သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ယုံကြည်စိတ်ချနိုင်ပါသလော
သာမန်အခြေအနေတွင် အိမ်မြှောင်သည် ယုံကြည်စိတ်ချရသော ကိရိယာတစ်ခုဖြစ်သည်။ ကမ္ဘာ့သံလိုက်စက်ကွင်းနှင့် ညှိထားသောကြောင့် ယင်း၏လက်တံသည် မြောက်ဘက်သို့ ပုံမှန်ညွှန်ပြနေသည်။ ထို့ကြောင့် ခရီးသည်များသည် လမ်းညွှန်ပေးမည့်နယ်နိမိတ်အမှတ်အသားများ မရှိသည့်အခါမျိုးတွင် အိမ်မြှောင်ကိုအားထားကြရသည်။ သို့သော် သံလိုက်ပစ္စည်းတစ်ခုကို အိမ်မြှောင်အနီးတွင်ထားလိုက်သောအခါ မည်သို့ဖြစ်သွားသနည်း။ လက်တံသည် မြောက်အရပ်သို့ညွှန်ပြမည့်အစား သံလိုက်ရှိရာဘက်သို့ရောက်သွားမည်။ ထိုအခါ ယင်းသည် အားထားရသောလမ်းညွှန်တစ်ခု မဟုတ်တော့ပေ။
လူ၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ပတ်သက်၍လည်း အလားတူဖြစ်ပျက်နိုင်ပါသည်။ ဖန်ဆင်းရှင်သည် ယုံကြည်စိတ်ချရသည့်လမ်းညွှန်အဖြစ် ထိုစွမ်းရည်ကို ကျွန်ုပ်တို့အထဲတွင် ထည့်သွင်းပေးထားသည်။ ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ဆုံးဖြတ်ချက်များချရန်လိုအပ်လာသည့်အခါ ကိုယ်ကိုကိုယ်သိသောစိတ်သည် မှန်သည့်ဘက်သို့ အစဉ်ညွှန်ပြပေးသင့်သည်။ ယင်းသည် ဘုရားသခင်၏ ကိုယ်ကျင့်တရားစံနှုန်းများကို ရောင်ပြန်ဟပ်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သည်။ (ကမ္ဘာဦး ၁:၂၇) မကြာခဏထိုသို့ပြုလုပ်ပေးတတ်သည်။ သာဓကအနေနှင့် ဘုရားသခင်အတိအလင်းဖော်ပြထားသော ပညတ်တရားမရှိသူအချို့ပင် “ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်” ကြသည်ဟု ခရစ်ယာန်တမန်တော်ပေါလုက ရေးသားခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့၏ “ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံ” နေသောကြောင့်ဖြစ်သည်။—ရောမ ၂:၁၄၊ ၁၅။
သို့ဖြစ်စေကာမူ ကိုယ်ကိုကိုယ်သိသောစိတ်သည် တုံ့ပြန်သင့်သည့်အခါတိုင်း အမြဲမတုံ့ပြန်ပါ။ လူ့မစုံလင်မှုကြောင့် မှားမှန်းသိလျက်နှင့် ကျွန်ုပ်တို့ပြုလုပ်ချင်ကြသည်။ ပေါလုက “ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါအများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏” ဟုဝန်ခံခဲ့သည်။ (ရောမ ၇:၂၂၊ ၂၃) မှားယွင်းသည့်ဆန္ဒများကို အကြိမ်ကြိမ် အလျှော့ပေးလိုက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်သည် တဖြည်းဖြည်းထုံထိုင်းလာပြီး အဆုံးတွင် ယင်းလုပ်ရပ်များမှားယွင်းကြောင်း မပြောတော့ပေ။
