သင်တွေ့ မြင်သည့်အရာများကို ကျော်၍ ကြည့်မြင်ပါ!
ကောင်းသောပကတိမျက်စိရှိခြင်းသည် ဆုလာဘ်တစ်ပါးဖြစ်၏။ အမှန်ဆိုရသော် မိမိတို့ပိုင်ဆိုင်ရာများတွင် ယင်းထက်ပို၍တန်ဖိုးရှိသည့်အရာ အနည်းငယ်သာရှိကြောင်း လူအများစုတို့က ဆိုကြ၏။ သို့ရာတွင် ခရစ်ယာန်များအတွက် ကောင်းသောပကတိမျက်စိထက်ပင် သာ၍အဖိုးထိုက်သည့်မျက်စိတစ်မျိုးကို တမန်တော်ပေါလုဖော်ပြခဲ့၏။ “ငါတို့ကား မျက်စိဖြင့်မြင်နိုင်သောအရာများကို အာရုံမစိုက်။ မျက်စိဖြင့်မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏” ဟု ပေါလုရေးသားခဲ့သည်။ (၂ ကောရိန္သု ၄:၁၈၊ သတင်းကောင်း) ယင်းသည် လူတစ်ဦးအား မမြင်ရသည့်အရာများကို တွေ့ မြင်စေနိုင်သည့် အလွန်ထူးခြားသောအမြင်အာရုံတစ်မျိုး ဖြစ်ရပေမည်! ယင်းကို အလွန်ကောင်းသော ဝိညာဏအမြင်အာရုံအဖြစ် ကျွန်ုပ်တို့ခေါ်ဆိုနိုင်၏။
အဘယ့်ကြောင့်လိုအပ်ရသနည်း
ပထမရာစုရှိခရစ်ယာန်များသည် ဤသို့သောဝိညာဏမျက်စိမျိုးရှိရန် အမှန်ပင်လိုအပ်ခဲ့သည်။ သူတို့သည် ဆင်းရဲဒုက္ခအောက် ခရစ်ယာန်ဓမ္မအမှုကို ထမ်းဆောင်ခဲ့ကြရ၏။ ယင်းကို ပေါလုက ဤသို့သောနည်းအားဖြင့် ဖော်ပြခဲ့သည်– “ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရသော်လည်း အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ။ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။”—၂ ကောရိန္သု ၄:၈၊ ၉။
ထိုကဲ့သို့သောအခြေအနေများကြားမှ သစ္စာရှိတပည့်တော်များသည် ခိုင်မြဲစွာရပ်တည်ခဲ့ကြ၏။ ဘုရားသခင်ကို ခိုင်မာစွာယုံကြည်လျက် ပေါလု ဆိုခဲ့သကဲ့သို့ သူတို့ပြောဆိုနိုင်ကြသည်– “ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏။” သို့သော် အဘယ်အရာက ဤနေ့စဉ်ပြုပြင်မှုကို ဖြစ်စေသနည်း။ ပေါလု ဤသို့ဆက်ပြောသည်– “အကြောင်းမူကား မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ဖြစ်စေတတ်၏။”—၂ ကောရိန္သု ၄:၁၆-၁၈။
ပေါလုသည် မိမိ၏ဝိညာဏညီအစ်ကိုများအား သူတို့ရှေ့ ရှိ ခမ်းနားထည်ဝါလှသောကောင်းချီးနှင့်ပတ်သက်သည့် သူတို့၏အမြင်ကို ပြဿနာ၊ အခက်အခဲ၊ ညှဉ်းပန်းနှိပ်စက်မှု—အဘယ်ကဲ့သို့သောဒုက္ခမျိုးမဆို—တို့က မှုန်ဝါးသွားစေခွင့်မပြုရန် အားပေးနေခြင်းဖြစ်သည်။ သူတို့သည် ခရစ်ယာန်လမ်းစဉ်မှရရှိမည့် ပျော်ရွှင်ဖွယ်အကျိုးရလဒ်အပေါ် အဆက်မပြတ်အာရုံစူးစိုက်၍ကြည့်နေခြင်းဖြင့် မိမိတို့၏လက်ရှိအခြေအနေများကို ကျော်၍ကြည့်ရှုသင့်သည်။ ယင်းသည် တိုက်ပွဲ၌ဆက်ပါဝင်ရန် သူတို့၏ဆုံးဖြတ်ချက်ကို နေ့စဉ်နှင့်အမျှ ကူညီ၍အသစ်ပြုပြင်ပေးသောအရာပင်ဖြစ်၏။ ထပ်တူပင် ယနေ့ခရစ်ယာန်များသည် ယင်းကဲ့သို့ ကောင်းသောဝိညာဏမျက်စိမျိုးရှိဖို့ရန် လိုအပ်ပေသည်။
လက်ရှိဆင်းရဲဒုက္ခများကို ခဏမျှသာဖြစ်သောအရာအဖြစ် ရှုမြင်လော့!
