သီအိုကရက်တစ် စာကြည့်တိုက်တစ်ခု ဖွဲ့စည်းပုံ
ဉာဏ်ထက်သော စပိန်လုံမငယ်လေး ရှဲရယ်စာဒဲသည် သူမ၏ဆရာမက အတန်းအား “ခရစ္စမတ်ဖခင်” ၏ပုံများကို ဆေးရောင်ခြယ်ကြမည်ဟု အသိပေးစဉ်က လေးနှစ်အရွယ်သာရှိသည်။ ချက်ချင်းပင် ရှဲရယ်စာဒဲသည် ခွင့်လွှတ်ရန်တောင်းဆိုခဲ့သည်။ ယင်းကိုပြုလုပ်ရန် သူမ၏သြတ္တပ္ပစိတ်က ခွင့်မပြုကြောင်း ရှင်းပြခဲ့သည်။
ဤငြင်းပယ်ချက်ကြောင့် အံ့အားသင့်ပြီး ဆရာမက အရုပ်တစ်ရုပ်ကို ရောင်စုံခြယ်ရုံလေးပဲဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းသည် ဘာမျှမမှားကြောင်း သူမအားပြောပြခဲ့သည်။ ရှဲရယ်စာဒဲက ဤသို့ပြန်ဖြေသည်– “အရုပ်လေးတစ်ရုပ်ပဲဆိုရင် ဆရာမ စိတ်မရှိရင် ကျွန်မဘာသာကျွန်မ အရုပ်တစ်ရုပ်ဆွဲပါရစေ။”
အခြားအခြေအနေတစ်ရပ်တွင် အတန်းအား အမျိုးသားအထိမ်းအမှတ်ကို အရောင်ခြယ်ရန် ပြောခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူမက အခြားတစ်ခုခုလုပ်နိုင်မလားဟု တောင်းဆိုခဲ့သည်။ ရှင်းပြချက်အနေဖြင့် သူမသည် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့၏အတ္ထုပ္ပတ္တိကို ဆရာမအားပြောပြခဲ့သည်။—ဒံယေလ ၃:၁-၂၈။
ယင်းနောက် များမကြာမီ ဆရာမသည် မိမိ၏အံ့အားသင့်မှုကို ပြောပြရန် ကလေးမ၏မိခင်ကို ဖုန်းဆက်ခဲ့သည်။ “ရှင့်ရဲ့သမီးဟာ ကိစ္စရပ်တော်တော်များများမှာ သူမရဲ့သြတ္တပ္ပစိတ်အကြောင်း ကျွန်မကို ပြောခဲ့တယ်” ဟု သူမပြောသည်။ “ရှင်စဉ်းစားကြည့်ပါဦး။ သူ့ရဲ့အသက်အရွယ်လေးနဲ့ သူ့ရဲ့သြတ္တပ္ပစိတ်က သူ့ကိုဘာကြောင့် နှောင့်ယှက်ကြောင်း ကျွန်မကို ရှင်းပြနေတယ်လေ! ဒီမှာ ကျွန်မတော့ ကလေးမကို ရှင်သင်ပေးနေတာတွေကို သဘောမတူနိုင်ဘူး၊ ဒါပေမဲ့ ရှင်အောင်မြင်နေတာတော့ အမှန်ပဲ။ ပြီးတော့ ရှင့်သမီးကိုတော့ ကျွန်မ လက်ဖျားခါတယ်ဆိုတာ ရှင့်ကိုသိစေချင်တယ်။”
လေးနှစ်အရွယ် လုံမလေးတစ်ယောက် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ကို မည်သို့ရရှိနိုင်သနည်း။ ကလေးမ၏မိခင် မာရီးနာက ရှဲရယ်စာဒဲ၏အိပ်ခန်းတွင် သူမ၏ကိုယ်ပိုင်သီအိုကရက်တစ် စာကြည့်တိုက် ရှိကြောင်းရှင်းပြသည်။ စာကြည့်တိုက်တွင် သူမ မျဉ်းသားထားသည့် ကင်းမျှော်စင်စာစောင်များ၊ ဟောပြောခြင်းအတွက် စာပေများနှင့် သူမမွေးကတည်းက ထွက်လာခဲ့သည့် ကင်းမျှော်စင်အသင်း၏ စာပေစာတမ်းများ ပါဝင်သည်။ သူမ၏စာကြည့်တိုက်တွင် သူအကြိုက်ဆုံးမှာ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်တိတ်ခွေဖြစ်ပြီး သူမ၏စာအုပ်တွင်လိုက်ကြည့်ရင်း ယင်းကို သူမ ညတိုင်းနားထောင်သည်။ ဤကျမ်းစာမှတ်တမ်းများကြောင့် အထက်တွင်ဖော်ပြခဲ့သည့် ဆုံးဖြတ်ချက်များကို သူမချနိုင်ခြင်းဖြစ်သည်။