သို့သော် မစုံလင်သည့်ကြားမှ ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ဘုရားသခင့်စံနှုန်းများနှင့်ညီညွတ်စေနိုင်ပါသည်။ အမှန်မှာ ထိုသို့ပြုရန် အလွန်ပင်အရေးကြီး၏။ ကြည်လင်၍ ကောင်းစွာလေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်သည် ဘုရားသခင်နှင့် နွေးထွေးသောနှစ်ကိုယ်ကြားဆက်ဆံရေးရှိစေသည့်အပြင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက်လည်း မရှိမဖြစ်လိုအပ်ရာတစ်ခုဖြစ်သည်။ (ဟေဗြဲ ၁၀:၂၂; ၁ ပေတရု ၁:၁၅၊ ၁၆) ထို့ထက်ကား ကိုယ်ကိုကိုယ်သိသောစိတ်ကောင်းသည် ကျွန်ုပ်တို့၏ဘဝတွင် ပညာရှိသောဆုံးဖြတ်ချက်များကိုချရန် ကူညီပေးမည်ဖြစ်ပြီး ယင်းက ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုကိုရရှိစေပေမည်။ ထိုသို့သော ကိုယ်ကိုကိုယ်သိသောစိတ် ရှိသူတစ်ဦးနှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့ဆိုသည်– “ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာတည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။”—ဆာလံ ၃၇:၃၁။
ကိုယ်ကိုကိုယ်သိသောစိတ်ကိုလေ့ကျင့်ခြင်း
ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ခြင်းဆိုရာ၌ ပညတ်အချို့ကိုအာဂုံဆောင်၍ ယင်းတို့ကိုတိတိကျကျလိုက်နာရုံမျှမကပါ။ ယေရှုခေတ်မှ ဖာရိရှဲများသည် ထိုသို့သာပြုခဲ့ကြ၏။ ဤဘာသာရေးခေါင်းဆောင်များသည် ပညတ်တော်ကိုသိကြကာ ယင်းကိုလူတို့မချိုးဖောက်မိစေရန်ဟုဆိုကာ ထုံးတမ်းစဉ်လာများကို အသေးစိတ်ပြုစုတင်ပြခဲ့ကြသည်။ ယင်းကြောင့် ယေရှု၏တပည့်တော်များက ဥပုသ်နေ့တွင် စပါးနှံကိုဆွတ်၍စားကြသောအခါ သူတို့အလျင်စလိုကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဥပုသ်နေ့တွင် လက်တစ်ဖက်သေသောသူကို ကုသပေးသောအခါ ယေရှုကိုသူတို့အပြစ်တင်ခဲ့ကြသည်။ (မဿဲ ၁၂:၁၊ ၂၊ ၉၊ ၁၀) ဖာရိရှဲတို့၏ထုံးတမ်းစဉ်လာအရ ထိုလုပ်ရပ်နှစ်ခုစလုံးသည် စတုတ္ထပညတ်ကိုချိုးဖောက်နေခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၂၀:၈-၁၁။
ဖာရိရှဲများသည် ပညတ်တော်ကိုလေ့လာခဲ့ကြသည်မှာ ရှင်းပါသည်။ သို့သော် သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်များသည် ဘုရားသခင့်စံနှုန်းများနှင့် ညီပါသလော။ ဝေးလေစွ! ဥပုသ်ပညတ်ကိုဆိုးဆိုးရွားရွားချိုးဖောက်သည်ဟု ဖာရိရှဲများက အထင်နှင့်အပြစ်တင်ပြောဆိုပြီးနောက် ယေရှုကို “အဘယ်သို့ဖျက်ဆီးရအံ့နည်း” ဟုသူတို့တိုင်ပင်ခဲ့ကြသည်။ (မဿဲ ၁၂:၁၄) စဉ်းစားကြည့်ပါလေ၊ အဆိုပါ မိမိတို့ကိုယ်ကိုဖြောင့်မတ်သည်ဟုအထင်ရှိကြသော ဤဘာသာရေးခေါင်းဆောင်များသည် ဥပုသ်နေ့တွင် စပါးနှံကို လတ်လတ်ဆတ်ဆတ်ဆွတ်၍စားခြင်းနှင့် ကုသပေးခြင်းတို့ကို ဆတ်ဆတ်ခါအမျက်ထွက်ခဲ့ကြ၏; သို့သော် ယေရှုကိုသတ်ပစ်ဖို့ ကြံစည်ခြင်းကိုကား စိတ်မသိုးမသန့်မဖြစ်ကြပါတကား!
