၁၉၉၅ “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးပွဲကြီး
၁ ကျွန်ုပ်တို့တွင် ရွှင်လန်းစရာအကြောင်း မည်မျှရှိသနည်း။ ယင်းတို့ကို ကြိုးစားရေတွက်သူ အနည်းငယ်သာရှိပေမည်။ မတည်မငြိမ် ဗရုတ်သုတ်ခလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရငြား ရွှင်လန်းစရာအကြောင်း မြောက်မြားစွာရှိသည်။
၂ ယေဟောဝါသည် ကျွန်ုပ်တို့အား သမ္မာတရားကိုသွန်သင်ပေးတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းကြသည်။ (ဟေရှာ. ၅၄:၁၃; ယောဟန် ၈:၃၂) တစ်ဖန် ကျွန်ုပ်တို့သည် လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုရလိုသူများအား သမ္မာတရားကို ရွှင်လန်းစွာ ပေးကမ်းကြသည်။ (ယေဇ. ၉:၄; တမန်တော် ၂၀:၃၅) ကျွန်ုပ်တို့၏ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းကလည်း ရွှင်လန်းမှုကိုဖြစ်စေသည်။ ချစ်ခြင်းမေတ္တာရှိသော ဝိညာဏမိသားစုက ကျေနပ်ရောင့်ရဲမှုနှင့် ပျော်ရွှင်မှုရရှိစေသည်။ ဤသည်ကား ယေဟောဝါအား ချီးမွမ်းစေသော ရွှင်လန်းရသည့်အကြောင်း အချို့သာဖြစ်သည်။ စည်းဝေးပွဲဟောပြောချက်များနှင့် သရုပ်ပြခန်းများက ဒုက္ခမြားမြောင်သော ဤနောက်ဆုံးကာလတွင် ကျမ်းစာဆိုင်ရာရွှင်လန်းဖွယ် ထပ်ဆင့်အကြောင်းရင်းများကို အာရုံပြုစေလိမ့်မည်။
၃ သုံးရက်တာ စည်းဝေးပွဲကြီး– စည်းဝေးပွဲသုံးရက်စလုံးကိုတက်နိုင်ရန် အလုပ်ရှင်အား ခွင့်တိုင်ထားပြီးပြီလော။ ကျောင်းဖွင့်ချိန်တွင် စည်းဝေးပွဲ တစ်ခုမဟုတ်တစ်ခုကိုတက်ရောက်မည့် ကျောင်းနေရွယ် ကလေးများ၏မိဘများသည် မိမိတို့သားသမီးများ၏ဝတ်ပြုရေးအတွက် ဤအရေးကြီးကဏ္ဍကိုပါဝင်နိုင်ရန် သောကြာနေ့တွင် ကျောင်းပျက်ကွက်မည့်အကြောင်း ဆရာဆရာမများအား လေးစားစွာဖြင့် အကြောင်းကြားထားသင့်သည်။ သင်နှင့်အနီးဆုံး စည်းဝေးပွဲကြီးကား အဘယ်နေရာတွင် ဖြစ်မည်နည်း။ ၁၉၉၅ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် က မြန်မာနိုင်ငံ ဌာနခွဲနယ်ပယ်တွင်ကျင်းပမည့် စည်းဝေးပွဲကြီး ၅ ခုစလုံး၏ ရက်စွဲနှင့် အရပ်ဒေသကို ကြေညာထားပါသည်။ ယခုဆိုလျှင် သင်၏အသင်းတော်အတွင်းရေးမှူးက သင့်အသင်းတော်နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို အကြောင်းကြားထားနှင့်ပြီးသားဖြစ်မည်။ မြန်မာဘာသာစကားအပြင် လူရှိုင်းနှင့် ဟားခါးဘာသာစကားဖြင့် စည်းဝေးပွဲများကို ကျင်းပပါမည်။
၄ အစီအစဉ်သည် သောကြာနေ့နံနက် ၉:၄၀ တွင်စတင်ပြီး တနင်္ဂနွေနေ့ညနေ ၃:၅၀ ခန့်တွင် ပြီးဆုံးမည်။ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အစီအစဉ်သည် နံနက် ၉:၃၀ တွင်စတင်လိမ့်မည်။ ခန်းမတံခါးများကို နံနက် ၈:၀၀ အချိန်တွင် စဖွင့်မည်။ လုပ်ငန်းတာဝန်ရှိသူများသာလျှင် စောစောဝင်ခွင့်ရရှိမည်။
၅ သင်တက်ရောက်မည်လော– စည်းဝေးပွဲသုံးရက်စလုံးကိုတက်ရောက်ရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါက တက်ရောက်စေလိုတော်မူသည်။ ယနေ့ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာမှုသည် အပြင်းအထန် တိုက်ခိုက်ခံနေရ၏။ ယုဒတွင်ရှိခရစ်ယာန်များသည် အကြီးအကျယ်ဖိစီးမှုခံနေရချိန်တွင် “အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲ” ကြရန် ပေါလုမှာကြားခဲ့သည်။ (ဟေဗြဲ ၃:၁၂၊ ၁၃; ၁၀:၂၅) ဖိလိပ္ပိခရစ်ယာန်များသည် “မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုး” အလယ်တွင်နေထိုင်နေရကြသည်။ သို့တိုင် သူတို့သည် “လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေ” ကြ၏။ (ဖိ. ၂:၁၅) ဤပထမရာစုခရစ်ယာန်များသည် အဘယ်ကြောင့် ထူးခြားရသနည်း။ “မေတ္တာစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်” ရန် အချင်းချင်းစည်းဝေးကြဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားချက်ကို သူတို့နာခံမှုရှိရှိ လိုက်နာခဲ့ကြသောကြောင့်ဖြစ်သည်။—ဟေဗြဲ ၁၀:၂၄။
