သိမ်းထားပါ
သွေးအပိုင်းအစများ၊ ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း
သမ္မာကျမ်းစာက ခရစ်ယာန်များအား “အသွေးကို . . . ကြဉ်ရှောင်” ရန်မိန့်မှာထားသည်။ (တ. ၁၅:၂၀) ထို့ကြောင့် ယေဟောဝါသက်သေများသည် သွေး သို့မဟုတ် သွေး၏ အဓိက အစိတ်အပိုင်း လေးခု ဖြစ်သော သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနှင့် သွေးရည်ကြည် (ပလာစမာ) တို့သွင်းခြင်းကို လက်မခံကြပေ။ သူတို့သည် သွေးမလှူသည့်အပြင် ကိုယ်တိုင်၏သွေးကိုလည်း ပြန်သွင်းရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မထားကြပေ။—ဝတ်. ၁၇:၁၃၊ ၁၄; တ. ၁၅:၂၈၊ ၂၉။
သွေးအပိုင်းအစများကား အဘယ်နည်း၊ ယင်းကိုအသုံးပြုခြင်းသည် အဘယ်ကြောင့် ခရစ်ယာန်တစ်ဦးစီဆုံးဖြတ်ရမည့်ကိစ္စဖြစ်သနည်း
သွေးအပိုင်းအစများသည် ခွဲထုတ်ခြင်းနည်းဖြင့် သွေးမှထုတ်ယူထားသော ဒြပ်စင်များဖြစ်ကြသည်။ ဥပမာ၊ သွေး၏အဓိကအစိတ်အပိုင်းလေးခုမှတစ်ခုဖြစ်သော သွေးရည်ကြည်ကို အောက်ပါအစိတ်အပိုင်းများအဖြစ် ခွဲထုတ်နိုင်သည်– ရေ ၉၁ ရာခိုင်နှုန်းခန့်၊ အယ်လ်ဗျူမင်၊ ဂလိုဗျူလင်၊ ဖိုင်ဘရီနိုဂျင်စသောပရိုတင်းများ ၇ ရာခိုင်နှုန်းခန့်၊ အာဟာရဓာတ်များ၊ ဟော်မုန်းများ၊ ဓာတ်ငွေ့များ၊ ဗီတာမင်များ၊ စွန့်ပစ်ပစ္စည်းများ၊ လျှပ်လိုက်ပစ္စည်းများစသော အခြားအစိတ်အပိုင်းများ ၁.၅ ရာခိုင်နှုန်းခန့်တို့ဖြစ်ကြသည်။
ထိုသွေးအပိုင်းအစများသည် သွေးကိုရှောင်ကြဉ်ပါဟူသော ပညတ်တွင်အကျုံးဝင်သလော။ ကျွန်ုပ်တို့ မပြောနိုင်ပါ။ သမ္မာကျမ်းစာက သွေးအပိုင်းအစများနှင့်ပတ်သက်၍ တိတိကျကျမညွှန်ကြားထားပါ။ သို့သော် ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် လှူဒါန်းလိုက်သောသွေးမှ ထိုအပိုင်းအစငယ်များစွာကို ထုတ်ယူထားခြင်းဖြစ်ပေသည်။ ယင်းတို့ကို ဆေးဝါးကုသရာတွင်အသုံးပြုဖို့ လက်ခံမည်၊ လက်မခံမည်ကို ခရစ်ယာန်ယောက်တိုင်း ဩတ္တပ္ပစိတ်ရှိရှိ ကိုယ်တိုင်ဆုံးဖြတ်သင့်သည်။
ထိုသို့ဆုံးဖြတ်ရာတွင် အောက်ပါမေးခွန်းများကို သုံးသပ်ပါ– သွေးအပိုင်းအစအားလုံးကို ငြင်းပယ်ခြင်းသည် ဗိုင်းရတ်နှင့်ရောဂါများကို တိုက်ထုတ်ခြင်း သို့မဟုတ် သွေးတိတ်စေရန် သွေးခဲစေခြင်းစသည့် ကုထုံးအချို့ကိုလည်း ငြင်းပယ်ခြင်းဖြစ်ကြောင်း ကျွန်ုပ်သဘောပေါက်ပါသလော။ သွေးအပိုင်းအစအချို့အသုံးပြုခြင်းကို အဘယ်ကြောင့် လက်မခံကြောင်း သို့မဟုတ် လက်ခံကြောင်း ဆရာဝန်အား ကျွန်ုပ်ရှင်းပြနိုင်သလော။
ကျွန်ုပ်၏သွေးကို အသုံးပြုသော ဆေးကုထုံးအချို့သည် အဘယ်ကြောင့် ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သနည်း
