သက်ကြီးရွယ်အိုများကို ခရစ်ယာန်မေတ္တာပြခြင်း
မိတ်ဆွေများအိမ်သို့ အလည်အပတ်သွားစဉ် မည်သည့်နေရာတွင် မိမိဦးထုပ်ထားခဲ့သည်ကို မေ့သွားသောလူငယ်တစ်ဦးအကြောင်း ပုံပြင်ကို ၁၈ ရာစုစာရေးဆရာ စယ်မ်ယယ်လ်ဂျော်န်စန်က ပြောခဲ့သည်။ ယင်းက ဝေဖန်ခံရခြင်းကို မဖြစ်စေချေ။ “သို့သော် သက်ကြီးရွယ်အိုတစ်ဦး၌ အလားတူအရေးမစိုက်မှုကိုမြင်လျှင် လူတို့သည် ပခုံးတွန့်၍ ‘သူ့မှတ်ဉာဏ်တွေကတော့ သွားပြီ’ ဟု ပြောကြပေမည်။”
ဂျော်န်စန်ပုံပြင်က အခြားလူနည်းစုများနည်းတူ ဖြစ်ဖွယ်ရှိသည့် သက်ကြီးရွယ်အိုများသည် ကြိမ်ဖန်တလဲမတရားပြုခြင်း၏ သားကောင်များဖြစ်ကြရသည်။ အသက်ကြီးသူတို့၏လိုအပ်ရာများကို ထောက်မပေးခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ယင်းသို့ပါဝင်လုပ်ဆောင်သူအားလုံးတို့သည် အကျိုးကျေးဇူးခံစားကြရသည်။ စိန်ခေါ်မှုနှင့်ဆုလာဘ်တို့သည့် အဘယ်အရာများဖြစ်ကြပြီး ဤအချက်၏သြဇာသက်ရောက်ခံရသူများ အဘယ်ကြောင့် ပို၍များလာရသနည်း။
စာရင်းဇယားများအရ ကမ္ဘာ့လူဦးရေ၏ ၆ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများဖြစ်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းရာခိုင်နှုန်း၏ နှစ်ဆဖြစ်သည်။ ၁၉၉၃ ခုနှစ်ကို “အသက်ကြီးသူများနှင့် လူမျိုးဆက်များစပ်ကြား စည်းလုံးညီညွတ်မှုရှိခြင်းဆိုင်ရာ ဥရောပနှစ်” အဖြစ်သတ်မှတ်သော ဥရောပနိုင်ငံများအဖွဲ့တွင် လူသုံးယောက်လျှင် တစ်ယောက်သည် အသက် ၅၀ ကျော်သူဖြစ်သည်။ စက်မှုအထွန်းကားဆုံးနိုင်ငံများ၌ကဲ့သို့ မွေးဖွားနှုန်းကျဆင်းပြီး သက်တမ်းရှည်သည့်နှုန်းတိုးတက်လာခြင်းက သက်ကြီးရွယ်အိုလူဦးရေ များများကျန်ရစ်စေသည်။ ယင်းကဲ့သို့သောအခြေအနေများအောက်တွင် အသက်ကြီးလာသူများကို ကြည့်ရှုစောင့်ရှောက်ရခြင်းသည် အလွန်ကြီးကျယ်သည့်အလုပ်တစ်ခုဖြစ်သည်။ အရှေ့တိုင်း၏အတိတ်က ဖြစ်ခဲ့ဖူးသည်နှင့် မည်မျှခြားနားလိုက်လေခြင်း!
