-
ကျမ်းစာမှာပါတဲ့ အံ့ဖွယ်အမှုတွေကို သင် ယုံကြည်နိုင်ပါသလားကင်းမျှော်စင်—၂၀၁၂ | ဩဂုတ် ၁
-
-
ကျမ်းစာမှာပါတဲ့ အံ့ဖွယ်အမှုတွေကို သင် ယုံကြည်နိုင်ပါသလား
အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လူတစ်ယောက်က သင့်ကို လာပြောတယ်ဆိုပါစို့။ အဲဒီဇာတ်လမ်းကို ယုံသင့်၊ မယုံသင့်ဆိုတာ ဇာတ်လမ်းပြောတဲ့သူက ယုံကြည်စိတ်ချထိုက် မထိုက်ဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေတယ် မဟုတ်လား။ ယုံကြည်မှုဆိုတဲ့အထဲမှာ သူပြောတဲ့အချက်အလက်တွေသာမက အမှန်အတိုင်းပြောတယ်ဆိုတဲ့ သူ့ရဲ့ရာဇဝင်လည်း ပါဝင်ပါတယ်။ ဒါ့အပြင်၊ သင့်ကို အဲဒီပုဂ္ဂိုလ်က တစ်ခါမှ မလိမ်ခဲ့ဖူးဘူး၊ နှစ်တွေတစ်လျှောက်လုံး အမှန်တရားကိုပဲ အမြဲပြောလာခဲ့တယ်ဆိုရင် အခု သူပြောတာကို ယုံကြည်ဖို့အကြောင်းကောင်း ရှိနေပါတယ်။
ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကလည်း အဲဒီလိုပါပဲ။ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်ပျက်တုန်းက ကျွန်ုပ်တို့ တစ်ယောက်မှ ရှိမနေကြပါဘူး။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ အဖြစ်အပျက်တွေက ယုံကြည်လို့ ရမရဆိုတာကို ကျွန်ုပ်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အောက်ပါအချက်တချို့က ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေရဲ့ မှန်ကန်တိကျမှုကို သိမြင်စေပါတယ်။
အံ့ဖွယ်ဖြစ်ရပ် တော်တော်များများက လူရှေ့သူရှေ့မှာ ဖြစ်ပျက်ခဲ့တယ်။ တချို့ဖြစ်ရပ်တွေကို သန်းနဲ့ချီပြီးမဟုတ်ရင်တောင် ထောင်နဲ့ချီတဲ့သူတွေ တွေ့မြင်ခဲ့တယ်။ (ထွက်မြောက်ရာ ၁၄:၂၁-၃၁; ၁၉:၁၆-၁၉) လူတွေမမြင်နိုင်တဲ့နေရာမှာ တိတ်တဆိတ်ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။
အံ့ဖွယ်ဖြစ်ရပ်တွေက ရိုးရှင်းပါတယ်။ ကျမ်းစာပါ အံ့ဖွယ်ဖြစ်ရပ်တွေမှာ အထူးဇာတ်ဝင်အသုံးအဆောင်တွေ၊ ဟိတ်ဟန်များလွန်းတဲ့ ပြကွက်တွေ၊ မျက်စိလှည့်စားတဲ့ ရောင်စုံမီးတွေ မပါပါဘူး။ ကျမ်းစာပါအံ့ဖွယ်ဖြစ်ရပ်အများစုက ကြုံတုန်းဆုံခိုက် လုပ်လိုက်တာတွေဖြစ်သလို လူတစ်ဦးတစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် လုပ်လိုက်ရတာတွေ ဖြစ်တယ်။ (မာကု ၅:၂၅-၂၉; လုကာ ၇:၁-၁၀) အဲဒီလိုအခါမျိုးတွေမှာ အံ့ဖွယ်အမှုပြုလုပ်သူအနေနဲ့ ကြိုတင်ဇာတ်တိုက်ပြီးလုပ်တာလို့ ပြောတာက ယုတ္တိမတန်ပါဘူး။
