မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ
ကိုယ်ကျင့်တရားစံနှုန်းတွေကို သားသမီးတွေရဲ့ နှလုံးထဲ စွဲမှတ်သွားအောင် သင်ပေးပါ
“သမီးရဲ့ကျောင်းမှာ လူတော်တော်များများက ရည်းစားထားကြတယ်။ သူတို့ရဲ့အကျင့်တွေ သမီးဆီကို ကူးစက်လာမှာ ကျွန်မ အရမ်းစိုးရိမ်မိတယ်” ဆိုပြီး ဒေါ်ခင်ခင်a ဆိုတဲ့ မိခင်တစ်ယောက်က ပြောပြတယ်။
“သားနဲ့ သားရည်းစား နှစ်ယောက်တည်းရှိနေချိန်မှာ သားတို့ ဘာလုပ်ကြသလဲလို့ သားကိုမေးတော့၊ သားက ‘ကျွန်တော် မသိဘူး’ ဆိုပြီး ပြန်ဖြေတယ်” လို့ ဂျပန်နိုင်ငံမှ နိုဘူကိုလို့ခေါ်တဲ့ မိခင်တစ်ယောက်က ပြောပြတယ်။
သင့်သမီး ဒါမှမဟုတ် သားဖြစ်သူ လမ်းလျှောက်တတ်စ အရွယ်တုန်းက အိမ်ထဲမှာ ကလေး ဘေးအန္တရာယ်ကင်းဖို့အတွက် သင် ဂရုစိုက်မှာ ဖြစ်တယ်။ ဥပမာ၊ မီးခလုတ်တွေကို အမြင့်မှာ တပ်ဆင်ထားမယ်၊ ချွန်ထက်တဲ့ တန်ဆာပလာတွေကို မမြင်ကွယ်ရာမှာ သိမ်းဆည်းထားမယ်၊ ဝရန်တာတွေမှာ အရံအတားတွေ လုပ်ထားကြမယ်။ အဲလိုနည်းတွေနဲ့ ကိုယ့်သားသမီး ဘေးမဖြစ်အောင် အစွမ်းကုန် ကာကွယ်ပေးတတ်ကြတယ်။
ဒါပေမဲ့ ကိုယ့်ကလေး ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ အဲလိုကာကွယ်ပေးရုံနဲ့ မလုံလောက်တော့ပါဘူး။ သင့်မှာ သူ့အတွက် ပူပန်စရာတွေ ပိုလို့တောင် များလာတယ်။ ဥပမာ၊ ‘အခုခေတ်မှာ ဒီဗီဒီခွေတွေကို လွယ်လွယ်နဲ့ ဝယ်လို့ရတယ်ဆိုတော့ ငါ့သားလေး ညစ်ညမ်းတဲ့အခွေတွေ ဝယ်ကြည့်မိမလား မသိဘူး။’ ‘ငါ့သမီးလေး အဲဒီပါတီပွဲကိုသွားရင် မဟုတ်မဟတ်တွေများ ဖြစ်လာမလား။’ မိဘတွေ စိတ်အပူဆုံးအရာကတော့ ‘ဒီကောင်လေး (ဒါမှမဟုတ် ဒီကောင်မလေး) ဟိုစိတ်ဒီစိတ်များ နှိုးကြွလာနေပြီလား။’
ချုပ်ချယ်မယ့်အစား လမ်းညွှန်ပေးဖို့လို
တချို့သော မိဘတွေဟာ လုံခြုံရေးအစောင့်တွေလို သူတို့ရဲ့သားသမီးတွေ ဘယ်သွားတယ်၊ ဘယ်လာတယ်ဆိုတာသိဖို့ တစ်ချိန်လုံး စောင့်ကြည့်နေတတ်ကြတယ်။ အဲလိုသာ မျက်လုံးဒေါက်ထောက် ကြည့်နေမယ်ဆိုရင် ကလေးကို မိဘမသိအောင် ပုန်းလျှိုးကွယ်လျှိုးလုပ်တတ်ဖို့ သင်ပေးသလို ဖြစ်သွားပါလိမ့်မယ်။
