သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
“စိုးလ် လူတစ်ယောက်သေပြီးနောက်ပိုင်း အနာဂတ်တွင် ပျော်ရွှင်မှု သို့မဟုတ် ဆင်းရဲဒုက္ခကိုခံစားနိုင်သည့် ဝိညာဏအစိတ်အပိုင်း။” (The Compact Edition of the Oxford English Dictionary) ဘာသာတရားအများစုသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အနည်းနှင့်အများဆိုသလို လက်ခံကြသည်။ New Catholic Encyclopedia က “လူ့စိုးလ်သည်မသေနိုင်ဘဲ လူသေသောအခါ ဆက်၍တည်ရှိသည်ဟူသောအယူဝါဒသည် . . . ခရစ်ယာန်အတွေးအခေါ်နှင့် ဘာသာရေးအသိပညာ၏ အုတ်မြစ်ကျောက်ဖြစ်သည်” ဟုဆိုသည်။
ဤယုံကြည်ချက်သည် အခြားဘာသာအယူအဆမှ ဆင်းသက်လာသည်ကိုသိလျှင် သင်အံ့သြပေလိမ့်မည်။ ယေရှုမမွေးဖွားမီကြာမြင့်စွာကတည်းက စိုးလ်သည် ကိုင်တွယ်၍မရသော ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ယုံကြည်လာကြသည်။ ထို့ကြောင့်ခန္ဓာကိုယ်သေလျှင် ယင်းမသေဘဲ တစ္ဆေ သို့မဟုတ် ဝိညာဉ်အဖြစ် ဆက်လက်အသက်ရှင်နိုင်သည်ဟုဆိုသည်။
ဂရိလူမျိုးများက ဤယုံကြည်ချက်ကို အတွေးအခေါ်ပညာရပ်နှင့် ဆက်စပ်ပေးလိုက်သည်။ ကျော်ကြားသောဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးစ်၏စကားများကို ဤသို့ပြန်လည်ကိုးကားထားသည်။ “စိုးလ်သည် . . . ကိုယ်ခန္ဓာရှိအရာတစ်စုံတစ်ခုနှင့်ငြိတွယ်မှုမရှိလျှင် . . . မမြင်နိုင်သော၊ မြင့်မြတ်သော၊ မသေနိုင်သော၊ ပညာရှိသော မိမိလိုရာနေရာသို့ ထွက်သွားပြီး ထိုသို့ရောက်သောအခါ ယင်းသည်ပျော်ရွှင်ပြီး အမှားများ၊ မိုက်မဲမှုများ၊ ကြောက်ရွံ့မှုများ . . . အခြားလူများကဲ့သို့ဖျားနာမှုများကင်းပြီး . . . ဘုရားများနှင့်အတူ အစဉ်အမြဲနေသွားရသည်။”—Phaedo, 80, D, E; 81, A.
ကျမ်းစာသွန်သင်ချက်မဟုတ်
သို့ဖြစ်လျှင် စိုးလ်မသေနိုင်ဟူသောယုံကြည်ချက်သည် ခရစ်ယာန်ဘောင်နှင့် ဂျူးဘာသာထဲသို့ မည်သို့ရောက်ရှိလာသနည်း။
New Catholic Encyclopedia က “သေပြီးနောက်ပိုင်း စိုးလ်ဆက်၍အသက်ရှင်သည်ဟူသော စိတ်ကူးစိတ်သန်းသည် သမ္မာကျမ်းစာတွင် အလွယ်တကူရှင်းလင်းထင်ရှားသိသာနိုင်သည့်အချက်မဟုတ်ပေ” ဟုဖော်ပြထားသည်။ စိုးလ်မသေနိုင်ဟူသောအယူဝါဒကို ကျမ်းစာတွင်လုံးဝမတွေ့ရဟုဆိုခြင်းက ပိုမိုတိကျမှန်ကန်ပေလိမ့်မည်။ ထိုစွယ်စုံကျမ်းက “လူ့စိုးလ်ဆိုင်ရာယုံကြည်လက်ခံမှုနှင့်ပတ်သက်လျှင် ဂရိတို့ယူဆပုံနှင့်ခေတ်အတွေးအခေါ်ပညာရပ်တို့သည် ဓမ္မဟောင်းကျမ်းအတိုင်းမဟုတ်ပေ။”
