အခန်း တစ်ဆယ့်လေး
ဇရာပိုင်းသို့ တူနှစ်ကိုယ်
၁၊ ၂။ (က) ဇရာပိုင်းသို့ချဉ်းလာသည်နှင့်အမျှ မည်သို့သောပြောင်းလဲမှုများ ဖြစ်ပျက်လာသနည်း။ (ခ) ကျမ်းစာခေတ်မှ ဘုရားဝတ်၌မွေ့လျော်သောသူများသည် ဇရာပိုင်းအရွယ်တွင် ကျေနပ်မှုမည်သို့တွေ့ရှိခဲ့ကြသနည်း။
ကန်ုပ်တို့ ကြီးရင့်လာသည်နှင့်အမျှ အပြောင်းအလဲများစွာဖြစ်ပေါ်လာသည်။ ကာယအားနည်းမှုက ကျွန်ုပ်တို့၏ခွန်အားကို တစ်စတစ်စ လျော့ပါးစေသည်။ မှန်တွင်ကြည့်လိုက်သည့်အခါတိုင်း အသားအရေ ပို၍ပို၍တွန့်လာခြင်း၊ ဆံပင်တဖြည်းဖြည်းဖြူလာခြင်း၊ ဆံပင်ကျွတ်၍ပါးလာခြင်းတို့ကို ဖော်ထုတ်ပြသည်။ မှတ်ဉာဏ်အတော်လေးဆုတ်ယုတ်လာမှုကိုလည်း ကြုံရနိုင်၏။ သားသမီးများအိမ်ထောင်ကျ၍ မြေးများရလာသောအခါ ဆက်ဆံရေးအသစ်များ ပေါ်ပေါက်လာသည်။ အသက်မွေးဝမ်းကျောင်းအလုပ်မှ အငြိမ်းစားယူခြင်းကြောင့် အချို့အတွက် ဘဝ၏လုပ်ရိုးလုပ်စဉ် ပြောင်းလဲရသည်။
၂ စင်စစ်အားဖြင့် ဇရာကာလပိုင်းသည် အခက်အခဲဒုက္ခထူပြောနိုင်သည်။ (ဒေ. ၁၂:၁-၈) သို့ဖြစ်လင့်ကစား ကျမ်းစာခေတ်မှ ဘုရားသခင်၏အစေခံများအကြောင်း ဆင်ခြင်အောက်မေ့ပါလေ။ သူတို့သည် နောက်ဆုံးတွင် သေခြင်းကိုအရှုံးပေးခဲ့ကြရသော်လည်း ဉာဏ်ပညာနှင့် ကျိုးကြောင်းနားလည်မှုကို ရှာမှီးရယူခဲ့ကြပြီး ဤသည်တို့က သူတို့အား ဇရာအိုဘဝတွင် ကြီးစွာသောကျေနပ်မှုကို ဖြစ်စေခဲ့ပေသည်။ (ကမ္ဘာဦး ၂၅:၈; ၃၅:၂၉; ယောဘ ၁၂:၁၂; ၄၂:၁၇) ပို၍အိုမင်းခြင်းကို သူတို့မည်သို့ ပျော်ပျော်နှင့်ရင်ဆိုင်နိုင်ခဲ့ကြသနည်း။ သမ္မာကျမ်းစာတွင် ယနေ့ကျွန်ုပ်တို့တွေ့ရသည့် အခြေခံမူများနှင့်အညီ အသက်ရှင်နေထိုင်ခဲ့ခြင်းအားဖြင့်ဖြစ်သည်မှာ သေချာလှပေသည်။—ဆာလံ ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆၊ ၁၇။
၃။ အသက်ကြီးရင့်သောယောက်ျားမိန်းမတို့အား တမန်တော်ပေါလုက မည်သို့သြဝါဒပေးခဲ့သနည်း။
၃ တမန်တော်ပေါလုက တိတုထံပေးပို့သည့်သူ၏စာတွင် အသက်အရွယ်ရလာသူတို့အတွက် အားထားလောက်သောလမ်းညွှန်ချက်ကို ကမ်းလှမ်းထားသည်မှာ “အသက်ကြီးရင့်သောယောက်ျားတို့သည် အကျင့်အားဖြင့် မယုတ်မလွန်သောသူ၊ လေးနက်တည်ကြည်သောသူ၊ စိတ်တည်ငြိမ်သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်းတို့၌ ကျန်းခံ့သောသူဖြစ်ကြစေ။ ထိုနည်းတူ အသက်ကြီးရင့်သောမိန်းမတို့လည်း ကျင့်ကြံပြုမူရာ၌ ရိုသေလေးမြတ်မှုရှိသောသူ၊ အမနာပမပြောတတ်သောသူ၊စပျစ်ရည်သောက်ကြူးခြင်း၌ ကျွန်မခံသောသူ၊ ကောင်းရာကောင်းကြောင်း သင်ပေးတတ်သောသူဖြစ်ကြစေ” ဟူ၍ဖြစ်သည်။ (တိတု ၂:၂၊ ၃၊ ကဘ) ဤစကားများကိုဂရုမူခြင်းက ပို၍အိုမင်းလာခြင်း၏ စိန်ခေါ်ချက်များကိုရင်ဆိုင်ရန် သင့်အားကူညီနိုင်ပေသည်။
သားသမီးများ အမှီအခိုကင်းလာကြခြင်းနှင့် လိုက်လျောညီထွေပြုပြင်ပါ
၄၊ ၅။ သားသမီးများ အိမ်ထောင်ခွဲသွားခြင်းကို မိဘများစွာတို့က မည်သို့တုံ့ပြန်ကြသနည်း။ အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချို့သူများ မည်သို့ပြုပြင်ကြသနည်း။
