ကမ္ဘာပေါ် ယေရှု၏နောက်ဆုံး နေ့ရက်များကို ပြန်လည်ခံစားခြင်း
စီ.အီး. ၃၃ ခုနှစ်၊ ဂျူးနိသန်လ၏ ခုနစ်ရက်နေ့ဖြစ်သည်။ ရောမခရိုင် ယုဒနယ်မှအဖြစ်အပျက်များကို သင်စောင့်ကြည့်နေသည်ဆိုပါစို့။ ယေရှုခရစ်နှင့် ကိုယ်တော့်တပည့်များသည် စိမ်းစိုသောယေရိခေါမြို့မှ ထွက်ခွာပြီး ဖုန်ထူထပ်၍ ကွေ့ကောက်သောလမ်းပေါ် ပင်ပန်းစွာလျှောက်လာနေကြသည်။ အခြားခရီးသည်များလည်း နှစ်ပတ်လည်ပသခါပွဲတက်ရန် ယေရုရှလင်မြို့သို့သွားနေကြပါသည်။ သို့သော် ခရစ်တော်၏တပည့်တော်များစိတ်ထဲတွင် ဤမောပန်းသည့်အတက်ခရီးထက် အခြားကိစ္စရှိ၏။
ဂျူးများသည် ရောမဖိနှိပ်မှုအောက်မှ မိမိတို့ကိုကယ်လွှတ်ပေးနိုင်မည့် မေရှိယရောက်ရှိရန်တမ်းတနေခဲ့ကြသည်။ နာဇရက်မြို့သားယေရှုသည် စောင့်မျှော်ခဲ့သော ကယ်တင်ရှင်ဖြစ်မည်ဟု အများကယူမှတ်ကြသည်။ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်အကြောင်း သုံးနှစ်ခွဲခန့်ဟောပြောလာခဲ့ပေပြီ။ လူနာများကိုကုသပေးခဲ့ပြီး ဆာမွတ်သူတို့ကိုကျွေးမွေးတော်မူခဲ့ပြီ။ လူတို့ကိုအမှန်တကယ် နှစ်သိမ့်မှုပေးခဲ့ပါပြီ။ သို့သော် ဘာသာရေးခေါင်းဆောင်များသည် ယေရှု၏ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုကြောင့် ဒေါသထွက်နေကြပြီး ကိုယ်တော်အားသတ်ဖို့စိုင်းပြင်းနေကြပါသည်။ သို့တိုင် ကိုယ်တော်သည် သွေ့ခြောက်သောလမ်းပေါ်တွင် တပည့်တော်များရှေ့မှ တမင်ကြွသွားတော်မူ၏။—မာကု ၁၀:၃၂။
ရှေ့တွင်ရှိ သံလွင်တောင်အနောက်ဘက်၌ နေဝင်စဉ် ယေရှုနှင့်အပေါင်းပါတို့သည် နောက်ခြောက်ည သူတို့ညအိပ်ကြမည့် ဗေသနိရွာသို့ရောက်သွားကြလေသည်။ ထိုတွင် သူတို့၏ချစ်မိတ်ဆွေများဖြစ်သော လာဇရု၊ မာရိနှင့် မာသတို့က သူတို့ကိုကြိုဆိုကြ၏။ ဤညနေခင်းသည် ပူပြင်းသောခရီးစဉ်မှ သက်သာအေးမြမှုကိုခံစားစေပြီး နိသန်လ ၈ ရက် ဥပုသ်နေ့၏အစဖြစ်သည်။—ယောဟန် ၁၂:၁၊ ၂။
နိသန်လ ၉ ရက်
ဥပုသ်ပြီးနောက် ယေရုရှလင်မြို့သည် စည်ကားသိုက်မြိုက်နေသည်။ ပသခါပွဲအတွက် မြို့ထဲတွင် ဧည့်သည်များထောင်နှင့်ချီ စုရုံးနေကြပြီ။ သို့သော် ဤအကြိမ်တွင် ခါတိုင်းနှစ်ထက် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ စပ်စုသောလူအုပ်များသည် မြို့တံခါးဝများသို့ လမ်းကျဉ်းများမှ အလုအယက်ပြေးဆင်းနေကြ၏။ ကြိတ်ကြိတ်တိုးနေသော တံခါးဝများမှထွက်သည်နှင့် အမှန်ထူးခြားသည့်မြင်ကွင်းကို တွေ့လိုက်ရသည်တကား! ဝမ်းသာအားရဖြစ်နေကြသောသူများစွာသည် ဗက်ဖာဂေရွာမှ သံလွင်တောင်ပေါ်က ဆင်းလာနေကြ၏။ (လုကာ ၁၉:၃၇) ယင်းတို့၏ အဓိပ္ပာယ်ကားအဘယ်နည်း။
