သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ
“ကျွန်တော့်ဘဝအသက်တာမှာ အဓိပ္ပာယ်အရှိဆုံး၊ အပျော်ရွှင်ဆုံးနေ့ရက်တွေထဲမှာ မင်္ဂလာဆောင်တဲ့နေ့ဟာလည်း တစ်ရက်အပါအဝင်ဖြစ်တယ်” ဟု အိမ်ထောင်သက်နှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်သော ဂေါ်ဒင်ကဆိုသည်။ စစ်မှန်သောခရစ်ယာန်များအတွက် မင်္ဂလာဆောင်သောနေ့သည် အလွန်အဓိပ္ပာယ်ရှိစေရန် အဘယ်အရာကဖြစ်စေသနည်း။ ယင်းနေ့သည် အလွန်ချစ်မြတ်နိုးရသော—သူတို့၏အဖော်အဖက်နှင့် ယေဟောဝါဘုရားသခင်အား မြင့်မြတ်သောကတိဝန်ခံချက် ပြုသည့်နေ့ရက်ဖြစ်သည်။ (မဿဲ ၂၂:၃၇; ဧဖက် ၅:၂၂-၂၉) မှန်ပါသည်၊ အိမ်ထောင်ပြုရန်စီစဉ်နေကြသော စုံတွဲတို့သည် မိမိတို့၏မင်္ဂလာပွဲနေ့ကို ပျော်စရာကောင်းသောနေ့ ဖြစ်စေလိုကြသည်သာမက အိမ်ထောင်မင်္ဂလာကို အစပြုသောအရှင်အားလည်း ဂုဏ်တင်လိုကြသည်။—ကမ္ဘာဦး ၂:၁၈-၂၄; မဿဲ ၁၉:၅၊ ၆။
သတို့သားသည် ဤပျော်ရွှင်ဖွယ်အခါသမယ၏ဂုဏ်သိက္ခာကို မည်သို့မြှင့်တင်နိုင်သနည်း။ သတို့သမီးသည် သူ၏ခင်ပွန်းနှင့် ယေဟောဝါအား ဂုဏ်တင်ကြောင်းပြရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ အခြားတက်ရောက်သူများလည်း မင်္ဂလာပွဲနေ့၏ရွှင်လန်းမှုကို မည်သို့ထပ်တိုးစေနိုင်ကြသနည်း။ ကျမ်းစာမူအချို့ကို သုံးသပ်ခြင်းက ဤမေးခွန်းများ၏အဖြေရရန် ထောက်ကူပါလိမ့်မည်၊ ယင်းကျမ်းစာမူများကို ကျင့်သုံးခြင်းက ဤအထူးအခါသမယတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ပြဿနာများကို လျော့နည်းစေပါလိမ့်မည်။
မည်သူတာဝန်ရှိသနည်း
ဒေသများစွာတွင် မင်္ဂလာအခမ်းအနား၌ ယေဟောဝါသက်သေများ၏ ဓမ္မအမှုဆောင်တစ်ဦးသည် တရားဝင်ကြီးမှူးဆောင်ရွက်သူဖြစ်နိုင်သည်။ အစိုးရကိုယ်စားလှယ်တစ်ဦးရှေ့ တရားဝင်လက်ထပ်ရသည့်ဒေသများ၌ပင်လျှင် မောင်နှံစုံသည် ကျမ်းစာအခြေပြုဟောပြောချက် ပေးစေလိုပေမည်။ ထိုသို့သောဟောပြောချက်တွင် သတို့သားသည် အိမ်ထောင်ဦးစီးအဖြစ် ဘုရားသခင်ပေးအပ်ထားသည့်ကဏ္ဍကို ထင်ရှားပြရန် တောင်းဆိုခံရလေ့ရှိသည်။ (၁ ကောရိန္သု ၁၁:၃) ထို့ကြောင့် သတို့သားသည် လက်ထပ်ပွဲတွင် ဖြစ်ပျက်ရာများအတွက် အဓိကတာဝန်ရှိသူဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲအခမ်းအနားအစီအစဉ်များနှင့် ဆက်လက်ပြုလုပ်နိုင်သည့် မည်သည့်ဧည့်ခံပွဲအတွက်မဆို ကောင်းစွာကြိုတင်စီစဉ်ထားလေ့ရှိသည်။ ယင်းသည် အဘယ်ကြောင့်ခက်ခဲနိုင်သနည်း။
