ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁ စာ. ၆-၁၁
  • ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထာဝရအသက်!
  • ပရဒိသုဘုံအသက်တာ
  • ပြန်လည်ထူထောင်သည့် ပရဒိသုဘုံအသက်တာ
  • အသိပညာနှင့် သင်၏အနာဂတ်
  • ပရဒိသုသို့ အိမ်ပြန်ခရီး
    နိုးလော့!—၁၉၉၈
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ပရဒိသု
    နိုးလော့!—၂၀၁၃
  • ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁ စာ. ၆-၁၁

အခန်း ၁

ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!

၁၊ ၂။ ဖန်ဆင်းရှင်သည် သင့်အား အဘယ်အရာရယူပိုင်ဆိုင်စေလိုတော်မူသနည်း။

ချစ်ခင်မြတ်နိုးသူတစ်ဦး၏ နွေးထွေးသောပွေ့ဖက်မှု။ ချစ်ခင်သောမိတ်ဆွေများနှင့်အတူ စားကောင်းသောက်ဖွယ်များစားသောက်စဉ် ဟက်ဟက်ပက်ပက်ရယ်မောခြင်း။ သင့်သားသမီးများ ပျော်ရွှင်မြူးထူးစွာ ကစားနေသည်ကိုကြည့်ရသည့် သာယာကြည်နူးမှု။ ယင်းသို့သောတဒင်္ဂအချိန်လေးများသည် ဘဝတွင် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော အခိုက်အတန့်များဖြစ်ပေသည်။ သို့ရာတွင် လူများစွာတို့အဖို့ဆိုလျှင် ဘဝသည် ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ပြည့်လျက်ရှိသည်ဟု ထင်မှတ်ရပေသည်။ ထိုအတိုင်း အသင်လည်းကြုံတွေ့နေရပါက စိတ်မပျက်ပါနှင့်၊ အားတင်းပါ။

၂ ဘုရားသခင်၏အလိုတော်မှာ အထူးကောင်းမွန်သောပတ်ဝန်းကျင်၌ အကောင်းဆုံးအခြေအနေမျိုးအောက်တွင် သင်ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားရန်ပင်ဖြစ်ပါသည်။ ဤသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုကဲ့သို့သောပျော်ရွှင်ချမ်းမြေ့သည့် အနာဂတ်၏သော့ချက်ကို သင့်အားတကယ်ပင် ကမ်းလှမ်းထားလျက်ရှိသည်။ ၎င်းသော့ချက်မှာ အသိပညာပင်ဖြစ်သည်။

၃။ အဘယ်အသိပညာသည် ပျော်ရွှင်ချမ်းမြေ့မှု၏သော့ချက် ဖြစ်သနည်း။ ထိုအသိပညာကို ဘုရားသခင်ပေးနိုင်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ချယုံကြည်နိုင်သနည်း။

၃ လူ့ဉာဏ်ပညာထက် အဆများစွာသာလွန်သော ထူးခြားသည့်အသိပညာတစ်မျိုးကို ကျွန်ုပ်တို့ပြောနေခြင်းဖြစ်သည်။ ယင်းမှာ “ဘုရားသခင်အားသိကျွမ်းခြင်းပညာ” ဖြစ်သည်။ (သု. ၂:၅၊ ကဘ) လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးအချိန်က ကျမ်းရေးသူတစ်ဦးက “အိမ်တိုင်းကို တစ်ယောက်ယောက်ဆောက်ရ၏။ အရာခပ်သိမ်းကို တည်ဆောက်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း” ဟူ၍ဆိုခဲ့သည်။ (ဟေဗြဲ ၃:၄၊ သမ) အရာခပ်သိမ်းကို ပြုလုပ်သောအရှင်၌ရှိသည့်အသိပညာကို စဉ်းစားကြည့်ပါ! ဘုရားသခင်သည် ကြယ်တာရာရှိရှိသမျှတို့ကိုရေတွက်၍ အမည်မှည့်ခေါ်တော်မူကြောင်း ကျမ်းစာကဆို၏။ ကျွန်ုပ်တို့၏ဂလက်ဆီအတွင်း၌ပင် ကြယ်တာရာ ဘီလီယံရာပေါင်းများစွာရှိပြီး အခြားသောဂလက်ဆီပေါင်း ဘီလီယံတစ်ရာခန့်ရှိသည်ဟု နက္ခတ္တဗေဒပညာရှင်များကဆိုထားသဖြင့် ထိတ်လန့်အံ့သြဖွယ်ကောင်းသော အကြံအစည်ပါတကား! (ဆာလံ ၁၄၇:၄) ဘုရားသခင်သည် ကျွန်ုပ်တို့၏အကြောင်းကိုလည်း ဂဃနဏသိတော်မူသည်ဖြစ်ရာ ဘဝနှင့်ဆိုင်သော အရေးကြီးသည့်မေးခွန်းများကို ဖြေကြားပေးနိုင်သူမှာ ကိုယ်တော်မှတစ်ပါး အခြားမည်သူရှိပါအံ့နည်း။—မဿဲ ၁၀:၃၀။

