အစိုးရ
အဓိပ္ပာယ်သတ်မှတ်ချက်– ဥပဒေပြုစုပြဋ္ဌာန်း၍ ဥပဒေအတိုင်းစီရင်အုပ်ချုပ်ရန်အစီအစဉ်ဖြစ်သည်။ အစိုးရများကို ၎င်း၏ပင်ရင်းအလိုက်၊ အာဏာစက်အကျယ်အဝန်းအလိုက်၊ အမျိုးအစားခွဲလေ့ရှိသည်။ ယေဟောဝါဘုရားသခင်သည် စကြဝဠာအချုပ်အခြာအာဏာပိုင်ဖြစ်၍ အလိုတော် ရည်ရွယ်ချက်တို့နှင့်အညီ အခြားသူတို့အား အာဏာအပ်နှင်းတော်မူသည်။ သို့ရာတွင် ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကိုအဦးဆုံးပုန်ကန်သောစာတန်မာရ်နတ်မူ ဘုရားသခင့်ခွင့်ပြုချက်အရ အချိန်အကန့်အသတ်ဖြင့် “ဤလောကကိုအစိုးရသောမင်း” ဖြစ်သည်။ သမ္မာကျမ်းစာက ကမ္ဘာ့နိုင်ငံရေးအုပ်စိုးမှုစနစ်ကို သားရဲအဖြစ် ရုပ်လုံးဖော်၍ “နဂါး [စာတန်မာရ်နတ်] သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး၏” ဟူ၍ဆိုသည်။—ယော. ၁၄:၃၀; ဗျာ. ၁၃:၂; ၁ ယော. ၅:၁၉။
လူသားများအနေနှင့် ထာဝရပျော်ရွှင်မှုကိုတကယ်ပေးမည့် အစိုးရတစ်ခုကို တည်ထောင်နိုင်သလော
လူ့သမိုင်းမှတ်တမ်းက ဘာကိုသက်သေထူသနည်း
ဒေ. ၈:၉၊ သမ္မာ– “လူတစ်ဦးသည် တစ်ဦးအပေါ်တွင်အုပ်စိုးလျက် သူ၏အကျိုးကိုဖျက်ဆီး [ခဲ့လေပြီ။]” (အချို့အစိုးရနှင့်မင်းတို့သည် အမွန်မြတ်ဆုံးသောဦးတည်ချက်ဖြင့်အစပြုခဲ့ကြသော်လည်း အထက်ပါအတိုင်း ဖြစ်ခဲ့ရချေသည်။)
“တည်ရှိခဲ့သမျှယဉ်ကျေးမှုသည် အဆုံး၌ ပြိုကွဲခဲ့သည်သာ။ သမိုင်းဟူသည် ကျရှုံးခဲ့သည့်လုံ့လ၊ အကောင်အထည်မပေါ်သည့်ရည်မှန်းချက်တို့နှင့်ပြည့်သောပုံပြင်ဖြစ်သည်။ . . . ထို့ကြောင့် သမိုင်းသုတေသီတစ်ဦးအနေနှင့် ရှောင်လွဲ၍မရနိုင်သောကြေကွဲဝမ်းနည်းခြင်းကို ရင်ဝယ်ပိုက်၍ အသက်ရှင်ရပါသည်။”—နိုင်ငံရေးသိပ္ပံပါရဂူ အစိုးရဆိုင်ရာပါမောက္ခ ဟင်နရီကစ်စင်းဂျား။ ၁၉၇၄၊ အောက်တိုဘာ ၁၃ ရက်ထုတ် နယူးယောက်တိုင်းမ်စ်၊ စ. ၃၀ ခ မှကိုးကားချက်။
အုပ်ချုပ်ရေးဆိုင်ရာ လူ့ကြိုးပမ်းမှုကို အထမမြောက်စေရန် ဘာကတားဆီးသနည်း
ယေ. ၁၀:၂၃– “အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ဘုရားသခင်သည် ဖန်ဆင်းရာလူသားအား မိမိအုပ်ထိန်းမှုနှင့်လွတ်ပြီး ကိုယ့်လမ်းကိုယ်သွားရန် အခွင့်ပေးတော်မမူခဲ့။)
က. ၈:၂၁– “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည် ဆိုးကြ၏။” (မင်းများသာမက အအုပ်အချုပ်ခံသူများပါ အပြစ်တရား၌မွေးလာ၍ တစ်ကိုယ်ကောင်းစိတ် ကိုယ်စီရှိကြသည်။)