အလွန်အမင်း ချုပ်ချယ်တာက ဖြေရှင်းနည်း မဟုတ်ပါဘူး။ ယေဟောဝါဘုရားသခင်ကိုယ်တိုင်တောင် လူသားတွေရဲ့ နာခံမှုကိုရဖို့အတွက် အတင်းအကျပ် မလုပ်ဘူး။ မိဘတွေလည်း အတင်းအကျပ် မလုပ်သင့်ဘူး။ (တရားဟောရာ ၃၀:၁၉) ဒါကြောင့် ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်ကလေးတွေ ပညာရှိရှိ ဆုံးဖြတ်တတ်အောင် သင် ဘယ်လိုကူညီပေးနိုင်မလဲ။—သု. ၂၇:၁၁။
ကူညီပေးနိုင်တဲ့ နည်းတစ်နည်းကတော့ ကလေးတွေ အသက်ငယ်ရွယ်စဉ်ကစပြီး သူတို့နဲ့အတူ ကိုယ်ကျင့်တရားအကြောင်း မပြတ်တမ်း ဆွေးနွေးပြောဆိုဖို့ ဖြစ်တယ်။ (သု. ၂၂:၆) ကလေးတွေ မြီးကောင်ပေါက်အရွယ် ရောက်လာတဲ့အခါမှာလည်း ဆက်ပြောဆိုသွားဖို့ လိုပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင်ဟာ သင့်ကလေးရဲ့ အဓိက တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်သင့်ပါတယ်။ “လိင်မှုရေးရာ အကြောင်းတွေကို အပေါင်းအသင်းတွေနဲ့ပဲ ပြောဆိုသင့်တယ်လို့ လူအများက ယူဆကြပေမဲ့ အဲဒါက မှားတယ်။ ကျွန်မကတော့ အဲဒီအကြောင်းတွေကို မိဘတွေနဲ့ပဲ ပြောချင်တယ်။ သူတို့ပြောတာတွေကိုပဲ ကျွန်မ ယုံကြည်စိတ်ချတယ်” ဆိုပြီး ဗြိတိန်နိုင်ငံက အလီရှာဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်က ပြောပြတယ်။
စံနှုန်းကောင်းတွေ လိုအပ်
ကလေးတွေ အရွယ်ရောက်လာတာနဲ့အမျှ လိင်မှုရေးရာအကြောင်းကို ဖိုမကိစ္စထက်မက ပိုသိဖို့ လိုအပ်ပါတယ်။ “အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထား” တဲ့ သိနားလည်နိုင်စွမ်း သူတို့လေးတွေမှာ ရှိဖို့ လိုအပ်ပါတယ်။ (ဟေဗြဲ ၅:၁၄) အရေးအကြီးဆုံးကတော့ သားသမီးတွေဟာ တော်မှန်တဲ့ လိင်စာရိတ္တစံနှုန်းတွေကို သိထားသင့်ပြီး အဲဒီစံနှုန်းတွေအတိုင်း ကျင့်ကြံပြုမူနေထိုင်ဖို့ လိုအပ်တယ်။ သင့်ကလေးရဲ့နှလုံးမှာ စံနှုန်းကောင်းတွေ စွဲမှတ်သွားအောင် ဘယ်လိုသင်ပေးမလဲ။
သင့်မှာရှိတဲ့ ကိုယ်ပိုင်စံနှုန်းကောင်းတွေကို အရင်ဆုံးပြောပြပါ။ ဥပမာ၊ လက်မထပ်ခင် လိင်မှုကျူးလွန်ခြင်းက မှားတယ်ဆိုတာကို သင် အခိုင်အမာ လက်ခံထားကြောင်း ပြောပြပါ။ (၁ သက်သာလောနိတ် ၄:၃) အဲဒီအခါ သင့်ရဲ့စံနှုန်းတွေက ကျမ်းတစ်ခုခုကို အခြေခံထားတယ်ဆိုတာကို ကလေးတွေက သိရှိသွားမှာဖြစ်တယ်။ အဲဒီနောက် လက်မထပ်ခင် လိင်မှုကျူးလွန်ခြင်းက မှားမမှား အမေးခံရတဲ့အခါ မှားတယ်လို့ သူတို့ အလွယ်တကူ ဖြေဆိုနိုင်ကြမှာဖြစ်တယ်။
