-
အိမ်ထောင်ရေးဖောက်ပြားမှု—ဝမ်းနည်းဖွယ်အကျိုးဆက်များနိုးလော့!—၂၀၀၁ | ဩဂုတ် ၈
-
-
အိမ်ထောင်ရေးဖောက်ပြားမှု—ဝမ်းနည်းဖွယ်အကျိုးဆက်များ
“ငါအိမ်ကဆင်းသွားပြီ” ဟူသော ဖုန်းထဲမှစကားများမှာ ပဲ့တ်a ၏ခင်ပွန်းပြောခဲ့သမျှတွင် ပဲ့တ်အတွက် ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်၏။ “ကျွန်မ မယုံနိုင်သလောက်ပါပဲ” ဟုသူကပြောပြသည်။ “ကျွန်မရဲ့ခင်ပွန်း ကျွန်မကိုပစ်ပြီး နောက်တစ်ယောက်နောက်လိုက်သွားမှာကို စိုးရိမ်ခဲ့တာ တကယ်ဖြစ်သွားပြီ။”
အသက် ၃၃ နှစ်ရှိသော ပဲ့တ်သည် သူ၏အိမ်ထောင်ကို အမှန်ပင်သာယာစေလိုခဲ့၏; ခင်ပွန်းဖြစ်သူက သူ့ကို ဘယ်တော့မျှမစွန့်ဟူ၍ ကတိပြုခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သေအတူရှင်မကွဲ ရှိနေကြမယ်လို့ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် ကတိပေးခဲ့တာ” ဟုပဲ့တ်ကပြောပြသည်။ “တကယ်ပြောတာလို့ ကျွန်မထင်ခဲ့တာ။ ခုတော့ . . . သူဒီလိုလုပ်သွားပြီ။ အခုကျွန်မမှာ ဘာမှမရှိဘူး—ကြောင်တစ်ကောင်၊ ရွှေငါးလေးတစ်ကောင်တောင်မရှိဘူး—ဘာဆိုဘာမှ မရှိတော့ဘူး!”
ဟီရိုရှီသည် မိခင်ဖြစ်သူ၏ဖောက်ပြားမှု ဘူးပေါ်သကဲ့သို့ပေါ်ခဲ့သည့်နေ့ကို ဘယ်တော့မျှမေ့မည်မဟုတ်ချေ။ “ကျွန်တော် ၁၁ နှစ်သားပဲရှိသေးတယ်” ဟုပြောပြသည်။ “ဒေါသတကြီးနဲ့အိမ်ထဲ အမေဝင်လာတယ်။ နောက်မှာ အဖေလိုက်လာပြီး ‘နေဦး၊ ဒီကိစ္စကိုဆွေးနွေးရမယ်’ လို့ပြောနေတယ်။ ဆိုးဆိုးရွားရွားတစ်ခုခုတော့ဖြစ်တော့မယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ အဖေက ယူကျုံးမရပဲ။ အခုထိ နာလန်မထူနိုင်သေးဘူး။ ဒါထက် သူ့မှာ ရင်ဖွင့်စရာ ဘယ်သူမှမရှိတော့တာနဲ့ ကျွန်တော့်ဆီလာပြီး နှစ်သိမ့်ရာနှစ်သိမ့်ကြောင်းရဖို့၊ စာနာမှုပြခံရဖို့ ရင်ဖွင့်တော့တယ်။ စဉ်းစားကြည့်ပါဦး– အသက် ၄၀ ကျော်ရှိသူဦးက ၁၁ နှစ်သားကို ရင်ဖွင့်ရရှာတယ်!”
မင်းမျိုးမင်းနွယ်၊ နိုင်ငံရေးသမားများ၊ အကျော်အမော်ရုပ်ရှင်မင်းသားမင်းသမီးများနှင့် ဘာသာရေးခေါင်းဆောင်များ၏ တုန်လှုပ်ဖွယ် ကျော်မကောင်းကြားမကောင်း ချစ်ကြိုက်မှုများဖြစ်စေ၊ ကျွန်ုပ်တို့၏မိသားစုများအတွင်း ဖောက်ပြားမှုများနှင့် မျက်ရည်ကျစရာအဖြစ်အပျက်များဖြစ်စေ အိမ်ထောင်ရေးဖောက်ပြားမှုများ ဆက်ဖြစ်ပွားနေဆဲရှိခြင်းသည် ဝမ်းနည်းစရာပင်။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က “သူ့သားအိမ်ရာပြစ်မှားခြင်းသည် နေရာတကာ၌ဖြစ်နေပုံရှိပြီး အချို့ဖြစ်ရပ်များတွင် အိမ်ထောင်ပြုခြင်းကဲ့သို့ပင် သာမန်ကိစ္စဖြစ်နေပါသည်” ဟုဖော်ပြထားသည်။ ဖောက်ပြန်ခဲ့ကြဖူးသူ ၅၀ နှင့် ၇၅ ရာခိုင်နှုန်းကြားရှိသည်ဟု သုတေသီအချို့က ခန့်မှန်းသည်။ အိမ်ထောင်ရေးသုတေသီ ဇဲလ်ဒါ ဝက်စ် မီးဒ်က အိမ်ထောင်ရေးဖောက်ပြားမှုမြောက်မြားစွာကို လူမသိသော်လည်း “ထိုချစ်ကြိုက်ရေးများ တိုးများလာနေကြောင်း သာဓကအားလုံးက ညွှန်ပြသည်” ဟုဆိုသည်။
ခံစားချက်များစွာ စုပုံခံစားရ
ထိတ်လန့်စရာဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြားမှုနှင့် ကွာရှင်းမှု စာရင်းဇယားတို့က လူတို့၏နေ့စဉ်ဘဝအသက်တာအပေါ် ဂယက်ရိုက်ပုံကို အပြည့်အစုံမဖော်ပြပါ။ ငွေကြေးအခက်အခဲများဖြစ်ပေါ်လာသည့်အပြင် ဤစာရင်းဇယားများတွင်ပါဝင်သော တောင်လိုပုံနေသည့်ခံစားချက်များ—မျက်ရည်ပေါက်ကြီးငယ်နှင့် အတိုင်းမသိရှုပ်ထွေးမှု၊ ကြေကွဲမှု၊ စိုးရိမ်ပူပန်မှုတို့အပြင် အပြင်းအထန်စိတ်နာကျင်မှု၊ ထိုမျှမက မိသားစုလိုက် စိတ်ဆင်းရဲမှုဖြင့် အိပ်မပျော်နိုင်သည့် မရေတွက်နိုင်သောညများ—ကိုစဉ်းစားကြည့်ပါ။ စွန့်ပစ်ခံရသူများသည် ထိုတုန်လှုပ်ချောက်ချားမှုတို့ကို ကျော်ဖြတ်နိုင်ခဲ့မည်ဖြစ်သော်လည်း အမာရွတ်များမှာမူ အတန်ကြာမပျောက်နိုင်ဖွယ်ရှိ၏။ စိတ်နာကြည်းမှုနှင့် စိတ်ထိခိုက်နစ်နာမှုတို့ကို လွယ်လွယ်နှင့်မဖျောက်ပစ်နိုင်ချေ။
“အိမ်ထောင်ပြိုကွဲမှုကြောင့် စိတ်လှုပ်ရှားမှုအမျိုးမျိုး အကြီးအကျယ်အုံကြွပေါက်ကွဲပြီး တစ်ခါတစ်ရံ တွေဝေသွားနိုင်သည်။ ထိုအခါ သင်အဘယ်အရာပြုလုပ်သင့်သနည်း။ မည်သို့တုံ့ပြန်သင့်သနည်း။ အခက်အခဲအားလုံးကို မည်သို့ရင်ဆိုင်ကျော်လွှားမည်နည်း။ စိတ်ချနေရာမှ မသေမချာဖြစ်ခြင်း၊ ဒေါသထွက်ရာမှ မိမိကိုယ်ကိုအပြစ်တင်ခြင်း၊ ယုံကြည်အားထားရာမှ မယုံသင်္ကာဖြစ်ခြင်း၊ စိတ်အမျိုးမျိုးပြောင်းလဲပေါ်ပေါက်လာပေမည်” ဟု ကွာရှင်းခြင်းကို ကျော်ဖြတ်နိုင်ပုံစာအုပ်က ရှင်းပြသည်။
မိမိ၏ဇနီးဖောက်ပြန်ခဲ့ကြောင်းကို သိသွားပြီးနောက် ပက်ဒ်ရိုးခမျာ ထိုသို့ တွေ့ကြုံခံစားရ၏။ “အိမ်ထောင်ရေးဖောက်ပြားတဲ့အခါ စိတ်ရှုပ်ထွေးစရာတွေ အမျိုးမျိုးပေါ်လာတယ်” ဟုသူရင်ဖွင့်သည်။ မချိတင်ကဲဖြစ်ရခြင်းကို စွန့်ပစ်ခံရသူကိုယ်တိုင် နားမလည်နိုင်ရာ၊ အခြေအနေကိုမသိသူ အပြင်လူများ နားလည်ဖို့ဝေးလေစွ။ ပဲ့တ်က “ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာကို တကယ်နားလည်သူ တစ်ယောက်မှမရှိဘူး။ ကျွန်မခင်ပွန်း တခြားမိန်းမနဲ့ရှိနေတာကို စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ တကယ့်ကိုနာကျင်မိတယ်၊ ဘယ်သူကိုမှ ရှင်းမပြနိုင်တဲ့ ပူဆွေးဝမ်းနည်းမှုတစ်ခုပါပဲ” ဟုဆိုသည်။ “တစ်ခါတလေ ကျွန်မကိုကျွန်မ ရူးပြီလို့တောင်ထင်မိတယ်။ တစ်ရက်တလေမှာ ကိုယ့်ကိုယ်ကိုချုပ်ထိန်းနိုင်ပြီး နောက်နေ့ကျပြန်ရင် မခံရပ်နိုင်ပြန်ဘူး။ သူ့ကို ကျွန်မသတိရပြီး လွမ်းတဲ့အခါလွမ်း၊ နောက်တစ်နေ့ဆိုရင်တော့ သူ့ရဲ့ကလိမ်ဉာဏ်ဆင်မှုတွေ၊ လိမ်လည်မှုတွေနဲ့ အရှက်တကွဲဖြစ်ရတာတွေအားလုံးကို သတိရနေပြန်ရော။”
ဒေါသထွက်မှုနှင့် စိုးရိမ်ပူပန်မှု
“တစ်ခါတလေ စိတ်ထဲမှာ ဒေါသထွက်ရုံသက်သက်ဖြစ်လာတယ်” ဟုဖောက်ပြားခံရသူတစ်ဦးက ဝန်ခံ၏။ မှားယွင်းမှုနှင့် ထိခိုက်နစ်နာမှုအတွက် စက်ဆုပ်ရွံရှာကာ ဒေါသထွက်ခြင်းသက်သက် မဟုတ်ချေ။ ယင်းအစား သတင်းစာဆရာမတစ်ဦး ရှင်းပြခဲ့သကဲ့သို့ “ဖြစ်လာနိုင်သောသာယာချမ်းမြေ့သည့်အိမ်ထောင်တစ်ခု ပျက်စီးသွားခြင်းကို ယူကျုံးမရဖြစ်ပြီး နာကြည်းခြင်းဖြစ်သည်။”