ကြည့်ပါ! နာဇရက်မြို့သားယေရှုသည် မြည်းမ၏သားငယ်ကိုစီးလာနေသည်။ လူတို့သည် ကိုယ်တော့်ရှေ့တွင် ဝတ်လုံများကိုလမ်း၌ခင်းပေးကြ၏။ အခြားသူများမှာ မကြာခင်ကမှခုတ်ထားသော စွန်ပလွံခက်များကို ဝှေ့ယမ်းကာ “ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း” ဟုဝမ်းသာစွာကြွေးကြော်ကြ၏။—ယောဟန် ၁၂:၁၂-၁၅။
လူအုပ်သည် ယေရုရှလင်မြို့အနီးရောက်လာစဉ် ယေရှုသည် မြို့ကိုကြည့်၍ စိတ်ထိခိုက်တော်မူ၏။ ထိုအခါ ငိုကြွေးတော်မူပြီး ဤမြို့ဖျက်ဆီးခံရမည့်အကြောင်း ကြိုတင်ဟောသည်ကို ကျွန်ုပ်တို့ကြားကြရသည်။ များမကြာမီ ဗိမာန်တော်သို့ယေရှုရောက်တော်မူသည့်အခါ လူအုပ်ကိုဆုံးမသွန်သင်တော်မူ၍ အထံတော်သို့လာကြသော မျက်စိကန်းသူများနှင့် မစွမ်းမသန်သူများကို ရောဂါငြိမ်းစေတော်မူ၏။—မဿဲ ၂၁:၁၄; လုကာ ၁၉:၄၁-၄၄၊ ၄၇။
ယင်းကို ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် သတိမပြုမိဘဲမနေပါ။ ယေရှုပြုတော်မူသော အံ့ဖွယ်အမှုများနှင့် လူအုပ်ကြီး၏ အားရရွှင်လန်းခြင်းတို့ကိုမြင်၍ သူတို့စိတ်ဆိုးလိုက်လေခြင်း! ဖာရိရှဲများသည် မိမိတို့၏ခံပြင်းမှုကို မဖုံးကွယ်နိုင်ဘဲ “ဆရာ။ တပည့်တို့ကိုဆုံးမပါ” ဟုလျှောက်ကြ၏။ ယေရှုက “ဤသူတို့သည်ဆိတ်ဆိတ်နေကြလျှင် ကျောက်များပင်ကြွေးကြော်လိမ့်မည်” ဟုဖြေကြားလိုက်သည်။ ယေရှုသည် ဗိမာန်တော်မှမထွက်ခွာမီ စီးပွားဖြစ်လုပ်ဆောင်မှုများကို သတိပြုမိခဲ့သည်။—လုကာ ၁၉:၃၉၊ ၄၀၊ သမ; မဿဲ ၂၁:၁၅၊ ၁၆; မာကု ၁၁:၁၁။
နိသန်လ ၁၀ ရက်
ယေရှုသည် ဗိမာန်တော်သို့ စောစောရောက်ရှိလာသည်။ ယမန်နေ့က မိမိခမည်းတော်ယေဟောဝါဘုရားသခင်၏ ဝတ်ပြုရေးအားခုတုံးလုပ်ပြီး မတရားစီးပွားရေးအမြတ်ထုတ်ခြင်းကို အမျက်မထွက်ဘဲမနေနိုင်ခဲ့ပါ။ ထို့ကြောင့် စိတ်အားကြီးကာ ဗိမာန်တော်၌ရောင်းဝယ်နေသူများကို နှင်ထုတ်တော်မူ၏။ ထို့နောက် လောဘကြီးသည့် ငွေလဲလှယ်သူများ၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ခုံများကို မှောက်လှန်တော်မူ၏။ ယေရှုက “‘ငါ့အိမ်ကို ဆုတောင်းရာအိမ်’ ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကိုဓားပြတွင်းဖြစ်စေကြပြီတကား” ဟုမိန့်တော်မူ၏။—မဿဲ ၂၁:၁၂၊ ၁၃။
ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာများနှင့် လူတို့တွင်အကြီးအကဲဖြစ်သူတို့သည် ယေရှု၏လုပ်ရပ်နှင့် လူထုအားဆုံးမသွန်သင်ခြင်းကို မနှစ်မြို့ကြပေ။ ကိုယ်တော်အား မသတ်ရလျှင်မနေနိုင်အောင် ဖြစ်နေကြသည်တကား! သို့ရာတွင် လူတို့သည် ယေရှု၏သွန်သင်ခြင်းကို အလွန်အံ့အားသင့်ကြပြီး “ဒေသနာကိုစေ့စေ့နားထောင်” ကြသောကြောင့် လူအုပ်ကိုသူတို့မလွန်ဆန်ဝံ့ကြပါ။ (လုကာ ၁၉:၄၇၊ ၄၈) ညနေခင်းတွင် ယေရှုနှင့်အပေါင်းပါတို့သည် ကောင်းစွာအနားယူဖို့ရန် ဗေသနိရွာသို့ သာယာသောလမ်းအတိုင်း ပြန်လာကြသည်။
နိသန်လ ၁၁ ရက်
နံနက်စောစောတွင် ယေရှုနှင့် တပည့်တော်များသည် သံလွင်တောင်ကိုဖြတ်ကျော်ကာ ယေရုရှလင်မြို့သို့သွားနေကြပေပြီ။ ဗိမာန်တော်သို့ သူတို့ရောက်သည်နှင့် ယဇ်ပုရောဟိတ်အကြီးနှင့် လူအကြီးအကဲတို့သည် ယေရှုကိုအတိုက်အခံပြုဖို့ အသင့်ရှိနေကြ၏။ ဗိမာန်တော်၌ ငွေလဲလှယ်သူများနှင့် ကုန်သည်များကိုဆန့်ကျင်ခဲ့သည့် ကိုယ်တော်၏လုပ်ရပ်ကို သူတို့မမေ့လျော့သေးပါ။ ကိုယ်တော်၏ရန်သူများက “ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း” ဟုရန်ငြိုးကြီးစွာနှင့်မေးကြသည်။ ယေရှုက “ငါသည် သင်တို့ကို ပုစ္ဆာတစ်ချက်မေးဦးမည်။ ဖြေဆိုကြလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါပြောမည်။ ယောဟန်၏ဗတ္တိဇံမင်္ဂလာမှာ အဘယ်ကနည်း။ ကောင်းကင်မှလော။ လူတို့မှလော” ဟုတန်ပြန်မေးလိုက်သည်။ ဆန့်ကျင်သူတို့သည် အချင်းချင်းတိုင်ပင်၍ “ကောင်းကင်မှဖြစ်လာသည်၊ ငါတို့ဖြေလျှင် အဘယ်ကြောင့်ယောဟန်ကို မယုံကြသနည်းဟုမေးဦးမည်။ လူတို့မှဖြစ်လာသည်၊ ဖြေလျှင်မူကား ပြည်သူပြည်သားတို့ကို ကြောက်ရသည်။ ယောဟန်ကို ပရောဖက်အဖြစ် ရှိသမျှတို့မှတ်ယူလျက်နေကြသည်” ဟုဆင်ခြင်ကြ၏။ သူတို့သည် အကျပ်ရိုက်သွားပြီး “ငါတို့မသိ” ဟု မယုတ်မလွန်ဖြေဆိုကြ၏။ ယေရှုက “ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါလည်းပြောမည်မဟုတ်” ဟုတည်ငြိမ်စွာမိန့်ဆို၏။—မဿဲ ၂၁:၂၃-၂၇၊ သမ။
ယခု ယေရှု၏ရန်သူများသည် ကိုယ်တော့်အားအကွက်ဆင်ဖမ်းနိုင်ရန် ကြိုးပမ်းကြသည်။ “ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလော” ဟုမေးကြ၏။ “အခွန်ငွေတစ်ပြားကိုပြပါ” ဟုယေရှုခွန်းတုံ့ပြန်သည်။ “ဤပုံဤလိပ်စာကား အဘယ်သူ၏လိပ်စာဖြစ်သနည်း” ဟုကိုယ်တော်မေးတော်မူ၏။ “ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်” ဟုသူတို့လျှောက်ကြသည်။ သူတို့ကိုမိန်းမောတွေဝေစေပြီး လူအားလုံးကြားအောင် ဤသို့ပြတ်ပြတ်သားသားမိန့်တော်မူသည်– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့။”—မဿဲ ၂၂:၁၅-၂၂။
