မော်ကွန်းတိုက်မှ
“အရင်ကထက် စိတ်ထက်သန်မှုနဲ့ မေတ္တာ တိုးပွား”
၁၉၂၂၊ စက်တင်ဘာလ၊ သောကြာနေ့ မနက်ခင်းရဲ့ ရာသီဥတုက ပူနေပြီ။ ခန်းမကြီးထဲမှာ လူ ၈,၀၀၀ နဲ့ပြည့်ကျပ်နေတယ်။ ဒီအရေးကြီးတဲ့ အစီအစဉ်မှာ ဘယ်သူမဆို ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်၊ ဒါပေမဲ့ ပြန်ဝင်လို့ မရဘူးလို့ သဘာပတိက ကြေညာထားတယ်။
ဂျိုးဇက် ရပ်သဖော့ စင်မြင့်ပေါ် တက်လာပြီးနောက် “ဝတ်ပြုချီးမွမ်းကြ” အဖွင့်အစီအစဉ်မှာ သီချင်းတွေ ဆိုကြတယ်။ ပရိသတ်အများစု ရင်တထိတ်ထိတ်နဲ့ ထိုင်နေကြတယ်။ တချို့ကျတော့ အပူချိန်ကြောင့် ဂနာမငြိမ် ဖြစ်နေကြတယ်။ ဟောပြောသူက ထိုင်နားထောင်ကြဖို့ တိုက်တွန်းတယ်။ ဟောပြောချက်စတဲ့အခါ အပေါ်မှာ သေသေသပ်သပ် လိပ်ထားတဲ့ အဝတ်လိပ်ကြီးကို သတိထားမိသူ ရှိသလား။
ညီအစ်ကို ရပ်သဖော့က “ကောင်းကင်နိုင်ငံတော် ရောက်ရှိပြီ” ဆိုတဲ့အကြောင်း ဟောတယ်။ ရောက်လာမယ့် ဘုရားနိုင်ငံတော်အကြောင်း ရှေးပရောဖက်တွေ မကြောက်မရွံ့ ဟောခဲ့ပုံအကြောင်း အသံဩဇာအပြည့်နဲ့ ခန်းမတစ်ခုလုံး ဟိန်းနေအောင် တစ်နာရီခွဲကြာ ဟောပြောခဲ့တယ်။ ဟောပြောချက် အထွတ်အထိပ် ရောက်လာတဲ့အခါ “ဘုန်းကြီးတဲ့ဘုရင် စတင်အုပ်စိုးနေပြီဆိုတာ ယုံကြည်ကြသလား” လို့မေးတဲ့အခါ ပရိသတ်က “ယုံကြည်ပါတယ်” လို့ တစ်ခဲနက် ဖြေကြတယ်။
“ဒါဆိုရင် အမြင့်မြတ်ဆုံး ဘုရားသခင်ရဲ့ သားတွေ၊ လယ်ကွင်းကို ပြန်သွားကြ။ ကြည့်ကြ၊ ဘုရင် အုပ်စိုးနေပြီ။ ခင်ဗျားတို့က ကြေညာရေး ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ ညီအစ်ကို ရပ်သဖော့ ပြောတယ်။
အဲဒီအချိန်မှာပဲ “ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ” ဆောင်ပုဒ် ရေးထားတဲ့ အဝတ်လိပ်ကြီး ကျက်သရေရှိရှိ ဖြန့်ကျလာတယ်။
“ပရိသတ်ကြီး ဟာခနဲ ဖြစ်သွားတယ်” လို့ ရေးဘော့ ပြောတယ်။ အန်နာ ဂါဒနာက “လက်ခုပ်ဩဘာသံကြောင့် ခန်းမကြီး တုန်ခါသွားတယ်” တဲ့။ “ပရိသတ်တစ်ခုလုံး တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြတယ်” လို့ ဖရက် တွာရို့စ် ပြောတယ်။ အီဗန်ဂျလို့စ် စကုဖတ်က “စွမ်းအားကြီးတဲ့အရာတစ်ခုခုက ကျွန်တော်တို့ကို ထိုင်ခုံကနေ ဆွဲထူလိုက်သလိုပါပဲ။ ကျွန်တော်တို့ မတ်တတ်ရပ်ပြီး မျက်ရည်တွေ ဝဲလာတယ်” လို့ပြောတယ်။
