ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁ စာ. ၂၅-၂၉
  • အရေးတကြီးလုပ်ဆောင်တတ်သော သင့်သဘောကို စောင့်ထိန်းပါလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရေးတကြီးလုပ်ဆောင်တတ်သော သင့်သဘောကို စောင့်ထိန်းပါလေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးတကြီးလုပ်ဆောင်ရသည့် ကာလပိုင်းများ
  • ခရစ်ယာန်ခေတ်တွင် အရေးတကြီးလုပ်ဆောင်တတ်မှု
  • ဤကဲ့သို့သော အရေးတကြီးလုပ်ဆောင်တတ်ခြင်းသည် နေရာလွဲနေသလော
  • အရေးတကြီးလုပ်ဆောင်ရန် ထပ်ဆင့်အားပေးချက်
  • အရေးတကြီးလုပ်ဆောင်ခြင်း၏ ကောင်းကျိုး
  • အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဟောပြောခြင်းလုပ်ငန်းမှာ အရေးတကြီးသဘောထားကို ဘယ်လိုမွေးမြူနိုင်မလဲ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • “ယေဟောဝါ၏နေ့ကြီး နီးပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁ စာ. ၂၅-၂၉

အရေးတကြီးလုပ်ဆောင်တတ်သော သင့်သဘောကို စောင့်ထိန်းပါလေ

ဘုရားသခင့်အမှုတော်ကို စိုးလ်အပြည့်ဖြင့် ဆက်၍ထမ်းဆောင်ရာတွင် ဘုရားသခင်နှစ်သက်ကြောင်း သေချာသည့်နည်းကား အဘယ်နည်း။ ယင်းကား အရေးတကြီးလုပ်ဆောင်တတ်သောသဘောစစ်ကို ကျွန်ုပ်တို့နှလုံးတွင် စွဲမြဲစေခြင်းဖြစ်သည်။ စိုးလ်အပြည့်ဖြင့် ဘုရားသခင်၏အမှုဆောင်ခြင်းဟူသည် ကျွန်ုပ်တို့၏ဖြစ်တည်မှုရှိရှိသမျှဖြင့် ကိုယ်တော်ကို အမှုဆောင်ခြင်းဖြစ်ပြီး ယင်းသို့ပြုရာတွင် ကျွန်ုပ်တို့လုပ်ဆောင်ရန် ကိုယ်တော်တောင်းဆိုသည့်အရာမှန်သမျှကို ထက်ထက်သန်သန်နှင့် အကြွင်းမဲ့နာခံမှုဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။

ပရောဖက်မောရှေက ဣသရေလလူမျိုးကို သွန်သင်ပေးသောအခါ ဤလိုအပ်ချက်ကို အလေးပေးဖော်ပြခဲ့သည်– “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” (တရားဟောရာ ၆:၅) ရာစုနှစ်များကြာပြီးနောက် ထပ်တူအမိန့်တော်ကို ယေရှုခရစ် ထပ်မံဖော်ပြသည်– “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” (မဿဲ ၂၂:၃၇) တမန်တော်ပေါလုက ဧဖက်မြို့သားများကို “စေတနာစိတ် [“စိုးလ်အပြည့်၊” ကဘ] နှင့် ဘုရားသခင်အလိုတော်” ဆောင်ရန် ပြောသောအခါ၊ ကောလောသဲမြို့သားများကို “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ် [“စိုးလ်အပြည့်၊” ကဘ] နှင့် ပြုကြလော့” ဟုတိုက်တွန်းသောအခါတို့တွင် ဤထပ်တူတောင်းဆိုချက်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။—ဧဖက် ၆:၆; ကောလောသဲ ၃:၂၃။

