ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ငါတို့နည်းတူ သာမန်လူသား” များ
    ကင်းမျှော်စင်—၁၉၉၈ | မတ် ၁
    • “ငါတို့နည်းတူ သာမန်လူသား” များ

      သူသည် ဘုရင်နှင့်ပရောဖက်တစ်ပါးဖြစ်ရုံသာမက ချစ်ခြင်းမေတ္တာရှိသောဖခင်တစ်ဦးလည်းဖြစ်သည်။ သူ့သားတစ်ယောက်သည် ဘဝင်မြင့်ပြီး မာနကြီးလာသည်။ အဆိုပါသားသည် ထီးနန်းကို မတရားသိမ်းပိုက်ရန် ဆုံးဖြတ်ထားကာ မိမိ၏ဖခင်သေဆုံးရန်အကြံဖြင့် ပြည်တွင်းစစ်ကို စတင်ခဲ့သည်။ သို့သော် ထိုဖြစ်ပေါ်လာသော စစ်ပွဲတွင် အသတ်ခံရသူမှာ ထိုသားပင်ဖြစ်ခဲ့သည်။ သားသေဆုံးသွားကြောင်း ဖခင်သိရှိသောအခါ အထက်ဆောင်သို့တက်၍ “အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စားငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သား” ဟုငိုကြွေးလေ၏။ (၂ ဓမ္မရာဇဝင် ၁၈:၃၃) ထိုဖခင်ကား ဘုရင်ဒါဝိဒ်ပင်ဖြစ်သည်။ ယေဟောဝါ၏အခြားပရောဖက်များကဲ့သို့ သူသည် “ငါတို့နည်းတူ သာမန်လူသား” တစ်ဦးဖြစ်သည်။—ယာကုပ် ၅:၁၇၊ သတင်းကောင်း။

      သမ္မာကျမ်းစာခေတ်က ယေဟောဝါအတွက် ပြောဆိုခဲ့သော ယောက်ျားများနှင့်မိန်းမများသည် အလွှာအသီးသီးမှဖြစ်ပြီး နေ့စဉ်အခြေအနေအမျိုးမျိုးတွင် တွေ့မြင်ရသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့နည်းတူ သူတို့လည်း အခက်အခဲများရှိခဲ့ပြီး မစုံလင်မှုကြောင့် ဆင်းရဲခြင်းဝေဒနာများ ခံစားခဲ့ရသည်။ အဆိုပါပရောဖက်အချို့ကား မည်သူတို့နည်း၊ သူတို့သည် မည်သည့်နည်းဖြင့် ကျွန်ုပ်တို့နည်းတူ သာမန်လူသားများဖြစ်ကြသနည်း။

      ယုံကြည်စိတ်ချလွန်းခြင်းမှ နူးညံ့သိမ်မွေ့ခြင်းသို့ မောရှေပြောင်းလဲခဲ့

      ခရစ်ယာန်ခေတ်မတိုင်မီက ထင်ရှားသောပရောဖက်တစ်ဦးမှာ မောရှေဖြစ်သည်။ သို့သော် သူ့ကို အသက် ၄၀ အရွယ်အထိ ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုတော်ထမ်းဆောင်ရန် အဆင်သင့်မရှိခဲ့သေးချေ။ အဘယ်ကြောင့်နည်း။ အဲဂုတ္တုဘုရင်ဖာရောက မောရှေ၏ညီအစ်ကိုများကို နှိပ်စက်ကလူပြုမူချိန်၌ သူသည် ဖာရော၏အိမ်ထောင်စုတွင် ကြီးပြင်းခဲ့ကာ “နှုတ်သတ္တိ၊ လက်သတ္တိ” ရှိသူဖြစ်ခဲ့၏။ မှတ်တမ်းက “ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏” ဟုဆိုသည်။ ယုံကြည်စိတ်ချလွန်းခြင်းကြောင့် အဲဂုတ္တုလူတစ်ဦးကိုသတ်ခြင်းဖြင့် ဟေဗြဲကျွန်တစ်ဦးကို ကာကွယ်ရန် အားကြိုးမာန်တက်လုပ်ဆောင်ခဲ့သည်။—တမန်တော် ၇:၂၂-၂၅; ထွက်မြောက်ရာ ၂:၁၁-၁၄။

