ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၅/၁ စာ. ၂၈-၃၁
  • သင့်လုပ်ငန်းက သင့်အတွက် အဘယ်အကုန်အကျရှိစေမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်လုပ်ငန်းက သင့်အတွက် အဘယ်အကုန်အကျရှိစေမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေကို သူ့နေရာသူထားပါ
  • ကတိတည်ပါ
  • ရိုးသားပါ
  • ယုံကြည်သူချင်းတို့နှင့် လျောက်ပတ်စွာအပေးအယူပြု
  • ပိုင်းခြားသိမြင်ခြင်းသည် သင့်အား ကာကွယ်ပါလေစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရိုးသားမှုက စစ်မှန်တဲ့အောင်မြင်မှုကိုဖြစ်စေ
    နိုးလော့!—၂၀၁၂
  • မရိုးမသားလုပ်စေတဲ့ ဖိအားများ
    နိုးလော့!—၂၀၁၂
  • အရာရာမှာ ရိုးသားပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၅/၁ စာ. ၂၈-၃၁

သင့်လုပ်ငန်းက သင့်အတွက် အဘယ်အကုန်အကျရှိစေမည်နည်း

တောင်အမေရိကနိုင်ငံတစ်ခုမှသမ္မတ၏ဇနီးသည် သူမ၏ဆွေမျိုးသားချင်းများ တည်ထောင်သည့် အတုအယောင်ကုမ္ပဏီနှင့် စာချုပ်များချုပ်ကာ ဒေါ်လာထောင်ပေါင်းများစွာကို စီးဝင်စေခဲ့သည်ဟု စွပ်စွဲခံရ၏။ အိန္ဒိယနိုင်ငံတွင် ၃၈ နှစ်အရွယ်ရှိ အစုရှယ်ယာပွဲစားတစ်ဦးသည် အဖမ်းခံရကာ သူ၏ကား ၂၉ စင်းနှင့် အလွန်ဇိမ်ကျသောတိုက်ခန်းမှ ခေါ်ထုတ်သွားခြင်းခံရသည်။ အကြောင်းမှာ သူသည် ဒေါ်လာသန်းတစ်ထောင့်ခြောက်ရာ ဘဏ်လုပ်ငန်းနှင့်စတော့ဈေးကွက်လိမ်လည်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရ၍ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကျွန်းတစ်ကျွန်း၏ ကျွန်းသားထောင်ပေါင်းများစွာတို့သည် တရားမဝင်နည်းဖြင့် လက်ကိုင်သေနတ်များထုတ်လုပ်၍ ဝမ်းစာရှာကြသည်။ ဤအမြတ်များသောလုပ်ငန်းကို ဆက်လုပ်ကိုင်နိုင်ရန် သူတို့သည် အရာရှိများကို လာဘ်ပေးလေ့ရှိသည်ဟုဆိုကြ၏။

မှန်ပါသည်၊ စီးပွားရေးလောကတွင် မရိုးသားမှုနှင့် လိမ်လည်မှုသည် ကမ္ဘာချီပျံ့နှံ့နေသည်။ သို့ဖြင့် ပတ်သက်သူတို့သည် ရာထူးအဆင့်နှင့်ဂုဏ်သိက္ခာအပြင် ငွေပါဆုံးရှုံးလေ့ရှိသည်။

အသင်ကော။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေသလော။ သို့မဟုတ် လုပ်ငန်းတစ်ခု စတင်ရန် စဉ်းစားနေသလော။ သင့်အတွက် ဘာကုန်ကျမည်နည်း။ လုပ်ငန်းတစ်ခု လုပ်ကိုင်ဖို့ရန် အကုန်အကျအမှန်ရှိလိမ့်မည်။ ယင်းကို ကန့်ကွက်စရာမရှိပါ။ သို့ရာတွင် စွန့်စား၍စီးပွားစမလုပ်မီ သို့မဟုတ် ရှိနှင့်သောလုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များမချမီ အကုန်အကျကိုတွက်ချက်ခြင်းသည် ပညာရှိရာကျသည်။ (လုကာ ၁၄:၂၈) စာမျက်နှာ ၃၁ ပါအကွက်က သင်ထည့်တွက်သင့်သော အကုန်အကျအချို့ကို ဖော်ပြထားပါသည်။