၄ ပြောင်းလဲလာသောအခန်းကဏ္ဍများကြောင့် အလိုက်အထိုက်ပြုပြင်ရန် လိုအပ်လာသည်။ အရွယ်ရောက်သားသမီးများ အိမ်ကိုစွန့်ခွာ၍ အိမ်ထောင်ပြုကြသောအခါ ဤအချက်သည် မည်မျှမှန်ကန်လှသည်တကား! ယင်းသည် မိဘအတော်များများအတွက် သူတို့သည် အသက်အရွယ်ရလာကြပြီဖြစ်ကြောင်း ဦးဆုံးနှိုးဆော်ချက်ပင်တည်း။ သားသမီးများအရွယ်ရောက်လာကြသည်ကို ဝမ်းသာကြသော်လည်း သားသမီးများ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် မိမိတို့အနေဖြင့် တတ်နိုင်သမျှပြင်ဆင်ပေးခဲ့ပြီလောဟု မိဘများစွာတို့က တွေးပူတတ်ကြသည်။ ထို့အပြင် သူတို့နှင့်အတူနေခဲ့ရသည်ကို သတိရတမ်းတတတ်ကြသည်။
၅ သို့ဖြစ်၍ မိဘဖြစ်သူတို့သည် သားသမီးများ အိမ်ထောင်ခွဲသွားကြပြီးသည့်နောက်၌ပင် သူတို့အတွက် ဆက်လက်ပူပန်ကြမည်ဆိုလည်း ပူပန်လောက်ပေသည်။ “သူတို့ ကောင်းကောင်းမွန်မွန်ရှိကြတဲ့အကြောင်း သူတို့ဆီက မကြာခဏ သတင်းကြားသိနေရရင် ကျွန်မပျော်မှာပဲ” ဟု မိခင်တစ်ဦးကဆိုသည်။ ဖခင်တစ်ဦးကလည်း ယခုကဲ့သို့ပြန်လည်ပြောပြသည်– “ကျုပ်တို့သမီး အိမ်ထောင်ခွဲသွားတုန်းက ကျုပ်တို့အတွက် တကယ့်ကိုအခံရခက်ခဲ့တယ်။ မိသားစုထဲမှာ ဟာကွက်ကြီးတစ်ခု ကျန်ရစ်ခဲ့သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က ဘာမဆို အတူတကွလုပ်ကြတာကိုး။” ဤမိဘများအနေဖြင့် သားသမီးများမရှိတော့ခြင်းကို မည်သို့ဖြေသိမ့်နိုင်ခဲ့ကြသနည်း။ ဖြစ်ရပ်များစွာ၌ အခြားသူတို့အား စိုးရိမ်ပူပန်ပေးခြင်းနှင့် သွားရောက်ကူညီပေးခြင်းအားဖြင့်ဖြစ်သည်။
၆။ မိသားစုဆက်ဆံရေးကို အရှိအတိုင်းသုံးသပ်ရှုမြင်နိုင်အောင် ဘာကထောက်ကူမည်နည်း။
၆ သားသမီးများအိမ်ထောင်ပြုကြသောအခါ မိဘတို့၏အခန်းကဏ္ဍ ပြောင်းလဲသွားသည်။ ကမ္ဘာဦး ၂:၂၄ က “ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုဆိုထားသည်။ဦးစီးမှုဆိုင်ရာ ဤဘုရားရေးရာအခြေခံမူများနှင့် ကောင်းသောအစီအစဉ်တို့ကို အသိအမှတ်ပြုခြင်းက မိဘတို့အား အရာရာကို အရှိအတိုင်း သုံးသပ်ရှုမြင်ရန် ကူညီမည်ဖြစ်သည်။—၁ ကောရိန္သု ၁၁:၃; ၁၄:၃၃၊ ၄၀။
၇။ သမီးဖြစ်သူတို့အိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားကြသောအခါ ဖခင်တစ်ဦးက ကောင်းမြတ်သောသဘောထားကို မည်သို့ပျိုးထောင်ယူခဲ့သနည်း။
၇ သမီးနှစ်ယောက်အိမ်ထောင်ပြု၍ အိမ်ထောင်ခွဲသွားကြသဖြင့် လင်မယားနှစ်ဦးစိတ်ထဲတွင် ဟာတာတာခံစားရကြသည်။ အစ၌ဆိုလျှင် ဖခင်ဖြစ်သူက သမက်များအပေါ် ဒေါသထွက်မိသည်။ သို့သော် ဦးစီးခြင်းဆိုင်ရာအခြေခံမူကို အလေးအနက် စဉ်းစားဆင်ခြင်သည်နှင့်အမျှ သမီးနှစ်ယောက်တို့၏လင်သားများသည် ယခုအခါ မိမိတို့ဆိုင်ရာအိမ်ထောင်စုအပေါ် တာဝန်ရှိကြသည်ကို သဘောပေါက်လာသည်။ သို့ဖြစ်၍ သမီးနှစ်ယောက်က အကြံဉာဏ်တောင်းခံလာသောအခါ သူက သူတို့လင်သားများ၏သဘောထား မည်သို့ရှိကြောင်းမေးမြန်းပြီးနောက် အတတ်နိုင်ဆုံး ထောက်ခံမှုပေးနိုင်အောင် သေချာစေသည်။ ယခုအခါ သမက်များသည် သူ့အားခင်မင်လေးစားလာကြပြီး သူ၏အကြံဉာဏ်ကိုလည်း ကြိုဆိုကြပေသည်။