ဒါပေမဲ့ အဲလိုပြောပြတာထက်မက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လိင်မှုရေးရာနဲ့ပတ်သက်တဲ့ မိဘတွေရဲ့ ထင်မြင်ယူဆချက်တွေကို လက်ခံတယ်လို့ပြောတဲ့ လူငယ်တချို့နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ ဒီလိုဖော်ပြထားတယ်– “ပါးစပ်ကသာ လက်ခံတယ်လို့ပြောပေမဲ့ အဲဒီထင်မြင်ယူဆချက်တွေကို သူတို့ကိုယ်ပိုင်ဖြစ်စေဖို့ကျတော့ သိပ်မသေချာဘူးဖြစ်နေတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုခုနဲ့ ပက်ပင်းတိုးမိတဲ့အခါ ဘယ်အမူအကျင့်က လက်သင့်ခံလို့ရတယ်၊ မရဘူးဆိုတာ သူတို့ဇဝေဇဝါဖြစ်သွားပြီး မရှူနိုင်မကယ်နိုင် ဖြစ်ကုန်ကျတော့တယ်။” ဒါကြောင့် သားသမီးတွေဟာ သူတို့ကိုယ်တိုင် စံနှုန်းတွေချမှတ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲလိုချမှတ်တတ်အောင် ဘယ်လိုကူညီပေးမလဲ။
သင့်စံနှုန်းတွေကို ရှင်းလင်း ပြတ်သားစေပါ။
ဖိုမကိစ္စဆိုတာ တရားဝင်လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေမှာပဲ ရှိသင့်တယ်ဆိုတာ သင်လက်ခံပါသလား။ အဲဒီနောက် သင့်ကလေးကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား မကြာခဏ ပြောပြပေးပါ။ “ဆယ်ကျော်သက်အရွယ်မှာ လိင်မှုကျူးလွန်တာကို လုံးဝလက်မခံဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြထားတဲ့ မိသားစုတွေထဲက ကလေးတွေဟာ အဲလိုကိစ္စမျိုးမှာ လွန်လွန်ကျူးကျူး ဖြစ်ဖို့အကြောင်း ပိုနည်း” တာကို သုတေသနပြုမှုက တွေ့ရှိကြောင်း စာအုပ်တစ်အုပ် (Beyond the Big Talk) မှာဖော်ပြထားတယ်။
သင့်ရဲ့စံနှုန်းတွေကို ပြောပြရုံလေးနဲ့ သင့်သားသမီးက အဲဒီစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ရွေးချယ်လိမ့်မယ်ဆိုတာ အာမ,မခံနိုင်ပါဘူး။ ဒါပေမဲ့ မိသားစုအတွင်းမှာ ရှိစေချင်တဲ့ စံနှုန်းတွေကို ပြတ်ပြတ်သားသား ပြောပြထားမယ်ဆိုရင် ကလေးတွေလည်း အဲဒီစံနှုန်းတွေအပေါ် အခြေပြုပြီး သူတို့ကိုယ်ပိုင်စံနှုန်းတွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ လူငယ်အတော်များများဟာ မိဘတွေရဲ့စံနှုန်းတွေကို ဆယ်ကျော်သက်အရွယ်မှာ လိုက်လျှောက်ပုံ မပေါက်ပေမဲ့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်း လက်ခံလာကြတာကို လေ့လာတွေ့ရှိချက်တွေက ဖော်ပြတယ်။