      မောရှေ ချက်ချင်းထွက်ပြေးခဲ့ရပြီး ဝေးလံသောမိဒျန်ပြည်တွင် နောက်အနှစ် ၄၀ အထိသိုးထိန်းတစ်ဦးအနေနှင့် အချိန်ကုန်ခဲ့သည်။ (ထွက်မြောက်ရာ ၂:၁၅) ထိုအချိန်ကုန်ဆုံး၍ သူ၏အသက် ၈၀ အရွယ်တွင် မောရှေကို ပရောဖက်တစ်ပါးအဖြစ် ယေဟောဝါတာဝန်ပေးအပ်ခဲ့သည်။ သို့သော် မောရှေသည် ယခင်ကကဲ့သို့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်းမရှိတော့ချေ။ ပရောဖက်တစ်ပါးအဖြစ် ယေဟောဝါ၏တာဝန်ပေးခြင်းကို ‘ကျွန်ုပ်သည် ဖာရောဘုရင်ထံဝင်ရန် အဘယ်သို့သောသူဖြစ်သနည်း’ နှင့် ‘ကျွန်ုပ်အဘယ်သို့ပြန်ပြောရပါမည်နည်း’ စသောမေးခွန်းများမေးသည်အထိ မိမိသည် အရည်အချင်းမပြည့်မီဟု ခံစားခဲ့ရသည်။ (ထွက်မြောက်ရာ ၃:၁၁၊ ၁၃) မောရှေသည် ယေဟောဝါ၏မေတ္တာပါအားပေးမှု၊ ကူညီမှုတို့နှင့်အတူ ကြီးစွာသောအောင်မြင်မှုဖြင့် မိမိ၏တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

      ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်းက ပညာမဲ့ကြောင်းထင်ရှားသည့် အပြောအဆိုအပြုအမူများကို ပြောဆိုပြုမူစေရန် မောရှေနည်းတူ သင့်ကိုယ်ကိုခွင့်ပြုမည်လော။ သို့ဖြစ်လျှင် ထပ်ဆင့်သွန်သင်လေ့ကျင့်မှုများကို နှိမ့်ချမှုဖြင့်လက်ခံပါ။ သင်သည် ခရစ်ယာန်တာဝန်အချို့ကို ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီဟု ခံစားရသလော။ ငြင်းဆိုမည့်အစား ယေဟောဝါနှင့်ကိုယ်တော်၏အဖွဲ့အစည်းက ပေးထားသည့်အကူအညီကိုလက်ခံပါ။ မောရှေကို ကူညီပေးခဲ့သူက သင့်ကိုလည်း ကူညီပေးနိုင်ပါသည်။