သို့ရာတွင် အရေးတကြီးလုပ်ဆောင်တတ်သော ခံစားချက်သည် ကျွန်ုပ်တို့အထဲတွင်စွဲမနေပါက သို့မဟုတ် တစ်ချိန်ကကျွန်ုပ်တို့တွင်ရှိခဲ့သည့် အရေးတကြီးလုပ်ဆောင်တတ်သော သဘောသည် ယခုအခါ ထုံထိုင်းလာ—အားလုံးပျောက်သွားကောင်းပျောက်သွားမည်ဆိုပါက ဘုရားသခင်ထံ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းတွင် မိမိတို့၏နှလုံးနှင့် စိုးလ်တို့ကို နှစ်မြှုပ်ထားဖို့ ခက်ခဲသည်။ ယခုအခါ ကျွန်ုပ်တို့သည် လူ့သမိုင်းတွင် အခြားမည်သည့်ကာလပိုင်းနှင့်မျှမတူအောင် အရေးတကြီးလုပ်ဆောင်ရမည့်အချိန်တွင် အသက်ရှင်နေကြသည်။

အရေးတကြီးလုပ်ဆောင်ရသည့် ကာလပိုင်းများ

ခရစ်ယာန်ခေတ်မတိုင်မီက အရေးတကြီးလုပ်ဆောင်ရသည့် ကာလပိုင်းများစွာရှိခဲ့သည်။ နောဧခေတ်နှင့် သောဒုံ၊ ဂေါမောရမြို့တို့ ဖျက်ဆီးခြင်းသို့ဦးတည်နေသည့် ကာလပိုင်းတို့သည် အမှန်ပင်အရေးတကြီးလုပ်ဆောင်ရသော အချိန်ကာလများဖြစ်ခဲ့မည်မှာ သေချာသည်။ (၂ ပေတရု ၂:၅၊ ၆; ယုဒ ၇) ရေမလွှမ်းမိုးမီ နှစ်များသည် အပူတပြင်းလုပ်ဆောင်မှုနှင့် ပြည့်နေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ နောဧနှင့်သူ့မိသားစုသည် ရေလွှမ်းမိုးဘေးစတင်မည့်အချိန်ကို တပ်အပ်သေချာစွာ မသိခဲ့သော်လည်း သူတို့၏ ‘ဘုရားရေးရာကြောက်ရွံ့မှု’ က အချိန်ဆွဲမနေရန် သေချာစေခဲ့မည်။—ဟေဗြဲ ၁၁:၇။

အလားတူစွာ သောဒုံနှင့် ဂေါမောရမြို့များကို မဖျက်ဆီးမီ ကောင်းကင်တမန်များသည် ‘လောတကို လောဆော်လျက်’ သူ့အား ဤသို့ဆိုသည်– “သင်သည် အသက်ချမ်းသာရခြင်းငှာ ပြေးလော့!” (ကမ္ဘာဦး ၁၉:၁၅၊ ၁၇) မှန်ပါသည်၊ ဤကိစ္စတွင်လည်း အရေးတကြီးလုပ်ဆောင်ခြင်းက ဖြောင့်မတ်သူများ၏အသက်ကို ကယ်တင်ခဲ့သည်။ ရာစုနှစ်များကြာပြီးနောက် ဗာဗုလုန်ရောက် ဂျူးသုံ့ပန်းများ ဤသို့တိုက်တွန်းခံရသည်– “ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။” (ဟေရှာယ ၅၂:၁၁) ဘီ.စီ.အီး ၅၃၇ ခုနှစ်တွင် ၂၀၀,၀၀၀ ခန့်ရှိသော နယ်နှင်ခံရသူများသည် ထိုလောဆော်သော ပရောဖက်ပြုအမိန့်ကို နာခံကာ ဗာဗုလုန်မှ ဖုတ်ပူမီးတိုက်ထွက်ခဲ့ကြသည်။

ထိုအခြေအနေတစ်ခုစီတွင် အရေးတကြီးလုပ်ဆောင်တတ်သော သဘောက မိမိတို့သည် အရေးတကြီးလုပ်ဆောင်ရမည့် အချိန်ကာလတွင်အသက်ရှင်နေရသည်ဟုခံစားရပြီး ယင်းအတိုင်းဆက်လက်ယုံကြည်နေသူများ၏ နားလည်ထားချက်ကို သိရှိကာ ဆက်၍သတိချပ်နေခြင်းဖြင့် စိုးလ်အပြည့်အမှုဆောင်ခြင်းမှ အကျိုးရရှိစေခဲ့သည်။