ဒီနည်းကို စမ်းလုပ်ကြည့်ပါ– သတင်းတစ်ပုဒ်နဲ့ အစပြုဆွေးနွေးပြီး သင့်စံနှုန်းတွေကို ပြောပြပါ။ ဥပမာ၊ မုဒိမ်းမှုတစ်ခုနဲ့ပတ်သက်ပြီး “အမျိုးသားတချို့ရဲ့ အဲဒီလိုလုပ်ရပ်တွေကို အဖေ အရမ်းစိတ်ပျက်တာပဲ။ အဲဒီလို လူမဆန်တဲ့စိတ်မျိုး ဘယ်ကနေ ကူးစက်လာတယ်လို့ သားထင်သလဲ။”
ဘုရားသခင့်ရှုမြင်ချက်ကို သင်ပေးပါ။
သတိပေးချက်တွေက မရှိမဖြစ်လိုအပ်ပါတယ်။ (၁ ကောရိန္သု ၆:၁၈; ယာကုပ် ၁:၁၄၊ ၁၅) သမ္မာကျမ်းစာအရဆိုရင် လိင်ဆိုတာ ဘုရားသခင်ဆီကရတဲ့ ဆုလက်ဆောင်ဖြစ်ပြီး စာတန် အကွက်ဆင်တဲ့ မာယာကျော့ကွင်း မဟုတ်ပါဘူး။ (သု. ၅:၁၈၊ ၁၉; ရှောလမုန်သီချင်း ၁:၂) ဆယ်ကျော်သက်ကလေးတွေကို လိင်နဲ့ပတ်သက်တဲ့ အန္တရာယ်တွေအကြောင်းပဲ ပြောပြနေမယ်ဆိုရင် ကျမ်းစာရဲ့ရှုမြင်ချက်ကို သူတို့တလွဲ ယူဆသွားနိုင်တယ်။ “ကျွန်မရဲ့မိဘတွေက လိင်စာရိတ္တယိုယွင်းမှုအကြောင်းချည်းပဲ ဖိပြောနေလို့ နောက်ဆုံး ကျွန်မလည်း အိမ်ထောင်သည်တွေကြားမှာရှိတဲ့ ဖိုမကိစ္စကို အပျက်သဘောမြင်လာတယ်” ဆိုပြီး ပြင်သစ်နိုင်ငံက ကိုရီနာလို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယောက်က ပြောပြတယ်။
သင့်သားသမီးတွေကို လိင်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ရှုမြင်ချက်တွေ ပြောပြပါ။ “လိင်ဆိုတာ အပျက်သဘော ရှုမြင်ရမယ့်အရာမဟုတ်ဘူး၊ ဒါက သဘာဝဖြစ်တယ်။ လူသားတွေ လူ့ဘဝအနှစ်သာရကို မွေ့လျော်ခံစားနိုင်ဖို့ ဘုရားသခင် လုပ်ပေးထားတဲ့အရာဖြစ်တယ်ဆိုပြီး ကလေးတွေ သဘောပေါက်အောင် ကျွန်မ အမြဲပြောပြတယ်။ ဒါပေမဲ့ ဖိုမကိစ္စကတော့ အိမ်ထောင်သည်တွေအတွက်ပဲ ဖြစ်ပြီး အဲဒါက သူတို့ကို ပျော်ရွှင်မှု ခံစားစေတယ်။ သူ့နေရာနဲ့သူမဟုတ်ဘဲ တလွဲတချော်လုပ်လို့ကတော့ အကြီးအကျယ် စိတ်ဆင်းရဲရလိမ့်မယ်” ဆိုပြီး မက္ကဆီကိုနိုင်ငံက နာဒီရာဆိုတဲ့ မိခင်တစ်ယောက်က ပြောပြတယ်။
ဒီနည်းကို စမ်းလုပ်ကြည့်ပါ– နောက်တစ်ကြိမ် သင့်ကလေးကို လိင်မှုရေးရာအကြောင်း ပြောပြတဲ့အခါ အပြုသဘောပါတဲ့စကားတွေနဲ့ ဆွေးနွေးပြောဆိုမှုကို အဆုံးသတ်ပါ။ တစ်နေ့မှာ သင့်ကလေး အိမ်ထောင်သည်ဖြစ်လာတဲ့အခါ မွေ့လျော်ခံစားရမယ့် ဘုရားသခင်ဆီကရတဲ့ ထူးမြတ်တဲ့ ဆုလက်ဆောင်ဖြစ်တယ်လို့ ပြောပြဖို့ မစိုးရိမ်ပါနဲ့။ အဲဒီအချိန်မရောက်မချင်း ဘုရားသခင့်စံနှုန်းတွေကို သင့်ကလေး လိုက်လျှောက်နိုင်မယ်ဆိုတာ သင်ယုံကြည်စိတ်ချကြောင်း သူ့ကို အသိပေးပါ။
