-
ယုံကြည်စိတ်ချထိုက်သောတင်ကူးဟောကြားချက်များရှာပုံတော်ကင်းမျှော်စင်—၁၉၉၉ | ဇူလိုင် ၁၅
-
-
စိတ်ချထိုက်သည့် တင်ကူးဟောကြားချက်များ ရရှိလိုကြသည်။ အသိဉာဏ်ရှိသူများအနေနှင့် လူသည် အတိတ်ကိုလေ့လာကြ၏၊ ပစ္စုပ္ပန်ကိုသတိပြုကြ၏၊ အထူးသဖြင့် အနာဂတ်ကိုစိတ်ဝင်စားကြ၏။ သင့်လျော်စွာဖြင့် တရုတ်စကားပုံတစ်ခုက ဤသို့ဆိုသည်– “အမှုများကို သုံးရက်ကြိုသိမြင်နိုင်သူသည် နှစ်ထောင်ပေါင်းများစွာ ချမ်းသာကြွယ်ဝလိမ့်မည်။”
နှစ်များတစ်လျှောက် သန်းပေါင်းများစွာသောသူတို့သည် မြင့်မြတ်ရာအဖြစ် သူတို့ယူမှတ်ရာနှင့် ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် အနာဂတ်ကိုစူးစမ်းဖို့ ကြိုးပမ်းခဲ့ကြပြီ။ သာဓကတစ်ခုအနေနှင့် ရှေးခေတ်ဂရိလူမျိုးများကိုကြည့်ပါ။ သူတို့တွင် ဒဲလ်ဖီ၊ ဒဲလော့စ်နှင့် ဒဒိုးနာအစရှိသော နတ်ကွန်းများစွာရှိခဲ့သည်၊ ထိုတွင် နိုင်ငံရေးနှင့် စစ်ရေးကိစ္စများသာမက ခရီးသွားခြင်း၊ အိမ်ထောင်ရေးနှင့် သားရေးသမီးရေးကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို သိရှိဖို့ရန် ၎င်းတို့၏ဘုရားများကိုမေးမြန်းကြသည်။ ရှင်ဘုရင်များနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသာမက လူအမျိုးအနွယ်လိုက်၊ မြို့နယ်လိုက် ဤနတ်ဝင်သည်များမှတစ်ဆင့် နာမ်ဝိညာဉ်ဘုံမှလမ်းညွှန်မှုကို ရှာယူခဲ့ကြပြီ။
ပါမောက္ခတစ်ဦး၏အဆိုအရ ယခုအခါ “အနာဂတ်ကို အဓိကလေ့လာသည့်အဖွဲ့အစည်းများ ရုတ်တရက်တိုးများလာသည်။” သို့တိုင် လူအများသည် တိကျမှန်ကန်သော ပရောဖက်ပြုချက်၏ တစ်ခုတည်းသောရင်းမြစ်ဖြစ်သည့် သမ္မာကျမ်းစာကိုကား လျစ်လျူရှုလိုကြသည်။ ကျမ်းစာပရောဖက်ပြုချက်များတွင် သူတို့ရှာဖွေနေသော သတင်းအချက်အလက်များပါဝင်နိုင်ဖွယ်ရှိကြောင်းကို သူတို့တမင်သက်သက်ငြင်းပယ်ကြသည်။ ပညာရှင်အချို့ဆိုလျှင် ကျမ်းစာပရောဖက်ပြုချက်ကို ရှေးပုရောဟိတ်များ၏ တင်ကူးဟောကြားချက်များနှင့် တန်းတူထားသည့်အထိပင်ဖြစ်သည်။ ထို့ပြင် မျက်မှောက်ခေတ်တွင် သံသယဝင်သူများသည် ကျမ်းစာပရောဖက်ပြုချက်ကို များသောအားဖြင့် ဆန့်ကျင်ဘက်ပြုလိုစိတ်ရှိကြသည်။