ခရစ်ယာန်ခေတ်တွင် အရေးတကြီးလုပ်ဆောင်တတ်မှု

အရေးတကြီးလုပ်ဆောင်ရန်လိုအပ်ခြင်းအကြောင်းကို ခရစ်ယာန်ဂရိကျမ်းစာ တစ်လျှောက်တွင် မြောက်မြားစွာတွေ့နိုင်ပါသည်။ “သတိနှင့်နေ” “နိုးနိုးကြားကြားရှိ” “သတိနှင့်စောင့်နေ” “အမြဲအဆင်သင့်ရှိ”—ဤအသုံးအနှုန်းအားလုံးကို ယေရှုခရစ်က မိမိနောက်တော်လိုက်များတွင် အရေးတကြီးလုပ်ဆောင်တတ်သော လျောက်ပတ်သည့် သဘောကို သွတ်သွင်းပေးရန် အသုံးပြုခဲ့သည်။ (မဿဲ ၂၄:၄၂-၄၄၊ သတင်းကောင်း; မာကု ၁၃:၃၂-၃၇၊ သတင်းကောင်း) ထို့အပြင် အပျိုကညာဆယ်ယောက်၊ ကျွန်ဆိုး၊ ငွေအခွက်များ၊ သိုးနှင့်ဆိတ်ခွဲခြားခြင်းတို့နှင့်စပ်လျဉ်းသော ကိုယ်တော်၏ ပုံဥပမာအားလုံးတွင် အသင့်အနေအထားရှိဖို့နှင့် အရေးတကြီးလုပ်ဆောင်တတ်သော သဘောထားကို မွေးမြူဖို့ တိုက်တွန်းလှုံ့ဆော်သည်။—မဿဲ ၂၅:၁၊ ၁၄၊ ၁၅၊ ၃၂၊ ၃၃။

ယေရှုက အရေးတကြီးလုပ်ဆောင်ခြင်းအကြောင်းပြောဆိုရုံသာမက အရေးတကြီးလုပ်ဆောင်ပြခြင်းအားဖြင့် မိမိစကားများကို လက်တွေ့ကျကျလည်းတင်ပြခဲ့သည်။ အဖြစ်အပျက်တစ်ခုတွင် လူအုပ်က ကိုယ်တော်ကို နှောင့်နှေးစေရန်ကြိုးစားသောအခါ သူတို့ကို ကိုယ်တော်ဤသို့ပြောခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကို စေလွှတ်လျက်ရှိသည်။” (လုကာ ၄:၄၂၊ ၄၃) ထို့အပြင် “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ” သောကြောင့် ကိုယ်တော်၏ရိတ်သိမ်းမှုတွင် လုပ်သားများကို ထပ်၍စေလွှတ်ပေးဖို့ စပါးရှင်ထံ တောင်းခံရန် မိမိတပည့်တော်များကို ကိုယ်တော် တိုက်တွန်းခဲ့သည်။ (မဿဲ ၉:၃၇၊ ၃၈) ဘုရားသခင်ထံ ဤကဲ့သို့စိတ်အားထက်သန်စွာတောင်းဆိုခြင်းသည် အရေးတကြီးလုပ်ဆောင်တတ်သော စိတ်ဓာတ်ကို တင်ပြခြင်းအမှန်ဖြစ်သည်။

ဤကဲ့သို့သော အရေးတကြီးလုပ်ဆောင်တတ်ခြင်းသည် နေရာလွဲနေသလော

ကြိုပြောထားသည့် “ကြီးစွာသောဒုက္ခ” သည် ရာစုနှစ်နှင့်ချီ၍ ဝေးကွာနေသေးလျှင် ထိုအချိန်က အရေးတကြီးလုပ်ဆောင်တတ်သောသဘော အဘယ်ကြောင့်လိုအပ်ခဲ့သနည်းဟူသည့် ကျိုးကြောင်းညီညွတ်သော မေးခွန်းကို အချို့ကမေးပေမည်။—မဿဲ ၂၄:၂၁။

