-
အဘယ်ကြောင့်ကျေးဇူးတင်သင့်သနည်းကင်းမျှော်စင်—၁၉၉၈ | ဖေဖော်ဝါရီ ၁၅
-
-
၏– “နောက်ဆုံးသော နေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟုသိမှတ်လော့။ လူတို့သည် ငါနှင့်ငါသာဟူသော စိတ်ထားရှိသောသူ . . . ကျေးဇူးသိတတ်သောစိတ် အလျှင်းမရှိသောသူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁၊ ၂၊ ဖိလစ်ဘာသာပြန်။
အချို့ကိစ္စများတွင်မူ ကျေးဇူးသိတတ်သောစိတ်နေရာတွင် မြှောက်ပင့်ပြောဆိုခြင်းက အစားထိုးဝင်ရောက်လာသည်။ ကျေးဇူးတင်ကြောင်းဖော်ပြသော အသုံးအနှုန်းများသည် ကိုယ်ကျိုးမတွက်ဘဲ နှလုံးသားမှထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် စိတ်ရင်းမမှန်ဘဲ ချဲ့ကားတတ်လေ့ရှိသော မြှောက်လုံးပင့်လုံးတို့သည် မျက်နှာသာရရန် သို့မဟုတ် ကိုယ်ကျိုးတစ်စုံတစ်ရာရလိုသည့် အတွင်းကျိတ်သဘောထားမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ (ယုဒ ၁၆) ယင်းသို့ပျားသကာလို ချိုသာသည့်စကားများသည် မြှောက်ပင့်ခံရသူကို ရွှင်မြူးစေသည့်အပြင် မာန်မာနနှင့် မောက်မာခြင်းကိုဖြစ်ပေါ်စေသည်။ သို့ဖြစ်လျှင် စေတနာမမှန်သော မြှောက်ပင့်ခြင်းကို မည်သူခံလိုမည်နည်း။ သို့ရာတွင် စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ခြင်းသည် အမှန်ပင်လန်းဆန်းစေပါသည်။
ကျေးဇူးတင်ကြောင်းဖော်ပြသူသည် ယင်းသို့ပြုခြင်းမှ အကျိုးရရှိသည်။ နှလုံးသားမှလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခြင်းကြောင့် သူရရှိသည့်စိတ်လှုပ်ရှားမှုက ပျော်ရွှင်မှုနှင့် ငြိမ်သက်မှုကိုဖြစ်ပေါ်စေသည်။ (သု. ၁၅:၁၃၊ ၁၅ နှိုင်းယှဉ်။) ထို့ပြင် ကျေးဇူးသိတတ်သောစိတ်သည် အပြုသဘောပါသော အရည်အသွေးတစ်ခုဖြစ်ခြင်းကြောင့် အမျက်ဒေါသ၊ မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော အပျက်သဘောထားများမှ ကာကွယ်ပေးပါသည်။
“ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”
ကျေးဇူးသိတတ်သောစိတ်ကို ပြုစုပျိုးထောင်ပေးရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုရှိ၏။” (၁ သက်သာလောနိတ် ၅:၁၈) ထို့ပြင် ပေါလုသည် ကောလောသဲမြို့သားများကို ဤသို့အကြံပြုခဲ့သည်– “သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေ။ . . . ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့။” (ကောလောသဲ ၃:၁၅) ဆာလံကျမ်းများတွင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သောစိတ်သည် ဘုရားသခင်ရေးရာမွန်မြတ်သော အကျင့်တစ်ခုဖြစ်ကြောင်းဖော်ပြသည့် ကျေးဇူးတော်ကိုချီးမွမ်းသည့်စကားများစွာပါရှိသည်။ (ဆာလံ ၂၇:၄; ၇၅:၁) နေ့စဉ်အသက်တာကိစ္စရပ်များ၌ ကျေးဇူးတင်တတ်သောစိတ်ကို ကျွန်ုပ်တို့တင်ပြကြလျှင် ယေဟောဝါဘုရားသခင်နှစ်သက်တော်မူသည်မှာ ရှင်းနေပါသည်။