“အသိပညာဘဏ္ဍာတိုက်များ”
ဒတ်စ် ဟန့်တ်ဘွတ်ခ် ဒဲ့စ် ဘီဘလစ်ရှန် အာလ်တတူမ် ဖူအဲရ် ဂယ်ဘေးလ်ဒယ်တယ် ဘီဘဲလ်လေဇာ (ပညာတတ်သမ္မာကျမ်းစာဖတ်သူများအတွက် ကျမ်းဆိုင်ရာရှေးသမိုင်းလက်စွဲစာအုပ်) က အရှေ့တိုင်းတွင် ရှေးကျသောအချိန်က “သက်ကြီးရွယ်အိုများသည် ဉာဏ်ပညာနှင့် မြင့်မားသည့်အသိပညာဆိုင်ရာ ဆက်ခံလာသောစံချိန်များကို ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ယူမှတ်ခံရသည့်အတွက် လူငယ်များသည် သူတို့နှင့်အတူရှိရန်ကြိုးစားပြီး သူတို့ထံမှသင်ယူမှုပြုရန် တိုက်တွန်းခံရကြသည်” ဟု ထောက်ပြထားသည်။ စမစ်သ်၏ကျမ်းစာအဘိဓာန် က ဤသို့ရှင်းပြသည်– “အငြိမ်းစား နေရသည်အချိန်တွင် [သက်ကြီးရွယ်အိုများ] သည် အသိပညာဘဏ္ဍာတိုက်များသဖွယ် ရိုသေလေးစားခြင်းခံရကြသည် . . . [လူငယ်များက] သူတို့အား မိမိတို့အယူအဆကို အလျင်တင်ပြခွင့်ပြုကြသည်။”
အသက်ကြီးသူများအား ရိုသေကိုင်းရှိုင်းခြင်းကို မောရှေပညတ်၏ ဝတ်ပြုရာ ၁၉:၃၂ တွင်တင်ပြထားသောအချက်က ပေါ်လွင်စေသည်– “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။” ထို့ကြောင့် အသင်းမ၏ အထူးအခွင့်အရေးနှင့်ဆိုင်သော အနေအထားများတွင် အသက်ကြီးသူများကိုတွေ့ရပြီး သူတို့သည် အဖိုးထိုက်သည့်အရာများအဖြစ် ယူမှတ်ခံရကြသည်။ ယင်းသည် မောဘအမျိုးသမီးရုသက မိမိ၏ယောက္ခမဖြစ်သည့် ဣသရေလသူနောမိအား ရှုမြင်သည့်နည်းဖြစ်ကြောင်း ထင်ရှားသည်။
မောဘပြည်မှ ဣသရေလပြည်သို့သွားရာတွင် ရုသသည် နောမိနှင့်အတူလိုက်သွားရန် အခိုင်အမာဆုံးဖြတ်ချက်ချထားပြီးနောက် နောမိအကြံပေးသည့်အတိုင်း ဂရုတစိုက်နားထောင်ခဲ့သည်။ ဗက်လင်မြို့၌ရှိနေစဉ် တစ်ချိန်၌ ယေဟောဝါ၏လက်တော်သည် အရာရာကိုလမ်းညွှန်ကြောင်း သိမြင်ပြီး ရုသအား မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ညွှန်ကြားခဲ့သူမှာ နောမိဖြစ်သည်။ (ရုသ ၂:၂၀; ၃:၃၊ ၄၊ ၁၈) ရုသသည် အတွေ့အကြုံရင့်ကျက်သည့်နောမိထံမှ သင်ယူလေ့လာမှုပြုသောအခါ သူမ၏အသက်တာသည် သီအိုကရက်တစ်အမူအကျင့်အားဖြင့် ပုံသွင်းခံရသည်။ သူမ၏ယောက္ခမသည် အသိပညာဘဏ္ဍာတိုက်ဖြစ်ကြောင်း ထင်ရှားခဲ့သည်။
အလားတူနည်းအတိုင်း ယနေ့ခရစ်ယာန်အမျိုးသမီးများလည်း အသင်းတော်ရှိ အသက်ကြီးသူအမျိုးသမီးများနှင့် ပေါင်းဖော်ခြင်းအားဖြင့် အကျိုးရနိုင်သည်။ ညီအစ်မတစ်ဦးသည် အိမ်ထောင်ပြုရန် ရည်စူးထားမည် သို့မဟုတ် အလွန်ခက်ခဲသည့် ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုကို ရင်ဆိုင်နေရပေမည်။ ဤကိစ္စတွင် အတွေ့အကြုံရှိသော ပါရမီရင့်ကျက်သည့် အသက်ကြီးသူညီအစ်မထံမှ အကြံဉာဏ်နှင့် အကူအညီရယူခြင်းက မည်မျှပညာရှိရာကျမည်ပါတကား!