၆ ထိုသို့မပြုလုပ်ရန် ဤလောကက ကျွန်ုပ်တို့အား ဩဇာလွှမ်းမိုးပြီး ညီအစ်ကိုများနှင့် စည်းဝေးရန်၊ ယေဟောဝါအား ချီးမွမ်းရန် ကျွန်ုပ်တို့စိတ်ဆန္ဒကို လျော့နည်းစေပါမည်။ ဤချိန်ခါတွင် စည်းဝေးပွဲသုံးရက်စလုံးကိုတက်၍ ယေဟောဝါ၏ဝိညာဉ်တော်ကိုလက်ခံရန် ဖိတ်ခေါ်ခံရသည်။ ကျွန်ုပ်တို့သည်မိသားစုတစ်စုလုံးနှင့်အတူ တက်ရောက်ရန် စိတ်ဆုံးဖြတ်ထားပြီးပြီလော။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတိုးပွားလာရန် မှန်မှန်ပြုလုပ်ပေးဖို့လိုသည်။ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အား အကူအညီပေးရန် နှစ်ပတ်လည်စည်းဝေးပွဲများကို ယေဟောဝါပြင်ဆင်ထားတော်မူခြင်းဖြစ်သည်။
၇ မိမိအိမ်သို့ ဘဏ္ဍာတိုက်ကိုယူသွားပါ– စည်းဝေးပွဲမှ အကျိုးအများဆုံး မည်သို့ရရှိနိုင်မည်နည်း။ စကားတစ်ခွန်းတည်းဖြင့် ပြောရမည်ဆိုလျှင် “အာရုံစူးစိုက်ခြင်း” ဖြစ်သည်။ စိတ်ဆတ်ပြီး အပြောင်းအလဲမြန်သော မျက်မှောက်လူ့အဖွဲ့အစည်းတွင် ယင်းသို့ပြုရန် မလွယ်ကူပါ။ ဖျတ်လတ်သွက်လက်သောလူငယ်များအနေနှင့် အာရုံစူးစိုက်ရန် ခဲယဉ်းမည်။ သို့သော် ခရိုင်စည်းဝေးပွဲကိုတက်ရောက်ရာတွင် ယင်းသည်ကျွန်ုပ်တို့အားလုံးရင်ဆိုင်ရမည့် စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ကြိုတင်စီစဉ်ထားမည်ဆိုလျှင် အာရုံစူးစိုက်ရန် လွယ်ကူပေမည်။ ‘စည်းဝေးပွဲခေါင်းစဉ်ကား အဘယ်နည်း’ ဟုမိမိကိုယ်ကိုမေးမြန်းပါ။ ယင်းကို ဆင်ခြင်သုံးသပ်ပါ! ‘ဘာကြောင့် စည်းဝေးပွဲလာတက်တာလဲ၊ သုံးရက်တာအတွင်း ဘာလုပ်မလို့လဲ။ ညနေပိုင်းမှာ အပန်းဖြေမှုနှင့်ပြည့်နေသလား၊ ဒါမှမဟုတ် အနားယူချိန်အလုံအလောက်ရှိရန် အစီအစဉ်ဆွဲပြီး စည်းဝေးပွဲပေါ်လွင်ချက်များကို ပြန်သုံးသပ်မလား။’
၈ ၁၉၈၅၊ မတ် ၁၅ ကင်းမျှော်စင် ဆောင်းပါး၊ “တွေးတောဆင်ခြင်သလော သို့မဟုတ် စိတ်ကူးယဉ်၍သာနေသလော” က အစည်းအဝေးတစ်ခုမှ မည်သို့အကျိုးအများဆုံးရရှိနိုင်ကြောင်း အကြံပြုချက်များပေးထားပြီး “အရေးအကြီးဆုံးကား ကိုယ့်စိတ်ကိုယ် ပဲ့ပြင်ဆုံးမခြင်းဖြစ်သည်” ဟုဆိုသည်။ စတင်ဟောပြောချိန်တွင် ကျွန်ုပ်တို့သည် များသောအားဖြင့် အာရုံစိုက်နိုင်ကြ၏။ သို့သော် နားထောင်နေရင်း စိတ် “လေလွင့်” သွားနိုင်ပါသည်။ ယင်းသို့မဖြစ်စေရန် မည်သို့ပြုလုပ်နိုင်သနည်း။
၉ ယခင်ကတင်ပြခဲ့ဖူးသော အကြံပြုချက်များသည် အကျိုးပြုခဲ့သောကြောင့် ပြန်ဖော်ပြရန် သင့်တော်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ညတိုင်း အိပ်ရေးဝဝအိပ်ပါ။ ဤသို့အမြဲဖြစ်နိုင်မည်ကား မဟုတ်။ အကြောင်းကား ခရီးသွားလာခြင်းကြောင့်ဖြစ်မည်။ ဟိုတယ်တွင်တည်းသည်ဆိုလျှင် မိမိအိမ်မှာကဲ့သို့ စောစောအိပ်ရာဝင်ခြင်း၊ အိပ်ပျော်နိုင်ခြင်းရှိမည်မဟုတ်ပါ။ သို့သော် ကောင်းစွာစီစဉ်ထားမည်ဆိုလျှင် လိုအပ်သောအနားယူချိန်ကို များသောအားဖြင့် ရနိုင်ဖို့အကြောင်းရှိသည်။