မိမိ၏နောက်တော်လိုက်များကို ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ဆက်၍အလုပ်များနေစေရန် ယေရှုက ပရိယာယ်သုံး၍ပြောလိုက်ခြင်းမျှမဟုတ်ကြောင်း ကျွန်ုပ်တို့အသေအချာသိနိုင်သည်။ မှန်ပါသည်၊ မိမိ၏တပည့်တော်များကို ချစ်သည့်မေတ္တာ၊ အချိန်ကာလနှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံကို အပြည့်အဝသိနားလည်ထားခြင်းတို့သည် အရေးတကြီးလုပ်ဆောင်ခြင်းဆိုင်ရာ ယေရှု၏သြဝါဒအတွက် အခြေခံဖြစ်သည်။ မှန်သည်၊ ယေဟောဝါ၏ရည်ရွယ်တော်မူချက်အတိုင်း ကိုယ်တော့်အလိုတော်ကို ပြီးမြောက်အောင်လုပ်ဆောင်ရာတွင် အရေးတကြီးလုပ်ဆောင်တတ်သည့် စိတ်ဓာတ်လိုအပ်ကြောင်း ခရစ်တော်ယေရှု သိရှိတော်မူသည်။ ထို့အပြင် မိမိတပည့်တော်များသည် မိမိပြန်ကြွလာသည့်အချိန်အထိ အရေးတကြီးလုပ်ဆောင်တတ်သည့်သဘောကို ထိန်းသိမ်းထားခြင်းအားဖြင့် သူတို့ကိုယ်တိုင်အတွက် ဝိညာဉ်ရေးတွင် ကောင်းကျိုးဖြစ်ထွန်းမည်ကို ကိုယ်တော်သိထားတော်မူသည်။

ယေရှုခရစ်က ကမ္ဘာချီလုပ်ဆောင်ပြီးမြောက်ရမည့် သက်သေခံခြင်းလုပ်ငန်းတစ်ခုရှိကြောင်းနှင့် ယင်းသည် အချိန်အကန့်အသတ်နှင့်ဖြစ်မည့်အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ (မဿဲ ၂၄:၁၄; မာကု ၁၃:၁၀) လုပ်ငန်းကျယ်ပြန့်လာသည့်အခါမှသာလျှင် ဤတာဝန်နှင့်ပတ်သက်သည့် တိုးချဲ့ထမ်းဆောင်ရသောအဆင့်များသည် ထင်ရှားလာသည်။ သို့ရာတွင် အဆင့်တိုင်းကို တာဝန်ကျေပွန်စေရန် အရေးတကြီးလုပ်ဆောင်ခြင်း လိုအပ်သည်။ ယေရှုက ဤတာဝန်တိုးချဲ့ထမ်းဆောင်ရခြင်းကို ဤသို့ဖော်ပြခဲ့သည်– “သင်တို့သည် . . . ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) ယနေ့အချိန်ထိ ဤတာဝန် ကျယ်ပြန့်လာခဲ့ပုံဖြစ်သည်။ ယင်းက ခေတ်ကာလတစ်လျှောက်ရှိ ဘုရားသခင့်ကျေးကျွန်များအတွက် ရုတ်တရက်အံ့အားသင့်စရာအချို့ဖြစ်ခဲ့ရာ တစ်ခါတစ်ရံ သိနားလည်မှုတွင် ပြုပြင်ပြောင်းလဲမှုများပြုရန် လိုအပ်ခဲ့သည်။

အရေးတကြီးလုပ်ဆောင်တတ်သော ခရစ်ယာန်စိတ်သဘောသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို အထမြောက်စေသည်။ အမှားအယွင်းမရှိသော ယေဟောဝါ၏အစီအစဉ်အတိုင်း မိမိတို့၏တာဝန်ကို တိုးချဲ့သယ်ပိုးရန် ယင်းစိတ်သဘောက ခရစ်တော်၏တပည့်တော်များကို ထောက်ကူခဲ့ပြီ။ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ နီးပါးကို ပြန်ပြောင်းကြည့်ခြင်းဖြင့် ဘုရားသခင့် ထိုအစီအစဉ်ဇယားကို သာ၍ပြည့်ဝစွာကျွန်ုပ်တို့သိနားလည်လာသည်။