ထိုဓမ္မဟောင်းကျမ်းဟုခေါ်သောကျမ်းစာတွင် သာမန်အားဖြင့် စိုးလ်ဟုပြန်ဆိုသော ဟေဗြဲစကားလုံး နီဖက်ရှ် (ne’phesh) ၇၅၄ ကြိမ်ပါဝင်သည်။ ဓမ္မသစ်ကျမ်းဟုခေါ်သောကျမ်းစာတွင် သာမန်အားဖြင့် စိုးလ်ဟုပင်ပြန်ဆိုသော ဂရိစကားလုံး စိုက်ခီး (psy.khe’ ) ၁၀၂ ကြိမ်ပါဝင်သည်။ ဤစကားလုံးများကို ကျမ်းစာတွင် မည်သို့မည်ပုံအသုံးပြုထားသည်ကို ကျွန်ုပ်တို့စစ်ဆေးကြည့်ပါက အံ့သြဖွယ်ရာသရုပ်သကန်ပေါ်လာသည်။
ကမ္ဘာဦး ၂:၇ တွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ ဘုရားသခင်သည် အာဒံ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်သွင်းလိုက်သောအခါ အာဒံသည်အသက်ရှင်သောစိုးလ် (ဟေဗြဲလို၊ နီဖက်ရှ် ) ဖြစ်လာသည်။ အသက်ရှင်သောစိုးလ်တစ်ခုအာဒံ ပေး ခံရခြင်းမဟုတ်ဘဲ ဖြစ် လာခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် အသစ်ဖန်ဆင်းခံရသောအာဒံသည် စိုးလ်တစ်ခု ဖြစ် သည်။ အနည်းငယ်အံ့သြဖို့ကောင်းသည်မှာ New Catholic Encyclopedia က ဤသို့ဆက်၍ပြောသည်။ “ဓမ္မဟောင်းကျမ်းတွင်ပါသော စိုးလ်သည် လူ့ကိုယ်ခွဲတစ်ခုမဟုတ်ဘဲ အသက်ရှင်လျက်သားလူတစ်ကိုယ်လုံးကိုဆိုလိုသည်။”
အခြားကျမ်းချက်များက ဤအချက်ကိုအတည်ပြုသည်။ ဥပမာ၊ ဝတ်ပြုရာ ၇:၂၀ (ကဘ) တွင် ‘မိတ်သဟာယယဇ်သားကိုစားသောစိုးလ်’ ဟုဖော်ပြထားသည်။ ဝတ်ပြုရာ ၂၃:၃၀ (ကဘ) က ‘အလုပ်တစ်စုံတစ်ခုကိုလုပ်သော မည်သည့်စိုးလ်ကိုမဆို’ ဟုဖော်ပြထားသည်။ သု၊ ၂၅:၂၅ (ကဘ)တွင်မူ ‘ဝေးသောပြည်မှရောက်လာသောသတင်းစကားသည် ရေငတ်သောစိုးလ်၌ချမ်းအေးသောရေကဲ့သို့ဖြစ်၏” ဟုဖော်ပြထား၏။ ဆာလံ ၁၀၅:၁၈ (ကဘ)က ဤသို့ဖော်ပြထားသည်။ “သူ့ကိုခြေချင်းခတ်၍ သူ့စိုးလ်ကို သံနှင့်ညှဉ်းဆဲကြ၏။” အသားကိုစားနိုင်သောအရာ၊ အလုပ်လုပ်နိုင်သောအရာ၊ ရေအားဖြင့်လန်းဆန်းသောအရာ၊ သံနှင့်ညှဉ်းဆဲနိုင်သောအရာများမှာ အဘယ်အရာနည်း။ လူ့ခန္ဓာမှ သီးခြားအစိတ်အပိုင်း သို့မဟုတ် ဝိညာဏအစိတ်အပိုင်းတစ်ခုလော၊ လူကိုယ်တိုင်လော။ အဖြေကားရှင်းနေပါသည်။