၄။ ဘုရားသခင်သည် ကျွန်ုပ်တို့အားလမ်းပြရန် ညွှန်ကြားချက်များ ပေးတော်မူမည်ဟု အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။ ယင်းလိုအပ်ချက်ကို အဘယ်စာအုပ်က ဖြည့်စွက်ပေးသနည်း။

၄ လူနှစ်ဦးသည် ၎င်းတို့၏ကားများကို ကြိုးစားပြင်နေကြသည်ဟု စိတ်ကူးပုံဖော်ကြည့်ပါ။ တစ်ယောက်က စိတ်ပျက်လက်ပျက်နှင့် လက်နက်ကိရိယာများကို ပစ်ချလိုက်သည်။ ကျန်တစ်ယောက်မူ ခေါင်းအေးအေးထား၍ ပြဿနာကိုဖြေရှင်းပြီး သော့ကိုလှည့်လိုက်သည်၊ စက်နိုး၍ ညက်ညောစွာလည်လာသည့်အခါ တစ်ချက်ပြုံးလိုက်သည်။ ထိုသူနှစ်ဦးအနက် မည်သူ၌ ထုတ်လုပ်သူထံမှ လမ်းညွှန်လက်စွဲစာအုပ်ရှိကြောင်း အပင်ပန်းခံ၍ မှန်းဆနေစရာပင်မလိုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘဝလမ်းညွှန်အဖြစ် ညွှန်ကြားချက်များကို ပေးတော်မူမည်မှာ အဓိပ္ပာယ်မရှိပေလော။ သင်သိသည့်အတိုင်း သမ္မာကျမ်းစာကိုယ်နှိုက်က ထိုသို့—ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ပေးရန်ရည်ရွယ်၍ ဖန်ဆင်းတော်မူရှင်ထံမှလာသော ညွှန်ကြားချက်နှင့်လမ်းညွှန်ချက်များ ပါရှိသောစာအုပ်—ဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။—၂ တိမောသေ ၃:၁၆။

၅။ သမ္မာကျမ်းစာ၌ပါရှိသော အသိပညာသည် မည်မျှတန်ဖိုးကြီးမားသနည်း။

၅ ကျမ်းစာအဆို မှန်ကန်ခဲ့သည်ရှိသော် ထိုစာအုပ်၌ အသိပညာသိုက် မည်မျှကြွယ်ဝမည်ကို စဉ်းစားကြည့်ပါလေ! နယပုံပြင်ကျမ်း ၂:၁-၅၊ (ကဘ) တွင် ဉာဏ်ပညာကိုရှာရန်၊ ဝှက်ထားသောဘဏ္ဍာကို တူးဖော်သကဲ့သို့ ဉာဏ်ပညာကိုတူးဖော်ရန်၊ သို့သော် လူ့အတွေးအခေါ်တည်းဟူသောမြေ၌မဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်၌ တူးဖော်ရန်တိုက်တွန်းသည်။ နှုတ်ကပါဌ်တော်၌ ရှာဖွေမည်ဆိုပါက “ဘုရားသခင်အားသိကျွမ်းခြင်းပညာကိုတွေ့” လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကန့်သတ်ချက်နှင့် လိုအပ်ချက်များကို သိသောကြောင့် ကျွန်ုပ်တို့အေးချမ်းပျော်ရွှင်သည့်အသက်တာဖြင့် သက်ရှင်နိုင်ရန်ထောက်ကူသည့်ညွှန်ကြားချက်ကို ပေးတော်မူ၏။ (ဆာလံ ၁၀၃:၁၄; ဟေရှာယ ၄၈:၁၇) ထိုမျှမက ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော သတင်းကောင်းကိုပါ ကမ်းလှမ်းပေး၏။

ထာဝရအသက်!

