ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆက်သွယ်နိုင်ပြီ
    နိုးလော့!—၂၀၁၂ | ဖေဖော်ဝါရီ
    • ဆက်သွယ်နိုင်ပြီ

      ● ဒီစိတ်ကူးယဉ်ဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ။ လူတွေက ဆမ်ကို ရှေးရိုးစွဲကြီးလို့ ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်နိုင်တဲ့ နည်းပညာသစ်တစ်ခုကို နှစ်အတော်ကြာတဲ့အထိ သူ မသုံးခဲ့လို့ပါပဲ။ ဆမ်ရဲ့ဆယ်ကျော်သက်အရွယ် သားသမီးတွေအပါအဝင် လူတိုင်းက အဲဒီနည်းပညာအသစ်ကိုသုံးပြီး ဆက်သွယ်ချင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဆမ်ကတော့ သူ့ရဲ့ ၁၆ နှစ်အရွယ်သမီးကို “လူတွေနဲ့ မျက်နှာချင်းဆိုင်စကားပြောခဲ့ရတဲ့ နေ့တွေကို သတိရတယ်ကွာ” လို့ စသလိုနောက်သလိုနဲ့ပြန်ပြောတယ်။

      နောက်ပိုင်း ဆမ်က သူ့ကိုယ်ကို ပြန်သုံးသပ်ကြည့်မိလာတယ်။ နှစ်အတော်ကြာ မတွေ့ရ၊ စကားမပြောရတဲ့သူတွေအကြောင်း သူပြန်စဉ်းစားတယ်။ အဆက်အသွယ်ပြတ်နေတယ်လို့ ခံစားရတဲ့အထိ အလုပ်များနေပုံရတဲ့ မိသားစုဝင်တွေကိုလည်း စဉ်းစားမိတယ်။ ‘သူတို့နဲ့ဆက်သွယ်ချင်တယ်ဆိုရင် ဒီနည်းသစ်ကို စသုံးရတော့မယ်’ လို့ သူ့ဘာသာသူပြောတယ်။ ဒါဟာ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်ပြည်ထောင်စုရဲ့ ကျေးလက်ဒေသမှာဖြစ်ခဲ့တာပါ။ နောက်ဆုံးတော့ ရှေးရိုးစွဲကြီးဖြစ်တဲ့ ဆမ်ဟာ တယ်လီဖုန်းတပ်ဆင်ဖို့ စဉ်းစားလာတော့တယ်။

      ဒီဇာတ်လမ်းက ၂၀၁၂ ခုနှစ်ကို ရောက်လာတယ်။ ဆမ်ရဲ့မြေးဖြစ်သူ နေသန်က ကမ္ဘာ့တစ်ဖက်ခြမ်းကို ရွှေ့ပြောင်းသွားကြတဲ့ သူငယ်ချင်း ရိုဘာတိုနဲ့ အန်ဂျီလာကို ခုလေးတင် ဖုန်းဆက်စကားပြောခဲ့တယ်။ ‘သူတို့တွေပြောင်းသွားတာ ဆယ်နှစ်တောင်ကျော်ပြီ’ လို့ပြောပြီး အချိန်ကုန်မြန်လွန်းတာကို သူ အံ့သြနေမိတယ်။

      နှစ်တွေတစ်လျှောက်မှာ နေသန်က ရပ်ဝေးကိုပြောင်းသွားတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ တစ်ခါတလေ ဖုန်းဆက်စကားပြောရတာကို ကျေနပ်နေခဲ့တယ်။ ဒါပေမဲ့ အခုတော့ နေသန်ရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေအပါအဝင် လူတိုင်းက အင်တာနက်လူမှုဆက်သွယ်ရေးကွန်ရက် (social network) သုံးပြီး အဆက်အသွယ်လုပ်နေကြပြီ။

      နေသန်က နည်းပညာသစ်ကိုသုံးဖို့ ငြင်းတဲ့အတွက် လူတွေက သူ့ကို ရှေးရိုးစွဲကြီးလို့ခေါ်ကြတယ်။ “ဖုန်းနဲ့ လူတွေရဲ့အသံကိုနားထောင်ပြီး စကားပြောရတဲ့နေ့တွေကို သတိရတယ်” လို့သူပြောတယ်။ အခုတော့ နေသန်က သူ့ကိုယ်ကို ပြန်သုံးသပ်ကြည့်မိလာတယ်။ ‘သူတို့တွေနဲ့ဆက်သွယ်ချင်တယ်ဆိုရင် ဒီနည်းပညာသစ်ကို စသုံးဖို့လိုပြီ’ လို့ သူပြောတယ်။

      သင်ကော နေသန်လို ခံစားရသလား။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောဆိုဆက်သွယ်ရတာကို နှစ်သက်ကြသူတွေပါ။ (ကမ္ဘာဦး ၂:၁၈; သု. ၁၇:၁၇) လူများစွာက လူမှုဆက်သွယ်ရေးကွန်ရက်သုံးပြီး ဆက်သွယ်နေကြတဲ့အတွက် ဒီနည်းသစ်နဲ့ပတ်သက်ပြီး သင်ဘာသိထားသင့်သလဲ။

  • လူမှုဆက်သွယ်ရေးကွန်ရက် ဘာကြောင့် လူကြိုက်များ
    နိုးလော့!—၂၀၁၂ | ဖေဖော်ဝါရီ
    • လူမှုဆက်သွယ်ရေးကွန်ရက် ဘာကြောင့် လူကြိုက်များ