သင်ကိုယ်တိုင် ကျမ်းစာမှတ်တမ်းကိုဆန်းစစ်ကြည့်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ကျမ်းစာပါတင်ကူးဟောကြားချက်နှင့် လူ့ဟောကိန်းများကို အသေအချာနှိုင်းယှဉ်ကြည့်သောအခါ အဘယ်အရာပေါ်လွင်သနည်း။ ကျမ်းစာပရောဖက်ပြုချက်ကို ရှေးခေတ်မှဟောကိန်းများထက် ယုံကြည်စိတ်ချနိုင်သလော။ ထို့ပြင် သင့်ဘဝကို ကျမ်းစာပရောဖက်ပြုချက်များပေါ် ယုံကြည်စိတ်ချစွာ တည်ဆောက်နိုင်သလော။
-
-
ကျမ်းစာပရောဖက်ပြုချက်ကိုသင်အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်ကင်းမျှော်စင်—၁၉၉၉ | ဇူလိုင် ၁၅
-
-
ကျမ်းစာပရောဖက်ပြုချက်ကိုသင်အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်
ဂရိနိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ အက်ပီရပ်စ်ဘုရင် ပိုင်းရပ်စ်သည် ရောမအင်ပါယာနှင့် နှစ်ရှည်လများ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ ယင်း၏ရလဒ်ကို အလွန်သိလိုရာ ဒဲလ်ဖီနတ်ကွန်းသို့သွားစုံစမ်းခဲ့သည်။ သို့သော် အောက်ပါအဓိပ္ပာယ်နှစ်မျိုးဖြင့် နားလည်နိုင်သောအဖြေကို သူရရှိခဲ့၏– (၁) “ငါဆိုသည်ကား အသင် အေးကပ်စ်၏သားတော်သည် ရောမတို့ကိုနိုင်မည်။ အသင်သွားမည်၊ အသင်ပြန်လာမည်၊ ဘယ်သောအခါမျှစစ်ပွဲ၌မကျရှုံးရ။” (၂) “ငါဆိုသည်ကား ရောမတို့သည် အသင်အေးကပ်စ်၏သားတော်အား အောင်နိုင်လိမ့်မည်။ အသင်သွားမည်၊ ဘယ်သောအခါမျှ အသင်ပြန်မလာရ၊ စစ်ပွဲ၌ကျရှုံးရလိမ့်မည်။” ဟောကိန်းကို ပထမအဓိပ္ပာယ်အတိုင်းနားလည်မိသောကြောင့် ရောမနှင့်စစ်ခင်းကျင်းခဲ့သည်။ ပိုင်းရပ်စ် လုံးလုံးကျရှုံးခဲ့၏။
ဤသို့သောအကြောင်းများက ရှေးခေတ်မှဟောကိန်းများကို မပြတ်သားမတိကျဘဲ အဓိပ္ပာယ်အမျိုးမျိုးကောက်၍ရသည့် ဟောကိန်းများအဖြစ် လူသိများစေသည်။ သို့သော် ကျမ်းစာပရောဖက်ပြုချက်နှင့်ပတ်သက်၍ကော။ အချို့သောဝေဖန်သူများက ကျမ်းစာ၌တွေ့ရသော ပရောဖက်ပြုချက်များသည် ဟောကိန်းများနှင့်မထူးဟု ယူဆထားကြသည်။ ဤဝေဖန်သူများက ကျမ်းစာဆိုင်ရာတင်ကူးဟောကြားချက်များသည် အလွန်ဉာဏ်ကောင်း၍ အာရုံခံစားမှုထက်မြက်သောသူများ၊ အများအားဖြင့် ယဇ်ပုရောဟိတ်အတန်းအစားမှသူများက အနာဂတ်ဖြစ်ရပ်များကို ဉာဏ်ဆင်၍ဟောခြင်းမျှသာဖြစ်သည်ဟု တွေးဆကြသည်။ သူတို့၏အတွေ့အကြုံ သို့မဟုတ် သူတို့၏အထူးပတ်သက်မှုတို့ကြောင့် ဤသူတို့သည် အခြေအနေအချို့ အလိုလိုဖြစ်ပေါ်လာသည်ကို ကြိုမြင်ကြသည်ဟု ထင်မြင်ကြ၏။ ကျမ်းစာပရောဖက်ပြုချက်များ၏ ထူးခြားချက်အမျိုးမျိုးကို ဟောကိန်းများနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် မှန်ကန်စွာကောက်ချက်ချနိုင်ကြပေမည်။