၁၀ မှတ်စုယူခြင်းသည် အာရုံစူးစိုက်နိုင်ရန်အတွက် အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ရပြီ။ အချက်အလက်အားလုံးကို ရေးမှတ်မည်ဆိုလျှင် အရေးကြီးသည့်အချက်တစ်ခုခုကို လုံးလုံးလွတ်သွားနိုင်သည်။ အကြံပေးလိုသည်ကား တင်ဆက်နေသည့် စည်းဝေးအစီအစဉ်၏ အကျဉ်းချုပ်ကို ကျမ်းစာသင်သားတစ်ဦး သို့မဟုတ် အိမ်တွင်းအောင်းရသူအား ပြန်ပြောပြရန်ဟူသောရည်ရွယ်ချက်နှင့် မှတ်စုများယူပါ။ ပြောပြမည်ဟု ရည်ရွယ်ထားသူတစ်ဦးတစ်ယောက်မရှိသည့်တိုင် မှတ်စုယူရာတွင် သင့်မှာရည်ရွယ်ချက်တစ်ခုရှိပေမည်။ စည်းဝေးပွဲကြီးပြီးနောက် မိသားစုဝင်များမှ မယုံကြည်သူများအား အလွတ်သဘောသက်သေခံရာတွင် စည်းဝေးပွဲမှပေါ်လွင်ချက်များကို ပြောပြခွင့်ရရှိပေမည်။ မှတ်စုများယူထားခြင်း၊ ကြားထားသည့်အချက်များကို ပြောပြခြင်းအားဖြင့် ကြားသိသမျှအကြောင်းအရာများကို လွယ်ကူစွာမေ့ပျောက်သွားမည်မဟုတ်ပါ။ ဖော်ထုတ်ပြောဆိုခြင်းက မှတ်မိခြင်းကိုတိုးပွားစေသည်။
၁၁ စားစရာစီစဉ်ပေးမည်မဟုတ်တော့သော်လည်း အသံချဲ့စက်ငှားရမ်းခြင်းအပါအဝင် စည်းဝေးပွဲကျင်းပရန်နေရာကို ငှားရမ်းခြင်း၊ စာအုပ်စာတမ်းများ အစရှိသည်တို့အတွက် အကုန်အကျများစွာရှိသည်။ ယင်းတို့ကို မည်သို့ပေးဆပ်နိုင်မည်နည်း။ စေတနာဖြင့် လှူဒါန်းသော အလှူငွေများအားဖြင့်ဖြစ်သည်။ ယင်းကို “ယေဟောဝါသက်သေများ” ဟုလိပ်မူ၍ ချက်လက်မှတ်ထိုးခြင်းဖြင့်လည်း လှူဒါန်းနိုင်သည်။ ဤသို့ ပြုခြင်းသည် ဆာလံ ၉၆:၈ နှင့် ၂ ရာဇဝင်ချုပ် ၃၁:၁၂ တို့နှင့်ညီညွတ်ပါသည်။
၁၂ ဘုရားရေးရာအကျင့်အကြံအားဖြင့် ရွှင်းလန်းသောချီးမွမ်းသူများ ယေဟောဝါအား ဂုဏ်တင်– လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့၏အကျင့်အကြံနှင့်ပတ်သက်၍ အားရှိစရာစကားများကို တည်းခိုခန်း၊ စည်းဝေးပွဲခန်းမပိုင်ရှင်နှင့် အလုပ်သမားများထံမှ ကြားသိရသည်။ ဟိုတယ်မန်နေဂျာတစ်ဦးက ဤသို့ဆိုသည်– “သက်သေခံများကိုငှားရတာ အမြဲဝမ်းသာစရာပဲ။ သူတို့ဟာစိတ်ရှည်ပြီး ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိတယ်။ ကလေးတွေကိုလည်း ဂရုစိုက်ကြတယ်။” သက်သေခံများသည် အခြားအုပ်စုများထက် ပျော်ရွှင်မှုရှိပြီး ပိုစည်းစနစ်ကျနမှုရှိသည်ဟု အခြားဟိုတယ်ညွှန်ကြားရေးမှူးတစ်ဦးက ပြောဆိုသည်။ ကျွန်ုပ်တို့၏စည်းဝေးပွဲသို့ တက်ရောက်လာသူဦးရေသည် ထိုဒေသတွင် အများဆုံးဖြစ်သော်လည်း သူက ဤသို့ဆိုသည်– “သူတို့ထက်နည်းတဲ့လူအုပ်တွေလို သူတို့က ကျွန်တော်တို့ကို ဒုက္ခမပေးဘူး။”
၁၃ ကျွန်ုပ်တို့စည်းဝေးပွဲမတိုင်မီ ကျင်းပခဲ့သော အခြားအစည်းအဝေးတစ်ခုတွင် အပျက်အစီးများရုံမက အလုပ်သမားအပြည့် တာဝန်ထမ်းဆောင်နေသည့်ကြားတွင်ပင် ခိုးမှုများရှိခဲ့ကြောင်း အခြားဟိုတယ်လုပ်သားတစ်ဦးက ပြောပြသည်။ သို့သော် ကျွန်ုပ်တို့၏စည်းဝေးပွဲနှင့်ပတ်သက်၍မူကား သူဤသို့ဆက်ပြောသည်– “သက်သေခံတွေနဲ့ပတ်သက်ရင် ဒီလိုကိစ္စမျိုးကို မစိုးရိမ်ရဘူး။ . . . သူတို့တည်းတဲ့အခါ စက်ပြင်တစ်ယောက်နှစ်ယောက်ကိုသာ အလုပ်တာဝန်ပေးထားဖို့လိုတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ရဲ့စက်တွေကို ပြုပြင်ဖို့လောက်ပဲ။”