      လွန်ခဲ့တဲ့လက အောက်မှာဖော်ပြထားတဲ့ ဘယ်နည်းစနစ်ကို အသုံးပြုပြီး သင် အဆက်အသွယ်လုပ်ခဲ့သလဲ။

      မျက်နှာချင်းဆိုင်စကားပြောတာ

      စာရေးတာ ဒါမှမဟုတ် ကတ်ပို့တာ

      ဖုန်းနဲ့စကားပြောတာ

      အီးမေးလ်ပို့တာ

      ဖုန်းနဲ့စာတိုပို့တာ (Text message)

      အင်တာနက်ကနေတစ်ဆင့် စာနဲ့ အပြန်အလှန်ပြောတာ (Instant message)

      အင်တာနက်ဗီဒီယိုသုံးပြီး အပြန်အလှန်စကားပြောတာ (Video chat)

      အင်တာနက်လူမှုဆက်သွယ်ရေးကွန်ရက်သုံးတာ (Social network)

      တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်ဖို့ ဒီလောက်များတဲ့ နည်းလမ်းတွေ တစ်ခါမှမရှိခဲ့ဖူးဘူး။ အဲဒီနည်းလမ်းတွေအားလုံးမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြရအောင်–

      မျက်နှာချင်းဆိုင်စကားပြောတာ

      အားသာချက်– မျက်နှာအမူအရာ၊ အသံအနိမ့်အမြင့်နဲ့ ကိုယ်နေဟန်ထားတွေကို တွေ့မြင်နိုင်တယ်။

      အားနည်းချက်– နှစ်ယောက်စလုံးတွေ့ဆုံဖို့၊ အချိန်ပေးဖို့လိုတယ်။

      စာရေးတာ ဒါမှမဟုတ် ကတ်ပို့တာ

      အားသာချက်– ကိုယ့်ကိုဂရုစိုက်တယ်ဆိုတဲ့ ခံစားချက်ပေါ်စေတယ်။

      အားနည်းချက်– စာရေးဖို့နဲ့ စာရောက်ဖို့အတွက် အချိန်လိုတယ်။

      အီးမေးလ်ပို့တာ

      အားသာချက်– မြန်မြန်ရေးပြီး မြန်မြန်ပို့လို့ရတယ်။

      အားနည်းချက်– ခံစားချက်မပါဖြစ်တတ်တယ်။ အလွယ်တကူ နားလည်မှုလွဲနိုင်တယ်။

      လူမှုဆက်သွယ်ရေးကွန်ရက်က ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ တချို့ပြောကြတယ်။ လူမှုဆက်သွယ်ရေးကွန်ရက် ရာနဲ့ချီရှိတဲ့အထဲမှာ ဖေ့စ်ဘုတ် (Facebook) ကတော့ ရေပန်းအစားဆုံးပဲ၊ အဖွဲ့ဝင် သန်း ၈၀၀ လောက်ရှိတယ်။ “ဖေ့စ်ဘုတ်က တိုင်းပြည်တစ်ခုဖြစ်မယ်ဆိုရင် တရုတ်၊ အိန္ဒိယပြီးရင် တတိယလူဦးရေအများဆုံးနိုင်ငံဖြစ်မယ်” ဆိုပြီး တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ လူမှုဆက်သွယ်ရေးကွန်ရက်ဆိုတာ ဘာလဲ။ ဘာကြောင့် ဒီလောက် ရေပန်းစားနေရတာလဲ။

      လူမှုဆက်သွယ်ရေးကွန်ရက်ဆိုတာ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တယ်။ ရွေးချယ်ထားတဲ့မိတ်ဆွေတွေကို အချက်အလက်တွေ ဝေမျှနိုင်တယ်။ “တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တဲ့ အရမ်းကောင်းတဲ့နည်းပဲ။ ခရီးသွားဓာတ်ပုံတွေ၊ ထူးထူးခြားခြားဓာတ်ပုံတွေ ဖော်ပြဖို့လည်း ဒီလူမှုဆက်သွယ်ရေးကွန်ရက်က အဆင်ပြေတယ်” လို့ အသက် ၂၁ နှစ်ရှိတဲ့ ဂျင်းကပြောတယ်။

      ဘာကြောင့် စာမရေးကြတော့တာလဲ။ ‘အရမ်းအချိန်စားတယ်’ လို့တချို့ ဖြေပါလိမ့်မယ်။ ဓာတ်ပုံကူးပေးရမယ်ဆိုရင်လည်း ငွေကုန်ကြေးကျများတယ်။ ဘာကြောင့် ဖုန်းမဆက်တော့တာလဲ။ ဒါလည်း အချိန်ကုန်တာပဲ၊ တစ်ခါခေါ်ရင် တစ်ယောက်ပဲရပြီး ကိုယ်ခေါ်တဲ့အချိန်မှာ သူက အိမ်မှာရှိချင်မှရှိမှာ၊ အချိန်ရချင်မှလည်းရမှာ။ အီးမေးလ်ကျတော့ကော။ “အီးမေးလ်ပို့ရင်လည်း ပြန်စာမလာတော့ဘူး၊ ပြန်စာလာရင်လည်း တော်တော်လေးကြာမှ ရောက်လာတယ်။ ဒီလူမှုဆက်သွယ်ရေးကွန်ရက်ကျတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ရေးလိုက်ရုံပဲ။ သူငယ်ချင်းတွေကလည်း သူတို့အကြောင်း သူတို့ရေးကြတယ်။ ကျွန်မတို့ ဖွင့်လိုက်တယ်ဆိုတာနဲ့ နောက်ဆုံးအချက်အလက်တွေကို သိနေရပြီ။ လွယ်လွယ်လေးပဲ” လို့ အသက် ၂၀ ရှိတဲ့ ဒံယယ်လ်ကပြောတယ်။