၂ တိ. ၃:၁-၄၊ သမ္မာ– “နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟု သိမှတ်လော့။ အကြောင်းမူကား၊ လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . ရန်ငြိုးထားသောသူ၊ . . . မာန်မာနနှင့်ယစ်မူးသောသူ” ဖြစ်ကြလိမ့်မည်။ (ယနေ့လူသားတို့ရင်ဆိုင်နေရသောပြဿနာများကို နိုင်ငံတစ်နိုင်ငံ၏အစွမ်းဖြင့် အပြီးမဖြေရှင်းနိုင်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိမှဖြစ်မည်။ သို့ရာတွင် အတ္တစိတ်နှင့် ကိုယ်ကျိုးငဲ့ကွက်မှုကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြ။ ၎င်းသည် ပြည်တွင်းအဖွဲ့အစည်းချင်း စစ်မှန်သောပူးပေါင်းဆောင်ရွက်ခြင်းမရှိစေသော ကြီးမားသည့်အတားအဆီးလည်းဖြစ်သည်။
သမ္မာကျမ်းစာကလည်း လူ့ထက်ထူးကဲသောအင်အားစုများသည် လူ့အရေးကိုကြိုးကိုင်လျက်ရှိကြောင်း ဖော်ပြ၏– “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။” (၁ ယော. ၅:၁၉) “ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ . . . လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧ. ၆:၁၂) “ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးစေကြ၏။”—ဗျာ. ၁၆:၁၄။
အစိုးရပိုင်းဆိုင်ရာအကျင့်ပျက်ပြားမှုနှင့် ဖိစီးမှုအောက်မှ မည်သို့ထာဝရချမ်းသာရနိုင်မည်နည်း
အခြားလူများကိုတင်မြှောက်လိုက်လျှင် ပြဿနာပြေလည်သွားမည်လော
လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့်ရှိသောနိုင်ငံများ၌ အာဏာပိုင်များသည် နှစ်အနည်းငယ်အတွင်း လူထုမဲဆန္ဒဖြင့် ရာထူးပြုတ်လေ့ရှိသည်မဟုတ်လော။ အဘယ်ကြောင့်နည်း။ သူတို့၏လုပ်ဆောင်ချက်များကို အများထုက မကျေနပ်၍တည်း။
ဆာ. ၁၄၆:၃၊ ၄– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ထို့ကြောင့် မင်းများ၏မည်သည့်တိုးတက်ဖွံ့ ဖြိုးရေးစီမံချက်မဆို နောက်ဆက်ခံများလက်သို့အပ်လိုက်ရသည်နှင့်အညီ စွန့်ပစ်ခံရလေ့ရှိသည်။)
မည်သူပင်အုပ်ချုပ်စေကာမူ စာတန့်လက်ခုပ်ထဲမှလောက၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။—၁ ယော. ၅:၁၉။
အကြမ်းဖက်တော်လှန်ရေးသည် ဖြေရှင်းနည်းလော
အကျင့်ပျက်ပြားမင်းများကိုဖြုတ်ချပြီး မတရားသောဥပဒေများကိုဖယ်ရှားနိုင်သည်တိုင်အောင် အစိုးရသစ်သည် မစုံလင်သောလူသားများဖြင့်ဖွဲ့စည်းထားမည်ဖြစ်၍ စာတန့်လက်ခုပ်အတွင်း၌ရှိပါသည်ဟု သမ္မာကျမ်းစာကရှင်းလင်းစွာတင်ပြထားသော နိုင်ငံရေးယန္တရား၏အစိတ်အပိုင်းတစ်ခု ဖြစ်မြဲဖြစ်နေမည်။