၈၊ ၉။ အရွယ်ရောက်သောသားသမီးများ မိဘကိုမမှီခိုတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ရပ်တည်ကြခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် မိဘအချို့က မည်သို့ပြုခဲ့ကြပြီနည်း။
၈ ညားခါစမောင်နှံတို့သည် ကျမ်းစာနှင့်ဆန့်ကျင်သောအရာ ဘာမျှမပြုမိကြသော်လည်း မိဘတို့ဘက်မှ အကောင်းဆုံးဟုယူမှတ်သည့်အရာကို လုပ်ရန်ပျက်ကွက်လျှင် မည်သို့နည်း။ “ယေဟောဝါရဲ့ရှုထောင့်ကိုနားလည်ဖို့ သူတို့ကို ကျွန်တော်တို့အမြဲကူညီပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုခုကို ကျွန်တော်တို့သဘောမတူရင်လဲ လက်ခံပြီးအားပေးထောက်ခံလိုက်ကြတာပါပဲ” ဟုအိမ်ထောင်ပြုထားသည့် သားသမီးများရှိသောမောင်နှံစုံတို့က ရှင်းပြကြသည်။
၉ အချို့သောအာရှနိုင်ငံများတွင် သားဖြစ်သူများက မိဘကိုမမှီခိုတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်သွားကြသည်ကို မိခင်အချို့အတွက်လက်ခံရန် အထူးသဖြင့်ခက်ခဲတတ်သည်။ သို့ဖြစ်သည့်တိုင်၊ ခရစ်ယာန်စည်းစနစ်နှင့် ဦးစီးမှုကိုလေးစားပါက ချွေးမများနှင့်အဆင်မပြေမှုသည် အသေးအမွှားဖြစ်ကြောင်း တွေ့ရှိကြရသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးကဆိုလျှင် သူ၏သားများ အိမ်ခွဲသွားကြသည်ကို “တိုး၍တိုး၍ ကျေးဇူးတင်စရာအကြောင်း” အဖြစ်မြင်သည်။ သားဖြစ်သူများက သူတို့၏အိမ်ထောင်စုသစ်များကို ကောင်းစွာစီမံနိုင်ကြသည်ကို သူပီတိဖြစ်မိသည်။ တစ်နည်းအားဖြင့် ယင်းသည် သူနှင့်သူ့ခင်ပွန်း ပို၍အိုမင်းလာကြသည်နှင့်အမျှ ထမ်းရွက်ရမည့် ကာယနှင့်စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
သင့်အိမ်ထောင်ရေးနှောင်ကြိုးကို အားသစ်ဖြည့်ပေးခြင်း
၁၀၊ ၁၁။ လူလတ်ပိုင်းအရွယ်ဆိုင်ရာ ကျော့ကွင်းအချို့ကိုရှောင်လွဲနိုင်အောင် အဘယ်ကျမ်းစာဆုံးမစကားက ကူညီမည်နည်း။
၁၀ လူလတ်ပိုင်းအရွယ်သို့ရောက်ခြင်းကို လူတို့က နည်းအမျိုးမျိုးဖြင့်တုံ့ပြန်ကြသည်။ အချို့သောအမျိုးသားများက ငယ်ရုပ်ပေါက်အောင်ဟူ၍ တစ်မျိုးတစ်ဖုံ ပြောင်းလဲဝတ်ဆင်ကြသည်။ သွေးဆုံးခြင်းကြောင့် ကြုံရမည့်အပြောင်းအလဲများကို အမျိုးသမီးများစွာတို့က တွေးပူကြသည်။ ဝမ်းနည်းစရာမှာ အချို့သောလူလတ်ပိုင်းများသည် ငယ်ရွယ်သောလိင်ခြားသူများနှင့် ပရောပရည်လုပ်ခြင်းဖြင့် မိမိတို့၏အိမ်ထောင်ဖက်တို့အား စိတ်နာကြည်းသဝန်တိုအောင် ဆွပေးကြခြင်းပင်။ သို့သော် ဘုရားဝတ်၌မွေ့လျော်သော သက်ကြီးပိုင်းအမျိုးသားများကမူ မလျော်ကန်သောဆန္ဒများကို ချွန်းအုပ်ခြင်းအားဖြင့် “စိတ်ပိုင်းကျန်းခံ့သူ” အဖြစ်ကိုခံယူကြသည်။ (၁ ပေတရု ၄:၇၊ ကဘ) အလားတူစွာ ရင့်ကျက်သောအမျိုးသမီးများကလည်း ခင်ပွန်းကိုချစ်သောမေတ္တာနှင့် ယေဟောဝါအားနှစ်သက်စေလိုသော ဆန္ဒမွန်တို့ကြောင့် မိမိတို့၏အိမ်ထောင်ကိုတည်တံ့ခိုင်မြဲအောင် အားထုတ်ထိန်းသိမ်းကြပေသည်။