      လူမှုဆက်သွယ်ရေးကွန်ရက်မှာတင်ထားရာတွေက ရောက်တတ်ရာရာစကားတွေလောက်ပဲ မဟုတ်ဘူး။ ဥပမာ၊ သဘာဝဘေးအန္တရာယ်တွေဖြစ်လာတဲ့အခါ လူများစွာက ကိုယ်ချစ်ရတဲ့သူတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာကို လူမှုဆက်သွယ်ရေးကွန်ရက်ကတစ်ဆင့် သိနိုင်ကြတယ်။ ၂၀၁၁၊ မတ်လ ၁၁ ရက် ဂျပန်နိုင်ငံမှာ မြေငလျင်နဲ့ ဆူနာမီဖြစ်ခဲ့တုန်းကလိုမျိုးပေါ့။

      အမေရိကန်က ဘင်ဂျမင် ဒီလိုပြောပြတယ်– “ဂျပန်မှာဆူနာမီဖြစ်ပြီးတဲ့နောက် ဖုန်းလိုင်းတွေပျက်နေတယ်။ အသိမိတ်ဆွေတစ်ယောက်က တိုကျိုမှာရှိတဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်းဆီ အီးမေးလ်ပို့တာ ပြန်စာမရဘူးလို့ ပြောတယ်။ အဲဒီအခါ ကျွန်တော်က ဆဲလ်ဖုန်းထုတ်ပြီး အင်တာနက်ကို ဖွင့်လိုက်တယ်။ ပြီးတော့ လူမှုရေးကွန်ရက်ထဲက တိုကျိုကသူငယ်ချင်းရဲ့ စာမျက်နှာ (page) ထဲဝင်လိုက်တဲ့အခါ သူ အခြေအနေကောင်းကြောင်းရေးထားတာကို တွေ့ရတယ်။ အသေးစိတ်ကို နောက်မှပြန်ရေးမယ်လို့ ပြောထားတယ်။”

      ဘင်ဂျမင်က ဒီလိုဆက်ပြောတယ်– “အဲဒီသူငယ်ချင်းကို သိပေမဲ့ လူမှုဆက်သွယ်ရေးကွန်ရက်စာမျက်နှာ မဖွင့်ထားတဲ့ တခြားသူငယ်ချင်း တစ်ယောက်ချင်းစီကို ကျွန်တော် အီးမေးလ်နဲ့ အကြောင်းကြားရတယ်။ သူတို့ရဲ့အီးမေးလ်လိပ်စာကိုရှာဖို့နဲ့ တစ်ယောက်ချင်းစီကို စာရေးဖို့ တော်တော်လေးအချိန်ကုန်တယ်။ ရက်အနည်းငယ်အတွင်းမှာ ပြန်စာအတော်များများ ရခဲ့ပါတယ်။ တစ်ယောက်ဆိုရင် နှစ်ပတ်လောက်ကြာမှ စာပြန်တယ်။ သူတို့မှာလည်း အီးမေးလ်တွေအများကြီးရထားတော့ အားလုံးကို စာပြန်ဖို့ မလွယ်ဘူးဖြစ်နေတယ်။ လူမှုရေးကွန်ရက်က တော်တော်လေး အချိန်ကုန်သက်သာတယ်။ နောက်ဆုံးအခြေအနေကို မိနစ်ပိုင်းအတွင်းမှာ အားလုံးသိနိုင်တယ်။”

      လူမှုဆက်သွယ်ရေးကွန်ရက်ဟာ အားသာချက်ရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ အန္တရာယ်ကော ရှိသလား။ ရှိတယ်ဆိုရင် ဘာတွေလဲ၊ ဘယ်လိုရှောင်နိုင်သလဲ။

      [စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

      လုပ်ဆောင်ပုံ

      ၁။ သင့်ရဲ့စာမျက်နှာမှာ အချက်အလက် (status update) တင်တယ်။

      ၂။ သင့်စာရင်းမှာရှိတဲ့သူအားလုံးက သူတို့ရဲ့စာမျက်နှာထဲ သူတို့ဝင်တဲ့အခါ သင်တင်ထားတဲ့ သတင်းအချက်အလက်တွေကို သူတို့ရရှိတယ်၊ သင့်စာမျက်နှာထဲ သင်ဝင်တဲ့အခါလည်း သူတို့တင်ထားတဲ့ အချက်အလက်တွေကို သင်ရရှိတယ်။

  • လူမှုဆက်သွယ်ရေးကွန်ရက်နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ မေးခွန်းလေးခု
    နိုးလော့!—၂၀၁၂ | ဖေဖော်ဝါရီ
    • လူမှုဆက်သွယ်ရေးကွန်ရက်နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ မေးခွန်းလေးခု

      တခြားအင်တာနက်အသုံးပြုမှုတွေလိုပဲ လူမှုဆက်သွယ်ရေးကွန်ရက် မှာလည်း အန္တရာယ်ရှိတယ်။a ဒီအချက်ကို စိတ်ထဲထားပြီး ဖော်ပြထားတဲ့ မေးခွန်းတွေကို သုံးသပ်ကြည့်ပါ။