ကောင်းကောင်းဖွဲ့စည်းထားသော သီအိုကရက်တစ် စာကြည့်တိုက်သည် သင်နှင့် သင့်သားသမီးများကို ထောက်ကူနိုင်သလော။ အိမ်တွင်းစာကြည့်တိုက်တစ်ခု အဘယ့်ကြောင့် လိုအပ်ပါသနည်း။
“စာကြည့်တိုက်သည် ပျော်တော်ဆက်တစ်ခုမဟုတ်”
“စာကြည့်တိုက်သည် ပျော်တော်ဆက်တစ်ခုမဟုတ်၊ သို့သော် ဘဝ၏လိုအပ်ရာတစ်ခုဖြစ်သည်” ဟု ဟင်နရီ ဝေါဒ်ဘီချာ ဆိုခဲ့သည်။ အသိအမှတ်မပြုစေကာမူ ကျွန်ုပ်တို့အားလုံးနီးပါးတွင် ယင်း “ဘဝ၏လိုအပ်ရာ” တစ်ခုရှိမည်မလွဲပေ။ အဘယ့်ကြောင့် ဤသို့ဖြစ်သနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကျမ်းစာတစ်အုပ်ထက် ပို၍မပိုင်ဆိုင်ထားလျှင်ပင် စာကြည့်တိုက်တစ်မျိုးကို ကျွန်ုပ်တို့ပိုင်ဆိုင်သည်။
ကျမ်းစာသည် အကောင်းဆုံးစာကြည့်တိုက် တစ်ခုအမှန်ဖြစ်သည်။ လေးရာစုတွင် ဂျရုမ်းက ကျွန်ုပ်တို့ကျမ်းစာဟုခေါ်သည့် အပြည့်အစုံစုစည်းထားသော မှုတ်သွင်းခံစာအုပ်များကို ဖော်ပြရန် လက်တင် စကားစု ဘိဘလီယိုသီကာ ဒီဗီနာ (မြင့်မြတ်သော စာကြည့်တိုက်) ကို ထွင်ခဲ့သည်။ ယေဟောဝါသည် လက်တွေ့ကျသော အကူအညီ၊ ညွှန်ကြားမှုနှင့် လမ်းညွှန်မှု ကျွန်ုပ်တို့ကိုပေးရန် ဤသန့်ရှင်းမြင့်မြတ်သော စာကြည့်တိုက်ကို စီမံပေးခဲ့သည်။ အသေးအဖွဲလေးအဖြစ် ကျွန်ုပ်တို့ ဘယ်တော့မျှသဘောမထားသင့်သည့် အရာတစ်ခုဖြစ်သည်။ ကျမ်းစာတစ်အုပ်လုံးကို ပိုင်ဆိုင်ရုံကလေးသည် အတိတ်ကာလက ဘုရားသခင့်ကျေးကျွန်အများစုတွင်ရှိခဲ့သည်ထက် သာ၍ကြီးသော စာကြည့်တိုက်တစ်ခုကို ရရှိထားသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
တန်ဖိုးကြီးမားသော လက်ရေးမိတ္တူများ အားလုံးကို ရရှိနိုင်ခဲ့သည့်အချိန်ကပင် ကျမ်းစာတစ်အုပ်လုံးကို ကိုယ့်အိမ်တွင်ပိုင်ဆိုင်သူ မရှိသလောက်သာဖြစ်သည်။ ပေါလုသည် ရောမတွင်နောက်ဆုံးအကျဉ်းကျစဉ်အတွင်း ကျမ်းစာလေ့လာလိုသောအခါ ဟေဗြဲကျမ်းစာ အစိတ်အပိုင်းများ ဖြစ်နိုင်သည့် အာရှမိုင်းနားမှ ကျမ်းလိပ်တချို့ကိုယူလာရန် တိမောသေအား မှာကြားခဲ့သည်။ (၂ တိမောသေ ၄:၁၃) သို့ရာတွင် တရားဇရပ်များက စုစည်းထားသော ကျမ်းလိပ်များကို ထိန်းသိမ်းခဲ့ပြီး ယေရှုခရစ်ကော တမန်တော်ပေါလုပါ သူတို့၏ဟောပြောခြင်းလုပ်ငန်းတွင် ဤစာကြည့်တိုက်များကို အသုံးပြုခဲ့သည်။ (လုကာ ၄:၁၅-၁၇; တမန်တော် ၁၇:၁-၃) ကျမ်းစောင်များသည် ပထမရာစုတွင်ရှိခဲ့သည်ထက် ယခုပို၍များစွာ ရနိုင်သည်မှာ ဝမ်းသာစရာဖြစ်သည်။