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်ုပ်တို့မမြင်လိုသောအရာများကို နေ့စဉ်နှင့်အမျှတွေ့ မြင်နေရကြသည်။ ကြေးမုံပြင်သို့တစ်ချက်လေးဝေ့ကြည့်လိုက်ရုံနှင့် ကိုယ်ကာယမစုံလင်မှု၏လက္ခဏာများဖြစ်သော ပကတိကိုယ်ခန္ဓာပေါ်မှ နှစ်သက်ဖွယ်ရာမရှိသည့် အစက်အပြောက်များနှင့် အပြစ်အနာအဆာများကို သတိမထားမိဘဲနေမည်မဟုတ်ပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကြေးမုံပြင်သို့ စူးစိုက်၍ကြည့်ရှုလိုက်ပါက ကျွန်ုပ်တို့ကိုယ်တိုင်၌ရော အခြားသူများ၌ပါ ဝိညာဏအပြစ်အနာအဆာများကို တွေ့ မြင်ရပေမည်။ (ယာကုပ် ၁:၂၂-၂၅) နေ့စဉ်သတင်းစာ သို့မဟုတ် ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် ကျွန်ုပ်တို့ကြည့်လိုက်သောအခါ မတရားမှု၊ အကြင်နာကင်းမဲ့မှုနှင့် ပူဆွေးသောကရောက်ဖွယ်အဖြစ်အပျက်တို့သည် ချက်ချင်းပင် ကျွန်ုပ်တို့အားဝမ်းနည်းကြေကွဲမှုကို ဖြစ်စေပေမည်။
ကျွန်ုပ်တို့တွေ့ မြင်ရာများကြောင့် စိတ်ဓာတ်ပျက်ပြားသွားရန် သို့မဟုတ် လမ်းလွဲသွားပြီး ယုံကြည်ခြင်းတွင် စတင်ယိမ်းယိုင်လာရန် ကျွန်ုပ်တို့အား စာတန်ဖြစ်စေလို၏။ ယင်းသို့ ဖြစ်ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။ တမန်တော်ပေတရု ဤသို့ပြောဆိုချိန်၌ အကြံပေးခဲ့သည့်အတိုင်း ယေရှုချမှတ်ခဲ့သည့် ပုံသက်သေကို လိုက်လျှောက်ရမည်ဖြစ်သည်– “အကြောင်းမူကား ထိုသို့အလိုငှာသင်တို့ကို ခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ခရစ်ယာန်အသက်တာ၏ မည်သည့်ကဏ္ဍတွင်မဆို ယေရှုသည် စုံလင်သောပုံသက်သေဖြစ်တော်မူ၏။
ယေရှုကို ကျွန်ုပ်တို့၏ပုံနမူနာအဖြစ်ညွှန်ပြရာတွင် ပေတရုသည် ယေရှုဒုက္ခခံခဲ့ရခြင်းကို အထူးပြုဖော်ပြ၏။ မှန်သည်၊ မြေကြီးပေါ်ရှိစဉ် ယေရှုသည် အကြီးအကျယ်ဒုက္ခခံခဲ့ရသည်။ လူသားများကိုဖန်ဆင်းစဉ်က ယေဟောဝါ၏ “လုပ်သားချုပ်” အဖြစ်ရှိနေခဲ့ရာ လူသားများကို ဘုရားသခင်မည်သို့ ဖြစ်စေလိုကြောင်း