      ၁ လူမှုရေးကွန်ရက်က သင့်ရဲ့လုံခြုံမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။

      “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”—သု. ၁၀:၁၉။

      သင်သိထားသင့်တဲ့အရာ။ သင် ဂရုမပြုဘူးဆိုရင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ နောက်ဆုံးအချက်အလက်တွေ (သင့်စာရင်းမှာရှိတဲ့ သူငယ်ချင်းတွေကိုရေးတဲ့ စာတိုတွေ) နဲ့ (သူတို့ရဲ့စာတိုတွေကိုကြည့်ပြီး သင်ပြန်ရေးလိုက်တဲ့) မှတ်ချက်တွေမှာ အလွန်အကျွံ ဖော်ပြမိသွားနိုင်တယ်။ ဥပမာ၊ သင် ဘယ်မှာနေတယ်၊ ဘယ်အချိန်မှာ အိမ်မှာရှိတယ် (မရှိဘူး)၊ ဘယ်မှာ အလုပ်လုပ်တယ် ဒါမှမဟုတ် ဘယ်မှာ ကျောင်းတက်တယ် စတာတွေကို ဖော်ပြထားမိနိုင်တယ်။ သင့်လိပ်စာနဲ့တွဲပါလာတဲ့ “ငါတို့ မနက်ဖြန် အပျော်ခရီးထွက်မယ်ဟေ့” ဆိုတဲ့စာက သူခိုးတွေအတွက် ဘယ်အချိန်၊ ဘယ်နေရာမှာ လှုပ်ရှားရမယ်ဆိုတာသိစေတဲ့ လုံလောက်တဲ့အချက်အလက်ဖြစ်တယ်။

      သင့် အီးမေးလ်လိပ်စာ၊ သင့်မွေးနေ့၊ သင့်ဖုန်းနံပါတ် စတဲ့ တခြားအသေးစိတ်အချက်အလက်တွေက သင့်ကိုအနှောင့်အယှက်ပေးဖို့၊ အနိုင်ကျင့်ဖို့၊ သင့်အချက်အလက်တွေကိုခိုးဖို့ လမ်းဖွင့်ထားရာ ရောက်နိုင်တယ်။ ဒါပေမဲ့လည်း လူအတော်များများက အဲဒီလိုသတင်းအချက်အလက်တွေကို သူတို့ရဲ့ လူမှုရေးကွန်ရက်စာမျက်နှာမှာ ခပ်ပေါ့ပေါ့ပဲ တင်ထားလေ့ရှိတယ်။

      တစ်ခုခုကို အင်တာနက်ပေါ်တင်လိုက်တဲ့အခါ အဲဒါက လူအများကြည့်နိုင်ရာဖြစ်သွားပြီဆိုတာကို လူတွေ မေ့ထားတတ်တယ်။ သူတို့ရဲ့ ဖော်ပြချက်တွေကို “သူငယ်ချင်းအတွက်သာ” လို့ ဆက်တင်ချိန်ထားရင်တောင်မှ အဲဒီသူငယ်ချင်းတွေက ကိုယ့်သတင်းအချက်အလက်တွေကို ဘာဆက်လုပ်မလဲဆိုတာ ပြောလို့မရတော့ဘူး။ တကယ်တော့၊ လူမှုရေးကွန်ရက်မှာတင်ထားသမျှကို လူအများကြည့်နိုင်တဲ့အရာအဖြစ်၊ လူအများကြည့်နိုင်ဖို့ အလွယ်တကူပြောင်းလို့ရတဲ့အရာအဖြစ် ယူမှတ်ထားသင့်တယ်။

      သင်လုပ်ဆောင်နိုင်ရာ။ ကိုယ့်ရဲ့စာမျက်နှာထဲ လူတကာမဝင်နိုင်အောင် ကန့်သတ်နိုင်တဲ့ ဆက်တင်တွေကို ကောင်းကောင်းသိအောင်လုပ်ပြီး သုံးပါ။ သင့်အချက်အလက်တွေ၊ သင့်ဓာတ်ပုံတွေကို သင် သိတဲ့သူ၊ သင် စိတ်ချရတဲ့သူသာကြည့်နိုင်ဖို့ ကန့်သတ်ထားပါ။

      အဲဒီလိုလုပ်ထားတာတောင် သင် တင်ထားတဲ့အရာတွေက ရည်ရွယ်ထားတာထက် ပိုပြီး လူသိရှင်ကြားဖြစ်နိုင်တယ်ဆိုတာ နားလည်ပါ။ သင့်စာမျက်နှာကို ပုံမှန် ပြန်စစ်ဆေးပါ၊ သင်တင်ထားရာတွေကြောင့် မသမာသူတွေက သင့်ကို ရှာတွေ့သွားနိုင်သလား၊ သင့် ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားနိုင်သလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အနှောင့်အယှက်ပေးနိုင်လောက်မယ့် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သင့်သူငယ်ချင်းတွေကြားမှာတောင် မတင်ထားပါနဲ့။ (သု. ၁၁:၁၃) အရေးကြီးတဲ့အကြောင်းအရာ ပြောဖို့ဆိုရင် တခြားနည်းနဲ့ဆက်သွယ်ပါ။ “ဖုန်းနဲ့ပြောတာက ပိုသီးသန့်ဖြစ်ပြီး ပိုလုံခြုံတယ်” လို့ ကင်မရွန်ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်က ပြောတယ်။