      ဆုံးမပဲ့ပြင်ပေးချိန်တွင် ဧလိယသည် ကျွန်ုပ်တို့နည်းတူ သာမန်လူသားဖြစ်

      “ဧလိယသည် ငါတို့နည်းတူ သာမန်လူသားဖြစ်ပေသည်။ သူသည် မိုးမရွာစေရန် စိတ်အားထက်သန်စွာဆုတောင်းပတ္ထနာပြု၏။ ယင်းသို့ပတ္ထနာပြုသည်အတိုင်း ကမ္ဘာမြေပေါ်သို့ သုံးနှစ်နှင့်ခြောက်လတိုင်တိုင်မိုးမရွာဘဲနေ၏။” (ယာကုပ် ၅:၁၇၊ သတင်းကောင်း) ယေဟောဝါအား စွန့်ခွာခဲ့သောလူမျိုးတစ်မျိုးကို ဆုံးမပဲ့ပြင်ရန်အတွက် ဧလိယ၏ဆုတောင်းချက်သည် ကိုယ်တော်၏အလိုတော်နှင့် ညီညွတ်ခဲ့ပါသည်။ သို့တိုင် မိုးခေါင်ရန် မိမိဆုတောင်းချက်သည် လူတို့ကို ဆင်းရဲဒုက္ခရောက်စေမည်ဖြစ်ကြောင်း ဧလိယသဘောပေါက်ခဲ့သည်။ ဣသရေလနိုင်ငံတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ကြသည်; လူတို့၏အသက်မွေးဝမ်းကျောင်းမှုသည် နှင်းပေါက်နှင့် မိုးရေပေါ်တွင်မူတည်သည်။ အဆက်မပြတ်မိုးခေါင်မှုကြောင့် အကြီးအကျယ်ပူပင်သောကဖြစ်ပေါ်လိမ့်မည်။ အပင်များ ညှိုးနွမ်းကုန်လိမ့်မည်; ကောက်ပဲသီးနှံများ ပျက်စီးကုန်လိမ့်မည်။ အလုပ်အကိုင်နှင့်အစားအသောက်အတွက် အသုံးပြုနေရသော အိမ်မွေးတိရစ္ဆာန်များ သေဆုံးကုန်မည်ဖြစ်ပြီး မိသားစုအချို့လည်း အစာငတ်ပြတ်မှုကို ကြုံတွေ့ရတော့မည်။ မည်သူတို့ အများဆုံးကြုံတွေ့ရမည်နည်း။ သာမန်လူတန်းစားများပင်ဖြစ်သည်။ မုဆိုးမတစ်ဦးက မုန့်ညက်တစ်လက်ဆုပ်နှင့် ဆီအနည်းငယ်သာကျန်ရှိတော့သည်ကို ဧလိယအားပြောခဲ့သည်။ သူမနှင့်သူမ၏သားတို့သည် မကြာခင် အစာငတ်ပြတ်ပြီး သေရတော့မည်ကို သူမလုံးဝမျှော်လင့်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၁၂) ဧလိယထိုသို့ဆုတောင်းနိုင်ရန်မှာ ယေဟောဝါသည် စစ်မှန်သောဝတ်ပြုမှုကို မစွန့်သောကိုယ်တော်၏ကျေးကျွန်များကို—ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ—ကြည့်ရှုစောင့်ရှောက်လိမ့်မည်ဟု အခိုင်အမာယုံကြည်ရန် လိုအပ်သည်။ မှတ်တမ်းတွင်ဖော်ပြထားသည့်အတိုင်း ဧလိယစိတ်မပျက်ခဲ့ချေ။—၃ ဓမ္မရာဇဝင် ၁၇:၁၃-၁၆; ၁၈:၃-၅။

      မကြာခင် မိုးရွာလာတော့မည်ဖြစ်ကြောင်း ယေဟောဝါမိန့်တော်မူသောနောက်သုံးနှစ်ကြာသည့်အခါ၊ ဧလိယသည် “မြေ၌ပျပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထား” ပြီးပြင်းထန်စွာ အထပ်ထပ်ဆုတောင်းခြင်းဖြင့် မိုးခေါင်မှုရပ်ဆိုင်းသွားခြင်းကို မြင်လိုသည့်ဆန္ဒပြင်းပြကြောင်း တင်ပြခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၄၂) ဧလိယသည် မိမိ၏ဆုတောင်းချက်ကို ယေဟောဝါနားညောင်းတော်မူကြောင်း ဖော်ပြချက်တစ်စုံတစ်ရာကိုတွေ့မြင်ရန် မိမိ၏ကျွန်ကို “သင်တက်၍ ပင်လယ်ကိုကြည့်ရှုလော့“ ဟုထပ်ခါတလဲလဲဆော်သြခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၄၃) သူ၏ဆုတောင်းချက်တုံ့ပြန်ခံရသည့်အနေဖြင့် နောက်ဆုံးတွင် “မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ” သောအခါ သူပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!—ယာကုပ် ၅:၁၈။

      အကယ်၍ သင်သည် ခရစ်ယာန်အသင်းတော်တွင် မိဘတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်ပါက ဆုံးမပဲ့ပြင်ခြင်းကိုပြုရသောအခါ ပြင်းထန်သည့်ခံစားချက်များနှင့်တိုက်လှန်ရပေမည်။ သို့သော် ဆုံးမပဲ့ပြင်မှုသည် တစ်ခါတစ်ရံလိုအပ်မည်ဖြစ်ပြီး မေတ္တာဖြင့် ဆုံးမပဲ့ပြင်ခြင်းသည် “ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရ” စေမည်ဟူသည့် ယုံကြည်စိတ်ချမှုဖြင့် အဆိုပါသူတို့၏စိတ်လှုပ်ရှားမှုကို ထိန်းညှိဖို့လိုသည်။ (ဟေဗြဲ ၁၂:၁၁) ယေဟောဝါ၏ပညတ်တော်များကို နာခံခြင်းအကျိုးသည် အစဉ်လိုလားဖွယ်ဖြစ်သည်။ ယင်းတို့ကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ ဧလိယကဲ့သို့ ကျွန်ုပ်တို့သည် စိတ်နှလုံးမှဆုတောင်းကြသည်။