အံ့ဖွယ်အမှုပြုလုပ်သူက နာမည်ကျော်ကြားပြီး ချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်ကို လူတွေ ဂုဏ်တင်ဖို့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ (ယောဟန် ၁၁:၁-၄၊ ၁၅၊ ၄၀) အံ့ဖွယ်အမှု ပြုလုပ်နိုင်စွမ်းကိုသုံးပြီး ချမ်းသာအောင်လုပ်ဖို့ ကြိုးစားသူတွေကို ကျမ်းစာက ပြစ်တင်ရှုတ်ချပါတယ်။—၄ ဓမ္မရာဇဝင် ၅:၁၅၊ ၁၆၊ ၂၀၊ ၂၅-၂၇; တမန်တော် ၈:၁၈-၂၃။
အံ့ဖွယ်အမှု အမျိုးမျိုးဖြစ်ပျက်တာက လူသားတွေရဲ့ လုပ်ဆောင်မှုမဟုတ်ဘူးဆိုတာ ဖော်ပြတယ်။ ဥပမာ၊ ပင်လယ်နဲ့လေက ငြိမ်သက်သွားတယ်၊ ရေကနေ ဝိုင်အဖြစ် ပြောင်းလဲသွားတယ်၊ မိုးရွာတာ ရပ်သွားတယ်၊ မိုးခေါင်ရာကနေ မိုးစရွာတယ်၊ ဖျားနာသူတွေ ရောဂါပျောက်သွားတယ်၊ မျက်မမြင်သူ မျက်စိပြန်မြင်လာတယ်။ အဲဒီအံ့ဖွယ်ဖြစ်ရပ်အားလုံးနဲ့ တခြားဖြစ်ရပ်တွေ ဖော်ပြတဲ့အချက်က အံ့ဖွယ်အမှုတွေရဲ့ နောက်ကွယ်မှာ လူထက်အဆင့်မြင့်တဲ့ အစွမ်းတန်ခိုးရှိနေတယ် ဆိုတာပါပဲ။—၃ ဓမ္မရာဇဝင် ၁၇:၁-၇; ၁၈:၄၁-၄၅; မဿဲ ၈:၂၄-၂၇; လုကာ ၁၇:၁၁-၁၉; ယောဟန် ၂:၁-၁၁; ၉:၁-၇။
ယေရှုကို ဆန့်ကျင်တဲ့သူတွေတောင် အံ့ဖွယ်အမှုဖြစ်ခဲ့တာကို စောဒကမတက်ခဲ့ဘူး။ မိတ်ဆွေလာဇရုကို ရှင်ပြန်ထမြောက်အောင် ယေရှုလုပ်ပေးတဲ့အခါ ယေရှုကိုဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လာဇရု သေဆုံးသွားတာကို သံသယမဝင်ခဲ့ကြဘူး။ သူတို့တွေ ဘယ်လိုလုပ် သံသယဝင်နိုင်မှာလဲ။ လာဇရု သေဆုံးလို့ မြှုပ်နှံထားတာ လေးရက်တောင်ရှိနေပြီဆိုတာ သူတို့သိထားတယ်။ (ယောဟန် ၁၁:၄၅-၄၈; ၁၂:၉-၁၁) ယေရှုသေဆုံးပြီး ရာစုနှစ်အတော်ကြာပြီးနောက်မှာတောင် ဂျူးတာမွဒ်ကျမ်းရေးသူတွေက ယေရှုမှာ အံ့ဖွယ်အမှုတွေကို ပြုလုပ်နိုင်တဲ့ တန်ခိုးရှိတယ်ဆိုပြီး အသိအမှတ်ပြုနေဆဲဖြစ်တယ်။ အဲဒီကျမ်းရေးသူတွေ သံသယဝင်တာက အံ့ဖွယ်အမှုပြုလုပ်နိုင်စွမ်းရဲ့ မူလရင်းမြစ်ကိုပဲ ဖြစ်ပါတယ်။ ယေရှုရဲ့တပည့်တွေ ဂျူးတရားရုံးရှေ့ ခေါ်ဆောင်ခံရတဲ့အခါ သူတို့အမေးခံရတဲ့ မေးခွန်းက “မင်းတို့ အံ့ဖွယ်အမှုတွေ လုပ်ခဲ့သလား” လို့မဟုတ်ဘဲ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သူ့နာမအားဖြင့် ဤအမှုကို ပြုကြသနည်း” လို့ပဲဖြစ်တယ်။—တမန်တော် ၄:၁-၁၃။