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ခြင်းသည် မလွယ်ကူကြောင်း ထင်ရှားနေပါသည်။ ခရစ်ယာန်တစ်ဦးအတွက် ဝိညာဏနှင့်စာရိတ္တဆိုင်ရာတာဝန်များကို ထည့်တွက်စရာလိုသည်။ သင်သည် အကုန်အကျများကိုခံပြီး ဝိညာဉ်ရေးဘက် ဟန်ချက်ညီနေနိုင်ပါမည်လော။ အကုန်အကျအချို့ကိုခံဖို့ရန် စာရိတ္တစံနှုန်းအရ မဖြစ်ဘဲနေပါသလော။ အဘယ်အရာတို့သည် ကုန်ကျခံနိုင်စရာများဖြစ်ပြီး အဘယ်အရာများကား ထိုသို့မဟုတ်ကြောင်း ခွဲခြားသတ်မှတ်နိုင်ရန် အကူအညီပေးမည့်မူအချို့ကားအဘယ်နည်း။

ငွေကို သူ့နေရာသူထားပါ

လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ငွေလိုအပ်သည်။ ထိုလုပ်ငန်းမှ မိသားစုဖူလုံရေးအတွက် ငွေအလုံအလောက်ရမည်ဟူ၍လည်း မျှော်လင့်ပါမည်။ သို့ရာတွင် ငွေနှင့်ပတ်သက်သည့်ဦးတည်ချက်များသည် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်သည်။ လောဘရမ္မက် ဝင်လာနိုင်သည်။ လူအများသည် ငွေနှင့်ပတ်သက်လျှင် အရာခပ်သိမ်းကို ဘေးဖယ်ထားတတ်ကြသည်။ သို့ဖြစ်၍ပင် နယပုံပြင်ကျမ်းရေးသူတစ်ဦးဖြစ်သူ အာဂုရက ဤသို့ပြောဆိုရာတွင် သူ၏မျှတသောအမြင်ကို ဖော်ပြသည်– “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။” (သု. ၃၀:၈) စားဝတ်နေရေး ဖူလုံခြင်း၌ ကျေနပ်ရောင့်ရဲခြင်း၏တန်ဖိုးကို သူအသိအမှတ်ပြုသည်—စီးပွားရေးလောကတွင် အချို့ပြောဆိုကြသည့်အတိုင်း “တစ်ချီတည်းနှင့်ကြီးပွားခြင်း” ကို သူမလိုလားပါ။

ထိုအခွင့်ကောင်းမျိုးပေါ်လာသည့်အခါ လောဘစိတ်သည် ဤမူကိုမေ့ပျောက်သွားစေနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရှိ ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ဤသို့သောအဖြစ်မျိုးကို ဖော်ပြခဲ့သည်။ ရင်းနှီးမြှုပ်နှံငွေလိုအပ်နေသော ကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံသူများသည် လအနည်းငယ်အတွင်းဖြစ်ကောင်းဖြစ်နိုင်သည့် အချိန်အနည်းငယ်အတွင်း ငွေနှစ်ဆပြန်တိုးလာမည်ဟု ထင်မြင်ယူဆစေခဲ့သည်။ ဤလွယ်ကူစွာငွေရသောနည်းက လူအများအား ရင်းနှီးမြှုပ်နှံစေခဲ့သည်။ နယ်လှည့်ကြီးကြပ်မှူးက ဤသို့ဆိုသည်– “အချို့က အဲ့ဒီလုပ်ငန်းထဲ ပစ်ထိုးဝင်ချင်ကြတယ်။ အသေအချာမမေးမြန်းကြဘဲ [ရင်းနှီးမြှုပ်နှံဖို့] ငွေချေးကြတယ်။”

