သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
အကြီးမြတ်ဆုံးလူသားသည် နှိမ့်ချသောအမှုကို ဆောင်ရွက်ခဲ့
တမန်တော်များနှင့်ကိုယ်တော်ရှိချိန် နောက်ဆုံးနာရီပိုင်းများသည် တန်ဖိုးရှိလိမ့်မည်ကို ယေရှုသိခဲ့သည်။ မကြာမီ အဖမ်းခံရပြီး ကိုယ်တော်၏ယုံကြည်ခြင်းသည် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် စမ်းသပ်ခံရတော့မည်ဖြစ်သည်။ ကောင်းချီးများစွာခံစားရဦးမည်ကိုလည်း ယေရှုသိတော်မူ၏။ မကြာမီ ဘုရားသခင့်လက်ယာတွင် ချီးမြှောက်ခံရ၍ ‘ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားခံရလိမ့်မည်၊ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်’ ကြရလိမ့်မည်ဖြစ်သည်။—ဖိလိပ္ပိ ၂:၉၊ ၁၀။
သို့ရာတွင် သေဆုံးရတော့မည်အတွက် စိုးရိမ်ခြင်းကလည်းကောင်း၊ ကတိထားရာဆုကျေးဇူးကို လိုချင်တမ်းတစိတ်ကလည်းကောင်း မိမိ၏တမန်တော်များ လိုအပ်ရာများမှ ယေရှု၏အာရုံကိုမပြောင်းလဲစေခဲ့ချေ။ ကိုယ်တော်သည် “မိမိလူတို့ကို . . . အဆုံးတိုင်အောင် ချစ်တော်မူ၏” ဟူ၍ နောက်ပိုင်း၌ ယောဟန်က သူ၏ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ခဲ့သည်။ (ယောဟန် ၁၃:၁) ယေရှုသည် စုံလင်သောလူသားတစ်ယောက်အနေနှင့် အရေးကြီးသော ဤနောက်ဆုံးအချိန်နာရီပိုင်းတွင် တမန်တော်များအား အရေးပါသောသင်ခန်းစာတစ်ရပ်ကို သွန်သင်ပေးခဲ့၏။
နှိမ့်ချမှုဆိုင်ရာသင်ခန်းစာတစ်ရပ်
ပသခါပွဲကျင်းပရန် ယေရုရှလင်မြို့ရှိ အထက်ခန်းတစ်ခန်းတွင် ယေရှုနှင့်အတူ တမန်တော်များရှိခဲ့ကြသည်။ ယခင်က မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်းဟူ၍ အချင်းချင်းငြင်းခုံနေကြသံကို ယေရှုကြားခဲ့သည်။ (မဿဲ ၁၈:၁; မာကု ၉:၃၃၊ ၃၄) ကိုယ်တော်သည် ယင်းကိစ္စကို သူတို့နှင့်ဆွေးနွေးခဲ့သည့်အပြင် သူတို့၏ရှုမြင်ချက်ကို တည့်မတ်ပေးရန် ကြိုးစားခဲ့သည်။ (လုကာ ၉:၄၆) သို့သော် ယခု ယေရှုသည် အခြားနည်းတစ်နည်းကို အသုံးပြုခြင်းဖြင့် ထိုသင်ခန်းစာများကို အလေးအနက်ဖော်ပြခဲ့သည်။ နှိမ့်ချမှုအကြောင်း ပြောဆိုရုံသာမက လက်တွေ့ပါပြသရန် ကိုယ်တော်ရွေးချယ်ခဲ့သည်။
ယေရှုသည် “စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ခါးကိုစည်းတော်မူ၏။ ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းသောပဝါနှင့် သုတ်တော်မူ၏” ဟူ၍ယောဟန်ရေးခဲ့သည်။—ယောဟန် ၁၃:၄၊ ၅။
ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသ၏ ပူနွေးသောရာသီဥတုတွင် ဖုန်ထူသောလမ်း၌ လျှောက်သွားကြသောအခါ ကြိုးသိုင်းဖိနပ်များကို စီးလေ့ရှိကြသည်။ သာမန်လူတန်းစားတစ်ဦး၏အိမ်ထဲဝင်သောအခါ သူတို့၏ခြေကို ဆေးကြောနိုင်ရန် ခွက်များနှင့်ရေထားပေးသော အိမ်ရှင်တစ်ဦးက ကြိုဆိုလေ့ရှိသည်။ ချမ်းသာသောအိမ်များတွင်မူ ကျွန်တစ်ဦးက ခြေဆေးပေးလေ့ရှိသည်။—တရားသူကြီး ၁၉:၂၁; ၁ ဓမ္မရာဇဝင် ၂၅:၄၀-၄၂။
အထက်ခန်းတွင် ယေရှုနှင့်ကိုယ်တော်၏တမန်တော်များသည် တစ်ဦးတစ်ယောက်၏ ဧည့်သည်များမဟုတ်ကြချေ။ ယင်းနေရာတွင် ခွက်ထားပေးမည့် အိမ်ရှင်မရှိ၊ ခြေဆေးပေးမည့် ကျွန်များမရှိချေ။ တမန်တော်များ၏ခြေကို ယေရှုစဆေးလေသော် သူတို့သည် စိတ်ကသိကအောက်ဖြစ်ခဲ့ရသည်။ သူတို့ထဲမှ အကြီးမြတ်ဆုံးသူသည် အနှိမ့်ချဆုံးအလုပ်ကို လုပ်ဆောင်နေသည်တကား!