မ. ၂၆:၅၂– “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” (ဘုရားသခင့်သားတော်ကိုရန်ဘက်ပြု၍ အစိုးရအာဏာကို လူတို့မတရားသုံးစွဲစဉ် တမန်တော်များထဲကတစ်ပါးအား ယေရှုထိုသို့မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်တော်လှန်ရေးသည် နည်းမှန်လမ်းကျပါက ဘုရားသခင့်သားတော်အတွက်တိုက်ခိုက်ခြင်းထက် သာ၍မြတ်သောတိုက်ပွဲ အဘယ်မှာရှိသေးသနည်း။)
သု. ၂၄:၂၁၊ ၂၂၊ ကဘ– “ငါ့သား၊ ယေဟောဝါနှင့်ဘုရင်ကို ကြောက်ရွံ့ပါ။ အပြောင်းအလဲကိုလိုလားသောသူတို့နှင့် အရောမဝင်နှင့်။ အကြောင်းမှာ သူတို့၏ဘေးသည် ရုတ်ခြည်းပေါ်ပေါက်လာမည်ဖြစ်ရကား အပြောင်းအလဲလိုလားသူတို့၏ပျက်သုဉ်းခြင်းကို မည်သူသတိပြုမိသနည်း။”
သို့ဖြစ်လျှင် အစိုးရပိုင်းဆိုင်ရာအကျင့်ပျက်ပြားမှုနှင့်ဖိစီးမှုပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း
ဒံ. ၂:၄၄၊ ၄၅– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံ [အစိုးရ] တစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
ဆာ. ၇၂:၁၂-၁၄၊ သက– “[ယေဟောဝါ၏ဘိသိက်ခံဘုရင်] မင်းကြီး [ယေရှုခရစ်] သည် မိမိအား ဟစ်ခေါ်ကြသည့်ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ ခိုကိုးရာမဲ့သူတို့အားလည်းကောင်း ကယ်ဆယ်တော်မူ [မည်]။ ချို့တဲ့ဆင်းရဲသူတို့ကို သနားတော်မူ၍ သူတို့၏အသက်ကို ကယ်တော်မူ [မည်]။ သူတို့၏အသက်သည် မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက် ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှ သူတို့ကို ကယ်ဆယ်တော်မူ [မည်]။” (ကိုယ်တော်ကမ္ဘာပေါ်သက်တော်ထင်ရှားစဉ် လူတို့အားကုသခြင်း၊ လူအုပ်တို့ကိုကျွေးမွေးခြင်းမက၊ သူတို့အဖို့ အသက်တော်ကိုပင်စွန့်တော်မူခြင်းတည်းဟူသော လူတို့အပေါ်ထားရှိသည့်စေတနာတော်မြတ်ကိုထောက်လျှင် ကိုယ်တော်သည် ပရောဖက်ပြုချက်ပါမင်းမြတ် အမှန်ဖြစ်မည်ကို ထင်ရှားစေပေသည်။)
စာမျက်နှာ ၁၄၅-၁၅၀ ပါ “နိုင်ငံတော်” ခေါင်းစဉ်အောက် တွင်လည်းရှု။
အုပ်ချုပ်ရေးစနစ်၏အနာဂတ်နှင့်ဆိုင်သော ကျမ်းစာအဆိုကို အဘယ်ကြောင့် အလေးအနက်သုံးသပ်သင့်သနည်း
လူသားမင်းများသည် လူသားများ အရေးတကြီးလိုအပ်ရာများကို ပေးမနေပါ
