မေတ္တာ—အကျိုးဖြစ်ထွန်းသော ဓမ္မအမှု၏သော့ချက်
၁ “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။” (မ. ၁၁:၂၈) ထိုဆွဲဆောင်မှုရှိသောစကားများက လူများပေါ်ထားရှိသည့် ယေရှု၏နက်ရှိုင်းလှသောမေတ္တာကို ဖော်ပြသည်။ ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့သည် မေတ္တာမဲ့သောလောကကြောင့် ပင်ပန်းနွမ်းနယ်နေသူများကို မေတ္တာပြရာတွင် ယေရှုကိုတုပကြသည်။ သတင်းကောင်းဟောပြောစဉ် ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။
၂ စကားအားဖြင့်– ယေရှုသည် လူများကိုချစ်သောကြောင့် သတင်းကောင်းဝေမျှနိုင်မည့် အခွင့်အရေးမှန်သမျှကို အသုံးချခဲ့သည်။ (ယော. ၄:၇-၁၄) မေတ္တာက အလွတ်သဘောသက်သေခံရာတွင် တွန့်ဆုတ်မနေရန် ကူညီပေးနိုင်သည်။ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆေးခန်းတစ်ခုတွင် ဆရာဝန်နှင့်တွေ့ရန် စောင့်ဆိုင်းနေစဉ် မိမိဘေးမှ အမျိုးသမီးတစ်ဦးကို သက်သေခံခဲ့သည်။ ထိုသို့ပြုရန် အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ “အဲဒီအမျိုးသမီးကိုကြည့်ရတာ ယေဟောဝါအကြောင်း သိဖို့လိုနေသလိုပဲ” ဟုသူပြောပြသည်။
၃ ကျွန်ုပ်တို့၏ဖော်ရွေသောအပြုံး၊ ခင်မင်ရင်းနှီးသောလေသံဖြင့် လူများကို စိတ်ဝင်စားကြောင်း တင်ပြနိုင်သည်။ သူတစ်ပါး၏ပြောဆိုချက်ကို သေချာစွာနားထောင်ခြင်း၊ သူတို့၏စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုခြင်း၊ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းတို့သည်လည်း မေတ္တာတင်ပြခြင်းဖြစ်၏။ (သု. ၁၅:၂၃) ယေရှုကိုတုပရာတွင် နိုင်ငံတော်သတင်းတရားနှင့် လူတို့အပေါ်ထားရှိသော ယေဟောဝါ၏သနားကြင်နာမှုကို အလေးပေးဟောပြောသင့်သည်။—မ. ၂၄:၁၄; လု. ၄:၁၈၊ ၁၉။
၄ အမူအကျင့်အားဖြင့်– ယေရှုသည် အခြားသူတို့၏လိုအပ်ရာကို အကင်းပါးပါးသိရှိပြီး လက်တွေ့ကျကျကူညီပေးခဲ့သည်။ (မ. ၁၅:၃၂) ကျွန်ုပ်တို့လည်း ဓမ္မအမှုတွင်ပါဝင်စဉ် အကြင်နာမေတ္တာဖြင့်ကူညီပေးရန် အခွင့်အရေးများရှိပေမည်။ အမျိုးသမီးတစ်ဦးသည် အရေးကြီးသောဖုန်းခေါ်ဆိုမှုကို ဖြေကြားရာတွင် ခေါ်ဆိုသူ၏စကားကို နားမလည်သောကြောင့် ညီအစ်မတစ်ဦးက ဘာသာပြန်ပေးခဲ့သည်။ ထိုသို့မေတ္တာဖြင့်ကူညီလိုက်ခြင်းကြောင့် ကျမ်းစာဆွေးနွေးရန် လမ်းပွင့်သွားပြီး ထိုအမျိုးသမီးမှာ ကျမ်းစာသင်အံမှုလက်ခံခဲ့သည်။ ညီအစ်ကိုတစ်ဦးသည် အိမ်ရှင်တစ်ဦးထံ ပြန်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် အိမ်ရှင်သည် လေးလံသောထိုင်ခုံတစ်လုံးကို အိမ်ထဲသွင်း၍မရသောကြောင့် ဒေါသထွက်နေ၏။ ညီအစ်ကိုသည် ထိုင်ခုံကိုကူသွင်းပေးပြီး ထိုခုံတွင်ပင်ထိုင်ကာ အိမ်ရှင်နှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။
၅ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်သည့်အခါ ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ကြောင်း တင်ပြကြသည်။ (မ. ၂၂:၃၆-၄၀) ထိုသို့ စကားနှင့်အမူအကျင့်အားဖြင့် မေတ္တာပြခြင်းက ကျွန်ုပ်တို့တွင် သမ္မာတရားရှိကြောင်း စိတ်ရင်းမှန်သူများကို သိရှိစေသည်။