ပုံနှိပ်စက်တီထွင်မှုကြောင့် ယနေ့ဘုရားသခင့်ကျေးကျွန်အားလုံးနီးပါး—မိမိတို့၏ဘာသာစကားသည် အဘယ်ဘာသာစကားပင်ဖြစ်ပါစေ—တို့သည် သင့်တော်သော အဖိုးဖြင့် ကျမ်းစာတစ်အုပ်လုံးကို ရရှိနိုင်သည်။ ကျွန်ုပ်တို့တွင် ဤမြင့်မြတ်သန့်ရှင်းသော “စာကြည့်တိုက်” သို့ ထပ်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ သူမတူထူးခြားသော အခွင့်ထူးလည်းရှိသည်။ ရာစုနှစ်တစ်ခုထက်မက “သစ္စာနှင့် သတိပညာရှိသောကျွန်” သည် အချိန်တန်ဝိညာဏအစာ ကျွေးမွေးခြင်းကို လှုပ်ရှားဆောင်ရွက်ခဲ့ပြီ။—မဿဲ ၂၄:၄၅-၄၇ သမ။
သို့သော် ကျွန်ုပ်တို့သည် ကိုယ်ပိုင်သီအိုကရက်တစ် စာကြည့်တိုက်တစ်ခုကို မဖွဲ့စည်းပါက ဤတန်ဖိုးရှိအချက်အလက်ကို ကျွန်ုပ်တို့ အပြည့်အဝအသုံးပြုသည်ဟူ၍ မဆိုနိုင်ပါ။ ယင်းကိုမည်သို့ ပြုလုပ်နိုင်သနည်း။ မှန်သည်၊ ပထမခြေလှမ်းမှာ ဤကဲ့သို့သော စာကြည့်တိုက်တွင်လိုအပ်သည့် စာအုပ်များကို ရယူရန်ဖြစ်သည်။ ယင်းကို ကောင်းကောင်း ကြိုးစားအားထုတ်ထိုက်သည်၊ အကြောင်းမှာ ယင်းက ကျွန်ုပ်တို့ကိုင်တွယ်ရန်လိုသည့် ပြဿနာများနှင့် ကျမ်းစာမေးခွန်းများကိုအဖြေပေးရန် ဂနသေချာသောအချက်အလက်ကို ဒိုးခနဲဒက်ခနဲ ရရှိစေနိုင်သည်။
ကျွန်ုပ် ဘာစာအုပ်များလိုအပ်သနည်း
သင်သည် သင့်အိမ်ထောင်ရေးတွင် ဆက်သွယ်ရေးပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပုံ သို့မဟုတ် သင့်ကလေးက မူးယစ်ဆေးဝါးကို “ဟင့်အင်း” ဟုပြောရန် ကူညီနိုင်ခဲ့ပုံကို စဉ်းစားဖူးပါသလော။ သင်သည် စိတ်ဓာတ်ကျမှုဝေဒနာသည် မိတ်ဆွေတစ်ဦးကို မည်သို့ကူညီနိုင်ခဲ့သနည်း။ သင်သည် ဘုရားသခင်တည်ရှိပြီး ဆိုးသွမ်းမှုကို ကိုယ်တော်အဘယ့်ကြောင့် ခွင့်ပြုထားရကြောင်း ကျွန်ုပ်တို့တွင်ရှိသည့် သာဓကများကို ကွက်ကွက်ကွင်းကွင်း ရှင်းပြနိုင်သလော။ ဗျာဒိတ် အခန်းကြီး ၁၇တွင်ဖော်ပြထားသည့် ကြက်သွေးရောင်သားရဲကား အဘယ်အရာကို ကိုယ်စားပြုသနည်း။
သင့်တွင်စုံစုံစိစိရှိသော သီအိုကရက်တစ်စာကြည့်တိုက်တစ်ခုရှိထားပါက ဤမေးခွန်းများနှင့် အခြားမရေတွက်နိုင်သော မေးခွန်းများကို အဖြေပေးနိုင်သည်။ ကင်းမျှော်စင်အသင်းသည် ကျမ်းဆိုင်ရာအဓိကအချက်များကို အမျိုးမျိုးအမည်မည် ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြသည့် စာအုပ်ကြီးများ၊ ဘရိုရှာများနှင့် မဂ္ဂဇင်းဆောင်းပါးများကို ထုတ်ဝေထားပြီ။ ထို့အပြင် ဤစာပေများသည် မိသားစုကိစ္စရပ်များကို ဆွေးနွေးတင်ပြကာ ဘုရားသခင်နှင့် ကျမ်းစာ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တည်ဆောက်ပေးပြီး ကျွန်ုပ်တို့၏ဟောပြောခြင်း အရည်အသွေးများကို တိုးတက်စေသည်။ ထို့အပြင် ကျမ်းစာပရောဖက်ပြုချက်များကို နားလည်သဘောပေါက်ရန် ထောက်ကူသည်။