အစကနဦးတွင် ပေတရုသည် သူ၏ခြေကို ယေရှုအား ဆေးခွင့်မပြုခဲ့ချေ။ သို့ရာတွင် ယေရှုက “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရဟု မိန့်တော်မူ၏။” တမန်တော်အားလုံး၏ခြေကို ဆေးပြီးသောအခါ ယေရှုက ဤသို့ဆိုခဲ့သည်– “သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ သင်တို့သည် ငါ့ကို ‘အရှင်ဘုရား’ ဟူ၍လည်းကောင်း၊ ‘သခင်’ ဟူ၍လည်းကောင်းခေါ်တတ်ကြ၏။ ထိုစကားလည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။”—ယောဟန် ၁၃:၆-၁၅။
ယေရှုသည် ခြေဆေးခြင်းထုံးတမ်းဓလေ့ကို စတင်ခဲ့ခြင်းမဟုတ်ချေ။ ယင်းအစား၊ ကိုယ်တော်သည် တမန်တော်များအား စိတ်ထားအသစ်—သူတို့၏ညီအစ်ကိုများအကျိုးအတွက် အနိမ့်ကျဆုံးအလုပ်ကိုလုပ်ဆောင်ရန်အသင့်ရှိသော နှိမ့်ချသည့်သဘော—ကိုမွေးမြူရန် ကူညီပေးနေခြင်းဖြစ်သည်။ သူတို့သဘောပေါက်ခဲ့ကြောင်း ထင်ရှားပါသည်။ နောက်ပိုင်းတွင် နှစ်အတန်ကြာသောအခါ အရေဖျားလှီးခြင်းပြဿနာပေါ်ပေါက်ခဲ့ချိန်၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ “များစွာသောဆွေးနွေးငြင်းခုံခြင်း” ရှိခဲ့သော်လည်း ထိုတွင်ရှိသူများသည် စည်းစနစ်ကျနမှုကို ဆက်ထိန်းနိုင်ခဲ့ပြီး အချင်းချင်း၏ထင်မြင်ယူဆချက်များကို လေးစားစွာနားထောင်ခဲ့ကြသည်။ ၎င်းပြင် ထိုအစည်းအဝေးကိုဦးစီးသူမှာ—တမန်တော်များရှိနေကြသည့်အတွက် ဖြစ်သင့်သည့်အတိုင်း တမန်တော်တစ်ပါးမဟုတ်ဘဲ—တပည့်တော်ယာကုပ် ဖြစ်ပုံရှိသည်။ တမန်တော်ကျမ်း၌ မှတ်တမ်းတင်ထားသော ဤအသေးစိတ်အချက်အလက်က ဖော်ပြပါသည်မှာ နှိမ့်ချမှုကို တမန်တော်များ အတော်အတန်တင်ပြနိုင်ကြလာခြင်းဖြစ်၏။—တမန်တော် ၁၅:၆-၂၉။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးပေးခြင်းအားဖြင့် နှိမ့်ချမှုနှင့်ပတ်သက်၍ အလွန်ထိရောက်သောသင်ခန်းစာတစ်ရပ်ကို ပြသခဲ့သည်။ အမှန်မှာ ခရစ်ယာန်များအနေနှင့် မိမိတို့သည် အလွန်အရေးပါသူများဖြစ်သည့်အတွက် အခြားသူများသည် အမြဲပင် သူတို့ကိုပြုစုသင့်သည်ဟု မယူဆသင့်ပါ၊ ဂုဏ်အသရေရှိသောအဆင့်ရာထူးများရရှိဖို့အတွက်လည်း မကြိုးစားသင့်ချေ။ သို့အစား၊ ‘စေစားရန်မဟုတ်၊ အစေခံ၍လူများအတွက် ရွေးနုတ်ရာအဖြစ်နှင့် အသက်ကိုစွန့်ဖို့ရန်ကြွလာ’ သောယေရှုချမှတ်ခဲ့သည့်ပုံစံကို လိုက်လျှောက်သင့်၏။ (မဿဲ ၂၀:၂၈၊ ကဘ) မှန်ပါသည်၊ ယေရှု၏နောက်တော်လိုက်များသည် အချင်းချင်းအတွက် အနှိမ့်ချဆုံးအမှုများကို လုပ်ဆောင်ရန် လိုလိုလားလားရှိသင့်သည်။
အကြောင်းကောင်းဖြင့် ပေတရုက ဤသို့ရေးသားခဲ့သည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင် [“စည်းထား၊” ကဘ] ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅) ‘စည်းထား’ ဟူသောဂရိစကားလုံးသည် ဝတ်လုံရှည်အပေါ်ဝတ်ပြီး စည်းထားရသည့် “ကျေးကျွန်တစ်ဦး၏ရှေ့ဖုံးခါးစည်း” ဟုအဓိပ္ပာယ်ရသောစကားလုံးမှ ဆင်းသက်သည်။ ပဝါကိုခါး၌စည်းကာ မိမိတမန်တော်များ၏ခြေကို ဆေးပေးခဲ့သည့် ယေရှု၏လုပ်ရပ်ကို ပေတရုရည်ညွှန်းနေခြင်း ဖြစ်နိုင်ပါသလော။ အတိအကျမပြောနိုင်ချေ။ မည်သို့ပင်ဖြစ်ပါစေ၊ ယေရှု၏နှိမ့်ချမှု ရှိသောလုပ်ရပ်သည် ပေတရု၏နှလုံးထဲတွင် ဖျောက်ဖျက်၍မရနိုင်သည့်တိုင် စွဲထင်ခဲ့သကဲ့သို့ ခရစ်တော်၏တပည့်နောက်လိုက်များ ဖြစ်လာကြမည့်သူအားလုံး၏ နှလုံးထဲတွင်လည်း စွဲထင်နေသင့်၏။—ကောလောသဲ ၃:၁၂-၁၄။