ကိုယ်ဝန်ဖျက်ချ (ပျက်ကျ) ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– ကိုယ်ဝန်ဖျက်ချခြင်းဟူသည် ပုံမှန်အားဖြင့် သားအိမ်ပြင်ပတွင်မနေနိုင်သော သန္ဓေသားလောင်း သို့မဟုတ် သန္ဓေသားကို အတင်းအဓမ္မထုတ်ပစ်ခြင်းဖြစ်သည်။ လူ့မစုံလင်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ အလိုအလျောက်သန္ဓေသားပျက်ကျခြင်း သို့မဟုတ် သားလျှောခြင်းဖြစ်တတ်သည်။ ကလေးမရလို၍ သန္ဓေသားပျက်ကျစေရန်တမင်ပြုလုပ်ခြင်းသည် စိတ်လိုကိုယ်လျောက်လူ့အသက်သတ်ခြင်းဖြစ်သည်။
လူ့အသက်ဆင်းသက်လာပုံကိုထောက်၍ ဤကိစ္စကိုကျွန်ုပ်တို့မည်သို့ ရှုမှတ်သင့်သနည်း
တ. ၁၇:၂၈– “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။”
ဆာ. ၃၆:၉၊ သက– “ကိုယ်တော်ရှင် [ယေဟောဝါဘုရားသခင်] ထံမှ သတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။”
ရော. ၁၄:၁၂– “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်။”
သန္ဓေတည်စကာလမှာပင် ကလေးငယ်တစ်ဦး၏အသက်ကို ယေဟောဝါသည် အမြတ်တနိုးတန်ဖိုးထားတော်မူသလော
ဆာ. ၁၃၉:၁၃-၁၆၊ ကဘ– “ကိုယ်တော် [ယေဟောဝါ] သည် ကျွန်တေကိုအမိဝမ်းထဲ၌ဖုံးအုပ်ကာကွယ်ထားတော်မူ၏။ . . . မျက်စိတော်သည် ကျွန်တော်၏သန္ဓေသားလောင်းကိုပင်မြင်တော်မူ၍ ၎င်း၏အစိတ်အပိုင်းအားလုံးကိုလည်း ကိုယ်တော်၏စာရင်းစာအုပ်ထဲ၌ မှတ်သားထားပေသည်။”
မမွေးသေးသည့်ကလေးကိုထိခိုက်ဒဏ်ရာရစေသူသည် အရေးယူခံရမည်ဟူ၍ ဘုရားသခင်ဖော်ပြဖူးသလော
ထွ. ၂၁:၂၂၊ ၂၃၊ ကဘ– “လူချင်းရိုက်ပုတ်လုံးထွေးစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုတကယ်ပင်ထိခိုက်မိသဖြင့် သူမ၏ကလေးများထွက်ကျလာသော်လည်း သေစေလောက်သည့်မတော်တဆမှုမဖြစ်လျှင် မိန်းမ၏ပိုင်ရှင်တောင်းသည့်အတိုင်း၊ တရားသူကြီးများမှတစ်ဆင့် မပျက်မကွက်လျော်ရမည်။ သို့သော်၊ သေစေလောက်သည့်မတော်တဆမှုဖြစ်ခဲ့လျှင် အသက်အတွက်အသက်ကိုပေးဆပ်ရမည်။” (အချို့ဘာသာပြန်များက ဣသရေလလူတို့အား ပေးတော်မူသောဤပညတ်တွင် အဓိကကိစ္စမှာ သန္ဓေသား၏ထိခိုက်သေကျေမှုမဟုတ်ဘဲ၊ မိခင်၏ ထိခိုက်သေကျေမှုဖြစ်သည်ဟူသောသဘော သက်ရောက်စေသည်။ သို့သော် မူရင်းဟေဗြဲကျမ်းက မိခင်ဖြစ်စေ၊ ကလေးဖြစ်စေ ကြုံတွေ့ရသောသေလောက်သည့်မတော်တဆမှုကိုရည်ညွှန်း၏။)
ဘုရားသခင့်အခွင့်အာဏာဖြင့်မဟုတ်ဘဲ စိတ်လိုကိုယ်လျောက်လူ့အသက်သတ်ခြင်းသည် မည်မျှအပြစ်ကြီးသနည်း