ယဇ်ပုရောဟိတ်အကြီးတို့သည်လည်း အလားတူ ကောက်ကျစ်သောအကြံအစည်ရှိကြောင်း ဖော်ပြခဲ့သည်။ ထိုလာဘ်စားသူတို့သည် ယေရှုအားသစ္စာဖောက်ရန် ယုဒကို ဗိမာန်တော်ဘဏ္ဍာတိုက်ထဲမှ ငွေ ၃၀ ကမ်းလှမ်းသည့်အခါ စိုးစဉ်းမျှစိတ်စနိုးစနောင့်မဖြစ်ကြချေ။ သို့သော် မမျှော်လင့်ဘဲယုဒက ဗိမာန်တော်အတွင်း ငွေကိုပစ်ချ၍ ပြန်ပေးသောအခါ ယဇ်ပုရောဟိတ်အကြီးတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်တို့သည် တရားရေးဆိုင်ရာအကျပ်အတည်းနှင့် ရင်ဆိုင်ကြရလေသည်။ သူတို့က “အသွေး၏အဖိုးဖြစ်၏၊ ဘဏ္ဍာတော်၌မသွင်းအပ်” ဟုဆိုကြသည်။ (မဿဲ ၂၇:၃-၆) ယုဒ၏ငွေသည် ယခုမစင်ကြယ်သောငွေဖြစ်နေမည်လောဟူ၍ ယဇ်ပုရောဟိတ်အကြီးတို့က စိတ်ပူနေကြကြောင်းထင်ရှားပါသည်။ (တရားဟောရာ ၂၃:၁၈ နှိုင်းယှဉ်။) သို့တိုင် ထိုအုပ်စုသည် ဘုရားသခင့်သားတော်အားအပ်သူကိုငွေပေးဖို့ ဝန်မလေးခဲ့ကြပါတကား!
ဘုရားသခင့်သဘောတော်နှင့် ညီညွတ်ခြင်း
ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့စိတ်ထဲတွင် ပြုသင့်၊ မပြုသင့်စာရင်းတစ်ခု ထည့်ထားရုံမျှမကလိုအပ်ကြောင်း အထက်ပါသာဓကများကပြသည်။ မှန်ပါသည်၊ ဘုရားသခင့်ပညတ်တော်ဆိုင်ရာအသိပညာ မရှိမဖြစ်လိုအပ်ပြီး ကယ်တင်ခြင်းရဖို့အတွက် ယင်းတို့ကိုနာခံရန်လိုသည်။ (ဆာလံ ၁၉:၇-၁၁) သို့ရာတွင် ဘုရားသခင့်ပညတ်တော်များကို လေ့လာခြင်းအပြင် ဘုရားသခင့်သဘောတော်နှင့် တွေ့သည့်နှလုံးကို ပြုစုပျိုးထောင်ပေးရမည်။ သို့ပြုလျှင် ဟေရှာယမှတစ်ဆင့် ယေဟောဝါ၏ပရောဖက်ပြုချက် ပြည့်စုံခြင်းကို ကျွန်ုပ်တို့ခံစားနိုင်မည်၊ ယင်းကဤသို့ဆိုထားသည်– “သင့်မျက်စိများသည် ကြီးမြတ်သောညွှန်ကြားပေးရှင်ကိုမြင်ရသော မျက်စိဖြစ်လာမည်။ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ ‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟုသင့်နောက်၌ပြောသောစကားကို ကိုယ်နားနှင့်ကြားရလိမ့်မည်။”—ဟေရှာယ ၃၀:၂၀ ကဘ၊ ၂၁; ၄၈:၁၇။
ယင်းက ကြီးလေးသည့်ဆုံးဖြတ်ချက်ချဖို့ကြုံလာသည့်အခါ ပကတိအသံက ကျွန်ုပ်တို့ဘာပြုလုပ်ရန်ပြောမည်ဟုမဆိုလိုပါ။ သို့ဖြစ်စေကာမူ ကိစ္စရပ်များအပေါ် ကျွန်ုပ်တို့၏အတွေးအခေါ်သည် ဘုရားသခင့်သဘောတော်နှင့်ကိုက်ညီသည့်အခါ ကိုယ်တော်နှစ်သက်မည့် ဆုံးဖြတ်ချက်များကိုချရန် အကူအညီဖြစ်စေဖို့ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကောင်းစွာပြုပြင်ခံရလိမ့်မည်။—သု. ၂၇:၁၁။