စိတ်ဝင်စားစရာကား စိုးလ်ဖြစ်ရခြင်းမှာ လူအတွက်သာမဟုတ်ပါ။ ကမ္ဘာဦး ၁:၂၀ (ကဘ) က ဖန်ဆင်းခြင်းဖြစ်စဉ်တစ်ခုတွင် ဘုရားသခင်ဤသို့မိန့်တော်မူကြောင်း ဖော်ပြသည်။ ‘ရေသည် အသက်ရှင်သောစိုးလ်များကို ပွားများစေ။’ မှန်ပါသည်၊ ငါးသည်ပင် စိုးလ်ဖြစ်သည်။ အခြားဖန်ဆင်းခြင်းဖြစ်စဉ်တစ်ခုတွင် ‘သားယဉ်၊ တွားသွားတိရစ္ဆာန်၊ သားရဲ’ များသည် စိုးလ်များဖြစ်ကြသည်ဟု ဘုရားသခင်ဖော်ပြခဲ့သည်။—ကမ္ဘာဦး ၁:၂၄(ကဘ)။ ဝတ်ပြုရာ ၁၁:၁၀၊ ၄၆၊ ၂၄:၁၈။ တောလည်ရာ ၃၁:၂၈။ ယောဘ ၄၁:၂၁။ ယေဇကျေလ ၄၇:၉။ တို့နှင့်နှိုင်းယှဉ်ပါ။
ထို့ကြောင့် သမ္မာကျမ်းစာတွင်ပါရှိသော “စိုးလ်” သည် လူသေသောအခါ ခန္ဓာကိုယ်မှခွဲထွက်သွားသော အရိပ်သဏ္ဌာန်ဝိညာဉ်ကိုယ်ကို ရည်ညွှန်းခြင်းမဟုတ်ပါ။ ယင်းသည် လူပုဂ္ဂိုလ် သို့မဟုတ် တိရစ္ဆာန်၊ သို့မဟုတ် လူနှင့်တိရစ္ဆာန်တို့မွေ့လျော်သောအသက်တာကိုဆိုလိုသည်။
သေပြီးနောက်ပိုင်းဘာဖြစ်သွားသနည်း
လူသည်မသေနိုင်သောစိုးလ်ကို ပိုင်ဆိုင်ထားသည်ဟူသော စိတ်ကူးစိတ်သန်းသည် သမ္မာကျမ်းစာနှင့် အခြားကြီးခြားနားသည်မှာ ရှင်းနေပါသည်။ စိုးလ်နှင့်ပတ်သက်သည့်အမှန်တရားကို မည်သူသွန်သင်ခံခဲ့ရသည်ဟုသင်ထင်သနည်း။ ဂရိအတွေးအခေါ်ပညာရှင်များလော၊ ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ထားသော ကိုယ်တော့်လူများလော။ ဘုရားသခင့်နှုတ်ကပါဌ်တော်ပေးကမ်းခြင်းခံရသော ဘုရားသခင့်လူများဖြစ်သည်မှာ သေချာပါသည်။
မေးစရာရှိမြဲရှိနေသည်ကား သေပြီးနောက်ပိုင်းစိုးလ်ဘာဖြစ်သွားသနည်းဟူ၍ဖြစ်သည်။ စိုးလ်သည် လူပုဂ္ဂိုလ်ကိုယ်၌ဖြစ်သည့်အတွက် လူသေသောအခါ စိုးလ်လည်းသေသည်မှာရှင်းနေပါသည်။ တစ်နည်းပြောရလျှင် သေသောလူသည် သေသောစိုးလ်ပင်ဖြစ်သည်။ ကျမ်းချက်ပေါင်းများစွာက ဤအချက်ကိုအတည်ပြုသည်။ “ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်” ဟုယေဇကျေလ ၁၈:၄ (ကဘ ) တွင်ဆိုထားသည်။ တရားသူကြီး ၁၆:၃၀ (ကဘ ) တွင် “ရှံဆုန်ပြောသည်မှာ ‘ကျွန်ုပ်၏စိုးလ်သည် ဖိလိတ္တိလူတို့နှင့်အတူသေပါစေ’” ဟုဖော်ပြထားသည်။ အခြားကျမ်းချက်များတွင်မူ စိုးလ်သည် ပယ်ရှားခြင်းခံရနိုင်သည်၊ (ကမ္ဘာဦး ၁၇:၁၄၊ ကဘ ) ဓားဖြင့်သတ်ဖြတ်ခြင်းခံရနိုင်သည်၊ (ယောရှု ၁၀:၃၇၊ ကဘ ) အသက်ရှူကြပ်၍သေနိုင်သည်၊ (ယောဘ ၇:၁၅၊ ကဘ ) ရေတွင်နှစ်မြုပ်နိုင်သည်။ (ယောန ၂:၅ ) ရောဂါဖြစ်နေသောစိုးလ် သို့မဟုတ် သေသောစိုးလ်သည် သေသောလူပင်ဖြစ်သည်။—ဝတ်ပြုရာ ၁၉:၂၈။ ၂၁:၁၊ ၁၁၊ ကဘ ။