ထို့ပြင် မိမိသည်တန်ဖိုးမရှိ၊ အရည်အချင်းမပြည့်မီဟူသောခံစားချက်များ ဖြစ်ပေါ်လေ့ရှိသည်။ ပက်ဒ်ရိုးက ဤသို့ရင်ဖွင့်သည်– “‘ငါ့မှာ ဆွဲဆောင်မှုမရှိလို့လား၊ ငါ တစ်ခုခုများ ချို့တဲ့နေလို့လား’ ဆိုပြီး ခံစားရတယ်။ အပြစ်အနာအဆာကို မတွေ့တွေ့အောင် ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့တာပဲ။” ဗြိတိသျှအမျိုးသားရေး အိမ်ထောင်မှုလမ်းညွှန်ကောင်စီမှ ဇဲလ်ဒါ ဝက်စ် မီးဒ်က သူ၏ ချစ်မြတ်နိုးဂုဏ်တင်ဖောက်ပြားခြင်းစာအုပ်တွင် ဤသို့ထောက်ခံပြောဆိုသည်– “. . . မိမိကိုယ်ကိုတန်ဖိုးထားစိတ် အလဲထိုးခံလိုက်ရခြင်းသည် ခံရအခက်ဆုံးပင်ဖြစ်သည်။”
အပြစ်ရှိ၏ဟုခံစားရခြင်းနှင့် စိတ်ဓာတ်ကျခြင်း
ဤစိတ်လှုပ်ရှားမှုများနောက်တွင် အပြစ်ရှိ၏ဟူသောလှိုင်းဂယက်များ ထက်ကြပ်မကွာလိုက်ပါလာတတ်သည်။ စိတ်ပျက်အားလျော့နေသော ဇနီးတစ်ဦးက ဤသို့ဆိုသည်– “မိန်းမတွေဟာ ကိုယ့်မှာအပြစ်ရှိတယ်လို့ အတော်ခံစားကြရမယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ‘ငါ ဘယ်လိုမှားသွားသလဲ’ လို့တွေးမိတယ်။”
ဖောက်ပြားခံရသူ လင်ယောက်ျားတစ်ဦးက မိုးပျံရထားစီးရသည့်အလား အခြားအခြေအနေတစ်ခုကို ဖော်ပြသည်။ သူကဤသို့ရှင်းပြသည်– “ဆိုးရွားတဲ့ရာသီဥတုနဲ့ကြုံရသလိုပဲ စိတ်ဓာတ်ကျဆင်းမှုဒဏ်ကို စတင်ခံစားလာရတယ်။” ဇနီးတစ်ဦးက သူ၏ခင်ပွန်းအိမ်မှဆင်းသွားသောအခါ သူမျက်ရည်မကျသောနေ့ တစ်ရက်မျှမရှိကြောင်းပြောပြသည်။ “သူထွက်သွားပြီးလို့ ရက်သတ္တပတ်အနည်းငယ်ကြာမှ မျက်ရည်မကျတော့တဲ့နေ့ကို ကျွန်မ ကောင်းကောင်းမှတ်မိသေးတယ်။ လအနည်းငယ်ကြာမှ မျက်ရည်မကျတော့တဲ့အပတ် ရှိလာတယ်။ မျက်ရည်မကျတော့တဲ့ အဲ့ဒီနေ့ရက်တွေ၊ အဲ့ဒီအပတ်တွေဟာ ကျွန်မနာလန်ပြန်ထူခြင်းကို မှတ်သားတဲ့မှတ်တိုင်တွေဖြစ်လာခဲ့တယ်။”
နှစ်ဆသောလှည့်စားခံရမှု
သူ့သားအိမ်ရာပြစ်မှားသူသည် မိမိအိမ်ထောင်ဖက်ကို ခါးသီးစွာနှစ်ဆထိုးနှက်ကြောင်း မသိသူများသည်။ အဘယ်နည်းဖြင့်နည်း။ ပဲ့တ်က ကျွန်ုပ်တို့အား သဲလွန်စပေးသည်– “ကျွန်မ တကယ်ခံရခက်တယ်။ သူဟာ ကျွန်မခင်ပွန်းတင်မကဘူး၊ ကျွန်မရဲ့မိတ်ဆွေ—အကောင်းဆုံးမိတ်ဆွေ—ဖြစ်ခဲ့တာနှစ်ချီပြီ။” မှန်ပါသည်၊ အခြေအနေများစွာတွင် အခက်အခဲများပေါ်လာတိုင်း ဇနီးသည် ခင်ပွန်းကို အားကိုးတတ်၏။ ယခု သူကိုယ်တိုင် စိတ်အလွန်ထိခိုက်စေသောအခက်အခဲ၏ တရားခံဖြစ်လာရုံသာမက အကူအညီတကယ်လိုအပ်သောအခါ အကူအညီပေးမည့်သူ မဟုတ်တော့ချေ။ တစ်ချီတည်းဖြင့် နာကျင်မှုဒဏ်ကို အလူးအလိမ့်ခံစားသွားရစေ၍ ဇနီး၏ အားကိုးအားထားရာ တိုင်ပင်ဖော်တိုင်ပင်ဖက်ကိုလည်း သူဆုံးရှုံးသွားစေခဲ့သည်။
ယင်းကြောင့် ဖောက်ပြားခံရပြီ၊ ယုံကြည်စိတ်ချမှုပျက်ပြားသွားရပြီဟူသည့် ခံပြင်းသောစိတ်သည် အပြစ်မဲ့အိမ်ထောင်ဖက်များ ခံစားရသည့် အဆိုးရွားဆုံးခံစားချက်ပင်ဖြစ်သည်။ အိမ်ထောင်ရေးအတိုင်ပင်ခံတစ်ဦးက အိမ်ထောင်ရေးဖောက်ပြန်မှုသည် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုကို အဘယ်ကြောင့် ဤမျှဖြစ်စေနိုင်ကြောင်း အောက်ပါအတိုင်းရှင်းပြသည်– “ကျွန်မတို့ဟာ အိမ်ထောင်ရေးထဲ ကိုယ့်ကိုယ်ကိုဖြစ်စေ၊ ကိုယ်မျှော်လင့်ထားရာတွေ၊ ကိုယ့်စိတ်ကူးစိတ်သန်းတွေအားလုံးကိုဖြစ်စေ မြှုပ်နှံထားတတ်ကြတယ်၊ . . . ကျွန်မတို့တကယ်ယုံကြည်စိတ်ချနိုင်တဲ့သူ၊ တစ်သက်လုံး အားကိုးအားထားနိုင်မယ်လို့ ထင်တဲ့သူကိုမှ ရှာဖွေပြီးလက်ခံထားကြတာ။ အဲဒီယုံကြည်စိတ်ချမှုဟာ ရုတ်တရက်ပျောက်ပျက်သွားခဲ့ရင် ဖဲချပ်အိမ်ကလေး လေထဲပါသွားသလို ဖြစ်သွားတော့တာပဲ။”
ကွာရှင်းခြင်းကို ခံရပ်နိုင်ပုံစာအုပ်တွင် ဖော်ပြထားသကဲ့သို့ ထင်ရှားနေသည်မှာ စွန့်ပစ်ခံရသူတို့သည် “စိတ်ပိုင်းဆိုင်ရာ ကပြောင်းကပြန်ဖြစ်မှုကို ဖြေရှင်းပေးရာ၌ အကူအညီလိုအပ်သည်။ . . . အဘယ်ရွေးချယ်မှုများကို သူတို့ပြုလုပ်နိုင်ကြ၍ ၎င်းတို့ကို မည်သို့ပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်တတ်ရန် သူတို့အကူအညီလိုပေမည်။” သို့သော် ထိုရွေးချယ်မှုများကား အဘယ်နည်း။
‘ပြန်လည်သင့်မြတ်ခြင်းက အဖြေလား’ ဟု သင်ထင်ပေမည်။ ‘ဒါမှမဟုတ် ကွာရှင်းသင့်သလား။’ အထူးသဖြင့် ဟန်လုပ်နေခဲ့ရသော အိမ်ထောင်ရေးဖြစ်မည်ဆိုလျှင် သင့်အခက်အခဲများကို ကွာရှင်းခြင်းဖြင့်ဖြေရှင်းနိုင်မည်ဟု မြန်မြန်ဆန်ဆန်ဆုံးဖြတ်လိုပေမည်။ ‘အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ကွာရှင်းနိုင်တယ်လို့ ကျမ်းစာခွင့်ပြုထားတာပဲ’ ဟုသင်ဆင်ခြင်ပေမည်။ (မဿဲ ၁၉:၉) အခြားတစ်ဖက်တွင်မူ ကွာရှင်းရန် သမ္မာကျမ်းစာက မတိုက်တွန်းကြောင်း သင်ဆင်ခြင်သုံးသပ်ပေမည်။ ထို့ကြောင့် သင့်အနေဖြင့် ပြန်လည်သင့်မြတ်ပြီး အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ကာ ခိုင်မြဲစေခြင်းသည် သာ၍ကောင်းလိမ့်မည်ဟု ယူမှတ်ပေမည်။
ဖောက်ပြန်သောအိမ်ထောင်ဖက်နှင့် ကွာရှင်းမည်၊ သို့မဟုတ် ဆက်ပေါင်းမည်ဟူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၏။ သို့တိုင် အဘယ်အရာကိုပြုလုပ်ရန် သင် မည်သို့သိရှိနိုင်မည်နည်း။ ဦးစွာ၊ ပြန်ပေါင်းဖို့ဖြစ်မဖြစ် သင်ဆုံးဖြတ်ရန် အကူအညီဖြစ်စေနိုင်သည့် အချက်အလက်အချို့ကို ကျေးဇူးပြု၍ဆန်းစစ်ကြည့်ပါ။
[အောက်ခြေမှတ်ချက်]
a နာမည်အချို့ကို ပြောင်းထားပါသည်။
-
-
ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လောနိုးလော့!—၂၀၀၁ | ဩဂုတ် ၈
-
-
ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော
“ကွာရှင်းမှုဆိုင်ရာ ဆောင်ရွက်ချက်များကို စိတ်မြန်လက်မြန်စတင်ပြုရန် လွယ်ကူသည်၊ သို့တိုင် ဆုံးဖြတ်ချက်ချကာအချိန်ယူ၍ ပြဿနာများကိုဖြေရှင်းခဲ့ပါမူ အောင်မြင်နိုင်မည့် အိမ်ထောင်ရေးများစွာ အမှန်ပင်ရှိပေမည်” ဟု “အကျပ်ရိုက်မောင်နှံစုံများ” စာအုပ်ကဆိုသည်။