လူတကာလိုအပ်ရာများဖြစ်သော အောက်ပါတို့ကို စဉ်းစားကြည့်ပါ။ ၎င်းတို့ကို လူ့အစိုးရများက မပေးနိုင်သော်လည်း ဘုရားသခင်က ပေးမည်ဟု ကတိပြုတော်မူ၏။ (၁) စစ်၏ခြိမ်းခြောက်မှုနှင့်ကင်းသော ကမ္ဘာပေါ်အသက်တာ။—ဟေရှာ. ၂:၄; ဆာ. ၄၆:၉၊ ၁၀။ (၂) လူတိုင်းအတွက် အစားအသောက်အလျှံပယ်။—ဆာ. ၇၂:၁၆။ (၃) လူတိုင်းအတွက် နေပျော်ဖွယ်အိမ်။—ဟေရှာ. ၆၅:၂၁။ (၄) အလုပ်ရှာသူတိုင်း ကျေနပ်ဖွယ်အလုပ်ကိုယ်စီရနိုင်သည်မို့ မိမိနှင့်မိသားစုကို ကျွေးမွေးနိုင်မည်။—ဟေရှာ. ၆၅:၂၂။ (၅) အဖျားအနာရောဂါနှင့်ကင်းမဲ့သောဘဝ။—ဗျာ. ၂၁:၃၊ ၄။ (၆) တရားမျှတမှု; ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေးနှင့် နိုင်ငံရေးငဲ့ကွက်မှုမရှိသောလွတ်လပ်မှု။—ဟေရှာ. ၉:၇; ၁၁:၃-၅။ (၇) ရာဇဝတ်ကောင်တို့၏ရန်နှင့်ကင်းပြီး ကိုယ်ကာယနှင့်ဥစ္စာဓနဘက်လုံခြုံမှုခံစားရခြင်း။—မိ. ၄:၄; သု. ၂:၂၂။ (၈) မေတ္တာတရား၊ လူလူချင်းပေါ်ထားရှိသောကျင်နာမှုနှင့်စေတနာတရား၊ မှန်ကန်မှုတရားစသည်တို့ကို အထွတ်အမြတ်ထားသောကမ္ဘာ။—ဆာ. ၈၅:၁၀၊ ၁၁; ဂလာ. ၅:၂၂၊ ၂၃။
အုပ်ချုပ်သူတို့က ပြည်သူတို့အား သာယာဝပြောစေမည်ဟု ကတိပြုလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာညောင်းခဲ့လေပြီ။ ရလဒ်ကား အဘယ်နည်း။ နိုင်ငံတော်တော်များများမှလူတို့သည် ဥစ္စာပေါများလာသော်လည်း ပို၍ပျော်ရွှင်လာကြသည်မဟုတ်။ ရင်ဆိုင်ရသောပြဿနာများမှာလည်း ယခင်ထက် ပို၍ရှုပ်ထွေးလာသည်။
ကျမ်းစာအနာဂတ္တိစကားများသည် အကြွင်းမဲ့အားထားလောက်ကြောင်း ထင်ရှားခဲ့လေပြီ
ရာစုနှစ်တစ်ခုကြို၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဗာဗုလုန်နိုင်ငံသည် ကမ္ဘာကိုစိုးမိုးမည်ဖြစ်ကြောင်း၊ အဆုံး၌ ၎င်း၏အာဏာစက်မည်သို့ ပြိုကွဲမည်ဖြစ်ကြောင်း၊ ၎င်း၏မြို့တော်သည် ပျက်စီးသည့်နောက်၌ ဘယ်တော့မျှ လူနေထိုင်ရာအရပ်ဖြစ်တော့မည်မဟုတ်ကြောင်း ရေးသားခဲ့သည်။ (ဟေရှာ. ၁၃:၁၇-၂၂) ကုရုမမွေးခင်ကတည်းက ရာစုနှစ် နှစ်ခုတင်ကူး၍ပင် သမ္မာကျမ်းစာက သူ့အကြောင်းကို အမည်နှင့်တကွဖော်ပြပြီး နိုင်ငံတကာရေးရာ၌ သူအဘယ်ကဏ္ဍမှပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။ (ဟေရှာ. ၄၄:၂၈; ၄၅:၁၊ ၂) မီဒို-ပါးရှား (မေဒိ-ပေရသိ) သည် ကမ္ဘာ့အာဏာစက်ဖြစ်မလာမီကတည်းက ကျမ်းစာက ၎င်းသည် အာဏာကြီးထွားလာမည်ဖြစ်ကြောင်း၊ ပူးတွဲအာဏာစက်ဖြစ်မည်အကြောင်း၊ မည်သို့ဇာတ်သိမ်းမည်ဖြစ်ကြောင်း အလုံးစုံ တင်ကြိုရေးသားခဲ့သည်။ ဂရိအင်ပါယာသည် ၎င်း၏ပထမဘုရင်လက်ထက်၌ ကြီးစိုးပြီး နောက်ပိုင်း၌ အင်ပါယာ မည်သို့လေးစိတ်ကွဲသွားမည်ဖြစ်ကြောင်း ရာစုနှစ် နှစ်ခုအထက်ကတည်းက ကြိုပြောခဲ့ပေသည်။—ဒံ. ၈:၁-၈၊ ၂၀-၂၂။