ဣသရေလလူမျိုးအပေါ်သို့ အထူးမျက်နှာသာ အဆက်ဖြတ်ပစ်လိုက်သည့် စီ.အီး. ၃၆ မတိုင်မီ ယေရုရှလင်၊ ယုဒပြည်၊ ရှမာရိပြည်တို့တွင်လည်းကောင်း၊ ကွဲလွင့်နေသောဂျူးများကိုလည်းကောင်း စေ့စေ့စပ်စပ်သက်သေခံရန် ခရစ်ယာန်ဆိုင်ရာအရေးတကြီးလုပ်ဆောင်ခြင်းက တပည့်တော်များကို အထောက်အကူပြုခဲ့သည်။ (ဒံယေလ ၉:၂၇; တမန်တော် ၂:၄၆၊ ၄၇) အလားတူစွာ မကြာမီဂျူးစနစ်အဆုံးတိုင်တော့မည်ဖြစ်ကြောင်း ဂျူးအားလုံးကို ရှင်းရှင်းလင်းလင်းသတိပေးရာတွင် ခရစ်ယာန်ဆိုင်ရာ အရေးတကြီးလုပ်ဆောင်ခြင်းက အစောပိုင်းအသင်းတော်ကို အထောက်အကူပြုခဲ့သည်။ (လုကာ ၁၉:၄၃၊ ၄၄; ကောလောသဲ ၁:၅၊ ၆၊ ၂၃) စီ.အီး. ၇၀ တွင် မမျှော်လင့်ဘဲ ယင်းစနစ်အဆုံးတိုင်သွားပြီးနောက် ကြိုပြောထားသည့်အယူဖောက်ပြန်မှု၏ အန္တရာယ်သြဇာမပျံ့နှံ့မီ ခရစ်တော်၏ပထမရာစုသက်သေခံများသည် လူများစွာတို့ကို ကောင်းကင်မျှော်လင့်ချက်ကြေညာရန် အရေးတကြီးလုပ်ဆောင်ခြင်းက ထောက်ကူခဲ့သည်။ (၂ သက်သာလောနိတ် ၂:၃; ၂ တိမောသေ ၄:၂) သို့နှင့် အမှောင်လွှမ်းသောခေတ်၏ ရာစုနှစ်များတစ်လျှောက်တွင် ဂျုံစပါးကဲ့သို့သော ခရစ်ယာန်လူနည်းစုသည် ခရစ်တော်ယေရှုတင်ကူးမိန့်မြွက်ခဲ့သည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဆက်၍ရှင်သန်စေခဲ့ကြသည်။ (မဿဲ ၁၃:၂၈-၃၀) နောက်ဆုံးတွင် မိမိ၏သတ်မှတ်ထားသည့်အချိန်၌ ယေဟောဝါသည် အားအင်ပြည့်ဖြိုးသော ခေတ်သစ်အသင်းတော်ကိုပေါ်ပေါက်စေပြီး နောက်ဆုံးလူမျိုးဆက်တွင် အသက်ရှင်နေကြသည့်သူများအတွက် ကိုယ်တော့်အရေးပေါ် တရားစီရင်ချက်သတင်းတရားအားဖြင့် မပြတ်လှုံ့ဆော်ပေးခဲ့သည်။—မဿဲ ၂၄:၃၄။

