တိုး၍လှုပ်ရှားရန် အချိန်
၁ လက်ရှိစနစ်ဆိုးကြီး၏ ဆုံးခန်းနီးလေ၊ ကျွန်ုပ်တို့၏ ဓမ္မအမှုကို ယေဟောဝါမည်သို့ကောင်းချီးပေးနေကြောင်း တွေ့မြင်ရလေ ‘လှုပ်ရှားနေရန် စိတ်နှလုံးကို ခါးပန်းစည်း’ ထားရန် တမန်တော်ပေတရု၏သြဝါဒကို နာခံကြရန် အရေးကြီးလှသည်။—၁ ပေ၊ ၁:၁၃။ ဟေရှာ၊ ၆၀:၂၂။
၂ အထက်ပါ ဩဝါဒကို ပေတရုပေးခဲ့စဉ် ယေရှုခရစ် သွန်းလောင်းခဲ့သော အသွေးတော်အားဖြင့် ကျွန်ုပ်တို့ရရှိနိုင်သည့် ကယ်တင်ခြင်းဆုအကြောင်း သူရေးသားနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုတင်ပြရန် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာခြင်းသည် အရေးကြီးသည့်နည်းကောင်းဖြစ်သည်။ ထို့ပြင် ဆုကျေးဇူးအဖြစ် သားတော်မှတစ်ဆင့် ယေဟောဝါတင်ပြသော မေတ္တာကြောင့် ခံစားရသည့် အကျိုးကျေးဇူးများကို တန်ဖိုးထားကြောင်း တင်ပြရာလည်းဖြစ်သည်။ (ယော၊ ၃:၁၆) ဤဘုရားပေးလုပ်ငန်းတော်တွင် လှုပ်လှုပ်ရှားရှားရှိနိုင်သည့်အချိန်ကား သတိရအောက်မေ့ပွဲ ကာလအတွင်းဖြစ်သည်။
အောက်မေ့ပွဲနှင့် အထူးဟောပြောချက်ကို
တက်ခဲ့သူများထံ ပြန်လည်ပတ်ခြင်း
၃ သင့်အသင်းတော်တွင် အထူးဟောပြောချက်နှင့် သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သူ မည်မျှရှိသနည်း။ ပြီးခဲ့သောနှစ်ထက် များသလော။ လွန်ခဲ့သောနှစ် တွင် တစ်နိုင်ငံလုံးအတွက် အရေအတွက်မှာ ၄၅၆၃ ဖြစ်သည်။ (၁၉၈၈ ခုနှစ်တွင် ၄၂၃၀ဖြစ်သည်။) ဤနှစ်တွင် ပိုများမည်လော။ အရေအတွက်များဖို့သာ စိတ်ဝင်စားသည်ကားမဟုတ်။ ဤသူအပေါင်းတို့သည် ယေရှု၏ ရွေးဖိုးပူဇော်သက္ကာကို လက်ခံကာ ရွေးဖိုးကို စီစဉ်ပေးရှင် ယေဟောဝါဘုရားသခင်ထံ သူတို့အသက်ကို ဆက်ကပ်အပ်နှံကြရန် ကူညီပေးလိုခြင်း၌ ကျွန်ုပ်တို့စိတ်ဝင်စားခြင်းဖြစ်သည်။
၄ မတ်လ ၂၅ ရက်နေ့တွင် အထူးဟောပြောချက် “မှန်သောအသက်ကို စွဲကိုင်လော့” အကြောင်း ကြားခဲ့ရသည်။ လူသစ်များ အသင်းတော်နှင့် စ၍ပေါင်းသင်းလာရန် ကူညီပေးဖို့ အခွင့်ကောင်းရခဲ့ပါသည်။ သူတို့အားလုံး စည်းဝေးများကို မှန်မှန်တက်လာကြပြီး ယေဟောဝါဘုရားသခင်ကို သူတို့ဘဝအသက်တာ ဆက်ကပ်အပ်နှံကြရန် ဆက်ကူညီပေးပါ။
ယေဟောဝါ၏ မေတ္တာတော်ကို တန်ဖိုးထားလေးစားခြင်း