သူတို့နှင့်မတူဘဲ လူနှစ်ယောက်မူကား ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ ဤကုမ္ပဏီ၏ရုံးခန်းသို့သွား၍ စုံစမ်းကြသည်။ ထုတ်လုပ်ရေးအတွက် ပစ္စည်းပစ္စယများကိုကြည့်လိုကြောင်း သူတို့၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ယင်းကြောင့် ဤကုမ္ပဏီကိုယုံကြည်စိတ်ချရန် သူတို့သံသယဝင်ခဲ့ကြသည်။ ယင်းက သူတို့အတွက်အကာအကွယ်ဖြစ်ခဲ့သည်။ အကြောင်းမူကား ရက်သတ္တပတ်အနည်းငယ်အတွင်း ကလိမ်ကျမှုဖြစ်ကြောင်းထင်ရှားစေသည့်ဉာဏ်ဆင်မှုသည်ပေါ်လွင်လာ၍ လူများစွာအဖမ်းခံလိုက်ရသည်။ စုံစမ်းမေးမြန်းမှုမပြုလုပ်ခဲ့သူများသည် မည်မျှနစ်နာဆုံးရှုံးခဲ့မည်ကို စဉ်းစားကြည့်ပါ။ ငွေသာဆုံးရှုံးသည်မက အကြံအစည်ပျက်ကွက်သွား၍ ငွေပြန်မဆပ်နိုင်သည့်အတွက် သူတို့အား ငွေချေးငှားပေးသောမိတ်ဆွေများကိုပင် ဆုံးရှုံးခဲ့ကြရမည်။ ငွေရေးကြေးရေးကိစ္စတွင် နယပုံပြင် ၂၂:၃ ပါမူကိုကျင့်သုံးခြင်းသည် တကယ်ပညာရှိပါသည်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏”!

ကတိတည်ပါ

သင့်လုပ်ငန်းသည် ထင်သကဲ့သို့ မဖြစ်လာလျှင်ကော။ မိမိအကျိုးမအောင်မြင်သော်လည်း သဘောတူညီချက်အတိုင်း ဆောင်ရွက်သူကို ဆာလံ ၁၅:၄ ကချီးကျူးထားသည်– “ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသောသစ္စာကတိကိုမဖျက်။” အခြေအနေကောင်းနေလျှင် စကားတည်ရန် လွယ်ကူပါသည်။ သို့သော် ငွေရေးကြေးရေးအကြောင်းမလှသည့်အခါ သစ္စာသမာဓိအတွက် စမ်းသပ်ချက်ဖြစ်လာပါသည်။

ယောရှုခေတ်က ကျမ်းစာဥပမာတစ်ခုကို ပြန်လည်သတိရပါ။ ဂိဗောင်အမျိုးသားများသည် မိမိတို့ကို မဖျက်ဆီးစေခြင်းငှာ ဣသရေလအကဲအမှူးများနှင့်မိတ်သဟာယဖွဲ့ရန် ဉာဏ်ဆင်ခဲ့သည်။ အမှန်မှာ သူတို့သည် ဣသရေလလူမျိုးအတွက် အန္တရာယ်ရှိသည်ဟု ယူမှတ်ခံရသောလူမျိုးအဝင်ဖြစ်သည်။ သူတို့၏ပရိယာယ်ပေါ်လာသည့်အခါ “ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုခဲ့သောကြောင့် ဣသရေလအမျိုးသားတို့သည် သူတို့ကိုမလုပ်ကြံကြ” ပါ။ (ယောရှု ၉:၁၈) ဤလူစုသည် ရန်သူနယ်မှရောက်လာကြသော်လည်း အကဲအမှူးတို့က မိမိတို့ကတိတည်ရန်အရေးကြီးသည်ဟု ယူမှတ်ကြသည်။ ယင်းသို့ပြုမူခြင်းသည် ယေဟောဝါအလိုတော်နှင့်တွေ့ကြောင်း နောက်ဆက်တွဲအဖြစ်အပျက်များက ထင်ရှားစေသည်။—ယောရှု ၁၀:၆-၁၁။