ဘီ.စီ.အီး. ၁၈ ရာစုအတွင်း အသက်ရှင်ခဲ့သောယောသပ်ကို ဆင်ခြင်ကြည့်ပါ။ ပေါတိဖာ၏မယားက သူမနှင့်သူ့သားအိမ်ရာပြစ်မှားရန်တိုက်တွန်းသောအခါ ယောသပ်က “အပြစ်ကြီးသော ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟုဆိုလျက်ငြင်းလေ၏။ (ကမ္ဘာဦး ၃၉:၉) ယောသပ်အချိန်က သူ့မယားပြစ်မှားခြင်းကို ပြစ်တင်ရှုတ်ချထားသော ဘုရားသခင်ပေးပညတ်မရှိချေ။ ထို့ပြင် ယောသပ်သည် မိသားစု၏ပဲ့ပြင်ဆုံးမမှု၊ သို့မဟုတ် ဘိုးဘေးများဆိုင်ရာစည်းမျဉ်းများနှင့်ဝေးလံသော အီဂျစ်ပြည်တွင်ရှိနေသည်။ သို့ဖြစ်လျှင် မည်သည့်အရာကယောသပ်အား သွေးဆောင်မှုကိုတွန်းလှန်နိုင်စေခဲ့သနည်း။ ရိုးရိုးပြောရလျှင် သူ၏လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်ဖြစ်သည်။ လင်ယောက်ျားနှင့် မိန်းမသည် “တစ်သားတစ်ကိုယ်” တည်းဖြစ်ရမည်ဟူသည့် ဘုရားသခင့်ရှုမြင်ပုံကို ယောသပ်လက်ခံသည်။ (ကမ္ဘာဦး ၂:၂၄) ထို့ကြောင့် အခြားသူ၏မယားကိုယူခြင်းသည် မှားမည်ကိုသူသိမြင်ခဲ့သည်။ ထိုကိစ္စတွင် ယောသပ်၏တွေးတောပုံသည် ဘုရားသခင့်သဘောတော်နှင့် ကိုက်ညီ၏။ သူ့မယားပြစ်မှားခြင်းက သူ၏ကိုယ်ကျင့်တရားဆိုင်ရာသဘောထားကို ဖောက်ဖျက်သည်။
ယနေ့ ယောသပ်ကဲ့သို့သောသူနည်းပါသည်။ လိင်ဆိုင်ရာအကျင့်ယိုယွင်းခြင်းသည် ပျံ့နှံ့လျက်ရှိပြီး များစွာသောသူတို့သည် မိမိတို့၏ဖန်ဆင်းရှင်၊ မိမိတို့ကိုယ်တိုင် သို့မဟုတ် မိမိတို့၏အိမ်ထောင်ဖက်အစရှိသည်တို့အတွက် ကိုယ်ကျင့်တရားသန့်စင်စွာနေထိုင်ရန် တာဝန်ရှိသည်ဟုမယူမှတ်ကြချေ။ အခြေအနေမှာ ယေရမိကျမ်းတွင်ဖော်ပြထားသည့် ဤပုံစံနှင့် အလွန်ပင်ဆင်တူနေသည်– “‘ငါသည် အဘယ်သို့ပြုမိသနည်း’ ဟုကိုယ်အပြစ်ကိုမြင်၍ အဘယ်သူမျှနောင်တမရ။ စစ်တိုက်ခြင်းငှာမြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည်လမ်းလွဲ၍ တစ်ဟုန်တည်းပြေးတတ်ကြ၏။” (ယေရမိ ၈:၆) ထို့ကြောင့် ကျွန်ုပ်တို့၏အတွေးအခေါ်သည် ဘုရားသခင့်သဘောတော်နှင့် ကိုက်ညီစေရန် တစ်ခါနှင့်မျှမတူအောင် အရေးတကြီးလိုအပ်နေသည်။ ထိုသို့ပြုနိုင်ရန် ကျွန်ုပ်တို့မှာထူးမြတ်လှသော ပြင်ဆင်ပေးချက်တစ်ခုရရှိထားသည်။
ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ရန်အတွက်အထောက်အကူ
မှုတ်သွင်းခံကျမ်းစာစောင်တို့သည် ‘ဘုရားသခင်၏လူကို စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။’ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာကိုလေ့လာခြင်းက အမှားနှင့်အမှန်ကိုခွဲခြားသိမြင်နိုင်ဖို့အတွက် ကျွန်ုပ်တို့၏ “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ဟုသမ္မာကျမ်းစာက ခေါ်ဆိုထားရာကို လေ့ကျင့်ပေးရန်အကူအညီဖြစ်စေပေမည်။ (ဟေဗြဲ ၅:၁၄) ယင်းက ဘုရားသခင်ချစ်သည့်အရာကိုချစ်၍ ကိုယ်တော်မုန်းသည့်အရာကို ရွံရှာစေမည်။—ဆာလံ ၉၇:၁၀; ၁၃၉:၂၁။