ယေရှုသည် မငြင်းဆန်နိုင်သော ဆုံးဖြတ်ဆင်ခြင်နည်းဖြင့် မိမိရန်သူများကိုနှုတ်ဆိတ်စေပြီး ယခုလူအုပ်ကြီးနှင့် မိမိတပည့်တော်များရှေ့တွင် ဝေဖန်လေသည်။ ကျမ်းတတ်များနှင့် ဖာရိရှဲများကို မကြောက်မရွံ့ပြစ်တင်ရှုတ်ချသည်ကို နားထောင်ကြည့်ပါ။ ကိုယ်တော်က ဤသို့ဆိုသည်– “သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။” ကိုယ်တော်သည် ဆက်တိုက်အမင်္ဂလာများကို သူတို့အပေါ်ရဲရင့်စွာကြေညာ၍ သူတို့သည် လမ်းပြသောလူကန်းများနှင့် အရေခြုံများဖြစ်ကြောင်း ဖော်ထုတ်ခဲ့၏။ ယေရှုက “မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲ (“ဂေဟင်္နာ၊” ကဘ) မှအဘယ်သို့လွတ်နိုင်ကြမည်နည်း” ဟုမိန့်မြွက်သည်။—မဿဲ ၂၃:၁-၃၃။
ဤပြင်းထန်သော ပြစ်တင်ရှုတ်ချမှုများက ယေရှုသည် အခြားသူများ၏ကောင်းကွက်များကို မမြင်တတ်ဟုမဆိုလိုပါ။ ထို့နောက် ဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ လူတို့ငွေသွင်းချသည်ကို ကိုယ်တော်မြင်တော်မူ၏။ ဆင်းရဲသောမုဆိုးမတစ်ဦးသည် သူမအသက်မွေးစရာရှိသမျှ—တန်ဖိုးအနည်းငယ်သာရှိသောငွေနှစ်ပြား—သွင်းချသည်ကိုတွေ့မြင်ရခြင်းသည် အလွန်စိတ်ထိမိစရာပါတကား! လှိုက်လှိုက်လှဲလှဲတန်ဖိုးထားလျက် ယေရှုက သူမသည် “မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍” လှူဒါန်းသူများအားလုံးထက် အမှန်ပင်သွင်းချသည်ဟု ထောက်ပြခဲ့သည်။ ကြင်နာထောက်ထားမှုဖြင့် ယေရှုသည် လူတစ်ဦးတတ်နိုင်သ၍လုပ်ဆောင်မှုကို နှစ်နှစ်ကာကာတန်ဖိုးထားပါသည်။—လုကာ ၂၁:၁-၄။
ယခုယေရှုသည် ဗိမာန်တော်မှနောက်ဆုံးအကြိမ် ထွက်ခွာနေသည်။ ကိုယ်တော်၏တပည့်တော်အချို့က “တင့်တယ်သောကျောက်ပြားနှင့်လည်းကောင်း၊ ပူဇော်သကာများနှင့်လည်းကောင်း ဆင်ပြင်လျက်ရှိ” သောဗိမာန်တော်၏ကြီးကျယ်ခမ်းနားမှုကို သတိပြုမိကြသည်။ ယေရှုက “ဤအရာများကိုသင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်” ဟုပြန်ဖြေသည်ကို သူတို့အံ့အားသင့်ကြ၏။ (လုကာ ၂၁:၅၊ ၆) တမန်တော်များသည် ကြိတ်ကြိတ်တိုးနေသောမြို့မှ ယေရှုနှင့်အတူထွက်ခွာလာကြစဉ် ကိုယ်တော်သည် အဘယ်အရာကိုဆိုလိုကြောင်း သူတို့သိလိုကြသည်။
များမကြာမီ ယေရှုနှင့် ကိုယ်တော်၏တမန်တော်တို့သည် သံလွင်တောင်ပေါ်ထိုင်၍ ယင်း၏တိတ်ဆိတ်ငြိမ်သက်မှုအရသာကို ခံစားနေကြသည်။ ယေရုရှလင်မြို့နှင့် ဗိမာန်တော်၏ကြီးကျယ်ခမ်းနားသော မြင်ကွင်းကိုကြည့်နေကြစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် ယေရှု၏ထိတ်လန့်ဖွယ် တင်ကူးမိန့်တော်မူချက်ကို ရှင်းရှင်းလင်းလင်းသိလိုကြသည်။ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုဗ္ဗ [ရှေ့ပြေး] နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုလျှောက်ကြ၏။—မဿဲ ၂၄:၃; မာကု ၁၃:၃၊ ၄။