ကိုယ်တော်ကောင်းစွာသိသည်။ (သု. ၈:၃၀၊ ၃၁၊ ကဘ) သို့သော် အပြစ်နှင့် မစုံလင်မှုက သူတို့ကိုမည်သို့ ဖြစ်သွားစေပြီဖြစ်ကြောင်း ယခု ကိုယ်တော်တိုင်တွေ့ မြင်ရပေပြီ။ နေ့စဉ် လူတို့၏မစုံလင်မှုနှင့် အားနည်းချက်များကို တွေ့ မြင်ရင်ဆိုင်ခဲ့ရ၏။ ယင်းသည် ကိုယ်တော့်အတွက် စမ်းသပ်ချက်ဖြစ်ခဲ့ပေမည်။—မဿဲ ၉:၃၆; မာကု ၆:၃၄။
အခြားသူများ၏ဆင်းရဲဒုက္ခများအပြင် ယေရှုသည် ကိုယ်တော်တိုင်လည်းတွေ့ ကြုံခံစားခဲ့ရ၏။ (ဟေဗြဲ ၅:၇၊ ၈) သို့သော် စုံလင်သည့်ဝိညာဏမျက်စိဖြင့် ယင်းတို့ကိုကျော်၍ မိမိ၏သစ္စာရှိမှုလမ်းစဉ်အတွက် မသေတော့မည့်အသက်တာသို့ ချီးမြှင့်ခံရမည်ဟူသည့် ဆုကျေးဇူးကို ကြည့်မြင်ခဲ့သည်။ ထို့နောက် မေရှိယဘုရင်အနေနှင့် ဒုက္ခရောက်နေသည့်လူသားများအား ၎င်းတို့၏တန်ဖိုးမရှိဂုဏ်နိမ့်သောအခြေအနေမှ ယေဟောဝါမူလရည်ရွယ်ထားတော်မူသော စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ပေးခွင့်လည်း ကိုယ်တော်ရရှိမည်ဖြစ်သည်။ ဤမမြင်ရသောအနာဂတ်မျှော်လင့်ချက်အပေါ် မိမိ၏မျက်စိကို ဆက်၍အာရုံစိုက်နေခြင်းက တစ်နေ့ပြီးတစ်နေ့ မြင်တွေ့နေရသောဆင်းရဲဒုက္ခများအကြားတွင် မိမိ၏ဘုရားရေးရာလုပ်ငန်းတော်ကို ရွှင်လန်းစွာ ဆက်လက်ထိန်းသိမ်းရန် ကိုယ်တော့်အားအကူအညီဖြစ်စေခဲ့သည်။ နောက်ပိုင်း ဤသို့ပေါလုရေးသားခဲ့သည်– “ထိုသခင်သည် မိမိရှေ့ ၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။”—ဟေဗြဲ ၁၂:၂။
ခက်ခဲမှုများနှင့် စုံစမ်းမှုဖြစ်သောအခြေအနေများက မိမိကိုစိတ်ဓာတ်ပျက်ပြားသွားစေရန်၊ လမ်းလွဲသွားစေရန် သို့မဟုတ် ယုံကြည်ခြင်းတွင် ယိမ်းယိုင်သွားစေရန် ဘယ်တော့မျှ ယေရှုခွင့်မပြုခဲ့ချေ။ ကိုယ်တော်၏တပည့်တော်များအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မြင့်မြတ်လှသောပုံသက်သေကို အနီးကပ်ဆုံးလိုက်လျှောက်ရမည်ဖြစ်သည်။—မဿဲ ၁၆:၂၄။
မမြင်နိုင်သည့် ထာဝရဖြစ်သောအရာများပေါ် အာရုံစူးစိုက်လေ!