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း အဖွဲ့အစည်းပုံနှိပ်ခဲ့သည့် စာပေစာတမ်းအများစုကို ရရှိနိုင်တုန်းပင်ဖြစ်သည်။ သင်သည် မကြာသေးမီက သမ္မာတရားထဲဝင်လာသူဖြစ်လျှင် သင့်ဘာသာစကားဖြင့်ရနိုင်သည့် ဤကဲ့သို့သောရေးသားပြုစုချက်အားလုံးကို ရယူပိုင်ဆိုင်ထားခြင်းက သင့်အတွက်အကျိုးနပ်လိမ့်မည်။ လွန်ခဲ့သောနှစ်များက ကင်းမျှော်စင်စာအုပ်တွဲများကို သင့်ဘာသာစကားဖြင့် ရပေမည်။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်) နှင့် Comprehensive Concordance ကဲ့သို့သော ပေါ်လွင်ထင်ရှားသည့် အကိုးအကားပါရေးသားပြုစုချက်များကိုလည်း ဘာသာစကားများစွာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီ။ သို့သော် ဤစာအုပ်များကို ရယူပိုင်ထားခြင်းသည် ပထမခြေလှမ်းမျှသာဖြစ်သည်။
သင့်စာကြည့်တိုက်ကို ဖွဲ့စည်းလေ!
သင့်တွင်ရှိသောစာအုပ် တစ်နေရာရာတွင်ရှိသည်ကို သိရှိခြင်းသည် အရေးကိစ္စတစ်ခုဖြစ်သော်လည်း သင်လိုအပ်သည့်စာအုပ်ကို တွေ့ရှိခြင်းသည် နောက်အရေးကိစ္စတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် လိုအပ်သောကိုးကားချက်ကို ရှာဖွေခြင်းတွင် အချိန်ကြာမြင့်စွာ ဖြုန်းရပါက ကျွန်ုပ်တို့သည် ကိစ္စရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှု ပျောက်ဆုံးသွားကောင်း ပျောက်ဆုံးသွားမည်။ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့တွင်ရှိသောစာအုပ်များကို အဆင်ပြေသောနေရာတွင် ကောင်းကောင်းစီစဉ်ထားပါမူ ကျွန်ုပ်တို့သည် ကိုယ်ပိုင်သုတေသနပြုရန် ပို၍စိတ်ပါလာမည်။
ဖြစ်နိုင်ပါက သီအိုကရက်တစ်စာအုပ်များကို တစ်နေရာတည်းတွင် တစ်ပေါင်းတစ်စည်းတည်းထားခြင်းသည် အထောက်အကူဖြစ်မည်။ စာအုပ်စင်များလုပ်ပြီးသားဝယ်ဖို့ မတတ်နိုင်လျှင်ပြုလုပ်နိုင်ပြီး များသောအားဖြင့် အတော်အတန်ဈေးချိုသည်။ ၎င်းတို့သည် နေရာသိပ်ကျယ်ကျယ် ယူဖို့မလိုပါ။ စာကြည့်တိုက်သို့ လွယ်လွယ်ဝင်ရောက်နိုင်ဖို့လည်း အရေးကြီးသည်။ စာအုပ်များကို ထပ်ခိုးများတွင် သိမ်းဆည်းထားခြင်းဖြင့် အကျိုးအနည်းငယ်သာရမည်ဖြစ်ပြီး ဖုန်တက်လေ့ရှိသည်။
နောက်ခြေလှမ်းမှာ စာအုပ်များကို စုစည်းရန်ဖြစ်သည်။ စာအုပ်များကို ကျိုးကြောင်းဆီလျော်စွာစီစဉ်ခြင်းတွင် အချိန်တစ်အောင့်လေးမျှ အသုံးပြုခြင်းက အကျိုးကျေးဇူးများ ရရှိစေသည်။