ဒါဆိုရင် ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို သင် ယုံကြည်နိုင်ပြီလား။ ခုနကဆွေးနွေးခဲ့တဲ့ အချက်တွေအရ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ရှင်းနေပါတယ်။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ ကျမ်းစာမှာ အဖြစ်အပျက်တစ်ခုကို ဖော်ပြတဲ့အခါ ဖြစ်ပျက်တဲ့အချိန်၊ နေရာနဲ့ ပါဝင်တဲ့လူတွေရဲ့နာမည်တွေကိုပါ ထည့်ဖော်ပြတယ်။ ကျမ်းစာကို ဝေဖန်သူတွေတောင် ကျမ်းစာမှာပါတဲ့ သမိုင်းဝင်အချက်အလက် အသေးစိတ်ကအစ မှန်ကန်တိကျတာကို အံ့သြကြရတယ်။ ရာနဲ့ချီတဲ့ ကျမ်းစာကြိုဟောချက်တွေ အသေးစိတ်ကအစ ပြည့်စုံခဲ့ပြီး ဖြစ်တယ်။ ဒါ့အပြင်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေစေတဲ့ အကြံပြုချက်များစွာလည်း ကျမ်းစာမှာပါတယ်။ အဲဒီအကြံပြုချက်တွေက အသက်အရွယ်အမျိုးမျိုးရှိသူတွေကို အကူအညီပေးခဲ့ပါပြီ။ လူမှုဆက်ဆံရေးနဲ့ပတ်သက်ရင် ကျမ်းစာအကြံပြုချက်တွေကို ယှဉ်နိုင်တဲ့အရာ မရှိသေးဘူးဆိုတာ သမိုင်းက သက်သေထူပါတယ်။
ကျမ်းစာကို သင် အပြည့်အဝ ယုံကြည်စိတ်ချမှု မရှိသေးဘူးဆိုရင် ထပ်လေ့လာကြည့်ဖို့ အကြံပြုပါရစေ။ ကျမ်းစာအကြောင်း ပိုသိလာလေ ကျမ်းစာကို ပိုယုံကြည်စိတ်ချလာလေပါပဲ။ (ယောဟန် ၁၇:၁၇) ကျမ်းစာမှာပါတဲ့ အတိတ်က အံ့ဖွယ်ဖြစ်ရပ်တွေကိုလည်း သင် ယုံကြည်နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အဲဒီလိုယုံကြည်လာတာနဲ့အမျှ မဝေးတော့တဲ့အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေအကြောင်း ကျမ်းစာပြောတာတွေကိုလည်း သင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုကို ဆန့်ကျင်တဲ့သူတွေဟာ လာဇရု သေဆုံးသွားတာကို စောဒကမတက်ခဲ့ကြ
-
-
မကြာခင် ဖြစ်လာတော့မယ့် အံ့ဖွယ်အမှုများကင်းမျှော်စင်—၂၀၁၂ | ဩဂုတ် ၁
-
-
မကြာခင် ဖြစ်လာတော့မယ့် အံ့ဖွယ်အမှုများ
ခွဲစိတ်ဆရာဝန်တစ်ဦးက သင့်ကို အကြီးစားခွဲစိတ်မှုတစ်ခု လုပ်တော့မယ် ဆိုပါစို့။ ခွဲစိတ်မယ့်ဆရာဝန်က အကြီးစားခွဲစိတ်မှု တစ်ခါမှမလုပ်ဖူးဘူးလို့ သိလိုက်ရတဲ့အခါ သင် ဘယ်လိုဖြစ်နေမလဲ။ အရမ်းစိုးရိမ်သွားမှာ သေချာပါတယ်။ ဒါပေမဲ့ သင့်ကို ခွဲစိတ်မယ့်ဆရာဝန်က အကြီးစားခွဲစိတ်မှုတွေ အများကြီးလုပ်ခဲ့တဲ့ အတွေ့အကြုံရှိသူဖြစ်တယ် ဆိုရင်ကော။ အဲဒီဆရာဝန်ကို သင် ယုံကြည်စိတ်ချမယ် မဟုတ်ဘူးလား။