အဖြေတွင် ကြီးမြတ်သောဆရာသည် အမှန်ပင်မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်တစ်ခုကိုပေးခဲ့သည်။ ပြင်းထန်သောစစ်ပွဲများ၊ ငလျင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်းနှင့် ကာလနာများပြားခြင်းတို့ဖြစ်မည်ဟု တင်ကူးမိန့်တော်မူ၏။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မြေကြီးတစ်ပြင်လုံးတွင် ဟောကြလိမ့်မည်ဟုလည်း ယေရှုကြိုတင်ဟောသည်။ “ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်” ဟုကိုယ်တော်သတိပေးတော်မူသည်။—မဿဲ ၂၄:၇၊ ၁၄၊ ၂၁; လုကာ ၂၁:၁၀၊ ၁၁။
‘ကိုယ်တော်ရောက်ရှိခြင်းဆိုင်ရာနိမိတ်’ ၏အခြားအသွင်အပြင်များကို ယေရှုဖော်ပြစဉ်တွင် တမန်တော်လေးပါးတို့သည် အာရုံစူးစိုက်နားထောင်ကြသည်။ “စောင့်နေကြ” ဖို့လိုကြောင်း ကိုယ်တော်အလေးပေးဖော်ပြခဲ့သည်။ အဘယ်ကြောင့်နည်း။ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့်” ဟုကိုယ်တော်မိန့်တော်မူသည်။—မဿဲ ၂၄:၄၂; မာကု ၁၃:၃၃၊ ၃၅၊ ၃၇။
ထိုနေ့သည် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များအတွက် မမေ့နိုင်သောနေ့တစ်နေ့ပင်။ အမှန်ဆိုလျှင် ယင်းသည် ယေရှုကိုဖမ်းဆီး၊ စစ်ဆေး၍ အဆုံးမစီရင်မီ ကိုယ်တော့် . . . အမှုဆောင်ခြင်း၏ နောက်ဆုံးနေ့ဖြစ်သည်။ မိုးချုပ်လာသဖြင့် တောင်ပေါ်မှ အနီးရှိဗေသနိရွာသို့ သူတို့ပြန်လျှောက်လာကြသည်။
နိသန်လ ၁၂ နှင့် ၁၃ ရက်
နိသန်လ ၁၂ ရက်တွင် တပည့်တော်များနှင့်အတူ ယေရှုအေးအေးဆေးဆေး အနားယူခဲ့သည်။ ဘာသာရေးခေါင်းဆောင်များသည် မိမိအားအလွန်သတ်လိုကြသည်ကို ကိုယ်တော်သိတော်မူရာ နောက်နေ့ညနေပိုင်းတွင် ကျင်းပမည့်ပသခါပွဲကို အနှောင့်အယှက်မဖြစ်စေလိုပါ။ (မာကု ၁၄:၁၊ ၂) နောက်တစ်နေ့ နိသန်လ ၁၃ ရက်နေ့တွင် လူတို့သည် ပသခါပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများနှင့် အလုပ်ရှုပ်နေကြသည်။ မွန်းလွဲပိုင်းခပ်စောစောအချိန်တွင် ယေရုရှလင်မြို့ရှိ အထက်အခန်းကြီးတစ်ခုတွင် မိမိတို့အတွက် ပသခါပွဲကိုပြင်ဆင်ရန် ပေတရုနှင့်ယောဟန်အား ယေရှုစေလွှတ်တော်မူ၏။ (မာကု ၁၄:၁၂-၁၆; လုကာ ၂၂:၈) ယေရှုနှင့် အခြားတမန်တော်ဆယ်ပါးတို့သည် နေမဝင်မီကလေးတွင် သူတို့၏နောက်ဆုံးပသခါပွဲကိုကျင်းပရန် ထိုနေရာ၌တွေ့ဆုံကြသည်။
နိသန်လ ၁၄၊ နေဝင်ပြီးနောက်