ရှေးအချိန်က ဒံယေလကဲ့သို့ ဘုရားသခင့်သစ္စာရှိ ယနေ့ခေတ်သက်သေခံများသည် “အဘယ်သို့ပြုသနည်း” ဟုယေဟောဝါကို မေးဝံ့ကြမည်မဟုတ်ပါ။ (ဒံယေလ ၄:၃၅) ယေဟောဝါသည် အစီအစဉ်ဇယားအတိုင်း မိမိလုပ်ငန်းပြီးမြောက်ဖို့ မည်သည့်အရာလိုအပ်သည်ကို အတိအကျသိတော်မူကြောင်း သူတို့စိတ်ချကြသည်။ ထို့ကြောင့် ကိစ္စရပ်များကို စီစဉ်သည့် ယေဟောဝါ၏နည်းလမ်းတော်ကို စောဒကမတက်ဘဲ ဤအရေးကြီးသောအချိန်တွင် ဘုရားသခင်က မိမိတို့အား ကိုယ်တော်နှင့်အတူလုပ်ဆောင်ရသည့် အခွင့်ထူး ပေးအပ်ထားခြင်းအတွက် ပျော်ရွှင်နေကြသည်။—၁ ကောရိန္သု ၃:၉။

အရေးတကြီးလုပ်ဆောင်ရန် ထပ်ဆင့်အားပေးချက်

အရေးတကြီးလုပ်ဆောင်ရန်လိုသည့် နောက်ထပ်အကြောင်းတစ်ခုမှာ ကြီးစွာသောဒုက္ခ ရုတ်တရက်ဖြစ်မည့် နေ့ရက်၊ နာရီအတိအကျကို ကျွန်ုပ်တို့ တိတိကျကျထောက်မပြနိုင်ခြင်းဖြစ်သည်။ အဆုံးအဖြတ်ပေးမည့်အဖြစ်အပျက် စတင်မည့်အချိန်၊ နာရီကို မြေကြီးပေါ်ရှိမည်သူတစ်ဦးတစ်ယောက်မျှ တင်ကြိုမပြောနိုင်ကြောင်း ယေရှု အသေအချာသိခဲ့သည်။ (မဿဲ ၂၄:၃၆) အခြားအချိန်တစ်ချိန်တွင် ကိုယ်တော်က စိတ်အားထက်သန်သောမိမိ၏တမန်တော်များကို ဤသို့မိန့်မြွက်ခဲ့သည်– “ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။” (တမန်တော် ၁:၇) မှန်ပါသည်၊ ထွက်ပေါ်လာမည့်အကျိုးမှာ ရှင်းနေသော်လည်း ရှိရှိသမျှအသေးစိတ်ကို ကျွန်ုပ်တို့ သိနိုင်မည်မဟုတ်ပါ။

တမန်တော်ပေါလုတွင် အရေးတကြီးလုပ်ဆောင်တတ်သည့် သဘောထားမှန်ရှိထားသည်။ ခရစ်တော်ရောက်ရှိခြင်းအကြောင်း သက်သာလောနိတ်မြို့သားများထံ သူဤသို့စာရေးသောအခါ သူသည် ယေရှု၏စကားများကို စိတ်စွဲမှတ်ထားခြင်းဖြစ်နိုင်သည်– “ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ ပေးလိုက်စရာအကြောင်းမရှိ။” (၁ သက်သာလောနိတ် ၅:၁) “သင်တို့သည် . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” ဟု ယေရှုမိန့်ဆိုခဲ့ပြီးနောက် ၁၇ နှစ်ခန့်အကြာတွင် ဤစာကိုသူရေးသားခဲ့သည်။ (တမန်တော် ၁:၈) ထိုအချိန်တွင် ယင်းထက်ပို၍ထင်ရှားဖော်ပြခြင်းမရှိသောကြောင့် ယင်းထက်ပို၍ရေးနိုင်စရာအကြောင်းမရှိခဲ့ပါ။ ဤသို့ဖြစ်လျက်ပင် ခရစ်ယာန်များသည် အရေးတကြီးဟောပြောနေစဉ်တွင် “သူခိုးသည် ညဉ့်အခါလာသကဲ့သို့” ယေဟောဝါ၏နေ့တော်ရက်သည် အတိအကျရောက်လာမည်ဖြစ်ကြောင်း သူတို့စိတ်ချနိုင်ခဲ့ကြသည်။—၁ သက်သာလောနိတ် ၅:၂။