သို့ဆိုလျှင် သေသောစိုးလ်၏အခြေအနေကား မည်သို့နည်း။ ရှင်းရှင်းပြောရလျှင် သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သည်။ ကျွန်ုပ်တို့အာရုံအားလုံးသည် ကာယခန္ဓာနှင့်ဆက်စပ်နေသည်။ ကျွန်ုပ်တို့ မြင်နိုင်၊ ကြားနိုင်၊ စဉ်းစားနိုင်သောအရည်အချင်းများသည် ကျွန်ုပ်တို့၏မျက်စိများ၊ နားများနှင့် ဦးနှောက်တို့ ကောင်းစွာအလုပ်လုပ်ခြင်းအပေါ်မူတည်သည်။ မျက်စိမရှိဘဲကျွန်ုပ်တို့မမြင်နိုင်ပါ။ နားမရှိဘဲကျွန်ုပ်တို့မကြားနိုင်ပါ။ ဦးနှောက်မရှိဘဲကျွန်ုပ်တို့ဘာမျှမလုပ်နိုင်ပါ။ လူတစ်ဦးသေဆုံးသောအခါ ဤကာယအင်္ဂါအစိတ်အပိုင်းများသည် လုပ်ဆောင်မှုရပ်ဆိုင်းကုန်သည်။ ကျွန်ုပ်တို့ဆက်လက်မတည်ရှိတော့ပါ။
ယင်းအချက်နှင့်ကိုက်ညီစွာ ဒေသနာ ၉:၅၊ ၁၀ ကဤသို့ဆိုထားသည်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါတကား။” အလားတူစွာပင် ဆာလံ ၁၄၆:၃၊ ၄ က “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟုဖော်ပြထားသည်။ ထို့ကြောင့် လူ (စိုးလ်) များသေသောအခါ သူတို့သည် တည်ရှိခြင်းမှ ရပ်ဆိုင်းသွားကြသည်။
ဘာသာခြားအယူဝါဒမှချာ့ချ်သွန်သင်ချက်သို့
“ဒါပေမယ့် ဓမ္မသစ်ကျမ်းက စိုးလ်မသေနိုင်ဘူးလို့သွန်သင်တယ်မဟုတ်လား” ဟုအချို့မေးကြမည်။ လုံးဝမသွန်သင်ပါ။ New Catholic Encyclopedia က “ဓမ္မသစ်ကျမ်းသည် (ဓမ္မဟောင်းကျမ်းပါ) သေခြင်းနှင့်ပတ်သက်သောဤသွန်သင်ချက်များကို ဆက်၍သစ္စာခံသည်” ဟုဆိုသည်။ တစ်နည်းဆိုရလျှင် “ဓမ္မသစ်ကျမ်း” သည် စိုးလ်သေသည်ဟုသွန်သင်သည်။ စိုးလ်မသေနိုင်ခြင်းကို မိမိမယုံကြည်ကြောင်း ခရစ်တော်ယေရှုတင်ပြခဲ့သည်။ ကိုယ်တော်က “ဥပုသ်နေ့၌ ကောင်းမှုကိုပြုအပ်သလော၊ မကောင်းမှုကိုပြုအပ်သလော၊ စိုးလ်ကို ကယ်တင်အပ်သလော၊ သတ် အပ်သလော” ဟုမေးတော်မူခဲ့သည်။ (မာကု ၃:၄၊ ကဘ) ခရစ်ယာန်တမန်တော်ပေါလုကလည်း အလားတူပင် ကမ္ဘာဦး ၂:၇ ကိုကိုးကားပြီး စိုးလ်နှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်း၏ရှုထောင့်ကို ဤသို့တင်ပြထားသည်။ “ကျမ်းစာလာသည်ကား ‘ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါ (စိုးလ်၊ ကဘ ) ဖြစ်၏’ ဟုလာသတည်း။”—၁ ကောရိန္သု ၁၅:၄၅။
သို့ဆိုလျှင် ပလေတို၏အတွေးအခေါ်များသည် ချာ့ချ်သွန်သင်ချက်မည်သို့ဖြစ်သွားသနည်း။ ဂျိမ်းစ်ဟပ်စ္စတင်ရေးသည့် Encyclopœdia of Religion and Ethics တွင် ဤသို့ရှင်းပြထားသည်။ “ခရစ်ယာန်သတင်းတရားသည် ဂျူးတရားဇရပ်မှ ရောမဘုရင်တို့၏အင်ပါယာထဲသို့ရောက်သွားသောအခါ ဟေဗြဲဘာသာတွင်အခြေခံသည့်စိုးလ်အယူအဆမှာ ဂရိအတွေးအခေါ်၏အစိတ်အပိုင်းအဖြစ် လုံးလုံးလျားလျားပြောင်းလဲခံရသည်။” ချာ့ချ်တွင်သွန်သင်သူများသည် “ဂရိစိတ်ပညာ၏တည်မြဲသော အသုံးအနှုန်းနှင့်ခံယူချက်များ” ကို သုံးခြင်းအားဖြင့် သူတို့၏သတင်းတရားကို “ဂရိအတွေးအခေါ် လောကထဲတွင်ဝင်ဆံ့” စေရန် ကြိုးပမ်းကြသည်။ အလားတူစွာပင် ဂျူးဘာသာရေးသမားများကလည်း သူတို့၏အရေးအသားများတွင် “ပလေတိုအယူဝါဒ၏ ပြင်းထန်သောလွှမ်းမိုးမှု” ကို စ၍တင်ပြလာကြသည်။—Encyclopœdia Judaica.
စိုးလ်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏သွန်သင်ချက်သည် စွန့်ပယ်ခံရပြီး ခြားနားသောဘာသာအယူဝါဒနှင့် အစားထိုးခြင်းခံခဲ့ရသည်။ ထိုသို့ပြုခြင်းအားဖြင့် ခရစ်ယာန်ဘာသာသည် လူထုကိုပိုမိုဆွဲဆောင်စေနိုင်သည်ဟု တော်လျော်စွာမပြောနိုင်ချေ။ ဂရိလူမျိုးများ၏ ယဉ်ကျေးမှုဗဟိုအချက်အချာနေရာဖြစ်သော အေသင်မြို့တွင် တရားဟောခဲ့စဉ်က တမန်တော်ပေါလုသည် ပလေတို၏စိုးလ်အယူဝါဒကို မသွန်သင်ခဲ့ပါ။ ယင်းနှင့်ဆန့်ကျင်၍ သူ့ကိုနားထောင်နေသောဂရိလူမျိုးများ လက်ခံရန်ခက်ခဲလှသောရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ခရစ်ယာန်အယူဝါဒကို ဟောပြောခဲ့သည်။—တမန်တော် ၁၇:၂၂–၃၂။
တမန်တော်ပေါလုသည် ကျမ်းစာအခြေခံသည့်အမှန်တရားကို အခြားမည်သည့်အယူဝါဒများဖြင့်မဆို ရောနှောခြင်းကို သတိပေးခဲ့သည်။ “အလင်းသည် မှောင်မိုက်နှင့်မည်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း” ဟုသူပြောခဲ့သည်။ (၂ ကောရိန္သု ၆:၁၄၊ ၁၅) ခရစ်ယာန်ဘောင်သည် အခြားဘာသာရေးသွန်သင်ချက်များကို မိမိတို့၏အတွေးအခေါ်နှင့် ဘာသာရေးအယူဝါဒ၏ အုတ်မြစ်ကျောက်ဖြစ်စေခြင်းသည် ဘုရားသခင်ကို အမှန်ပင်ရှုတ်ချရာရောက်ကြောင်း ငြင်းစရာမလိုပေ။
သေသူတို့အတွက်မျှော်လင့်ချက်