ထို့ကြောင့် ကျမ်းစာလေ့လာခြင်း၏ပန်းတိုင်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း အသိပညာရရန်အတွက်မျှသာမဟုတ်ဘဲ သမ္မာတရား၏ဆိုလိုရင်းနှင့် အနှစ်သာရကိုရရှိစေရန်ဖြစ်သည်။ ၁၉၇၆၊ စက်တင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်တွင် ဤသို့ဖော်ပြထားသည်– “ကျမ်းစာကို ကျွန်ုပ်တို့လေ့လာရာတွင် ဘုရားသခင့်တရားမျှတမှု၊ မေတ္တာတော်နှင့် ဖြောင့်မတ်ခြင်းတရားတို့ကို နားလည်ရန်ကြိုးစားသင့်ပြီး အစာစားခြင်းနှင့် အသက်ရှူခြင်းတို့တမျှ ကျွန်ုပ်တို့၏အကျင့်စရိုက်ဖြစ်စေရန် ယင်းတို့ကို နှလုံးထဲနက်ရှိုင်းစွာ အမြစ်တွယ်စေသင့်သည်။ အမှားအမှန်ကို အကင်းပါးစွာသိမြင်သည့်သဘောရှိစေခြင်းဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိတတ်သောစိတ်ပိုရှိစေရန် ကြိုးစားသင့်သည်။ ထို့ထက်ကား စုံလင်တော်မူသောဥပဒေပြဋ္ဌာန်းရှင်နှင့် တရားသူကြီးအပေါ် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် တာဝန်မကင်းကြောင်း ပြင်းပြစွာခံစားရန်ပြုသင့်သည်။ (ဟေရှာ. ၃၃:၂၂) ထို့ကြောင့် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့တိုးသိနားလည်လာလေ ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းတွင် ကိုယ်တော်ကိုတုပရန် ကြိုးစားသင့်သည်။”
“ခရစ်တော်၏စိတ်” ကိုရယူခြင်း
သမ္မာကျမ်းစာကိုလေ့လာခြင်းသည် ယေရှုတင်ပြခဲ့သည့် နာခံမှုနှင့် နှိမ့်ချမှုစိတ်သဘောထားဖြစ်သည့် “ခရစ်တော်၏စိတ်” ကိုရရှိရန်လည်း အကူအညီဖြစ်မည်။ (၁ ကောရိန္သု ၂:၁၆) ကိုယ်တော့်ခမည်းတော်၏ အလိုတော်ကိုဆောင်ခြင်းသည် မစဉ်းစားဘဲ အလိုအလျောက်လိုက်လျှောက်ရမည့် ထုံးစံသက်သက်မျှမဟုတ်ဘဲ ပျော်ရွှင်စရာဖြစ်ခဲ့သည်။ ကိုယ်တော်၏သဘောထားကို ဆာလံဆရာက ဤသို့ရေးသားဖော်ပြခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။”a—ဆာလံ ၄၀:၈။
ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ရာတွင် “ခရစ်တော်၏စိတ်” ကိုရယူခြင်းသည် အရေးပါလှသည်။ ယေရှုသည် စုံလင်သည့်လူသားတစ်ဦးအဖြစ် မြေကြီးပေါ်ရှိစဉ်က ခမည်းတော်၏အရည်အချင်းနှင့် ဥပဓိရုပ်ကို လူသားအတိုင်းအတာဖြင့် အတတ်နိုင်ဆုံးတင်ပြခဲ့သည်။ ထို့ကြောင့် ကိုယ်တော်က “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုဆိုနိုင်ခဲ့သည်။ (ယောဟန် ၁၄:၉) မြေကြီးပေါ်တွင် ယေရှုရင်ဆိုင်ခဲ့ရသည့် အခြေအနေတိုင်းတွင် ကိုယ်တော်သည် ခမည်းတော်ပြုစေလိုသည်အတိုင်းသာ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ယေရှု၏သက်တော်စဉ်ကို ကျွန်ုပ်တို့လေ့လာသည့်အခါ ယေဟောဝါဘုရားသခင်အကြောင်းကို ပီပီပြင်ပြင်သိရှိလာကြရသည်။