သို့သော် ကျေးဇူးမသိတတ်သော ဤလောကကြီးတွင် ကျေးဇူးသိတတ်သောစိတ်ကို ပြုစုပျိုးထောင်ရန် မည်သည့်အခြေခံအကြောင်းက ကျွန်ုပ်တို့ကိုခက်ခဲစေသနည်း။ ကျေးဇူးသိတတ်သောသဘောထားကို ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာတွင် မည်သို့တင်ပြနိုင်မည်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါး၌ ဆွေးနွေးပါမည်။
-
-
ကျေးဇူးသိတတ်သောစိတ် မွေးပါကင်းမျှော်စင်—၁၉၉၈ | ဖေဖော်ဝါရီ ၁၅
-
-
ကျေးဇူးသိတတ်သောစိတ် မွေးပါ
နယူးယောက်ပြည်နယ်မှ သမားတော်တစ်ဦးသည် အရေးပေါ်အခြေအနေရောက်နေသော မာရီယာ၏အသက်ကို ကယ်လိုက်သည်။ သို့သော် အသက် ၅၀ အရွယ်မာရီယာသည် ဆရာဝန်ကိုကျေးဇူးတင်စကားလည်းမဆို ဆေးဖိုးလည်းမပေးပါ။ ကျေးဇူးကန်းခြင်းတွင် စံထားလောက်ပါပေသည်!
တစ်ကြိမ်တွင် ယေရှုသည် ရွာတစ်ရွာသို့ဝင်ရာ၌ ကြောက်မက်ဖွယ်အနူရောဂါရှိသူ ဆယ်ဦးနှင့်ဆုံတွေ့ခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ သူတို့သည် ကျယ်သောအသံနှင့် “သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ!” ဟုအော်ဟစ်ကြ၏။ ယေရှုက “ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့” ဟုမိန့်တော်မူ၏။ လူနူတို့သည် ကိုယ်တော်ညွှန်ကြားသည့်အတိုင်း သွားစဉ်အခါတွင် သူတို့၏အနာရောဂါပျောက်ကင်းသွားသည်ကို သိမြင်လာလေသည်။
ရောဂါပျောက်ကင်းသွားသော လူနူကိုးယောက်တို့သည် ခရီးဆက်ကြ၏။ သို့သော် ရှမာရိလူမျိုးဖြစ်သူလူနူတစ်ဦးမူ ယေရှုကိုပြန်လာရှာလေသည်။ ယခင်ကလူနူဖြစ်ခဲ့သူသည် ဘုရားသခင်အားချီးမွမ်း၍ ယေရှုကိုတွေ့သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် ကျေးဇူးကြီးလှကြောင်းလျှောက်ဆို၏။ ယေရှုကလည်း “တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းငှာ ပြန်လာသောသူတစ်ယောက်မျှမရှိသလော” ဟုပြန်မေးတော်မူ၏။—လုကာ ၁၇:၁၁-၁၉။
“ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း” ဟူသောကိုယ်တော့်မေးခွန်းမှ အရေးကြီးသင်ခန်းစာကို နှလုံးသွင်းအပ်ပေသည်။ မာရီယာကဲ့သို့ပင် လူနူကိုးဦးတို့၏ ကြီးလေးသောပျက်ကွက်မှုမှာ ကျေးဇူးတင်စိတ်မပြခြင်းပင်ဖြစ်သည်။ ယင်းသို့သောကျေးဇူးကန်းခြင်းသည် ယနေ့နေရာအနှံ့ဖြစ်ပျက်နေသည်။ မည်သည့်အကြောင်းကြောင့်နည်း။
ကျေးဇူးကန်းခြင်း၏အခြေခံအကြောင်းရင်း