      အဓိကအချက်။ ကင်မ် ဆိုတဲ့အမျိုးသမီးက ခုလို အနှစ်ချုပ် ဖော်ပြတယ်– “ကိုယ့်လုပ်ရပ်ကို ဂရုစိုက်မယ်ဆိုရင် လူမှုရေးကွန်ရက်မှာ အတိုင်းအတာတစ်ခုအထိ လုံခြုံမှုရှိနိုင်မယ်။ သင်မဖိတ်ခေါ်မခြင်း ပြဿနာက မဝင်လာနိုင်ပါဘူး။”

      ၂ လူမှုရေးကွန်ရက်က သင့်အချိန်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။

      “သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေရန် ဆုတောင်းပေးပါ၏။”—ဖိလိပ္ပိ ၁:၁၀။

      သင်သိထားသင့်တဲ့အရာ။ လူမှုရေးကွန်ရက်က အချိန်စားနိုင်ပြီး အရေးကြီးတဲ့တခြားအလုပ်တွေကနေ သင့်ကို အာရုံလွဲသွားစေနိုင်တယ်။ ကေး ဆိုတဲ့အမျိုးသမီးက ခုလိုပြောပြတယ်– “များများသုံးလေ၊ အချိန်များများကုန်လေ၊ ပိုပိုပြီး စွဲလာလေပဲ။” ဒီထောင်ချောက်ထဲ ကျခဲ့သူတွေရဲ့ မှတ်ချက်တွေကို နားထောင်ကြည့်ပါ။

      “သင် မကြိုက်တော့ဘူးဆိုရင်တောင် လူမှုရေးကွန်ရက်သုံးတာကို ရပ်လိုက်ဖို့ တော်တော်ခက်တယ်။ ဒါက စွဲစေတဲ့အကျင့်တစ်ခုနဲ့ တော်တော်လေးဆင်တယ်။”—အဲလစ်။

      “လုပ်စရာတွေက အများကြီးပဲ။ သူငယ်ချင်းတွေရဲ့ စာမျက်နှာထဲ ဝင်ကြည့်ဖို့ကို ခဏထားလိုက်။ ဂိမ်းတွေ၊ ဉာဏ်စမ်းတွေ၊ တေးသီချင်း စာမျက်နှာတွေကလည်း အများကြီးပဲ။”—ဘလိန်း။

      “ရေဝဲထဲမှာ စုပ်ယူသွားခံလိုက်ရသလိုပဲ။ အမေရောက်လာပြီး ပန်းကန်တွေ အခုထိမဆေးရသေးဘူးလားလို့ မမေးမချင်း အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။”—အန်နာလီစ်။

      “ကျွန်မတင်ထားတာတွေကို ဘယ်သူတွေတုံ့ပြန်သလဲဆိုတာ သိချင်လို့ ကျောင်းဆင်းပြီဆိုတာနဲ့ အိမ်အမြန်ပြန်ချင်နေတာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခဲ့တယ်။ သူတို့ကို မှတ်ချက်ပြန်ရေးတယ်။ သူတို့တင်ထားတဲ့ ဓာတ်ပုံအသစ်အားလုံးကို လိုက်ကြည့်တယ်။ အင်တာနက်ကြည့်နေချိန်မှာဆိုရင် တစ်ယောက်ယောက်က လာနှောင့်ယှက်ရင်လည်း သိပ်စိတ်ဆိုးတာပဲ။ ကျွန်မသိတဲ့ တချို့သူတွေဆိုရင် တချိန်လုံးလိုလို အင်တာနက်ပေါ်မှာ ရှိနေကြတယ်၊ သူများအိမ် သွားလည်နေချိန်မှာတောင်၊ ညအချိန်မတော်မှာတောင် အင်တာနက်ပေါ်မှာ ရှိနေကြတယ်။”—မေဂင်။

      သင် လုပ်ဆောင်နိုင်ရာ။ သင့်မှာ ဖြုန်းချင်သလောက်ဖြုန်းနိုင်တဲ့အထိ အချိန်တွေမရှိပါဘူး။ ဒါကြောင့် ငွေကို ဘယ်လိုသုံးစွဲမလဲဆိုတာ ဘတ်ဂျက်ဆွဲသလိုမျိုး အချိန်ကို ဘယ်လိုသုံးစွဲမလဲဆိုတာလည်း ဘတ်ဂျက်ဆွဲထားဖို့လိုတယ်။ အရင်ဆုံး အင်တာနက်မှာ ဘယ်လောက်ပဲ အချိန်သုံးသင့်သလဲဆိုတာ သတ်မှတ်ထားပါ။ ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း ဘယ်လောက်လိုက်နိုင်သလဲဆိုတာ တစ်လလောက် စောင့်ကြည့်ပါ။ လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ပါ။