အကြောင်းရင်းတစ်ခုမှာ တစ်ဖက်ဖက်မှဆွေမျိုးများသည် မင်္ဂလာပွဲအစီအစဉ်များနှင့်ပတ်သက်၍ ကြီးစိုးလွှမ်းမိုးရန် ကြိုးစားလာနိုင်သောကြောင့်ဖြစ်သည်။ မင်္ဂလာပွဲများစွာကို ပြုလုပ်ပေးခဲ့သူ ရိုဒေါလ်ဖိုက ဤသို့မှတ်ချက်ချသည်– “တစ်ခါတလေ သတို့သားဟာ ဆွေမျိုးတွေဆီကနေ ဖိအားပေးမှုကြီးကိုခံရတယ်၊ အထူးသဖြင့် မင်္ဂလာဧည့်ခံပွဲအတွက် အကုန်အကျကို သူတို့အကူအညီပေးလာရင်ပေါ့။ မင်္ဂလာအခမ်းအနားနဲ့ဧည့်ခံပွဲအတွင်း ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ခိုင်မာတဲ့သဘောထားတွေ သူတို့မှာရှိနိုင်တယ်။ အဲ့ဒါက အခါသမယရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ သတို့သားရဲ့ကျမ်းပေးတာဝန်ကို ထိခိုက်စေနိုင်တယ်။”
နှစ်ပေါင်း ၃၅ နှစ်ထက်မက မင်္ဂလာအခမ်းအနားများကို ဆောင်ရွက်ပေးခဲ့သူ မက်ခ်က ဤသို့မှတ်ချက်ချသည်– “မင်္ဂလာပွဲနဲ့ဧည့်ခံပွဲမှာ ဘာလုပ်မလဲဆိုတာကို သတို့သမီးက ဦးဆောင်ဆုံးဖြတ်သွားတာ ကျွန်တော်သတိပြုမိတယ်။ သတို့သားအနေနဲ့ ပြောဖို့အခွင့်အရေးသိပ်မရှိဘူး။” မင်္ဂလာပွဲများစွာကို ကြီးမှူးခဲ့သူ ဒေးဗစ်ကလည်း ဤသို့မှတ်ချက်ချသည်– “သတို့သားတွေဟာ မင်္ဂလာပွဲပြင်ဆင်တဲ့အခါ ဦးဆောင်ခွင့်ရော၊ ပါဝင်ပတ်သက်ခွင့်ပါ မရရှိကြဘူး။” သတို့သားသည် မိမိတာဝန်ကို ထိထိရောက်ရောက် မည်သို့ထမ်းဆောင်နိုင်သနည်း။
တိုင်ပင်ဆွေးနွေးခြင်းက ရွှင်လန်းမှုကိုတိုးပွားစေ
မင်္ဂလာပွဲအတွက်ပြင်ဆင်ရာတွင် မိမိတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန် သတို့သားသည် ထိရောက်သောတိုင်ပင်ဆွေးနွေးမှုရှိရမည်။ သမ္မာကျမ်းစာက ဤသို့အတိအလင်းမိန့်ဆိုထားသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။” (သု. ၁၅:၂၂) သို့သော် သတို့သားသည် မင်္ဂလာပွဲအတွက်ပြင်ဆင်သည့်အခါ သတို့သမီး၊ မိသားစုဝင်များ၊ ကျမ်းစာအခြေပြုအကြံဉာဏ်ကောင်းပေးနိုင်သူများနှင့် ဦးစွာဆွေးနွေးထားမည်ဆိုလျှင် စိတ်ပျက်စရာများစွာကို ရှောင်နိုင်ပေမည်။
