ဟိန္ဒူဘာသာဝင်တစ်ဦးကို သင်မည်သို့ပြောမည်နည်း
၁ သင်သိမည်ဖြစ်သည့်အတိုင်း ဟိန္ဒူဘာသာဝင်များစွာသည် ဤနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတွင်နေထိုင်ကြသည်။ ယင်းက သင်သည် ဓမ္မအမှုဆောင်စဉ် ဟိန္ဒူဘာသာဝင်တစ်ဦးကို အနှေးနှင့်အမြန်တွေ့နိုင်သည်ဟုဆိုလိုသည်။ ထိုသို့တွေ့သောအခါ လည်ပတ်မှုကို သင် မည်သို့ကိုင်တွယ်မည်နည်း။
၂ ဤအချက်များကိုသတိရပါ– ဟိန္ဒူဘာသာဝင်များကို အောင်မြင်စွာသက်သေခံခဲ့သောသာသနာပြုများက ထိရောက်စွာသက်သေခံနိုင်ရန် ဟိန္ဒူဘာသာအကြောင်းကို နက်နက်နဲနဲလေ့လာရန်မလိုပါဟု ဆိုကြသည်။ သမ္မာတရားကို ရိုးရိုးကလေးနှင့် လိမ္မာပါးနပ်စွာတင်ဆက်ခြင်းသည် အပြုသဘောဆောင်သောတုံ့ပြန်မှုကိုရရှိစေသည်။ ဦးဆုံး အိမ်ထောင်ဦးစီးကိုစကားပြောလိုကြောင်းပြောပါ။ သူ၏တုံ့ပြန်မှုသည် လိုလိုလားလားရှိပါက အခြားမိသားစုဝင်များကိုသက်သေခံရန် ပို၍လွယ်ကူပါမည်။ အစပြုသည်နှင့် အိမ်ရှင်ယုံကြည်ထားသည့်အရာများထက် သာလွန်ကောင်းမွန်သည့်သတင်းတစ်ခုကို ယူဆောင်လာကြောင်း၊ တစ်ဆူတည်းသောစစ်မှန်သည့်ဘုရားသခင်အကြောင်း သို့မဟုတ် ရှေးအကျဆုံးသောသန့်ရှင်းမြင့်မြတ်သည့်ရေးသားပြုစုချက်များအကြောင်း ဆွေးနွေးလိုကြောင်းမပြောပါနှင့်။ ဟိန္ဒူဘာသာဝင်များစွာသည် သမ္မာကျမ်းစာကို အနောက်တိုင်းစာအုပ်တစ်အုပ်အဖြစ်ယူဆကြသောကြောင့် ၎င်းသည် ကိုလိုနီဝါဒ သို့မဟုတ် လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်သာသည်ဟူသောအယူအဆကို အားမပေးကြောင်းရှင်းပြခြင်းဖြင့် စိတ်စွန်းကွက်မှုကို ပျက်ပြယ်စေနိုင်သည်။
၃ မှန်ကန်သောကိရိယာများကိုအသုံးပြုပါ– ဘရိုရှာနှစ်စောင်ကို ဟိန္ဒူဘာသာဝင်များအတွက် အထူးရည်စူး၍ပြင်ဆင်ထားသည်။ ဘုရားသခင်အား မေတ္တာနှင့် သမ္မာတရားတို့ဖြင့် ကျွန်ုပ်တို့အဘယ်ကြောင့်ကိုးကွယ်သင့်သနည်းကို ဂူဂျရာသီနှင့် ပန်ချာပီဘာသာစကားဖြင့် ပုံနှိပ်ထုတ်ဝေထားသည်။ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်းကို နောက်ထပ်အိန္ဒိယဘာသာစကား ၁၁ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည်။ နှစ်မျိုးစလုံးကို အင်္ဂလိပ်လိုရနိုင်သည်။ ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလောဘရိုရှာတို့သည်လည်း ဟိန္ဒူဘာသာနောက်ခံရှိသူများကိုသက်သေခံသည့်အခါ ထိရောက်မှုရှိကြောင်း သက်သေထူခဲ့ကြပြီ။ ကျမ်းစာသင်အံမှုများကျင်းပရန် တောင်းဆိုဘရိုရှာနှင့် အသိပညာစာအုပ်ကို အောင်မြင်စွာအသုံးပြုနိုင်သည်။