ကွဲပြားခြားနားချက်များ
ဟောကိန်းများ၏အမှတ်အသားမှာ ယင်းတို့၏မသဲကွဲမှုဖြစ်သည်။ ဥပမာ၊ ဒဲလ်ဖီ၌ရရှိသောအဖြေများမှာ မပီသပေ။ ယင်းကြောင့် ဘုန်းတော်ကြီးများက အနက်ဖွင့်ပေးဖို့လိုအပ်ပြီး ဆန့်ကျင်ဘက်ဖွင့်ဆိုသည့် အပိုဒ်များကိုဖြစ်ပေါ်စေသည်။ ယင်းနှင့်ပတ်သက်၍ တင်ပြရမည့်ဥပမာတစ်ခုမှာ လစ်ဒီယာဘုရင် ခရိုအေးစော့စ်ရခဲ့သည့်အဖြေဖြစ်သည်။ နတ်ကွန်း၌သွားရောက်မေးမြန်းသည့်အခါ “ခရိုအေးစော့စ်သည် ဟေးလ်စ်မြစ်ကိုဖြတ်မည်ဆိုလျှင် တန်ခိုးကြီးသောအင်ပါယာတစ်ခုကို ဖျက်ဆီးလိမ့်မည်” ဟုအဖြေရသည်။ အမှန်မှာ ဖျက်ဆီးခံခဲ့ရသော “တန်ခိုးကြီးသောအင်ပါယာ” သည် သူ၏အင်ပါယာပင်ဖြစ်သည်! ကပ္ပဒေါကိပြည်ကိုဝင်ရောက်တိုက်ခိုက်ရန် ဟေးလ်စ်မြစ်ကို ခရိုအေးစော့စ်ကူးဖြတ်သွားရာ ပါရှားဘုရင်ကုရု၏လက်ထဲကျခဲ့၏။
. . . ဟောကိန်းများနှင့် လားလားကြီးခြားနားသည့် ကျမ်းစာပရောဖက်ပြုချက်များမှာမူ တိကျမှန်ကန်ပြီးရှင်းလင်းသည်။ ဥပမာတစ်ခုမှာ ဟေရှာယကျမ်း၌မှတ်တမ်းတင်ထားသော ဗာဗုလုန်ကျဆုံးခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်ဖြစ်သည်။ ဤသို့မဖြစ်မီ နှစ်ပေါင်း ၂၀၀ ခန့်တွင် ပရောဖက်ဟေရှာယက မီဒိုပါရှားအားဖြင့် ဗာဗုလုန်ကျဆုံးခြင်းကို အသေးစိတ်၊ တိကျစွာဖြင့်ကြိုဟောခဲ့သည်။ ပရောဖက်ပြုချက်က ကုရုအမည်ရှိသူက အောင်နိုင်မည်ဖြစ်ကြောင်းဖော်ပြကာ အကာအကွယ်အဖြစ်ရှိသည့် ကျုံးနှင့်တူသောမြစ်ကို ခန်းခြောက်စေကာ ပွင့်နေသောဂိတ်ဝများမှတစ်ဆင့် ခိုင်ခံ့သည့်မြို့တော်တွင်းသို့ဝင်ရောက်သည့် စစ်ဗျူဟာကိုပင်ဖော်ပြခဲ့၏။ ၎င်းတို့အားလုံး အတိအကျပြည့်စုံခဲ့သည်။ (ဟေရှာယ ၄၄:၂၇–၄၅:၂) နောက်ဆုံးတွင် ဗာဗုလုန်သည် လူသူကင်းဝေးရာအရပ်လုံးဝဖြစ်မည်အကြောင်းကိုလည်း မှန်ကန်စွာပရောဖက်ပြုထားသည်။—ဟေရှာယ ၁၃:၁၇-၂၂။
“အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်” ဟူသော ပရောဖက်ယောန၏ တိကျသောသတိပေးချက်ကိုလည်း သုံးသပ်ကြည့်ပါလေ။ (ယောန ၃:၄) ဤတွင် မတိကျမသဲကွဲမှုမရှိပါ! အလွန်သိသာထင်ရှား၍ နားလည်ရလွယ်သောသတင်းဖြစ်သောကြောင့် နိနေဝေမြို့သားတို့သည် ချက်ချင်း “ဘုရားသခင်၏အမိန့်တော်ကိုယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကိုကြော်ငြာ၍ လျှော်တေအဝတ်ကိုဝတ်ကြ၏။” ရလဒ်အနေနှင့် သူတို့နောင်တရကြသည့်အတွက် ယေဟောဝါသည် ထိုအချိန်တွင် နိနေဝေမြို့သားများအပေါ် ဒဏ်မစီရင်ခဲ့ချေ။—ယောန ၃:၅-၁၀။
ဟောကိန်းများကို နိုင်ငံရေးဩဇာလွှမ်းသည့်နည်းတစ်နည်းအဖြစ် အသုံးပြုခဲ့ကြ၏။ . . . ခေါင်းဆောင်တို့သည် “ဘာသာရေးအကြောင်းပြ” ပြီး သူတို့၏ကိုယ်ကျိုးနှင့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် သူတို့နှစ်သက်သောအနက်ပြန်ဆိုမှုများကို ကိုးကားလေ့ရှိကြသည်။ သို့ရာတွင် ဘုရားသခင့်ပရောဖက်ပြုသတင်းများမူ ပုဂ္ဂိုလ်ရေးထောက်ထားမှုမရှိပါ။
ဥပမာ၊ ယေဟောဝါ၏ပရောဖက်နာသန်သည် အပြစ်ပြုသည့်ဘုရင်ဒါဝိဒ်ကို ဆုံးမပြစ်တင်ရန် နောက်မတွန့်ခဲ့ပေ။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၂) ဣသရေလဆယ်နွယ်နိုင်ငံကို ဒုတိယယေရောဗောင် အုပ်စိုးစဉ်အတွင်း ပုန်ကန်သည့်ဘုရင်နှင့် သူ့ကိုထောက်ခံသူတို့၏အယူဖောက်ပြန်ခြင်းနှင့် ဘုရားသခင်အားမရိုမသေပြုမူနေကြသောကြောင့် ပရောဖက်ဟောရှေနှင့် အာမုတ်တို့က အပြင်းအထန်ပြစ်တင်ပြောဆိုခဲ့ကြ၏။ (ဟောရှေ ၅:၁-၇; အာမုတ် ၂:၆-၈) ခံရအခက်ဆုံးမှာ ရှင်ဘုရင်ကို ပရောဖက်အာမုတ်၏နှုတ်မှတစ်ဆင့် ယေဟောဝါပေးသော ဤသတိပေးချက်ဖြစ်သည်– “ယေရောဗောင်အမျိုးကိုလည်း ဓားနှင့်ငါတိုက်မည်။” (အာမုတ် ၇:၉) ယေရောဗောင်၏အိမ်သည် လုံးဝချေမှုန်းခံခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၅:၂၅-၃၀; ၂ ရာဇဝင်ချုပ် ၁၃:၂၀။
အများအားဖြင့် ဟောကိန်းများအတွက် အဖိုးအခပေးရသည်။ ငွေပို၍ပေးနိုင်သူသည် သူအလိုရှိသည့်ဟောကိန်းကိုရရှိပေမည်။ ဒဲလ်ဖီနတ်ကွန်း၌ သွားရောက်မေးမြန်းသူတို့သည် တန်ဖိုးမဲ့သည့်သတင်းကို အဖိုးကြီးကြီးပေးကြရကာ ဤနည်းဖြင့် အပိုလိုဗိမာန်နှင့် အခြားအဆောက်အအုံများမှာ ရတနာများပြည့်လျှံလေ၏။ ယင်းနှင့်ခြားနားလျက် ကျမ်းစာပရောဖက်ပြုချက်များနှင့် သတိပေးချက်များကို အဖိုးအခမယူဘဲ မည်သူ့ထံပင်ဖြစ်စေ မျက်နှာလိုက်ခြင်းမရှိဘဲ ပြောကြားခဲ့သည်။ စစ်မှန်သောပရောဖက်တစ်ပါးဟူသည် လာဘ်ထိုး၍မရနိုင်သဖြင့် သူတို့သွားပြောကြားရမည့်သူသည် မည်သည့်အဆင့်ရှိသူ၊ မည်မျှချမ်းသာသူဖြစ်စေ အလားတူဖြစ်သည်။ ပရောဖက်နှင့် တရားသူကြီးပါဖြစ်သူ ရှမွေလက စိတ်ရင်းမှန်ဖြင့်ဤသို့မေးနိုင်ခဲ့၏– “ကိုယ်မျက်စိကိုကွယ်စေခြင်းငှာ အဘယ်သူလက်မှ တံစိုးကိုခံဖူးပြီနည်း။”—၁ ဓမ္မရာဇဝင် ၁၂:၃။