၁၁ မိမိခင်ပွန်းသည်အား “အဆိုးအားဖြင့်မဟုတ်၊ အကောင်းအားဖြင့်သာ တစ်သက်တာလုံး” ဆုချတတ်သည့် “စွမ်းရည်ရှိသောမိန်းမ” အကြောင်းချီးမွမ်းဖွဲ့ကို ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် လေမွေလမင်းကြီးက မှတ်တမ်းတင်ခဲ့သည်။ လူလတ်ပိုင်းအရွယ်တွင် တွေ့ကြုံရသည့်စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုများကို အောင်မြင်နိုင်နင်းရန် ဇနီးသည်အနေဖြင့် မည်သို့ကြိုးစားရသည်ကို ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မသိကျိုးကျွန်ပြုမည်မဟုတ်ပေ။ “သူ့အားချီးမွမ်း” ရန် ချစ်မေတ္တာကလှုံ့ဆော်မည်ဖြစ်သည်။—သု. ၃၁:၁၀၊ ၁၂၊ ၂၈ ကဘ။
၁၂။ နှစ်ကာလကြာညောင်းလာသည်နှင့်အမျှ မောင်နှံစုံတို့သည် အတူတကွ တစ်ဦးနှင့်တစ်ဦး မည်သို့ပို၍ ရင်းနှီးပွန်းတီးလာနိုင်ကြမည်နည်း။
၁၂ သားသမီးမွေးမြူပြုစုခြင်းဖြင့် အလုပ်များခဲ့ကြစဉ်က သင်တို့နှစ်ဦးစလုံးသည် သားသမီးလိုအပ်ချက်များကိုသာ အာရုံစိုက်ပြီး ကိုယ်ပိုင်လိုအင်များကို ဝမ်းမြောက်စွာဖယ်ထားခဲ့ကြပေမည်။ သားသမီးများ ထွက်သွားကြပြီးနောက်တွင်မူ သင်တို့၏အိမ်ထောင်ရေးဘဝကို ပြန်၍အာရုံစိုက်ရန်အချိန် ရောက်လာပေပြီ။ “ကျုပ်သမီးတွေ အိမ်ကိုစွန့်သွားကြတဲ့အခါကျမှ ကျုပ်က ကျုပ်ရဲ့ဇနီးကို ပြန်ပြီးပိုးရတော့တယ်” ဟုလင်သားတစ်ဦးကဆိုသည်။ “ကျုပ်တို့ တစ်ဦးရဲ့ကျန်းမာရေးကို တစ်ဦးကဂရုစိုက်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လိုတဲ့အကြောင်း တစ်ဦးကိုတစ်ဦးသတိပေးကြတယ်” ဟုအခြားတစ်ဦးကဆိုသည်။ သူတို့သည် ပျင်းပျင်းမရှိစေရန် အသင်းတော်ရှိ အခြားသူများအား ခင်မင်ဖော်ရွေမှုကိုပြသကြသည်။ အခြားသူများအပေါ် စိတ်ဝင်စားမှုပြခြင်းသည် ကောင်းချီးများကို အမှန်ပင်ဖြစ်စေပါသည်။ ထိုမျှမကသေး၊ ယေဟောဝါအားလည်း နှစ်သက်ရွှင်လန်းစေပါသည်။—ဖိလိပ္ပိ ၂:၄; ဟေဗြဲ ၁၃:၂၊ ၁၆။
၁၃။ မောင်နှံစုံ အသက်အရွယ်ရလာသည်နှင့်အမျှ ပွင့်လင်းခြင်းနှင့်ရိုးသားခြင်းတို့သည် မည်သို့သောအခန်းကဏ္ဍတွင် ပါဝင်လာသနည်း။
၁၃ သင်နှင့်သင့်ကြင်ဖော်အကြား ဆက်သွယ်ရေးပြတ်တောက်မှုပေါ်ပေါက်ရန် ခွင့်မပြုပါနှင့်။ စိတ်ရှိလက်ရှိပြောဆိုကြပါလေ။ (သု. ၁၇:၂၇) “အရေးတယူ ဂရုတစိုက်ရှိခြင်းနဲ့ ကြင်နာထောက်ထားတတ်ခြင်းအားဖြင့် ကျုပ်တို့တစ်ဦးပေါ်တစ်ဦး နားလည်မှုကို နက်ရှိုင်းစေကြတယ်” ဟုလင်ယောက်ျားတစ်ဦးက မှတ်ချက်ချသည်။ “ကျွန်မတို့ ပိုပြီးအရွယ်ရလာတာနဲ့အမျှ လက်ဖက်ရည်အတူသောက်တာတွေ၊ စကားစမြည်ပြောဆိုတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေမှာ ပိုပြီးပျော်ရွှင်လာကြတယ်” ဟု ဇနီးဖြစ်သူကထောက်ခံသည်။ သင်၏ပွင့်လင်းရိုးသားမှုက သင့်အိမ်ထောင်ရေးနှောင်ကြိုးကို ပို၍စေ့စပ်ခိုင်မြဲစေပြီး စာတန်တည်းဟူသော အိမ်ထောင်ဖြိုခွဲသူ၏ တိုက်ခိုက်မှုများကိုဟန့်တားမည့် နာလန်ထူစွမ်းအားကို ပေးစွမ်းနိုင်ပေသည်။
သင့်မြေးများနှင့်ပျော်မွေ့ပါ