ခရစ်ယာန်များသည် သွေးမလှူကြသည့်နည်းတူ ကိုယ်တိုင်၏သွေးကိုလည်း ပြန်သွင်းရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မထားကြပေ။ သို့သော် မိမိ၏သွေးပါဝင်သော ကုထုံး သို့မဟုတ် ဆေးစစ်ချက်အချို့သည် ကျမ်းစာမူများနှင့် သိသိသာသာမဆန့်ကျင်ပေ။ ထို့ကြောင့် မိမိ၏သွေးပါဝင်သော ကုထုံးအချို့ကို လက်ခံမည်၊ လက်မခံမည်ကို ဩတ္တပ္ပစိတ်ရှိရှိ ကိုယ်တိုင်ဆုံးဖြတ်သင့်သည်။
ထိုသို့ဆုံးဖြတ်ရာတွင် ကိုယ့်ကိုယ်ကို အောက်ပါမေးခွန်းများမေးပါ– ကျွန်ုပ်၏သွေးအချို့ကို ခန္ဓာကိုယ်ပြင်ပသို့ လွှဲပြောင်းထားပြီး သွေးလည်ပတ်စီးဆင်းမှု တစ်ခဏတာရပ်တန့်နေမည်ဆိုလျှင်ပင် ထိုသွေးသည် မိမိ၏အစိတ်အပိုင်းဖြစ်နေသေးသည်၊ ‘မြေပေါ်သို့သွန်’ ရန် မလိုအပ်ဟုရှုမြင်ဖို့ ဩတ္တပ္ပစိတ်က ခွင့်ပြုမည်လော။ (တရား. ၁၂:၂၃၊ ၂၄) ဆေးကုသနေစဉ် ကျွန်ုပ်၏သွေးအချို့ကို ထုတ်ယူ၍ ပြုပြင်မွမ်းမံကာ ခန္ဓာကိုယ်ထဲ ပြန်စီးဝင်စေမည်ဆိုပါက ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ကို အနှောင့်အယှက်ဖြစ်စေမည်လော။ ကျွန်ုပ်၏သွေးကိုအသုံးပြုသော ဆေးကုထုံးအားလုံးကို ငြင်းပယ်ခြင်းက သွေးသန့်စင်ပေးသည့်ဒိုင်ယာလစ်စစ်လုပ်ခြင်း သို့မဟုတ် နှလုံး-အဆုတ်စက်ကိုအသုံးပြုခြင်း စသောကုထုံးများကို ငြင်းပယ်ခြင်းဖြစ်ကြောင်း သဘောပေါက်သလော။ ဆုံးဖြတ်ချက်မချမီ ဤကိစ္စကို ဆုတောင်း၍စဉ်းစားပြီးပြီလော။
ကျွန်ုပ်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များကား အဘယ်နည်း
နောက်စာမျက်နှာများပါ ဇယားနှစ်ခုကို သုံးသပ်ကြည့်ပါ။ ဇယား ၁ တွင် သွေးအပိုင်းအစအချို့ကို စာရင်းပြုစုထားပြီး ယင်းတို့ကို ဆေးကုသမှုတွင် မည်သို့အသုံးပြုကြောင်း ဖော်ပြထားသည်။ ထိုအပိုင်းအစများအသုံးပြုခြင်းကို လက်ခံမည်၊ လက်မခံမည်တို့နှင့်ပတ်သက်သော ကိုယ်ပိုင်ရွေးချယ်မှုကို ဖြည့်စွက်ပါ။ ဇယား ၂ တွင် သင့်သွေးကိုအသုံးပြုသော လူသိများသည့်ဆေးကုထုံးအချို့ကို ဖော်ပြထားသည်။ ထိုကုထုံးများကို လက်ခံမည်၊ လက်မခံမည်တို့နှင့်ပတ်သက်သော ကိုယ်ပိုင်ရွေးချယ်မှုကို ဖြည့်စွက်ပါ။ ထိုဇယားများသည် တရားရေးစာရွက်စာတမ်းများမဟုတ်ပါ။ သို့သော် ထိုဇယားများပါ သင့်အဖြေများကိုသုံး၍ ကကစ (ကိုယ်စားလှယ်လွှဲစာ) ကတ်ကို ဖြည့်စွက်နိုင်ပေမည်။
သင်ကိုယ်တိုင်ဆုံးဖြတ်သင့်ပြီး ယင်းသည် အခြားသူ၏သြတ္တပ္ပစိတ်ပေါ် မမူတည်သင့်ပေ။ ထိုနည်းတူ ခရစ်ယာန်တစ်ဦး၏ဆုံးဖြတ်ချက်များကို မည်သူကမျှ မဝေဖန်သင့်ပါ။ ထိုကိစ္စများတွင် “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။”—ဂလ. ၆:၄၊ ၅။
[အောက်ခြေမှတ်ချက်များ]