ယေဟောဝါဘုရားသခင်က ခွဲစိတ်မှု အများကြီးလုပ်ဖူးတဲ့ ဆရာဝန်နဲ့တူပြီး ကမ္ဘာကြီးဟာ ခွဲစိတ်ဖို့လိုအပ်နေတဲ့ လူနာနဲ့တူနေပါတယ်။ ယေဟောဝါဘုရားသခင်က ဒီကမ္ဘာကို သူ့မူလရည်ရွယ်ချက်အတိုင်း သာယာလှပတဲ့နေရာဖြစ်အောင် ပြန်လုပ်ဆောင်မယ်လို့ ကျမ်းစာကနေတစ်ဆင့် ဖော်ပြတယ်။ (၂ ပေတရု ၃:၁၃) ဒါပေမဲ့ လှပတဲ့နေရာဖြစ်ဖို့ဆိုရင် လူနာရဲ့ကိုယ်ခန္ဓာက မကောင်းတဲ့အပိုင်းကို ဖြတ်ထုတ်ရသလိုပဲ အရင်ဆုံး ကမ္ဘာပေါ်က ဆိုးသွမ်းတဲ့သူတွေကို ဖယ်ရှားပစ်ရမှာဖြစ်တယ်။ (ဆာလံ ၃၇:၉-၁၁; သုတ္တံ ၂:၂၁၊ ၂၂) ကျွန်ုပ်တို့ဝန်းကျင်မှာဖြစ်နေတဲ့ မကောင်းတဲ့အခြေအနေတွေကို ဖယ်ရှားပစ်ရမှာဖြစ်တယ်။ အဲဒါတွေက မကြာခင်ဖြစ်လာတော့မယ့် အံ့ဖွယ်ဖြစ်ရပ်ပါပဲ။—ဗျာဒိတ် ၂၁:၄၊ ၅။
အဲဒီလိုအပြောင်းအလဲကြီးတွေ မကြာခင် ဖြစ်လာတော့မယ်ဆိုတာကို ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ ဘာဖြစ်လို့လဲ။ ဘုရားသခင်ဟာ ကျန်ရှိနေသေးတဲ့ သူ့ကတိတွေကို ပြည့်စုံအောင်လုပ်နိုင်တဲ့အစွမ်း ရှိတယ်ဆိုတာကို လုပ်ပြပြီးပြီဖြစ်တဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက သက်သေထူနေလို့ပါပဲ။ အနာဂတ်မှာဖြစ်လာမယ့် ကျမ်းစာကတိပြုချက် အံ့ဖွယ်ဖြစ်ရပ် ခြောက်ခုကိုပဲ သုံးသပ်ကြည့်ပါ။
အနာဂတ်မှာဖြစ်လာမယ့် ကျမ်းစာကတိပြုချက်တွေအကြောင်း သင် ဆက်ပြီးလေ့လာပါ။ သင့်ယုံကြည်ခြင်း တိုးပွားလာမယ်ဆိုရင် ယေဟောဝါဘုရားသခင် အံ့ဖွယ်အမှုတွေ လုပ်ဆောင်တဲ့အခါ သင်လည်း အကျိုးခံစားခွင့်ရရှိပါလိမ့်မယ်။
[စာမျက်နှာ ၉၊ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အံ့ဖွယ်အမှု–
ယေရှုဟာ မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်နဲ့ချီကို ကျွေးမွေးခဲ့တယ်။—မဿဲ ၁၄:၁၃-၂၁; မာကု ၈:၁-၉; ယောဟန် ၆:၁-၁၄။
ကတိပြုချက်–
‘မြေသည် အသီးအနှံကိုထွက်စေ၍ ဘုရားသခင်၊ ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူမည်။’—ဆာလံ ၆၇:၆၊ သမ္မာ။
အကျိုးရလဒ်–
ဘယ်သူမှ ဆာလောင်မွတ်သိပ်ရတဲ့အဖြစ်မျိုး မကြုံရတော့ဘူး။