အကျိုးဆက်ကို ထည့်တွက်ခိုင်းပါ။
ဘဝကဏ္ဍအသီးသီးမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘယ်အရာတွေကို ဘယ်လိုရွေးချယ်မယ်၊ ကိုယ်ရွေးချယ်လိုက်တဲ့အရာရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲဆိုတာ ကလေးတွေ သိဖို့လိုအပ်ပါတယ်။ အမှားနဲ့အမှန်ကို ခွဲခြားသိရုံနဲ့ လုံလောက်ပြီလို့ မယူဆလိုက်ပါနဲ့။ “ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ အမှားတွေကို ပြန်စဉ်းစားကြည့်ရင် ဘုရားသခင့်စံနှုန်းတွေကို သိရုံလေးနဲ့ အဲဒါတွေကို သင်လက်ခံတယ်လို့ မပြောနိုင်ဘူးဆိုတာ ကျွန်မ သိလာရတယ်။ အဲဒီစံနှုန်းတွေရဲ့ အကျိုးကျေးဇူးတွေနဲ့ အဲဒါတွေကို ချိုးဖောက်ခြင်းရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ အရမ်းအရေးကြီးတယ်” ဆိုပြီး ဩစတြေးလျနိုင်ငံက အမ်မာအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ယောက်က ပြောပြတယ်။
သမ္မာကျမ်းစာကနေ သင် အကူအညီ ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာတဲ့အခါ ကျမ်းစာမိန့်မှာချက်တွေအပြင် အဲဒီမိန့်မှာချက်တွေကို မလိုက်လျှောက်ခြင်းရဲ့ ဆိုးကျိုးတွေကိုပါ ဖော်ပြပေးထားလို့ ဖြစ်ပါတယ်။ ဥပမာ၊ လူရွယ်တွေ သူတစ်ပါးရှေ့မှာ အရှက်တကွဲ အကျိုးနည်းမဖြစ်ဖို့ မတရားသောလိင်ဆက်ဆံမှုကို ရှောင်ကြဉ်ကြပါဆိုပြီး ကျမ်းစာမှာ သတိပေးထားတယ်။ (သု. ၅:၈၊ ၉) ကျမ်းစာသတိပေးချက်အရ မတရားသောလိင်ဆက်ဆံမှုကို ကျူးလွန်မိတဲ့ လူငယ်တွေဟာ နာမည်ပျက်ဘဝ ရောက်သွားပြီး ဘုရားသခင်ရဲ့အမှုတော်ကို အပြည့်အဝ မထမ်းဆောင်နိုင်တော့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း မရှိတော့ဘူး။ အရည်အသွေးကောင်းတွေရှိတဲ့ အိမ်ထောင်ဖက်လောင်းတွေလည်း သူတို့ကို အထင်မကြီးတော့ပါဘူး။ ဘုရားသခင့်ပညတ်တွေကို အလေးမထားတဲ့အတွက် ကာယပိုင်းနဲ့ စိတ်ပိုင်း ထိခိုက်နစ်နာမှု၊ ဘုရားသခင်နဲ့ဆက်ဆံရေး ပျက်ပြားမှုတို့ကို စဉ်းစားဆင်ခြင်ခြင်းက သင့်ကလေးကို ဘုရားသခင့်ပညတ်တွေနဲ့အညီ နေထိုင်တတ်ဖို့ တွန်းအားပေးနိုင်ပါတယ်။