ထို့အပြင် အကြီးအကဲအဖွဲ့တစ်ဖွဲ့သည် သူတို့အထဲတွင်ရှိသော အသက်ကြီးသူများ၏ အတွေ့အကြုံကို ရယူခြင်းအားဖြင့် အကျိုးကျေးဇူးရယူနိုင်သည်။ ယင်းသို့ပြုရန်ပျက်ကွက်သည့် လောတ၏အဖြစ်မှ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်သည်။ အာဗြဟံနှင့်လောတတို့၏ တိရစ္ဆာန်ထိန်းကျောင်းသူများအချင်းချင်း ရန်ဖြစ်ကြသောကြောင့် လူတိုင်းအပေါ်သြဇာသက်ရောက်သည့် ဆုံးဖြတ်ချက်တစ်ခုချရန် လိုအပ်လာသည်။ လောတသည် ပညာမဲ့သည့်ရွေးချယ်မှုကို ပြုခဲ့သည်။ အာဗြဟံ၏အကြံဉာဏ်ကို ဦးစွာတောင်းခံခဲ့ပါက မည်မျှကောင်းလိုက်မည်ပါတကား! လောတသည် စေ့စပ်စုံလင်သည့်လမ်းညွှန်မှုကို ရမည်ဖြစ်ပြီး သူ၏အလျင်စလိုရွေးချယ်မှုကြောင့် တွေ့ကြုံခဲ့ရသည့်ဝမ်းနည်းဖွယ်ရာမှ သူ့မိသားစုကို လွတ်မြောက်စေနိုင်ခဲ့မည်။ (ကမ္ဘာဦး ၁၃:၇-၁၃; ၁၄:၁၂; ၁၉:၄၊ ၅၊ ၉၊ ၂၆၊ ၂၉) ပြဿနာတစ်ခုကို ကိုယ့်ဘာသာအဆုံးအဖြတ်မပေးမီ ပါရမီရင့်ကျက်သည့် အသက်ကြီးသူများ ပြောသောစကားကို သင်ဂရုတစိုက်နားထောင်သလော။
ပထမရာစုက ရှုမောင်နှင့်အန္နတို့ကဲ့သို့ မရေမတွက်နိုင်သော အသက်ကြီးသူများစွာတို့သည် ယေဟောဝါ၏လုပ်ငန်းတော်အတွက် တည်တံ့သည့်ဇွဲသတ္တိရှိခဲ့ကြသည်။ (လုကာ ၂:၂၅၊ ၃၆၊ ၃၇) ထိုကဲ့သို့သော အသက်ကြီးသူများအား သူတို့၏ခွန်အားရှိသရွေ့ အသင်းတော်လုပ်ငန်းများတွင် ပါဝင်စေခြင်းက သူတို့အား ရိုသေလေးစားသည့်အမှတ်လက္ခဏာနှင့် ဂရုစိုက်သည့်သဘောကို ထင်ဟပ်စေခြင်းဖြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် မိမိတာဝန်ကိုပြင်ဆင်ရန် လူငယ်တစ်ဦးအကူအညီလိုပေမည်။ အကောင်းဆုံးသော အကြံဉာဏ်ကောင်းများကို ပေးနိုင်သူများမှာ သိမ်မွေ့သည့်ဉာဏ်ပညာ၊ ကျေးဇူးပြုလိုသည့်သဘောထား၊ အချိန်ပေးနိုင်မှုတို့ရှိသည့် သက်ကြီးရွယ်အိုအသင်းတော်သားများဖြစ်နိုင်ကြောင်း လိမ္မာပါးနပ်သောအကြီးအကဲတစ်ဦးက မှတ်ချက်ချပေမည်။
သို့ရာတွင် သက်ကြီးရွယ်အိုများ၏ အထူးလိုအပ်ချက်များကို လုပ်ဆောင်ရာတွင် ယင်းထက်မကပါဝင်သည်။ များစွာတို့သည် အထီးကျန်ခြင်း၊ ရာဇဝတ်မှုကြောက်ရွံ့ခြင်းနှင့် ငွေရေးကြေးရေးအခက်အခဲများဖြင့် ဒုက္ခရောက်နေကြသည်။ ထို့အပြင် သက်ကြီးရွယ်အိုတစ်ဦးသည် နာမကျန်းဖြစ်ပြီဆိုလျှင် ယင်းပြဿနာများသည် ကျန်းမာရေးချို့တဲ့ခြင်းနှင့် အားအင်ယုတ်လျော့မှုကြောင့် စိတ်ဓာတ်ကျဆင်းခြင်းတို့ဖြင့် ရောနှောသွားတတ်သည်။ ထိုအခါ သူတို့အား များစွာပို၍ဂရုစိုက်ရန် လိုအပ်လာသည်။ တစ်ဦးချင်းနှင့် အသင်းတော်တစ်ခုလုံးအလိုက် မည်သို့လုပ်ဆောင်သင့်သနည်း။