၁၄ ထပ်တူသတင်းမျိုးကိုသာ ကြားသိရမည်ဆိုလျှင် အလွန်ကောင်းမည်။ သို့သော် ဤသို့အမြဲမဖြစ်သည်ကား ဝမ်းနည်းစရာပင်။ စည်းဝေးပွဲသဘာပတိတစ်ဦးက ဤသို့ဆိုသည်– “စည်းဝေးအစီအစဉ်ပြီးတဲ့အခါ ဆယ်ကျော်သက်အတော်များများဟာ ဟိုတယ်ဧည့်ခန်းမှာစုရုံးပြီး ဆူဆူညံညံ ရယ်လားမောလားလုပ်ကြတယ်။ အဲ့ဒါက အခြားဧည့်သည်တွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်။ လူငယ်အချို့ဆိုလျှင် တစ်ယောက်ယောက်ရဲ့အခန်းကို သွားလည်တဲ့အခါ ပြေးလွှားကြရုံမက တံခါးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆွဲပိတ်ပြီး အခန်းထဲမှာ အော်ကြီးဟစ်ကျယ် စကားပြောဆိုကြတယ်။”
၁၅ နှစ်ချီ ဖြစ်လေ့ဖြစ်ထရှိသည့် အခြားပြဿနာတစ်ခုကား စည်းဝေးပွဲကျင်းပနေစဉ် လူသွားလူလာလမ်းကြားတို့တွင်လည်းကောင်း၊ ခန်းမအပြင်ဘက်တွင်လည်းကောင်း ညီအစ်ကိုမြောက်မြားစွာ စုရုံးစကားပြောဆိုနေကြခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်က ကျင်းပခဲ့သော စည်းဝေးပွဲတစ်ခုတွင် ကျမ်းစာသင်သားတစ်ဦး၏ စာတိုကလေးတစ်စောင်ကို အလှူငွေပုံးတွင်တွေ့ရှိခဲ့သည်။ ယင်းက ဤသို့ဆိုသည်– “ဟောပြောချက်များပေးနေစဉ် ဆူညံမှု၊ လှုပ်ရှားသွားလာမှု၊ စကားပြောဆိုမှုနှင့် မတော်မလျော်မှုများကို လူသွားလူလာလမ်းကြားတို့တွင် တွေ့ရှိခဲ့၍ စိတ်အနှောင့်အယှက်ဖြစ်မိသည်။ ကျွန်ုပ်သည် သက်သေခံတစ်ဦးမဟုတ်သေးပါ။ ဘုရားရေးရာကြောက်ရွံ့ ခြင်းနှင့် လေးစားမှုကို လေ့လာသင်ယူနေဆဲသူတစ်ဦးပါ။” ကျွန်ုပ်တို့သည် ယေဟောဝါ၏ပြင်ဆင်ချက်များကို တန်ဖိုးမထားသည့်အမြင်မျိုး သူတစ်ဖက်သားအား ရစေလိုမည်မဟုတ်သည်ကား အမှန်ပင်ဖြစ်သည်။
၁၆ မိမိကိုယ်ကို အမြဲမေးမြန်းသင့်သည်ကားဤသို့– ‘ငါဘယ်သူ့ကို ကိုယ်စားပြုသလဲ။ ဒီစည်းဝေးပွဲကို ဘာကြောင့်လာတက်တာလဲ။’ ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းသည် ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူနှင့် ဝိညာဉ်ရေးရာများအပေါ် တန်ဖိုးထားလေးမြတ်ပုံတွင် ရောင်ပြန်ဟပ်ပါသည်။ (ယာ. ၃:၁၃; ၁ ပေ. ၂:၂၊ ၃၊ ၁၂) နှစ်ချီ၍ ချုပ်ချယ်ပိတ်ပင်ခံရသော နိုင်ငံများမှ ညီအစ်ကိုများသည် စည်းဝေးပွဲများတွင် သူတစ်ပါးထက် ပိုမိုဂရုစိုက်နားထောင်ခြင်း၊ လေးစားမှုရှိခြင်း၊ မိမိတို့ထိုင်ခုံတွင် ထိုင်လျက်နေခြင်း၊ ဟောပြောချက်များနှင့် သရုပ်ပြခန်းများကို အာရုံစူးစိုက်ခြင်းရှိကြကြောင်း တွေ့ရှိရ၏။
၁၇ သင့်ဝတ်စားဖြီးလိမ်းပုံက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်– “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ယေဟောဝါမူကား နှလုံးကိုကြည့်ရှုတတ်သည်” ဟု ၁ ဓမ္မရာဇဝင် ၁၆:၇ တွင်သတိပေးထားသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏အသွင်အပြင်အပေါ် လူတို့သည် များသောအားဖြင့် စီရင်တတ်သည်။ အထူးသဖြင့် ခရစ်ယာန်နေထိုင်ပုံနှင့်ပတ်သက်၍ သွန်သင်မှုခံရသော ဝတ်ပြုရာစည်းဝေးပွဲကိုတက်ရောက်ချိန်တွင် ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်မှုကို လူတို့ပို၍ပင်ဂရုစိုက်တတ်ကြသည်။ သင်သည် ကျောင်းနေရွယ် လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင်၊ သို့မဟုတ် လောကပုံစံကိုလိုက်စားသူတို့နှင့် တရင်းတနှီးရှိစေသည့်လုပ်ငန်းအား လုပ်ကိုင်နေရမည်ဆိုလျှင် ခရစ်ယာန်စံထားရာအတိုင်း ဣန္ဒြေရှိစွာ ဝတ်စားခြင်းသည် စိန်ခေါ်ချက်ဖြစ်ပေမည်။