သင့်မိသားစုတွင် အများစုမှာ ယေဟောဝါသက်သေခံများ မဟုတ်လျှင်ကော အသို့နည်း။ သင်ကြိုက်သလို စာကြည့်တိုက်တစ်ခုကို စုစည်းရန် မဖြစ်နိုင်သော်လည်း သင့်ကိုယ်ပိုင်အခန်းတွင် အနည်းဆုံးကျမ်းစာဆိုင်ရာ စာပေစာတမ်းတချို့ပါဝင်သည့် စာအုပ်စင်တစ်ခု ရှိနိုင်ပေမည်။
သီအိုကရက်တစ်စာကြည့်တိုက်က ဝိညာဉ်ရေးကိုတည်ဆောက်ကူညီနိုင်
တစ်ချိန်က ကျွန်ုပ်တို့သည် မိမိတို့၏စာအုပ်များကို အလိုက်သင့်စီစဉ်ခဲ့ပြီး၊ အချက်အလက်များကို တစ်စုတစ်စည်းတည်းထားဖို့ ကျွန်ုပ်တို့ကိုကူညီရန် နည်းစနစ်တစ်ခု လိုအပ်သည်။ ကျွန်ုပ်တို့၏မှတ်ဉာဏ်များ ချွတ်ယွင်းပေမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သီအိုကရက်တစ် စာကြည့်တိုက်တွင်ရှိ စာအုပ်တိုင်းပါ အကြောင်းအရာများနှင့် ကိုယ်တိုင်ရင်းနှီးမှုမရှိဘဲဖြစ်ပေမည်။ သို့ဖြစ်စေကာမူ စာကြည့်တိုက်တွင်ရှိ အချက်အလက်ရှိရှိသမျှကို အလွယ်တကူရရှိနိုင်ပါသည်။ ကျွန်ုပ်တို့ဘာသာစကားဖြင့်ရနိုင်ပါက Watch Tower Publications Index သည် အချိန်တိုတိုအတွင်း အဘယ်အကြောင်းအရာ အားလုံးနီးပါးမဆိုနှင့်စပ်လျဉ်း၍ ထူးခြားသည့်အချက်အလက်များကို ရှာတွေ့စေနိုင်သည်။
အထူးရှေ့ဆောင်နှင့် အကြီးအကဲအဖြစ် နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည့် ဂူလီယမ်က Index သည် သူ၏သားထွေးလေးကို ကိုယ်ပိုင်လေ့လာမှုပြုရန် သွန်သင်ခြင်းတွင် အလွန်တန်ဖိုးရှိကြောင်း ရှင်းပြသည်။ “တစ်နေ့မှာ ခုနစ်နှစ်အရွယ် ဂိုင်ရိုက ကျောင်းကနေပြန်လာပြီး ကျွန်တော့်ကို ဒီလိုမေးတယ်၊ ‘ဒက်ဒီ ဒိုင်နိုဆောအကြောင်း အဖွဲ့အစည်းက ဘာပြောထားသလဲ။’ ကျွန်တော်တို့ Index ဆီသို့တန်းသွားပြီး ‘ဒိုင်နိုဆော’ စကားလုံးကို ရှာခဲ့ကြတယ်။ တစ်အောင့်လေးနဲ့ အဲဒီအချက်ကို အစီစဉ်တကျ ဆွေးနွေးထားတဲ့ နိုးလော့! တစ်အုပ်ကို တွေ့ခဲ့တယ်။ အဲ့ဒီနေ့မှာဘဲ ဂိုင်ရို စဖတ်ပါလေရော။ သူလေးသိသွားတာကတော့ ကျွန်တော်တို့ရဲ့သီအိုကရက်တစ် စာကြည့်တိုက်မှာ အကြောင်းအရာတိုင်းကို လက်တွေ့ကျကျ အသုံးဝင်တဲ့အချက်အလက်ရှိထားတယ် ဆိုတဲ့အချက်ပါပဲ။ ကိုယ်တိုင်အနေနဲ့လည်း၊ ကျွန်တော်တို့ရဲ့ကလေးတွေဟာ သီအိုကရက်တစ် စာကြည့်တိုက်ကို ကောင်းကောင်းအသုံးပြုဖို့သင်ယူကြမယ်ဆိုရင် ဝိညာဉ်ရေးတိုးတက်ဖို့ အထောက်အကူပေးမယ် ဆိုတာကို ကျွန်တော်အခိုင်အမာ ယုံကြည်တယ်။ သူတို့ဟာ ဆင်ခြင်ဖို့ ထပ်ဆင့်အကြောင်းအရာတွေကို သင်ယူကြတယ်။ ဒါ့အပြင် ကိုယ်ပိုင်လေ့လာမှုဟာ ပျော်စရာဖြစ်စေနိုင်တယ်ဆိုတာကို သူတို့တွေ့လာကြတယ်။”