ဤအမြင်မှာ ကွာရှင်းခြင်းနှင့်ပတ်သက်သော ယေရှုခရစ်၏ ရှေးဟောင်းသွန်သင်ချက်နှင့် ကိုက်ညီပါသည်။ အိမ်ထောင်ရေးဖောက်ပြားမှုကြောင့် အပြစ်မဲ့အိမ်ထောင်ဖက်က ကွာရှင်းလိုလျှင် ကွာရှင်းခွင့်ရှိကြောင်း ကိုယ်တော်မိန့်မှာခဲ့သော်လည်း ထိုသို့မပြုမနေပြုရမည်ဟု ကိုယ်တော်မမိန့်ဆိုခဲ့ပါ။ (မဿဲ ၁၉:၃-၉) အပြစ်မဲ့အိမ်ထောင်ဖက်သည် မိမိ၏အိမ်ထောင်ကို အဖတ်ဆယ်ဖို့ကြိုးစားလိုသော အကြောင်းများရှိမည်။ မှားယွင်းသူသည် မိမိ၏ဇနီးကိုချစ်ဆဲဖြစ်ပေမည်။a သူသည် မိသားစုကို တာဝန်သိတတ်စွာ ထောက်ပံ့ပေးသော ချစ်ခင်တွယ်တာတတ်သည့်ခင်ပွန်းနှင့် ကြီးမားသောမေတ္တာရှိ ဖခင်တစ်ဦးဖြစ်ပေမည်။ မိမိနှင့် မိမိသားသမီးများ၏လိုအပ်ရာများကို ထည့်သွင်းစဉ်းစားကာ အပြစ်မဲ့အိမ်ထောင်ဖက်သည် ကွာရှင်းမည့်အစား ပြန်သင့်မြတ်ရန် ဆုံးဖြတ်ပေမည်။ သို့ဖြစ်လျှင် အဘယ်အချက်များကို သုံးသပ်နိုင်မည်နည်း၊ အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ခြင်း၏ စိန်ခေါ်ချက်များကို မည်သို့အောင်မြင်စွာ ကိုင်တွယ်နိုင်မည်နည်း။
ဆောင်းပါး၏အစတွင် ကွာရှင်းခြင်းဖြစ်စေ၊ ပြန်သင့်မြတ်ခြင်းဖြစ်စေ မလွယ်ကူကြောင်း ဖော်ပြထား၏။ ထို့ပြင် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ခွင့်လွှတ်ရုံမျှဖြင့် အိမ်ထောင်တစ်ခု၏ အခြေခံပြဿနာများကို ဖြေရှင်းနိုင်ဖွယ်မရှိချေ။ အိမ်ထောင်ရေးကို အဖတ်ဆယ်ဖို့ များသောအားဖြင့် စိတ်မကောင်းစရာများဖြစ်ပေါ်စေမည့် စစ်ဆေးမှုပြုရန်၊ ပွင့်လင်းစွာစကားပြောဆိုဆက်သွယ်၍ များစွာကြိုးစားရန်လိုပေသည်။ ပျက်စီးသွားသောအိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ရန် ကုန်ခန်းမည့်အချိန်နှင့် အားထုတ်မှုကို မောင်နှံစုံတို့ လျှော့တွက်ကြလေ့ရှိ၏။ သို့သော် မောင်နှံစုံများစွာတို့သည် အားခဲ၍ကြိုးစားခဲ့ကြရာ တည်တံ့ခိုင်မြဲသောအိမ်ထောင်ရေးဘဝကို ပြန်လည်ရရှိလာခဲ့ကြပြီ။
ဖြေဆိုရန် မေးခွန်းများ
အပြစ်မဲ့အိမ်ထောင်ဖက်သည် အသိကြွယ်စွာဆုံးဖြတ်ရန် မိမိ၏ခံစားချက်များကို ရှင်းလင်းစွာသိထား၍ မိမိရွေးချယ်နိုင်မည့်လမ်းစဉ်များကို သိထားဖို့လည်းလိုသည်။ အောက်ပါတို့ကို သူစဉ်းစားနိုင်ပေသည်– သူတကယ် ပြန်သင့်မြတ်ချင်သလား။ သူဖောက်ပြန်ခဲ့သူနဲ့ အဆက်အသွယ်ပြတ်ပြီလား၊ ဒါမှမဟုတ် ချက်ချင်းအဆက်ဖြတ်ဖို့ သူတွန့်ဆုတ်နေသလား။ ဝမ်းနည်းတယ်လို့ သူပြောသလား။ ဝမ်းနည်းတယ်ဆိုရင် သူတကယ်နောင်တရပြီး သူ့အပြုအမူအတွက်ကြောင့် အမှန်တကယ်ဝမ်းနည်းကြေကွဲနေသလား။ ဒါမှမဟုတ် သူ့မှားယွင်းမှုအတွက် ငါ့ကို အပြစ်ဖို့ချင်နေသလား။ စိတ်ထိခိုက်နာကျင်စေခဲ့တာကို သူတကယ်ပဲယူကျုံးမရဖြစ်သလား။ ဒါမှမဟုတ် သူ့တရားမဝင်တဲ့ဆက်ဆံမှု ဘူးပေါ်သလိုပေါ်လာလို့ ဖြတ်ပစ်ရမှာကို စိတ်မကောင်းရုံသက်သက်ဖြစ်သလား။
အနာဂတ်နှင့်ပတ်သက်၍ကော အသို့နည်း။ သူ့သားအိမ်ရာပြစ်မှားမှုဖြစ်စေခဲ့သော သူ၏သဘောထားများနှင့် လုပ်ရပ်များကို စတင်ပြုပြင်နေပြီလော။ ထိုအမှားမျိုး နောက်ထပ်မဖြစ်စေဖို့ သူအခိုင်အမာသန္နိဋ္ဌာန်ချထားပြီလော။ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ရှင်နှင့် ဆက်ပြီး ပရောပရည်လုပ်ရန်၊ မတော်မလျော်ရင်းနှီးတွယ်တာရန် စိတ်များရှိနေဆဲလော။ (မဿဲ ၅:၂၇၊ ၂၈) အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်လိုစိတ် သူ့မှာအပြည့်အဝရှိသလော။ သို့ဖြစ်လျှင် ယင်းနှင့်ပတ်သက်၍ သူမည်သို့ကြိုးစားပြုလုပ်နေသနည်း။ ဤမေးခွန်းများအတွက် အပြုသဘောပါသောအဖြေများသည် အိမ်ထောင်ရေးကို ပြန်လည်ထူထောင်နိုင်ဖွယ်ရှိကြောင်း ယုံကြည်စိတ်ချရန် အခြေခံဖြစ်ပေမည်။
အရေးပါသော စကားပြောဆိုဆက်သွယ်မှု
သမ္မာကျမ်းစာရေးသူတစ်ဦးက “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုဆိုခဲ့သည်။ (သု. ၁၅:၂၂) အထူးသဖြင့် အပြစ်မဲ့အိမ်ထောင်ဖက်သည် မိမိ၏ခင်ပွန်းနှင့် ဖောက်ပြားခြင်းကိစ္စကို ပြောဆိုရန်လိုသည်ဟု ခံစားရသောအခါမျိုးတွင် ထိုသို့ဖြစ်သည်။ အတွင်းရေးကို အသေးစိတ်ဖော်ပြစရာမလိုဘဲ အဘယ်သို့ဖြစ်ပျက်ခဲ့ကြောင်းကိုသိရှိရန်နှင့် အထင်လွဲမှားစရာများကို ဖြေရှင်းလိုက်ရန် ရိုးရိုးသားသားမှန်မှန်ကန်ကန် ဆွေးနွေးနိုင်ကြပေမည်။ ယင်းသို့ပြုခြင်းက အထင်လွဲမှားမှုနှင့် ရေရှည်နာကြည်းမှုကြောင့် ဝေးသည်ထက်ဝေးမသွားစေရန် အဆိုပါမောင်နှံစုံကို ကာကွယ်ပေးမည်ဖြစ်သည်။ မှန်ပါ၏၊ ယင်းသို့သောဆွေးနွေးခန်းများသည် လင်နှင့်မယား နှစ်ဦးစလုံးအတွက် စိတ်ထိခိုက်စရာဖြစ်နိုင်ဖွယ်ရှိ၏။ သို့သော် ယုံကြည်စိတ်ချမှုကို ပြန်လည်တည်ဆောက်ရေးအတွက် ဤသို့ပြုလုပ်ခြင်းသည် အရေးပါကြောင်း မောင်နှံစုံအများက တွေ့ရှိခဲ့ကြသည်။
အမှန်တကယ်ပြန်လည်သင့်မြတ်ရေးအတွက် နောက်ထပ်အရေးပါသောခြေလှမ်းတစ်လှမ်းမှာ လင်မယားနှစ်ဦးစလုံး ကြိုးပမ်းလုပ်ဆောင်ရမည့် သူတို့၏အိမ်ထောင်ရေးရှိ ပြဿနာများကို ကြိုးစားဖော်ထုတ်ရန်ဖြစ်သည်။ ဇဲလ်ဒါ ဝက်စ်-မီဒ်က ဤသို့အကြံပေးသည်– “နာကြည်းမှုတွေကို ထုတ်ဖော်ပြောဆိုပြီးလို့ အဲဒီဖောက်ပြားမှုဟာ တကယ်ပြည်ဖုံးကားချသွားတဲ့နောက် လင်မယားဆက်ပေါင်းမယ်လို့ သင်ဆုံးဖြတ်တဲ့အခါ မှားခဲ့တာကိုပြန်မမှားဖို့ ကြိုးပမ်းလုပ်ဆောင်ပြီး အိမ်ထောင်ကိုအသစ်ပြန်စပါ။”
သင်တို့သည် တစ်ဦးကိုတစ်ဦး ခပ်ပေါ့ပေါ့သဘောထားခဲ့ပေမည်။ ဝိညာဉ်ရေးဆောင်ရွက်မှုများကို သင်တို့လျစ်လျူရှုခဲ့ပေမည်။ သင်တို့သည် အတူတကွပေါင်းသင်းချိန် အလုံအလောက်မရှိခဲ့ကြ၍ဖြစ်ပေမည်။ သင့်အိမ်ထောင်ဖက် လိုအပ်နေသည့် ချစ်ခြင်းမေတ္တာ၊ ကြင်နာယုယမှု၊ ချီးမွမ်းစကားနှင့် အလေးထားဂုဏ်ပြုမှုကို သင်အလုံအလောက်မပေးခဲ့၍ ဖြစ်နိုင်ပေသည်။ သင်တို့၏ပန်းတိုင်များနှင့် လေးမြတ်မှုများကိုအတူတကွ ပြန်အကဲဖြတ်ဆွေးနွေးကြခြင်းဖြင့် အချင်းချင်းပိုရင်းနှီးလာစေပြီး နောက်နောင်ဖောက်ပြားစရာအကြောင်း မရှိစေရန်ကူညီပေးပေမည်။