မှန်ပါသည်၊ စေ့စပ်ထားသူနှစ်ဦးသည် အစီအစဉ်များနှင့်ဖြစ်လာနိုင်ဖွယ်အရာများကို ဦးစွာဆွေးနွေးထားရန် အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ ဥပမာ၊ ယဉ်ကျေးမှုနောက်ခံမတူသော်လည်း အိမ်ထောင်သက်နှစ်ပေါင်းများစွာရှိပြီး ပျော်ရွှင်နေကြသော အီဗန်နှင့် သူ့ဇနီးဒဲလ်ဝင်းတို့၏မှတ်ချက်အချို့ကို သုံးသပ်ကြည့်ပါ။ သူတို့၏မင်္ဂလာပွဲအစီအစဉ်များကို ပြန်သတိရကာ အီဗန်ကဤသို့ပြောသည်– “ကျွန်တော့်မင်္ဂလာဆောင်ပွဲမှာ ကျွန်တော်ပြုလုပ်ချင်တဲ့ သတ်သတ်မှတ်မှတ်စိတ်ကူးလေးတွေရှိတယ်။ ဧည့်ခံပွဲမှာ သူငယ်ချင်းတွေအားလုံး စုံစုံလင်လင်ရှိရမယ်၊ မင်္ဂလာကိတ်တစ်ခုလည်းရှိရမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့သတို့သမီးဆိုရင် မင်္ဂလာဝတ်စုံအဖြူလေးနဲ့ပေါ့။ ဒါပေမဲ့ ဒဲလ်ဝင်းကျတော့ မင်္ဂလာကိတ်မပါဘဲ ရိုးရှင်းပြီးအကျဉ်းရုံးတဲ့ မင်္ဂလာပွဲလေးဖြစ်စေချင်တယ်။ သူက မင်္ဂလာဝတ်စုံမဟုတ်ဘဲ ရိုးရိုးအဝတ်အစားကိုဝတ်ဖို့တောင် စိတ်ကူးထားတယ်။”
ထိုမတူညီသောသဘောထားများကို ဤမောင်နှံစုံသည် မည်သို့ညှိယူခဲ့ကြသနည်း။ ကြင်ကြင်နာနာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခြင်းအားဖြင့်ဖြစ်သည်။ (သု. ၁၂:၁၈) အီဗန် ဤသို့ဆက်ပြောသည်– “ဧပြီ ၁၅၊ ၁၉၈၅ ကင်းမျှော်စင်မှာဖော်ပြထားသလို မင်္ဂလာဆောင်ပွဲနဲ့ပတ်သက်တဲ့ ကျမ်းစာအခြေပြုဆောင်းပါးတွေကို ကျွန်တော်တို့လေ့လာခဲ့ကြတယ်။a ဒီဆောင်းပါးက ကျွန်တော်တို့ကို မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဝိညာဉ်ရေးအမြင်ရှိဖို့ ထောက်ကူပေးခဲ့တယ်။ ဘဝနောက်ခံကွဲပြားတဲ့အတွက် ကိုယ့်သဘောထားတွေကို ပြုပြင်ခဲ့ကြပြီး ကိုယ့်အကြိုက်အတော်များများကို အလျော့ပေးလိုက်လျောခဲ့ကြရတယ်။”
အဲရက်နှင့် ပဲန်နီတို့လည်း အလားတူလုပ်ဆောင်ခဲ့ကြသည်။ သူတို့မင်္ဂလာဆောင်သောနေ့နှင့်ပတ်သက်ပြီး အဲရက်က ဤသို့ဆိုသည်– “ပဲန်နီနဲ့ကျွန်တော်တို့ဟာ မင်္ဂလာပွဲအတွက် မတူညီတဲ့သဘောထားတွေကို ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ သဘောတူညီမှုရခဲ့ကြတယ်။ အဲ့ဒီနေ့ကို ယေဟောဝါကောင်းချီးသက်ရောက်ဖို့ ဆုတောင်းခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့မိဘတွေနဲ့ အသင်းတော်မှာရှိတဲ့ တခြားရင့်ကျက်တဲ့မောင်နှံတွေဆီကလည်း အကြံဉာဏ်တောင်းခံခဲ့တယ်။ သူတို့ရဲ့အကြံဉာဏ်တွေဟာ သိပ်ကိုအထောက်အကူပြုခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်တို့ရဲ့လက်ထပ်ပွဲဟာ အောင်မြင်ခဲ့တယ်။”
