စာရှုသူများထံမှမေးခွန်းလွှာ
ယေရှုက “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်လော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြ” ဟုတိုက်တွန်းခဲ့သည်။ (လုကာ ၁၃:၂၄) ကိုယ်တော်အဘယ်အရာကိုဆိုလို၍ ယင်းသည် ယခုအချိန်နှင့် မည်သို့သက်ဆိုင်သနည်း။
ယင်း၏နောက်ခံအခြေအနေကိုသုံးသပ်ခြင်းဖြင့် ဤစိတ်ဝင်စားဖွယ်ကျမ်းပိုဒ်ကို ကောင်းစွာနားလည်နိုင်ပါသည်။ ကိုယ်တော်မသေဆုံးမီ ခြောက်လခန့်အလိုတွင် ဗိမာန်တော်ပြန်လည်အပ်နှံပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပစဉ် ယေရှုသည် ယေရုရှလင်မြို့တွင်ရှိခဲ့သည်။ ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းအဖြစ် ကိုယ်တော်ပြောဆိုခဲ့သော်လည်း ဂျူးအများစုမှာ နားထောင်ရန်ငြင်းဆန်ကြသောကြောင့် ၎င်းသိုးတော်စုတွင် မပါဝင်ကြောင်း ကိုယ်တော်ထောက်ပြခဲ့သည်။ ကိုယ်တော်သည် ခမည်းတော်နှင့် “တစ်လုံးတစ်ဝတည်း” ဖြစ်ကြောင်း မိန့်တော်မူသောအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်အားခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကိုကောက်ယူကြ၏။ ယော်ဒန်မြစ်တစ်ဖက် ပေရိယခရိုင်သို့ ကိုယ်တော်ထွက်ကြွလွတ်မြောက်ခဲ့သည်။—ယောဟန် ၁၀:၁-၄၀။
ထိုတွင် လူတစ်ဦးက “သခင်၊ ကယ်တင်ခြင်းသို့ရောက်သောသူတို့သည် . . . နည်းသလော” ဟုမေးလေ၏။ (လုကာ ၁၃:၂၃) လူနည်းစုသာ ကယ်တင်ခြင်းရထိုက်သည်ဟု ထိုအချိန်ကဂျူးများခံယူထားခြင်းကြောင့် ထိုသို့မေးရန် အကြောင်းလျော်ကန်သည်။ သူတို့တင်ပြသောသဘောထားဖြင့် လူနည်းစုတွင် မည်သူပါဝင်မည်ကို သူတို့ယူမှတ်ကြောင်း တွေးကြည့်ဖို့မခက်ပါ။ သူတို့မည်မျှမှားကြောင်း နောက်ပိုင်းအဖြစ်အပျက်များက တင်ပြပါလိမ့်မည်!
ယေရှုသည် နှစ်နှစ်ခန့်မျှသူတို့နှင့်အတူရှိနေကာ သွန်သင်ခြင်း၊ အံ့ဖွယ်အမှုများပြုလုပ်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်၏ အမွေခံများဖြစ်လာဖို့အလားအလာကို ကမ်းလှမ်းခဲ့သည်။ အဘယ်ရလဒ်ရသနည်း။ သူတို့နှင့် အထူးသဖြင့် သူတို့၏ခေါင်းဆောင်များသည် အာဗြဟံ၏အမျိုးဖြစ်ရခြင်းနှင့် ဘုရားသခင့်ပညတ်တော်အပ်နှင်းခံရခြင်းကို ဂုဏ်ယူခဲ့ကြသည်။ (မဿဲ ၂၃:၂; ယောဟန် ၈:၃၁-၄၄) သို့ရာတွင် ကောင်းသောသိုးထိန်း၏စကားသံကို သူတို့မှတ်မိ တုံ့ပြန်ခြင်းမရှိချေ။ သူတို့ရှေ့တွင်တံခါးဖွင့်ထားဘိသကဲ့သို့ဖြစ်ပြီး ယင်းမှဝင်ရောက်သည့်အတွက် အဓိကဆုကျေးဇူးအဖြစ် ဘုရားသခင့်နိုင်ငံတော်အဖွဲ့ဝင် ဖြစ်ခွင့်ရရှိခဲ့သော်လည်း သူတို့လက်မခံခဲ့ကြချေ။ နှိုင်းယှဉ်ကြည့်လျှင် အများအားဖြင့် နိမ့်ကျသောအတန်းအစားမှ လူနည်းစုသာလျှင် ယေရှု၏သမ္မာတရားသတင်းကိုကြားနာ၍ တုံ့ပြန်ကြပြီး ကိုယ်တော်၌ဆည်းကပ်ကြသည်။—လုကာ ၂၂:၂၈-၃၀; ယောဟန် ၇:၄၇-၄၉။
ထိုသူများသည် စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရမည့်သူများဖြစ်သည်။ (တမန်တော် ၂:၁-၃၈) မိမိတို့ရရှိခဲ့သောအခွင့်အရေးကိုယူရန် ပျက်ကွက်ခြင်းကြောင့် ငိုကြွေး၍ အံသွားခဲကြိတ်ကြမည်ဟု ယေရှုဖော်ပြခဲ့သော မဖြောင့်မတ်သောလုပ်သားများကြားတွင် သူတို့မပါကြချေ။—လုကာ ၁၃:၂၇၊ ၂၈။