“ဘုရားဝတ်၌မွေ့လျော်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း”
ပထမရာစုအတွင်းက မှုတ်သွင်းခံရသောအားဖြင့် ၁ တိမောသေ ၅:၄၊ ၁၆ တွင် ပေါလုဤသို့ရေးခဲ့သည်– “သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။ ယုံကြည်သောယောက်ျားမိန်းမ၌ မုဆိုးမရှိလျှင် ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင် အမှန်ဖြစ်သောမုဆိုးမတို့ကို အသင်းတော်သည် အနှောင့်အယှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။” သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် မိသားစု၏တာဝန်ဖြစ်သည်။ အသင်းတော်သားသက်ကြီးရွယ်အိုတစ်ဦးအတွက် သူ၏မိသားစုသည် စေ့စပ်စွာဆင်ခြင်သုံးသပ်၍ နည်းလမ်းရှာပြီးနောက်၌ပင် အကူအညီလိုနေသေးလျှင် အသင်းတော်၌တာဝန်ရှိလာသည်။ ယင်းမူများသည် မပြောင်းလဲပါ။
မိသားစုတွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ကျင့်သုံးခြင်းအားဖြင့် သက်ကြီးရွယ်အိုများအားမေတ္တာပြရန် ခရစ်ယာန်များ မည်သို့အကူအညီပေးခံခဲ့ရပြီနည်း။ အသက်ကြီးသူများအား ကြည့်ရှုစောင့်ရှောက်ရာတွင် အတွေ့အကြုံအတော်အသင့်ရှိကြသော သက်သေခံမြောက်မြားစွာတို့၏ အောက်ပါဖော်ပြချက်များကို လေ့လာကြည့်ပါ။
ဝိညာဏလိုအပ်ချက်များကို မှန်မှန်ဂရုစိုက်ပေးခြင်း
“အတူတကွနေ့စဉ်ကျမ်းချက်ဆွေးနွေးတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့အကူအညီတစ်ခုပဲ” ဟု မိဘများကို ကြည့်ရှုစောင့်ရှောက်သော ဇနီးဖြစ်သူအား ကူညီပေးခဲ့သူ ဖေးလစ်ခ်စ်က ပြန်ပြောပြသည်။ “ဘဝတွေ့ကြုံမှုတွေနဲ့ ရည်မှန်းချက်တွေဟာ ယေဟောဝါရဲ့မူတွေနဲ့ တစ်သားတည်းတစ်ထပ်တည်း ဖြစ်လာပါတယ်။” အမှန်ပင်၊ အသက်ကြီးသူ ဆွေမျိုးများအား ကြည့်ရှုစောင့်ရှောက်ရာတွင် သူတို့၏ဝိညာဉ်ရေးကို ဂရုစိုက်ပေးခြင်းသည် အဓိကအချက်တစ်ခုဖြစ်သည်။ မဿဲ ၅:၃ (ကဘ) ပါ ယေရှု၏ဤစကားများအရ ယင်းသည် ဆီလျော်ပါသည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” နေ့စဉ်ကျမ်းချက်ကို ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်၊ ကျမ်းစာအခြေခံစာပေများကို ဆွေးနွေးခြင်းနှင့် ဆုတောင်းခြင်းတို့အားဖြင့် ပိုမိုထိရောက်စေနိုင်သည်။ “သက်ကြီးရွယ်အိုများသည် ပုံမှန်အလေ့အထအတိုင်း ပြုမူခြင်းကို ကြိုက်နှစ်သက်ပုံရှိသည်” ဟုပီတာကဆိုသည်။