၆။ ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်စပ်လျဉ်း၍ ယေရှုခရစ်က အဘယ်အာမခံချက် ပေးတော်မူသနည်း။

၆ ထင်ရှားသောသမိုင်းဝင်ပုဂ္ဂိုလ်ကျော် ယေရှုခရစ်က ဘုရားသခင်အားသိကျွမ်းခြင်းပညာ၏ ၎င်းထူးခြားချက်ကို ရှင်းလင်းစွာဖော်ပြတော်မူ၏။ “ထာဝရအသက် ဟူသည်မှာ [တစ်ပါးတည်း] ဖြစ်သော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟူ၍ကိုယ်တော်မိန့်တော်မူ၏။ (ယောဟန် ၁၇:၃၊ သမ) ထာဝရအသက်ရစေသော အသိပညာအကြောင်းကို စဉ်းစားကြည့်ပါလေ!

၇။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သေဆုံးစေရန် ရည်ရွယ်တော်မမူကြောင်း မည်သို့သိရှိရသနည်း။

၇ ထာဝရအသက်ကို စိတ်ကူးယဉ်အိပ်မက်မျှသာဖြစ်သည်ဟူသောသဘောဖြင့် ဦးနှောက်ထဲမှလျင်မြန်စွာ ထုတ်မပစ်လိုက်ပါနှင့်။ ထိုသို့ပြုမည့်အစား လူ့ခန္ဓာကိုယ် ပြုလုပ်ထားပုံကိုကြည့်လိုက်ပါ။ ယင်းသည် အရသာခံနိုင်ရန်၊ ကြားနိုင်ရန်၊ အနံ့ခံနိုင်ရန်၊ မြင်နိုင်ရန်၊ ထိတွေ့ခံစားနိုင်ရန် သားသားနားနား ဖန်တီးထားခြင်းခံရသည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့၏အာရုံများကို သာယာကြည်နူးစေသည့်အရာ ဒုနှင့်ဒေးရှိသည်—အရသာရှိသောအစားအစာ၊ သာယာနာပျော်ဖွယ်ကောင်းသော ကျေးငှက်တို့၏တွန်ကျူးသံ၊ ရနံ့သင်းသောပန်းပွင့်များ၊ သာယာလှပသောရှုမျှော်ခင်း၊ ကြည်နူးဖွယ်ကောင်းသော ပေါင်းဖော်မှု! အံ့ဖွယ်သရဲဖြစ်သော ဦးနှောက်သည် ဆူပါကွန်ပျူတာထက် များစွာသာလွန်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်သည် ကျွန်ုပ်တို့အား အထက်ဖော်ပြပါအရာများကို သိရှိခံစားနိုင်စွမ်းရှိစေသည်။ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့သေဆုံး၍ ထိုအရာအားလုံးကို လက်လွှတ်ဆုံးရှုံးစေရန် လိုလားတော်မူသည်ဟု သင်ထင်ပါသလော။ ကျွန်ုပ်တို့ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်၍ ဘဝကိုထာဝစဉ်မွေ့လျော်ခံစားရန် လိုလားတော်မူသည်ဟုယူမှတ်လျှင် ပို၍ပင်ကျိုးကြောင်းဆီလျော်သည် မဟုတ်ပေလော။ မှန်ပါသည်၊ ဤသည်တို့မှာ ဘုရားသခင်အားသိကျွမ်းခြင်းပညာက သင့်အဖို့ ရည်မှန်းထားသည့်အရာများ ဖြစ်နိုင်ပေသည်။

ပရဒိသုဘုံအသက်တာ

၈။ လူသားတို့၏အနာဂတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဘာဆိုထားသနည်း။