ကျေးဇူးကန်းခြင်းသည် အဓိကအားဖြင့် တစ်ကိုယ်ကောင်းဆန်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သည့် အာဒံနှင့်ဧဝအကြောင်း စဉ်းစားကြည့်ပါလေ။ ယေဟောဝါသည် သူတို့ကိုဘုရားသခင်ရေးရာအရည်အသွေးများနှင့် ဖန်ဆင်းခဲ့ပြီး လှပသောဥယျာဉ်စံအိမ်၊ စုံလင်ပြည့်ဝသောဝန်းကျင်နှင့် အဓိပ္ပာယ်ရှိ၍ အားရကျေနပ်ဖွယ်အလုပ်အကိုင်အပါအဝင် သူတို့ပျော်ရွှင်မှုအတွက် လိုအပ်ရာအားလုံးကိုပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၆-၂၉; ၂:၁၆၊ ၁၇) သို့တိုင် မောင်နှံစုံသည် မိမိတို့ကိုယ်ကျိုးကိုသာကြည့်ရန် စာတန်ဆွဲဆောင်သည့်ဖိစီးမှုအောက်တွင် နာခံမှုကင်းမဲ့ကာ ယေဟောဝါ၏ကျေးဇူးပြုခြင်းကို မထီမဲ့မြင်ပြုခဲ့ကြသည်။—ကမ္ဘာဦး ၃:၁-၅; ဗျာဒိတ် ၁၂:၉။
မိမိ၏အထူးပိုင်ဆိုင်ရာဖြစ်ရန် ဘုရားသခင်ရွေးချယ်ခဲ့သော ရှေးဣသရေလလူမျိုးများနှင့်ပတ်သက်၍လည်း စဉ်းစားကြည့်ပါ။ ဣသရေလမိဘများအနေနှင့် ဘီ.စီ.အီး. ၁၅၁၃ နိသန် ၁၄ ရက်ညတွင် မည်မျှကျေးဇူးတင်စရာအကြောင်းရှိပါသည်တကား! အလွန်အရေးကြီးသောထိုညတွင် ဘုရားသခင့်ကောင်းကင်တမန်သည် “အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများ” ကိုသေဒဏ်သင့်စေခဲ့သော်လည်း အသေအချာမှတ်သားထားသော ဣသရေလလူတို့၏အိမ်များကိုမူ ကျော်လွန်သွားသည်။ (ထွက်မြောက်ရာ ၁၂:၁၂၊ ၂၁-၂၄၊ ၃၀) ထို့ပြင် ပင်လယ်နီတွင် ဖာရော၏စစ်တပ်မှကယ်လွတ်ခံရသောအခါ ကျေးဇူးတင်စိတ်အပြည့်ဖြင့် ‘မောရှေနှင့် ဣသရေလအမျိုးသားတို့သည် ယေဟောဝါအားသီချင်းဆို’ ကြလေသည်။—ထွက်မြောက်ရာ ၁၄:၁၉-၂၈; ၁၅:၁-၂၁။
သို့ဖြစ်စေကာမူ အီဂျစ်ပြည်မှထွက်ခွာ၍ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ‘ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် မြည်တမ်းကြ၏။’ ကျေးဇူးကန်းသူများအဖြစ်သို့ မည်မျှလျင်မြန်စွာကျရောက်သွားကြပါသည်တကား! ကျွန်ခံရာအီဂျစ်ပြည်တွင် “အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရ” သည်ကို သူတို့တမ်းတခဲ့ကြ၏။ (ထွက်မြောက်ရာ ၁၆:၁-၃) တစ်ကိုယ်ကောင်းဆန်ခြင်းသည် ကျေးဇူးတင်စိတ်မွေးမြူခြင်းနှင့် တင်ပြခြင်းကင်းမဲ့စေသည်မှာ ရှင်းနေပါသည်။
လူသားအားလုံးတို့သည် အပြစ်သားအာဒံ၏သားစဉ်မြေးဆက်များဖြစ်ခြင်းကြောင့် တစ်ကိုယ်ကောင်းဆန်သည့်ဉာဉ်နှင့် ကျေးဇူးကန်းလိုသည့်ဆန္ဒဖြင့် မွေးဖွားလာကြသည်။ (ရောမ ၅:၁၂) ကျေးဇူးမသိတတ်ခြင်းသည်လည်း ဤလောကသားများကို စိုးမိုးထားသော တစ်ကိုယ်ကောင်းစိတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစိတ်ဓာတ်သည် ကျွန်ုပ်တို့ရှုရှိုက်သောလေကဲ့သို့ နေရာတကာ၌ရှိပြီး ကျွန်ုပ်တို့အပေါ်အကျိုးသက်ရောက်သည်။ (ဧဖက် ၂:၁၊ ၂) သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ကျေးဇူးတင်တတ်သောစိတ်နေစိတ်ထားကို မွေးမြူဖို့လိုအပ်ပါသည်။ ထိုစိတ်ထားကို မည်သို့မွေးမြူနိုင်မည်နည်း။
ဆင်ခြင်သုံးသပ်ခြင်းမရှိမဖြစ်လိုအပ်!