အသင်ထင်သည့်အတိုင်းမဖြစ်ပျက်လာဦးတော့ သင့်လုပ်ငန်းဆိုင်ရာ သဘောတူညီချက်များ၊ စာချုပ်များအတိုင်း ပြုမူမည်လော။aထိုသို့ပြုမူခြင်းသည် အစဉ်ကတိတည်တော်မူသောယေဟောဝါနှင့် ပိုမိုတူလာပါလိမ့်မည်။—ဟေရှာယ ၅၅:၁၁။

ရိုးသားပါ

မျက်မှောက်ခေတ်စီးပွားရေးလောကတွင် ရိုးသားမှုသည် မျိုးသုဉ်းမည့်အန္တရာယ်မျိုးရှိနေသည်။ အသင်နှင့် လုပ်ငန်းချင်းတူသူ အခြားသူများသည် မရိုးသားသောနည်းများဖြင့် ဝင်ငွေတိုးများနေစေလိမ့်မည်။ ကြော်ငြာနည်းတွင် မရိုးသားသူများဖြစ်ချေမည်။ ကုမ္ပဏီတစ်ခု၏နာမည်ကိုခိုးယူပြီး မိမိထုတ်လုပ်သောပစ္စည်းအပေါ် တံဆိပ်တပ်ထားပေမည်။ သို့မဟုတ် ညံ့သောပစ္စည်းတစ်ခုကို ပစ္စည်းကောင်းတစ်ခုအဖြစ်ရောင်းချနေပေမည်။ ယင်းတို့သည် မရိုးသားသောနည်းလမ်းများဖြစ်သည်။ ဤနည်းလမ်းများကိုအသုံးပြုသူများသည် အာသပ်ဖော်ပြခဲ့သည့် ကလိမ်ကကျစ်နည်းဖြင့် “အစဉ်ကောင်းစား၍ဥစ္စာပွားများ” စေကြသော “မတရားသောသူတို့” နှင့်တူပါသည်။—ဆာလံ ၇၃:၁၂။

ခရစ်ယာန်တစ်ဦးအနေနှင့် အသင်သည် ဥပဒေကိုလွန်ဆန်သောနည်းလမ်းများ အသုံးပြုမည်လော။ သို့မဟုတ် ဤကျမ်းစာမူများကို လမ်းပြအဖြစ် သင်အသုံးပြုလိုမည်လော– “ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ။ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့်မယူ”; “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး”; “အလေးချင်းမတူသောအလေးတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်း အပြစ်ရှိ၏။” (၂ ကောရိန္သု ၄:၂; ၇:၂; သု. ၂၀:၂၃) မရိုးသားသောအမှုကိုစတင်ပြုမူသူသည် “မုသား၏အဖ” စာတန်မာရ်နတ်ပင်ဖြစ်ကြောင်းကို သတိရပါ။—ယောဟန် ၈:၄၄။

အချို့က ဤသို့ဆင်ခြေပေးမည်– ‘အခြားသူတွေလို မရိုးသားတဲ့နည်းတွေ အသုံးမပြုရင် လုပ်ငန်းအတွက် အခက်အခဲဖြစ်တယ်။’ ဤအခါမျိုးတွင် ခရစ်ယာန်တစ်ဦးသည် ယေဟောဝါကိုယုံကြည်ကြောင်း တင်ပြနိုင်သည်။ အဆုံးရှုံးခံစရာရှိသည့်အခါမျိုးတွင် ရိုးသားမှုသည် စမ်းသပ်ခံရလိမ့်မည်။ မရိုးသားမှ စားဝတ်နေရေးပြေလည်မည်ဟုဆိုခြင်းက ဘုရားသခင်သည် မိမိအားချစ်မြတ်နိုးသူများကို ဂရုမစိုက်ပါဟူ၍ဆိုခြင်းနှင့်အတူတူပင်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်ဖြစ်စေ၊ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ထောက်ပံ့ကူညီနိုင်ကြောင်း ကိုယ်တော်ကို အမှန်တကယ်ယုံကြည်အားထားသူတစ်ဦးက သိနားလည်ထားပါသည်။ (ဟေဗြဲ ၁၃:၅) မှန်သည်၊ မရိုးသားသူများလောက် ဝင်ငွေမရှိသော်လည်း မိမိရသမျှနှင့်ရောင့်ရဲတင်းတိမ်၍ ဘုရားသခင်၏ကောင်းချီးကိုခံစားရခြင်းသည် ပိုတန်ဖိုးရှိသည်မဟုတ်ပေလော။