၁၈ ကမ္ဘာတစ်လွှား ဝတ်စားဆင်ယင်မှုစံထားရာသည် ကွာခြားပါသည်။ ခရစ်ယာန်များသည် ဣန္ဒြေရှိရှိ လျောက်ပတ်စွာဝတ်စားရန် တောင်းဆိုခံရသည်။ ယင်းကို မည်သူက ဆုံးဖြတ်စီရင်မည်နည်း။ မိမိတို့၏ ဆယ်ကျော်သက်ကလေးများသည် ကျောင်းတွင် လောကလူငယ်များနည်းတူ မဝတ်စားရန် မိဘများက ကြပ်မတ်ပေးရမည်။ အထိမခံသည့် ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အမှန်ချနိုင်ရန် အပြုသဘောလမ်းပြညွှန်ကြားချက်ပေးထားပေပြီ။ ၁၉၈၇၊ ဖေဖော်ဝါရီ ၈ နိုးလော့! (လိပ်) ပါ “အဝတ်အစားက သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း” ဆောင်းပါးကို ပြန်သုံးသပ်ကြည့်ရန် အားပေးပါသည်။ လွန်ခဲ့သောနှစ်က ကျင်းပသော စည်းဝေးပွဲအချို့တွင် အဘယ်အရာကို တွေ့ရှိခဲ့သနည်း။
၁၉ “ဘုရားရေးရာကြောက်ရွံ့ ခြင်း” ခရိုင်စည်းဝေးပွဲတစ်ခုအပြီးတွင် ဤအကြောင်းပြန်ချက်ကို ရရှိခဲ့သည်– “ဤနှစ်စည်းဝေးပွဲကြီးတွင် ဝတ်စားဆင်ယင်မှုနှင့် အကျင့်အကြံတွင် ညီအစ်ကိုညီအစ်မများ တိုးတက်လာသည်။ . . . သို့ရာတွင် အချို့သောအခြေအနေများနှင့် အကျင့်အကြံများတွင် တိုးတက်စရာ လိုအပ်နေသေးသည်။” ဣန္ဒြေမရှိသောအဝတ်အစားကို အထင်အရှားတွေ့ရှိခဲ့ကြောင်း အခြားစည်းဝေးပွဲကြီးတစ်ခုပြီးနောက် ကြားသိရ၏။ အချို့သူတို့၏ဝတ်စားပုံသည် အခြားသူများအတွက် ပြစ်တင်ပြောဆိုစရာဖြစ်စေခဲ့ကြောင်း သိရှိရ၏။ အပြင်လူအချို့ပင် မတော်မလျော်သော ဝတ်စားပုံကို သတိပြုမိကြသည်။ အချို့သူတို့သည် အလွန်တင်းကျပ်သော၊ ပေါ်လွင်လွန်းသော အဝတ်အစားများကို ဝတ်စားခဲ့သည်။
၂၀ စည်းဝေးပွဲကျင်းပရာအရပ်တွင် ညီအစ်ကိုညီအစ်မအများစုသည် ဣန္ဒြေရှိသော အဝတ်အစားကို ဝတ်ဆင်ကြ၏။ သို့သော် နောက်ပိုင်းတွင် ဟိုတယ်၊ သို့မဟုတ် စားသောက်ဆိုင်များ၌ ညီအစ်ကိုညီအစ်မအချို့သည် ရင်ထိုးတံဆိပ်ကတ်ပြားများ တပ်ထားလျက်ပင် “ဘုရားသခင့်လူတို့နှင့်မအပ်စပ်သော ရှင်မီးပုံစံအပေါ်အင်္ကျီ၊ ဂျင်းဘောင်းဘီအဟောင်းအနွမ်း၊ အလွန့်အလွန်တိုသော ဘောင်းဘီတိုနှင့် . . . အခိုက်အတန့်ခေတ်စားသောအဝတ်အစားများကို ဝတ်စားဆင်ယင်ကြသည်။” အပန်းဖြေအနားယူချိန်တွင် ဤကဲ့သို့သောအဝတ်အစားမျိုးကို ဝတ်ဆင်လေ့ရှိသူတို့သည် အထူးသဖြင့် ခရစ်ယာန်စည်းဝေးပွဲတက်သူ ကိုယ်စားလှယ်များအနေနှင့် ထိုသို့ဝတ်ဆင်ရန် မသင့်တော်ကြောင်း အကြီးအကဲများက ကြင်နာစွာကြပ်မတ်ပေးလျှင် လျောက်ပတ်ပေမည်။ အထက်ပါ အကြမ်းသဘောဖော်ပြထားသည့် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်သော ညွှန်ကြားချက်များကို စည်းဝေးပွဲတက်ရောက်မည့် သင့်ကျမ်းစာသင်သားတို့နှင့် ကျေးဇူးပြု၍ ပြန်ဆင်ခြင်သုံးသပ်ပါ။
၂၁ ဟိုတယ်များ– ညီအစ်ကိုများအိမ်နှင့် နိုင်ငံတော်ခန်းမများတွင် တည်းခိုနိုင်ရန် နှစ်စဉ်ကြိုးစားစီစဉ်ပေးလေ့ရှိသည်။ စိတ်ရှည်ရန်၊ ကြင်နာမှုပြရန်၊ တစ်ကြိမ်တည်းတွင် သန့်ရှင်းမှုနှင့် နားလည်မှုရှိရန် ကျေးဇူးပြု၍သတိရပါ။ ခရီးစဉ်ကြောင့် မောပန်းနေပြီး တည်းခိုရေးအတွက် စောင့်ဆိုင်းနေသူလူဦးရေသည် များနေပေမည်။ သို့သော် သင့်စိတ်ရှည်မှုကို သတိပြုမိကြလိမ့်မည်။ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိဖို့နှင့် အကူအညီပေးရန် အမြဲအသင့်ရှိပါ။ အိမ်သန့်ရှင်းရေးတွင် ပါဝင်ကူညီပေးစရာ လိုကောင်းလိုပေမည်။ သင့်အကူအညီကိုကမ်းလှမ်းပါ။ အစည်းအဝေးသို့ ကားခကျခံပေးရန်လိုအပ်သည်ကိုလည်း သတိရပါ။