ဝက်ဘ်စတား၏တတိယအကြိမ် နိုင်ငံတကာအဘိဓာန်သစ် ကကျေးဇူးသိတတ်သောစိတ်ကို “ကျေးဇူးတင်သောအခြေအနေ၊ ကျေးဇူးရှင်အပေါ် လှိုက်လှဲဖော်ရွေသောခံစားချက်နှင့် ကျေးဇူးတုံ့ပြန်ရန်လှုံ့ဆော်ချက်” အဖြစ်အနက်ဖွင့်ထားသည်။ ၎င်းခံစားချက်မှာလည်း စက်ခလုတ်ကဲ့သို့ ပိတ်လိုက်ဖွင့်လိုက်လုပ်၍မရဘဲ အတွင်းစိတ်မှအလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကျေးဇူးသိတတ်ခြင်းဟူသည် ကောင်းသောအမူအကျင့် သို့မဟုတ် လူ့ကျင့်ဝတ်တစ်မျိုးကို တင်ပြခြင်းမျှသာမကပါ။ ယင်းသည် နှလုံးထဲမှထွက်ပေါ်လာသည့်အရာဖြစ်သည်။
နှလုံးထဲမှ ကျေးဇူးတင်တတ်ရန် ကျွန်ုပ်တို့မည်သို့သင်ယူနိုင်သနည်း။ ကျွန်ုပ်တို့ခံစားရသည့်အရာသည် ကျွန်ုပ်တို့ရွေးချယ်သည့်အတွေးပေါ်မူတည်သည်ဟု သမ္မာကျမ်းစာကဆိုထားသည်။ (ဧဖက် ၄:၂၂-၂၄) ကျေးဇူးတင်စိတ်မွေးဖို့သင်ယူခြင်းမှာ ကျွန်ုပ်တို့ခံစားရသော ကြင်နာမှုများကို တန်ဖိုးထားဆင်ခြင်သုံးသပ်ခြင်းဖြင့်စတင်ပါသည်။ ယင်းနှင့်အညီ စိတ်ကျန်းမာရေးဆိုင်ရာမှ ဒေါက်တာ ဝိန်း ဒဗ္ဗလျူ ဒိုင်ယာက “ရှေးဦးစွာ စဉ်းစားတွေးတောမှုမရှိဘဲနှင့် စိတ်ခံစားမှု (စိတ်လှုပ်ရှားမှု) မရှိနိုင်” ဟုဆိုသည်။
ကျွန်ုပ်တို့ဝန်းကျင်၌ရှိသော ဖန်ဆင်းရာများအတွက် ကျေးဇူးတင်စရာအကြောင်းကို ဥပမာအနေနှင့်ကြည့်ပါ။ တိမ်ကင်းစင်သောညတစ်ညတွင် ကြယ်အတိပြီးသောကောင်းကင်ယံကို ကြည့်လိုက်သည့်အခါ တွေ့မြင်ရသည့်အရာများကြောင့် သင်မည်သို့ခံစားရသနည်း။ ဘုရင်ဒါဝိဒ်က သူခံစားရသောစိုးရွံ့အံ့သြစိတ်ကို ဤသို့ဖော်ကျူးထားသည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။” တိတ်ဆိတ်သောညတွင် ကြယ်များသည် ဒါဝိဒ်အားဖွင့်ဟပြောဆိုခဲ့၍ ဤသို့ရေးသားရန်တိုက်တွန်းခံခဲ့ရသည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။” ကြယ်အတိပြီးသောကောင်းကင်သည် ဒါဝိဒ်ကို အဘယ်ကြောင့်ဤမျှထိမိစေခဲ့သနည်း။ သူကိုယ်တိုင်ဤသို့ဖြေဆိုခဲ့၏– “အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။”—ဆာလံ ၈:၃၊ ၄; ၁၉:၁; ၁၄၃:၅။