ကြိုးစားခွင့်လွှတ်ခြင်း
စိတ်ဒဏ်ရာရသူ ဇနီးသည်သည် အတတ်နိုင်ဆုံးကြိုးစားသော်လည်း ထိုမိန်းမကိုမဆိုထားနှင့် မိမိ၏ခင်ပွန်းကိုပင် ခွင့်လွှတ်ရန် မလွယ်ကူကြောင်းတွေ့ရှိပေမည်။ (ဧဖက် ၄:၃၂) သို့သော် နာကြည်းမှုနှင့် ခါးသီးသောစိတ်ကို တဖြည်းဖြည်းမေ့ပျောက်နိုင်ပါသည်။ “မိမိတို့သည် ဘဝဆက်ရန်အချိန်တန်ကြောင်း အပြစ်မဲ့သူအဖော်အဖက် အသိအမှတ်ပြုရန်လိုသည်။ သဘောမတိုက်ဆိုင်တိုင်း သင့်ကြင်ဖော်ကိုထိုးနှက်ရန် [သူ့] အပြစ်ဟောင်းများကို ပြန်မဖော်ဖို့အရေးကြီးသည်” ဟုကိုးကားချက်တစ်ရပ်က အကြံပေးသည်။
နာကြည်းမှုပြင်းထန်ခြင်းကို လျော့နည်းသွားစေကာ ဖျောက်ဖျက်ရန် ကြိုးစားအားထုတ်ခြင်းဖြင့် နောက်ဆုံးတွင် ကျူးလွန်သူအပေါ် ရန်လိုမှုမရှိတော့ကြောင်း အိမ်ထောင်ဖက်များစွာက တွေ့ရှိခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် အိမ်ထောင်တစ်ခုကို ပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်၏။
တစ်ဖန်ပြန်ယုံကြည်စိတ်ချတတ်ရန် ကြိုးစားပါ
“အရင်ကယုံကြည်စိတ်ချမှုမျိုးကို ပြန်ရနိုင်ပါ့မလား” ဟု စိတ်ရှုပ်ထွေးနေသော ဇနီးတစ်ဦးက စိတ်ထိခိုက်စွာဖော်ပြခဲ့သည်။ သူ ရတက်မအေးဖြစ်ခြင်းမှာ ခိုင်လုံသည်၊ အကြောင်းမှာ သူ့သားအိမ်ရာပြစ်မှားသူ၏လှည့်ဖြားမှုက သူ၏ယုံကြည်ကိုးစားမှုကို ချေမွပစ်ခဲ့သည်၊ အနည်းဆုံးတော့ အပြင်းအထန် ပျက်စီးသွားစေခဲ့ပြီ။ ယုံကြည်ကိုးစားမှုသည် တန်ဖိုးရှိသောပန်းအိုးတစ်လုံးကဲ့သို့ အလွယ်တကူကျကွဲသွား၍ နဂိုအတိုင်းပြန်ဆက်ရန် ခဲယဉ်းသည်။ အမှန်မှာ ဆက်ဆံရေးတစ်ခုသည် ဆက်တည်တံ့နေဖို့သာမက ရှင်သန်တိုးတက်နေစေဖို့အတွက် အပြန်အလှန် ယုံကြည်လေးစားမှုရှိရမည်ဖြစ်သည်။
သို့ဖြစ်စေရန် များသောအားဖြင့် တစ်ဦးကိုတစ်ဦးပြန်ယုံကြည်စိတ်ချတတ်လာဖို့လိုပေလိမ့်မည်။ စာနာထောက်ထားမှုကင်းစွာ မိမိကိုယုံကြည်စိတ်ချရန် ဇွတ်တောင်းဆိုနေမည့်အစား အပြစ်ရှိသောအိမ်ထောင်ဖက်သည် မိမိ၏ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မခြွင်းမချန်ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာ ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယုံကြည်စိတ်ချမှုကို ပြန်လည်တည်ဆောက်နိုင်သည်။ ခရစ်ယာန်များသည် “မုသာစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောကြ” ရန်တိုက်တွန်းခံရ၏။ (ဧဖက် ၄:၂၅) ယုံကြည်စိတ်ချမှု ပြန်လည်ရရှိရန် အစပိုင်းတွင် “သင့် [အိမ်ထောင်ဖက်] ကို သင့်သွားလာလှုပ်ရှားမှုများအကြောင်း အတိအကျပြောပြ” ရပေမည်ဟူ၍ ဇဲလ်ဒါ ဝက်စ်-မီဒ်ကဆိုသည်။ “သင့် [အိမ်ထောင်ဖက်] ကို ဘယ်သွားမယ်၊ ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာပြောပြပြီး သင်သွားမယ်ဆိုတဲ့နေရာကို တကယ်ပဲသွားပါ။” အစီအစဉ်ပြောင်းသွားပါက သူ့ကိုအကြောင်းကြားပါ။
တန်ဖိုးထားခံရသည်ဟူသောစိတ်ထားကို ပြန်တည်ဆောက်ပေးရန် အချိန်သာမက ကြိုးစားအားထုတ်မှုလည်းလိုပေမည်။ အပြစ်ရှိသောအိမ်ထောင်ဖက်က ကြင်နာယုယမှုပြခြင်းနှင့် ချီးမွမ်းစကား များများပြောဆိုခြင်းဖြင့် ကူညီနိုင်သည်၊ မိမိ၏ဇနီးကို တန်ဖိုးထားပြီး ချစ်မြတ်နိုးကြောင်း မကြာခဏပြောဖို့လိုသည်။ အလေးထားခံရသော အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးက ဤသို့အကြံပြုသည်– “သူပြုသမျှ . . . ကိုချီးမွမ်းပါလေ။” (သု. ၃၁:၃၁၊ သမ္မာ) ဇနီးဖြစ်သူသည်လည်း မိမိကောင်းစွာဆောင်ရွက်ရာများကို အာရုံစိုက်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှု ပြန်ရှိစေနိုင်သည်။
အချိန်လိုသည်
အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသောစိတ်နာကြည်းခြင်း၏ ပြင်းထန်မှုကိုထောက်ရှု၍ နှစ်ပေါင်းများစွာကြာပြီးနောက်ပင် စိတ်နာကြည်းမှုများကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရဆဲဖြစ်ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ သို့သော် စိတ်နာမှုသည် တဖြည်းဖြည်းပပျောက်လာစဉ် နှစ်ဦးနှစ်ဖက်စလုံး နှိမ့်ချမှု၊ စိတ်ရှည်မှုပြပြီး ခံနိုင်ရည်ရှိခြင်းက ယုံကြည်ကိုးစားမှုနှင့် လေးစားမှုကိုပြန်လည်တည်ဆောက်ပေးလိမ့်မည်။—ရောမ ၅:၃၊ ၄; ၁ ပေတရု ၃:၈၊ ၉။
“ပထမလအနည်းငယ်၏ နာကြည်းမှုကြီးသည် မတာရှည်ချေ” ဟု ချစ်ရန်၊ ဂုဏ်တင်ရန်နှင့် ဖောက်ပြန်ရန်စာအုပ်က စိတ်ချစေသည်။ “နောက်ဆုံး မှေးမှိန်ပျောက်လွင့်သွားသည်၊ . . . အဆုံး၌ သင်သည် နေ့ရက်များ၊ ရက်သတ္တပတ်များ၊ လများနှင့် နှစ်များချီ၍ပင် ယင်းအကြောင်း မစဉ်းစားဘဲရှိလာနိုင်သည်ကို သင်တွေ့ရမည်။” သင့်အိမ်ထောင်ရေးတွင် သမ္မာကျမ်းစာမူများကို သင် ဆက်လက်လိုက်လျှောက်ကျင့်သုံး၍ ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် လမ်းညွှန်မှုကိုရှာယူစဉ် သင်သည် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” မှသက်ရောက်သောငြိမ်းချမ်းမှုကို မလွဲဧကန်ကြုံတွေ့ရပေမည်။—ဖိလိပ္ပိ ၄:၄-၇၊ ၉။
ပက်ဒ်ရိုးက “ပြန်ပြောင်းကြည့်ရင် အဲဒီအတွေ့အကြုံက ကျွန်တော်တို့ရဲ့အသက်တာလမ်းစဉ်ကို အတော်လေးပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကို ရံဖန်ရံခါပြုပြင်စရာ အခုထိ နည်းနည်းလိုနေသေးတယ်။ ဒါပေမဲ့ အလူးအလဲခံခဲ့ရတဲ့ အဲ့ဒီအဖြစ်ဆိုးကိုတော့ ကျွန်တော်တို့ ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့ ဆက်ပေါင်းနေကြဆဲပဲ။ ပျော်လို့ပါပဲ” ဟုဆိုသည်။