၅ ကိုယ်တော်၏လုပ်ငန်းတော် ဆောင်ရွက်ပုံကို တိုးတက်စေရန် ကိုယ်ကိုယ်ကို စစ်ဆေးခြင်းအားဖြင့် ယေဟောဝါ၏မေတ္တာတော်ကို တန်ဖိုးထားကြောင်း တင်ပြပါ။ ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံမှုကို စစ်ဆေးကြည့်နိုင်သည်။ ယေရှု၏ယဇ်ပူဇော်သက္ကာကို သတိရပုံကိုလည်း စစ်ဆေးကြည့်နိုင်သည်။ ကျွန်ုပ်တို့ စဉ်းစားပုံ၊ ပြောဆိုပုံ၊ ကျင့်ကြံပုံသည် ယေဟောဝါ၏ဖြောင့်မတ်သော စံချိန်များနှင့်အညီ တထေရာတည်းလိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ယုံကြည်ခြင်းကို နေ့စဉ်တင်ပြပါသလော။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်း၌ ကြိုးစားအားထုတ်ခြင်းဖြင့် သူတစ်ပါးကို ချစ်ကြောင်း တင်ပြနေပါသလော။ နှစ်စဉ် သတိရအောက်မေ့ပွဲအချိန်တွင် ကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်နှင့် ယေရှုပြုတော်မူခဲ့သည့် အမှုကို အထူးသတိရကြသည်။ (လု၊ ၂၂:၁၉။ ၁ ကော၊ ၁၁:၂၃၊ ၂၄) ဤကဲ့သို့ ဆင်ခြင်သုံးသပ်ရသော သတိရချက်များကြောင့် ကျွန်ုပ်တို့တစ်ဦးစီ၏ အရည်အချင်းနှင့် အခြေအနေအရ အပြုသဘောပါ လှုပ်ရှားမှုများ ပြုမူသင့်သည်။
၆ ဧပြီနှင့် မေလအတွင်း အရံရှေ့ဆောင်ရန် သင်စီစဉ်နိုင်မည်လော။ အသင်းတော်ရှိ ကြေညာသူများ တစ်ချိန်တည်းရှေ့ဆောင်ကြရန် စီစဉ်မည်ဆိုလျှင် တိုး၍လှုပ်ရှားသော ဤအထူးကာလအတွင်း တစ်ယောက်ကိုတစ်ယောက် အားပေးကူညီနိုင်သည်။ လိုအပ်သည့်အခါတိုင်း အုပ်စုလိုက် သက်သေခံထွက်ကြရန် ထပ်ဆင့်အစီအစဉ်များကို အကြီးအကဲများကလည်း ပြုလုပ်စီစဉ်ပေးရန် အသင့်ရှိပါ်သည်။
၇ သင့်ကိုယ်ပိုင်အခြေအနေများကို အသေအချာစဉ်းစားပါ။ အိမ်ထောင်ရေးတာဝန်များ၊ ကျန်းမာရေးအခြေအနေ၊ ဝမ်းစာရှာလုပ်ငန်း၊ ကျောင်းတက်ချိန် အစရှိသည်တို့ကို ထည့်စဉ်းစားပါ။ လောလောဆယ် ရှေ့ဆောင်မလုပ်နိုင်ဦးတော့ လယ်ကွင်းဓမ္မအမှုတွင် သင်ပါဝင်မှုကို မည်မျှအထိ တိုးပေးနိုင်မည်နည်း။ ဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုကိုပါ ချစ်မြတ်နိုးကြောင်း ထင်ရှားစေသည့် ကျွန်ုပ်တို့၏ စိုးလ်အပြည့် လုပ်ငန်းတော်ကို ယေဟောဝါ အမှန်နှစ်ခြိုက်တော်မူသည်။ ဘုရားသခင့် နှုတ်ကပတ်တော်အလင်းအားဖြင့် ကိုယ်ကိုယ်ကိုစစ်ဆေးပြီး လှုပ်ရှားမှုအတွက် စိတ်နှလုံးကိုခါးပန်းစည်းကြစဉ် လက်ခံနိုင်ဖွယ်ရာ ချီးမွမ်းခြင်းယဇ်များကို ပူဇော်ရန် လိုအပ်သည့် ခွန်အားကို ယေဟောဝါဝိညာဉ်တော်အားဖြင့် ရရှိနိုင်မည်အကြောင်း စိတ်ချနိုင်ပါသည်။—ဟေ၊ ၁၃:၁၅။