သမ္မာကျမ်းစာက ကျွန်ုပ်တို့ခေတ် ကမ္ဘာ့အခြေအနေအသေးစိတ်ကို ကြိုပြောခဲ့သည့်ပြင် ဘုရားသခင့်လက်ချက်ဖြင့် လူ့အစိုးရအားလုံး ဇာတ်သိမ်းကြမည်ဖြစ်ကြောင်း၊ ဘုရားသခင့်နိုင်ငံတော်သည် သားတော်ယေရှုခရစ်လက်တော်ဖြင့် လူသားအားလုံးပေါ် အုပ်စိုးသွားမည်ဖြစ်ကြောင်း သတိပေးထားပေသည်။—ဒံ. ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄။
ဤမျှတိုင် တစ်သမတ်တည်း မှန်ကန်ကြောင်း သက်သေထင်ရှားခဲ့ပြီဖြစ်သော သတင်းဌာနကို မြေဝယ်မကျနာခံလျှင် ပညာရှိရာမကျပေလော။
ဘုရားသခင့်အစိုးရသာ လူသားတို့ပြဿနာများဖြေရှင်းရာ
လူသားတို့၏ပြဿနာများကိုဖြေရှင်းနိုင်လောက်အောင် အဘယ်လူသား၌မျှ လိုအပ်သောအစွမ်းအစနှင့်အရည်အချင်းမရှိချေ။ ဘုရားသခင်သည် လူသားတို့အား မာရ်နတ်နှင့်သူ၏နတ်ဆိုးတို့၏ဩဇာအောက်မှ လွတ်ငြိမ်းစေနိုင်၏။ ထိုသို့ပြုရန်လည်း ကတိတော်ရှိ၏။ သို့သော် အဘယ်လူသားမျှ ထိုသို့မပြုနိုင်။ အပြစ်တရားကိုပယ်ဖျက်ခြင်းဖြင့် သေခြင်းနာခြင်းကို အဆုံးသတ်ကာ လူ့ဆန္ဒကိုပြည့်ဝစေရန် ဘုရားသခင်အစီအစဉ်ပြုလုပ်ခဲ့ပြီဖြစ်သည်။ ဆေးသိပ္ပံသည် ဘယ်တော့မျှ ထိုသို့မစွမ်းဆောင်နိုင်ချေ။ ဖန်ဆင်းရှင်သည် (ကမ္ဘာနှင့်ဘဝဖြစ်စဉ်များအကြောင်းဆိုင်ရာ) လိုအပ်သောအသိပညာရှိသဖြင့် အစာထုတ်လုပ်ခြင်းနှင့်စပ်လျဉ်းသောပြဿနာများကို ဖြေရှင်းနိုင်ပြီး အန္တရာယ်ရှိသောပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဟန့်တားနိုင်သည်။ သို့သော် လူ့ ကြိုးပမ်းမှုမူကား ပြဿနာပို၍များစေလေ့ရှိသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လူတို့၏အကျင့်စရိုက်ကိုပြောင်းလဲစေပြီဖြစ်၍ ၎င်းနှင့်အညီကျင့်သုံးသူတို့သည် မြင့်မြတ်သောစာရိတ္တရှိ၍ အကြင်နာမေတ္တာတရားပြည့်ဝသူ၊ လူလူချင်းသတ်ဖြတ်ခြင်းကိုလက်မခံသောလူ့အဖွဲ့အစည်းတစ်ခုဖြစ်လာပေပြီ။ သူတို့သည် ဘာသာစကားအမျိုးစုံပြောသောနိုင်ငံအမျိုးမျိုး၊ လူမျိုးအဖုံဖုံမှလာကြသော်လည်း တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများပမာ တကယ်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ကြပေပြီ။
လက်ရှိကမ္ဘာ့အစီအစဉ်ကို ဘုရားသခင့်နိုင်ငံတော်က အဘယ်အချိန်တွင် ဖယ်ရှားပစ်မည်နည်း။ “သက္ကရာဇ်နေ့စွဲများ” နှင့် “နောက်ဆုံးကာလ” ဟူသောအဓိကခေါင်းစဉ်များကိုရှု။