အစည်းအဝေးကြီးမှာ ရောက်ရှိနေသူတွေဟာ နိုင်ငံတော် သတင်းကောင်းကို ကြေညာနှင့်ပြီးသားသူတွေပါ။ ဒါပေမဲ့ ရည်ရွယ်ချက်အသစ်နဲ့ အသက်သွင်းခံရတယ်လို့ ခံစားကြရတယ်။ ကျမ်းစာကျောင်းသားတွေ “အရင်ကထက် စိတ်ထက်သန်မှုနဲ့ မေတ္တာ တိုးပွား” လာတယ်လို့ အီသဲလ် ဘင်နေခေါ့ ပြောတယ်။ အဲဒီအချိန်တုန်းက အသက် ၁၈ နှစ်ရှိတဲ့ အိုဒက်ဆာတာ့ခ်က “ဘယ်သူ သွားပေးမလဲ” ဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ အခိုင်အမာ ဆုံးဖြတ်ပြီး အစည်းအဝေးကြီးကနေ ထွက်လာတယ်။ သူ ဒီလိုပြောတယ်– “ဘယ်နေရာလဲ၊ ဘယ်လိုလဲ၊ ဘာလဲဆိုတာ ကျွန်မ မသိဘူး။ သိတာတစ်ခုကတော့ ‘ကျွန်တော် ရှိပါတယ်၊ ကျွန်တော့်ကို စေလွှတ်ပါ’ လို့ ပြောခဲ့တဲ့ ဟေရှာယနဲ့ တူချင်တယ်။” (ဟေရှာ. ၆:၈) “အဲဒီနေ့က နိုင်ငံတော် ကြေညာခြင်း လှုပ်ရှားမှု တကယ့်အစပါပဲ။ အခုတော့ တစ်ကမ္ဘာလုံးကို ရောက်ရှိနေပြီ” လို့ ရာ့ဖ်လက်ဖလာ ပြောတယ်။
၁၉၂၂ အိုဟိုင်အို၊ စီဒါပွိုင့်၊ အစည်းအဝေးဟာ ဘုရားလူမျိုးရဲ့ သမိုင်းမှာ မှတ်တိုင်တစ်ခု ဖြစ်ခဲ့တယ်။ “အဲဒီအစည်းအဝေးကြီးက အစည်းအဝေးကြီးတစ်ခုကိုမှ မလွတ်ဖို့ ဆန္ဒ ဖြစ်ပေါ်စေတယ်” လို့ ဂျော့ဂ်ျ ဂန်းဂတ်စ် ပြောတယ်။ သူပြောခဲ့တဲ့အတိုင်းပဲ မလွတ်ခဲ့ဘူး။ ဂျူလီယာ ဝီလ်ခေါ့စ် ဒီလိုရေးတယ်– “၁၉၂၂ စီဒါပွိုင့် အစည်းအဝေးကြီးအကြောင်း စာပေတွေမှာ ဖော်ပြတဲ့အခါတိုင်း အဲဒီအချိန်တုန်းက ခံစားချက်ကို မဖော်ပြတတ်ဘူး။ ‘အဲဒီမှာ ရောက်ရှိနေခွင့်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်တယ်’ လို့အမြဲပြောချင်တယ်။”
အလားတူ ကြီးမြတ်တဲ့ဘုရားနဲ့ ကိုယ်တော့်ဘုရင်အတွက် စိတ်ထက်သန်မှုနဲ့ မေတ္တာ ပြည့်စေတဲ့၊ ကျွန်တော်တို့ကို စိတ်ကြည်နူးစေတဲ့ အစည်းအဝေးကြီးအကြောင်း အဖိုးတန်အမှတ်တရတွေ ရှိကြပါတယ်။ ဒီအမှတ်တရတွေကို ပြန်စဉ်းစားမိတဲ့အခါတိုင်း “အဲဒီမှာ ရောက်ရှိနေခွင့်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ ပြောဖို့ လှုံ့ဆော်ခံရကြတယ်။