၈ ကမ္ဘာမြေကြီးနှင့် လူသားတို့၏အနာဂတ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာအဆိုကို စကားလုံးတစ်လုံးတည်းအဖြစ် အကျဉ်းချုံးလိုက်နိုင်သည်– ပရဒိသုဘုံပင်တည်း! ယေရှုခရစ်တော်က “သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” ဟူ၍ အသက်ငင်နေသူတစ်ဦးအား မိန့်ကြားရာ၌ ဤအကြောင်းကိုမိန့်တော်မူခဲ့သည်။ (လုကာ ၂၃:၄၃) ပရဒိသုဘုံအကြောင်း ကြားလိုက်သည့်အခါ ထိုသူ၏စိတ်ထဲ၌ ကျွန်ုပ်တို့၏ ကနဦးမိဘနှစ်ပါးဖြစ်သည့် အာဒံနှင့်ဧဝတို့ ခံစားခဲ့ရသည့် ပျော်ရွှင်ချမ်းမြေ့သောအခြေအနေကို ချက်ချင်းသတိရမိမည်မှာ ယုံမှားဖွယ်မရှိပေ။ သူတို့ကို ဘုရားသခင်ဖန်ဆင်းစဉ်က သူတို့သည်စုံလင်ပြီး ဖန်ဆင်းရှင် ပုံစံထုတ်၍စိုက်ပျိုးတော်မူသည့် ပန်းခြံနှင့်တူသောဥယျာဉ်အတွင်း နေထိုင်ခဲ့ကြသည်။ ယင်းကို ဧဒင်ဥယျာဉ်ဟု လျောက်ပတ်စွာခေါ်သည်။ ယင်းအမည်သည် သာယာကြည်နူးမှုဟူသောအဓိပ္ပာယ်ဆောင်သည်။

၉။ မူလပရဒိသုဘုံ၏နေထိုင်မှုသည် မည်သည့်ပုံစံရှိသနည်း။

၉ ထိုဥယျာဉ်သည် သာယာကြည်နူးဖွယ်ကောင်းလှသည်တကား! ပရဒိသုဘုံအစစ်ဖြစ်ပေသည်။ လှပသောသစ်ပင်များကြားတွင် ချိုမြိန်သောအသီးများသီးသည့်အပင်များ ပေါက်ရောက်ကြသည်။ အာဒံနှင့်ဧဝတို့အနေဖြင့် သူတို့၏ပိုင်နက်ကို စူးစမ်းရှာဖွေသည့်အခါ၌ဖြစ်စေ၊ ၎င်းနယ်ပယ်အတွင်းမှ ကြည်လင်အေးမြသည့်ရေကို သောက်သည့်အခါ၌ဖြစ်စေ၊ အပင်များမှအသီးများကို ဆွတ်ခူးသည့်အခါ၌ဖြစ်စေ စိုးရိမ်စရာ၊ ကြောက်ရွံ့စရာအကြောင်း လုံးဝမရှိပေ။ လူယောက်ျားနှင့် သူ၏ဇနီးတို့အား တိရစ္ဆာန်ရှိရှိသမျှတို့ကို မေတ္တာနှင့်အုပ်ချုပ်ရန် ဘုရားသခင် နေရာချထားတော်မူသောကြောင့် တိရစ္ဆာန်များပင် သူတို့ကိုအန္တရာယ်မပြုကြချေ။ ထိုမျှမက ပထမလူသားမောင်နှံတို့သည် ကျန်းမာရေးဘက်တွင်ဒေါင်ဒေါင်မြည်ကြသည်။ ဘုရားသခင့်အမိန့်တော်ကို နာခံသမျှကာလပတ်လုံး ထာဝရပျော်ရွှင်ချမ်းမြေ့သည့် အနာဂတ်သည် သူတို့ကိုကြိုလင့်လျက်ရှိနေမည်။ အထူးကောင်းမွန်သော ပရဒိသုဘုံစံအိမ်ကို ပြုစုစောင့်ရှောက်ရသည့် ကျေနပ်ဖွယ်ကောင်းသောအလုပ်ကို သူတို့ရရှိထားသည်။ ၎င်းအပြင်ဘုရားသခင်က အာဒံနှင့်ဧဝတို့အား “မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟူသောအမိန့်ကိုလည်းပေးတော်မူ၏။ သူတို့နှင့်သူတို့သားမြေးတို့သည် ဤကမ္ဘာဂြိုဟ်တစ်ခုလုံးကို သာယာလှပကြည်နူးဖွယ်ကောင်းသောနေရာဒေသ ဖြစ်လာသည်အထိ ပရဒိသုဘုံ၏နယ်နိမိတ်ကို တိုးချဲ့သွားရမည်။—ကမ္ဘာဦး ၁:၂၈။