မှန်ပါသည်၊ ဝိညာဉ်ရေးရာကိစ္စများတွင် ပုံမှန်အကျင့်ရှိခြင်းသည် အရေးကြီးသည်။ ဝိညာဉ်ရေးရာတွင်သာမက နေ့စဉ်ဘဝအသက်တာတွင်လည်း အသက်ကြီးသူများသည် ပုံမှန်လုပ်ကိုင်လေ့ရှိခြင်းကို တန်ဖိုးထားကြသည်။ အနည်းအကျဉ်းမသန်စွမ်းသူများကိုပင် “နေ့တိုင်း အိပ်ရာကထပြီး အဝတ်အစားလဲ” ဖို့ နွေးထွေးစွာတိုက်တွန်းနိုင်ကြောင်း အာစလာပြောပြသည်။ သက်ကြီးရွယ်အိုအား အာဏာပြသည့် သဘောထားမျိုးကိုမူကား ကျွန်ုပ်တို့အမှန်ရှောင်ကြဉ်လိုကြသည်။ စိတ်ရင်းစေတနာမှန်ဖြင့် မိမိ၏ကြိုးစားမှုများ အထင်အမြင်လွဲခံရကြောင်း ဒေါရစ်စ်ကဝန်ခံသည်။ “ကျွန်မ ခဏခဏမှားတတ်တယ်။ တစ်နေ့က အဖေ့ရှပ်အင်္ကျီကို နေ့စဉ်လဲပါလို့ပြောတော့ အမေက– ‘သူဟာ အခုထိ ငါ့ယောက်ျားဖြစ်တုန်းပဲ!’ လို့သတိပေးခဲ့တယ်။”
သက်ကြီးရွယ်အိုများသည် တစ်ချိန်က လူငယ်လူရွယ်များဖြစ်ခဲ့သည်။ သို့သော် လူငယ်အနေနှင့် လူကြီးကိုကိုယ်ချင်းစာတတ်ရန် ခဲယဉ်းသည်။ သို့သော် သူတို့ကိုကိုယ်ချင်းစာခြင်းကား သူတို့၏အထူးလိုအပ်ချက်များကို နားလည်ခြင်း၏ သော့ချက်ဖြစ်သည်။ အသက်အရွယ်ကြီးရင့်လာရာ စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်လာတတ်သည်။ ဂါဟတ်က ဤသို့ရှင်းပြသည်– “ကျွန်တော့်ယောက္ခမယောက်ျားသူက အရင်လုပ်ကိုင်နိုင်သမျှကို မလုပ်နိုင်တော့လို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်တယ်။ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့က သူ့အတွက် အတော်ခဲယဉ်းတယ်။ အဲ့ဒါကြောင့် သူ့စိတ်ထားက အရင်နဲ့မတူတော့ဘူး။”
အခြေအနေပြောင်းလဲလာခြင်းကြောင့် သက်ကြီးရွယ်အိုတစ်ဦးသည် အခြားသူများအား၊ အထူးသဖြင့် သူ့ကိုကြည့်ရှုစောင့်ရှောက်သူအား အပြစ်တင်ပြောဆိုခြင်းဖြင့် မြုံနေသည့်မကျေနပ်ချက်ကို ဖော်ထုတ်တတ်သည်။ အကြောင်းကား ရှင်းပါသည်။ မေတ္တာပါဂရုစိုက်ကြည့်ရှုခံရခြင်းက သူ့မှာ ခွန်အားယုတ်လျော့နေကြောင်း သတိပေးခံရခြင်းသာဖြစ်သည်။ အပြစ်တင် မခံရသင့်ဘဲခံရခြင်း၊ သို့မဟုတ် ညည်းညူခြင်းကို သင်မည်သို့တုံ့ပြန်သင့်သနည်း။
အပြုသဘောမပါသည့် ဤစိတ်နေစိတ်ထားများသည် သင့်ကြိုးစားအားထုတ်မှုအပေါ် ယေဟောဝါ၏ရှုထောင့်ကို မထင်ဟပ်စေကြောင်း သတိရပါ။ တစ်ခါတစ်ရံ မတော်မတရားပြောဆိုခံရစေကာမူ ကောင်းမှုကိုသာ ဆက်ပြုလုပ်ခြင်းဖြင့် ကြည်လင်သောသြတ္တပ္ပစိတ်ကို ဆက်ထိန်းသိမ်းပါလေ။ (၁ ပေတရု ၂:၁၉ နှိုင်းယှဉ်။) ဒေသခံအသင်းတော်ကလည်း သင့်အား ထောက်မကူညီပေးနိုင်ပါလိမ့်မည်။