      သင်ဟာ မိဘတစ်ယောက်ဖြစ်ပြီး သင့်ဆယ်ကျော်သက်ကလေးက လူမှုရေးကွန်ရက်ကို အလွန်အကျွံ သုံးနေတယ်ဆိုရင် အဲဒီလိုသုံးစေတဲ့ နောက်ကွယ်ကအကြောင်းရင်းကို သိအောင်ကြိုးစားပါ။ ဥပမာ၊ နန်စီ အီး. ဝီလ်လတ်ဒ်ရဲ့ စာအုပ် (Cyber-Safe Kids, Cyber-Savvy Teens) မှာ လူမှုရေးကွန်ရက်ကို အလွန်အကျွံသုံးစွဲခြင်းက စိုးရိမ်မှု၊ ဖိစီးမှု၊ သိမ်ငယ်မှုတွေနဲ့ ဆက်စပ်နေနိုင်တယ်ဆိုပြီး ဖော်ပြထားတယ်။ သူ ဒီလိုဖော်ပြတယ်– “ဆယ်ကျော်သက် တော်တော်များများက သူတို့ရဲ့ လူဝင်ဆံ့မှုကို အရမ်းအလေးအနက်ထားတတ်ကြတယ်။ ဒါကို အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေနဲ့ ဘယ်လောက်ဆက်သွယ်နိုင်သလဲဆိုတာနဲ့ တိုင်းတာမယ်ဆိုရင် အဲဒါက သူတို့အတွက် အင်တာနက်စွဲစေတဲ့ လောင်စာဖြစ်တယ်။”

      လူမှုရေးကွန်ရက်အပါအဝင် တခြားအင်တာနက်အသုံးပြုမှုတွေကြောင့် သင့်မိသားစုဝင်တွေကြားမှာရှိတဲ့ ရင်းနှီးမှု မပျက်ပြားစေပါနဲ့။ “အင်တာနက်ရဲ့ ကပြောင်းကပြန်ဖြစ်စေတဲ့အရာတစ်ခုက မိသားစုဝင်တွေ ဝေးနေကြချိန်မှာ အဆက်အသွယ်ရစေပြီး အတူတူရှိနေချိန်မှာတော့ ဝေးကွာနေစေတယ်” လို့ ဒွန် တပ်စကော့တ်ရဲ့ စာအုပ်မှာ (Grown Up Digital) ဖော်ပြထားတယ်။

      အဓိကအချက်။ အမ်မလီဆိုတဲ့ မိန်းကလေးက ခုလိုပြောတယ်– “လူမှုရေးကွန်ရက်က လူတွေနဲ့အဆက်အသွယ်ရနေစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမဲ့ တခြားအရာတွေလိုပါပဲ ဒီကွန်ရက်အသုံးပြုတာကို ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ သိဖို့တော့လိုတယ်။”

      ၃ လူမှုရေးကွန်ရက်က သင့်နာမည်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။

      “နာမည်ကောင်းနဲ့ သူတစ်ပါးလေးစားမှုဟာ များစွာသော ရွှေ၊ ငွေထက် ပိုတန်ဖိုးရှိတယ်။”—သု. ၂၂:၁၊ “Contemporary English Version”.

      သင်သိထားသင့်ရာ။ လူမှုရေးကွန်ရက်အပေါ် တင်လိုက်ရာတွေက သင့်အတွက် ဖျက်ရခက်တဲ့နာမည် တွင်ရစ်စေနိုင်တယ်။ (သု. ၂၀:၁၁; မဿဲ ၇:၁၇) လူအတော်များများက ဖြစ်လာနိုင်တဲ့အန္တရာယ်ကို သတိမမူမိကြပုံပေါ်တယ်။ “လူမှုရေးကွန်ရက်ပေါ် ရောက်တဲ့အခါ လူတွေမှာ ဆင်ခြင်ဉာဏ် မဲ့သွားသလိုပဲ။ သာမန်အားဖြင့် ပြောမှာမဟုတ်တဲ့ အရာတွေကို ပြောလာကြတယ်။ မသင့်တော်တဲ့အရာတစ်ခုခုတင်မိတဲ့အတွက် နာမည်ကောင်း ပျက်သွားနိုင်တယ်ဆိုတာ တချို့တွေ သဘောမပေါက်ကြဘူး” လို့ ရာခဲလ်လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယောက်က ပြောတယ်။

      လူမှုရေးကွန်ရက်မှာ နာမည်ပျက်သွားခြင်းက ရေရှည်အကျိုးသက်ရောက်နိုင်တယ်။ အထက်မှာဖော်ပြခဲ့တဲ့ (Grown Up Digital) စာအုပ်မှာ ခုလို ဖော်ပြထားတယ်– “အင်တာနက်မှာတင်ထားတဲ့အရာကြောင့် အလုပ်ပြုတ်သွားတဲ့၊ အလုပ်သစ်က လက်မခံတဲ့အဖြစ်မျိုး အများကြီးပဲ။”

      သင်လုပ်ဆောင်နိုင်ရာ။ လူမှုကွန်ရက်ပေါ်က သင့်စာမျက်နှာကို တခြားသူတွေမြင်သလိုမြင်ဖို့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးပါ– ‘ငါ့ကို ဒီလိုပဲ မြင်စေချင်တာလား။ တစ်ယောက်ယောက်က ငါတင်ထားတဲ့ ပုံတွေကိုကြည့်ပြီး ငါ့စရိုက်ကိုအကဲဖြတ်မယ်ဆိုရင် အဲဒီလူစိတ်ထဲ ဘာပေါ်လာမလဲ။ “မျက်နှာများသူ” အဖြစ်လား။ “မြူဆွယ်တတ်သူ” အဖြစ်လား။ “အထိန်းအကွပ်မဲ့ပါတီတွေကို ကြိုက်နှစ်သက်သူ” ဆိုပြီးတော့လား။ အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်အသစ်က ငါ့ကို အဲဒီလိုလူမျိုးဆိုပြီး မြင်စေချင်သလား။ အဲဒီဓာတ်ပုံတွေက ငါလက်ခံထားတဲ့ စံနှုန်းတွေကို တကယ်ကိုယ်စားပြုသလား။’