ထို့ကြောင့် ပထမရာစုတွင် “အများသောသူတို့” မှာ ဂျူးအများစုနှင့် အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ ဤသူများသည် ဘုရားသခင့်မျက်နှာသာတော်ကို ရချင်သည်ဟုဆိုကြသည်—သို့သော် ဘုရားသခင့်စံနှုန်းနှင့် နည်းလမ်းများအရမဟုတ်ဘဲ မိမိတို့ကိုယ်ပိုင်စံနှုန်းနှင့် နည်းလမ်းများအရသာဖြစ်သည်။ ယင်းနှင့်ခြားနားလျက် ဘုရားသခင့်နိုင်ငံတော်တွင်ပါဝင်ရန် စိတ်ရင်းမှန်နှင့်တုံ့ပြန်ကြသော ‘အနည်းငယ်သော’ သူများသည် ခရစ်ယာန်အသင်းတော်၏ ဘိသိက်ခံအဖွဲ့ဝင်များဖြစ်လာကြသည်။
ယခု ကျွန်ုပ်တို့ခေတ်နှင့် သာ၍ကျယ်ပြန့်စွာသက်ဆိုင်ပုံကို သုံးသပ်ကြည့်ပါလေ။ ခရစ်ယာန်ဘောင်ချာ့ချ်များကို တက်ကြသူမြောက်မြားစွာတို့သည် ကောင်းကင်သို့သွားမည်ဟု သွန်သင်ခံခဲ့ကြရပြီ။ သို့သော် ဤဆန္ဒပြင်းပြခြင်းသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောသွန်သင်ချက်အပေါ် အခြေမပြုချေ။ အစောပိုင်းဂျူးများကဲ့သို့ သူတို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ ဘုရားသခင့်မျက်နှာသာတော်ကိုရလိုကြသည်။
သို့သော် ကျွန်ုပ်တို့ခေတ်တွင် အတော်အတန်နည်းသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို နှိမ့်ချစွာခံယူကြပြီး ယေဟောဝါအား မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံ၍ ကိုယ်တော်၏မျက်နှာသာတော်ကို ခံစားခွင့်ရှိသူများဖြစ်လာကြသည်။ ယင်းက သူတို့ကို “နိုင်ငံတော်သား” များဖြစ်လာစေသည်။ (မဿဲ ၁၃:၃၈) ဘိသိက်ခံရသော ထို “သားများ” သည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် စတင်ခေါ်ဖိတ်ခံရကြသည်။ ဘုရားသခင့်လူမျိုးတော်နှင့် ကိုယ်တော်ဆက်ဆံတော်မူခြင်းကအခြေခံအားဖြင့် ကောင်းကင်အတန်းအစားဝင်များကို ရွေးချယ်ပြီးဖြစ်သည်ကိုတင်ပြကြောင်း ကြာမြင့်စွာကတည်းက ယေဟောဝါသက်သေများခံယူထားခဲ့ကြသည်။ ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း ကျမ်းစာသမ္မာတရားကို သင်ယူခဲ့သူများက ပရဒိသုမြေကြီးပေါ် ထာဝရအသက်မျှော်လင့်ချက်ကို ယခုကမ်းလှမ်းနေကြောင်း နားလည်ခဲ့ကြသည်။ သူတို့သည် အမှန်တကယ်ပင် ကောင်းကင်သို့သွားကြမည့် လျော့နည်းလျက်ရှိသော ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်ထက် အရေအတွက်ပိုများပါသည်။ လုကာ ၁၃:၂၄ သည် ကောင်းကင်သွားရန်မမျှော်လင့်သူများနှင့် အဓိကအားဖြင့် မသက်ဆိုင်သော်လည်း သူတို့အတွက် ပညာရှိအကြံပေးချက် အမှန်ပါဝင်သည်။
ကြိုးစားအားထုတ်ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းခြင်းဖြင့် ယေရှုက မိမိသော်လည်းကောင်း၊ မိမိ၏ခမည်းတော်သော်လည်းကောင်း ကျွန်ုပ်တို့ကိုနှောင့်နှေးစေရန် လမ်း၌အတားအဆီးများချထားမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ သို့သော် မထိုက်တန်သောသူများကို ထုတ်ပယ်ရန် ဘုရားသခင့်တောင်းဆိုချက်များရှိသည်ဟု လုကာ ၁၃:၂၄ မှကျွန်ုပ်တို့နားလည်ရပါသည်။ “ကြိုးစားအားထုတ်ကြလော့” ဟူသည် မိမိတို့ကိုယ်ကိုရုန်းကန်ခြင်း၊ အင်အားရှိသမျှအသုံးပြုခြင်းဟု အဓိပ္ပာယ်သက်ရောက်စေသည်။ ထို့ကြောင့် ‘ကျွန်ုပ်သည် အင်အားရှိသမျှအသုံးပြုနေပါသလော’ ဟုမိမိတို့ကိုယ်ကိုမေးသင့်သည်။ လုကာ ၁၃:၂၄ ကိုစကားပြေနှင့် ပြန်ပြောရလျှင် ‘ကျဉ်းမြောင်းသောတံခါးကိုဝင်ရန်အတွက် ကျွန်ုပ်ကြိုးစားအားထုတ်ဖို့လိုသည်၊ အကြောင်းမှာ များစွာသောသူတို့သည် ဝင်ဖို့ကြိုးစားသော်လည်း မစွမ်းနိုင်ကြ။ ထို့ကြောင့် ကျွန်ုပ်သည် အမှန်ပင်ကြိုးစားအားထုတ်နေပါသလော။ ကျွန်ုပ်သည် ဆုရဖို့အတွက် အစွမ်းကုန်ကြိုးစားသော ရှေးခေတ်အားကစားကွင်းမှ ပြေးခုန်ပစ်အားကစားသမားတစ်ဦးနှင့်တူပါသလော။ မည်သည့်အားကစားသမားမျှ စိတ်မပါတပါနှင့် ခပ်ပေါ့ပေါ့သဘောထားရှိမည်မဟုတ်ချေ။ ကျွန်ုပ်ကော။’
အချို့သူတို့သည် မိမိတို့အဆင်ပြေသည့်အချိန်၌သာ မိမိတို့နှစ်သက်သလို အေးအေးဆေးဆေးလှမ်း၍ ‘တံခါးထဲဝင်ခြင်းငှာ’ ကြိုးစားကောင်းကြိုးစားကြမည်ဟု ယေရှု၏စကားများကဖော်ပြပါသည်။ ယင်းသို့သောသဘောထားသည် သက်သေခံတစ်ဦးချင်းစီကို ထိခိုက်နိုင်သည်။ အချို့ကဤသို့ဆင်ခြင်ကြပေမည်– ‘နှစ်နဲ့ချီပြီး အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြတဲ့ သစ္စာရှိခရစ်ယာန်တွေကို ကျွန်တော်သိခဲ့ပါတယ်၊ သူတို့ဟာ အမျိုးမျိုးအနစ်နာခံခဲ့ကြတယ်; ဒါပေမဲ့ သူတို့သေတဲ့အထိ ဒီစနစ်အဆုံးမတိုင်သေးပါဘူး။ ငါလည်းနည်းနည်းလျှော့ပြီး ပုံမှန်ဘဝအသက်တာအတိုင်း နေရင်ကောင်းပါတယ်။’
ထိုသို့ဆင်ခြင်ရန်လွယ်ကူသော်လည်း ယင်းသည် အမှန်ပင်ပညာရှိရာကျပါသလော။ သာဓကအနေနှင့်၊ တမန်တော်များသည် ထိုနည်းအတိုင်းစဉ်းစားခဲ့ကြပါသလော။ ထိုသို့လုံးဝမစဉ်းစားခဲ့ကြပါ။ သူတို့သည် သေသည့်တိုင်အောင် မိမိတို့ကိုယ်ကို စစ်မှန်သောဝတ်ပြုမှု၌ လုံးလုံးလျားလျားမြှုပ်နှံခဲ့ကြ၏။ ဥပမာအနေနှင့် ပေါလုကဤသို့ပြောနိုင်ခဲ့သည်– “ခရစ်တော်၏တရားကိုဟောပြောကြ၏။ ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။” နောက်ပိုင်း သူဤသို့ရေးသားခဲ့သည်– “ထို့ကြောင့် အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့်ကယ်မတော်မူသောဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာအမှုဆောင်ရွက်ကြ၏။”—ကောလောသဲ ၁:၂၈၊ ၂၉; ၁ တိမောသေ ၄:၁၀။
ပေါလုသည် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ခြင်းဖြင့် တကယ်မှန်ကန်ရာကို ပြုလုပ်ခဲ့ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ” ဟုပေါလုပြောဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီလည်းပြောဆိုနိုင်ကြမည်ဆိုလျှင် အလွန်ကျေနပ်နှစ်သိမ့်စရာပင်။ (၂ တိမောသေ ၄:၇) ထို့ကြောင့် လုကာ ၁၃:၂၄ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများနှင့်အညီ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်သည် ဝီရိယရှိရှိ၊ ကြိုးစားအားထုတ်နေပါသလော။ “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်လော့” ဟူသော ယေရှု၏ဆုံးမစကားကိုနှလုံးသွင်းထားကြောင်း လှိုင်လှိုင်နှင့်မှန်မှန် တင်ပြနေပါသလော။’