မရိုးသားမှုသည် ပစ်လိုက်သောအခါ ကိုယ့်ဆီသို့ပြန်လာတတ်သည့် တောင်ပံကွေးလက်နက်နှင့်တူသည်။ လုပ်ငန်းရှင်တစ်ဦးသည် မရိုးသားကြောင်းကို သူ၏ဖောက်သည်များနှင့် ဖြည့်ဆည်းထောက်ပံ့ပေးသူများ သိရှိလာသည်ဆိုလျှင် သူနှင့်ဆက်လက်၍လုပ်ငန်းလုပ်ကိုင်လိုကြတော့မည်မဟုတ်ပါ။ သူတို့ကို တစ်ကြိမ်သာလျှင်လှည့်စားနိုင်ပေမည်၊ နောက်တစ်ကြိမ်လှည့်စားနိုင်မည်မဟုတ်။ အခြားတစ်ဖက်မှကြည့်ပြန်လျှင် ရိုးသားသောလုပ်ငန်းရှင်ကို လေးစားသူများသည်။ ‘လူတိုင်းလုပ်နေကြတာပဲ၊ ဖြစ်ပါတယ်’ ဟူသော မှားယွင်းသည့်သဘောထား၏သြဇာကိုမခံမိရန် သတိပြုပါ။ ကျမ်းစာမူက ဤသို့ဖြစ်သည်– “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။”—ထွက်မြောက်ရာ ၂၃:၂။

သင်နှင့်အချိန်ကြာမြင့်စွာတွဲဖက်၍ လုပ်ငန်းဆောင်ရွက်နေသူသည် ခရစ်ယာန်ချင်းတစ်ဦးမဟုတ်၊ ကျမ်းစာမူကို ကျင့်သုံးလေ့မရှိသူလည်းဖြစ်သည်ဟုဆိုကြပါစို့။ ကျမ်းစာနှင့်မညီညွတ်သောအရာတစ်ခုကို သူလုပ်ကိုင်နေမည်ဆိုလျှင် သင်သည် ဆင်ခြေကန်၍ ခေါင်းရှောင်နိုင်ပါမည်လော။ အာဒံနှင့်ရှောလုတို့၏ပုံသက်သေများကို သတိရပါ။ အပြစ်ကိုရှောင်ကွင်းကြမည့်အစား သူတို့သည် အခြားသူများနှင့်အပေါင်းအသင်းများအပေါ် တာဝန်လွှဲချခဲ့ကြသည်။ ယင်းကြောင့် သူတို့နစ်နာဆုံးရှုံးမှု ကြီးမားလှလေချင်း!—ကမ္ဘာဦး ၃:၁၂၊ ၁၇-၁၉; ၁ ဓမ္မရာဇဝင် ၁၅:၂၀-၂၆။