လပြည့်ဝန်းက သံလွင်တောင်ပေါ်ထွက်လာသည်နှင့်အမျှ ယေရုရှလင်မြို့သည် နေဝင်ဖျိုးဖျ လရောင်ဖျော့ဖျော့ဖြင့် လွှမ်းခြုံထားခံရသည်။ အသုံးအဆောင်အပြည့်အစုံရှိသော အခန်းကြီးတစ်ခုတွင် ယေရှုနှင့် ၁၂ ပါးတို့သည် ပြင်ဆင်ထားသည့်စားပွဲတွင် လဲလျောင်းနေကြသည်။ ကိုယ်တော်က “ငါသည်အသေမခံမီ ဤပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှာ အလွန်အလိုရှိလေပြီ” ဟုဆိုသည်။ (လုကာ ၂၂:၁၄၊ ၁၅) မကြာမီလေးတွင် ယေရှုသည်ထ၍ မိမိ၏ဝတ်လုံတော်ကိုချွတ်လိုက်သောကြောင့် တမန်တော်များအံ့အားသင့်ခဲ့ကြသည်။ ပဝါတစ်ခုနှင့် ရေအင်တုံတစ်ခုကိုယူ၍ သူတို့၏ခြေများကို ဆေးကြောလေတော့သည်။ နှိမ့်ချမှုအတွက် မည်သို့မျှမမေ့နိုင်သည့် သင်ခန်းစာတစ်ရပ်ပါတကား!—ယောဟန် ၁၃:၂-၁၅။
သို့ရာတွင် ထိုသူတို့ထဲမှတစ်ဦး—ယုဒရှကာရုတ်—သည် မိမိကိုသစ္စာဖောက်ရန် ဘာသာရေးခေါင်းဆောင်များနှင့် စီစဉ်ထားပြီးဖြစ်ကြောင်း ယေရှုသိတော်မူသည်။ ယင်းကြောင့် ကိုယ်တော် အလွန်စိတ်မကောင်းဖြစ်ခြင်းကို နားလည်နိုင်ပါသည်။ ကိုယ်တော်က “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟုဖော်ပြသည်။ ယင်းအတွက် တမန်တော်များသည် အလွန်ဝမ်းနည်းနေကြ၏။ (မဿဲ ၂၆:၂၁၊ ၂၂) ပသခါပွဲကိုကျင်းပပြီးနောက် ယေရှုက ယုဒအား “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟုမိန့်တော်မူ၏။—ယောဟန် ၁၃:၂၇။
ယုဒထွက်သွားသည်နှင့် နီးလာသောမိမိသေခြင်း၏ အထိမ်းအမှတ်ပွဲတစ်ခုကို ယေရှုစတင်ကျင်းပလေသည်။ တဆေးမဲ့မုန့်တစ်လုံးကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ကာ ၁၁ ပါးကိုစားသုံးဖို့ညွှန်ကြားလေသည်။ “ဤမုန့်ကားသင်တို့အဖို့အလိုငှာ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုဆိုသည်။ ထို့နောက် စပျစ်ရည်ခွက်ကိုယူလေသည်။ ကျေးဇူးတော်ချီးမွမ်းပြီးနောက် သောက်သုံးရန်ခွက်ကိုကမ်းပေးသည်။ ယေရှုက “ဤခွက်ကား ‘ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍’ လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာသွန်းသော ‘ငါ၏အသွေး’ ဖြစ်၏” ဟုထပ်ဆင့်မိန့်ဆို၏။—လုကာ ၂၂:၁၉၊ ၂၀; မဿဲ ၂၆:၂၆-၂၈။
