“ဖတဆိုး” ကလေးများအား ကူညီပါ
၁။ ကြင်ဖော်မဲ့မိဘများ၏ သားသမီးများကို သွန်သင်ရန် မည်သူ့တွင်တာဝန်ရှိသနည်း။
၁ ခရစ်ယာန်အကြီးအကဲများသည် “ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်း” ရန်ဖြစ်သည်။ (၁ ပေ. ၅:၂၊ ၃) သူတို့၏ အသင်းတော်များရှိ မိသားစုများထံ အခါအားလျော်စွာ သွားရောက်လည်ပတ်ခြင်းသည် မိမိတို့၏ခရစ်ယာန်တာဝန်များကို ထမ်းဆောင်သောမိဘများအား ချီးမွမ်းရန် အခွင့်အလမ်းများရရှိစေ၏။ ကြင်ဖော်မဲ့မိဘများ၏သားသမီးများကို သွန်သင်ခြင်းသည် မည်သူ့တာဝန်ဖြစ်သနည်း။ ကလေးများကိုသွန်သင်ရန်တာဝန်သည် မိဘ၏တာဝန်ဖြစ်ကြောင်း ဘယ်တော့မျှမမေ့လျော့ပါနှင့်။
၂။ (က) အကြီးအကဲများသည် ကြင်ဖော်မဲ့မိခင်တစ်ဦးကို အားပေးသောအခါ အဘယ်အခြေအနေများကို ရှောင်ရှားသင့်သနည်း။ (ခ) ကြင်ဖော်မဲ့မိခင်တစ်ဦးသည် မိမိ၏ကလေးများနှင့်အတူ လေ့လာမှုပြုလုပ်ရာတွင် အောင်မြင်နိုင်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
၂ မိဘတစ်ဦးမရှိ၍ ယင်းတာဝန်ကို အကြီးအကဲများယူရမည်ဆိုလျှင် ပေါ်ပေါက်လာနိုင်သည့် အထင်မှားစရာအခြေအနေများကို ရှောင်ကြဉ်ရန် ခရစ်ယာန်ဆင်ခြင်တတ်မှုက သူတို့ကိုထောက်ကူပါလိမ့်မည်။ ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်သော ခရစ်ယာန်ညီအစ်မတစ်ဦးထံ ညီအစ်ကိုနှစ်ဦးလည်ပတ်သွားနိုင်သော်လည်း သူတို့သည် မိသားစုလေ့လာမှုအစီအစဉ်အတွက် ထောက်မပေးသည့်နည်းလမ်းကို စီစဉ်ရာတွင် အမြဲသတိရှိနေရပါလိမ့်မည်။ ရံဖန်ရံခါ အကြီးအကဲ၏မိသားစုလေ့လာမှုတွင်ပါဝင်ရန် ထိုကလေးများ (နှင့် ကြင်ဖော်မဲ့မိဘကိုပါ) ကိုဖိတ်ခေါ်ခြင်းသည် တည်ဆောက်မှုဖြစ်စေပြီး လက်တွေ့ကျပေမည်။ သို့ရာတွင် ယေဟောဝါသည် ကျွန်ုပ်တို့၏ကြီးမြတ်သော ကောင်းကင်ခမည်းတော်ဖြစ်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ မိခင်သည် သူမတစ်ဦးတည်းပင် သားသမီးများနှင့် လေ့လာမှုပြုလုပ်နေလင့်ကစား ကိုယ်တော်သည် သူမကို လမ်းညွှန်ထောက်မရန် အမှန်ပင်ရောက်ရှိနေပါသည်။
၃။ ယုံကြည်သူမိဘများသည် မိမိတို့၏ကလေးများနှင့် လေ့လာမှုပြုလုပ်ရမည့်တာဝန်ကို မထမ်းဆောင်ပါက အကြီးအကဲများ သို့မဟုတ် အခြားကြေညာသူများသည် ထိုကဲ့သို့သောမိဘများ၏ ကလေးတစ်ဦးနှင့်အတူ လေ့လာမှုပြုလုပ်မည်လော။ အဘယ်ကြောင့်နည်း။
၃ လူငယ်တစ်ဦး၌ ဝိညာဉ်ရေးစိတ်ထားရှိပြီး သူ၏မိဘများမူကား ၎င်းတို့၏ဝိညာဉ်ရေးတာဝန်များကို အရေးမထားလျှင်ကော အသို့နည်း။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ဘယ်တော့မျှစိတ်ပျက်ဖို့မလိုပါ။ “ဆင်းရဲသောသူသည် ကိုယ်တော် [ယေဟောဝါဘုရားသခင်] ၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလှုံရာဖြစ်တော်မူ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။ (ဆာ. ၁၀:၁၄) အသင်းတော်ရှိ မေတ္တာပါသောအကြီးအကဲများသည် ထိုမိဘများအား မိမိတို့၏ကလေးများကို ဂရုစိုက်ရန် အတတ်နိုင်ဆုံး အားပေးကြပါလိမ့်မည်။ အကြီးအကဲများသည် မိသားစုဆွေးနွေးမှုပြုရန် အကြံပေးပြီး မည်သို့အတူတကွလေ့လာနိုင်ကြောင်း လက်တွေ့ကျအကြံဉာဏ်အချို့ ပေးပါလိမ့်မည်။ ကျမ်းစာအရ တာဝန်ခံများဖြစ်သည့် မိဘများ၏တာဝန်ကိုကား သူတို့ယူလိုက်ကြမည်မဟုတ်ပါ။
