စိတ်ဝင်စားမှုနှိုးဆွရန် လတ်တလောဖြစ်ရပ်များကို အသုံးပြုပါ
၁ သင့်ဓမ္မအမှုကို သစ်လွင်လန်းဆန်းစေပြီး ကျမ်းစာသတင်းတရားအပေါ် လူတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးမည့် အကြံဉာဏ်ကောင်းများ အဆက်မပြတ်ရလိုသလော။ သို့ဖြစ်လျှင် စကားစမြည်စတင်ပြောဆိုရန် ကမ္ဘာ့မြင်ကွင်းနှင့် သင့်ရပ်ကွက်တွင် ဖြစ်ပျက်နေသည့်အရာများကို အသုံးပြုပါ။ သင်သည် လတ်တလောဖြစ်သည့် ဒေသတွင်းနှင့် ပြည်တွင်းဖြစ်ရပ်များ သို့မဟုတ် နိုင်ငံတကာသတင်းအချက်အလက်များကို ရယူနိုင်သည်။ ယင်းတို့သည် အစဉ်ပြောင်းလဲနေသည်။ (၁ ကော. ၇:၃၁) အောက်ပါနမူနာများကို သုံးသပ်ကြည့်ပါ။
၂ စီးပွားရေးပြဿနာများနှင့် နေထိုင်မှုစရိတ်တို့သည် လူတို့၏အမှန်စိတ်ဝင်စားရာများဖြစ်သည်။ ထို့ကြောင့် သင် ဤသို့ပြောနိုင်သည်–
◼ “[ပစ္စည်းကိုဖော်ပြ] ဈေးနှုန်းတွေ ထပ်တက်နေတဲ့သတင်း မိတ်ဆွေကြားပြီးပြီလား။” သို့မဟုတ် ကုမ္ပဏီကြီးတစ်ခုက အလုပ်သမားများစွာကို အလုပ်ထုတ်ပစ်လျှင် အလုပ်လက်မဲ့ဖြစ်ရခြင်းနှင့်စပ်လျဉ်းသည့် မှတ်ချက်ကိုပေးနိုင်သည်။ သင် မည်မျှ ဆက်ဆွေးနွေးလိုသည်ဟူသည့်အပေါ်မူတည်၍ “အသက်မွေးဝမ်းကျောင်းပြုဖို့ ဘာကြောင့် ဒီလောက်ခက်ခဲရသလဲဆိုတာ မိတ်ဆွေတွေးတောဖူးသလား” သို့မဟုတ် “စားဝတ်နေရေးအလျဉ်မီဖို့ အမြဲခက်နေမယ်လို့ မိတ်ဆွေထင်သလား” ဟူ၍မေးခြင်းဖြင့် ဆက်ပြောနိုင်သည်။
၃ မိသားစုများတွင် သို့မဟုတ် ကျောင်းသူကျောင်းသားများအလယ်တွင် ကြေကွဲဖွယ်ဖြစ်ရပ်များကဲ့သို့သော အကြမ်းဖက်မှုသတင်းများက နောက်ဆွေးနွေးခန်းအတွက် အခြေခံဖြစ်စေသည်။ သင် ဤသို့မေးနိုင်သည်–
◼ “[ရပ်ကွက်တွင်ဖြစ်ပျက်သည့် ကြေကွဲဖွယ်ဖြစ်ရပ်ကိုဖော်ပြ] ကို သတင်းစာမှာ မိတ်ဆွေဖတ်လိုက်ရသလား။” ထို့နောက် “ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု ဒီလောက်များရတဲ့အကြောင်းရင်းက ဘာဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ” သို့မဟုတ် “လုံခြုံမှုခံစားနိုင်တဲ့အချိန်တစ်ချိန် ရောက်လာဦးမယ်လို့ မိတ်ဆွေထင်သလား” ဟူ၍မေးပါ။
၄ ကမ္ဘာ့ဒေသအသီးသီးတွင် အကြီးအကျယ်ပျက်စီးစေသောရေလွှမ်းမိုးမှု၊ ငလျင်လှုပ်မှု သို့မဟုတ် ပြည်တွင်းဆူပူအုံကြွမှုသတင်းများသည်လည်း စိတ်ဝင်စားမှုကို နှိုးဆွပေးသည့်အရာများဖြစ်သည်။ ဥပမာ၊ သင် ဤသို့မေးနိုင်သည်–
◼ “[သဘာဝဘေးဒဏ်ကိုဖော်ပြ] အတွက် ဘုရားသခင်မှာ တာဝန်ရှိသလား။” သို့မဟုတ် မကြာသေးမီက ရုတ်တရက်ဖြစ်ပွားသည့် ပြည်တွင်းဆူပူအုံကြွမှုကို သင် ညွှန်ပြကာ ဤသို့ဆိုနိုင်သည်– “ငြိမ်းချမ်းရေးကို လူတိုင်းအလိုရှိတယ်ဆိုရင် အဲဒါကိုရဖို့ ဘာကြောင့် ဒီလောက်ခက်ရတာလဲ။”
၅ သင့်နိဒါန်းတွင်အသုံးပြုနိုင်သည့် လတ်တလောအဖြစ်အပျက်များကို နားစွင့်နေပါ။ အထောက်အကူပြုသောအကြံပေးချက်များကို ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၂ ၌ “မျက်မှောက်အဖြစ်အပျက်များ” ခေါင်းစဉ်အောက်တွင် တွေ့ရသည်။ သို့သော် နိုင်ငံရေး သို့မဟုတ် လူမှုရေးပြဿနာများဘက်ပါခြင်းကို ရှောင်ပါ။ ယင်းအစား လူ့ပြဿနာများအတွက် တစ်ခုတည်းသော တည်မြဲသည့်ဖြေရှင်းနည်းအဖြစ် သမ္မာကျမ်းစာနှင့် ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်စေပါ။