အသင်းတော် ဆောင်ရွက်နိုင်သည့်အရာ
ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများ ကြိုးစားဆောင်ရွက်ခဲ့သမျှတို့ကို အသင်းတော်များစွာတို့က လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စရာအကြောင်း ရှိပါသည်။ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်က အသင်းတော်ကို ကြေညာသူအနည်းငယ်ဖြင့် စတင်တည်ထောင်ခဲ့သူတို့မှာ သူတို့ပင်ဖြစ်ကောင်းဖြစ်မည်။ သူတို့၏ လွန်လေပြီးသောဇွဲလုံ့လနှင့် လောလောဆယ် ငွေကြေးထောက်ပံ့မှုကြောင့်သာမဟုတ်လျှင် အသင်းတော်ရှိနိုင်ပါမည်လော။
သက်ကြီးရွယ်အို ကြေညာသူတစ်ဦးကို အထူးဂရုပြု ကြည့်ရှုစောင့်ရှောက်ပေးရန် လိုအပ်လာပြီဆိုလျှင် ဆွေမျိုးများသာ တာဝန်အားလုံးယူစရာမလိုပါ။ အခြားသူများအနေနှင့် တောက်တိုမည်ရကိစ္စများကို ဆောင်ရွက်ပေးခြင်း၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ သက်ကြီးရွယ်အိုအား လမ်းတွဲလျှောက်ပေးခြင်း၊ ခရစ်ယာန် အစည်းအဝေးများသို့ ကြိုပို့ပေးခြင်း သို့မဟုတ် နိုင်ငံတော်ခန်းမတွင် သူနှင့် စကားလက်ဆုံပြောဆိုခြင်းဖြင့်ပင် အကူအညီပေးနိုင်ပါသည်။ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ သို့သော် ညှိနှိုင်းလုပ်ဆောင်မှုရှိမည်ဆိုလျှင် ထိထိရောက်ရောက်နှင့်မှန်မှန် အကူအညီရရှိပေမည်။
သိုးထိန်းလုပ်ငန်းကို စီစဉ်သည့်အခါ အကြီးအကဲများသည် ညှိနှိုင်းဆောင်ရွက်ခြင်းကို ထည့်စဉ်းစားနိုင်သည်။ ဤကိစ္စတွင် အချို့အသင်းတော်များသည် အတုယူလောက်ဖွယ်ဖြစ်ကြပြီး ၎င်းအသင်းတော်များရှိ အကြီးအကဲတို့သည် မိသားစု၏ကြည့်ရှုစောင့်ရှောက်မှုကို ကောင်းစွာရရှိနေသူများပါမကျန် အသက်အရွယ်ကြီးပြီး အားအင်ချို့တဲ့သူများထံ မှန်မှန်လည်ပတ်ခြင်းကို စီစဉ်ပေးကြသည်။ သို့ရာတွင် အခြားအသင်းတော်များမူကား သက်ကြီးရွယ်အိုအပေါ် မိမိတို့ တာဝန်ကို ပို၍သတိပြုရန် လိုနေကြောင်းထင်ရှားပါသည်။