ယေရှုကို အဘယ်အရာကခံနိုင်ရည်ရှိစေသည်ဟူသည့်အကြောင်းကို ပြောဆိုရာတွင် ပေါလုက “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့” ဟု ရေးသားခဲ့သည်တွင် ကျွန်ုပ်တို့အတွက်ဖြစ်သောကဏ္ဍပိုင်းကိုလည်း ညွှန်ပြခဲ့၏။ (ဟေဗြဲ ၁၂:၁၊ ၂) မှန်သည်၊ ခရစ်ယာန်လမ်းစဉ်ကို အောင်မြင်စွာနှင့် ရွှင်လန်းစွာပြေးလှမ်းနိုင်ရန် ကျွန်ုပ်တို့၏မျက်မှောက်၌ရှိသောအရာများကို ကျော်၍ကြည့်ရမည်ဖြစ်သည်။ သို့သော် ယေရှုကို မည်သို့ “စေ့စေ့ထောက်ရှု” ကြမည်နည်း၊ ယင်းက ကျွန်ုပ်တို့အတွက်ဘာလုပ်ပေးမည်နည်း။
တစ်ခုအနေနှင့် ယေရှုသည် ၁၉၁၄ ၌ ဘုရားသခင်၏နိုင်ငံတော်ဘုရင်အဖြစ် တင်မြှောက်ခံရပြီး ကောင်းကင်မှနေ၍ အုပ်ချုပ်လျက်ရှိသည်။ ယင်းတို့အားလုံး ကျွန်ုပ်တို့၏ပကတိမျက်စိဖြင့် မြင်ရမည်မဟုတ်သည်မှာ အမှန်ပင်။ သို့သော် ယေရှုကို ကျွန်ုပ်တို့ “စေ့စေ့ထောက်ရှု” ကြပါက ကိုယ်တော်သည် လက်ရှိအစီအစဉ်စနစ်ကို နိဂုံးချုပ်ရန်၊ ပြည်နှင်ဒဏ်ပေးထားခံရသော စာတန်နှင့်သူ၏နတ်ဆိုးအုပ်စုများကို မလှုပ်ရှားနိုင်အောင်ချုပ်နှောင်ထားရန် အရေးယူလုပ်ဆောင်ဖို့အသင့်ရှိနေပြီဖြစ်ကြောင်းကို တွေ့ မြင်နိုင်ရန် ကျွန်ုပ်တို့၏ဝိညာဏမျက်စိကကူညီပေးပေလိမ့်မည်။ ထပ်၍ကြည့်လိုက်မည်ဆိုပါက ကျွန်ုပ်တို့၏ဝိညာဏအမြင်အာရုံသည် “နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဖြစ်သည့် အံ့ဖွယ်ကမ္ဘာသစ်တစ်ခုကို ဖော်ပြပေးပေလိမ့်မည်။—ဗျာဒိတ် ၁၉:၁၁-၁၆; ၂၀:၁-၃; ၂၁:၄။
ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ်ရင်ဆိုင်နေရကောင်းနေရမည့် ခဏသာ ဖြစ်သောဆင်းရဲဒုက္ခများကြောင့်ဝန်ပိနေမည့်အစား ထာဝရဖြစ်သောအရာများပေါ်၌ အာရုံစူးစိုက်ကြည့်နေမည်ဆိုလျှင် မကောင်းပေလော။ ယုံကြည်ခြင်းမျက်လုံးဖြင့် ဤညစ်ညမ်းသောကမ္ဘာမြေရှိ ဖျားနာမှုနှင့် လောဘကြီးမှုတို့ကိုကျော်၍ ကျန်းမာမှု၊ ပျော်ရွှင်မှုနှင့် ဂရုတစိုက်ရှိသောလူများဖြင့် ပြည့်နေမည့်ပရဒိသုတစ်ခုကို ကြည့်မည်ဆိုလျှင်ကော မကောင်းပေလော။ ကာယနှင့်ဝိညာဏနှစ်တန်စလုံးရှိ ကျွန်ုပ်တို့၏အပြစ်အနာအဆာများကိုကျော်၍ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာ အကျိုးကျေးဇူးကြောင့် ယင်းတို့မှ ထာဝရလွတ်မြောက်သွားပြီဖြစ်သော ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ကြည့်ဖို့မသင့်ပေလော။ စစ်၊ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုကြောင့် ကျန်ရစ်သောအနိဋ္ဌာရုံကိုကျော်၍ ယေဟောဝါ၏ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်း၌ ညွှန်ကြားခံနေရမည့် ထမြောက်လာသူလူသစ်များကိုကြည့်လျှင် မကောင်းပေလော။
ထပ်ဆင့်၍ ယေရှုကို “စေ့စေ့ထောက်ရှု” ခြင်းတွင် မမြင်ရသော်လည်း ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင့်လူမျိုးတော်အကြားတွင် ပြီးမြောက်အောင်မြင်စေနေသောအရာများဖြစ်သည့် စည်းလုံးမှု၊ ငြိမ်သက်မှု၊ ချစ်ခြင်းမေတ္တာ၊ ညီရင်းအစ်ကိုသဘောထားနှင့် ဝိညာဏစည်းစိမ်ချမ်းသာတို့အပေါ် ကျွန်ုပ်တို့၏ဝိညာဏမျက်စိဖြင့် စူးစိုက်၍ကြည့်နေခြင်းလည်းပါဝင်ပေသည်။ ဂျာမနီမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးက မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးစေခြင်းဟူသည့် ဗီဒီယိုခွေကိုကြည့်ပြီးနောက် ဤသို့ရေးသားခဲ့သည်– “ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေဟာ လူအများဆန့်ကျင်နေတဲ့ကြားက ယခုလောလောဆယ်အချိန်အတွင်းမှာတောင် ယေဟောဝါကိုသစ္စာရှိရှိအမှုထမ်းနေကြတယ်ဆိုတာကို ကျွန်မရဲ့စိတ်မှာ ပိုပြီးစွဲမှတ်နေဖို့ ဒီဗီဒီယိုကအကူအညီပေးသွားမှာပါပဲ။ အကြမ်းဖက်မှု၊ မုန်းတီးမှုနဲ့ပြည့်နေတဲ့ လောကမှ ကျွန်မတို့ရဲ့ညီရင်းအစ်ကိုစည်းလုံးမှုဟာ ဘယ်လောက်တောင်တန်ဖိုးရှိလိုက်ပါသလဲလေ!”
အသင်ကော ယေဟောဝါ၊ ယေရှု၊ သစ္စာရှိကောင်းကင်တမန်များနှင့် သန်းပေါင်းများစွာသောခရစ်ယာန်ချင်းများတို့ သင့်ဘက်၌ ရပ်တည်လျက်ရှိကြောင်း “တွေ့ မြင်” ပါ၏လော။ တွေ့ မြင်ပါက သင်သည် မျှော်လင့်ချက်ကင်းမဲ့သည့်နွံထဲတွင် နစ်မြုပ်သွားစေနိုင်သည့်“လောကီအမှု၌စိုးရိမ်ခြင်း” တွင် အလွန်အကျွံပါဝင်ပတ်သက်သွားမည်မဟုတ်သကဲ့သို့ ခရစ်ယာန်လုပ်ငန်းတော်တွင် “အသီးမသီး” ဘဲ ဖြစ်လာလိမ့်မည်လည်းမဟုတ်ပါ။ (မဿဲ ၁၃:၂၂) ထို့ကြောင့် တည်ထောင်ပြီးဖြစ်သော ဘုရားသခင်နိုင်ငံတော်နှင့် ယင်း၏ကောင်းချီးများကို ပစ္စုပ္ပန်၌ကော အနာဂတ်၌ပါ ကျွန်ုပ်တို့၏ဝိညာဏမျက်စိဖြင့် စူးစိုက်ကြည့်ရှုနေခြင်းအားဖြင့် ခရစ်တော်ကို “စေ့စေ့ထောက်ရှု” ပါ။
မမြင်နိုင်သည့်အရာကို တွေ့ မြင်ရန်အတွက် ရှင်သန်လော!