ဟောကိန်းများကို တစ်စုံတစ်ခုသောနေရာများ၌သာ ရနိုင်သောကြောင့် ထိုနေရာသို့ကြိုးစားပမ်းစားသွားကြရသည်။ နတ်ကွန်းအများစုမှာ အက်ပီးရပ်စ်ရှိ တိုးမရပ်စ်တောင်ပေါ်မှ ဒဒိုးနာနှင့် တောင်ထူထပ်သည့်ဂရိအလယ်ပိုင်းမှ ဒဲလ်ဖီစသည့်ဒေသများ၌တည်ရှိသောကြောင့် သာမန်လူတို့ရောက်ဖို့ အလွန်ခက်ခဲသည်။ အများအားဖြင့် ချမ်းသာကြွယ်ဝ၍ အာဏာရှိသူများသာလျှင် ထိုနတ်ကွန်းများရှိဘုရားများနှင့် တိုင်ပင်ဆွေးနွေးနိုင်ကြ၏။ ထို့အပြင် “ဘုရားများ၏အလိုတော်” ကိုနှစ်တစ်နှစ်အတွင်း ရက်အနည်းငယ်၌မျှသာဖော်ပြလေ့ရှိသည်။ အခြားကြီးခြားနားလျက် ယေဟောဝါဘုရားသခင်သည် မိမိ၏ပရောဖက်ပြုချက်များကို ကြားစေလိုသူတို့ထံ မိမိ၏တမန်များကို တိုက်ရိုက်စေလွှတ်၍ ပရောဖက်ပြုကြေညာစေခဲ့သည်။ ဥပမာ၊ ဗာဗုလုန်နိုင်ငံသို့ ဂျူးများပြည်နှင်ခံခဲ့ရစဉ် ဘုရားသခင်၏လူမျိုးအလယ်၌ ပရောဖက်အနည်းဆုံးသုံးပါး—ယေရုရှလင်မြို့၌ ယေရမိ၊ ပြည်နှင်ခံရသူများနှင့်အတူ ယေဇကျေလနှင့် ဗာဗုလုန်အင်ပါယာ၏မြို့တော်တွင် ဒံယေလ—ကို အမှုထမ်းစေခဲ့သည်။—ယေရမိ ၁:၁-၃; ယေဇကျေလ ၁:၁၊ ၂; ဒံယေလ ၂:၄၈။
ဟောကိန်းများလက်ခံရရှိသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အနက်ပြန်ဆိုနိုင်စေရန် ထိုဟောကိန်းများကို အများအားဖြင့် လျှို့ဝှက်စွာပေးလေ့ရှိသည်။ ယင်းနှင့်ခြားနားလျက် ကျမ်းစာပရောဖက်ပြုချက်များကိုမူ လူတိုင်းကြားသိပြီး ယင်းတို့၏ဆိုလိုချက်များကို နားလည်ရန်အတွက် လူထုရှေ့ပေးလေ့ရှိ၏။ ပရောဖက်ယေရမိ၏သတင်းကို မြို့မိမြို့ဖများနှင့် မြို့သားများ မနှစ်သက်ကြကြောင်းသိလျက်နှင့် သူသည် ယေရုရှလင်မြို့သားများရှေ့ ကြိမ်ဖန်များစွာဟောပြောခဲ့သည်။—ယေရမိ ၇:၁၊ ၂။