အစပိုင်းတွင်ဖော်ပြခဲ့သည့် ရှဲရယ်စာဒဲ၏ဖခင် ဖော်စတိုသည် သားသမီးများကို သီအိုကရက်တစ် စာကြည့်တိုက်အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို စတင်နိုင်ရန်စောလွန်းခြင်းမရှိကြောင်း ယုံကြည်သည်။ “ကျွန်တော်တို့ဟာ အခုခြောက်နှစ်ရှိပြီဖြစ်တဲ့ ရှဲရယ်စာဒဲကို Indexဘယ်လိုအသုံးပြုရမယ်ဆိုတာ ပြသနှင့်နေပြီ” ဟု သူရှင်းပြခဲ့သည်။ “ကလေးမကို ကမ္ဘာ့ပရဒိသုမျှော်လင့်ချက်က ညှို့ဆွဲယူထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ Indexပါ ‘ပရဒိသု’ စကားလုံး ကလေးမကို စပြခဲ့ကြပြီးတဲ့နောက် ဖော်ပြထားတဲ့ကင်းမျှော်စင်ဆောင်းပါးတွေကို ကြည့်ကြတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ သူမကို ရုပ်ပုံတွေပြရုံလောက်ပဲပြကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းနဲ့ပဲ ကလေးမတတ်သိလာတဲ့အရာကတော့ Indexဟာ ကျွန်တော်တို့ရဲ့ အိမ်စာကြည့်တိုက်မှာ အချက်အလက်ရှာဖွေတွေ့ရှိရန် သော့ချက်ဖြစ်တယ်ဆိုဒါပါပဲ။ ဒီအချက်ကို ကလေးမသဘောပေါက်ကြောင်း ကျွန်တော်တို့သိခဲ့ရတာကတော့ အီစတာပွဲများနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုနဲ့အတူ ကျောင်းကနေပြန်လာတဲ့ နေ့တစ်နေ့ကပေါ့။ ‘ကျွန်မတို့ Indexထဲမှာ တစ်ခုခုကို ဘာကြောင့်မရှာကြတာလဲ’ လို့ ကလေးမက သူမရဲ့အမေကို မေးခဲ့တယ်။”
ကျွန်ုပ်တို့သည် မည်သည့်အသက်အရွယ်ပင်ဖြစ်စေကာမူ ကျမ်းစာက ကျွန်ုပ်တို့အား “ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့” ဟုတိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၂၁) ယင်းက ကျမ်းစာဘာကို ပြောဆိုနေကြောင်း ကျွန်ုပ်တို့ဆန်းစစ်ရန် တောင်းဆိုသည်။ (တမန်တော် ၁၇:၁၁) ကျွန်ုပ်တို့တွင် ကောင်းကောင်းစုစည်းထားသော သီအိုကရက်တစ် စာကြည့်တိုက်တစ်ခုရှိပါမူ ဤကဲ့သို့သုတေသနပြုမှုက ကျေနပ်ပျော်ရွှင်စေနိုင်သည်။ ဟောပြောချက်တစ်ခုကို ပြင်ဆင်ရန်၊ ကိုင်တွယ်ရမည့် ပြဿနာတစ်ရပ်နှင့်ပတ်သက်သော လက်တွေ့ကျသြဝါဒကို ရှာဖွေရန်၊ သို့မဟုတ် စိတ်ဝင်စားဖွယ်အချက်အလက်ကို ရှာရန် အချိန်တိုင်းတွင် မိမိ၏စာကြည့်တိုက်ကို ဖြစ်မြောက်စွာအသုံးပြုပြီး ယင်းက ကျွန်ုပ်တို့စာကြည့်တိုက်၏ လက်တွေ့တန်ဖိုးကို ကျွန်ုပ်တို့အား စွဲမှတ်စေပါလိမ့်မည်။
ရှဲရယ်စာဒဲ၏မိဘများ ဤသို့ ထောက်ပြခဲ့သည်– “ခရစ်ယာန်အိမ်ထောင်စုတစ်ခုတွင် သီအိုကရက်တစ်စာကြည့်တိုက်သည် ပျော်တော်ဆက်လုံးဝမဟုတ်ပါ!”