၁၄။ တိမောသေ ခရစ်ယာန်တစ်ဦးအဖြစ်ကြီးပြင်းလာရာ၌ သူ၏အဘွားသည် မည်သို့သောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ဖွယ်ရှိသနည်း။
၁၄ မြေးများသည် သက်ကြီးရွယ်အိုတို့၏ “သရဖူ” ဖြစ်ကြသည်။ (သု. ၁၇:၆) မြေးတစ်သိုက်နှင့်နေရခြင်းသည် အမှန်ပင်ကြည်နူးဖွယ်ကောင်းသည်။ စိတ်တက်ကြွလန်းဆန်းဖွယ်ဖြစ်သည်။ သမီးဖြစ်သူဥနိတ်နှင့်အတူ မြေးတိမောသေအား မိမိ၏ယုံကြည်ခြင်းကို ဝေမျှသင်ပေးခဲ့သည့်လောဣအမည်ရှိ အဘွားတစ်ဦးအကြောင်း သမ္မာကျမ်းစာက ချီးမွမ်းရေးသားထားသည်။ ယင်းသူငယ်သည် ကျမ်းစာအမှန်တရားကို မိမိ၏အဘွားနှင့်မိခင်တို့ တန်ဖိုးထားကြသည်ဟူသောအသိဖြင့် ကြီးပြင်းလာခဲ့ပေသည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅။
၁၅။ မြေးများနှင့်ပတ်သက်၍ အဘိုးအဘွားများသည် အဖိုးတန်သော မည်သည့်ပံ့ပိုးမှုကိုပြုနိုင်၍ မည်သို့ပြုခြင်းကို ရှောင်ကြဉ်အပ်သနည်း။
၁၅ သို့နှင့်အညီ ဤနေရာ၌ အဘိုးအဘွားများအနေဖြင့် အကျိုးအများဆုံးပါဝင်ပံ့ပိုးနိုင်သည့် အထူးနယ်ပယ်တစ်ခုရှိပေသည်။ အဘိုးအဘွားတို့၊ သင်တို့သည် သင်တို့၏သားသမီးတို့အား ယေဟောဝါ၏ကြံရွယ်ချက်များကို ဝေမျှခဲ့ကြပေပြီ။ နောက်ထပ်မျိုးဆက်သစ်နှင့် အလားတူပင် ပြုနိုင်ပါသည်! အဘိုးအဘွားတို့က ကျမ်းစာပုံပြင်များကိုပြောပြလျှင် ငယ်ရွယ်သောကလေးများစွာတို့ ကြည်နူးဘဝင်ခိုက်တတ်ကြပါသည်။ သို့သော် သင်သည် ဤနေရာ၌ သားသမီးများ၏စိတ်နှလုံးထဲသို့ ကျမ်းစာအမှန်တရားကို သွတ်သွင်းပေးရန်ဟူသော ဖခင်၏တာဝန်ကို လက်လွှဲယူနေခြင်းမဟုတ်ပါ။ (တရားဟောရာ ၆:၇) ဖြည့်စွက်ပေးခြင်းမျှသာဖြစ်သည်။ သင်၏ဆုတောင်းချက်သည် ဆာလံဆရာ၏ဆုတောင်းချက်ကဲ့သို့ ဖြစ်ပါစေ။ “အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။”—ဆာလံ ၇၁:၁၈; ၇၈:၅-၈။
၁၆။ မိသားစုတင်းမာမှု၏လက်သည်မဖြစ်အောင် အဘိုးအဘွားများ မည်သို့ရှောင်ရှားနိုင်သနည်း။
၁၆ ဝမ်းနည်းဖွယ်မှာ အချို့သောအဘိုးအဘွားများသည် မိမိတို့နှင့် မိမိတို့၏အရွယ်ရောက်သားသမီးများစပ်ကြား တင်းမာမှုဖြစ်ပေါ်လာအောင် မြေးများကိုဖျက်ဆီးတတ်ကြခြင်းပင်။ သို့သော် သင်၏ရိုးမှန်သောကြင်နာမှုက သင့်မြေးကလေးများအား သူတို့၏မိဘများထံ ဖွင့်မပြောလိုသည့်ကိစ္စများကို သင့်ထံဖွင့်ပြောစေကောင်း ဖွင့်ပြောစေနိုင်သည်။ တစ်ခါတလေ ကလေးများမျှော်လင့်တတ်သည်မှာ အလိုလိုက်တတ်သောအဘိုးအဘွားများသည် မိမိတို့၏မိဘများကိုဆန့်ကျင်ကာ မိမိတို့ဘက်တွင် ရပ်တည်ပေးလိမ့်မည်ဟူ၍ဖြစ်သည်။ ဤသို့ဖြစ်လာလျှင် မည်သို့နည်း။ ဉာဏ်ပညာကိုကျင့်သုံးကာ သင့်မြေးများအား သူတို့၏မိဘများနှင့် ပွင့်ပွင့်လင်းလင်းရှိရန်အားပေးပါ။ ထိုသို့ရှိခြင်းကို ယေဟောဝါနှစ်သက်တော်မူကြောင်း ရှင်းပြနိုင်သည်။ (ဧဖက် ၆:၁-၃) လိုအပ်လျှင် သူတို့၏မိဘများနှင့် စကားပြောခြင်းအားဖြင့် ကလေးများ၏ချဉ်းကပ်မှုကို သင်လမ်းဖွင့်ပေးနိုင်သည်။ နှစ်ပေါင်းများစွာ သင်ဆည်းပူးသိရှိလာခဲ့သည့်အရာများနှင့်ပတ်သက်၍ သင့်မြေးကလေးများအပေါ် ပွင့်လင်းရိုးသားပါလေ။ သင်၏ရိုးသားပွင့်လင်းမှုက သူကလေးတို့အား အကျိုးပြုနိုင်ပါသည်။