၁၀။ ယေရှုသည် ပရဒိသုဘုံအကြောင်းမိန့်တော်မူရာ၌ အဘယ်အရာကို ဆိုလိုတော်မူသနည်း။

၁၀ သို့ရာတွင် ပရဒိသုဘုံအကြောင်း မြွက်ကြားရာ၌ ယေရှုသည် အသက်ငင်နေသူအား ဝေးလံသောအတိတ်ကာလကို စဉ်းစားခိုင်းနေခြင်းမဟုတ်ပါ။ အနာဂတ်ကာလအကြောင်းကို မိန့်တော်မူနေခြင်းဖြစ်သည်! ကျွန်ုပ်တို့၏စံအိမ် ဤကမ္ဘာမြေတစ်ပြင်လုံးသည် ပရဒိသုဘုံဖြစ်လာမည်ကို ကိုယ်တော်သိတော်မူ၏။ ဤသို့ဖြင့် လူသားများနှင့်ဤကမ္ဘာမြေအတွက် ထားရှိသည့်မူလရည်ရွယ်ချက်ကို ဘုရားသခင် ပြည့်စုံစေတော်မူမည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) မှန်ပါသည်၊ ပရဒိသုဘုံ ပြည်လည်တည်ထောင်လာလတ္တံ့! ယင်းသည် မည်သည့်ပုံစံရှိမည်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ ဖြေဆိုပါလေစေ။

ပြန်လည်ထူထောင်သည့် ပရဒိသုဘုံအသက်တာ

၁၁။ ပြန်လည်တည်ထောင်သည့် ပရဒိသုဘုံတွင် နာခြင်း၊ အိုခြင်းနှင့်သေခြင်းတို့ ဘာဖြစ်သွားကြမည်နည်း။

၁၁ နာခြင်း၊ အိုခြင်းနှင့်သေခြင်း ရှိတော့မည်မဟုတ်။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) “ဘုရားသခင်သည် ကိုယ်တော်တိုင် [လူသား] တို့နှင့်အတူရှိ . . . တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ။”—ဗျာဒိတ် ၂၁:၃၊ ၄၊ သမ္မာ။

၁၂။ ပြန်လည်တည်ထောင်သည့် ပရဒိသုဘုံတွင် ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် ဆိုးယုတ်မှုများ ရှိမည်မဟုတ်ကြောင်း အဘယ်ကြောင့်စိတ်ချယုံကြည်နိုင်သနည်း။

၁၂ ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် ဆိုးယုတ်မှုများ ထာဝစဉ်ပပျောက်လတ္တံ့။ “အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ . . . ခဏကြာပြီးမှ ဆိုးသောသူသည် မရှိရ။ . . . သူကိုမတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“ကမ္ဘာမြေကြီး၊” ကဘ]ကိုအပိုင်ရ . . . လိမ့်မည်။” (ဆာလံ ၃၇:၉-၁၁၊ သမ္မာ) “ဆိုးသောသူတို့မူကား ပြည်တော် [“ကမ္ဘာမြေကြီး၊” ကဘ] မှပယ်ရှားခြင်း၊ သစ္စာဖျက်သောသူတို့လည်း နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”—သု. ၂:၂၂၊ သမ္မာ။

၁၃။ ငြိမ်းချမ်းမှုကို ဘုရားသခင် မည်သို့ဆောင်ကြဉ်းပေးတော်မူမည်နည်း။

၁၃ ကမ္ဘာတစ်လွှား ငြိမ်းချမ်းရေးစိုးမိုးလတ္တံ့။ “[ဘုရားသခင်သည်] လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။” (ဆာလံ ၄၆:၉) “ဖြောင့်မတ်သောသူသည် ပွင့်လန်း၍ လမင်းပပျောက်ခြင်းသို့ ရောက်သည်တိုင်အောင် ငြိမ်သက်ခြင်းချမ်းသာ များပြားလိမ့်မည်။”—ဆာလံ ၇၂:၇၊ ကဘ။