သို့သော် အပြစ်မဲ့အိမ်ထောင်ဖက်က ဖောက်ပြန်သူကို ခွင့်လွှတ်စရာအကြောင်းမရှိလျှင်ကော အသို့နည်း။ သို့မဟုတ် သူသည် မိမိ၏ခင်ပွန်းကို ခွင့်လွှတ်သည် (မနာကြည်းတော့)၊ သို့တိုင် အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာညွှန်ကြားချက်နှင့်အညီ ကွာရှင်းလိုလျှင်ကော အသို့နည်း။b အိမ်ထောင်ကွာရှင်းခြင်းက တစ်ဦးတစ်ယောက်အပေါ် အဘယ်တာဝန်များ ကျရောက်စေနိုင်သနည်း။ ကွာရှင်းခြင်းတွင် ပါဝင်ပတ်သက်သော အချက်အလက်များအပြင် အချို့သူတို့ မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြကြောင်းကို သုံးသပ်ကြည့်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a လွယ်ကူစေရန် အပြစ်မဲ့အိမ်ထောင်ဖက်ကို ဇနီးအဖြစ် ကျွန်ုပ်တို့အများအားဖြင့်ဖော်ပြမည်။ သို့သော် ဤတွင်ဆွေးနွေးထားသောမူများသည် ဖောက်ပြန်သောဇနီးများ၏ အပြစ်မဲ့ခင်ပွန်းများနှင့်လည်း သက်ဆိုင်ပါသည်။
b ၁၉၉၅၊ ဩဂုတ် ၈၊ နိုးလော့! [လိပ်] တွင်ပါ “သမ္မာကျမ်းစာရှုထောင့်– သူ့သားအိမ်ရာပြစ်မှားခြင်း—ခွင့်လွှတ်ရန်လော၊ ခွင့်မလွှတ်ရန်လော” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အဓိပ္ပာယ်ပြည့်ဝသောထောက်ကူမှု
ဆင်ခြင်သုံးသပ်နိုင်သည့် အချက်အလက်များစွာရှိသောကြောင့် အတွေ့အကြုံရှိ၍ မျှတသည့်အမြင်ရှိ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အကူအညီကိုရှာယူခြင်းသည် အကျိုးဖြစ်ထွန်းပေမည်။ ဥပမာ၊ ယေဟောဝါသက်သေများသည် သနားကြင်နာ၍ ထောက်ထားစာနာတတ်သော အသင်းတော်အကြီးအကဲများ၏ အကူအညီရရှိနိုင်သည်။—ယာကုပ် ၅:၁၃-၁၅။
အကြံပေးပုဂ္ဂိုလ်များ၊ မိတ်ဆွေများ၊ ဆွေမျိုးများသည် ကိုယ့်အကြိုက်ကိုယ် လိုက်စေခြင်းဖြစ်စေ၊ သမ္မာကျမ်းစာအခြေခံသည့် ကွာရှင်းခြင်းကိုဖြစ်စေ၊ ပြန်လည်သင့်မြတ်ခြင်းကိုဖြစ်စေ ထောက်ခံပြောဆိုရန် သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းမပြုမိရန် အားပေးခံရသည်။ ကွာရှင်းခဲ့သော ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့တိုက်တွန်းခဲ့သည်– “များများသာထောက်ကူပါ၊ ဘာလုပ်ရမယ်ဆိုတာကိုတော့ ကျွန်မတို့ဘာသာ ကျွန်မတို့စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးပါ။”
အကြံပေးချက်သည် သမ္မာကျမ်းစာပေါ် မြဲမြံစွာအခြေခံသင့်သည်။ “ဒီလိုခံစားသင့်တယ် ဒါမှမဟုတ် ဟိုလိုမခံစားသင့်ဘူးလို့ သူတို့ကိုမပြောပါနဲ့” ဟူ၍ကွာရှင်းထားသူတစ်ဦးက အကြံပေးသည်။ “အဲဒီအစား သူတို့ရဲ့ခံစားချက်တွေကို ဖွင့်ပြောဆိုပါလေစေ။” ကိုယ်ချင်းစာနာစိတ်၊ ညီအစ်ကိုချင်းမေတ္တာနှင့် သနားစုံမက်ခြင်းက အိမ်ထောင်ရေးဖောက်ပြားခြင်းကြောင့် ခံစားခဲ့ရသော စိတ်အလွန်နာကြည်းမှုများစွာကို သက်သာစေလိမ့်မည်။ (၁ ပေတရု ၃:၈) အတွေ့အကြုံရှိ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏။”—သု. ၁၂:၁၈။
“ကျွန်တော့်ကို နားလည်ပေးကြဖို့၊ နှစ်သိမ့်အားပေးကြတဲ့စကား တစ်လုံးတလေကြားရဖို့ လိုအပ်ခဲ့တာ” ဟုအပြစ်မဲ့လင်ယောက်ျားတစ်ဦးက ပြောဆိုသည်။ “ကျွန်တော့်ဇနီးဆိုရင်လည်း သူကြိုးစားနေတဲ့အတွက် သတ်သတ်မှတ်မှတ်ညွှန်ကြားပြီး အားပေးချီးမွမ်းစကား ကြားရဖို့လိုအပ်နေတာ၊ ဒါမှ ဆက်ပြီးကြိုးစားစေနိုင်ဖို့ အားပေးမှုဖြစ်မှာ။”
လူတစ်ဦးသည် အသေအချာဆုတောင်း စဉ်းစားပြီးနောက်မှ သမ္မာကျမ်းနှင့်အညီ ကွာရှင်းပြတ်စဲရန် သို့မဟုတ် ခွဲနေရန် ဆုံးဖြတ်ခဲ့လျှင် ထိုသူအား အပြစ်ရှိသည်ဟု ခံစားစေသည့်နည်းဖြင့် အကြံပေးခြင်းမပြုသင့်ချေ။ ယင်းအစား ကျိုးကြောင်းမညီသည့် အပြစ်ရှိသည်ဟူသောခံစားချက်များကို နိုင်နင်းရန် သူ့ကိုကူညီပေးနိုင်၏။
ဖောက်ပြားခံခဲ့ရသူတစ်ဦးက “သင်ဟာ အဓိပ္ပာယ်ပြည့်ဝတဲ့နှစ်သိမ့်မှုပေးချင်ရင် အရမ်းခံစားနေရတဲ့စိတ်ထိခိုက်မှုကို ထည့်မတွက်ဘဲမနေပါနဲ့” ဟုပြောပြခဲ့၏။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အချို့ အဘယ်ကြောင့်ဆက်ပေါင်းကြ
နေရာဒေသများစွာတွင် နောက်တမယူ ဖောက်ပြန်သည့်ခင်ပွန်းသည်နှင့် ဆက်ပေါင်းခြင်းမှတစ်ပါး အဘယ်အရာမျှမပြုလုပ်နိုင်သော ဇနီးသည်များရှိသည်။ ဥပမာ၊ ပဋိပက္ခဖြစ်နေသော သို့မဟုတ် ဝင်ငွေနည်းသောဒေသများတွင် နေထိုင်ကြသည့် ခရစ်ယာန်ဇနီးအချို့မှာ ဖောက်ပြန်သူခင်ပွန်းနှင့် ဆက်ပေါင်းကြရသည်၊ ထိုသူသည် မယုံကြည်သူဖြစ်သော်လည်း မိမိအိမ်သူအိမ်သားတို့ကို ဆက်လက်ကြည့်ရှုစောင့်ရှောက်နေ၏။ ရလဒ်မှာ သူတို့တွင် နေစရာအိမ်၊ လိုအပ်သောကာကွယ်မှု၊ ပုံမှန်ဝင်ငွေနှင့် ဖောက်ပြန်သူဖြစ်သော်လည်း အိမ်တွင်ခင်ပွန်းရှိသည့် အတော်အသင့်အခြေခိုင်မှုတို့ကို ရရှိကြသည်။ ဆက်ပေါင်းသင်းနေထိုင်ခြင်းသည် သူတို့အတွက် မနှစ်မြို့စရာ သို့မဟုတ် မလွယ်ကူသော်လည်း—အထူးသဖြင့် သူတို့၏အခြေအနေများတွင်—မိမိတို့ဘာသာမိမိတို့ ရုန်းကန်ရခြင်းထက် မိမိတို့၏ဘဝကို သာ၍ထိန်းချုပ်နိုင်မည်ဟု သူတို့ဆင်ခြင်ခဲ့ကြပြီ။
ထိုသို့သောအခြေအနေကို—တစ်ခါတစ်ရံ နှစ်ချီ၍—သည်းခံခဲ့ကြရပြီးနောက် သူတို့ထဲမှ ဇနီးအချို့သည် မိမိတို့၏ခင်ပွန်းသည်များ သူတို့၏လမ်းစဉ်ကိုပြုပြင်ပြောင်းလဲကြပြီး တည်ကြည်၍ မေတ္တာရှိသည့် ခရစ်ယာန်ခင်ပွန်းကောင်းများဖြစ်လာကြခြင်းကို အဆုံး၌တွေ့ မြင်ရခြင်းဖြင့် ရွှင်လန်းဖွယ်ကောင်းချီးများ ရရှိလာခဲ့ကြ၏။—၁ ကောရိန္သု ၇:၁၂-၁၆ နှိုင်းယှဉ်။
သို့ဖြစ်၍ အိမ်ထောင်ဖက်ဖြစ်သူသည် နောင်တမယူသည့်တိုင် ထိုသူနှင့်ဆက်ပေါင်းရန် ရွေးချယ်သူတို့ကို ဝေဖန်ပြစ်တင်ခြင်းမပြုသင့်ချေ။ သူတို့သည် မလွယ်ကူသောဆုံးဖြတ်ချက်တစ်ရပ်ကို ချခဲ့ကြရပြီး သူတို့အား လိုအပ်သမျှအကူအညီပေး၍ အားပေးသင့်သည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
မည်သူ့ကြောင့်နည်း
မှန်ပါသည်၊ အချို့ကိစ္စများတွင် အပြစ်မဲ့အိမ်ထောင်ဖက်၏ မစုံလင်မှုများကြောင့် ပုံမှန်မဟုတ်သည့်ဆက်ဆံရေး ဖြစ်ပေါ်လာရခြင်းဖြစ်ပေမည်၊ သို့တိုင် သမ္မာကျမ်းစာက “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ [မကောင်းမှု] ကိုဖွားတတ်၏” ဟုဆိုထားသည်။ (ယာကုပ် ၁:၁၄၊ ၁၅) အကြောင်းအချက်အလက်များစွာ ရှိနိုင်သော်လည်း လူတစ်ဦးသည် သူ့သားအိမ်ရာပြစ်မှားခဲ့ရခြင်းမှာ သူကိုယ်တိုင်၏ “တပ်မက်သောစိတ်” ကြောင့် အဓိကဖြစ်သည်။ အိမ်ထောင်ဖက်၏အားနည်းချက်များက အိမ်ထောင်ရေးပြဿနာများ ဖြစ်စေသည့်တိုင် သူ့သားအိမ်ရာပြစ်မှားခြင်းဖြင့် ယင်းတို့ကို ဖြေရှင်းခြင်းသည် နည်းလမ်းမကျသည်ကား အမှန်ပင်။—ဟေဗြဲ ၁၃:၄။
