သာသနာပြုဖော်အဖြစ် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကိုဆောင်ရွက်ရန် ခွင့်ပြုလိုက်သည်။ (တမန်တော် ၁၆:၁-၅) သားလေးတစ်ယောက် အထင်ကရ သာသနာပြုဆရာတစ်ဦး ဖြစ်လာသည့်အတွက် ဥနိတ်ခမျာ နှစ်ထောင်းအားရ ပီတိဖြာလိုက်မည်ဖြစ်ခြင်း! အရွယ်ရောက်သူတစ်ဦးအနေနှင့် သူ၏ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုက သူငယ်စဉ်ကလေ့ကျင့်ခံခဲ့ရမှုကို ကောင်းစွာဖော်ကျူးလျက်ရှိပေသည်။ ဥနိတ်အနေဖြင့် သားဖြစ်သူ သူနှင့်အတူရှိခဲ့သည့်အချိန်များကို လွမ်းဆွတ်မည်ဖြစ်သော်လည်း သားဖြစ်သူ၏သစ္စာရှိသော ဓမ္မအမှုတော်သတင်းများကိုကြားရသည့်အခါ ကျေနပ်အားရမှုခံစားခဲ့သည်မှာ သေချာလှပေသည်။—ဖိလိပ္ပိ ၂:၁၉၊ ၂၀။
မိသားစုနှင့် သင့်အနာဂတ်
၁၆။ သားတစ်ဦးအနေဖြင့် ယေရှုသည် အဘယ်လျော်ကန်သောပူပန်မှုကို ပြသခဲ့သနည်း။ သို့သော် သူ၏အဓိကဦးတည်ချက်ကား အဘယ်နည်း။
၁၆ ယေရှုသည် ဘုရားဝတ်၌မွေ့လျော်သောမိသားစုထဲတွင် ပျိုးထောင်ခြင်းခံခဲ့ရပြီး အရွယ်ရောက်သူတစ်ဦးအနေဖြင့် မိခင်အပေါ် သားတစ်ယောက်၌ရှိသင့်သည့် စိုးရိမ်ပူပန်စိတ်ကိုတင်ပြခဲ့ပါသည်။ (လုကာ ၂:၅၁၊ ၅၂; ယောဟန် ၁၉:၂၆) သို့ဖြစ်သည့်တိုင်အောင်၊ ယေရှု၏ ပဓာနအကျဆုံးသောရည်မှန်းချက်မှာ ဘုရားသခင့်အလိုတော်ကိုဖြည့်ဆည်းရန်ဖြစ်ပြီး ထိုအထဲ၌ လူသားများအတွက် ထာဝရအသက်ခံစားနိုင်သည့်လမ်းကို ဖွင့်ပေးရန်လည်းပါဝင်ပေသည်။ အပြစ်ရှိသောလူသားလောကအတွက် ရွေးဖိုးအဖြစ် မိမိ၏စုံလင်သောလူသားအသက်ကို စွန့်လွှတ်ပူဇော်လိုက်ခြင်းဖြင့် ယင်းသို့ပြုတော်မူခဲ့သည်။—မာကု ၁၀:၄၅; ယောဟန် ၅:၂၈၊ ၂၉။
၁၇။ ဘုရားသခင့်အလိုတော်ကို ဆောင်သောသူတို့အတွက် ယေရှု၏သစ္စာရှိသောအသက်တာက အဘယ်ခမ်းနားထည်ဝါသော အနာဂတ်အလားအလာကို ဖွင့်ပေးခဲ့သနည်း။
၁၇ ယေရှုသေဆုံးပြီးနောက် ယေဟောဝါသည် သူ့အား ကောင်းကင်သားဘဝသို့ထမြောက်စေကာ ကြီးမားသောအခွင့်အာဏာကို အပ်နှင်းတော်မူခဲ့သည်။ နောက်ဆုံး၌၊ ကောင်းကင်နိုင်ငံတော်တွင် ဘုရင်မင်းအဖြစ် နန်းတင်တော်မူခဲ့သည်။ (မဿဲ ၂၈:၁၈; ရောမ ၁၄:၉; ဗျာဒိတ် ၁၁:၁၅) ယေရှု၏ယဇ်သကာက လူသားအချို့တို့အား ယင်းနိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ အုပ်စိုးမည့်သူများအဖြစ် ရွေးကောက်ခံရန်လမ်းစပေါ်စေသည်။ စိတ်နှလုံးမှန်ကန်သော ကျန်လူသားများအတွက်လည်း ပရဒိသုအခြေအနေ ပြန်လည်ထူထောင်ထားသည့် မြေကြီးပေါ်တွင် စုံလင်သောဘဝကိုစံစားနိုင်စေရန် လမ်းဖွင့်ပေးသည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၄; ၂၁:၃-၅; ၂၂:၁-၄) ယနေ့ ကျွန်ုပ်တို့ပိုင်ဆိုင်သည့် အကြီးမြတ်ဆုံးအခွင့်ထူးတစ်ခုမှာ ဂုဏ်ကျက်သရေရှိလှသော ဤသတင်းကောင်းကို ကျွန်ုပ်တို့နှင့်စပ်ဆိုင်သူတို့အား ပြောပြခြင်းပင်ဖြစ်ပေတော့သည်။—မဿဲ ၂၄:၁၄။
၁၈။ အဘယ်နှိုးဆော်ချက်နှင့် အဘယ်အားပေးမှုကို မိသားစုနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ပေးထားသနည်း။
၁၈ တမန်တော်ပေါလုပြညွှန်သည့်အတိုင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုဖြင့် အသက်ရှင်ခြင်းက “လာမည့်” ဘဝတွင် အဆိုပါကောင်းချီးများကို အမွေခံမည့်ကတိတော်ကို ရရှိစေသည်။ ယင်းသည် ပျော်ရွှင်မှုရရှိနိုင်သည့် အကောင်းဆုံးသောနည်းဖြစ်သည်မှာ သေချာလှပေသည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟူသောအချက်ကိုသတိရပါလေ။ (၁ ယောဟန် ၂:၁၇) သို့ဖြစ်ရာ သင်သည် ကလေးတစ်ဦးဖြစ်သည်ဖြစ်စေ၊ မိဘတစ်ဦးဖြစ်သည်ဖြစ်စေ၊ လင်သားတစ်ဦးဖြစ်သည်ဖြစ်စေ၊ ဇနီးသည်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ကလေးရှိသော သို့မဟုတ် ကလေးမရှိသော တစ်ကိုယ်ရေတစ်ကာယ အရွယ်ရောက်သူတစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင့်အလိုတော်ဆောင်ရန် ဝါယမစိုက်ထုတ်ပါလေ။ ဖိစီးမှုအောက်၌နေရသည်ဖြစ်စေ၊ သို့မဟုတ် လွန်ကဲသောအခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သင်သည် အသက်ရှင်တော်မူသောဘုရားသခင်၏ အစေခံတစ်ဦးဖြစ်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ ဤသို့ဖြင့် သင်၏ပြုမူလုပ်ဆောင်မှုများက ယေဟောဝါအား ရွှင်လန်းအားရမှုဖြစ်စေနိုင်ပါစေသား။ (သု. ၂၇:၁၁) သင်၏ကျင့်ကြံပြုမူပုံကလည်း သင့်အား ယခုဘဝတွင် ပျော်ရွှင်မှုကိုလည်းကောင်း၊ လာလတ္တံ့သောကမ္ဘာသစ်တွင် ထာဝရအသက်ကိုလည်းကောင်း ခံစားရပါစေသား!
-