က. ၉:၆– “အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။”
၁ ယော. ၃:၁၅– “လူအသက်ကိုသတ်သောသူတစ်စုံတစ်ယောက်၌မျှ ထာဝရအသက်မတည်။”
ထွ. ၂၀:၁၃– “လူအသက်ကိုမသတ်နှင့်။”
သန္ဓေသားကိုလစေ့သည့်အထိလွယ်ထားလျှင် မိခင်၏ကျန်းမာရေးကိုဘေးဖြစ်စေနိုင်သည်ဟူသောဆရာဝန်၏ထင်ကြကြင့် သန္ဓေသားဖျက်ချပါက တရားမည်လော
ဆေးပညာအယူအဆများသည် တစ်ခါတစ်ရံမှားယွင်းတတ်သည်။ လူတစ်ယောက် အခြားတစ်ယောက်ကို ဘေးပြုနိုင်သည်အထင်နှင့် ထိုသူ့ကိုသတ်ပစ်ခြင်းသည် တော်မှန်ပါမည်လော။ ကလေးမွေးဖွားစဉ် ကလေး၏အသက်၊ သို့မဟုတ် မိခင်၏အသက် တစ်ခုခုကိုရွေးရတော့မည်ဆိုလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများစွာတွင် ဆေးပညာတိုးတက်လာသည်နှင့်အမျှ ယင်းအခြေအနေမျိုးမကြုံသလောက်ဖြစ်နေပြီ။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ဒါပေမဲ့ ကျွန်မရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်မကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်’
ဤသို့ ပြန်ပြောနိုင်သည်– ‘မိတ်ဆွေရဲ့ခံစားချက်ကို ကျွန်တော်သဘောပေါက်ပါတယ်။ ခုခေတ် ကျွန်တော်တို့ရဲ့အခွင့်အရေးတွေဟာ သူများရဲ့ကျူးကျော်မှုကိုခံရပေါင်းများပါပြီ။ လူအတော်များများဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သဘော ပိုက်ထားကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်တော်တို့အတွက် အကာအကွယ်ဖြစ်စေနိုင်တဲ့လမ်းညွှန် ပေးထားတယ်။ ဒါပေမဲ့ အကျိုးခံစားချင်ရင် တာဝန်ကိုလည်း လက်ခံရပါလိမ့်မယ်။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယောက်ျားတော်တော်များများဟာ အမျိုးသမီးတွေကို ကလေးရအောင်ဖန်တီးပြီးနောက် ပစ်သွားကြတယ်။ ဒါပေမဲ့ လင်ကောမယားပါ သမ္မာကျမ်းစာစံချိန်နဲ့အညီနေထိုင်တဲ့အိမ်ထောင်မှာတော့ ယောက်ျားဟာ သားမယားကိုတကယ်ချစ်တယ်၊ အေးအတူပူအမျှပေါင်းဖော်နေထိုင်တယ်၊ သူတို့ကိုရှာဖွေကျွေးမွေးမှာဖြစ်တယ်။ (၁ တိ. ၅:၈; ဧ. ၅:၂၈-၃၁)’ (၂) ‘ကျွန်တော်တို့ကိုယ်တိုင် အဲဒီလိုမေတ္တာနဲ့လေးစားမှုမျိုးရယူချင်ရင် ကျွန်တော်တို့လည်း မိသားစုအပေါ် သမ္မာကျမ်းစာစံချိန်နဲ့ကိုက်ညီတဲ့သဘောထား မွေးမြူဖို့လိုပါတယ်။ ကိုယ်မွေးတဲ့ကလေးတွေကို ဘယ်လိုသဘောထားသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ သမ္မာကျမ်းစာဘယ်လိုဆိုသလဲ။ (ဆာ. ၁၂၇:၃; ဟေရှာယ ၄၉:၁၅ နှင့်ယှဉ်၍ခြားနားချက်ကိုရှု။)