၄ နှစ်ဦးနှစ်ဖက်သဘောတူနိုင်မည့်အရာကိုအခြေချခြင်း– ဟိန္ဒူဘာသာဝင်များနှင့် နှစ်ဦးနှစ်ဖက်သဘောတူနိုင်မည့်အရာကိုတွေ့ရှိရန် မခက်ခဲပါ။ ဆိုးသွမ်းမှုအထွတ်အထိပ်သို့ရောက်နေချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း၊ ဘုရားသခင်သည် အမှန်တရားခေတ်ရောက်ရှိလာရန် ကပ်ဘေးကြီးတစ်ခုအားဖြင့် ပြဿနာများရှိနေသည့်လောကကို ဖယ်ရှားပစ်မည်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။ ဤယုံကြည်ချက်များကို နောက်ဆုံးကာလ၊ ကြီးစွာသောဒုက္ခ၊ လာမည့်ကမ္ဘာသစ်တို့နှင့်ပတ်သက်သည့် ကျမ်းစာသွန်သင်ချက်များနှင့် မည်မျှလွယ်ကူစွာဆက်စပ်ပေးနိုင်သည်ကို သင်တွေ့မြင်နိုင်သည်။ ဟိန္ဒူဘာသာဝင်အများစုသည် ဘဝကို ဖြေရှင်းနည်းမရှိသည့်ပြဿနာများနှင့်ပြည့်နေသောအရာအဖြစ် ယူမှတ်ကြသောကြောင့် မိသားစုဘဝ၊ ရာဇဝတ်မှုနှင့်လုံခြုံမှု၊ သေသောအခါဘာဖြစ်သွားသည်ဟူသောအကြောင်းအရာများကို သူတို့စိတ်ဝင်စားကြသည်။ သင်စမ်းကြည့်နိုင်သည့် နမူနာတင်ဆက်နည်းများကို ဤတွင်ဖော်ပြထားသည်။
၅ ဤနည်းသည် အိမ်ထောင်သည်တစ်ဦးအတွက် နှစ်သက်စရာဖြစ်နိုင်သည်–
▪ “ဒီကနေ့ နိုင်ငံများစွာမှာရှိတဲ့ မိသားစုဘဝရဲ့အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေတဲ့သူတွေထံ ကျွန်တော်လည်ပတ်နေပါတယ်။ မိသားစုကိုစည်းလုံးအောင် ဘယ်အရာကကူညီပေးမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အချို့သူတွေဟာ မိသားစုနဲ့ပတ်သက်ပြီး ဟိန္ဒူကျမ်းဂန်တွေရဲ့ပြောပြချက်ကိုသိကြပေမဲ့ အဲဒါကို သမ္မာကျမ်းစာရဲ့ပြောပြချက်နဲ့နှိုင်းယှဉ်ကြည့်ဖို့ ဘယ်တော့မှ အခွင့်အရေးမရခဲ့ကြဘူး။ ကောလောသဲကျမ်း ၃:၁၂-၁၄ မှာပါတဲ့ဒီသဘောထားကို မိတ်ဆွေကိုဝေမျှပေးချင်တယ်။” ကျမ်းချက်ကိုဖတ်ပြပြီးနောက် အိမ်ရှင်အား အသိပညာစာအုပ်၊ အခန်း ၁၅ ကိုပြပြီး “ဒီအခန်းကို မိတ်ဆွေနဲ့ အချိန်အနည်းငယ်ယူပြီးဖတ်ချင်တယ်” ဟုပြောပါ။
၆ လူငယ်တစ်ဦးသည် ဤတင်ပြချက်ကို တုံ့ပြန်ပေမည်–