      ယေရမိသည် စိတ်ဓာတ်ကျသော်လည်း ရဲစွမ်းသတ္တိတင်ပြခဲ့

      သမ္မာကျမ်းရေးသူအားလုံးထဲမှ ယေရမိသည် မိမိ၏ကိုယ်ပိုင်ခံစားချက်ကို အများဆုံးရေးသားခဲ့သူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် လူငယ်တစ်ဦးအနေနှင့် မိမိ၏တာဝန်ကို လက်ခံရန် တွန့်ဆုတ်ခဲ့သည်။ (ယေရမိ ၁:၆) သူသည် ဣသရေလအမျိုးသားချင်း—ဘုရင်မှအစ သာမန်အရပ်သားအထိ—တို့ထံမှ ပြင်းထန်သောဆန့်ကျင်မှုကို ထိပ်တိုက်ရင်ဆိုင်ရသော်လည်း ဘုရားသခင့်စကားတော်ကို ရဲစွမ်းသတ္တိအပြည့်ဖြင့် ဆက်လက်ကြေညာခဲ့သည်။ ထိုဆန့်ကျင်မှုသည် တစ်ခါတစ်ရံ သူ့ကို ဒေါသဖြစ်စေပြီး မျက်ရည်ကျစေခဲ့သည်။ (ယေရမိ ၉:၃; ၁၈:၂၀-၂၃; ၂၀:၇-၁၈) သူသည် လူအုပ်ဖြင့်ရမ်းကားခြင်း၊ ရိုက်နှက်ခြင်း၊ ထိပ်တုံးဖြင့်ခတ်ခြင်း၊ ထောင်ချခြင်း၊ အသတ်ခံရရန် ခြိမ်းခြောက်ခြင်းတို့ကို အကြိမ်ကြိမ်ခံရပြီး ရေလှောင်ကန်လွက်တစ်ခု၏အောက်ရှိရွှံ့ထဲတွင် သေဆုံးအောင် ပစ်ထားခြင်းခံခဲ့ရသည်။ ဤသို့ဖော်ပြထားသော သူ၏စကားအရ ယေဟောဝါ၏သတင်းတရားပင် တစ်ခါတစ်ရံ သူ့ကိုနာကြည်းစေခဲ့သည်– “ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။”—ယေရမိ ၄:၁၉။

      သို့ဖြစ်စေကာမူ၊ သူသည် ယေဟောဝါ၏စကားတော်ကို စွဲလမ်းမြတ်နိုးခဲ့ကြောင်းကို ဤသို့ဆိုသည်– “[စကားတော်] သည်အကျွန်ုပ်ရွှင်လန်းဝမ်းမြောက်စရာအကြောင်းဖြစ်ပါ၏။” (ယေရမိ ၁၅:၁၆) တစ်ချိန်တည်းတွင် စိတ်ပျက်မှုကြောင့် ယေဟောဝါထံ ဤသို့အော်ဟစ်ခဲ့သည်– အလွယ်တကူ ခန်းခြောက်သွားသည့် ချောင်းငယ်တစ်ခုကဲ့သို့ “ကိုယ်တော်သည် ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ဖြစ်တော်မူပါပြီတကား။” (ယေရမိ ၁၅:၁၈) သို့တိုင် သူ၏တာဝန်ကို လုပ်ကိုင်နိုင်ဖို့အလိုငှာ ယေဟောဝါသည် သူ၏ဖီလာဆန့်ကျင်သောခံစားချက်များကို နားလည်ပေးခဲ့ပြီး ဆက်လက်ပံ့ပိုးခဲ့သည်။—ယေရမိ ၁၅:၂၀; ၂၀:၇-၉ ကိုလည်းရှု။

      သင်၏ဓမ္မအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် ယေရမိကဲ့သို့ သင်သည် စိတ်ပျက်မှု သို့မဟုတ် ဆန့်ကျင်မှုကို ကြုံတွေ့ရသလော။ ယေဟောဝါအားမျှော်ကိုးပါ။ ယေဟောဝါ၏လမ်းညွှန်မှုကို ဆက်လက်လိုက်လျှောက်ပါက သင်၏ကြိုးစားအားထုတ်မှုကို ကိုယ်တော်ဆုချတော်မူလိမ့်မည်။