အသရေရှိရှိဝတ်စားဆင်ယင်ခြင်း
သတို့သမီးနှင့်သတို့သားနှစ်ဦးစလုံးသည် မိမိတို့မင်္ဂလာပွဲတွင် တင့်တင့်တယ်တယ်ဝတ်စားလိုသည်ကို နားလည်နိုင်ပါသည်။ (ဆာလံ ၄၅:၈-၁၅) လျောက်ပတ်သောအဝတ်အစားအတွက် အချိန်၊ ခွန်အားနှင့်ငွေကို သုံးကြပေမည်။ အသရေရှိပြီး နှစ်လို့ဖွယ်ကောင်းသောအဝတ်အစားကို ရွေးချယ်ရန် အဘယ်ကျမ်းမူများက ထောက်ကူပေးနိုင်သနည်း။
မင်္ဂလာဆောင်ပွဲအခါသယမတွင် သတို့သမီးဝတ်ဆင်မည့်အရာကို သုံးသပ်ကြည့်ပါ။ တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြိုက်ပုံစံအမျိုးမျိုးရှိကြသော်လည်း ကျမ်းစာသတိပေးချက်သည် နေရာတိုင်းနှင့်သက်ဆိုင်ပါသည်။ အမျိုးသမီးများသည် “ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်” ဝတ်ဆင်ရန်ဖြစ်သည်။ ယင်းသည် ခရစ်ယာန်အမျိုးသမီးများအတွက် လက်ထပ်သည့်နေ့အပါအဝင် အချိန်အခါတိုင်းနှင့်သက်ဆိုင်သည်။ အမှန်တကယ်တွင် ပျော်စရာမင်္ဂလာပွဲဖြစ်ရန် “အဖိုးထိုက်သောအဝတ်” မလိုအပ်ပါ။ (၁ တိမောသေ ၂:၉; ၁ ပေတရု ၃:၃၊ ၄) ယင်းအကြံပြုချက်ကို ကျင့်သုံးသည့်အခါ မည်မျှကျေနပ်ဖွယ်ပါတကား!
အစောပိုင်းက ဖော်ပြခဲ့သောဒေးဗစ်က ဤသို့မှတ်ချက်ချသည်– “မောင်နှံစုံအများစုဟာ ကျမ်းစာမူတွေလိုက်ဖို့ ကြိုးစားကြတဲ့အတွက် ချီးမွမ်းခံထိုက်ပါတယ်။ ဒါပေမဲ့ သတို့သမီးနဲ့ သတို့သမီးအရန်တို့ရဲ့ဝတ်စုံတွေဟာ အရမ်းတိုပြီး လည်ပင်းတော်တော်ဟိုက်တယ် ဒါမှမဟုတ် ပါးလွန်းလို့ ဣန္ဒြေမဲ့တာတွေရှိခဲ့ပါတယ်။” ရင့်ကျက်သောခရစ်ယာန်အကြီးအကဲတစ်ဦးသည် သတို့သမီး၊ သတို့သားတို့နှင့် အကြိုတွေ့ဆုံမှုပြုလုပ်သည့်အခါ သူတို့အား ဝိညာဉ်ရေးအမြင်ထားရှိရန် ကူညီပေးသည်။ မည်သို့အားဖြင့်နည်း။ စိတ်ကူးထားသောဝတ်စုံသည် ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် ဝတ်ဆင်နိုင်သည့် ဣန္ဒြေရှိသောအဝတ်အစားဖြစ်၏လောဟု မေးမြန်းခြင်းအားဖြင့်ဖြစ်သည်။ မှန်ပါသည်၊ အင်္ကျီပုံစံသည် အပတ်စဉ်အစည်းအဝေးတွင် ဝတ်ဆင်သည့်ပုံစံနှင့်ကွာခြားပေမည်၊ ထိမ်းမြားပွဲအတွက် ဝတ်ဆင်ခြင်းဖြစ်သောကြောင့် ဒေသခံထုံးစံအရဖြစ်ကောင်းဖြစ်မည်၊ သို့သော် ဣန္ဒြေရသည်ဟုဆိုရာ၌ သိက္ခာရှိသော ခရစ်ယာန်စံချိန်အတိုင်းဖြစ်သင့်သည်။ လောကမှအချို့သူများက သမ္မာကျမ်းစာကျင့်ဝတ်စည်းမျဉ်းကို ချုပ်ချယ်သည်ဟု ယူဆလျှင်ပင် စစ်မှန်သောခရစ်ယာန်များမူ လောက၏ကြိုးစားဖိညှစ်ပုံသွင်းခြင်းကို တွန်းလှန်ရာတွင် ကျေနပ်လျက်ရှိကြသည်။—ရောမ ၁၂:၂; ၁ ပေတရု ၄:၄။
“အဝတ်အစားတွေနဲ့ ဧည့်ခံပွဲကို အရေးတကြီးထားမယ့်အစား အဲရက်နဲ့ကျွန်မဟာ အဲ့ဒီအချိန်အခါရဲ့ဝိညာဉ်ရေးအပိုင်းကို အဓိကထားခဲ့ကြတယ်။ ဒါက အဲ့ဒီနေ့မှာ အရေးအကြီးဆုံးကဏ္ဍဖြစ်တယ်။ ကျွန်မအထူးတလည်မှတ်မိတဲ့အရာတွေကတော့ ကျွန်မဝတ်ခဲ့တာ၊ စားခဲ့တာတွေကိုမဟုတ်ဘဲ ပေါင်းသင်းခဲ့တဲ့အပေါင်းအသင်းတွေနဲ့ ကျွန်မမြတ်နိုးရသူနဲ့လက်ထပ်ရလို့ ခံစားရတဲ့ပျော်ရွှင်မှုပါပဲ” ဟု ပဲန်နီကပြောသည်။ ခရစ်ယာန်မောင်နှံတစ်စုံသည် မိမိတို့၏မင်္ဂလာပွဲကိုစီစဉ်သည့်အခါ ယင်းအတွေးမျိုး စိတ်ထဲစွဲမှတ်ထားသင့်သည်။
ဘုရားသခင့်နိုင်ငံတော်ခန်းမ—အသရေရှိသောနေရာ
ရနိုင်မည်ဆိုလျှင် ခရစ်ယာန်မောင်နှံစုံအများသည် မိမိတို့၏မင်္ဂလာပွဲအခမ်းအနားကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပလိုသည့်ဆန္ဒရှိကြသည်။ အဘယ်ကြောင့် ထိုသို့ပြုလိုကြသနည်း။ မောင်နှံတစ်စုံက သူတို့၏အကြောင်းပြချက်ကို ဤသို့ရှင်းပြသည်– “အိမ်ထောင်ပြုခြင်းဟာ ယေဟောဝါရဲ့မြင့်မြတ်တဲ့အစီအစဉ်ဆိုတာ ကျွန်တော်တို့သဘောပေါက်ခဲ့တယ်။ ကျွန်တော်တို့ ဝတ်ပြုကိုးကွယ်တဲ့နေရာဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ လက်ထပ်တာဟာ ကျွန်တော်တို့ရဲ့အိမ်ထောင်ရေး အစပြုကတည်းက ယေဟောဝါပါဝင်ဖို့လိုတယ်ဆိုတာကို စွဲမှတ်သွားအောင်ထောက်ကူပေးပါတယ်။ တခြားနေရာမှာထက် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျင်းပလို့ရရှိတဲ့ နောက်အကျိုးကျေးဇူးက တက်ရောက်လာတဲ့ မယုံကြည်သူဆွေမျိုးတွေကို ယေဟောဝါကို ဝတ်ပြုခြင်းဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြရာလည်းရောက်ပါတယ်။”
ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ မင်္ဂလာပွဲကျင်းပရန် တာဝန်ရှိအသင်းတော်အကြီးအကဲများခွင့်ပြုလျှင် စဉ်းစားထားသောပြင်ဆင်မှုများကို အကြီးအကဲများအား ကြိုတင်ပြောထားသင့်သည်။ သတို့သမီးနှင့်သတို့သားတို့သည် မင်္ဂလာပွဲအတွက် သတ်မှတ်ထားသည့်အချိန်တွင် ရောက်ရှိရန် အခိုင်အမာဆုံးဖြတ်ထားခြင်းဖြင့် ဖိတ်ခေါ်ထားသောဧည့်သည်များကို လေးစားကြောင်းပြနိုင်သည်။ အရာရာတိုင်း တင့်တယ်လျောက်ပတ်စွာ လုပ်ဆောင်သွားသည်ကို သူတို့အမှန်ပင်လိုလားပေမည်။b (၁ ကောရိန္သု ၁၄:၄၀) ဤသို့ဖြင့် လောကမင်္ဂလာဆောင်အများ၏ အမှတ်အသားဖြစ်သော ယဉ်ကျေးမှုမရှိသည့် အပြုအမူများကို ရှောင်ရှားနိုင်ပေမည်။—၁ ယောဟန် ၂:၁၅၊ ၁၆။
မင်္ဂလာပွဲတက်ရောက်သူများကလည်း အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သော ယေဟောဝါ၏အမြင် မိမိတို့၌ရှိကြောင်းပြနိုင်သည်။ ဥပမာ၊ အပြိုင်အဆိုင်သဘောဖြင့် ခမ်းနားကြီးကျယ်သောမင်္ဂလာပွဲများအလား အခြားခရစ်ယာန်လက်ထပ်ပွဲများထက်ပိုသာရန် သူတို့မျှော်လင့်မည်မဟုတ်ချေ။ ရင့်ကျက်သောခရစ်ယာန်များသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲထက် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ပြုလုပ်သည့် ကျမ်းစာအခြေပြုဟောပြောချက်က ပိုအရေးကြီးပြီး အကျိုးရှိကြောင်းကိုလည်း သဘောပေါက်သည်။ ယင်းတို့နှစ်ခုအနက် တစ်ခုကိုသာတက်ရောက်ရန် အချိန် သို့မဟုတ် အခြေအနေကခွင့်ပြုသည်ဆိုလျှင် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် တက်ရောက်ခြင်းကို အမှန်ပင်ဦးစားပေးသင့်သည်။ အကြီးအကဲတစ်ဦးဖြစ်သူ ဝီလျံကဤသို့ပြောသည်– “ဧည့်သည်များဟာ နိုင်ငံတော်ခန်းမမှာလာဖို့ တမင်ပျက်ကွက်ပြီး ဧည့်ခံပွဲမှာတော့ရှိနေမယ်ဆိုရင် မြင့်မြတ်တဲ့အချိန်အခါကို တန်ဖိုးမထားကြောင်းပြရာရောက်တယ်။ ကျွန်တော်တို့ကို ဧည့်ခံပွဲမှာမဖိတ်ခေါ်ရင်တောင် နိုင်ငံတော်ခန်းမမှာလုပ်တဲ့အခမ်းအနားကို တက်မယ်ဆိုရင် သတို့သမီး၊ သတို့သားတို့ကို အားပေးကြောင်းပြနိုင်သလို မယုံကြည်သူဆွေမျိုးများကိုလည်း အထူးသက်သေခံရာရောက်ပါတယ်။”
လက်ထပ်သည့်နေ့ကိုကျော်လွန်ကာ တည်တံ့ခိုင်မြဲသောရွှင်လန်းမှု