ဘုရားသခင်၏ ထာဝစဉ်တည်တံ့သွားမည့်ကမ္ဘာသစ်နှင့် ယနေ့ တစ်စစီပြိုကွဲပျက်စီးနေသောလောကအကြား ရှင်းလင်းပြတ်သားသည့်ခြားနားချက်ကို တွေ့ မြင်သောအခါ ယခုအချိန်၌ ယုံကြည်ခြင်းမျက်စိဖြင့်သာ မြင်နိုင်သောအရာများကို အသက်ရှင်လျက်ပကတိမြင်တွေ့ထိုက်သူအဖြစ် ရေတွက်ခံရသောသူကဲ့သို့ ပြုမူကျင့်ကြံရန် လှုံ့ဆော်ခံသင့်သည်။ မြောက်မြားလှစွာသော ထမြောက်လာသူများသည် သူတို့မသေမီက တွေ့ မြင်ခဲ့သည့်လောကနှင့်အလွန်ကွာခြားလှသော ဖြောင့်မတ်ခြင်းတည်နေရာ ပရဒိသုမြေကြီးတစ်ခုကို ထမြောက်လာသောအခါ၌ တွေ့ မြင်ကြရရာ သူတို့၏မျက်စိကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ကြလိမ့်မည်။ အသက်ရှင်လျက်ရှိနေသောကြောင့် သူတို့ကိုကြိုဆို၍ ဘုရားသခင်လုပ်ဆောင်ခဲ့ရာများကို ရှင်းလင်းပြရခြင်းမှခံစားရသည့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုကြီးကို စဉ်းစားသာကြည့်ပါ!—ယောလ ၂:၂၁-၂၇ နှိုင်းယှဉ်။
မှန်ပေသည်၊ ကောင်းသောဝိညာဏမျက်စိသည် အလွန်တန်ဖိုးရှိ၍ ယင်းကို ဆက်၍ထက်မြက်စူးရှမှုရှိနေစေခြင်းသည် အလွန်အရေးကြီးလှပေသည်တကား! ယင်းကို ကျွန်ုပ်တို့ပြုလုပ်နိုင်သည့်နည်းမှာ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုကို မှန်မှန်လုပ်ခြင်း၊ ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ရောက်ခြင်း၊ ကျွန်ုပ်တို့၏ကျမ်းစာအခြေခံမျှော်လင့်ချက်အကြောင်းကို အခြားသူများအား မှန်မှန်ပြောပြခြင်းနှင့် အရေးအကြီးဆုံးမှာ ဘုရားသခင့်လမ်းညွှန်မှုအတွက် မှန်မှန်ဆုတောင်းခြင်းတို့ကို ပြုခြင်းအားဖြင့် လုပ်ဆောင်နိုင်ပေသည်။ ယင်းက ကျွန်ုပ်တို့၏ဝိညာဏအမြင်အာရုံကို ထက်မြက်စူးရှ၍ ကြည်လင်မှု ဆက်ရှိနေစေပြီး ကျွန်ုပ်တို့တွေ့ မြင်ရသည့်အရာများကိုကျော်၍ ကျွန်ုပ်တို့အား မြင်တွေ့စေနိုင်ပေလိမ့်မည်။