အယူဖောက်ပြန်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– အယူဖောက်ပြန်ခြင်းဟူသည် ဘုရားသခင်အား ကိုးကွယ်ခြင်းနှင့်ဝတ်ပြုခြင်းကို စွန့်လွှတ်ခြင်း သို့မဟုတ် ကျောခိုင်းခြင်းဖြစ်သည်။ အမှန်အားဖြင့် ယေဟောဝါဘုရားသခင်အား ပုန်ကန်ခြင်းဖြစ်သည်။ အချို့သောအယူဖောက်ပြန်သူများသည် ဘုရားသခင်အားသိပြီးဝတ်ပြုနေကြသည်ဟု ဆိုသော်လည်း ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသော သွန်သင်ချက်များ သို့မဟုတ် တောင်းဆိုချက်များကို ငြင်းပယ်ကြသည်။ အခြားသူတို့မူ သမ္မာကျမ်းစာကိုယုံကြည်ပါသည်ဟုဆိုငြားလည်း ယေဟောဝါ၏အဖွဲ့အစည်းကို ငြင်းပယ်ကြသည်။
အယူဖောက်ပြန်သူများသည် ခရစ်ယာန်အသင်းတော်ထဲမှပေါ်ထွက်လာမည်ဟု ကျွန်ုပ်တို့ယူမှတ်သင့်သလော
၁ တိ. ၄:၁၊ ၂– “ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ . . . လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောသြဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။”
၂ သက်. ၂:၃– “အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည်အလျင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။”
အယူဖောက်ပြန်သူများ၏သိသာသောအမှတ်လက္ခဏာများ—
တပည့်မွေး၍ ဂိုဏ်းခွဲကြသည်
တ. ၂၀:၃၀– “တပည့်တော်များကိုသွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌ပေါ်လာမည်။”
၁ ပေ. ၂:၁၊ ၃– “ဖျက်ဆီးတတ်သောမိစ္ဆာတိတ္ထိအယူများကို ပရိယာယ်အားဖြင့်သွင်း၍ မိမိတို့ကိုဝယ်တော်မူသောအရှင်ကိုငြင်းပယ်လျက် မိမိတို့အပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကိုရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။ . . . သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ် (“အမြတ်ထုတ်၊” သက) ကြလိမ့်မည်။”
ခရစ်တော်ကိုယုံကြည်ပါသည်ဟုဆိုကြသော်လည်း နောက်တော်လိုက်များအား တာဝန်ပေးခဲ့သည့် ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းကို ပေါ့ပေါ့တန်တန်သဘောထားကြသည်
လု. ၆:၄၆– “ငါ့စကားကိုနားမထောင်ဘဲလျက် ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။”
မ. ၂၈:၁၉၊ ၂၀– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”
မ. ၂၄:၁၄– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”
ဘုရားသခင်ကိုဝတ်ပြုပါသည်ဟုဆိုသော်လည်း ဘုရားသခင်၏ကိုယ်စားလှယ်များ၊ ကိုယ်တော်၏မျက်မြင်ရအဖွဲ့အစည်းကို ငြင်းပယ်ကြသည်
ယု. ၈၊ ၁၁– “ယခုယောင်ယမ်းသောအဓမ္မလူတို့သည် ရှေးနည်းတူ မိမိတို့ကိုယ်ကိုညစ်ညူးစေ၍ အာဏာစက်ကိုပယ်လျက် ဘုန်းတန်ခိုးကြီးသောသူတို့ကိုကဲ့ရဲ့တတ်ကြ၏။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား . . . ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက်ကြ၏။”
တော. ၁၆:၁-၃၊ ၁၁၊ ၁၉-၂၁– “ကောရသည် . . . အစည်းအဝေး၌မင်းပြုသောသူ ဣသရေလအမျိုးသား နှစ်ရာ့ငါးဆယ်နှင့်တကွ . . . မောရှေနှင့်အာရုန်တစ်ဖက်၌စုဝေးလျက် (“တော်လောက်ပြီ၊” ကဘ) ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့်ကိုယ်ကိုကိုယ်ချီးမြောက်ရသနည်း။ . . . [မောရှေက] သင်နှင့်သင်၏အပေါင်းအသင်းရှိသမျှတို့သည် ထာဝရဘုရားတစ်ဖက်၌ စုဝေးကြပြီတကား။ (“ထာဝရဘုရားနှင့်ဆန့်ကျင်ဘက် စုရုံးသောလူများဖြစ်ကြသည်တကား၊” သမ) အာရုန်ကိုအပြစ်တင်၍မြည်တမ်းရမည်အကြောင်း သူသည် အဘယ်သို့သောသူဖြစ်သနည်းဟုဆို [၏။] ကောရသည်လည်း ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့်အာရုန်တစ်ဖက်၌ စုဝေးစေပြီးမှ ထာဝရဘုရား၏ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ထင်ရှားလေ၏။ ထာဝရဘုရားကလည်း ဤပရိသတ်တို့နှင့်ခွာ၍ တခြားစီနေလော့။ ငါသည် သူတို့ကို ချက်ချင်းဖျက်ဆီးမည်ဟု မောရှေနှင့်အာရုန်အားမိန့်တော်မူ [၏။]”