ဒါဝိဒ်၏သားတော်ရှောလမုန်လည်း ဖန်ဆင်းခြင်းဆိုင်ရာအံ့ဖွယ်ရာများအကြောင်း စဉ်းစားခြင်း၏တန်ဖိုးကို သဘောပေါက်ခဲ့သည်။ ဥပမာ ကျွန်ုပ်တို့ကမ္ဘာမြေကြီးကို စိမ်းလန်းစိုပြေစေသည့် မိုးတိမ်၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ သူဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။” (ဒေသနာ ၁:၇) ထို့ကြောင့် မိုးရေနှင့်မြစ်ရေတို့သည် မြေကြီးကိုစိုပြေစေပြီးနောက် ထိုရေများသည် ပင်လယ်မှမိုးတိမ်ပြန်ဖြစ်ကာ ရေသံသရာလည်ပတ်လေသည်။ ရေသည် ဤသို့သန့်စင်ပေးပြီး သံသရာလည်ခြင်းမရှိပါက ကမ္ဘာမြေကြီးမည်သို့ဖြစ်သွားမည်နည်း။ ထိုအရာများကိုတွေးတောသည့်အခါ ရှောလမုန်သည် မည်မျှကျေးဇူးတင်ခဲ့ပါမည်တကား!
ကျေးဇူးသိတတ်သူတစ်ဦးသည် အိမ်သူအိမ်သားများ၊ မိတ်ဆွေများနှင့် အသိအကျွမ်းများနှင့်ဆက်ဆံရေးကိုလည်း တန်ဖိုးထားပါသည်။ သူတို့၏ကြင်နာသောအပြုအမူက သူ့အာရုံကိုဖမ်းစားလိုက်သည်။ သူတို့၏သနားကြင်နာသောလုပ်ရပ်ကို တန်ဖိုးထားလေးစားသည့်စိတ်နှင့် သူစဉ်းစားဆင်ခြင်လိုက်သောအခါ နှလုံးသားထဲမှကျေးဇူးတင်တတ်လာသည်။
ကျေးဇူးတင်ကြောင်းဖော်ပြခြင်း
“ကျေးဇူးတင်ပါတယ်” ဟူသည် မည်မျှရိုးရှင်းသော စကားတစ်ခွန်းပါတကား! ယင်းကိုပြောဖို့ အလွန်လွယ်ကူသည်။ ထို့ပြင် ယင်းသို့ပြုဖို့ အခွင့်အရေးများစွာရှိပါသည်။ ကျွန်ုပ်တို့အတွက် တံခါးဖွင့်ပေးသူ သို့မဟုတ် ကျွန်ုပ်တို့လက်ထဲမှ လွတ်ကျသွားသောအရာတစ်ခုခုကို ကောက်ပေးသူတစ်စုံတစ်ဦးကို စိတ်ရင်းမှန်နှင့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခြင်းသည် မည်မျှလန်းဆန်းစေပါသည်တကား! ထိုအသုံးအနှုန်းကိုကြားရခြင်းက စတိုးဆိုင်မှအရောင်းစာရေး သို့မဟုတ် စားသောက်ဆိုင်မှစားပွဲထိုး သို့မဟုတ် စာပို့လုလင်တို့၏အလုပ်ကို လွယ်ကူပေါ့ပါးစေပြီး ပို၍ကျေနပ်နှစ်သိမ့်မှုခံစားရစေနိုင်သည်။
ကျေးဇူးတင်ကြောင်းဖော်ပြထားသော ကတ်များကိုပို့ပေးခြင်းသည် ကြင်နာသောလုပ်ရပ်များအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရန် သက်သာလွယ်ကူသည့်နည်းတစ်ခုဖြစ်သည်။ စတိုးဆိုင်များတွင် ရရှိနိုင်သောကတ်များ၌ စိတ်ကူးစိတ်သန်းများကို လှလှပပဖော်ပြထားသည်။ သို့သော် သင်ကိုယ်တိုင်လက်ရေးနှင့် ကျေးဇူးတင်စကားများထပ်ရေးခြင်းသည် မေတ္တာပါသော ကိုယ်ပိုင်အရေးအသားမဟုတ်ပေလော။ အချို့ဆိုလျှင် ပုံနှိပ်ကတ်များကိုအသုံးပြုမည့်အစား စာတိုလေးတစ်စောင်ကို ကိုယ်တိုင်ရေးသားပေးပို့ကြသည်။—သု. ၂၅:၁၁ နှိုင်းယှဉ်။