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
သင့်စာအုပ်များကို မည်သို့အလိုက်သင့် စီစဉ်မည်နည်း
သင့်စာအုပ်များကို စုစည်းပုံတွင် ပုံသေကားကျနည်းများ မရှိပါ။ သို့ဖြစ်လင့်ကစား အောက်ဖော်ပြပါ ကျိုးကြောင်းဆီလျော်ခွဲခြားနည်းများက သင့်စာအုပ်များကို ပါဝင်သည့်အကြောင်းများအလိုက် အလိုက်သင့်စီစဉ်နိုင်သည့် နည်းတစ်ခုကိုတင်ပြသည်။
၁။ ကျမ်းစာပါအချို့အပိုင်းများကို အခန်းငယ်တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာပြမှုများပါဝင်သည့် စာအုပ်များ
(ဥပမာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား၊ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်]၊ “ယေဟောဝါဖြစ်ကြောင်း လူမျိုးတို့သိရကြမည်”—မည်သို့နည်း [လိပ်] “ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်၌ပြည့်စုံပါစေ” [လိပ်]
၂။ မိသားစုဘဝနှင့် သက်ဆိုင်သော စာအုပ်များ
(ဥပမာ– သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း၊ လူငယ်များအမေး—တာသွားသည့်အဖြေ၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်)
၃။ ကျမ်းစာများနှင့် အကိုးအကားပြုစုချက်များ
(ဥပမာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အကိုးအကားများဖြင့် [လိပ်]၊ အခြားကျမ်းစာများ၊ Watch Tower Publications Indexes, Comprehensive Concordance, ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်]၊ The Kingdom Interlinear Translation of the Greek Scriptures, အဘိဓာန်ကောင်းကောင်း တစ်အုပ်)
၄။ အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် သီအိုကရက်တစ် ဓမ္မအမှုကျောင်းတွင် လောလောဆယ်အသုံးပြုနေသော စာအုပ်များ
၅။ အော်ဒီယိုကက်ဆက်ခွေများနှင့် ဗီဒီယိုခွေများ
၆။ ကင်းမျှော်စင်နှင့် နိုးလော့!စာအုပ်တွဲများ
၇။ ယေဟောဝါသက်သေများ၏ရာဇဝင်
(ဥပမာ– ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်များ [လိပ်]၊ ယေဟောဝါသက်သေများ—ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်သူများ [လိပ်]
၈။ ကျွန်ုပ်တို့ဓမ္မအမှုတွင် မှန်မှန်အသုံးပြုနေသည့် စာအုပ်များနှင့် ဘရိုရှာများ
(ဥပမာ– သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်၊ ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း၊ အသက်—ဤတွင်မည်သို့ ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]၊ ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်]၊ စစ်မှန်သောဘုရားသခင့် ဝတ်ပြုရေးတွင် တစ်စည်းတစ်လုံးတည်း)
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ရှဲရယ်စာဒဲသည် ကျမ်းစာကျောင်းသားကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ငယ်ရွယ်သော်လည်း ဤလုလင်လေးသည် သီအိုကရက်တစ်စာကြည့်တိုက်ကို အသုံးပြုနေ