သဘာဝဘေးဒဏ်အတွက်ကြိုတင်ပြင်ဆင်ပြီးပြီလော
၁။ သဘာဝဘေးဒဏ်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက အဘယ်ကြောင့် ပညာရှိရာကျသနည်း။
၁ ညီအစ်ကိုညီအစ်မများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် မြေငလျင်များ၊ ဆူနာမီရေလှိုင်းများ၊ မုတ်သုံမိုးများ၊ ဟာရီကိန်းများ၊ လေဆင်နှာမောင်းများနှင့် ရေလွှမ်းမိုးမှုများကြောင့် နှစ်စဉ် ထိခိုက်လျက်ရှိသည်။ သဘာဝဘေးဒဏ်များသည် မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာပြီး မည်သူကိုမဆို ထိခိုက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက ပညာရှိရာကျသည်။—သု. ၂၁:၅။
၂။ ကျွန်ုပ်တို့၏လက်ရှိနေရပ်နှင့် ဖုန်းနံပါတ်တို့ကို အကြီးအကဲများအား အဘယ်ကြောင့် အသိပေးထားသင့်သနည်း။
၂ ကတင်ပြင်ဆင်ပါ– တစ်ခါတစ်ရံ အာဏာပိုင်များသည် ဖြစ်ပေါ်လာမည့်ဘေးအန္တရာယ်များကို ကြိုတင်သတိပေးနိုင်ကြသည်။ ထိုသတိပေးချက်များကို ဂရုပြုရန် အရေးကြီး၏။ (သု. ၂၂:၃) ထိုသို့သောအခြေအနေများတွင် အကြီးအကဲများသည် အသင်းသားအားလုံး လိုအပ်သောပြင်ဆင်မှုများပြုလုပ်နိုင်ရန် သူတို့နှင့် ဆက်သွယ်ပါလိမ့်မည်။ ဘေးအန္တရာယ်တစ်ခုပြီးနောက် အကြီးအကဲများသည် အားလုံးဘေးကင်းမကင်းသိရန်နှင့် အဘယ်အကူအညီများလိုအပ်ကြောင်း သိနိုင်ရန် အသင်းတော်နှင့်ပူးပေါင်းနေသူအားလုံးကို ဆက်သွယ်ပေမည်။ နောက်ဆုံးသတင်းအချက်အလက်များကို အကြီးအကဲများ မသိထားပါက အဖိုးတန်အချိန်များ အလဟဿဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကြေညာသူများသည် မိမိတို့၏လက်ရှိနေရပ်နှင့် ဖုန်းနံပါတ်တို့ကို အတွင်းရေးမှူးနှင့် စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးတို့အား အသိပေးထားရန် အရေးကြီးသည်။
၃။ ကျွန်ုပ်တို့သည် ဘေးအန္တရာယ်ဇုန်အတွင်း နေထိုင်ပါက အကြီးအကဲများနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သနည်း။
၃ ဘေးအန္တရာယ်ဇုန်အတွင်း တည်ရှိသော အသင်းတော်မှ အကြီးအကဲများသည် အရေးပေါ်ဆက်သွယ်နိုင်ရန် အန္တရာယ်ဇုန်ပြင်ပမှ ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးဦး၏နာမည်နှင့် ဖုန်းနံပါတ်တို့ကို ကြေညာသူများထံမှ တောင်းပေမည်။ သို့ဖြင့် အကြီးအကဲများသည် အန္တရာယ်ဇုန်မှ ပြောင်းရွှေ့သွားသူများကို ရှာတွေ့နိုင်မည်ဖြစ်သည်။ ထို့ပြင် အကြီးအကဲများသည် လူတိုင်းရရှိနိုင်မည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းစာရင်း၊ ပြောင်းရွှေ့ရေးအစီအစဉ်များ၊ အထူးအကူအညီလိုအပ်သူများကို ကူညီပေးရန်အစီအစဉ်များ စသည်တို့အပါအဝင် ဖြစ်လာနိုင်သော အရေးပေါ်အခြေအနေများအတွက် ကြိုတင်အစီအစဉ်တစ်ခု ရေးဆွဲထားပေမည်။ ထိုမေတ္တာပါအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။—ဟေဗြဲ ၁၃:၁၇။
၄။ ကျွန်ုပ်တို့ဒေသအတွင်း သဘာဝဘေးဒဏ်တစ်ခုကျရောက်ပါက အဘယ်အရာပြုလုပ်သင့်သနည်း။
၄ ဘေးဒဏ်ကျရောက်ပြီးနောက်– သင့်ဒေသတွင် သဘာဝဘေးဒဏ်တစ်ခု ကျရောက်သွားသည်ဆိုပါက အဘယ်အရာပြုလုပ်သင့်သနည်း။ သင့်မိသားစု၏ လောလောဆယ် ကာယရေးလိုအပ်ရာများကို မဖြစ်မနေဂရုစိုက်ပေးပါ။ တတ်နိုင်မည်ဆိုလျှင် အခြားသူများကိုလည်း ကူညီပေးပါ။ သင့်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦးဦးနှင့် အမြန်ဆုံး ဆက်သွယ်ပါ။ သင်ဘေးကင်းပြီး အကူအညီမလိုအပ်သည့်တိုင် ထိုသို့ပြုလုပ်ပါ။ အကယ်၍ သင်အကူအညီလိုအပ်ပါက သင့်ကို ညီအစ်ကိုများ အတတ်နိုင်ဆုံးကူညီနေကြောင်း ယုံကြည်စိတ်ချပါ။ (၁ ကော. ၁၃:၄၊ ၇) သင့်အခြေအနေကို ယေဟောဝါသိမြင်တော်မူကြောင်း သတိရပြီး သင့်ကိုထောက်မပေးရန် ကိုယ်တော်ကိုအားကိုးပါ။ (ဆာ. ၃၇:၃၉; ၆၂:၈) အခြားသူများကို ဝိညာဉ်ရေးနှင့် စိတ်ပိုင်းအရ ထောက်မပေးနိုင်သည့် အခွင့်အရေးများရှာယူပါ။ (၂ ကော. ၁:၃၊ ၄) သီအိုကရက်တစ်လုပ်ရိုးလုပ်စဉ်များကို ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ပြန်လုပ်ဆောင်ပါ။—မ. ၆:၃၃။
၅။ သဘာဝဘေးဒဏ်က ကျွန်ုပ်တို့ကို မည်သို့ထိခိုက်လျက်ရှိသနည်း။
၅ သဘာဝဘေးဒဏ်များကြောင့် လူတို့ ပို၍စိုးရိမ်ကြောင့်ကြနေသော်လည်း အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့် ကျွန်ုပ်တို့ စောင့်မျှော်နိုင်သည်။ မကြာမီ သဘာဝဘေးဒဏ်အားလုံး အတိတ်တွင် ကျန်ရစ်ခဲ့ပေမည်။ (ဗျာ. ၂၁:၄) ထိုအတောအတွင်း အခြားသူများကို ဇွဲရှိရှိသတင်းကောင်းဟောပြောရင်း အခက်အခဲဒုက္ခကာလများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါသည်။