ယနေ့၊ ဟောကိန်းများကို ရှေးဟောင်းသမိုင်းအဖြစ် ယူမှတ်ကြသည်။ ၎င်းတို့သည် ဤကျပ်တည်းသောကာလတွင် အသက်ရှင်နေကြသူတို့အတွက် လက်တွေ့မကျပါ။ ကျွန်ုပ်တို့ခေတ် သို့မဟုတ် ကျွန်ုပ်တို့အနာဂတ်နှင့်ပတ်သက်သော ဟောကိန်းများမရှိတော့ပါ။ မှတ်သားလောက်ဖွယ်ခြားနားချက်မှာမူ ကျမ်းစာပရောဖက်ပြုချက်များသည် ‘အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်သည့် ဘုရားသခင်၏နှုတ် [မြွက်စကားတော်]’ တွင်ပါဝင်သည်။ (ဟေဗြဲ ၄:၁၂) ပြည့်စုံပြီးသားကျမ်းစာပရောဖက်ပြုချက်များက လူတို့နှင့်ယေဟောဝါ၏ဆက်ဆံပုံကိုတင်ပြပြီး ကိုယ်တော့်ရည်ရွယ်ချက်များနှင့် ဂုဏ်ရည်တော်တို့၏ အရေးကြီးမှုများကိုဖော်ပြသည်။ ထို့ပြင် မဝေးတော့သည့်အနာဂတ်၌ အရေးကြီးသောကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံရဦးမည်။ တမန်တော်ပေတရုသည် ရှေ့တွင်ရှိသောအရာကို ဤသို့ရေးသားဖော်ပြခဲ့သည်– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ် [ကောင်းကင်ဆိုင်ရာမေရှိယနိုင်ငံ] နှင့်မြေကြီးသစ် [ဖြောင့်မတ်သည့်လူ့အဖွဲ့အစည်း] ကို ငါတို့သည် [ဘုရားသခင်၏] ကတိတော်နှင့်အညီမျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၃။
ကျမ်းစာပရောဖက်ပြုချက်နှင့် ဗာဗုလုန်ဘာသာရေး၏ ဟောကိန်းများကို ဤသို့အကျဉ်းချုပ်နှိုင်းယှဉ်ခြင်းသည် မဟာအတွေးအခေါ်များအမည်ရှိစာအုပ်တွင် ဖော်ပြထားသော ဤကောက်ချက်ကို သင့်အားချစေပါလိမ့်မည်– “သေမျိုးဖြစ်သည့်လူတို့၏ တင်ကူးသိမြင်ခြင်းနှင့်ပတ်သက်၍ပြောရလျှင် ဟေဗြဲပရောဖက်တို့သည် တစ်မူထူးခြားပုံပေါက်သည်။ . . . ရှေ့ဖြစ်ဟောသူ သို့မဟုတ် နိမိတ်ဖတ်သူများနှင့်မတူ . . . မြင့်မြတ်သောနက်နဲရာများကို ထိုးဖောက်သိမြင်ရန် အတတ်ပညာ သို့မဟုတ် ပရိယာယ်များကို သူတို့မသုံးကြရချေ။ . . . သူတို့၏ပရောဖက်ပြုစကားအများမှာ ပုရောဟိတ်များ၏ဟောကိန်းများနှင့်မတူ ရှင်းလင်းပြတ်သား၏။ အနည်းဆုံးတော့ ၎င်း၏ရည်ရွယ်ချက်မှာ ဘုရားသခင့်အစီအစဉ်ကို ကွယ်ဝှက်ထားရန်မဟုတ်ဘဲ လူများအားဘုရားသခင်တင်ကြိုသိမြင်စေလိုသမျှ သိရှိဖို့ဖော်ထုတ်ရန် ဖြစ်ပုံပေါက်သည်။”
ကျမ်းစာပရောဖက်ပြုချက်ကိုသင်ယုံကြည်စိတ်ချမည်လော
ကျမ်းစာပရောဖက်ပြုချက်ကို သင်ယုံကြည်စိတ်ချနိုင်ပါသည်။ အမှန်ဆိုလျှင်၊ ယေဟောဝါနှင့် ကိုယ်တော်၏ပရောဖက်ပြုစကား ပြည့်စုံချက်ပေါ် သင့်ဘဝကိုတည်ဆောက်နိုင်သည်။ ကျမ်းစာပရောဖက်ပြုချက်သည် ပြည့်စုံနှင့်ပြီးသား တင်ကူးဟောကြားချက်များ၏ စိတ်ဝင်စားဖွယ်ကင်းမဲ့သည့်မှတ်တမ်းမဟုတ်ပါ။ ကျမ်းစာ၌ပါသော ပရောဖက်ပြုချက်များစွာမှာ ယခုပြည့်စုံလျက်ရှိသည် သို့မဟုတ် မဝေးတော့သည့်အနာဂတ်၌ အကောင်အထည်ပေါ်ရန်ရှိသည်။ အတိတ်ကိုသုံးသပ်ကြည့်လျှင် ၎င်းတို့သည်လည်းပြည့်စုံလာလိမ့်မည်ကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။ ၎င်းပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့ခေတ်ကိုအာရုံစူးစိုက်စေပြီး လာမည့်အနာဂတ်နှင့်သက်ဆိုင်သောကြောင့် အလေးအနက်ထားသင့်သည်။
ဟေရှာယ ၂:၂၊ ၃ ၌တွေ့ရသော ကျမ်းစာပရောဖက်ပြုချက်ကို သင်အမှန်ယုံကြည်စိတ်ချနိုင်သည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ . . . များပြားသောသူတို့ကလည်း၊ ‘လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ . . . သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေ . . . ရာသို့လိုက်သွားကြမည်’ ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။” ယနေ့၊ သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါ၏မြင့်မြတ်သောဝတ်ပြုရေးကို အမှန်ပင် သက်ဝင်ယုံကြည်ကြပြီး ကိုယ်တော်၏ခြေရာကိုလိုက်လျှောက်ရန် သင်ယူနေကြ၏။ ကိုယ်တော်၏ခြေရာသို့လိုက်ရန် ဘုရားသခင့်နည်းလမ်းတော်များကို ပို၍သင်ယူကာ ကိုယ်တော်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း တိကျမှန်ကန်သည့်အသိပညာကို ဆည်းပူးဖို့အခွင့်အလမ်းကို သင်မိမိရရဆုပ်ကိုင်မည်လော။—ယောဟန် ၁၇:၃။
ကျမ်းစာပရောဖက်ပြုချက်နောက်တစ်ခု၏ ပြည့်စုံချက်က ကျွန်ုပ်တို့ဘက်မှအရေးတကြီးလုပ်ဆောင်ရန်လိုလာသည်။ ရောက်လာတော့မည့်အနာဂတ်နှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့ပရောဖက်ပြု၍သီဆိုခဲ့သည်– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ . . . ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။” (ဆာလံ ၃၇:၉၊ ၁၀) ကျရောက်အံ့ဆဲဆဲဖြစ်သော ကျမ်းစာပရောဖက်ပြုချက်များကို လှောင်ပြောင်သူများအပါအဝင် ဆိုးသွမ်းသူတို့၏ ဖျက်ဆီးခြင်းကိုရှောင်ရန် အဘယ်အရာလိုအပ်သည်ဟု သင်ထင်သနည်း။ ထိုဆာလံ၌ပင် ဤအဖြေတွေ့ရသည်– “ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကိုအမွေခံရကြလိမ့်မည်။” (ဆာလံ ၃၇:၉) ယေဟောဝါ၌မျှော်လင့်ခြင်းဟူသည် ကိုယ်တော်၏ကတိတော်များကို အကြွင်းမဲ့ယုံကြည်စိတ်ချ၍ ကျွန်ုပ်တို့၏အသက်တာကို ကိုယ်တော့်စံနှုန်းများနှင့် ကိုက်ညီစေခြင်းဖြစ်သည်။—သု. ၂:၂၁၊ ၂၂။