အံ့ဖွယ်အမှု–
ယေရှုဟာ မျက်မမြင်ကို မျက်စိပြန်မြင်အောင် လုပ်ပေးခဲ့တယ်။—မဿဲ ၉:၂၇-၃၁; မာကု ၈:၂၂-၂၆။
ကတိပြုချက်–
“မျက်မမြင်တို့သည် မျက်စိမြင်ကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ခမ။
အကျိုးရလဒ်–
မျက်စိမမြင်သူအားလုံး ပြန်မြင်လာရမယ်။
အံ့ဖွယ်အမှု–
မသန်မစွမ်းတွေကို ယေရှုကုသပေးခဲ့တယ်။—မဿဲ ၁၁:၅၊ ၆; ယောဟန် ၅:၃-၉။
ကတိပြုချက်–
“ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။”—ဟေရှာယ ၃၅:၆။
အကျိုးရလဒ်–
မသန်မစွမ်းသူအားလုံး ပြန်သန်စွမ်းလာကြမယ်။
အံ့ဖွယ်အမှု–
ဖျားနာမှုအမျိုးမျိုးကို ယေရှု ကုသပေးခဲ့တယ်။—မာကု ၁:၃၂-၃၄; လုကာ ၄:၄၀။
ကတိပြုချက်–
“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။
အကျိုးရလဒ်–
အားအင်ကုန်ခန်းစေတဲ့ ဖျားနာမှုအားလုံး ပျောက်ကွယ်သွားမယ်။ ပြီးပြည့်စုံတဲ့ ကျန်းမာရေးပိုင်ဆိုင်ရမယ်။
အံ့ဖွယ်အမှု–
သဘာဝစွမ်းအားစုတွေကို ယေရှု ထိန်းချုပ်ခဲ့တယ်။—မဿဲ ၈:၂၃-၂၇; လုကာ ၈:၂၂-၂၅။
ကတိပြုချက်–
“လူတို့သည် အိမ်များကိုတည်ဆောက်၍ မိမိတို့ကိုယ်တိုင် နေထိုင်ရကြလိမ့်မည်။ . . . လူတို့သည် စပျစ်ဥယျာဉ်များကို စိုက်ပျိုး၍ စပျစ်သီးများကို စားရကြလိမ့်မည်။ . . . သူတို့သည် . . . ဘေးအန္တရာယ် ရောက်ရကြလိမ့်မည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၃၊ ခမ။
“သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့်ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်းဝေး၍ သင့်အနီးသို့မရောက်ရ။” —ဟေရှာယ ၅၄:၁၄။
အကျိုးရလဒ်–
သဘာဝကပ်ဘေးတွေ လုံးဝ ရှိတော့မှာမဟုတ်။
အံ့ဖွယ်အမှု–
သေလွန်သွားတဲ့သူတွေကို ယေရှု အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။—မဿဲ ၉:၁၈-၂၆; လုကာ ၇:၁၁-၁၇။
ကတိပြုချက်–
“သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။” —ယောဟန် ၅:၂၈၊ ၂၉။
“ပင်လယ်သည် မိမိ၌ရှိသောသေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် သင်္ချိုင်းတို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏။” —ဗျာဒိတ် ၂၀:၁၃။
အကျိုးရလဒ်–
ချစ်ရတဲ့ သေလွန်သွားသူတွေ အသက်ပြန်ရှင်လာကြမယ်။
-