      ယေရှုသည် ကျွန်ုပ်တို့နည်းတူ သာမန်လူသားဖြစ်ခဲ့

      ခေတ်တစ်လျှောက် အကြီးမြတ်ဆုံးသောပရောဖက်မှာ ဘုရားသခင်၏သားတော် ယေရှုခရစ်ပင်ဖြစ်သည်။ ကိုယ်တော်သည် စုံလင်သူဖြစ်သော်လည်း စိတ်လှုပ်ရှားမှုကို မဖုံးဖိခဲ့ချေ။ သူတစ်ပါးနှင့်ဆက်ဆံရာ၌ ကိုယ်တော်၏မျက်နှာနှင့်တုံ့ပြန်ပုံတို့တွင် ထင်ရှားပေါ်လွင်မည်ဖြစ်သည့် အတွင်းခံစားချက်များအကြောင်းကို ကျွန်ုပ်တို့အကြိမ်ကြိမ်ဖတ်ရသည်။ ယေရှုတွင် မကြာခဏ “သနားသောစိတ်” ရှိတော်မူကာ ကိုယ်တော်၏ပုံဥပမာများတွင် ဖော်ပြထားသောဇာတ်ကောင်များတွင် ထပ်တူခံစားမှုရသကို အသုံးပြုခဲ့သည်။—မာကု ၁:၄၁; ၆:၃၄; လုကာ ၁၀:၃၃။

      အရောင်းဈေးသည်များနှင့် တိရစ္ဆာန်များကို ဗိမာန်တော်မှ မောင်းထုတ်သောအခါ “ဤဥစ္စာကိုယူသွားကြ” ဟုပြောသော ကိုယ်တော်၏အသံသည် ကျယ်လောင်နေပေမည်။ (ယောဟန် ၂:၁၄-၁၆) “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်” ဟုပေတရုအကြံပြုသောအခါ “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့” ဟူသော အားမာန်ပါသည့်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။—မဿဲ ၁၆:၂၂၊ ၂၃။

      အထူးသဖြင့် ယေရှုသည် မိမိနှင့်နီးနီးကပ်ကပ်ရှိသူအချို့ကို အလွန်ချစ်ခင်တွယ်တာတော်မူခဲ့သည်။ တမန်တော်ယောဟန်သည် “ယေရှုချစ်တော်မူသော တပည့်တော်” အဖြစ်ဖော်ပြခံခဲ့ရသည်။ (ယောဟန် ၂၁:၇၊ ၂၀) ကျွန်ုပ်တို့ဤသို့ဖတ်ရသေးသည်– “ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့်လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။”—ယောဟန် ၁၁:၅။

      ယေရှုတွင် စိတ်ထိခိုက်မှုလည်းရှိခဲ့သည်။ လာဇရုကွယ်လွန်ခြင်းကြောင့် ဝမ်းနည်းကြေကွဲစွာဖြင့် “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၂-၃၆) ယုဒရှကာရုတ်၏သစ္စာဖောက်မှုကြောင့် ဖြစ်ပေါ်လာသောနှလုံးနာကျင်မှုကို ဖော်ပြသည့်အနေဖြင့် စိတ်ထိခိုက်ဖွယ်ခံစားချက်ကို ဆာလံကျမ်းမှ ယေရှုဤသို့ကိုးကားခဲ့သည်– “ငါနှင့်အတူစားသောသူသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။”—ယောဟန် ၁၃:၁၈; ဆာလံ ၄၁:၉။

      နှက်တိုင်ပေါ် ပြင်းထန်သည့်နာကျင်မှုကို ခံစားနေရစဉ်မှာပင် ယေရှုသည် နက်ရှိုင်းသောကြင်နာမှုကို တင်ပြခဲ့သည်။ ကိုယ်တော်သည် “ချစ်တော်မူသောတပည့်တော်” ထံမိမိ၏မိခင်ကို ကြင်နာစွာအပ်နှံခဲ့သည်။ (ယောဟန် ၁၉:၂၆၊ ၂၇) ကိုယ်တော့်အပါးတော်တွင် နှက်တိုင်ရိုက်ခြင်းခံရသည့် လူဆိုးထဲမှတစ်ဦးကို နောင်တရကြောင်းတွေ့ရသောအခါ ယေရှုက “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” ဟူ၍စာနာစွာဖြင့် မိန့်တော်မူခဲ့သည်။ (လုကာ ၂၃:၄၃) “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူသောဟစ်ကြွေးမှု၌ ကိုယ်တော်၏ရုတ်တရက်စိတ်လှုပ်ရှားမှုကို ကျွန်ုပ်တို့ခံစားကြည့်နိုင်သည်။ (မဿဲ ၂၇:၄၆) ကိုယ်တော်သေဆုံးခါနီးတွင် လှိုက်လှဲသည့်မေတ္တာနှင့် ယုံကြည်ခြင်းကို ဤစကားများဖြင့်ဖော်ထုတ်သည်– “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏။”—လုကာ ၂၃:၄၆။

      ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေပါသည်တကား! “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။”—ဟေဗြဲ ၄:၁၅။

      ယေဟောဝါ၏ယုံကြည်စိတ်ချမှု

      ယေဟောဝါသည် မိမိ၏ပြောရေးဆိုခွင့်ရှိသူများကို ရွေးချယ်ရာတွင် မည်သည့်အခါမျှယူကျုံးမရမဖြစ်ခဲ့ချေ။ ကိုယ်တော်အပေါ် သူတို့၏သစ္စာစောင့်သိမှုကိုသိရှိ၍ မစုံလင်သူတို့၏အားနည်းချက်များကို ဗွေမယူဘဲ စာနာထောက်ထားစွာခွင့်လွှတ်ခဲ့သည်။ သို့ရာတွင် သူတို့၏တာဝန်ကို အပြည့်အဝထမ်းဆောင်ရန် ကိုယ်တော်တောင်းဆိုခဲ့သည်။ ကိုယ်တော်၏အကူအညီဖြင့် သူတို့ကောင်းစွာ ထမ်းဆောင်နိုင်ခဲ့ကြသည်။

      ကျွန်ုပ်တို့၏သစ္စာစောင့်သိသော ညီအစ်ကိုများနှင့်ညီအစ်မများအပေါ် စိတ်ရှည်ရှည်ဖြင့် ယုံကြည်စိတ်ချမှုပြသသွားကြစို့လေ။ ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ကဲ့သို့ သူတို့တွင်လည်း အမြဲချွတ်ယွင်းချက်များရှိပေမည်။ သို့ဖြစ်စေကာမူ၊ ကျွန်ုပ်တို့၏ညီအစ်ကိုများအား ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်မှုတို့ကို မထိုက်တန်သူများအဖြစ် မည်သည့်အခါမျှမစီရင်သင့်ပါ။ ပေါလုက “သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံရကြမည်” ဟုရေးသားခဲ့သည်။—ရောမ ၁၅:၁; ကောလောသဲ ၃:၁၃၊ ၁၄။

      ကျွန်ုပ်တို့ကြုံတွေ့ရသော စိတ်လှုပ်ရှားမှုအားလုံးကို ယေဟောဝါ၏ပရောဖက်များလည်း ကြုံတွေ့ခဲ့ရသည်။ သို့တိုင် သူတို့သည် ယေဟောဝါကို ယုံကြည်ကိုးစားကြသည့်အတွက် သူတို့ကို ယေဟောဝါထောက်မခဲ့သည်။ ထို့ထက်မက ရွှင်လန်းမှုကိုဖြစ်စေသည့် ကောင်းသောကိုယ်ကိုကိုယ်သိသောစိတ်၊ ကိုယ်တော်၏မျက်နှာသာတော်ခံစားရခြင်း၊ ထောက်ကူပေးကြသည့် သစ္စာရှိအပေါင်းအဖော်များနှင့် ပျော်ရွှင်သောအနာဂတ်အာမခံချက်တို့ကို ယေဟောဝါပေးထားတော်မူခဲ့သည်။ (ဟေဗြဲ ၁၂:၁-၃) “ငါတို့နည်းတူ သာမန်လူသားများ” ဖြစ်သောရှေးပရောဖက်များ၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့တုပနေစဉ် ယေဟောဝါအား ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်း တွယ်ကပ်ကြစို့လေ။

  • ဆရာဝန်များ၊ တရားသူကြီးများနှင့် ယေဟောဝါသက်သေများ
    ကင်းမျှော်စင်—၁၉၉၈ | မတ် ၁
    • ဆရာဝန်များ၊ တရားသူကြီးများနှင့် ယေဟောဝါသက်သေများ