ယင်းစကားများကို စဉ်းစားကြည့်လျှင် ယေဟောဝါ၏နေ့တော်ရက်သည် ရာစုနှစ်များစွာကြာလိမ့်ဦးမည်ဟု ပထမရာစုခရစ်ယာန်များ ထင်မှတ်သည်ဆိုလျှင် ဖြစ်နိုင်စရာအကြောင်းမရှိချေ။ အမှန်မှာ၊ ဝေးသောပြည်သို့ ထွက်သွားသည့် မင်းတစ်ပါးနှင့် ခရီးထွက်သွားသည့် လူတစ်ယောက်တို့နှင့်ပတ်သက်သော ယေရှု၏ ပုံဥပမာများကို သူတို့သိရှိကြသည်။ ဤမင်းသည် “နောက်ဆုံး၌” ပြန်လာမည်ဖြစ်ပြီး ခရီးသွားသူသည် “ကာလကြာမြင့်ပြီးမှ” ပြန်လာမည်ဖြစ်ကြောင်းကို ဤပုံဥပမာကတင်ပြသည်ကိုလည်း သူတို့သိကြသည်။ ဤ “နောက်ဆုံး” သည် ဘယ်သောအခါ၌နည်း၊ “ကာလကြာမြင့်ပြီးမှ” ကား အဘယ်အဓိပ္ပာယ်နည်း၊ ဆယ်နှစ်လော၊ အနှစ်နှစ်ဆယ်လော၊ အနှစ်ငါးဆယ်လော၊ ယင်းထက်ပို၍ကြာမည်လော၊ ကဲ့သို့သော မေးခွန်းများနှင့်ပတ်သက်၍ သူတို့စိတ်ရှုပ်ထွေးခဲ့မည်မှာ သေချာသည်။ (လုကာ ၁၉:၁၂၊ ၁၅၊ ကဘ; မဿဲ ၂၅:၁၄၊ ၁၉) ယေရှု၏ဤစကားက သူတို့၏နားတွင် ပဲ့တင်ထပ်နေပေမည်– “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မှတ်သောအချိန်၌ လူသားသည်ကြွလာလိမ့်မည်။”—လုကာ ၁၂:၄၀။

အရေးတကြီးလုပ်ဆောင်ခြင်း၏ ကောင်းကျိုး

မှန်ပါသည်၊ ဘုရားသခင် လှုံ့ဆော်ပေးသည့် အရေးတကြီးလုပ်ဆောင်တတ်သောသဘောသည် ပထမရာစုခရစ်ယာန်များအပေါ် ဝမ်းသာအားရဖွယ် အားတက်စေသောကောင်းကျိုး ဖြစ်စေခဲ့ပြီး အရေးအကြီးဆုံးသော ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ဆက်၍အလုပ်များနေစေရန် သူတို့ကို ထောက်ကူခဲ့သည်။ ယင်းစိတ်သဘောသည် ယနေ့ကျွန်ုပ်တို့ကို နည်းအမျိုးမျိုးဖြင့် ဆက်၍အားပေးနေသည်။ အေးတိအေးစက်ဖြစ်လာခြင်း သို့မဟုတ် ‘ကောင်းမှုများတွင် ပင်ပန်းနွမ်းနယ်’ လာခြင်းတို့မှ ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။ (ဂလာတိ ၆:၉) လောကနှင့် ပရိယာယ်ကြွယ်ဝစွာသွေးဆောင်တတ်သော ယင်း၏ရုပ်ပစ္စည်းတပ်မက်မှုတွင် အလွန့်အလွန်လုံးပန်းရောထွေးနေခြင်းတို့မှ ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။ ကျွန်ုပ်၏စိတ်ကို “မှန်သောအသက်” ပေါ်တွင် စွဲလမ်းစေသည်။ (၁ တိမောသေ ၆:၁၉) သခင်ယေရှုက မိမိတပည့်တော်များသည် ‘တောခွေးစုထဲရှိ သိုးများ’ ကဲ့သို့ ဖြစ်မည်အကြောင်း မိန့်တော်မူခဲ့ပြီး လောကကို တိုက်လှန်နိုင်ရန်အလို့ငှာ စိတ်ဆုံးဖြတ်ကာ တစိုက်မတ်မတ်လုပ်ဆောင်တတ်သည့်သဘောထား ဆက်ရှိစေဖို့ ကျွန်ုပ်တို့အတွက် လိုအပ်သည့်အရာကို ကိုယ်တော်သိတော်မူသည်။ မှန်ပါသည်၊ အရေးတကြီးလုပ်ဆောင်တတ်သော ခရစ်ယာန်စိတ်သဘောက ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်ထားပါသည်။—မဿဲ ၁၀:၁၆။