စီးပွားရေးလောကသည် မင်္ဂလာပွဲအခမ်းအနားကို လုပ်ငန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ မကြာသေးခင်က သတင်းတစ်ပုဒ်အရ အမေရိကန်ပြည်ထောင်စုတွင် မင်္ဂလာပွဲအတွက် ပျမ်းမျှကုန်ကျငွေသည် “ဒေါ်လာ ၂၂,၀၀၀ သို့မဟုတ် အမေရိကန်မိသားစုတစ်စု၏ [တစ်နှစ်] ပျမ်းမျှဝင်ငွေတစ်ဝက်” ဖြစ်သည်။ စီးပွားရေးဝါဒဖြန့်ခြင်း၏လွှမ်းမိုးမှုကြောင့် များစွာသောကြင်စဦးမောင်နှံ သို့မဟုတ် သူတို့၏မိသားစုများသည် မင်္ဂလာပွဲတစ်နေ့တာအတွက် အကြွေးများဖြင့်ဝန်ပိပြီး ယင်းကို နှစ်ပေါင်းများစွာ ပြန်ဆပ်ကြရသည်။ အိမ်ထောင်ကို ယင်းသို့စတင်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပါမည်လော။ သမ္မာကျမ်းစာမူများကို မသိသူများ သို့မဟုတ် ဂရုမစိုက်သူများသည် ယင်းသို့ဖြုန်းတီးခြင်းကို ရွေးချယ်မည်ဖြစ်သော်လည်း စစ်မှန်သောခရစ်ယာန်များမူ မည်မျှခြားနားလိုက်လေခြင်း!
အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် မိမိတို့ကုန်ကျနိုင်သလောက်သာ မင်္ဂလာပွဲအရွယ်အစားသတ်မှတ်ခြင်း၊ ဝိညာဉ်ရေးကဏ္ဍအပေါ်အာရုံစိုက်ခြင်းဖြင့် များစွာသောခရစ်ယာန်မောင်နှံစုံတို့သည် ဘုရားသခင်ထံ မိမိတို့အပ်နှံထားသည့်အတိုင်း မိမိတို့အချိန်၊ ခွန်အားတို့ကို အသုံးပြုနိုင်ခဲ့ကြသည်။ (မဿဲ ၆:၃၃) လက်ထပ်ပြီးကတည်းက အချိန်ပြည့်ဘုရားသခင်အမှုတော်ကို ၁၇ နှစ်တိုင်ဆောင်ရွက်ခဲ့ကြသူ လွိုက်နှင့်အလက်ဇန္ဒြာတို့၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ လွိုက်က ဤသို့ဆိုသည်– “တချို့က ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကို ရိုးရိုးလေးလို့မြင်ပေမဲ့ အလက်ဇန္ဒြာနဲ့ကျွန်တော်တို့ အရမ်းကိုကျေနပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မင်္ဂလာပွဲနေ့ကို ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လူနှစ်ယောက်ကို ပျော်ရွှင်ဝမ်းမြောက်စေတဲ့ ယေဟောဝါရဲ့အစီအစဉ် အခမ်းအနားတစ်ခုဖြစ်သင့်တယ်လို့ ကျွန်တော်တို့ခံစားမိခဲ့တယ်။”