အလွန်အရေးပါသော ထိုညနေပိုင်းတွင် ယေရှုသည် မိမိ၏သစ္စာရှိတမန်တော်များကို ညီရင်းအစ်ကိုမေတ္တာ၏အရေးကြီးမှုအပါအဝင် အဖိုးတန်သင်ခန်းစာများစွာကို သွန်သင်ပေးလေသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) “အကူအညီ” တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်ရရှိမည်အကြောင်း သူတို့ကိုကိုယ်တော်စိတ်ချစေသည်။ ယင်းက ကိုယ်တော်မိန့်တော်မူခဲ့ရာများအားလုံးကို ပြန်မှတ်မိစေပါလိမ့်မည်။ (ယောဟန် ၁၄:၂၆) ထိုညနေ နောက်ပိုင်းတွင် မိမိတို့အတွက် ယေရှု၏ပြင်းပြသောဆုတောင်းချက်ကို ကြားရသည့်အခါ သူတို့အလွန်အားရှိခဲ့ကြပေမည်။ (ယောဟန်၊ အခန်းကြီး ၁၇) ချီးမွမ်းသီချင်းများသီဆိုကြပြီးနောက် အထက်ခန်းမှဆင်းလာကြပြီး ညဉ့်နက်လေအေးထဲ ယေရှုနောက်လိုက်သွားကြလေသည်။
ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ကေဒြုန်ချိုင့်ဝှမ်းကိုဖြတ်၍ သူတို့တွေ့ဆုံလေ့ရှိနေရာတစ်ခုဖြစ်သော ဂေသရှေမန်ဥယျာဉ်သို့သွားကြသည်။ (ယောဟန် ၁၈:၁၊ ၂) တမန်တော်များစောင့်နေကြစဉ် ယေရှုသည် သူတို့နှင့်အနည်းငယ်ခွာသွား၍ ဆုတောင်းလေသည်။ ကိုယ်တော်သည် ဘုရားသခင့်အကူအညီကို စိတ်အားတက်ကြွစွာ အသနားခံစဉ် စကားဖြင့် မဖော်ပြနိုင်သည့်တိုင် စိတ်ဖိစီးခံခဲ့ရသည်။ (လုကာ ၂၂:၄၄) မိမိတာဝန်မကျေခဲ့လျှင် မိမိ၏ချစ်လှစွာသောကောင်းကင်ခမည်းတော် ရှုတ်ချခံရမည်ဟူသည့်အတွေးကပင် ကိုယ်တော်အတွက် ပြင်းထန်သောဝေဒနာဖြစ်သည်။
ယေရှုဆုတောင်းပြီးခါစမှာပင် ယုဒရှကာရုတ်သည် ဓား၊ တုတ်နှင့် မီးတုတ်များကိုင်ဆောင်လာသော လူအုပ်ကြီးနှင့်ရောက်ရှိလာသည်။ ယုဒက “ဆရာ။ ကျန်းခံ့ပါစေ” ဟုဆိုလျက် ယေရှုကိုကြင်နာစွာနမ်းလေသည်။ ယင်းကား ယေရှုအားဖမ်းဖို့ လူတို့ကိုအချက်ပေးခြင်းဖြစ်သည်။ ရုတ်တရက် ပေတရုသည် ဓားတစ်လက်နှင့် ယဇ်ပုရောဟိတ်မင်းကြီး၏ကျွန်၏နားရွက်ကို ခုတ်လိုက်လေသည်။ ထိုသူ၏နားရွက်ကို အနာပျောက်စေစဉ် “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟုယေရှုမိန့်ဆို၏။—မဿဲ ၂၆:၄၇-၅၂။
အရာရာဖြစ်ပျက်လာမှုသည် မြန်ဆန်လွန်းလှသည်! ယေရှုအား ဖမ်းဆီးကြ၍ ချည်နှောင်၏။ တမန်တော်များသည် ကြောက်ရွံ့၍ ကစဉ့်ကလျားဖြစ်ကာ သူတို့ဆရာကိုစွန့်၍ထွက်ပြေးကြ၏။ ယခင်ယဇ်ပုရောဟိတ်မင်းကြီးအန္နထံသို့ ကိုယ်တော်အားခေါ်ဆောင်သွားကြသည်။ ထို့နောက် ယေရှုအား စစ်ဆေးရန် လက်ရှိယဇ်ပုရောဟိတ်မင်းကြီး ကယာဖထံသို့ခေါ်ဆောင်သွားလေသည်။ နံနက်စောစောတွင် ဆဲန်ဟီဒရင်က ဘုရားသခင်အားစော်ကားမှုဖြင့် ယေရှုကိုမှားယွင်းစွာ စွဲချက်တင်လေသည်။ ထို့နောက် ကယာဖသည် ကိုယ်တော်အား ရောမဘုရင်ခံ ပုန္တိပိလတ်မင်းထံ အပ်လိုက်သည်။ သူက ဂါလိလဲနယ်ကိုအစိုးရသူ ဟေရုဒ်အန္တိပထံ ယေရှုအားပို့လိုက်သည်။ ဟေရုဒ်နှင့် သူ၏စစ်သူရဲတို့သည် ယေရှုကိုလှောင်ပြောင်ကြ၏။ ထို့နောက် ကိုယ်တော်အား