စစ်မှန်သောယုံကြည်ခြင်းကို သူတို့စွန့်ပယ်ရုံမက နောက်ပိုင်းတွင် မိမိတို့ယခင်အပေါင်းအဖော်များအား “ရိုက်ပုတ်” ကာ လူအများရှေ့ပြစ်တင်ဝေဖန်၍တစ်မျိုး၊ အခြားနည်းများဖြင့်တစ်ဖုံ သူတို့၏လုပ်ငန်းကိုတားဆီးနှောင့်ယှက်ကြသည်။ ထိုအယူဖောက်ပြန်သူများ၏ကြိုးစားအားထုတ်မှုများသည် တည်ဆောက်ရန်မဟုတ်၊ ဖြိုခွဲရန်သာဖြစ်သည်
မ. ၂၄:၄၅-၅၁– “အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်းပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ . . . အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်နှင့် ကျွန်ချင်းတို့ကိုရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင် ထိုကျွန်ကိုပြင်းပြစွာကွပ်မျက်ဆုံးမ၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သောသူတို့ (“ကြောင်သူတော်တို့၊” သက) နှင့်တကွ နေရာချလတ္တံ့။”
၂ တိ. ၂:၁၆-၁၈– “တရားမဲ့ဖြစ်သောအချည်းနှီးစကားကိုရှောင်လော့။ အကြောင်းမူကား ထိုစကားသည် မတရားသောအမှုတို့ကိုပွားများစေလိမ့်မည်။ သူတို့၏စကားသည် ခူနာကဲ့သို့စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။ သူတို့က သေလွန်သောသူတို့သည် ထမြောက်ကြပြီဟုပြောလျက် သမ္မာတရားလမ်းမှလွဲသွား၍ အချို့သောသူတို့၏ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။”
သစ္စာရှိခရစ်ယာန်များသည် အယူဖောက်ပြန်သူများကို လူကိုယ်တိုင်ဖြစ်စေ သူတို့၏စာပေများကိုဖတ်၍ဖြစ်စေ လက်ခံကြမည်လော
၂ ယော. ၉၊ ၁၀– “ခရစ်တော်၏ဒေသနာ၌မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား ဘုရားသခင်ကိုမသိ။ . . . ထိုဒေသနာမပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကိုသင့်အိမ်၌လက်မခံနှင့်။ . . . နှုတ်မဆက်နှင့်။”
ရော. ၁၆:၁၇၊ ၁၈– “ညီအစ်ကိုတို့ သင်တို့ခံယူပြီးသောဆုံးမသြဝါဒနှင့်ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကို မှတ်၍ရှောင်ကြလော့ဟုငါသတိပေး၏။ အကြောင်းမူကား ထိုသို့သောသူတို့သည် . . . လောကဝတ်စကားနှင့်ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။”
အယူဖောက်ပြန်သူတို့၏အတွေးအခေါ်များကို နှိုက်နှိုက်ချွတ်ချွတ်သိလိုဇောဖြင့်စူးစမ်းလျှင် ကြီးမားသောအန္တရာယ် ဖြစ်စေနိုင်မည်လော
သု. ၁၁:၉– “အဓမ္မလူ (“အယူဖောက်ပြန်သူ၊” ကဘ) သည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကိုဖျက်တတ်၏။”
ဟေရှာ. ၃၂:၆၊ ကဘ– “လူမိုက်ကိုယ်တိုင် မိုက်သောစကားကိုသာပြော၍ သူ၏နှလုံးသည် အယူဖောက်ပြန်ရန်၊ ယေဟောဝါကိုဆန့်ကျင်၍ မိုက်ကန်းသောစကားကိုပြောရန်၊ ငတ်ပြတ်သောစိုးလ်ကိုလက်ချည်းသက်သက်၊ ရေငတ်သူကိုသောက်စရာမဲ့လျက်သွားစေရန်၊ ထိခိုက်နစ်နာစေသောအရာကိုကြံစည်လိမ့်မည်။” (ဟေရှာယ ၄၅:၁၃၊ ၁၄ နှင့်နှိုင်းယှဉ်။)
အယူဖောက်ပြန်ခြင်းသည် မည်မျှအန္တရာယ်ကြီးမားသနည်း
၂ ပေ. ၂:၁– “[ဤသူတို့သည်] ဖျက်ဆီးတတ်သောမိစ္ဆာတိတ္ထိအယူများကို ပရိယာယ်အားဖြင့်သွင်း၍ မိမိတို့ကိုဝယ်တော်မူသောအရှင်ကိုငြင်းပယ်လျက် မိမိတို့အပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကိုရောက်စေ. . . [ကြလိမ့်မည်။]”
ယောဘ ၁၃:၁၆– “အဓမ္မလူ [“အယူဖောက်ပြန်သူ၊” ကဘ] သည် အထံတော်သို့မဝင်ရ။”
ဟေဗြဲ ၆:၄-၆– “အလင်းသို့တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကိုမြည်းစမ်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခြင်း၊ ဘုရားသခင်၏ကောင်းမြတ်သောတရားစကားကိုလည်းကောင်း၊ နောင်ကပ်ကာလ၏တန်ခိုးများကိုလည်းကောင်း မြည်းစမ်းခြင်းရှိပြီးမှ ရွေ့လျော့ဖောက်ပြန်သော [“အယူဖောက်ပြန်မှုကိုကျူးလွန်သော်၊” RS] သူတို့သည် . . . ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ အသရေတော်ကိုရှုတ်ချသောသူဖြစ်သောကြောင့် နောက်တစ်ဖန်နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းကိုမရောက်နိုင်ကြ။”