၁၄၊ ၁၅။ ပြန်လည်တည်ထောင်သည့် ပရဒိသုဘုံတွင်ရှိမည့် အိုးအိမ်၊ အလုပ်အကိုင်၊ အစားအစာတို့နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့ဆိုထားသနည်း။

၁၄ အိုးအိမ်လုံခြုံ၍ အလုပ်တွင်ကျေနပ်မှုရှိမည်။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေရကြလိမ့်မည်။ . . . သူတို့သည်ဆောက်၍ အခြားသူနေရမည်မဟုတ်။ သူတို့စိုက်၍ အခြားသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ ငါရွေးချယ်သူတို့သည် ကိုယ်ပြုစုသောအရာများကို အဆုံးတိုင်ခံစားရကြလိမ့်မည်။ သူတို့သည် အချည်းနှီးမလုပ်ဆောင်ရကြ။ ရုတ်တရက်သင့်သောဘေးဥပဒ်အဖို့ သားသမီးမဖွားမြင်ရကြ။”—ဟေရှာယ ၆၅:၂၁-၂၃၊ သမ္မာ။

၁၅ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ အလျှံပယ်ပေါကြွယ်မည်။ “ကမ္ဘာပေါ်တွင် ကောက်ပဲသီးနှံပေါများ၍ တောင်ထိပ်များပေါ်တွင် ဖြိုးမောက်လိမ့်မည်။” (ဆာလံ ၇၂:၁၆၊ ကဘ) “မြေကြီးသည် အသီးအနှံများကို ဖြစ်ပွားစေပြီ။ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသည် ငါတို့အားကောင်းချီးပေးတော်မူပြီ။”—ဆာလံ ၆၇:၆၊ သတင်းကောင်း။

၁၆။ ပရဒိသုဘုံအသက်တာသည် အဘယ်ကြောင့် သာယာကြည်နူးဖွယ်ကောင်းမည်နည်း။

၁၆ ပရဒိသုမြေကြီးပေါ်ရှိ ထာဝရအသက်တာသည် သာယာကြည်နူးဖွယ်ဖြစ်မည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“ကမ္ဘာမြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) “သဲတောနှင့် သွေ့ခြောက်ရာအရပ်မူကား ဝမ်းမြောက်၍ သဲကန္တာရလည်း ဆီးပွင့်သဖွယ်ပွင့်လျက် ရွှင်လန်းလိမ့်မည်။”—ဟေရှာယ ၃၅:၁၊ သမ။

အသိပညာနှင့် သင်၏အနာဂတ်

၁၇။ (က) ပရဒိသုဘုံအသက်တာသည် သင့်အဖို့ နှစ်သက်ဖွယ်ဖြစ်ပါက သင်ဘာလုပ်သင့်သနည်း။ (ခ) မကြာမီ ကမ္ဘာပေါ်တွင် ကြီးမားသောပြောင်းလဲမှုကို ဘုရားသခင်ဖြစ်စေတော်မူမည်ဟု အဘယ်သို့ သိရှိရသနည်း။