ယေဟောဝါသည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ” ကြောင်းကျွန်ုပ်တို့ဖတ်ရှုရသည်။ (ထွက်မြောက်ရာ ၃၄:၆) မကြာခဏဆိုသလို မိမိ၏တမန်တော်များနှင့် ဆက်ဆံရာတွင် ဤအရည်အချင်းများကို ယေရှုတင်ပြခဲ့သည်။ မည်သူသာ၍ကြီးမြတ်ကြောင်း ထပ်တလဲလဲငြင်းခုံကြသောအခါ ယေရှုက စိတ်ရှည်စွာဖြင့် “သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ” ဟူ၍ စကားဖြင့်သာမက ပုံသက်သေအားဖြင့်ပါသွန်သင်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈) ယင်းသည် ယေရှု၏သက်တော်စဉ်ကို စဉ်းစားဆင်ခြင်ခြင်းဖြင့် ဘုရားသခင့်သဘောတော်နှင့် ညီညွတ်လာနိုင်ကြောင်းတင်ပြသည့် နမူနာတစ်ခုမျှသာဖြစ်သည်။
ယေရှုအကြောင်း ကျွန်ုပ်တို့ပို၍သိလာလေ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါကိုတုပရန် ပို၍အသင့်ရှိလာလေဖြစ်မည်။ (ဧဖက် ၅:၁၊ ၂) ဘုရားသခင့်သဘောတော်နှင့်ကိုက်ညီသည့် ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့ကို မှန်သည့်ဘက်သို့လမ်းညွှန်ပေးမည်။ မိမိအားယုံကြည်အားထားသူများကို ယေဟောဝါက “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်” ဟုကတိပေးတော်မူ၏။—ဆာလံ ၃၂:၈။
လေ့ကျင့်ထားသောကိုယ်ကိုကိုယ်သိသောစိတ်မှ အကျိုးရယူခြင်း
မစုံလင်သောလူသားတို့၏ ထင်ရာစိုင်းမှုကိုသိထားသောကြောင့် မောရှေက ဣသရေလလူတို့အား ဤသို့သတိပေးခဲ့သည်– “သင်တို့အား ယနေ့ငါသက်သေခံသမျှသောစကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့သည် ဤပညတ်တရားစကားတော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အားထပ်ဆင့်၍မှာထားရမည်။” (တရားဟောရာ ၃၂:၄၆) ကျွန်ုပ်တို့လည်း ဘုရားသခင့်ပညတ်တော်ကို နှလုံးပေါ်တွင် ရေးထားရမည်။ ထိုသို့ပြုပါက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့၏ခြေလှမ်းများကို ပို၍လမ်းညွှန်ပေးရန်အကြောင်းရှိပြီး မှန်သည့်ဆုံးဖြတ်ချက်များချရန် ကူညီပေးလိမ့်မည်။
ကျွန်ုပ်တို့သတိတော့ရှိရမည်။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌သေခြင်းသို့ပို့ဆောင်သော လမ်းတစ်မျိုးရှိ၏။” (သု. ၁၄:၁၂) အဘယ်ကြောင့် ဤသို့ဖြစ်လေ့ရှိသနည်း။ အကြောင်းမှာ သမ္မာကျမ်းစာဆိုသည်အတိုင်းဖြစ်၏– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်း။” (ယေရမိ ၁၇:၉) ထို့ကြောင့် ကျွန်ုပ်တို့အားလုံး နယပုံပြင်ကျမ်း ၃:၅၊ ၆ ပါဤသတိပေးချက်ကို လိုက်နာရန်လိုသည်– “ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”
[အောက်ခြေမှတ်ချက်များ]
a ဟေဗြဲလူများထံသို့ရေးသောစာတွင် တမန်တော်ပေါလုက ၄၀ ခုမြောက်ဆာလံ၏အဆိုပါစကားများသည် ယေရှုကိုရည်ညွှန်းကြောင်းဖော်ပြခဲ့သည်။—ဟေဗြဲ ၁၀:၅-၁၀။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်သည် အိမ်မြှောင်ကဲ့သို့ ကျွန်ုပ်တို့ကိုလမ်းမှန်သို့ ညွှန်ပြပေးနိုင်သည်
[Credit Line]
အိမ်မြှောင်– Courtesy, Peabody Essex Museum, Salem, Mass.