      လွန်ခဲ့သည့် ၁၉၉၅၊ မတ်လက ယေဟောဝါသက်သေတို့သည် နှီးနှောဖလှယ်ပွဲနှစ်ခုကို ဘရာဇီးတွင် ကမကထပြု၍ကျင်းပခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်နည်း။ ယေဟောဝါသက်သေတစ်ဦး ဆေးရုံတက်ပြီး သွေးသွင်းခြင်းကို လက်မခံသောအခါ ဆေးဘက်ဆိုင်ရာနှင့် ဥပဒေဆိုင်ရာဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိဖို့ ကြိုးစားကြရန်ဖြစ်သည်။—တမန်တော် ၁၅:၂၉။

      ဝမ်းနည်းစရာကား၊ အချို့ကိစ္စများတွင် ဆရာဝန်တို့သည် သက်သေခံလူနာတို့၏ဆန္ဒကို လျစ်လျူရှုခဲ့ပြီး အတင်းအကျပ်သွေးသွင်းရန် တရားရုံးအမိန့်များရရှိဖို့ ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့သောအခြေအနေမျိုးများ၌ သက်သေခံတို့သည် ကိုယ့်ကိုယ်ကိုကာကွယ်ရန် ဥပဒေဆိုင်ရာ မည်သည့်နည်းလမ်းကိုမဆို အသုံးချခဲ့ကြသည်။ သို့သော် သူတို့သည် ထိပ်တိုက်ဆန့်ကျင်မှုထက် ပူးပေါင်းဆောင်ရွက်ခြင်းကို ပို၍ကြိုက်နှစ်သက်ခဲ့ကြသည်။ သို့ဖြင့် နှီးနှောဖလှယ်ပွဲများတွင် အုပ်စုတူသွေးသွင်းခြင်းကုသနည်းအစား အခြားကုသနည်းများစွာရှိကြောင်းနှင့် ယေဟောဝါသက်သေတို့သည် ယင်းတို့ကိုဝမ်းမြောက်ဝမ်းသာလက်ခံကြောင်း အလေးအနက်တင်ပြခဲ့သည်။a

      စောပေါ်လို၏ဒေသန္တရဆေးကောင်စီ အစည်းအဝေးတစ်ခုတွင် သက်သေခံတို့၏ခံယူချက်ကို ထောက်ခံခဲ့ပြီးဖြစ်သည်။ ဆရာဝန်တစ်ဦး၏အကြံပြုထားသောကုသနည်းကို သဘောမတူလျှင် လူနာသည် ယင်းကို ငြင်းဆိုပြီး အခြားဆရာဝန်ကိုရွေးချယ်ဖို့ အခွင့်အရေးရှိသည်ဟု ၁၉၉၅၊ ဇန်နဝါရီလ၌ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

      ချီးကျူးစရာမှာ၊ သွေးမသွင်းလိုသော လူနာများကို သွေးမပါဘဲကုသပေးလိုကြသော ဘရာဇီးဆေးပညာဆိုင်ရာအဖွဲ့ဝင်များ ယခုအခါ ရာချီရှိနေပါသည်။ ၁၉၉၅၊ မတ်လနှီးနှောဖလှယ်ပွဲများပြီးနောက် ဘရာဇီးရှိဆရာဝန်များ၊ တရားသူကြီးများနှင့် ယေဟောဝါသက်သေများတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ထူးခြားထင်ရှားစွာ တိုးတက်ခဲ့သည်။ ၁၉၉၇ ခုနှစ်၌ အဲမ္ဘီးတူး အော့စ်ပီးတာလာရ်အမည်ရှိ ဘရာဇီးဆေးမဂ္ဂဇင်းတွင် သွေးကိစ္စနှင့်ပတ်သက်သည့် ယေဟောဝါသက်သေတို့၏ ရပ်တည်မှုလေးစားခံရရန် အခွင့်အရေးများ တောင်းဆိုထားသော ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။ ရီယိုဒီဂျနေရိုနှင့်စောပေါ်လိုပြည်နယ်၏ ဒေသန္တရဆေးကောင်စီက “မိမိလူနာ၏အသက်ကိုကာကွယ်ရန် ဆရာဝန်၏တာဝန်သည် လူနာ၏ရွေးချယ်ပိုင်ခွင့်ကိုခုခံဖို့ တာဝန်ကိုမလွှမ်းမိုးသင့်ပါ” ဟုဖော်ပြထားသည့်အတိုင်း ယခုယင်းကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုလျက်ရှိကြသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