စာအုပ်အဟောင်းများကို ကောင်းစွာအသုံးချပါ
၁ ကမ္ဘာ့ဒေသအသီးသီးတွင် လူတို့သည် စာကြည့်တိုက်များ၌ စာအုပ်အဟောင်းသန်းပေါင်းများစွာကို သိမ်းဆည်းထားကြသည်။ သို့တိုင် ယင်းတို့သည် လူသားမျိုးနွယ်အား မည်သည့်ထာဝရအကျိုးကိုပေးခဲ့ကြပြီနည်း။ (ဒေ. ၁၂:၁၂) ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းက လူသားများအတွက် လုပ်ပေးမည့်အရာများကို အာရုံစူးစိုက်စေသည့် စာပေများသည် သာ၍အဖိုးထိုက်၏။ အသင်းတော်အများစုတွင် ၁၉၈၅ ခုနှစ်မတိုင်မီကထုတ်ဝေသည့် ထိုသို့သောစာအုပ်မျိုးစုံရှိကြသည်။ ကျွန်ုပ်တို့သည် ဇန်နဝါရီလအတွင်း ဤစာအုပ်အဟောင်းများကို လူတို့အားဝေငှကြမည်။
၂ ယင်းတို့သည် စစ်မှန်သောတန်ဖိုးရှိ– ယင်းစာအုပ်အဟောင်းများသည် စာပေအသစ်များနှင့်ယှဉ်လျှင် ခေတ်ကုန်သွားပြီဟု ကျွန်ုပ်တို့ထဲမှအချို့ ယူမှတ်ကြသော်လည်း ယင်းတို့တွင် ကျမ်းစာသမ္မာတရားပါရှိကြောင်း သတိရသင့်သည်။ ယင်းတို့တွင်ရှင်းပြထားသည့် နိုင်ငံတော်သတင်းတရားသည် ယနေ့ထိ အဖိုးတန်ဆဲဖြစ်ပြီး လိုက်လျှောက်မည်ဆိုလျှင် အသက်ကယ်ဆယ်ပေးနိုင်သည်။ (ယော. ၁၇:၃) ထို့ကြောင့် ယင်းစာအုပ်အဟောင်းများကို ကောင်းစွာအသုံးချရန် ကျွန်ုပ်တို့ အထူးကြိုးစားသင့်သည်။
၃ အဖွားထံမှ ကင်းမျှော်စင်စာပေအဟောင်းများစွာကို အမွေရခဲ့သည့် အမျိုးသမီးတစ်ဦး၏တွေ့ ကြုံမှုက ၎င်းတို့၏တန်ဖိုးကိုထင်ရှားစေသည်။ သက်သေခံက အမျိုးသမီးအား စာပေများ၏စစ်မှန်သောတန်ဖိုးကို သူမ သဘောပေါက်မပေါက် မေးမြန်းခဲ့သည်။ အမျိုးသမီးက “စာပေတွေရဲ့တန်ဖိုးကို ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မ ဘယ်လိုတွေ့ရှိနိုင်မလဲ” ဟုပြန်ပြောသည်။ အမျိုးသမီးသည် ကျမ်းစာသင်အံမှုလက်ခံလိုက်ရာ သမ္မာတရားရရှိခဲ့သည်၊ ယင်းနောက်တွင် သူမအဖွား၏စာကြည့်တိုက်ကို တန်ဖိုးထားမြတ်နိုးခဲ့သည်။ စုဆောင်းထားသည့်စာအုပ်အဟောင်းများသည် တန်ဖိုးရှိသောအမွေဖြစ်ကြောင်း ထင်ရှားပါသည်တကား!
၄ ယင်းတို့ကို ဖြန့်ချိပါ– စာအုပ်အဟောင်းများကို တစ်အိမ်မှတစ်အိမ်ဝေငှသည့်အပြင် ကင်းမျှော်စင်နှင့် နိုးလော့!နှစ်စဉ်ကြေးယူသူများနှင့် သင့်မဂ္ဂဇင်းလမ်းကြောင်းများအပါအဝင် ကျွန်ုပ်တို့၏စာပေများကို ဖတ်ချင်ကြသည့် သင်သိထားသူများထံ လည်ပတ်သည့်အခါ ယင်းတို့ကို မပျက်မကွက်ဝေငှပါ။ သင်နှင့်ကျမ်းစာလေ့လာနေသူများအတွက် ရွေးချယ်ထားသောစာအုပ်အဟောင်းများက သမ္မာတရားကို တိုးသိနားလည်စေမည့် နောက်ခံအသိပညာကို သူတို့အားရရှိစေပါသည်။ သင်ကိုယ်ပိုင်စုဆောင်းထားသောစာအုပ်များတွင် မရှိသေးသောမည်သည့်စာအုပ်အဟောင်းများကိုမဆို ရယူထားဖို့ မမေ့ပါနှင့်။ ဤနည်းဖြင့် သင်ကိုယ်ပိုင်လေ့လာမှုလုပ်သည့်အချိန်များကို အကျိုးရှိစေရန် အသုံးပြုနိုင်သည့် အဖိုးတန်သီအိုကရက်တစ်စာကြည့်တိုက်တစ်ခုကို စုဆောင်းမိမည်ဖြစ်သည်။
၅ ကျွန်ုပ်တို့၏စာအုပ်အဟောင်းများကို သိုလှောင်ထားမည့်အစား ကျွန်ုပ်တို့နှင့်တွေ့ဆုံသူများအား “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်” ရန်လှုံ့ဆော်ပေးဖို့ ယင်းတို့ကို ကောင်းစွာအသုံးချကြစို့။—ဒေ. ၁၂:၁၃။