အသက် ၉၀ နားနီးနေသော သစ္စာရှိညီအစ်ကိုတစ်ဦး၏ သမီးနှင့်သားမက်သည် ဗေသလလုပ်ငန်းမှထွက်၍ သူ့အားကြည့်ရှုစောင့်ရှောက်ပေးပါသည်။ သို့ဖြစ်လျက်ပင် အသင်းတော်ရှိ အခြားအသင်းသူအသင်းသားများ၏ လည်ပတ်တွေ့ဆုံမှုကို သူအလေးထားတုန်းပင်။ “ဖျားနာသူတွေဆီကို ကျွန်တော်လည်ပတ်ခဲ့တုန်းက သူတို့နဲ့အတူ ဆုတောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့အတူ ဘယ်သူမှ ဆုမတောင်းပေးကြဘူး” ဟုညီအစ်ကိုက ဝမ်းနည်းစွာ ပြောဆိုပါသည်။ ဆွေမျိုးသားချင်းတို့၏ ဂရုစိုက်ကြည့်ရှုမှုရရှိခြင်းက အကြီးအကဲများအား ‘သူတို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကိုထိန်းခြင်း’ တာဝန်မှ လွတ်ကင်းစေသည်မဟုတ်ပါ။ (၁ ပေတရု ၅:၂) ထို့ပြင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပြုစုသူများသည်လည်း သူတို့၏မွန်မြတ်သောလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ရန် အားပေးတည်ဆောက်မှုခံရဖို့လိုသည်။
“အိုမင်းကြီးရင့်၍ [ကျေနပ်၊ ကဘ]”
၁၉ ရာစု ဂျာမန်သိပ္ပံပညာရှင် အဲလက်ဇန်ဒါ ဘောန် ဟမ်ဗို့လ်တ်အား အိုမင်းရင့်ရော်လာခြင်းသည် ငြီးငွေ့ဖွယ်မကောင်းပေလောဟု အမျိုးသမီးငယ်တစ်ဦးမေးမြန်းစဉ်က သူသည် ဇရာအိုပိုင်းရောက်နေလေပြီ။ “လုံမပြောတာ သိပ်ဟုတ်တာပေါ့ကွယ်။ ဒါပေမဲ့ အသက်ရှည်ရှည်နေဖို့ ဒီတစ်နည်းပဲရှိတယ်” ဟုပညာရှင်က ဖြေဆိုခဲ့သည်။ ထိုနည်းထပ်တူပင် အသက်တာရှည်ရခြင်းကျေးဇူးကို ခံယူစဉ် အိုမင်းရင့်ရော်ခြင်းနှင့် ဒွန်တွဲသည့် အခက်အခဲများကို ခံရပ်ခြင်းဖြင့် ပုံသက်သေကောင်းတင်ပြသူ ညီအစ်ကိုညီအစ်မ မြောက်မြားစွာ ရှိပါသည်။ သူတို့သည် “အိုမင်းကြီးရင့်၍ [ကျေနပ်၊ ကဘ]” ခဲ့သော အာဗြဟံ၊ ဣဇာက်၊ ဒါဝိဒ် နှင့် ယောဘတို့၏ စိတ်ထားကို ထင်ဟပ်နေကြပါသည်။—ကမ္ဘာဦး ၂၅:၈၊ သမ; ၃၅:၂၈၊ သမ; ၁ ရာဇဝင်ချုပ် ၂၃:၁၊ သမ; ယောဘ ၄၂:၁၇၊ သမ။
အကူအညီပေးမှုကို ပျူငှာစွာလက်ခံပြီး အမှန်တကယ်ကျေးဇူးတင်ကြောင်း ဖွင့်ဟပြောဆိုခြင်းသည် အသက်ကြီးရင့်လာသူတို့အတွက် စိန်ခေါ်ချက်ဖြစ်သည်။ မိမိ၏အားအင်ချို့တဲ့လာနေကြောင်းကို တစ်ဦးစီအနေနှင့် အသိအမှတ်ပြု လက်ခံခြင်းသည် ဉာဏ်ပညာပင်ဖြစ်သည်။ သို့ရာတွင် ယင်းကြောင့် အိုမင်းရင့်ရော်လာသူသည် မလှုပ်မရှားနိုင်သည့်အဖြစ်သို့ မရောက်ရှိသွားပါ။ မာရီးယားသည် အသက် ၉၀ ကျော်နေသော်လည်း အသင်းတော်အစည်းအဝေးများကို တက်ရောက်ဆဲရှိ၍ အဖြေများလည်း ပေးပါသည်။ သူမ မည်သို့ပြုနိုင်သနည်း။ “ကျွန်မ စာမဖတ်နိုင်တော့ပေမဲ့ ကင်းမျှော်စင် ဖတ်တာကို ကက်ဆက်နဲ့နားထောင်တယ်။ အတော်များများမေ့ကုန်ပေမဲ့ တစ်ခုတလေလောက်တော့ ဖြေဆိုနိုင်ပါသေးတယ်။” မာရီးယားနည်းတူ တည်ဆောက်မှုဖြစ်စေသောအမှုကိစ္စများတွင် အလုပ်များနေခြင်းက လူတစ်ဦးအား တက်တက်ကြွကြွရှိရန်နှင့် ခရစ်ယာန်ဥပဓိရုပ်ကို ဆက်မွေးမြူသွားရန် အကူအညီပေးနိုင်ပါသည်။