ယေဟောဝါ၌မျှော်လင့်သူများ မြေကြီးကိုအမွေခံရသောအခါ ဘဝသည် မည်သို့ရှိမည်နည်း။ ထပ်မံ၍ ကျမ်းစာပရောဖက်ပြုချက်များဖော်ပြသည်ကား နာခံသောလူသားများအတွက် ရွှင်လန်းအားရစရာ အနာဂတ် ရောက်လာတော့မည်ဟူ၍ဖြစ်သည်။ ပရောဖက်ဟေရှာယက ဤသို့ရေးသားခဲ့သည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) နှစ်သိမ့်မှုပေးသောဤစကားများကို တမန်တော်ယောဟန်ရေးသားခဲ့သည်– “ဘုရားသခင် [ယေဟောဝါ] သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ . . . ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”—ဗျာဒိတ် ၂၁:၄၊ ၅။
သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချရသည့် ပရောဖက်ပြုချက်ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ယေဟောဝါသက်သေများသိကြသည်။ ထို့ပြင် တမန်တော်ပေတရု၏ ဤတိုက်တွန်းချက်ကိုလည်း သူတို့အပြည့်အဝသဘောတူကြသည်– “သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည်အမှီပြုသင့်ကြ၏။” (၂ ပေတရု ၁:၁၉) အနာဂတ်နှင့်ပတ်သက်၍ ကျမ်းစာပရောဖက်ပြုချက် ကမ်းလှမ်းသည့် ထူးမြတ်သောအလားအလာများကိုသိရ၍ အသင်အားတက်လာမည်ဟု ကျွန်ုပ်တို့အမှန်မျှော်လင့်ကြပါသည်!
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဒဲလ်ဖီနတ်ကွန်းသည် ရှေးခေတ်ဂရိနိုင်ငံတွင် အကျော်ကြားဆုံးဖြစ်ခဲ့သည်
ပုရောဟိတ်မသည်သုံးချောင်းထောက်ခုံပေါ်ထိုင်ကာ ဟောကိန်းများမြွက်ဆိုခဲ့၏
[ရုပ်ပုံ]
မူးယစ်စေသည့်အခိုးအငွေ့များကပုရောဟိတ်မကိုစျာန်ရစေခဲ့
သူ၏မြွက်ဆိုသံသည်အပိုလိုဘုရားထံမှဗျာဒိတ်တော်များဖြစ်သည်ဟု ယုံကြည်ခဲ့ကြ
[Credit Lines]
သုံးချောင်းထောက်ခုံ– Tripod: From the book Dictionary of Greek and Roman Antiquities; စာအုပ်မှ; အပိုလို– The Complete Encyclopedia of Illustration/J. G. Heck
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဒဲလ်ဖီနတ်ကွန်း၌ပေးခဲ့သောတင်ကူးဟောကြားချက်များသည် လုံးဝစိတ်ချ၍မရ
[Credit Lines]
Delphi, Greece
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကမ္ဘာသစ်နှင့်ပတ်သက်သည့် ကျမ်းစာပရောဖက်ပြုချက်ကို အသင်အပြည့်အဝယုံကြည်စိတ်ချနိုင်
-