၁၇ ပရဒိသုဘုံရှိအသက်တာသည် သင့်အဖို့ နှစ်သက်စရာဖြစ်ပါက ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဆည်းပူးရယူရေး၌ မည်သည့်အရာကိုမျှ အဟန့်အတားဖြစ်ခွင့် မပြုပါနှင့်။ ကိုယ်တော်သည် လူသားတို့ကိုချစ်၍ မြေကြီးကိုပရဒိသုဘုံဖြစ်စေရန် လိုအပ်သောပြောင်းလဲမှုများကို ဖြစ်ပေါ်စေတော်မူမည်။ အကယ်၍ သင်၌ ကမ္ဘာ့နေရာတိုင်းတွင်တွေ့နေရသော စိတ်ဆင်းရဲမှုများနှင့် မတရားမှုများကို အဆုံးသတ်ပစ်နိုင်သည့်အစွမ်း ရှိခဲ့သော် ထိုအတိုင်းပြုမည်မဟုတ်ပေလော။ ဘုရားသခင်သည် ထိုမျှလောက်ပင်မပြုဟု ထင်မှတ်သင့်သလော။ စင်စစ်ဆိုလျှင် ပဋိပက္ခထူပြောသော ဤကမ္ဘာ့စနစ်ကြီးကို ဘုရားသခင်ပယ်ရှားပြီး စုံလင်ဖြောင့်မတ်သော အုပ်ချုပ်ရေးတစ်ခုဖြင့် အစားထိုးတော်မူမည့်အချိန်ကို သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (ဒံယေလ ၂:၄၄၊ ၄၅) သို့သော် သမ္မာကျမ်းစာသည် ဤအကြောင်းအရာအားလုံးကို အသိပေးရုံမျှမက လုပ်ဆောင်ပါသည်။ ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်အတွင်း မည်သို့ကပ်ကျော်ဝင်ရောက်ရမည်အကြောင်းကိုပါ ဖော်ပြထားသည်။—၂ ပေတရု ၃:၁၃; ၁ ယောဟန် ၂:၁၇။

၁၈။ ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် ယခုပင် သင့်အား မည်သို့အကျိုးပြုသနည်း။

၁၈ ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် ယခုလောလောဆယ်၌ပင် သင့်အားများစွာအကျိုးပြုနိုင်ပါသည်။ သမ္မာကျမ်းစာသည် ဘဝနှင့်ဆိုင်သော အလေးနက်ဆုံးနှင့် အရှုပ်ထွေးဆုံး မေးခွန်းများ၏အဖြေများကိုပေးထားသည်။ ကျမ်းစာလမ်းညွှန်ချက်ကိုလက်ခံလျှင် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်ရန် အထောက်အကူပြုမည်။ ကြီးမြတ်လှသည့် အခွင့်ထူးပါတကား! ဤသို့အားဖြင့် ဘုရားသခင်တစ်ပါးတည်းသာပေးနိုင်သည့် ငြိမ်သက်ခြင်းကို သင်ခံစားနိုင်ပေလိမ့်မည်။ (ရောမ ၁၅:၁၃၊ ၃၃) အရေးပါလှသော ဤအသိပညာကို စတင်ဆည်းပူးရယူသည်နှင့်အမျှ သင့်အသက်တာတွင် အရေးအကြီးဆုံးနှင့် အပင်ပန်းခံရကျိုးအနပ်ဆုံးသော ကြိုးပမ်းအားထုတ်မှုကို စတင်လိုက်လေသည်။ ထာဝရအသက်ကိုရစေသော ဘုရားသခင်အားသိကျွမ်းခြင်းပညာ ဆည်းပူးရယူခြင်းအတွက် သင်ဘယ်တော့မျှ နောင်တရမည်မဟုတ်ပေ။

၁၉။ နောက်အခန်းတွင် အဘယ်မေးခွန်းကို စဉ်းစားဆင်ခြင်မည်နည်း။

၁၉ သမ္မာကျမ်းစာသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာ ပါရှိသောစာအုပ်ဖြစ်ကြောင်း ရည်ညွှန်းဖော်ပြခဲ့ပြီးဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာသည် လူ့ဉာဏ်ပညာဖြင့်ရေးသားသည့် စာအုပ်မဟုတ်ဘဲ များစွာသာ၍ကြီးမြတ်သောအရာဖြစ်ကြောင်း အဘယ်သို့သိနိုင်သနည်း။ ဤမေးခွန်းကို နောက်အခန်းတွင် စဉ်းစားဆင်ခြင်ကြပါမည်။

သင်၏အသိပညာကို စစ်ဆေးခြင်း

ဘုရားသခင်အားသိကျွမ်းခြင်းပညာက အဘယ်ကြောင့် သင့်ကိုထာဝစဉ် ပျော်ရွှင်ချမ်းမြေ့မှု ရရှိစေနိုင်သနည်း။

လာလတ္တံ့သော မြေကြီးပရဒိသုဘုံအသက်တာသည် မည်သည့်ပုံစံရှိမည်နည်း။

ယခုပင် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို နားလည်သဘောပေါက်ခြင်းဖြင့် အဘယ်ကြောင့် အကျိုးကျေးဇူးရှိမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