      သင်ဟာ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ငါ့မိဘ၊ ငါ့ဆရာ ဒါမှမဟုတ် ငါလေးစားရတဲ့သူတစ်ယောက်ယောက်က ငါ့စာမျက်နှာကိုကြည့်ရင် ဘယ်လိုနေမလဲ။ အဲဒါတွေကို သူတို့တွေ့ခဲ့ရင်၊ သူတို့ ဖတ်မိရင် ငါ စိတ်မလုံမလဲဖြစ်နေမလား။’

      အဓိကအချက်။ သင့်နာမည်နဲ့ပတ်သက်လာရင် ခရစ်ယာန်တမန်တော်ပေါလု ပြောခဲ့တဲ့ ဒီစကားတွေကို အမှတ်ရပါ– “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇။

      ၄ လူမှုရေးကွန်ရက်က သင့်မိတ်ဆွေဖွဲ့မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။

      “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀။

      သင်သိထားသင့်ရာ။ သင့်တွေးခေါ်ပုံနဲ့ အပြုအမှုတွေကို သင့်အပေါင်းအသင်းတွေက ဩဇာညောင်းတယ်။ (၁ ကောရိန္သု ၁၅:၃၃) ဒါကြောင့် လူမှုရေးကွန်ရက်ပေါ်မှာ သူငယ်ချင်းတွေကို ရွေးချယ်လက်ခံတာကသာ သင့်တော်ပါတယ်။ တချို့တွေက ကိုယ်လုံးဝမသိတဲ့၊ အနည်းငယ်လောက်သာသိတဲ့ လူများစွာကို၊ ရာနဲ့ချီတဲ့သူတွေကိုတောင် သူငယ်ချင်းအဖြစ် လက်ခံထားကြတယ်။ တခြားသူတွေကျတော့ သူတို့ရဲ့စာရင်းမှာရှိတဲ့သူငယ်ချင်းအားလုံးက ကောင်းတဲ့အပေါင်းအသင်းတွေမဟုတ်ဘူးဆိုတာ တွေ့ရှိကြတယ်။ တချို့တွေပြောတာကို ဖတ်ကြည့်ပါ။

      “လူတစ်ယောက်က သူငယ်ချင်းလုပ်ချင်တဲ့သူအားလုံးကို လက်ခံနေမယ်ဆိုရင်တော့ အဲဒီလူ ပြဿနာတက်တော့မှာ သေချာတယ်။”—အန်နာလီစ်။

      “ကျွန်မသိတဲ့သူတော်တော်များများက သူငယ်ချင်းအဖြစ် သူတို့လက်ခံလိုစိတ်မရှိသူတွေကိုတောင် လက်ခံကြတယ်။ မဟုတ်ရင် သူတို့ စိတ်ထိခိုက်သွားမှာစိုးလို့ပါတဲ့။”—လီယန်း။

      “အပြင်မှာ လူချင်းတွေ့ ပေါင်းသင်းတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သူငယ်ချင်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့လိုတယ်။”—အလက်စ်။

      သင်လုပ်ဆောင်နိုင်ရာ။ ဘယ်သူ့ကိုပဲ သူငယ်ချင်းအဖြစ် လက်ခံမယ်ဆိုတဲ့ ကိုယ်ပိုင်မူတွေကို ချမှတ်ပါ။ ဥပမာ၊ တချို့တွေက သူငယ်ချင်းဖွဲ့ရာမှာ သူတို့ကိုယ်သူတို့ ခုလို ကြပ်မတ်ခဲ့တယ်–b

      “ကျွန်မက သိရုံသိတဲ့သူကိုမဟုတ်ဘဲ တကယ်အကျွမ်းတဝင်သိသူတွေကိုသာ သူငယ်ချင်းအဖြစ် လက်ခံတယ်။”—ဂျင်း။

      “မိတ်ဟောင်းဆွေဟောင်းတွေကိုပဲ ကျွန်မ သူငယ်ချင်းဖွဲ့တယ်။ လူစိမ်းတွေကို ဘယ်တော့မှ လက်မခံဘူး။”—မိုနစ်ခ်။

      “ကျွန်မနဲ့ စံနှုန်းတူတဲ့ အကျွမ်းဝင်ပြီးသားသူတွေကိုပဲ သူငယ်ချင်းအဖြစ် လက်ခံတယ်။”—ရေ။

      “ကျွန်မ မသိသူတစ်ယောက်က သူငယ်ချင်းဖွဲ့ဖို့ တောင်းဆိုလာတဲ့အခါ ငြင်းလိုက်တယ်။ အဲဒီလိုပဲ အမြဲတမ်းလုပ်တယ်။ ကျွန်မသူငယ်ချင်းအားလုံးက ကျွန်မ သိထားသူတွေ၊ အပြင်မှာလည်း သိတဲ့သူတွေဖြစ်တယ်။”—မာရီ။