ကျွန်ုပ်တို့၏ကျေးဇူးတင်ခြင်းအခံထိုက်ဆုံးသူများမှာ ကျွန်ုပ်တို့၏အိမ်သားများဖြစ်သည်။ တတ်စွမ်းနိုင်သောဇနီးတစ်ဦးကို သမ္မာကျမ်းစာက ဤသို့ဆိုထားသည်– ‘သူ၏ခင်ပွန်းသည်ထ၍ သူမကိုချီးမွမ်းတတ်၏။’ (သု. ၃၁:၂၈၊ ၂၉) ခင်ပွန်းသည်တစ်ဦးက ဇနီးဖြစ်သူကိုကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြခြင်းက အိမ်ထောင်အသိုင်းအဝိုင်းတွင် ငြိမ်သက်မှုနှင့် ကျေနပ်ရောင့်ရဲမှုကို တိုးပွားစေသည်မဟုတ်ပေလော။ ထို့ပြင် အိမ်ပြန်လာသောအခါ ဇနီးဖြစ်သူထံမှ လှိုက်လှဲနွေးထွေး၍ ကျေးဇူးတင်စိတ်နှင့် ကြိုဆိုခံရခြင်းကလည်း ခင်ပွန်းသည်ကို ပျော်ရွှင်စေသည်မဟုတ်ပေလော။ ယခုအချိန်တွင် အိမ်ထောင်ရေးဖိစီးမှုများစွာရှိပြီး ဖိစီးမှုများလာသောအခါ အလွယ်တကူဒေါသထွက်ကြသည်။ ကျေးဇူးတင်စိတ်ရှိသူသည် ထောက်ထားဆင်ခြင်ရန်အသင့်ရှိပြီး ဗွေမယူဘဲ ခွင့်လွှတ်ရန်အသင့်ရှိသည်။
လူငယ်များသည်လည်း မိမိတို့၏မိဘများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြဖို့ သတိပြုအပ်သည်။ မိဘများမစုံလင်ကြသည်မှာမှန်သော်လည်း ယင်းသည် သင့်အတွက်သူတို့ပြုလုပ်ပေးခဲ့ရာများအတွက် ကျေးဇူးမသိတတ်စရာအကြောင်းရင်းမဟုတ်ပါ။ သင့်ကိုမွေးဖွားပြီးချိန်မှစ၍ သူတို့ပေးခဲ့သည့်မေတ္တာနှင့် ဂရုစိုက်မှုကိုဝယ်ယူ၍မရနိုင်ပါ။ ဘုရားသခင်ကိုသိကျွမ်းရန် သင့်အားသင်ကြားပေးခဲ့ပါက ပို၍ကျေးဇူးတင်စရာအကြောင်းရှိပါသည်။
ဆာလံ ၁၂၇:၃ က “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏” ဟုအတိအလင်းဖော်ပြထားသည်။ ထို့ကြောင့် မိဘများအနေနှင့် အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ တဖျစ်တောက်တောက်ဆူမည့်အစား မိမိတို့ကလေးများကို ချီးကျူးဖို့အခွင့်အလမ်းရှာယူသင့်ပါသည်။ (ဧဖက် ၆:၄) ထို့အပြင် မိမိတို့၏စောင့်ရှောက်မှုအောက်ရှိလူငယ်များကို ကျေးဇူးတင်စိတ်မွေးယူရန် ကူညီပေးခြင်းသည် အခွင့်အရေးတစ်ခုပါတကား!—သု. ၂၉:၂၁ နှိုင်းယှဉ်။
ဘုရားသခင်အားကျေးဇူးတင်ခြင်း
