သင်သည် သတိပညာရှိသူလော
ဣသရေလလူမျိုးအပေါ် တရားသူကြီးများခန့်အပ်ရာတွင် “ဉာဏ်ပညာ၊ သတိပညာနှင့် အတွေ့အကြုံရှိသောယောက်ျားများ” ကိုရှာရန် မောရှေ ကြိုးစားအားထုတ်ခဲ့သည်။ (တရားဟောရာ ၁:၁၃၊ ကဘ) အသက်အရွယ်မှရသည့်အတွေ့အကြုံသည် တစ်ခုတည်းသောစံထားအပ်ရာမဟုတ်ပေ။ ဉာဏ်ပညာရှိခြင်းနှင့် သတိပညာရှိခြင်းသည်လည်း အရေးကြီးသည်။
သတိပညာရှိသူတစ်ဦးသည် အပြောအဆိုနှင့် အကျင့်အကြံအပြုအမူတို့တွင် ကောင်းစွာချင့်ချိန်မှုပြုသည်။ ဝက်ဘ်စတား၏ နဝမအကြိမ်မြောက် အဘိဓာန်သစ် အရ သတိပညာရှိသောသူသည် “အမြော်အမြင်ရှိရှိဖြင့် တိတ်ဆိတ်စွာနေနိုင်သူ” လည်းဖြစ်သည်။ မှန်ပါသည်၊ သတိပညာရှိသူသည် “စကားပြောရသောအချိန်” နှင့် “တိတ်ဆိတ်စွာနေရသောအချိန်” ၏ကွာခြားမှုကို ကောင်းစွာနားလည်သဘောပေါက်သည်။ (ဒေ. ၃:၇) “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏” ဟုသမ္မာကျမ်းစာဆိုထားသောကြောင့် မကြာခဏတိတ်ဆိတ်စွာနေရန် အကြောင်းကောင်းရှိပါသည်။—သု. ၁၀:၁၉။
ခရစ်ယာန်များသည် အချင်းချင်းဆက်ဆံရာတွင် သတိပညာရှိစွာပြုမူရန် ဂရုပြုကြသည်။ စကားအများဆုံးပြောဆိုရသူ သို့မဟုတ် အားမာန်ဖြင့်အပြောနိုင်ဆုံးသူဖြစ်တိုင်း အရေးအပါဆုံးသူ သို့မဟုတ် မရှိမဖြစ်ဆုံးသူ အမြဲမဖြစ်ပါ။ မောရှေသည် “နှုတ်သတ္တိ” ရှိသူဖြစ်ခဲ့သော်လည်း ဣသရေလလူများကို ထိရောက်စွာမဦးဆောင်နိုင်မီ သူသည် သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် ချုပ်တည်းခြင်းတို့ကို ပြုစုပျိုးထောင်ခဲ့ရသည်ကို သတိရပါ။ (တမန်တော် ၇:၂၂) ထို့ကြောင့် အခြားသူများအပေါ် ဦးစီးခွင့်အာဏာပေးအပ်ခံရသူများသည် ကျိုးနွံစိတ်ရှိရန်နှင့် ကျိုးကြောင်းညီသည့်စိတ်သဘောတင်ပြရန် အထူးကြိုးစားအားထုတ်ရမည်ဖြစ်သည်။—သု. ၁၁:၂။
“မိမိဥစ္စာရှိသမျှ” ကို ယေရှုခရစ်အပ်နှင်းခဲ့သူများအား “သစ္စာနှင့် သတိပညာရှိသူ” အဖြစ် ဘုရားသခင့်နှုတ်မြွက်တော်တွင် ဖော်ပြထားသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) သူတို့သည် ယေဟောဝါအရှေ့ ကျိုးနွံမှုမဲ့စွာ စိတ်ထင်ရာကို စိတ်လိုက်မာန်ပါမပြုလုပ်ကြသကဲ့သို့ ကိစ္စရပ်တစ်ခုတွင် ဘုရားသခင့်ညွှန်ကြားချက်သည် ရှင်းလင်းနေသောအခါ နောက်ကျကျန်နေခြင်းလည်းမပြုကြချေ။ စကားပြောရသောအချိန်နှင့် ထပ်ဆင့်ရှင်းလင်းချက်အတွက် တိတ်ဆိတ်စွာစောင့်ရသောအချိန်တို့ကို သူတို့သိကြသည်။ ခရစ်ယာန်အားလုံးသည် သူတို့၏ယုံကြည်ခြင်းကို တုပရုံသာမက ကျွန်အတန်းအစားကဲ့သို့ ကိုယ့်ကိုယ်ကိုသတိပညာရှိကြောင်း ကောင်းစွာတင်ပြသင့်သည်။—ဟေဗြဲ ၁၃:၇။