      “သူငယ်ချင်းတစ်ယောက်က ကျွန်မလက်မခံနိုင်တဲ့ ပုံတွေ ဒါမှမဟုတ် အချက်အလက်တွေ တင်လာတဲ့အခါ အဲဒီလူကို သူငယ်ချင်းစာရင်းကနေ ဖျက်လိုက်တယ်။ အဲဒီအတွက် ကျွန်မစိတ်မကောင်းမဖြစ်ဘူး။ သူတို့တင်ထားတာကို ကြည့်ရုံကြည့်မယ်ဆိုရင်တောင် ဒါက မကောင်းတဲ့ပေါင်းသင်းမှုပဲ။”—ကင်မ်။

      “လူမှုရေးကွန်ရက်မှာ ကျွန်မစာမျက်နှာဖွင့်ထားတုန်းက လူတကာဝင်ကြည့်လို့မရအောင် ဆက်တင်တွေကို ကောင်းကောင်းချိန်ထားတယ်။ ကျွန်မတင်ထားရာတွေ၊ ဓာတ်ပုံတွေကို ကျွန်မသူငယ်ချင်းတွေပဲ ကြည့်လို့ရတယ်၊ သူတို့ရဲ့ သူငယ်ချင်းတွေကို ပေးမကြည့်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မသူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေက ကျွန်မအတွက် အပေါင်းအသင်းကောင်းတွေ ဟုတ်မဟုတ်ဆိုတာ မသိဘူး။ သူတို့ကို ကျွန်မ မသိဘူး၊ သူတို့ရဲ့ ဂုဏ်သတင်းကိုလည်း မသိဘူး။”—ဟဲလ်သာ။

      အဓိကအချက်။ ဒေါက်တာ ဂွမ် ရှာဂင် အိုခီဖ် က သူ့စာအုပ် (CyberSafe) မှာ ခုလိုရေးထားတယ်– “အကောင်းဆုံးကတော့ သင်သိတဲ့သူ၊ အပြင်မှာလည်း သင်နဲ့အဆက်အသွယ်ရှိသူတွေကိုသာ သူငယ်ချင်းအဖြစ် လက်ခံပါ။”c

      [အောက်ခြေမှတ်ချက်များ]

      a နိုးလော့! ဟာ ဘယ်လူမှုဆက်သွယ်ရေးကွန်ရက်ဆိုက်ကိုမှ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပြုပါ။ ခရစ်ယာန်တွေအနေနဲ့ အင်တာနက်အသုံးပြုတဲ့အခါ ကျမ်းစာမူတွေကိုမချိုးဖောက်မိဖို့ သတိပြုသင့်ပါတယ်။—၁ တိမောသေ ၁:၅၊ ၁၉။

      b ဒီဆောင်းပါးက ရိုးရိုးမိတ်ဆွေဖွဲ့မှုအကြောင်း ပြောနေခြင်းဖြစ်တယ်၊ စီးပွားရေးအရ မိတ်ဆွေဖွဲ့တာကို မဆိုလိုပါဘူး။

      c နောက်ထပ်အချက်အလက်တွေအတွက် ၂၀၁၁ နိုးလော့! (အင်္ဂလိပ်) ဇူလိုင်လထုတ် စာမျက်နှာ ၂၄-၂၇ နဲ့ ဩဂုတ်လထုတ် စာမျက်နှာ ၁၀-၁၃ ကို ကြည့်ပါ။

      [စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

      ထွက်ခဲ့ပါ

      သင်အသုံးမပြုတဲ့အချိန် သင့်စာမျက်နှာကို ဖွင့်ထားခဲ့မယ်ဆိုရင် တခြားသူတွေက သင့်စာမျက်နှာပေါ် တင်ချင်တာတင်နိုင်တဲ့ အနေအထားမှာရှိတယ်။ အဲဒီလိုလုပ်ထားတာဟာ “ပိုက်ဆံအိတ် ဒါမှမဟုတ် ဆဲလ်ဖုန်းကို အများသုံး စားပွဲပေါ်မှာ ချခဲ့တာနဲ့တူတယ်။ ဘယ်သူမဆို သင့်စာမျက်နှာပေါ်မှာ သူတို့ကြိုက်တာတင်သွားနိုင်တယ်” လို့ ရှေ့နေ ရောဘတ် ဝဲလ်ဆမ်က ဆိုတယ်။ သူ့အကြံပေးချက်ကတော့– “ထွက်ခဲ့ (log out လုပ်ခဲ့) ပါ။”

      [စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

      ပြဿနာကို ဖိတ်ခေါ်နေသလား

      စစ်တမ်းကောက်ယူမှုတစ်ခုအရ လူမှုရေးကွန်ရက်အသုံးပြုသူများစွာက “ဖောက်ထွင်းသူခိုးတွေ၊ အချက်အလက်သူခိုးတွေနဲ့ နောက်ယောင်ခံလိုက်သူတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်။ တစ်ဆယ့်ငါးရာခိုင်နှုန်းက လောလောဆယ်သူတို့နေတဲ့နေရာ ဒါမှမဟုတ် ခရီးသွားမယ့်အစီအစဉ်တွေကို တင်ထားကြတယ်။ ၃၄ ရာခိုင်နှုန်းက မိမိတို့ရဲ့ မွေးနေ့အပြည့်အစုံ တင်ထားကြပြီး အိမ်မှာသားသမီးရှိသူ ၂၁ ရာခိုင်နှုန်းက ကိုယ့်ကလေးတွေရဲ့ နာမည်နဲ့ ဓာတ်ပုံတွေကို တင်ထားကြတယ်။”—Consumer Reports

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