၂၂ ကင်မရာများနှင့် အသံသွင်းစက်များ– ကင်မရာများနှင့် အသံသွင်းစက်များနှင့်ပတ်သက်၍ ကြင်နာစွာသတိပေးရန် သင့်တော်ပေမည်။ ကင်မရာများ၊ ဗီဒီယိုများ သို့မဟုတ် မည်သည့်အသံသွင်းစက်မျိုးကိုမဆို အသုံးပြုလိုလျှင် သင့်ဝန်းကျင်ရှိသူများကို ထောက်ထားစာနာမှုပြရန် ကျေးဇူးပြု၍သတိရပါ။ စည်းဝေးကျင်းပစဉ် ရွေ့လျားသွားလာခြင်း သို့မဟုတ် သင့်ထိုင်ခုံမှပင် အသံသွင်းခြင်းသည် အခြားသူများအတွက် အနှောင့်အယှက်ဖြစ်ပေမည်။ မည်သည့်အသံသွင်းစက်မျိုးကိုမဆို လျှပ်စစ် သို့မဟုတ် အသံချဲ့စက်စနစ်များနှင့်ဆက်သွယ် မတပ်ဆင်ထားသင့်ပါ။ လူသွားလူလာလမ်းများကိုလည်း ယင်းတို့နှင့်ပိတ်ဆို့မထားသင့်ပါ။ စည်းဝေးအစီအစဉ် တစ်ခုခုကို အသံသွင်းမည်၊ ဗီဒီယိုရိုက်မည်ဟု ကြံရွယ်ခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ ဓာတ်ပုံများ၊ အသံသွင်းထားခြင်းများကို ပြန်ကြည့်ရှုနားထောင်သည့်အခါ သတိရမှတ်မိစရာများဖြစ်ပေမည်။ ယင်းသို့သော စက်ကိရိယာများကို အတော်အသင့်သာ အသုံးပြုခြင်းဖြင့် သူတစ်ပါးအား အနှောင့်အယှက်မဖြစ်၊ သို့မဟုတ် သင့်အားအစီအစဉ်မှ အများဆုံးအကျိုးရရှိခြင်းကို အတားအဆီးမဖြစ်စေသင့်ပါ။ သင်အိမ်ပြန်သွားသည့်အခါ သွင်းထားသမျှကို ပြန်ကြည့်ရှုနားထောင်ရန် အချိန်ရှိမည်လော။ မှတ်စုများယူထားခြင်းက လုံလောက်ကြောင်း သင်တွေ့ရှိပေမည်။
၂၃ နေရာထိုင်ခင်း– ၁၉၉၄ “ဘုရားရေးရာကြောက်ရွံ့ ခြင်း” ခရိုင်စည်းဝေးပွဲတွင် ထိုင်ခုံများဦးထားခြင်းနှင့်ပတ်သက်၍ တိုးတက်လာသည်ကို သတိပြုမိသလော။ အနည်းငယ်တိုးတက်လာသည်မှန်သော်လည်း ဤသတိပေးချက်လိုနေသေးသည်– သင့်မိသားစုနှင့် သင်နှင့်အတူ ကားစီးလာသူများအတွက်သာ ထိုင်ခုံများ ဦးထားရမည်။ အသင်းမ၏ ဧည့်သည်များအဖြစ် ကျွန်ုပ်တို့ရောက်ရှိနေခြင်းဖြစ်သည်။ ခန်းမငှားရမ်းခကို အလှူငွေများဖြင့် ပေးနိုင်ပါသည်။ ထိုင်မည့်သူရှိမရှိ မသေချာဘဲ ထိုင်ခုံဦးထားခြင်းသည် ချစ်ခြင်းမေတ္တာနှင့် စာနာမှုပြရာရောက်မည်လော။ သွေးမတည့်ခြင်း အစရှိသည့် ဝန်းကျင်ပြဿနာများရှိသူတို့အတွက် သီးသန့်နေရာ သို့မဟုတ် အခန်းများ မထားပေးနိုင်သည့်အတွက် ဝမ်းနည်းပါသည်။
၂၄ သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းသူများ အစရှိသည့် အထူးအကူအညီလိုသူတို့အတွက် စည်းဝေးတိုင်းတွင် စီစဉ်ပေးချက်များရှိသည်။ ထိုသူတို့တွင် သင်မပါဝင်လျှင် ယင်းထိုင်ခုံများ၌မထိုင်ရန် ကျေးဇူးပြု၍ သတိပြုပါ။ ထို့ ပြင် အထူးအကူအညီလိုသူနှင့်အတူ သူတို့အား ဂရုစိုက်မည့်သူ မပါလာပါက သူတို့အတွက် နေရာထိုင်ခင်းရှာဖွေပေးရန် အသင့်ရှိပါ။
၂၅ စည်းဝေးပွဲတွင် စားသောက်စရာများစီစဉ်ခြင်း– သင်သိသည့်အတိုင်း မတ် ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က ဤသို့ကြေညာထားသည်– “၁၉၉၅ ခရိုင်စည်းဝေးပွဲများနှင့် ၁၉၉၆ တိုက်နယ်နှင့် အထူးစည်းဝေးပွဲနေ့များ ကျင်းပချိန်မှစပြီး အစားသောက်ဌာနထားတော့မည်မဟုတ်ပါ။ မိမိအတွက် အစားအသောက် ကိုယ်စီယူလာရန်ဖြစ်သည်။” ထိုနောက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်က ဤပြုပြင်ချက်ကို အဘယ်ကြောင့်ပြုလုပ်ပေးရကြောင်းနှင့် စည်းဝေးပွဲအတွင်း ကိုယ်ပိုင်စားသောက်ရန်အစီအစဉ်ကို မည်သို့ပြုလုပ်နိုင်မည်အကြောင်း အကြံပေးထားပါသည်။ စည်းဝေးပွဲကြီးတက်ရောက်ရန် အစီအစဉ်ပြုလုပ်ရာတွင် ထိုကြားညှပ်အချက်အလက်တို့ကို ကိုယ်တိုင်ပြန်သုံးသပ်ရုံမက ကျမ်းစာသင်သားများနှင့် အတူဆွေးနွေးခြင်းသည် ကောင်းပါသည်။ စည်းဝေးကြီးတက်မည့်သူအားလုံး မိမိတို့စားသောက်စရာကို ယူဆောင်လာသင့်ကြောင်း ကျမ်းစာသင်သားများအား အကြောင်းကြားထားရန် အရေးကြီးသည်။