လူများသည် မိမိတို့နှစ်သက်ရာကို ယုံကြည်ပိုင်ခွင့်ရှိကြသည်။ သို့ရာတွင် စိုးလ်မသေနိုင်ဟူသောအယူဝါဒကို သမ္မာကျမ်းစာမသွန်သင်ပါ။ ထိုအချက်ကိုလည်း ငြင်း၍မရနိုင်ပါ။ လူသားများသည် သေပြီးနောက်ပိုင်းမည်သည့်မျှော်လင့်ချက်မျှမရှိတော့သလော။
“လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟူ၍ယောဘမေးပြီးနောက် မှုတ်သွင်းခံအဖြေကို သူဆက်ပြောသည်။ “အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ၏” ဟုယောဘပြန်ပြောခဲ့သည်။ (ယောဘ ၁၄:၁၄၊ ၁၅) မှန်ပါသည်၊ ဘုရားသခင်မှတ်မိခြင်းခံရသောသူများအတွက် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိကြောင်း သမ္မာကျမ်းစာကတိပြုထားသည်။ ယောဘကဲ့သို့သော ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို တစ်ဖန်ပြန်အသက်ရှင်စေရန် ကိုယ်တော်တမ်းတတော်မူသည်။ ဤမျှော်လင့်ချက်နှင့်ပတ်သက်၍ ခရစ်တော်ယေရှုဤသို့အာမခံပြောကြားခဲ့သည်။ “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ (အောက်မေ့ဖွယ်ရာ၊ ကဘ ) သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
ထိုပရောဖက်ပြုချက်ပြည့်စုံသည့်အချိန်ရောက်သောအခါ ဟေရှာယ ၂၅:၈ တွင်ကတိပြုထားသည့်အတိုင်း ဘုရားသခင်သည် “သေခြင်းကိုအစဉ်နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။” ယင်းကား ဗျာဒိတ် ၂၁:၄ ပါ ‘နောက်တစ်ဖန်သေခြင်းမရှိ’ တော့သောကမ္ဘာဖြစ်ပေသည်။ သေခြင်း သို့မဟုတ် အသုဘရုံများ၊ အုတ်ဂူကမ္ပည်း သို့မဟုတ် သင်္ချိုင်းမြေများ၊ ဝမ်းနည်းခြင်းမျက်ရည်များ ရှိတော့မည်မဟုတ်ဘဲ ဝမ်းသာမှုကြောင့်ကျသောမျက်ရည်သာရှိတော့မည့်ကမ္ဘာတွင် သင်နေထိုင်လိုသလော။
စိုးလ်မသေနိုင်သောအယူဝါဒကို ယုံကြည်သည့်အသိုင်းအဝိုင်းတွင် သင်ကြီးပြင်းလာပေမည်။ သို့သော် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ကျမ်းစာ၏လွတ်လပ်စေသောကတိတော်များကို သင်ယုံကြည်လာနိုင်ပေသည်။a မသေနိုင်သောစိုးလ်အဖြစ်ဆက်အသက်ရှင်ခြင်းအားဖြင့်မဟုတ်ဘဲ မြေကြီးပရဒိသုတွင် “ထာဝရအသက်တာ” ကိုရရှိခြင်းတည်းဟူသော ကျမ်းစာကတိတော်ကိုအမွေခံရရန် ဘာပြုလုပ်ရမည်ကိုလည်း သင်လေ့လာနိုင်သည်။—ယောဟန် ၁၇:၃။ လုကာ ၂၃:၄၃။
[အောက်ခြေမှတ်ချက်များ]
a သင်ဤသို့ပြုလိုပါက၊ ဤမဂ္ဂဇင်းထုတ်ဝေသူထံ စာရေးပါ။ သို့မဟုတ် ဒေသခံယေဟောဝါသက်သေတို့၏ နိုင်ငံတော်ခန်းမနှင့်ဆက်သွယ်ပါ။