အလက်ဇန္ဒြာကလည်းထပ်ဆင့်၍ ဤသို့ပြောသည်– “ကျွန်မတို့လက်မထပ်ခင်က ကျွန်မဟာ အချိန်ပြည့်ဘုရားသခင်အမှုဆောင်တစ်ယောက်ဖြစ်တယ်၊ ငွေကုန်ကြေးကျမင်္ဂလာပွဲဖြစ်ဖို့အတွက်နဲ့ အချိန်ပြည့်အမှုဆောင်အခွင့်အရေးကို ကျွန်မလက်မလွှတ်လိုက်ချင်ဘူး။ ကျွန်မတို့မင်္ဂလာပွဲနေ့ဟာ အထူးကိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ဟာ လက်တွဲလျှောက်လှမ်းကြမယ့် ကျွန်မတို့ရဲ့ဘဝစတင်တဲ့နေ့သာဖြစ်ပါတယ်။ လက်ထပ်မင်္ဂလာပွဲကို အလွန်အမင်း အာရုံစိုက်အလေးပေးခြင်းကို ရှောင်ကြဉ်ပါဆိုတဲ့အကြံပြုချက်ကို ကျွန်မတို့ကျင့်သုံးခဲ့ကြပြီး ဇနီးမောင်နှံအနေနဲ့ ယေဟောဝါထံကလမ်းညွှန်မှုကို ရှာဖွေခဲ့ကြတယ်။ အဲ့ဒါက တကယ့်ကိုပဲ ယေဟောဝါရဲ့ကောင်းချီးခံစားစေပါတယ်။”c
မှန်ပါသည်၊ သင်၏မင်္ဂလာဆောင်သောနေ့သည် အထူးချိန်ခါဖြစ်ပါသည်။ ယင်းနေ့ရက်တွင် ပေါ်လွင်သောသဘောထားနှင့် လုပ်ဆောင်မှုတို့က လာမည့်အနာဂတ်အိမ်ထောင်သည်ဘဝအတွက် ပုံစံချမှတ်နိုင်သည်။ ထို့ကြောင့် လမ်းညွှန်မှုအတွက် ယေဟောဝါကို ကိုးစားပါ။ (သု. ၃:၅၊ ၆) ယင်းနေ့၏ဝိညာဉ်ရေးဆိုင်ရာအရေးကြီးမှုကို စိတ်တွင်အဓိကထားပါ။ သင်တို့ကို ဘုရားသခင်ခန့်အပ်ထားသည့်ကဏ္ဍများတွင် တစ်ဦးကိုတစ်ဦးထောက်ကူပါ။ ဤနည်းဖြင့် သင်တို့အိမ်ထောင်အတွက် ခိုင်ခံ့သောအုတ်မြစ်ကိုတည်ဆောက်နိုင်ပြီး ယေဟောဝါ၏ကောင်းချီးဖြင့် သင်တို့၏မင်္ဂလာပွဲနေ့ကို ကျော်လွန်ကာ တည်တံ့ခိုင်မြဲသောရွှင်လန်းမှု ရရှိပါလိမ့်မည်။—သု. ၁၈:၂၂။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါသက်သေများထုတ်ဝေသော ဖေဖော်ဝါရီ ၈၊ ၂၀၀၃ နိုးလော့! တွင် ထပ်ဆင့်အကြောင်းအရာပါရှိသည်။
b မောင်နှံစုံသည် တစ်စုံတစ်ယောက်အား ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ကျင်းပသော အခမ်းအနားကို ဓာတ်ပုံရိုက် သို့မဟုတ် မှတ်တမ်းတင်စေရန်စီစဉ်ပါက မင်္ဂလာပွဲ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် မည်သည့်အရာမျှ မပြုမိစေရန် ကြိုတင်ပြောထားကြောင်း သေချာစေသင့်သည်။
c ယေဟောဝါသက်သေများထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ် စာမျက်နှာ ၂၆ ကိုရှု။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
မောင်နှံစုံတို့သည် မိမိတို့မင်္ဂလာပွဲနေ့ကို စီစဉ်ရာတွင် ပွင့်ပွင့်လင်းလင်း၊ လေးလေးစားစား ဆွေးနွေးသင့်သည်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သင်တို့မင်္ဂလာဆောင်သောနေ့၏ ဝိညာဉ်ရေးဆိုင်ရာ အရေးကြီးမှုကို စိတ်တွင်အဓိကထားပါ