ဘုရားသခင့်နိုင်ငံတော်အောက်တွင် အိုမင်းကြီးရင့်ခြင်းရှိတော့မည်မဟုတ်။ ထိုအခါ ဤအစီအစဉ်စနစ်တွင် အိုမင်းရင့်ရော်ရုံမက အနိစ္စပင်ရောက်ခဲ့ရသူတို့သည် ခံစားခဲ့ရသမျှသော ပြုစုစောင့်ရှောက်မှုတို့ကို သတိရမှတ်မိကြပေမည်။ ဤသက်ကြီးရွယ်အိုများသည် အသက်ပြန်ရှင်လာပြီး အားအင်ပြည့်ဖြိုးလာကြသည့်အခါ ယေဟောဝါကို သူတို့ အမှန်ချစ်မြတ်နိုးပြီး ဤစနစ်ဟောင်းအတွင်း ကြုံတွေ့ခဲ့ရသောဒုက္ခများကို သူတို့နှင့်အတူ အေးအတူပူအမျှခံစားခဲ့သူများအား အလွန်ကျေးဇူးတင်ကြလိမ့်မည်။—လုကာ ၂၂:၂၈ နှိုင်းယှဉ်။
ယခု သက်ကြီးရွယ်အိုများကို ကြည့်ရှုပြုစုနေသူများကော။ များမကြာမီ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာကို အကြွင်းမဲ့စိုးမိုးအုပ်ချုပ်သည့်အခါ တာဝန်မရှောင်ဘဲ သက်ကြီးရွယ်အိုများကို ခရစ်ယာန်မေတ္တာပြခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ပြုခဲ့ကြသည့်အတွက် သူတို့ဝမ်းသာအားရနိုင်ကြပါလိမ့်မည်။—၁ တိမောသေ ၅:၄။
သက်ကြီးရွယ်အိုတို့သည် သင့်လည်ပတ်မှုကို တန်ဖိုးထားလေးမြတ်ပါလိမ့်မည်
ဟောပြောခြင်းလုပ်ငန်းပြီးနောက် သက်ကြီးရွယ်အိုတစ်ဦးထံ ၁၅ မိနစ်ခန့်ဖြစ်ဖြစ် လည်ပတ်သွားခြင်းဖြင့် အကျိုးများစွာဖြစ်ထွန်းနိုင်ပါသည်။ သို့သော် အောက်ပါတွေ့ကြုံမှု ဖော်ပြသည့်အတိုင်း ကြုံကြိုက်၍လည်ပတ်ခြင်းမျိုး မဖြစ်စေသင့်ပါ။
ဘရီဂျစ်နှင့် ဟာနီလောရ်တို့သည် အတူတူအမှုဆောင်ထွက်ကြစဉ် အဖိုးအိုတစ်ဦးနှင့် အိမ်တံခါးဝတွင် စကားလက်ဆုံကျနေကြသည်။ ငါးမိနစ်ခန့် စကားပြောဆိုပြီးနောက်မှ အဖိုးအိုသည် မိမိတို့အသင်းတော်က ယေဟောဝါ၏သက်သေတစ်ဦး ဖြစ်ကြောင်းကို ညီအစ်မများသိရှိရတော့သည်။ မည်မျှကသိကအောက်ဖြစ်ဖွယ်ပါတကား! သို့သော် ထိုသို့တွေ့ကြုံရခြင်းသည် အပြုသဘောပါဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ဟာနီလောရ်သည် ညီအစ်ကိုထံလည်ပတ်ရန်နှင့် အသင်းတော်အစည်းအဝေးများကို တက်နိုင်ဖို့ သူ့အားအကူအညီပေးရန် ချက်ချင်းစီစဉ်လိုက်နိုင်သည်။
သင့်အမှုဆောင်ရပ်ကွက်တွင်နေထိုင်သော သက်ကြီးရွယ်အို ကြေညာသူတစ်ဦးစီ၏ အမည်နှင့်လိပ်စာကို သင်သိပါသလော။ သူတို့ထံ ခဏတစ်ဖြုတ် အလည်အပတ်သွားရန် စီစဉ်နိုင်မည်လော။ ထိုသို့ပြုခြင်းကို အလွန်ကျေးဇူးတင် တန်ဖိုးထားကြပေလိမ့်မည်။