ယင်းအစား လင်နှင့်မယား နှစ်ဦးစလုံးသည် သမ္မာကျမ်းစာမူများကို စွဲစွဲမြဲမြဲလိုက်လျှောက်ကျင့်သုံးကြသောအခါ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းနိုင်ပါသည်။ ဤတွင် “အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်” ခြင်းပါဝင်သည်။ သူတို့သည် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်း” အစရှိသော အရည်အသွေးများကိုလည်း စွဲစွဲမြဲမြဲတင်ပြသင့်သည်။ အရေးကြီးဆုံးကား “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို [သူတို့ကိုယ်တိုင်] ထပ်၍ယူတင်ဝတ်ဆောင်” သင့်သည်။—ကောလောသဲ ၃:၁၂-၁၅။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အချင်းချင်းတစ်ဦးကိုတစ်ဦး ဂရုစိုက်နားထောင်ပေးခြင်းက မောင်နှံစုံတစ်စုံသည် အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ရန် အကူအညီဖြစ်နိုင်
-
-
ကွာရှင်းရန် ရွေးချယ်ပိုင်ခွင့်နိုးလော့!—၂၀၀၁ | ဩဂုတ် ၈
-
-
ကွာရှင်းရန် ရွေးချယ်ပိုင်ခွင့်
“သင်ဟာ အကောင်းဆုံးအိမ်ထောင်ဖက်မဖြစ်ခဲ့ရင်တောင် သင့်အိမ်ထောင်ဖက် သေဆုံးသွားတဲ့အခါ လူတွေက သင့်ကို နားလည်မှုပြတတ်ကြတယ်။ ဒါပေမဲ့ သင့်ခင်ပွန်းက သင့်ကိုပစ်သွားခဲ့ရင် ဇနီးကောင်းဖြစ်အောင် မကြိုးစားခဲ့လို့ဆိုပြီး အချို့သူတွေက ယူမှတ်ကြတယ်။ ကျေးဇူးပြုပြီး ကယ်မသနားကြပါဦး!”—တောင်အာဖရိကမှ နိုးလော့! စာရှုသူတစ်ဦး။
ဖောက်ပြန်ခြင်းနှင့် ကွာရှင်းခြင်းတို့မှာ အလွန့်အလွန် စိတ်ထိခိုက်စရာဖြစ်နိုင်၏။ မိမိတို့၏အိမ်ထောင်ဖက်နှင့် ပြန်ပေါင်းပြီး အိမ်ထောင်ရေးကိုဆက်ထိန်းရန် ဆုံးဖြတ်စရာအကြောင်းရှိသူ များစွာရှိသော်လည်း အခြားသူတို့မှာမူ သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ကွာရှင်းဖို့ ဘုရားသခင်ပေးရွေးချယ်ခွင့်ကိုအသုံးပြုရန် ခိုင်လုံသောအကြောင်းများရှိကြသည်။ (မဿဲ ၅:၃၂; ၁၉:၉) ဥပမာ၊ အပြစ်မဲ့ဇနီးနှင့် ကလေးများ၏ လုံခြုံမှု၊ ဝိညာဉ်ရေးနှင့် အထွေထွေအကျိုး ခက်ခဲနိုင်သည်။ လိင်ဆိုင်ရာကူးစက်ရောဂါ ကူးစက်မည်ကိုလည်း သူစိုးရိမ်ပူပန်မိပေမည်။ သို့မဟုတ် သူ့သားအိမ်ရာပြစ်မှားသောခင်ပွန်းကို သူခွင့်လွှတ်လိုက်သော်လည်း အမှန်တကယ်ပြန်၍ယုံကြည်စိတ်ချနိုင်ကာ လင်သားမှတ်မှတ်ဖြင့်ဆက်ပေါင်းနိုင်လောက်အောင် မျှော်လင့်စရာအကြောင်းမရှိ၍ ဖြစ်နိုင်ပေမည်။
စိတ်ရှုပ်ထွေးနေသော ဇနီးတစ်ဦးက “အဲ့ဒါ ကျွန်မဘဝမှာ အခက်ဆုံး ဆုံးဖြတ်ချက်ပဲ” ဟုဝန်ခံခဲ့သည်။ အမှန်တကယ် ခက်ခဲသောဆုံးဖြတ်ချက်ပင်၊ ဖောက်ပြန်ခြင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရုံမက ကွာရှင်းခြင်းက သူ့ဘဝတစ်ခုလုံးအပေါ် ရေရှည်အကျိုးဆက်များ သက်ရောက်ပေလိမ့်မည်။ သို့ဖြစ်၍ ဇနီးတစ်ဦးသည် သူ၏ဖောက်ပြန်သောအိမ်ထောင်ဖက်ကို ကွာရှင်းသင့်၊ မသင့် ဆုံးဖြတ်ခြင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကိုချရန် အပြစ်မဲ့အိမ်ထောင်ဖက်၏သမ္မာကျမ်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို အခြားသူတို့လေးစားသင့်သည်။
သို့သော် ဝမ်းနည်းစရာမှာ အကျိုးအမြတ်ကို လျောက်ပတ်စွာမချင့်တွက်ဘဲ အဆောတလျင်ကွာရှင်းခဲ့သူ များစွာရှိ၏။ (လုကာ ၁၄:၂၈ နှိုင်းယှဉ်။) ကွာရှင်းရန်ရွေးချယ်ပိုင်ခွင့်၌ ပါဝင်သည့် အချက်အလက်အချို့ကား အဘယ်နည်း။
သားသမီးများရှိလျှင်
အကျပ်ရိုက်မောင်နှံစုံများ စာအုပ်က ဤသို့ဆိုသည်– “မိမိတို့၏ပြဿနာများ၌သာ လွန်စွာနစ်မြုပ်နေသော မိဘများသည် သားသမီးလိုအပ်ရာများကို များသောအားဖြင့်မေ့လျော့နေ၏၊ သို့မဟုတ် လျစ်လျူရှု၏။” သို့ဖြစ်၍ ကွာရှင်းရန် စဉ်းစားနေသောအခါ သင့်သားသမီးများ၏ ဝိညာဉ်ရေးနှင့် ကောင်းကျိုးချမ်းသာကို ထည့်စဉ်းစားပါ။ ကွာရှင်းမှုတစ်ခုသည် အခင်အမင်မပျက်လေ သားသမီးများအတွက် စိတ်ဝေဒနာခံစားရစရာအကြောင်း နည်းလေဖြစ်သည်ဟု သုတေသီများစွာကဆိုကြသည်။ ခက်ခဲသောအခြေအနေများ၌ပင် နူးညံ့သိမ်မွေ့ခြင်းက ‘ရန်မတွေ့စေဘဲ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုလျက် သည်းခံနိုင်ရန်’ ကူညီပေးပေလိမ့်မည်။—၂ တိမောသေ ၂:၂၄၊ ၂၅။a
ကွာရှင်းရန်ရွေးချယ်သည်ဆိုလျှင် ကွာရှင်းကြသူတို့မှာ သားသမီးများမဟုတ်ဘဲ ဇနီးနှင့်ခင်ပွန်းသာဖြစ်ကြောင်း မှတ်သားထားသင့်သည်။ သားသမီးများသည် မိခင်နှင့် ဖခင်နှစ်ဦးစလုံးကို လိုအပ်နေဆဲဖြစ်၏။ မှန်ပါသည်၊ မတော်မတရားပြုခြင်းအန္တရာယ်ကို ကလေးဖြစ်သူ ခံစားရရန်အကြောင်းရှိသော ထူးခြားလွန်ကဲသည့်အခြေအနေမျိုးများ ရှိနိုင်ပေသည်။ သို့သော် ဘာသာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝမ်းကွဲပြားမှုများကြောင့် သားသမီးများကို မိဘနှစ်ပါး၏ မေတ္တာအကျိုး မခံစားရဘဲ မနေစေသင့်ချေ။
ထို့အပြင် ထည့်စဉ်းစားရမည်မှာ ကလေးငယ်များ၏ ထိခိုက်လွယ်သည့် စိတ်လှုပ်ရှားမှုများနှင့် သူတို့သည် အားပေးစကားများ၊ မေတ္တာနှင့် ချစ်ခင်ကြင်နာမှုကို အလျှံပယ်လိုအပ်နေကြောင်းဖြစ်သည်။ “ဤသို့သောမေတ္တာကို သူတို့ဆက်လက်ခံစားရခြင်းက ထိုအခြေအနေအသစ်ကို ကိုင်တွယ်ဖြေရှင်းတတ်ရန် နောက်ခံနှင့် အုတ်မြစ်ကိုပါ ရရှိစေမည်” ဟု စာအုပ်တစ်အုပ်က ဖော်ပြသည်။ ထို့ပြင် သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို နေ့စဉ်အာရုံစိုက်ပေးခြင်းက တည်တည်ငြိမ်ငြိမ်ဆက်၍ရှိစေနိုင်သည်။—တရားဟောရာ ၆:၆၊ ၇; မဿဲ ၄:၄။
ငွေရေးကြေးရေးနှင့် တရားဝင်ဆောင်ရွက်ချက်များ
ကွာရှင်းခြင်းသည် အိမ်ထောင်ဖက်တစ်ဦးစီ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုကို အနည်းငယ်ထိခိုက်ပေမည်၊ စည်းစိမ်ချမ်းသာအချို့နှင့် မြတ်နိုးရာနေအိမ်ကိုလည်း ဧကန်ဆုံးရှုံးရပေလိမ့်မည်။ လျော့နည်းသွားသောဝင်ငွေနှင့် တိုးများလာသောကုန်ကျစရိတ်များကို စီမံခန့်ခွဲအသုံးပြုရလိမ့်မည်ဖြစ်သောကြောင့် ငွေကြေးဦးစားပေးအစီအစဉ်အတိုင်း လက်တွေ့ကျအသုံးစရိတ်လျာထားချက်ကို ရေးဆွဲခြင်းသည် ပညာရှိရာကျပေသည်။ ဆုံးရှုံးမှုများနှင့် စိတ်ထိခိုက်မှုများကိုဖြေသိမ့်ရန် သာ၍သုံးစွဲခြင်း သို့မဟုတ် အကြွေးတင်စေခြင်းကို ရှောင်ရှားသင့်သည်။
ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ကြမည်ဆိုလျှင် ပူးတွဲဘဏ်စာရင်းကို မည်သို့စီမံခန့်ခွဲ အသုံးပြုကြမည်အကြောင်းကိုလည်း မိမိ၏အိမ်ထောင်ဖက်နှင့် ဆွေးနွေးရန် လိုအပ်လာပေလိမ့်မည်။ ဥပမာ၊ ပူးတွဲဘဏ်စာရင်းမှ ငွေများကို တလွဲအသုံးပြုခြင်းမရှိစေရန် တစ်ဦးစီတွင် ကိုယ်ပိုင်ဘဏ်စာရင်း မရှိမချင်း ငွေထုတ်ယူသုံးခြင်းအတွက် လင်မယားနှစ်ဦးစလုံး၏လက်မှတ်ကိုတောင်းဆိုရန် ဘဏ်မန်နေဂျာအား အကြောင်းကြားထားခြင်းသည် ပညာရှိရာကျ၏။
မယားစရိတ်ကို ညှိနှိုင်းဆွေးနွေးခြင်းအတွက် ပြင်ဆင်ရာတွင် ဝင်ငွေနှင့် အသုံးစရိတ်များကို အတိအကျရေးမှတ်ထားခြင်းသည်လည်း အမြော်အမြင်ရှိရာကျပေသည်။ ထို့အပြင် မိမိတို့၏အခြေအနေ ပြောင်းလဲသွားကြောင်းကို အကောက်ခွန်ဌာနသို့ သတင်းပို့ရန် နိုင်ငံများစွာက တရားဝင်တောင်းဆိုလေ့ရှိသည်။
ထို့ပြင် ရှေ့နေတစ်ဦး—ကွာရှင်းခြင်းအမှုများနှင့် အထိအတွေ့ရှိသူ—နှင့် ဆွေးနွေးနှီးနှောခြင်းသည် အကျိုးများစွာရှိသည်။ နိုင်ငံအချို့သည် နှစ်ဦးနှစ်ဖက် လက်သင့်ခံနိုင်သော သဘောတူညီချက်များကို မောင်နှံစုံများအတွက် ရေးဆွဲပေးရန် ဖျန်ဖြေစေ့စပ်ပေးသူများ သို့မဟုတ် သင့်မြတ်စေသူများကို အသုံးပြုစေသည်၊ ၎င်းနောက် တရားရုံးတော်က ယင်းကို အတည်ပြုလေ့ရှိသည်။ အထူးသဖြင့် သားသမီးများရှိလျှင် မိဘများစွာသည် ပြိုင်ဘက်မဟုတ်သည့် အကျိုးဆောင်တစ်ဦးကို အသုံးပြုလိုကြသည်။ ထိုမိဘများသည် မည်သည့်နည်းဖြင့်မဆို အသာရရေးအစား သဘောထားကွဲလွဲမှုနှင့် စိတ်နာကြည်းမှု အနည်းဆုံးဖြစ်စေရန် ရည်ရွယ်ကြသည်။ စိတ်ပိုင်းဆိုင်ရာအနာခံ၊ ငွေကြေးအကုန်အကျခံပြီးမှ ရရှိလာသည့် ပစ္စည်းဥစ္စာသည် အမှန်တကယ်မတန်ပေ။
ပြောင်းလဲသွားသော ဆက်ဆံမှုများ
“ကွာရှင်းလိုက်သူများနှင့်ပတ်သက်၍ သူတို့၏မိတ်ဆွေများ၌ ဖြစ်ပေါ်ခံစားကြရသည့် အနေရခက်မှုနှင့် အသေအချာမသိမှုတို့ကို ကျွန်ုပ်တို့လျှော့မတွက်သင့်ချေ” ဟုသုတေသီတစ်ဦးက ပြောကြားသည်။ အပြစ်မဲ့အိမ်ထောင်ဖက်သည် တရားဝင်စွာ ကျင့်ဝတ်နှင့်အညီ သမ္မာကျမ်းစာလုပ်ပိုင်ခွင့်အတိုင်း ပြုမူဆောင်ရွက်လင့်ကစား သူ့အား အိမ်ထောင်ပြိုကွဲခြင်း၏အဓိကတရားခံအဖြစ် ရှုမြင်ကြသူအချို့ရှိပေမည်။ ထို့ကြောင့် သူတို့၏တုံ့ပြန်မှုမှာ အေးတိအေးစက်ဆက်ဆံခြင်းမှသည် သိသိသာသာရှောင်ဖယ်နေခြင်းအထိဖြစ်၏။ သာ၍ဆိုးသည်ကား ယခင်က ရင်းနှီးချစ်ခင်ခဲ့သော အပေါင်းအသင်းများသည် ယခုပြောင်ပြောင်တင်းတင်းပင် ရန်လိုအမုန်းပွားနေပေလိမ့်မည်။
ကွာရှင်းမှုကို ရင်ဆိုင်နေရသူတစ်ဦးအဖို့ အကူအညီ မည်မျှလိုအပ်လျက်ရှိသည်ကို သတိမပြုမိကြသူ များ၏; စာတိုလေးတစ်စောင် သို့မဟုတ် ကတ်လေးတစ်ခု ပို့ရုံဖြင့် လုံလောက်ပြီဟု မိတ်ဆွေများ အထင်ရှိကြပေမည်။ သို့သော် ကွာရှင်းပြတ်စဲခြင်းနှင့် ခွဲ၍နေခြင်း စာအုပ်က “တကယ်သိတတ်သော” မိတ်ဆွေများရှိကြောင်းနှင့် သူတို့သည် “တစ်နေရာရာသွားရန် အဖော်လိုမည်လော၊ တစ်ခုခုပြုလုပ်လိုသလော၊ သို့မဟုတ် စကားပြောလိုသလောဟု လာရောက်ကြည့်ပေလိမ့်မည်” ဟုဆိုသည်။ ဘဝ၏ ဤကဲ့သို့သောအခြေအနေမျိုး ကြုံတွေ့နေရသူတစ်ဦးအနေဖြင့် သမ္မာကျမ်းစာဆိုသည့်အတိုင်း “ညီအစ်ကိုခင်တွယ်သည်ထက် သာ၍ခင်တွယ်တတ်သောမိတ်ဆွေ” လိုအပ်သည်မှာ အမှန်တကယ်ပင်ဖြစ်၏။—သု. ၁၈:၂၄၊ သမ္မာ။
ပြန်နာလန်ထူလာရန် ကြိုးစားဆောင်ရွက်ခြင်း
ကွာရှင်းပြီး ဆယ့်ခြောက်နှစ်အကြာတွင် မိခင်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျွန်မ လူဘုံအလယ်မှာရှိနေတာတောင် အထီးကျန်စိတ်တွေ တစ်ခါခါပေါ်လာနေတုန်းပဲ။” ယင်းကို သူမည်သို့ကိုင်တွယ်ဖြေရှင်းသနည်း။ “အလုပ်ခွင်မှာရယ်၊ သားရဲ့ဝေယျာဝစ္စလုပ်ပေးရတာရယ်၊ အိမ်သန့်ရှင်းရေး၊ ပြုပြင်ရေးတွေနဲ့ အလုပ်များနေရင်း ကျွန်မကိုယ်ကို အကာအရံချပေးထားတယ်” ဟုသူပြောပြသည်။ “အဲ့ဒီအပြင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေစတက်ပြီး အိမ်နီးချင်းတွေကို ကျွန်မရဲ့ယုံကြည်ချက်အကြောင်းပြောပြတယ်၊ အခြားသူတွေကို ကူညီတယ်။ အဲ့ဒါတွေက တော်တော့်ကိုတာသွားတယ်။”
ဖောက်ပြန်မှုပေါ်ခဲ့သည့်နေ့ရက်၊ အိမ်မှသူထွက်ခွာခဲ့သည့်အချိန်၊ ရုံးချိန်းနေ့စွဲစသည့် တစ်နှစ်တာ၏ အချို့နေ့ရက်များနှင့် အချိန်အခါများတွင် စိတ်နာစရာများနှင့် စိတ်ထိခိုက်စရာများ ပြန်ပေါ်လာတတ်သည်။ အားလပ်ခရီးထွက်ခဲ့ချိန်များနှင့် မင်္ဂလာနှစ်ပတ်လည်နေ့စွဲများကဲ့သို့သော မောင်နှံစုံ အတူတကွပျော်ရွှင်ခဲ့သည့် အဖြစ်အပျက်များသည်လည်း ကိုင်တွယ်ရခဲယဉ်းသည့် စိတ်ပိုင်းဆိုင်ရာတွေ့ကြုံမှုများ ဖြစ်နိုင်ပေသည်။ ပက်တ်က “အဲဒီလိုနေ့ရက်မျိုးတွေမှာ ကျွန်မရဲ့မိသားစု၊ ဒါမှမဟုတ် ကျွန်မရဲ့အခြေအနေကိုသိထားတဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အတူတူ အချိန်ကုန်စေဖို့စီစဉ်ခဲ့ရတယ်” ဟုပြောပြသည်။ “အတိတ်ကစိတ်ကူးတွေကို ထေပစ်မယ့်အရာတွေ ကျွန်မတို့လုပ်ကိုင်ကြပြီး အမှတ်တရအတွေ့အကြုံအသစ်တွေရစေတယ်။ ကျွန်မအတွက် တကယ့်အကူအညီကတော့ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးပဲ၊ ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကိုယ်တော်နားလည်တယ်ဆိုတာက အတော်စိတ်သက်သာစေတယ်။”
စိတ်မပျက်ပါနှင့်
သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးသည့် အပြစ်မဲ့အိမ်ထောင်ဖက်များသည် သူ့သားအိမ်ရာပြစ်မှားသော အိမ်ထောင်ဖက်အား ကွာရှင်းရန် ဘုရားသခင်ပေး အခွင့်အရေးကို ရွေးချယ်ခဲ့သည့်အတွက် အပြစ်ပြုမိပြီဟု ခံစားနေစရာမလိုပါ၊ မိမိတို့ကို ဘုရားသခင်စွန့်ပစ်ပြီဟူ၍လည်း စိုးရိမ်ဖို့မလိုပါ။ “မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်း” ကိုဖြစ်စေခဲ့သည့် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်၏ စဉ်းလဲသောလမ်းစဉ်ကို ဘုရားသခင်ရွံမုန်းတော်မူသည်။ (မာလခိ ၂:၁၃-၁၆) ‘သနားကြင်နာ’ သောဘုရားသခင်၊ ယေဟောဝါကိုယ်တိုင်ပင် ချစ်မြတ်နိုးရသူတစ်ဦး၏ ငြင်းပယ်ခံရသည့်အခါ မည်သို့ခံစားရကြောင်း သိတော်မူ၏။ (လုကာ ၁:၇၈; ယေရမိ ၃:၁; ၃၁:၃၁၊ ၃၂) ထို့ကြောင့် ‘[“ယေဟောဝါ၊” ကဘ] သည် တရားကိုနှစ်သက်တော်မူ၍ မိမိ၏သန့်ရှင်းသူတို့ကို စွန့်တော်မမူ’ ကြောင်း ယုံကြည်စိတ်ချပါလေ။—ဆာလံ ၃၇:၂၈။
မှန်ပါသည်၊ အိမ်ထောင်ရေးဖောက်ပြားမှုနှင့် ယင်း၏ဝမ်းနည်းဖွယ် အကျိုးဆက်များကို အစကတည်းက ရှောင်ရှားနိုင်ခဲ့မည်ဆိုလျှင် သာ၍ကောင်းပေသည်။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်၊b ဟူသော လက်တွေ့ကျ မိသားစုလမ်းညွှန်သည် ကမ္ဘာတစ်ဝန်းရှိသူများစွာကို ပျော်ရွှင်သောအိမ်ထောင်ရေးများ တည်ဆောက်ပေးနိုင်ရန်နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကို ရှောင်ရှားစေရန် ကူညီပေးလျက်ရှိသည်။ ထိုစာအုပ်တွင် ပျော်ရွှင်သောအိမ်ထောင်တစ်ခုကို တည်ဆောက်ခြင်း၊ သားသမီးများကို လေ့ကျင့်ပေးခြင်းနှင့် အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းခြင်းတို့အကြောင်းပါသော အခန်းများပါရှိသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုပေးရန် သင့်ဒေသရှိယေဟောဝါသက်သေများ၊ သို့မဟုတ် ဤမဂ္ဂဇင်းကို ထုတ်ဝေသူတို့က ဝမ်းမြောက်စွာ ကူညီပေးလိုကြပါသည်။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်သတင်းအချက်အလက်ကို ၁၉၉၇၊ ဒီဇင်ဘာ ၈ [လိပ်] နှင့် ၁၉၉၁၊ ဧပြီ ၂၂ [လိပ်] ထုတ် နိုးလော့! မှ “သားသမီးထိန်းသိမ်းစောင့်ရှောက်ခြင်း—မျှတသောအမြင်ကား အဘယ်နည်း” အခန်းဆက်များနှင့် “ကွာရှင်းထားသူ၏ သားသမီးများကိုကူညီပေးခြင်း” ဆောင်းပါးတို့တွင် တွေ့ရှိနိုင်ပါသည်။
b ယေဟောဝါသက်သေများ၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ကလေးများသည် ကွာရှင်းခြင်းကို မရထိုက်
ကွယ်လွန်သွားခဲ့သူ ဝေလမင်းသမီးဒိုင်ယာနာက ဗြိတိန်နိုင်ငံတစ်နိုင်ငံတည်းတွင် မိမိတို့မိဘများ၏ ကွာရှင်းပြတ်စဲမှုကို ကလေးသူငယ် ၄၂၀ သည် နေ့စဉ်ကြုံတွေ့နေရ၏ဟု ၁၉၈၈ ခုနှစ်၌ပြောခဲ့သည်။ ထိုကလေးများမှ သုံးပုံတစ်ပုံမှာ ငါးနှစ်အောက် ကလေးများဖြစ်ကြသည်။ ဝမ်းနည်းစရာမှာ ကွာရှင်းပြီးနောက်တွင် ကလေး ၄၀ ရာခိုင်နှုန်းမျှသည် သူတို့၏မိဘတစ်ဦးဦးနှင့် အဆက်အသွယ်ပြတ်သွားရခြင်းဖြစ်သည်။
လူအများ အထင်နှင့်တလွဲဖြစ်နေသည်မှာ “ကွာရှင်းသောမိဘများ၏ ကလေးအနည်းစုသာ ထိုကွာရှင်းမှုကို လက်ခံသည်” ဟူ၍ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ လေးစားခံရသူ စာရေးဆရာမတစ်ဦးကဆိုသည်။ “ကလေးအများစုက မိမိတို့၏မိသားစုအခြေအနေ မလွယ်သည့်တိုင် မိဘနှစ်ပါး မခွဲမခွာပေါင်းနေကြခြင်းကို တွေ့ မြင်လိုကြသည်။” ဖောက်ပြန်ချိန်ကာလအတွင်းတွင် ၎င်းမောင်နှံစုံသည် တစ်ယောက်တစ်ခွန်း အလွန်အမင်းစကားများကြဦးတော့ အိမ်ထောင်ကွဲခြင်းသည် သားသမီးများအတွက် သာ၍ကောင်းပေလိမ့်မည်ဟု အဆောတလျင်ကောက်ချက်မချသင့်ချေ။ မိသားစုအကျိုးအတွက် သူတို့၏သဘောထားများနှင့် အပြုအမူများကို ပြောင်းလဲခြင်းက အတူတကွနေထိုင်နိုင်စေမည်။
“ဖောက်ပြားသော ခင်ပွန်းသည်များသည် မိမိတို့၏မိုက်မဲမှုနောက်လိုက်ပါလာမည့် မိသားစုပြိုကွဲမှု၌ သားသမီးများ၏မျက်စိတွင် တွေ့ရသောနာကြည်းမှုကို ထည့်စဉ်းစားသင့်သည်” ဟု စာရေးဆရာမ ပဲမလာ ဝင်းဖီးလ်ဒ်က ဆိုသည်။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
ကွာရှင်းမှုမှန်သမျှကို ဘုရားသခင်ရွံ့မုန်းသလော
“ကျွန်မစိတ်ကိုနှောင့်ယှက်နေတာက ‘ကွာရှင်းခြင်းကို ယေဟောဝါရွံ့မုန်းတယ်’ ဆိုတဲ့ အတွေးအခေါ်ပါပဲ။ ကျွန်မရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့မေးခွန်းက ‘ယေဟောဝါနှစ်သက်တာကို ငါလုပ်နေရဲ့လား’ ဆိုတာပဲ။”
ထိုမေးခွန်း၏အဖြေကိုရရန် မာလခိ ၂:၁၆ ၏ရှေ့နောက်စကားကိုကြည့်ကြစို့။ မာလခိအချိန်က ဣသရေလအမျိုးသားများစွာသည် အယူမှားသောအမျိုးသမီးငယ်များကို လက်ထပ်နိုင်ကြရန် မိမိတို့၏မယားများကို ကွာရှင်းနေကြ၏။ ဘုရားသခင်က ဤမရိုးသား၊ စဉ်းလဲသောအပြုအမူကို ရှုတ်ချတော်မူသည်။ (မာလခိ ၂:၁၃-၁၆) သို့ဖြစ်၍ နောက်တစ်ယောက်ယူရန် လက်ရှိအိမ်ထောင်ဖက်အား လွယ်လွယ်နှင့်စွန့်ပစ်ခြင်းကို ယေဟောဝါမုန်းတီးတော်မူသည်။ ပရိယာယ်ဆင်ကာ သူ့သားအိမ်ရာပြစ်မှားပြီးနောက် မိမိ၏အိမ်ထောင်ဖက်ကို ကွာရှင်းသည် သို့မဟုတ် မိမိအားကွာရန် သူ့ကိုဖိအားပေးခြင်းမှာ ကောက်ကျစ်ပြီး ရွံ့မုန်းဖွယ်ကောင်းသောအပြစ် ကျူးလွန်ခြင်းဖြစ်သည်။
သို့သော် ဤအခန်းငယ်များက ကွာရှင်းခြင်းအားလုံးကို ပြစ်တင်ရှုတ်ချနေခြင်းမဟုတ်ချေ။ ယင်းကို ယေရှု၏ ဤစကားများက အတည်ပြုစေသည်– “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။” (မဿဲ ၁၉:၉) ဤတွင် သမ္မာကျမ်းစာအရ ကွာရှင်းနိုင်ခွင့်ရှိသည့် တစ်ခုတည်းသောအကြောင်းမှာ မတရားမေထုန်ဖြစ်ကြောင်း ယေရှုအသိအမှတ်ပြုခြင်းဖြစ်သည်၊ အမှန်မှာ ယင်းသည် အိမ်ထောင်အသစ် ထူထောင်ရန် တစ်ခုတည်းသော လက်ခံနိုင်ရာအကြောင်းဖြစ်သည်။ အပြစ်မဲ့အိမ်ထောင်ဖက်သည် အပြစ်ကျူးလွန်သောအိမ်ထောင်ဖက်ကို ခွင့်လွှတ်ရန်ဆုံးဖြတ်ကောင်းဆုံးဖြတ်ပေမည်။ သို့သော် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ကွာရှင်းရန် ယေရှု၏စကားကို အခြေခံအဖြစ်အသုံးပြုဖို့ ရွေးချယ်သူတစ်ဦးသည် ယေဟောဝါမုန်းတီးသောအရာကို ပြုလုပ်နေခြင်းမဟုတ်ချေ။ ဘုရားသခင်ရွံမုန်းသည်ကား ဖောက်ပြန်သူအိမ်ထောင်ဖက်၏ စဉ်းလဲသောအပြုအမူပင်ဖြစ်၏။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
အပြစ်မဲ့အိမ်ထောင်ဖက်များနှင့် သူတို့၏သားသမီးများသည် မေတ္တာပါ အားပေးမှုမှ အကျိုးခံစားကြရ
-