၂၆ အချက်အလက်အချို့ကို အလေးအနက်သိစေရန် နေ့လယ်အနားယူချိန်အတွက် ယူလာဖို့ အကြံပေးထားသည့် ဤအရာများကို သတိရလိုမည်– အလုပ်ဆင်းသည့်အခါ ယူသွားလေ့ရှိသော လွယ်ကူစွာချက်ပြီး သယ်ယူသွားနိုင်သည့်အစာမျိုး ယူလာနိုင်ပါသည်။ လတ်ဆတ်သောအသီးအနှံများ ယူလာနိုင်သည်။ အဖျော်ယမကာတွင် ကော်ဖီ၊ အအေး၊ အသီးရည် သို့မဟုတ် သောက်ရေတို့ကို မကွဲရှနိုင်သော ဘူး သို့မဟုတ် ဓာတ်ဘူးတွင် ထည့်ယူလာနိုင်သည်။ သို့ရာတွင် အရက် သို့မဟုတ် ဖန်ခွက် အစရှိသည်တို့ကို စည်းဝေးပွဲခန်းမဝန်းကျင်သို့ မယူလာသင့်ပါ။ စည်းဝေးအစီအစဉ်အတွင်း အစာစားခြင်း၊ အဆာပြေသုံးဆောင်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ယင်းက တည်ခင်းကျွေးမွေးနေသော ဝိညာဉ်အစာကို မလေးစားရာရောက်စေသည်။
၂၇ ထပ်ဆင့်သတိပေးလိုသည်ကား ဟိုတယ်အခန်းများတွင် ချက်ပြုတ်ခွင့်မရှိလျှင် စားစရာမချက်ကြရန်ဖြစ်သည်။ နေ့လယ်အားလပ်ချိန်တွင် အဆာပြေသုံးဆောင်ပြီး ညီအစ်ကိုညီအစ်မများနှင့် သီအိုကရက်တစ်ပေါင်းသင်းမှုပြုလုပ်နိုင်ရန် အချိန်ပေးထားကြောင်းကို သတိပြုဖို့ကောင်းပေသည်။ ယေဟောဝါ၏လူမျိုးအနေနှင့် စည်းဝေးပွဲတွင်ကျွေးမွေးသည့် ဝိညာဉ်အစာသည် ကာယအစာထက် ပိုမိုအရေးကြီးကြောင်းကို အသိအမှတ်ပြုကာ ယင်းအတွက် စီစဉ်သင့်သည်။
၂၈ ၁၉၉၅၊ အောက်တိုဘာ ၁၃ ရက်တွင် “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးပွဲကြီးများအနက် ပထမစည်းဝေးပွဲကြီးကို စတင်ကျင်းပပါမည်။ တက်ရောက်ရန်ပြင်ဆင်နေပြီး သုံးရက်တိုင် ပျော်ရွှင်စွာပေါင်းသင်း၍ ဝိညာဏအစာများကို စားသုံးရန် အသင့်ပြင်ဆင်နေပါသလော။ ယေဟောဝါ၏ ရွှင်လန်းသောချီးမွမ်းသူများ မည်သို့ ဖြစ်နိုင်ကြောင်း သုံးသပ်ဆင်ခြင်ရန် ဤနှစ်စည်းဝေးပွဲကို သင့်ညီအစ်ကိုညီအစ်မများနှင့်အတူ တက်ရောက်ဖို့ သင်ကြိုးစားလေသမျှကို ယေဟောဝါကောင်းချီးပေးပါစေဟု ကျွန်ုပ်တို့စိတ်ရင်းမှန်ဖြင့် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ခရိုင်စည်းဝေးပွဲ သတိပေးချက်များ
နှစ်ခြင်းခံခြင်း– စနေနေ့နံနက် စည်းဝေးပွဲအစီအစဉ်မစမီ သတ်မှတ်ထားရာထိုင်ခုံများတွင် နှစ်ခြင်းခံမည့်သူများ နေရာယူထားသင့်သည်။ အချို့သူများ၏ဝတ်စားဆင်ယင်မှုသည် အချိန်အခါနှင့်မတော်လျော်၊ ဣန္ဒြေမရကြောင်း သတိပြုမိခဲ့ပြီ။ နှစ်ခြင်းခံမည့်သူတိုင်း ဣန္ဒြေရှိသော အဝတ်အစားနှင့် မျက်နှာသုတ်ပုဝါကို ယူဆောင်လာသင့်သည်။ ဟောပြောသူ၏ နှစ်ခြင်းဟောပြောချက်နှင့် ဆုတောင်းခြင်းပြီးနောက် အစီအစဉ်သဘာပတိက နှစ်ခြင်းယူမည့်သူများအတွက် ညွှန်ကြားချက်အနည်းငယ်ပေးပြီး သီချင်းစဆိုရန် ကြေညာမည်။ နောက်ဆုံးအပိုဒ်ပြီးသည့်အခါ ဧည့်ကြိုများက နှစ်ခြင်းခံမည့်သူများအား နှစ်ခြင်းပေးမည့်နေရာသို့ ပို့ဆောင်ပေးပါလိမ့်မည်။ နှစ်ခြင်းခံခြင်းသည် နှစ်ခြင်းခံမည့်သူနှင့် ယေဟောဝါစပ်ကြား ရင်းနှီးသည့်ကိုယ်ရေးကိုယ်တာကိစ္စကို အထိမ်းအမှတ်ပြုသောကြောင့် နှစ်ခြင်းခံယူစဉ် လူနှစ်ဦး သို့မဟုတ် ထိုထက်မကသောသူတို့က လက်ကိုကိုင်ထားကြခြင်းဖြင့် တွဲဖက်နှစ်ခြင်းပေးခြင်းဟူ၍ အစီအစဉ်မရှိပါ။
ရင်ထိုးကတ်ပြားများ– စည်းဝေးပွဲအတွင်း ၁၉၉၅ ရင်ထိုးကတ်ပြားများကို ကျေးဇူးပြု၍ ထိုးထားကြပါ။ ဤသို့ပြုခြင်းက ခရီးသွားလာစဉ် သက်သေခံရန် အခွင့်ကောင်းရရှိစေတတ်သည်။ ရင်ထိုးကတ်ပြားများကို စည်းဝေးပွဲကျင်းပရာနေရာတွင် ရရှိနိုင်သည်။ နောက်ဆုံး ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်မြောက်ရာကတ်ပြားကို သယ်ဆောင်ထားရန် သတိရပါ။ ဗေသလအိမ်သားများနှင့် ရှေ့ဆောင်များသည် မိမိတို့၏စိစစ်ရေးကတ်များကို ဆောင်ထားသင့်သည်။
