လယ်ကွင်းတွင်အသုံးပြုနိုင်သည့် နိဒါန်းများ
လယ်ကွင်းဓမ္မအမှုတွင်အမှုဆောင်နေစဉ် မည်သို့သောနိဒါန်းမျိုးအသုံးပြုရမည်ကိုဆုံးဖြတ်ရာ၌ အချက်သုံးချက်ကို အလေးအနက်ဆင်ခြင်စဉ်းစားသင့်သည်။(၁) ဖြန့်ချိရန်ကျွန်ုပ်တို့တာဝန်ရထားသည့်သတင်းမှာ “နိုင်ငံတော်နှင့်ယှဉ်သောဤသတင်းကောင်း”ဖြစ်သည်။ (မ၊ ၂၄:၁၄၊ ကဘ) (၂) ယေရှုသည် တစ်ဖက်သားအပေါ် တကယ်စေတနာစိတ်ရှိပြီး တစ်ဖက်သား၏နှလုံးသားကို စေ့ဆော်နိုင်သကဲ့သို့ ကျွန်ုပ်တို့လည်းစေတနာစိတ်ရှိရမည်။ (မာ. ၆:၃၄) (၃) အိမ်ရှင်က မမျှော်လင့်ဘဲပေါက်လာသည့် ဧည့်သည်အား တိုတိုနှင့်လိုရင်းပြောစေလိုပေမည်။—လုကာ ၁၀:၅ နှိုင်းယှဉ်။
အောက်ပါနိဒါန်းများက အတွေ့အကြုံရင့် သက်သေခံအချို့ မည်သို့စကားပလ္လင်ခံကြသည်ကို ဖော်ပြထားသည်။ သင်ယခုအသုံးပြုနေသည့်နိဒါန်းများသည် စကားစမြည်ပြောဆိုရန်ဖြစ်စေခဲပါက ဖော်ပြပါအကြံပေးချက်များကို စမ်းကြည့်ပါ။ သို့ပြုရာတွင် သင်သည်ကိုယ်ပိုင်စကားဖြင့်ပြောလိုပေမည်။ ထို့ပြင် အသင်းတော်ထဲမှအောင်မြင်မှုရရှိသော အခြားသက်သေခံများ၏ အကြံဉာဏ်များလည်း အထောက်အကူဖြစ်နိုင်ပေသည်။
ရာဇဝတ်မှု/လုံခြုံမှု
‘မင်္ဂလာပါ။ အသက်အိုးအိမ်လုံခြုံမှုနဲ့ပတ်သက်ပြီး လူတွေနဲ့ပြောဆိုဆွေးနွေးဖို့ ကျွန်တော်တို့လာပါတယ်။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရာဇဝတ်မှုအတော်များများဖြစ်ပွားနေပြီး ကျွန်တော်တို့ရဲ့အသက်အိုးအိမ်ကိုပါ ထိပါးလာတယ်။ နောင်တစ်နေ့ ညအချိန်မှာ ဘာကိုမှကြောက်စရာမလိုဘဲ လမ်းပေါ်သွားလာနိုင်မယ့် အချိန်ရောက်လာမယ်လို့ မိတ်ဆွေထင်ပါသလား။ (သို့မဟုတ်၊ “ဒီပြဿနာကိုတကယ်ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးရှိတယ်လို့ ယူဆပါသလား။”) . . . (သု. ၁၅:၃; ဆာ. ၃၇:၁၀၊ ၁၁)’
• ‘ကျွန်တော့်နာမည် _________________ ပါ။ ကျွန်တော်ဒီနားမှာပဲနေပါတယ်။ ဒီမနက်ကျွန်တော်လာတဲ့အခါမှာ လူတိုင်းလူတိုင်း . . . အကြောင်းပြောနေတာကို သတိထားမိတယ်။ (မကြာမီက အနီးတစ်ဝိုက်တွင်ဖြစ်ခဲ့သောရာဇဝတ်မှု သို့မဟုတ် ဒေသဆိုင်ရာအခြားအရေးအကြောင်း တစ်ရပ်ကိုဖော်ပြပါ။) အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်သလဲ။ . . . ကျွန်တော်တို့ရဲ့အသက်အိုးအိမ်ပိုပြီး လုံခြုံမှုရှိဖို့ဘာကအထောက်အကူပြုမယ်လို့ ထင်ပါသလဲ။ . . . (သု. ၁:၃၃; ၃:၅၊ ၆)’
မျက်မှောက်အဖြစ်အပျက်များ
• ‘နေကောင်းတယ်နော်။ ကျွန်တော့်နာမည် ______________ လို့ခေါ်ပါတယ်။ ကျွန်တော် (လမ်း၊ ရပ်ကွက်ဖော်ပြလျက်) မှာနေပါတယ်။ ညက တီဗွီသတင်းကြည့်လိုက်သေးသလား။ . . . အကြောင်း သတင်းမှာတွေ့လိုက်ရတယ်။ (လူတကာအလေးပေးသော မျက်မှောက်သတင်းအချို့ကို ဖော်ပြလျက်)—အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်သလဲ။ . . . ဒီကမ္ဘာကြီးဘယ်ကိန်းဆိုက်တော့မလို့ပါလိမ့် ဆိုပြီးလူတွေမေးကြတာဟာ မဆန်းပါဘူး။ ကျွန်တော်တို့ ယေဟောဝါသက်သေများအနေနဲ့ လူသားတွေဟာ “နောက်ဆုံးကာလ” လို့ကျမ်းစာခေါ်တဲ့အချိန်ပိုင်းကို ရောက်နေတယ်ဆိုပြီး ယုံကြည်ကြတယ်။ ၂ တိမောသေ ၃:၁-၅ မှာ ဒီလိုအသေးစိတ်ဖော်ပြထားတာကို သတိထားကြည့်ပါ။’
• ‘ဒီအပတ်သတင်းစာထဲက ဒီအကြောင်းကိုဖတ်လိုက်ရသလား။ (သင့်လျော်သည့် သတင်းစာဖြတ်ပိုင်းကိုပြပါ။) မိတ်ဆွေဘယ်လိုယူဆသလဲ . . . ။’
• ‘မိတ်ဆွေကိုမေးခွန်းတစ်ခုမေးပါရစေ။ မိတ်ဆွေသာရွေးချယ်ခွင့်ရှိမယ်ဆိုရင် ကမ္ဘာမှာခုရင်ဆိုင်နေရတဲ့ပြဿနာတွေထဲက ဘယ်ဟာကို ဦးဆုံးဖြေရှင်းစေချင်ပါသလဲ။ (အိမ်ရှင်အလေးအထားဆုံးအချက်ကို သိပြီးနောက် ယင်းကိုအခြေပြု၍ဆွေးနွေးပါ။)