▪ “ဘုရားသခင်ကို မိတ်ဆွေယုံကြည်မှာပါ။ ကျွန်တော်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့မိတ်ဆွေထင်သလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ကမ္ဘာဦး ၁:၂၈ ကိုဖတ်၍ ဤသို့ပြောပါ– “ကမ္ဘာပေါ် နေရာများစွာမှာ လူဦးရေထူထပ်ပြီး ပြဿနာတွေနဲ့ပြည့်နေတယ်။ ကျွန်တော်တို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ ဖန်ဆင်းရှင်ကူညီပေးချင်လိမ့်မယ်လို့ မိတ်ဆွေထင်သလား။” တုံ့ပြန်မှုကိုကြားရပြီးနောက် သင့်လျော်သည့်စာအုပ်တစ်အုပ်ကို ဖွင့်ပြပါ။
၇ အပြုသဘောရလဒ်များကိုမွေ့လျော်ပါ– အသက် ၂၂ နှစ်ရှိသောဟိန္ဒူဘာသာဝင်တစ်ဦးသည် ဈေးတစ်ခုတွင်သက်သေခံနေသော ညီအစ်မတစ်ဦးထံချဉ်းကပ်၍ ကျမ်းစာသင်အံမှုတောင်းဆိုခဲ့သည်။ ထိုသူသည် ညီအစ်မအား အစောပိုင်းရှစ်နှစ်က မိမိ၏အမေနှင့်ထိုညီမတို့ ကျမ်းစာဆွေးနွေးနေသည်ကို နားစွန်နားဖျားကြားခဲ့ရကြောင်း ရှင်းပြသည်။ လူ့ပြဿနာများအတွက် သမ္မာကျမ်းစာ၏လက်တွေ့ကျသောအဖြေများကြောင့် စိတ်စွဲမှတ်ခဲ့ရသော်လည်း သူ၏အမေသည် စိတ်မဝင်စားခဲ့ရာ မိမိကိုယ်တိုင် သမ္မာတရားကိုလိုက်စားရန် ငယ်လွန်းသည်ဟု သူယူဆခဲ့သည်။ ယခု သူသည် အရွယ်ရောက်သူတစ်ဦးအနေနှင့် ပို၍သိလိုသည်။ လူငယ်သည် အချိန်မဖြုန်းခဲ့ပါ။ ၂၃ ရက်တည်းနှင့် အသိပညာစာအုပ်ကို ပြီးအောင်လေ့လာကာ ဈေးတွင် ညီအစ်မနှင့်သူတွေ့ဆုံပြီးနောက် လေးလခန့်တွင် နှစ်ခြင်းခံဖို့တောင်းဆိုခဲ့သည်!
၈ ညီအစ်ကိုတစ်ဦးသည် ရထားပေါ်တွင်တွေ့ခဲ့ရသည့်ဟိန္ဒူဘာသာဝင်တစ်ဦးနှင့် သင်အံမှုစခဲ့သည်။ ထိုသူသည် သူ၏အိမ်ထောင်တွင် အခက်အခဲများကြုံနေရသည်။ သူ့တွင် အသောက်အစားပြဿနာလည်းရှိခဲ့သည်။ ထိုသူသည် မိမိထံ သက်သေခံလာရောက်လည်ပတ်ကာ မိသားစုဘဝနှင့်ပတ်သက်သည့် ကျမ်းစာအကြံပြုချက်ကိုဝေမျှဖို့ သဘောတူခဲ့သည်။ သမ္မာကျမ်းစာ၏စာရိတ္တဆိုင်ရာသွန်သင်ချက်များသည် သူ့အတွက် နှစ်သက်စရာဖြစ်ရာ ကျမ်းစာသင်ဖို့ သဘောတူခဲ့သည်။ သူနှင့် သူ့မိသားစုသည် အစည်းအဝေးများကို အတူစ၍တက်ရောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့သည် မိတ်ဆွေများနှင့် ဆွေမျိုးများအား သမ္မာတရားကိုဝေမျှခဲ့ကြသည်။ ယခုအထိ ဤသူများအနက်ခြောက်ဦးသည် သမ္မာတရားကိုလက်ခံခဲ့ကြပြီ!
၉ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ဘုရားသခင်အလိုရှိသည်။ (၁ တိ. ၂:၄) ယင်းတွင် ဟိန္ဒူဘာသာကဲ့သို့သော ခရစ်ယာန်ဘာသာမဟုတ်သည့် အမျိုးသားများနှင့်အမျိုးသမီးများပါဝင်သည်။ သင့်ရပ်ကွက်တွင် ဟိန္ဒူဘာသာဝင်များရှိလျှင် သူတို့ထံအမြန်လည်ပတ်ကာ ဤဆောင်းပါးတွင်တင်ပြထားသည့် အကြံပြုချက်အချို့ကို အသုံးချပါလေ။