တည်းခိုခြင်း– စည်းဝေးပွဲတွင် အကြံပြုသည့် တည်းခိုရာနေရာများကိုသာ အားလုံးအသုံးပြုကြရန် ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုပါသည်။ တည်းခိုရန် ကိုယ်ပိုင်အစီအစဉ်များရှိမည်ဆိုလျှင် စည်းဝေးပွဲအဖွဲ့အစည်းကို ကျေးဇူးပြု၍ အကြောင်းကြားပါ။ ဟိုတယ်တစ်ခုတွင် သင်ပြဿနာတွေ့ ကြုံနေမည်ဆိုလျှင် စည်းဝေးပွဲဆိုင်ရာ တည်းခိုရေးဌာနကြီးကြပ်မှူးအား အသိပေးရန် မတွန့်ဆုတ်ပါနှင့်။ သင့်ပြဿနာကို ချက်ချင်း အတတ်နိုင်ဆုံးဖြေရှင်းပေးပါလိမ့်မည်။ အထူးလိုအပ်ရာတည်းခိုခန်းတောင်းဆိုရေး ပုံစံများကို သက်ဆိုင်ရာစည်းဝေးပွဲကျင်းပရာနေရာသို့ ချက်ချင်းပို့ပေးရန် အသင်းတော်အတွင်းရေးမှူးများက အသေအချာဆောင်ရွက်ထားသင့်သည်။ အထူးလိုအပ်ရာအစီအစဉ်နှင့်အညီ ပြုလုပ်ထားသော အစီအစဉ်ကို ဖျက်ဖို့အကြောင်းပေါ်လာပါက အိမ်ရှင်၊ သို့မဟုတ် ဟိုတယ်နှင့် စည်းဝေးပွဲတည်းခိုရေးဌာနကို ချက်ချင်းအကြောင်းကြားသင့်သည်။ သို့မှသာ ယင်းအခန်းကို အခြားသူတစ်ဦးအား လွှဲပေးနိုင်ပေမည်။
စေတနာ့ဝန်ထမ်းဌာန– စည်းဝေးပွဲဌာနတစ်ခုခုတွင် အကူအညီပေးရန် အချိန်ပေးနိုင်မည်လော။ ညီအစ်ကိုများအတွက် နာရီအနည်းငယ်သာ အကျိုးဆောင်နိုင်ဦးတော့ အလွန်ပင်အကူအညီဖြစ်နိုင်ပြီး ကျေနပ်မှု အတော်အသင့်ရရှိစေမည်။ အကူအညီပေးနိုင်မည်ဆိုလျှင် စည်းဝေးပွဲစေတနာ့ဝန်ထမ်းဌာနကို ကျေးဇူးပြု၍ သတင်းပို့ပါ။ ၁၆ နှစ်အောက်ကလေးများသည် မိဘသို့မဟုတ် တာဝန်ယူနိုင်မည့် လူကြီးတစ်ဦး၏ကွပ်ကဲမှုအောက် စေတနာ့ဝန်ထမ်းနိုင်ပါသည်။
သတိပေးစကားများ– ဖြစ်ပေါ်လာနိုင်သည့်ပြဿနာများကို ကြိုတင်သတိရှိထားခြင်းအားဖြင့် မလိုအပ်ဘဲ အခက်အခဲများပေါ်လာစရာအကြောင်း မရှိပါ။ သူခိုးများနှင့် အခြားမသမာသူတို့သည် မိမိအိမ်မှ အဝေးသို့ရောက်နေသူများအား ချောင်းမြောင်းနေတတ်သည်။ သင့်ကားကို အချိန်အခါမရွေး သော့ခတ်ထားရန်နှင့် သူတစ်ပါး ချိုးဖောက်၍ဝင်ယူလိုစိတ်ပေါ်စေရန် တွေ့မြင်နိုင်သည့်နေရာတွင် အဘယ်အရာကိုမျှ မထားဖို့သတိပြုပါ။ သူခိုးများနှင့် ခါးပိုက်နှိုက်တို့သည် လူအုပ်စုဝေးရာနေရာများကို အာရုံပြုတတ်ကြသည်။ သင့်ထိုင်ခုံတွင် တန်ဖိုးရှိပစ္စည်းများ ထားရစ်ခြင်းသည် ပညာမဲ့ရာကျသည်။ သင့်ဝန်းကျင်ရှိသူတိုင်း ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု စိတ်မချပါနှင့်။ သူတစ်ပါးအတွက် အဘယ်ကြောင့် သွေးဆောင်စရာ ဖြစ်စေလိုမည်နည်း။ အချို့ နိုင်ငံများတွင် ကလေးငယ်များကို ခေါ်ဆောင်သွားရန် အပြင်လူအချို့က ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ သင့်သားသမီးများကို တစ်ချိန်လုံးမျက်ခြည်မပြတ် ဂရုစိုက်ပါ။
ဟိုတယ်များစွာတွင်ရှိသော ဂြိုဟ်တုရုပ်မြင်သံကြားများက ညစ်ညမ်းသောရုပ်ရှင်များကို တင်ဆက်လေ့ရှိသည်။ ဤကျော့ကွင်းကို သတိထားပါ။ အခန်းထဲရှိ ရုပ်မြင်သံကြားကို သားသမီးများအား အခွင့်မရဘဲ မဖွင့်ကြည့်စေပါနှင့်။
ဤအကြောင်းအရာများသည် သင်တို့အား အကူအညီဖြစ်မည်ဟု မျှော်လင့်ပါသည်။ စည်းဝေးပွဲအစီအစဉ်ဖွဲ့စည်းခြင်းနှင့်အတူ သင်တို့ပူးပေါင်းဆောင်ရွက်ခြင်းက သင်တို့သည် ယေဟောဝါဘုရားသခင်၏ “ရွှင်လန်းသောချီးမွမ်းသူများ” ဖြစ်ကြောင်း သက်သေထူကြလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။