အနန္တဉာဏ်ပညာတော်ကို ပိုင်ဆိုင်ထားသည့် ယေဟောဝါဘုရားသခင်သည် မိမိ၏ကျေးကျွန်များတွင် အရေးတကြီးလုပ်ဆောင်တတ်သည့်စိတ်သဘောကို ဆက်လက်ရှင်သန်နေစေရန် သူတို့အတွက် အချက်အလက်အလုံအလောက် အမြဲတစေပေးထားတော်မူသည်။ ဖောက်ပြန်ယိုယွင်းသည့် ဤစနစ်၏ “နောက်ဆုံးအချိန်” တွင် ကျွန်ုပ်တို့ရောက်နေကြောင်း ကိုယ်တော်က ကျွန်ုပ်တို့ကို ကြင်နာစွာ အသိပေးထားသည်။ (၂ တိမောသေ ၃:၁၊ ကဘ) ကျွန်ုပ်တို့လက်ရှိလူမျိုးဆက်သည် ကြီးစွာသောဒုက္ခနှင့် ယင်း၏အထွတ်အထိပ်ဖြစ်သည့် ဟာ-မဂေဒုန်တွင် သေဆုံးကုန်ကြသောအချိန်အထိ ကျွန်ုပ်တို့သည် အလင်းများအဖြစ် ထွန်းလင်းကြရမည်ဖြစ်ကြောင်း စဉ်ဆက်မပြတ် သတိပေးခံလာခဲ့ရသည်။—ဖိလိပ္ပိ ၂:၁၅; ဗျာဒိတ် ၇:၁၄; ၁၆:၁၄၊ ၁၆။

မှန်ပါသည်၊ အရေးတကြီးလုပ်ဆောင်တတ်သည့်သဘောသည် ယေဟောဝါထံ စိုးလ်အပြည့်နှင့် အမှုဆောင်ခြင်းတွင် လိုအပ်သောကဏ္ဍ ဖြစ်သည်။ ဘုရားသခင့်ကျေးကျွန်များကို “အားလျော့စိတ်ပျက်” သွားစေဖို့ မာရ်နတ်၏ကြိုးပမ်းမှုများကို တွန်းလှန်ခုခံရန် ကူညီပေးသည်။ (ဟေဗြဲ ၁၂:၃) စိုးလ်အပြည့်ပုံအပ်လုပ်ဆောင်ခြင်းက ယေဟောဝါ၏ကျေးကျွန်များ ကိုယ်တော်ကိုထာဝစဉ်ထာဝရကာလပတ်လုံး နာခံသွားစေမည်ဖြစ်သည်။ သို့ရာတွင် ယခုအချိန်ဖြစ်သည့် အာမဂေဒုန်မတိုင်မီကာလတွင် နက်ရှိုင်းစစ်မှန်သော အရေးတကြီးလုပ်ဆောင်တတ်သည့်သဘောသည် စိုးလ်အပြည့်လုပ်ဆောင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော ကဏ္ဍဖြစ်သည်။

တမန်တော်ယောဟန်၏ ဤစကားများကို ဆက်၍ပဲ့တင်ပြန်ရင်း ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါသည် ကျွန်ုပ်တို့အားလုံး အရေးတကြီးလုပ်ဆောင်တတ်သောသဘောကို စောင့်ထိန်းရန် ကူမတော်မူပါစေ– “အာမင်! သခင်ယေရှုကြွလာတော်မူပါ။”—ဗျာဒိတ် ၂၂:၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