ယုံကြည်သူချင်းတို့နှင့် လျောက်ပတ်စွာအပေးအယူပြု

ယေဟောဝါကိုဝတ်ပြုသူချင်းတို့နှင့်အတူ စီးပွားလုပ်သည့်အခါ ထည့်တွက်စရာအကုန်အကျများရှိပါသလော။ ပရောဖက်ယေရမိသည် သူ၏ဝမ်းကွဲထံမှ နေရင်းဇာတိဖြစ်သောအာနသုတ်မြို့ရှိလယ်ကိုဝယ်စဉ်က ငွေပေးချေကာလက်ဆွဲနှုတ်ဆက်ရုံသာပြုခဲ့သည်မဟုတ်ပါ။ ယင်းအစား သူကဤသို့ဆိုသည်– “စာချုပ်ကိုလည်းစီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကိုခေါ်၍ ငွေကိုချိန်ခွင်နှင့်ချိန်ပေး၏။” (ယေရမိ ၃၂:၁၀) ဤကဲ့သို့သဘောတူဝန်ခံချက်များကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နောင်တွင်အခြေအနေပြောင်းလဲလာ၍ သဘောထားကွဲလွဲမှုများကို ပေါ်ပေါက်စေမည်မဟုတ်ပါ။

သို့သော် ခရစ်ယာန်ညီအစ်ကိုတစ်ဦးသည် သင်နှင့်လုပ်ငန်းတစ်ခုပြုလုပ်ခဲ့ပြီး သင့်အပေါ်မတရားသဖြင့်ပြုမူခဲ့မည်ဆိုလျှင်ကော။ သူ့အား တရားစွဲရမည်လော။ ယင်းအကြောင်းကို သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာဆိုထားသည်။ “သင်တို့သည် အချင်းချင်းအမှုရှိလျှင် သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစ်စုံတစ်ယောက်ရှိသလော” ဟုပေါလုမေးမြန်းခဲ့သည်။ အမှုကိစ္စတစ်ခုကို ချက်ချင်းကျေနပ်လောက်အောင် မဖြေရှင်းနိုင်လျှင်ကော။ ပေါလုက ဤသို့ဆက်ပြောသည်– “သင်တို့သည် အချင်းချင်းတရားတွေ့သည်အမှုမှာ အလွန်ကြီးစွာသောအပြစ်ရှိကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း။” ခရစ်ယာန်စစ်များသည် အချင်းချင်းအမှုဖြစ်နေသည်ဟု အပြင်လူများကြားသိသည့်အခါ ခရစ်ယာန်အသင်းတော်အတွက် မည်မျှနာမည်ပျက်စရာဖြစ်မည်ကို စဉ်းစားကြည့်ပါလေ! ဤသို့ဖြစ်ရခြင်းသည် ညီအစ်ကိုကိုချစ်ခြင်းထက် ငွေကိုချစ်ခြင်းကြောင့်ပင် ဖြစ်နေပါသလော။ သို့မဟုတ် တစ်ဦးတစ်ယောက်၏ဂုဏ်သိက္ခာထိပါးခဲ့၍ ကလဲ့စားချေခြင်းကို အဓိကထားခြင်းကြောင့်ဖြစ်သလော။ ဤကဲ့သို့သောကိစ္စမျိုးတွင် ရုံးတင်တရားစွဲမည့်အစား အနစ်နာခံခြင်းက ပိုကောင်းသည်ဟု ပေါလု၏သြဝါဒက ဖော်ပြသည်။—၁ ကောရိန္သု ၆:၁၊ ၇; ရောမ ၁၂:၁၇-၂၁။