ဒီနည်းကို စမ်းလုပ်ကြည့်ပါ– ဘုရားသခင့်စံနှုန်းတွေကို လိုက်လျှောက်ခြင်းက ပညာရှိရာရောက်ကြောင်း သင့်ကလေး သိမြင်အောင် ပုံဥပမာတွေသုံးပါ။ ဥပမာ၊ “မီးဟာ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပဲ။ ဒီဥပမာက လိင်ကိစ္စနဲ့ပတ်သက်တဲ့ ဘုရားသခင်စံနှုန်းတွေနဲ့ ဘယ်လိုသက်ဆိုင်သလဲ” ဆိုပြီး မေးနိုင်ပါတယ်။ မတရားသောလိင်ဆက်ဆံမှုရဲ့ ဆိုးကျိုးတွေကို သင့်ကလေး နားလည်အောင် သု. ၅:၃-၁၄ ပါမှတ်တမ်းကို အသုံးပြုပါ။
ဂျပန်နိုင်ငံက အသက် ၁၈ နှစ်အရွယ် တာကာအိုက ဒီလိုပြောပြတယ်– “အမှန်ကိုလုပ်သင့်တယ်ဆိုတာ ကျွန်တော်သိထားပေမဲ့ သွေးသားဆန္ဒတွေကို အဆက်မပြတ် တွန်းလှန်နေရတုန်းပဲ။” သွေးသားဆန္ဒကို ကိုယ်တစ်ယောက်တည်း တွန်းလှန်နေရတာ မဟုတ်ဘူးဆိုတဲ့ အချက်ကို လူငယ်တွေ သိထားမယ်ဆိုရင် နှစ်သိမ့်မှုရနိုင်ပါတယ်။ တမန်တော်ပေါလုက ဒီလိုဝန်ခံခဲ့တယ်– “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။”—ရောမ ၇:၂၁။
ကိုယ့်ရဲ့သွေးသားဆန္ဒတွေကို တိုက်ထုတ်နေရတာက အပြစ်ဆိုပြီး ဆယ်ကျော်သက်တွေ ယူမှတ်ဖို့မသင့်ပါဘူး။ အဲလိုတိုက်ထုတ်နေတာကိုက သူတို့တွေ ဘယ်လိုလူစားမျိုး ဖြစ်ချင်သလဲဆိုတာကို စဉ်းစားချင့်ချိန်စေပါတယ်။ အဲဒါက ‘ငါ့ဘဝကို တာဝန်ယူချင်သလား၊ နာမည်ကောင်း ထွက်ချင်သလား၊ ကိုယ့်ရဲ့ဆန္ဒတွေကို လက်မြှောက်အရှုံးပေးတဲ့သူဆိုပြီး နာမည်ထွက်ချင်သလား’ ဆိုတဲ့မေးခွန်းတွေကို ရင်ဆိုင်ဖြေရှင်းတတ်လာအောင် သူတို့ကို ကူညီပေးရာရောက်ပါတယ်။ သင့်ကလေးမှာ ကိုယ်ကျင့်တရားစံနှုန်းတွေ ရှိထားမယ်ဆိုရင် အဲဒီမေးခွန်းတွေကို ပညာသတိရှိရှိ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
a ဤဆောင်းပါးတွင် အမည်တချို့ကို ပြောင်းထားပါသည်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ . . .
ငါ့ရဲ့ကလေးမှာ ခိုင်မာပြတ်သားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေရှိတယ်ဆိုတာကို ဘယ်လိုနည်းတွေနဲ့ ဖော်ပြနေသလဲ။
ငါ့ကလေးနဲ့ လိင်စာရိတ္တအကြောင်း ပြောကြတဲ့အခါ လိင်ဆိုတာ ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ဖြစ်ပြီး စာတန်အကွက်ဆင်ထားတဲ့ မာယာကျော့ကွင်း မဟုတ်ဘူးဆိုတာ ပြောပြသလား။