ပိလတ်ထံပြန်ပို့ကြသည်။ ယေရှု၏အပြစ်ကင်းစင်မှုကို ပိလတ်အတည်ပြုခဲ့သည်။ သို့သော် ယေရှုအားသေဒဏ်ပေးရန် ဂျူးဘာသာရေးခေါင်းဆောင်များက သူ့ကိုဖိအားပေးကြပါသည်။ ကိုယ်နှုတ်စော်ကားမှုကို အတော်အတန်ခံရပြီးနောက် ဂေါလဂေါသအရပ်သို့ ကိုယ်တော်အားခေါ်ဆောင်သွားပြီး ထိုနေရာတွင် သစ်တိုင်ပေါ် အကြင်နာမဲ့စွာသံနှင့်ရိုက်ကာ ပြင်းစွာသောဝေဒနာဖြင့်သေခဲ့ရသည်။—မာကု ၁၄:၅၀–၁၅:၃၉; လုကာ ၂၃:၄-၂၅။
ယေရှု၏သေခြင်းသည် ကိုယ်တော်၏အသက်တာကို ထာဝရနိဂုံးချုပ်စေခဲ့မည်ဆိုလျှင် ယင်းသည် သမိုင်းတွင် ကြေကွဲဖွယ်အဖြစ်ဆုံး ဖြစ်ပေလိမ့်မည်။ ဝမ်းသာစရာမှာ ထိုသို့မဖြစ်ခဲ့ပါ။ စီ.အီး. ၃၃ နိသန်လ ၁၆ ရက်နေ့တွင် ကိုယ်တော်သည် သေခြင်းမှထမြောက်ခဲ့သည်ကို တပည့်တော်များအံ့အားသင့်စွာတွေ့ရှိခဲ့ကြရ၏။ အတန်ကြာသော် လူ ၅၀၀ ကျော်တို့သည် ယေရှုပြန်အသက်ရှင်နေကြောင်း ထောက်ခံနိုင်ခဲ့ကြသည်။ ထို့ပြင် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးရက် ၄၀ အကြာတွင် ကောင်းကင်သို့ ကိုယ်တော်တက်ကြွသွားသည်ကို သစ္စာရှိနောက်တော်လိုက်တစ်စုက တွေ့မြင်ခဲ့ကြသည်။—တမန်တော် ၁:၉-၁၁; ၁ ကောရိန္သု ၁၅:၃-၈။
ယေရှုဘဝနှင့် အသင်
ယင်းကား သင့်ကို—အမှန်သော် ကျွန်ုပ်တို့အားလုံးကို—မည်သို့အကျိုးသက်ရောက်သနည်း။ ယေရှု၏ အမှုတော်ဆောင်ခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ယေဟောဝါဘုရားသခင်အား ဂုဏ်တင်ပြီး ကိုယ်တော်၏မဟာရည်ရွယ်တော်မူချက်ကို အကောင်အထည်ဖော်ရာ၌ အရေးပါလှသည်။ (ကောလောသဲ ၁:၁၈-၂၀) ယေရှု၏ရွေးနုတ်ဖိုးပေါ်အခြေပြု၍ ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခံရကာ ယေဟောဝါဘုရားသခင်နှင့် နှစ်ဦးချင်းဆက်ဆံရေးရရှိနိုင်သောကြောင့် ယင်းတို့သည် ကျွန်ုပ်တို့အတွက်အလွန်အရေးပါလှသည်။—ယောဟန် ၁၄:၆; ၁ ယောဟန် ၂:၁၊ ၂။
ကွယ်လွန်သောလူသားများပင် အကျိုးခံစားရသည်။ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်ကတိထားတော်မူသည့် မြေကြီးပရဒိသုပေါ်သို့ သူတို့ပြန်အသက်ရှင်လာကြရန် လမ်းဖွင့်ပေးပါသည်။ (လုကာ ၂၃:၃၉-၄၃; ၁ ကောရိန္သု ၁၅:၂၀-၂၂) ဤအကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၁၉၉၈၊ ဧပြီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ယေရှု၏သေခြင်းသတိရအောက်မေ့ပွဲကို သင့်ဒေသရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ တက်ရောက်ရန် သင့်အား ကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။