ယေဟောဝါဘုရားသခင်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှ” တို့ကိုပေးကမ်းရှင်ဖြစ်တော်မူ၏။ (ယာကုပ် ၁:၁၇) အထူးသဖြင့် အရေးကြီးသည့်အရာမှာ အသက်ဆုကျေးဇူးပင်ဖြစ်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့အသက်ဆုံးရှုံးသွားပါက ကျွန်ုပ်တို့၌ရှိသည့်အရာ သို့မဟုတ် စီစဉ်ထားသည့်အရာများအားလုံး အလဟဿဖြစ်သွားပေမည်။ “ကိုယ်တော် [ယေဟောဝါဘုရားသခင်] ထံမှာအသက်စမ်းရေတွင်းရှိ” ကြောင်းအမှတ်ရရန် ကျမ်းစာကကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်။ (ဆာလံ ၃၆:၅၊ ၇၊ ၉; တမန်တော် ၁၇:၂၈) ဘုရားသခင်အား ကျေးဇူးတင်သည့်စိတ်ကို မွေးယူရာတွင် ကျွန်ုပ်တို့၏ကိုယ်ကာယနှင့် ဝိညာဉ်ဆိုင်ရာအသက်ကို ထောက်မပေးရန် ကိုယ်တော်ရက်ရောစွာ ပေးသနားထားရာများကို စဉ်းစားဆင်ခြင်ဖို့လိုပါသည်။ (ဆာလံ ၁:၁-၃; ၇၇:၁၁၊ ၁၂) ယင်းစိတ်သည် စကားနှင့်သော်လည်းကောင်း၊ အပြုအမူနှင့်သော်လည်းကောင်း ကျေးဇူးတင်ကြောင်းဖော်ပြရန် နှိုးဆွပေးမည်။
ဆုတောင်းခြင်းသည် ဘုရားသခင်အားကျေးဇူးတင်ကြောင်း ဖော်ပြရာတွင်ထင်ရှားသည့်နည်းတစ်နည်းဖြစ်သည်။ ဆာလံဆရာဒါဝိဒ်က ဤသို့ကြွေးကြော်ခဲ့၏– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။” (ဆာလံ ၄၀:၅) ကျွန်ုပ်တို့လည်း ထပ်တူလှုံ့ဆော်ခံရပါစေ။
အခြားသူများကိုပြောသည့်စကားများဖြင့် ဘုရားသခင်အားကျေးဇူးတင်ကြောင်းပြသဖို့အတွက်လည်း ဒါဝိဒ်ဆုံးဖြတ်ချက်ချခဲ့သည်။ သူဤသို့ဆိုသည်– “အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကိုချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည်။” (ဆာလံ ၉:၁) ကိုယ်တော်အား ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်းပြသနိုင်သည့် အကောင်းဆုံးနည်းမှာ အခြားသူများကို ဘုရားသခင့်အကြောင်းပြောပြခြင်းဖြစ်သည့် ကိုယ်တော်၏စကားတော်မှ သမ္မာတရားကိုဝေမျှခြင်းဖြင့် ဖော်ပြခြင်းဖြစ်သည်။ ထို့အပြင် ယင်းက ဘဝ၏အခြားကဏ္ဍများတွင် ပို၍ကျေးဇူးတင်တတ်ဖို့ ကျွန်ုပ်တို့ကိုထောက်ကူမည်။
“ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူခြင်းကျေးဇူးကိုငါပြမည်” ဟုယေဟောဝါမိန့်တော်မူ၏။ သင်သည် ကိုယ်တော်အား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြသခြင်းမှ ရွှင်လန်းမှုခံစားရပါစေ။—ဆာလံ ၅၀:၂၃; ၁၀၀:၂။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အသက်သည် ဘုရားသခင်ထံမှဆုကျေးဇူးဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကိုယ်ပိုင်အရေးအသားတစ်ခု ထည့်ဖြစ်အောင်ထည့်ပါ
-