သို့သော် အသင်းတော်အတွင်း ဤကဲ့သို့သောအငြင်းပွားမှုများ ဖြစ်ပေါ်လာလျှင် ကျမ်းစာနည်းလမ်းအရ ကိုင်တွယ်နိုင်သောနည်းလမ်းရှိသည်။ (မဿဲ ၅:၃၇; ၁၈:၁၅-၁၇) အငြင်းပွားနေသောညီအစ်ကိုများအား အကြံပေးထားသောနည်းလမ်းများအတိုင်းလိုက်လျှောက်ရန် အကူအညီပေးဖို့ ခရစ်ယာန်အကြီးအကဲများသည် ပါဝင်ပတ်သက်သူအားလုံးအတွက် အကူအညီဖြစ်စေမည့်သြဝါဒစကားများကို ပြောဆိုနိုင်ပေမည်။ ဤသို့ဆွေးနွေးချိန်တွင် ကျမ်းစာမူများနှင့်အညီ သဘောတူဝန်ခံဖို့ရန် လွယ်ကူပေမည်။ သို့သော် ရရှိသောဆုံးမချက်အတိုင်း နောက်ပိုင်းတွင် လိုက်လျှောက်လုပ်ကိုင်ခြင်းအားဖြင့် နာခံမှုတင်ပြပါသလော။ ဘုရားသခင်ကိုလည်းကောင်း၊ ခရစ်ယာန်ချင်းတို့ကိုလည်းကောင်း ချစ်ခြင်းက ထိုသို့ပြုမူရန် သင့်အားတိုက်တွန်းပေးပါလိမ့်မည်။

အသင်သည် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်မည်ဆိုလျှင် အကုန်အကျရှိမည်ကား အမှန်တကယ်ပင်ဖြစ်သည်။ သင်ပေးလိုက်သည့် အဖိုးအခသည် ကျိုးကြောင်းညီညွတ်မှုရှိသည်ဟူ၍လည်း မျှော်လင့်ပါသည်။ ဆုံးဖြတ်စရာများ၊ သို့မဟုတ် မရှင်းမလင်းဖြစ်သော မည်သည့်အခြေအနေမျိုးမဆိုနှင့် ရင်ဆိုင်ရသည့်အခါ မိမိဘဝအသက်တာတွင် ငွေထက်ပို၍တန်ဖိုးရှိသောအရာများစွာရှိကြောင်းကို စွဲမှတ်ထားပါ။ ငွေကို သူ့နေရာသူထားခြင်းအားဖြင့်၊ ကတိတည်ခြင်းအားဖြင့်၊ ရိုးသားခြင်းအားဖြင့်၊ ခရစ်ယာန်နည်းလမ်းအတိုင်း စီးပွားဖက်တို့နှင့်ဆက်ဆံခြင်းအားဖြင့် လုပ်ငန်းတစ်ခုတွင် အချိန်နှင့်ငွေ လိုသည်ထက်ပိုအကုန်အကျမခံရန် သတိပြုပါ။ တစ်ကြိမ်တည်းတွင်လည်း မိတ်ဆွေများနှင့် ခင်မင်မှုမပျက်၊ ဩတ္တပ္ပစိတ်ကြည်လင်ပြီး ယေဟောဝါနှင့်ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ကတိတည်ခြင်းနှင့်ပတ်သက်သည့် မျက်မှောက်ခေတ်ပုံဥပမာကိုသိရှိရန် ၁၉၈၈ ခုနှစ်၊ မေ ၈ ရက်ထုတ်၊ နိုးလော့! စာမျက်နှာ ၁၁-၁၃ ပါ “အကျွန်ုပ်ကတိ အကျွန်ုပ်ခံဝန်ချက်” (လိပ်) ဟူသောဆောင်းပါးကိုရှု။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

သင်၏လုပ်ငန်းကြောင့် အကုန်အကျခံရကောင်းခံရမည့်အရာများ

အချိန်– ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်ခြင်းသည် ကုမ္ပဏီတစ်ခုတွင် အလုပ်သမားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခြင်းထက် အချိန်ပိုကုန်လေ့ရှိသည်။ ယင်းကြောင့် သင့်အချိန်ဇယားကိုထိခိုက်ပြီး အရေးကြီးသည့် ဝိညာဉ်ရေးဆိုင်ရာလုပ်ငန်းများအတွက် အချိန်နည်းသွားစေမည်လော။ အကောင်းဘက်မှနေ၍ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်နိုင်ရန် အချိန်ပိုရှိလာဖို့ သင့်ကိုယ်ရေးကိုယ်တာကိစ္စများကို စီစဉ်ပေးနိုင်မည်လော။ သို့ဖြစ်ပါက အလွန်ကောင်းပေစွ။ သို့သော် သတိပြုပါ! အပြောလွယ်သလောက် အလုပ်အားဖြင့် မလွယ်ကူပါ။