၄။ မယုံကြည်သူမိဘများ၏ ကလေးများသည် မည်သို့အားပေးခံရနိုင်သနည်း။ ဥပမာပေးပါ။
၄ မယုံကြည်သူမိဘများ၏ ကလေးများကို များစွာထောက်မကူညီပေးဖို့လိုသည်။ သူတို့၏မိဘများခွင့်ပြုမည်ဆိုလျှင် သင်၏မိသားစုလေ့လာမှု၌ သူတို့ကိုပါဝင်စေခြင်းသည် အကျိုးရှိကြောင်း တွေ့ရပေမည်။ ယခုအိမ်ထောင်သည်ဖြစ်နေသော ရောဘတ်သည် သုံးနှစ်အရွယ်သာရှိချိန်က သူ၏မိဘများနှင့်အတူ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ သူ၏မိဘများ ခရစ်ယာန်အသင်းတော်နှင့် မပေါင်းသင်းတော့သည့်နောက်၌ပင် ထိုအစည်းအဝေးများကို သူအမှတ်ရနေဆဲဖြစ်သည်။ သူသည် ဆယ်နှစ်အရွယ်ရောက်သောအခါ အစည်းအဝေးများသို့ သူ့အားခေါ်သွားသည့် သက်သေခံလူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သက်သေခံလူငယ်လေး၏မိဘများသည် ဝိညာဉ်ရေးမိဘမဲ့ဖြစ်သူ ရောဘတ်ကို ဝမ်းမြောက်စွာဂရုစိုက်စောင့်ရှောက်ခဲ့ကြပြီး နောက်ပိုင်းတွင် သူနှင့်သင်အံမှုပြုလုပ်ခဲ့ကြသည်။ ဤမေတ္တာပါသောစောင့်ရှောက်မှုကြောင့် သူသည် အလျင်အမြန်တိုးတက်ခဲ့ပြီး ယခု အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် ပျော်ရွှင်စွာအမှုထမ်းလျက်ရှိသည်။
၅။ (က) မိမိတို့၏ကလေးများနှင့် လေ့လာမှုပြုလုပ်နေကြသော ခရစ်ယာန်မိဘများကို ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ပေးနိုင်သနည်း။ (ခ) မိမိတို့၏ကလေးများနှင့် လေ့လာမှုပြုခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်ဟု မိဘများ ဆက်လက်ယူမှတ်ပါက အဘယ်ရလဒ် ဖြစ်ပေါ်မည်နည်း။
၅ သားသမီးများနှင့် မိသားစုကျမ်းစာလေ့လာမှု မှန်မှန်ပြုလုပ်သော ခရစ်ယာန်မိဘများ ချီးကျူးခံထိုက်သည်။ ယေဟောဝါ၏နည်းလမ်းတော်များကို ကလေးများအား မဆုတ်မနစ်သောဇွဲဖြင့် လေ့ကျင့်သွန်သင်ပေးသည့် ကြင်ဖော်မဲ့မိဘများသည် သူတို့၏ကြိုးပမ်းမှုများအတွက် အထူးဂရုစိုက်ခြင်းနှင့် ချီးမွမ်းခြင်းခံထိုက်ပေသည်။ (သု. ၂၂:၆) ယင်းသို့ပြုလုပ်ခြင်းသည် ကောင်းကင်ခမည်းတော်ယေဟောဝါကို နှစ်သက်စေကြောင်း ဝိညာဉ်ရေးမိဘမဲ့ကလေးများကို အရေးစိုက်သူအားလုံး သိရှိကြ၏။ မိသားစု၏ဝိညာဉ်ရေးလိုအပ်ရာများကို ဂရုစိုက်ပေးခြင်းသည် ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်၏။ သို့သော် ‘လက်မလျှော့နှင့်၊ အကြောင်းမူကား နွမ်းလျခြင်းမရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။’—ဂလ. ၆:၉။