ပို၍အိုစာလာသည်နှင့်အမျှ ပြုပြင်ပါ
၁၇။ အသက်ကြီးရင့်လာသော ခရစ်ယာန်များသည် ဆာလံဆရာ၏အဘယ်သန္နိဋ္ဌာန်ကို အတုယူသင့်သနည်း။
၁၇ နှစ်ကာလများ ကုန်လွန်လာသည်နှင့်အမျှ သင်လုပ်လေ့ရှိသည့် သို့မဟုတ် လုပ်လိုသည့်အရာတိုင်းကို သင်မလုပ်နိုင်တော့ကြောင်း တွေ့ရှိလာလိမ့်မည်။ အိုမင်းခြင်းဖြစ်စဉ်ကိုသည်းခံ၍ အဆင်ပြေအောင် မည်သို့နေထိုင်မည်နည်း။ သင့်စိတ်ထဲတွင် သင့်ကိုယ်သင်အသက် ၃၀ ဟုထင်မှတ်ပေမည်။ သို့သော် မှန်ကိုဖျတ်ခနဲတစ်ချက်ကြည့်လိုက်ခြင်းက ခြားနားသောအရှိတရားကို ဖော်ပြမည်ဖြစ်သည်။ အားမငယ်ပါနှင့်။ “အကျွန်ုပ်အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်” ဟုဆာလံဆရာက ယေဟောဝါထံအသနားခံခဲ့သည်။ ဆာလံဆရာ၏သန္နိဋ္ဌာန်ကိုအတုယူရန် ယတိပြတ်ဆုံးဖြတ်ပါ။ သူက “အကျွန်ုပ်မူကား၊ အစဉ်မျှော်လင့်၍ ကိုယ်တော်ကိုချီးမွမ်းသမျှထက်သာ၍ ချီးမွမ်းပါမည်” ဟုဆိုသည်။—ဆာလံ ၇၁:၉၊ ၁၄။
၁၈။ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် အငြိမ်းစားယူခြင်းကို မည်သို့တန်ဖိုးရှိရှိ အသုံးချနိုင်သနည်း။
၁၈ အသက်မွေးမှုလုပ်ငန်းမှ အငြိမ်းစားယူပြီးနောက် ယေဟောဝါအားတိုး၍ချီးမွမ်းရန် များစွာသောသူတို့က ကြိုတင်ပြင်ဆင်နှင့်ကြသည်။ “ကျုပ်သမီးကျောင်းပြီးတဲ့အခါ ကျုပ်ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြီးစဉ်းစားထားတယ်။ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းကိုစတင်ဖို့ သန္နိဋ္ဌာန်ချထားပြီး ယေဟောဝါကို လွတ်လွတ်လပ်လပ်နဲ့ ပိုပြီးအမှုတော်ဆောင်နိုင်အောင် ကျုပ်ရဲ့လုပ်ငန်းကို ရောင်းပစ်လိုက်တယ်။ ဘုရားသခင်ရဲ့လမ်းညွှန်ချက်အတွက် ကျုပ်ဆုတောင်းတယ်” ဟုယခု အငြိမ်းစားယူပြီးဖြစ်သောဖခင်တစ်ဦးက ရှင်းပြသည်။ သင်အငြိမ်းစားယူရန် နီးကပ်လာပြီဆိုပါက ကြီးမြတ်ထည်ဝါသော ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ဤကြေညာချက်မှ နှစ်သိမ့်မှုရယူပါလေ– “သင်တို့ အသက်ကြီး၍ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်းထမ်းဦးမည်။ ဆောင်ရွက်၍ကယ်တင်မည်။”—ဟေရှာယ ၄၆:၄။
၁၉။ အသက်အရွယ်ရလာသူတို့အတွက် အဘယ်ဆုံးမစကားရှိသနည်း။
၁၉ အသက်မွေးမှုလုပ်ငန်းမှ အနားယူလိုက်ခြင်းနှင့် အလိုက်အထိုက်ပြုပြင်နေထိုင်ရန် လွယ်ကူချင်မှလွယ်ကူမည်ဖြစ်သည်။ တမန်တော်ပေါလုက အသက်ကြီးရင့်သူတို့အား “အကျင့်အားဖြင့် မယုတ်မလွန်သောသူ” ဖြစ်ရန်အကြံပြုခဲ့သည်။ ဤသည်က သက်သောင့်သက်သာနေလိုသည့်ဆန္ဒကို အရှုံးမပေးခြင်းတည်းဟူသော အထွေထွေချုပ်တည်းခြင်းကို တောင်းဆိုပေသည်။ အငြိမ်းစားယူပြီးနောက် ယခင်ကထက် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုရှိရန်နှင့် မိမိကိုယ်ကိုပဲ့ပြင်ဆုံးမရန် ပို၍လိုအပ်နိုင်၏။ သို့ဖြစ်၍ “အရှင်သခင်နှင့်စပ်ဆိုင်၍ သင်တို့၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိထားကာ အရှင်သခင်၏အမှုတော်၌ အစဉ်သဖြင့် ဆောင်ရွက်ဖွယ်ရာပေါကြွယ်လျက်” အလုပ်များနေပါလေ။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) အခြားသူများအားကူညီရန် သင်၏လှုပ်ရှားမှုနယ်ပယ်ကိုချဲ့ထွင်ပါ။ (၂ ကောရိန္သု ၆:၁၃) ခရစ်ယာန်များစွာတို့က အသက်အရွယ်နှင့်ကိုက်ညှိပြုပြင်သောနှုန်းဖြင့် သတင်းကောင်းကို စိတ်ဇောထက်သန်စွာဟောပြောခြင်းဖြင့် ယင်းသို့ပြုကြပါသည်။ သင်ပို၍အရွယ်ရလာသည်နှင့်အမျှ “ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံရပ်နိုင်ခြင်းတို့၌ သန်စွမ်း” လျက်နေပါလေ။—တိတု ၂:၂၊ ကဘ။
ကြင်ဖော်ဆုံးပါးမှုကို ကိုင်တွယ်ဖြေသိမ့်ခြင်း
၂၀၊ ၂၁။ (က) လက်ရှိခေတ်စနစ်ဟောင်းတွင် မည်သည့်အရာက ဇနီးမောင်နှံတို့အား တစ်ဦးနှင့်တစ်ဦး နောက်ဆုံးတစ်နေ့တွင် ကွေကွင်းစေသနည်း။ (ခ) ကြင်ဖော်ဆုံးပါး၍ ပူဆွေးကြေကွဲသော ကျန်ရစ်သူများအတွက် အန္နသည် အဘယ်ကောင်းမြတ်သောစံနမူနာကို ထားခဲ့သနည်း။
၂၀ ဝမ်းနည်းဖွယ်ဖြစ်သော်လည်း အမှန်တရားမှာ ဤခေတ်စနစ်ဟောင်းတွင် အကြင်လင်မယားတို့သည် သေခြင်းတရားကြောင့် နောက်ဆုံးတစ်နေ့တွင် ကွေကွင်းသွားရခြင်းပင်ဖြစ်သည်။ ကြင်ဖော်ဆုံးပါး၍ ပူဆွေးကြေကွဲသောခရစ်ယာန်များအနေဖြင့် မိမိတို့၏ချစ်ရသူများသည် ယခုအခါ အိပ်ပျော်နေကြကြောင်းသိထားကြပြီး သူတို့ကိုပြန်၍တွေ့ရဦးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြပေသည်။ (ယောဟန် ၁၁:၁၁၊ ၂၅) သို့ဖြစ်သည်တိုင် ကြုံရသည့်ဆုံးပါးမှုမှာ အခံရခက်ဆဲပင်။ ကျန်ရစ်သူအနေဖြင့် ယင်းကိုမည်သို့ကိုင်တွယ်ဖြေသိမ့်မည်နည်း။a
၂၁ သမ္မာကျမ်းစာဇာတ်ကောင်အချို့က မည်သို့ပြုခဲ့သည်ကို နှလုံးမူခြင်းသည် အထောက်အကူတစ်ရပ်ဖြစ်သည်။ အန္နသည် အိမ်ထောင်သက်ခုနစ်နှစ်မျှဖြင့် မုဆိုးမဘဝရောက်ခဲ့ရသူဖြစ်သည်။ သူ့အကြောင်း ကျွန်ုပ်တို့ဖတ်ရသောအခါ သူသည်အသက်၈၄ နှစ်ရှိပေပြီ။ ခင်ပွန်းဆုံးပါးခဲ့စဉ်က သူကြေကွဲခဲ့မည်မှာဆိုဖွယ်မရှိပါ။ သူမည်သို့ ကိုင်တွယ်ဖြေသိမ့်ခဲ့သနည်း။ သူသည် ဗိမာန်တော်၌ ယေဟောဝါအား အထွတ်အမြတ်ဝတ်ကို နေ့ညမပြတ်ပြုခဲ့သည်။ (လုကာ ၂:၃၆-၃၈) အန္န၏ ဆုတောင်းဝတ်အတိပြီးသောဘဝသည် မုဆိုးမတစ်ဦးအနေနှင့် သူခံစားရသည့်ဝမ်းနည်းကြေကွဲမှုနှင့် အထီးကျန်မှုအတွက် အစွမ်းထက်သောဖြေဆေးတစ်လက်ဖြစ်ခဲ့သည်မှာ သံသယဝင်စရာမလိုပေ။
၂၂။ မုဆိုးမနှင့်မုဆိုးဖိုအချို့တို့သည် အထီးကျန်မှုကို မည်သို့အောင်မြင်နိုင်နင်းခဲ့ကြသနည်း။
၂၂ “ကျွန်မရဲ့အကြီးမားဆုံးသော စိန်ခေါ်ချက်ကတော့ စကားပြောဖော်မရှိတာပါပဲ” ဟု လွန်ခဲ့သောဆယ်နှစ်မှ မုဆိုးမဖြစ်သွားရှာသူ အသက် ၇၂-နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကရှင်းပြသည်။ “ကျွန်မယောက်ျားဟာ ကောင်းကောင်းနားထောင်ပေးတတ်တဲ့ လူတစ်ယောက်ပါ။ အသင်းတော်အကြောင်းနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်မတို့ရဲ့ပါဝင်လုပ်ဆောင်ချက်တွေအကြောင်း ကျွန်မတို့ပြောဆိုလေ့ရှိတယ်” ဟုသူကဆိုသည်။ အခြားမုဆိုးမတစ်ဦးက ယခုကဲ့သို့ဆိုပါသည်– “အချိန်ကကုစားတာတော့မှန်ပေမဲ့ ပိုပြီးတိကျအောင်ပြောရမယ်ဆိုရင် မိမိရဲ့အချိန်ကို မိမိအသုံးပြုပြီး အလုပ်လုပ်လိုက်ခြင်းကသာ ကူညီပျောက်ကင်းစေတာပါ။ သင်ဟာ သူတစ်ပါးကိုကူညီဖို့ ပိုကောင်းတဲ့အနေအထားမှာရှိတယ်။” အသက် ၆၇-နှစ်အရွယ်ရှိမုဆိုးဖိုတစ်ဦးက “ပူဆွေးကြေကွဲမှုကို ကိုင်တွယ်နိုင်နင်းနိုင်တဲ့ အံ့ဖွယ်နည်းတစ်နည်းကတော့ အခြားသူများကို နှစ်သိမ့်အားပေးသူအဖြစ် ကိုယ့်ကိုယ်ကိုအသုံးတော်ခံခြင်းပါပဲ” ဟုထောက်ခံပြောဆိုပေသည်။
အိုမင်းသောအရွယ်၌ ဘုရားသခင်၏တန်ဖိုးထားခံရခြင်း
၂၃၊ ၂၄။ အသက်ကြီးရင့်သူများ၊ အထူးသဖြင့် မုဆိုးမဖြစ်သူများအတွက် သမ္မာကျမ်းစာက အဘယ်ကြီးမားသည့် နှစ်သိမ့်မှုကို ပေးထားသနည်း။
၂၃ ချစ်မြတ်နိုးရသောကြင်ဖော်အား သေခြင်းတရားကခေါ်သွားသည့်တိုင်အောင် ယေဟောဝါသည် ဆက်လက်၍ အစဉ်သစ္စာရှိသူ၊ အစဉ်ယုံကြည်စိတ်ချရသူဖြစ်တော်မူ၏။ “ထာဝရဘုရား၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ငါဆုတောင်းပြီ။ ထိုအခွင့်ကိုရှာရဦးမည်” ဟုအသက်ကြီးရင့်သော ရှင်ဘုရင်ဒါဝိဒ်က သီကုံးကျူးရင့်ခဲ့သည်။—ဆာလံ ၂၇:၄။
၂၄ “မုဆိုးမအမှန်ဖြစ်သောမိန်းမတို့ကို မစလုပ်ကျွေးလော့” ဟုတမန်တော်ပေါလုကတိုက်တွန်းသည်။ (၁ တိမောသေ ၅:၃) ဆွေမျိုးအရင်းအချာမရှိသည့် ထိုက်တန်သောမုဆိုးမများသည် အသင်းတော်မှ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုကို လိုအပ်ကောင်းလိုအပ်နိုင်ကြကြောင်း ဤသွန်သင်ချက်၏ နောက်ဆက်တွဲအကြံပြုချက်က ဖော်ညွှန်းသည်။ သို့ဖြစ်သော်လည်း “မစလုပ်ကျွေး” ရန်ဟူသောသွန်သင်ချက်၏ဆိုလိုရင်းတွင် လေးမြတ်တန်ဖိုးထားခြင်းသဘော ပါဝင်ပေသည်။ ဘုရားဝတ်၌မွေ့လျော်သော မုဆိုးမများနှင့်မုဆိုးဖိုများအနေဖြင့် ယေဟောဝါသည် မိမိတို့အားတန်ဖိုးထားလျက် ထောက်မတော်မူမည်ဟူသောအသိမှ မည်မျှအားရနှစ်သိမ့်မှု ရယူနိုင်ကြပါသည်တကား!—ယာကုပ် ၁:၂၇။
၂၅။ သက်ကြီးရွယ်အိုများအတွက် အဘယ်ပန်းတိုင်သည် ဆက်လက်၍ရှိမြဲရှိနေသနည်း။
၂၅ “လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏၊” “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏” ဟုမှုတ်သွင်းခံ ဘုရားသခင့်နှုတ်မြွက်စကားတော်ကဆိုသည်။ (သု. ၁၆:၃၁; ၂၀:၂၉) သို့ဖြစ်ရာ၊ အိမ်ထောင်ရှိသည်ဖြစ်စေ၊ တစ်ကိုယ်ရေဘဝပြန်ရောက်သည်ဖြစ်စေ သင့်ဘဝတွင် ယေဟောဝါ၏အမှုတော်ကို ဆက်လက်၍ရှေးဦးထားပါလေ။ ဤသို့ဖြင့် သင်သည် ယခုလက်ရှိဘဝတွင် ဘုရားသခင့်ရှေ့တော်၌ နာမည်ကောင်းကိုလည်းကောင်း၊ အိုမင်းခြင်းဝေဒနာမရှိတော့သည့်ကမ္ဘာတွင် ထာဝစဉ်အသက်ရှင်မည့်အလားအလာကိုလည်းကောင်း ရယူပိုင်ဆိုင်မည်ဖြစ်ပေသည်။—ဆာလံ ၃၇:၃-၅; ဟေရှာယ ၆၅:၂၀။
a ဤကြောင်းရပ် ပိုမိုအသေးစိတ်ဆွေးနွေးသုံးသပ်ချက်အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း မြန်မာ၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ . . . ဘရိုရှာကိုရှု။