ငွေ– ငွေရှာရန် ငွေလိုသည်။ သင့်လုပ်ငန်းအတွက် အဘယ်အရင်းအနှီးမြှုပ်နှံရန်လိုအပ်သနည်း။ ငွေအင်အားရှိသလော။ သို့မဟုတ် ချေးငှားရမည်လော။ အနည်းအကျဉ်းအဆုံးအရှုံးခံနိုင်မည်လော။ သို့မဟုတ် သင်ထင်သည့်အတိုင်း မဖြစ်လာပါက သင်တတ်နိုင်သည်ထက် အကုန်အကျများလွန်းမည်လော။

မိတ်ဆွေများ– တစ်နေ့ပြီးတစ်နေ့ ဖြစ်ပေါ်လာသည့်ပြဿနာများကြောင့် စွန့်စားစီးပွားလုပ်သူများစွာသည် မိတ်ဆွေများနှင့်ခင်မင်မှုဆုံးရှုံးရသည်။ မိတ်ဆွေများတိုးလာစရာအကြောင်းရှိသည်မှန်သော်လည်း ထစ်ငေါ့သောဆက်ဆံရေးများလည်း ဖြစ်ပေါ်လာစရာအကြောင်းများပါသည်။ ဤမိတ်ဆွေများသည် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများ ဖြစ်နေမည်ဆိုလျှင်ကော အသို့နည်း။

ကြည်လင်သောသြတ္တပ္ပစိတ်– ယနေ့စီးပွားရေးလောကတွင် “သူပြုတ်ကိုယ်ပြုတ်” သို့မဟုတ် “ငါ့အတွက်ဘာကျန်သလဲ” သဘောထားမျိုး အများအားဖြင့်ရှိသည်။ စီးပွားရေးလောကတွင် လူ့ကျင့်ဝတ်မရှိသလောက်ဖြစ်သည်ဟု ဥရောပတိုက်ရှိကျောင်းသူကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်တို့ပြုသောစစ်ဆေးချက်က ဆိုသည်။ ကလိမ်ကျမှု၊ မရိုးသားမှုနှင့် သံသယဝင်စရာရှိသည့် စီးပွားရေးအကျင့်များသည် ရိုးနေသောကိစ္စဖြစ်ခြင်းကား အံ့ဩစရာမဟုတ်တော့ချေ။ သင်သည်လည်း ထပ်တူပြုလုပ်ရန် သွေးဆောင်ခံရမည်လော။

ယေဟောဝါနှင့်သင်၏ဆက်ဆံရေး– စီးပွားရေးလောကတွင် ရိုးနေဦးတော့ ဘုရားသခင်၏ပညတ်ချက်နှင့် မူများတို့ကိုဆန့်ကျင်သည့် မည်သည့်အပြုအမူမဆိုသည် ဖန်ဆင်းရှင်နှင့်လူတစ်ဦး၏ဆက်ဆံရေးကို ပျက်ပြားစေပါမည်။ ယင်းက ထာဝရအသက်ရခွင့်ကိုပင် ဆုံးရှုံးစရာအကြောင်းရှိနိုင်သည်။ လောကစည်းစိမ်မည်မျှရရှိစေကာမူ ယင်းသည် သစ္စာရှိသောခရစ်ယာန်တစ်ဦးအဖို့ ကြီးမားလွန်းသောဆုံးရှုံးနစ်နာမှုကြီးတစ်ခုမဟုတ်ပေလော။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နောက်ပိုင်းတွင် အထင်လွဲမှားမှုများမပေါ်လာစေရန် အဘယ် အရာက အကူအညီပေးမည်နည်း။ လူကြီးလူကောင်း၏ သဘောတူညီချက်လော၊ သို့မဟုတ် လက်မှတ်ရေးထိုးသောစာချုပ်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